← Chapters

ငါတောင် လှည်းပေါ် မတက်ရသေးဘူး

Vol. 1 Ch. 2

ငါတောင် လှည်းပေါ် မတက်ရသေးဘူး

Vol. 1 Ch. 2

ကျန်းယွင်နန်သည် သူမ၏နောက်မှ အဖွားစိုင်နှင့် ကျင်းပေါင်တို့ကြောင့် ဖြစ်ပေါ်လာသော ဆူညံသံများကို ကြားနေရသော်လည်း လှည့်ကြည့်ခြင်း မပြုခဲ့ပေ။

သို့သော် အဒေါ်ကူကမူ ထိုမြင်ကွင်းကို နှစ်သက်သဘောကျနေပုံရပြီး ကလေးကို ပွေ့ချီကာ အပြေးအလွှား ထွက်ခွာသွားသော ကျန်းယွင်နန်ကို လှမ်းအော်ပြောလိုက်သည်။

"ယွင်နန်... နင့်မိထွေး လဲကျသွားပြီ... နင့်တူလည်း အပူလောင်သွားပြီ... နင့်ရဲ့မောင်နဲ့ ယောင်းမကလည်း အိမ်မှာ မရှိဘူး... အဲ့ဒါကြောင့် နင် မသွားနဲ့အုံး... ပြန်လာပြီး သူတို့ကို ကြည့်ပေးပါဦး"

ကျန်းယွင်နန်သည် အဒေါ်ကူကို ကျောပေးထားသည်။ သူမသည် မိသားစုနှင့် ဆက်ဆံရေး မကောင်းသဖြင့် မိထွေးနှင့်တူဖြစ်သူကို လုံးဝ ဂရုမစိုက်ပေ။ သို့သော် ဤခေတ်ကာလတွင် မိဘကို ရိုသေခြင်းသည် အဓိကကျပြီး သူမ၏ ခင်ပွန်းသည်မှာ အစိုးရစာမေးပွဲအတွက် ပြင်ဆင်နေသူပင်။ မိဘပေါ်ရိုသေမှု ဖိအားသည် သူမအပေါ် ကြီးလေးစွာ သက်ရောက်နေပြီး သူမသာ ဝင်မပါခဲ့လျှင် သူမ၏ ခင်ပွန်းသည် အတင်းအဖျင်း ပြောဆိုခံရပေမည်။

သို့သော် သူမသာ ဝင်ပါလိုက်လျှင် သူတို့အတွက် သမားတော်ခေါ်ပေးရမည်ဖြစ်ကာ ပိုက်ဆံပြန်မရမည့်အပြင် ကျေးဇူးတင်ခံရမည်လည်း မဟုတ်ချေ။

သူမအတွက် တစ်ခုတည်းသော ထွက်ပေါက်မှာ ဝင်ရောက်စွက်ဖက်ရန် ပို၍ခိုင်လုံသော အကြောင်းပြချက်ရှိသူ တစ်ဦးဦး လိုအပ်နေခြင်းပင်။

ကျန်းယွင်နန် ဆုံးဖြတ်ရခက်နေစဉ်မှာပင် သူမ၏ရင်ခွင်ထဲမှ နျိုနျိုက ရုတ်တရက် တိုးညှင်းစွာ ငိုရှိုက်လိုက်သည်။ အဖျားကြောင့် သူမ၏မျက်နှာလေး ရှုံ့မဲ့နေရှာသည်။

"နာတယ်... နာတယ်..."

ကျန်းယွင်နန်၏နှလုံးခုန်နှုန်း မြန်သွားပြီး စိုးရိမ်ပူပန်မှုများ မြင့်တက်လာသည်။ ကလေးမလေးသည် အဖျားတက်ပြီး ဂယောင်ဂတမ်း ဖြစ်သွားမည်ကို ကြောက်ရွံ့သဖြင့် သူမသည် နောက်တစ်ကြိမ် ပြန်မစဉ်းစားဘဲ ထွက်ခွာသွားရန် ဟန်ပြင်လိုက်၏။

တိုက်ဆိုင်စွာဖြင့် သူမ ခြေလှမ်းလှမ်းလိုက်သည်နှင့် လမ်းဆုံတွင် ရင်းနှီးသော ပုံရိပ်နှစ်ခု ပေါ်လာသည်။ သူမ၏ မောင်ဖြစ်သူ ကျန်းကွမ်းကျုံးနှင့် ဇနီးဖြစ်သူ ရှောင်စိုင်တို့ ဖြစ်နေသည်။

ဤသည်မှာ နတ်ဘုရားက ဖန်တီးပေးလိုက်သည့်အလားပင်။ ကျန်းယွင်နန်က သူ့ကို အလျင်အမြန် ပြောလိုက်သည်။

"အမေ ထိခိုက်မိသွားပြီ... ကျင်းပေါင်လည်း အပူလောင်သွားတယ် ထင်တယ်... နင်တို့ အိမ်ပြန်ပြီး သွားကြည့်လိုက်ကြအုံး"

သူမ၏ အသည်းကျော်သားလေး ထိခိုက်ဒဏ်ရာရသည်ဟု ကြားလိုက်ရချိန်၌ ရှောင်စိုင်သည် နောက်တစ်ကြိမ် ပြန်မစဉ်းစားဘဲ အိမ်သို့ အပြေးပြန်တော့သည်။

သို့သော် ကျန်းကွမ်းကျုံးကမူ ကျန်းယွင်နန်၏ ရင်ခွင်ထဲမှ ကလေးကို မည်းမှောင်သော မျက်နှာဖြင့် စိုက်ကြည့်နေပြီး လုယူရန် လက်လှမ်းကာ မေးမြန်းလိုက်သည်။

"နင်က နျိုနျိုကို ဘယ်ခေါ်သွားမလို့လဲ"

ကျန်းယွင်နန်သည် ရှောင်စိုင်ကို အလိုက်အထိုက် ဆက်ဆံရသည်။ သူမသည် အကြီးဖြစ်နေသဖြင့် အလွယ်တကူ ပြန်မပြောနိုင်ချေ။

သို့ရာတွင် လူကောင်းမဟုတ်သော သူမ၏မောင်ကိုမူ သူမ မကြောက်ပေ။ သူမသည် အစ်မကြီးတစ်ယောက်၏ဟန်ပန်ကို ချက်ချင်းဖမ်းလိုက်ပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

"နင့်သမီးကို ငါက ဘာလုပ်ရမှာလဲ... သမားတော်ဆီ ခေါ်သွားမလို့ပေါ့... နင်တို့လိုပဲ အဖျားကြီးပြီး သေသွားတာကို ဒီအတိုင်း လက်ပိုက်ကြည့်နေရမှာလား"

သူမ၏ ရုတ်တရက် ပေါက်ကွဲသံက ကျန်းကွမ်းကျုံးကို အံ့အားသင့်သွားစေသည်။

ကံဆိုးစွာဖြင့် ရွာသားများစွာက ထိုအဖြစ်အပျက်ကို ကြည့်ရှုနေကြပြီး ကိုယ့်ကိုယ်ကိုယ် ပညာရှိဟု ခံယူထားသော သူသည် လူသိရှင်ကြား မိန်းမတစ်ယောက်နှင့် ငြင်းခုံရန် မတတ်နိုင်ပေ။

ကျန်းယွင်နန်သည် ကိုယ်ကျင့်တရား မြင့်မားသူအဖြစ် ရပ်တည်ကာ လက်ညှိုးထိုးပြီး ဆူပူကြိမ်းမောင်းလိုက်သည်။

"ကျန်းကွမ်းကျုံး... နင့်မှာ စာနာစိတ်ဆိုတာ ရှိသေးရဲ့လား... ကိုယ့်အမေအရင်း ထိခိုက်မိတာတောင် နင် မပူဘူးလား... နင်က ကိုယ့်ကိုယ်ကိုယ် ပညာရှိလို့ ခေါ်နေသေးတယ်"

ဤစကားလုံးများသည် အတော်ပင် ပြင်းထန်လှသည်။ ပြင်းထန်လွန်းသဖြင့် ကျန်းကွမ်းကျုံး လျစ်လျူရှုမထားနိုင်ပေ။

သူသည် ကျန်းယွင်နန်ကို စိုက်ကြည့်လိုက်ပြီးနောက် မကျေမနပ်ဖြင့် အိမ်သို့ အလျင်အမြန် ပြန်သွားလေတော့သည်။

နောက်ဆုံးတွင် ဤရှုပ်ထွေးမှု ပြီးဆုံးသွားပြီ။ ကျန်းယွင်နန် သက်ပြင်းချလိုက်ပြီး နျိုနျိုကို ပွေ့ချီကာ ရွာအဝင်ဝသို့ အပြေးသွားလိုက်သည်။ ဦးလေးနျူ နွားလှည်းမောင်းပြီး ဖြတ်သွားသည်ကို အချိန်ကိုက် တွေ့လိုက်ရသည်။

"ဦးလေးနျူ... နေပါဦး... ကျွန်မ မြို့ကို လိုက်ချင်လို့ပါ"

ကျန်းယွင်နန်က နွားလှည်းကို လှမ်းအော်ခေါ်လိုက်သည်။

နွားလှည်း ရပ်သွားသော်လည်း လူများဖြင့် ပြည့်ကျပ်နေပြီး နေရာလွတ် မရှိတော့ပေ။

သို့သော် လှည်းပေါ်မှ သက်ကြီးရွယ်အို အမျိုးသမီးများနှင့် ဇနီးသည်ငယ်များသည် ကလေးပွေ့ထားပြီး စိုးရိမ်ပူပန်နေသော သူမကို မြင်သောအခါ အချင်းချင်း တိုးဝှေ့ပြီး သူမအတွက် နေရာဖယ်ပေးကြလေသည်။

ကျန်းယွင်နန်က ဦးလေးနျူကို ကြေးပြားတစ်ပြား ပေးလိုက်ပြီးနောက် သူက ကြာပွတ်ကို ဝှေ့ယမ်းလိုက်ရာ နွားလှည်းသည် ဖြည်းညင်းစွာ စတင် ရွေ့လျားသွားသည်။

ဦးလေးနျူ၏ အမည်ရင်းမှာ နျူ မဟုတ်ပေ။ သူသည် အနီးနားရွာများမှ မြို့သို့ နေ့စဉ် နွားလှည်းမောင်းပို့ပေးသူ တစ်ဦးတည်းသာ ရှိသဖြင့် "ဦးလေးနျူ" ဟူသော အမည်ပြောင် ရရှိထားခြင်းပင်။

ရွာများသည် နီးကပ်စွာ တည်ရှိကြသဖြင့် လှည်းပေါ်မှ အမျိုးသမီးအချို့က ယွင်နန်ကို မှတ်မိကြသည်။ တစ်ယောက်က ပြောလိုက်သည်။

"ညည်းက ကူမိသားစုရဲ့ ချွေးမ ယွင်နန် မဟုတ်လား... ညည်းယောက္ခမနဲ့ ငါ့ယောက်ျားက ဝမ်းကွဲတွေလေ... ငါ့ကို အဒေါ်လို့ ခေါ်လို့ရပါတယ်... ညည်း အရမ်းကံကောင်းတာပဲ... နွားလှည်းသာ မနောက်ကျရင် ထွက်သွားတာ ကြာပြီ... ညည်း လိုက်ရမှာ မဟုတ်ဘူး”

ကျန်းယွင်နန်က အမြန်ပြန်ဖြေလိုက်သည်။

"အဒေါ်ရေ... အားလုံးက စာနာပြီး နေရာဖယ်ပေးကြလို့ပါ... မဟုတ်ရင် ကျွန်မ ကလေးနဲ့ ဘာလုပ်ရမှန်းတောင် သိမှာ မဟုတ်ဘူး"

သူမသည် ကိုယ့်ကိုယ်ကိုယ် အထူးတလည် ကံကောင်းသည်ဟု မထင်ပေ။ သူမ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ကလေးငယ် နျိုနျို ဤဒုက္ခမှ လွတ်မြောက်ရှင်သန်ရန်သာ ဖြစ်သည်။

အဒေါ်ဖြစ်သူက သူမရင်ခွင်ထဲမှ ကလေးကို သတိထားမိပြီး နီရဲနေသော မျက်နှာကို မြင်လိုက်ရသဖြင့် လက်လှမ်းပြီး ကိုင်ကြည့်ကာ ပြောလိုက်သည်။

"ကိုယ်တွေ အရမ်းပူနေတာပဲ... ကယောင်ကတမ်း မဖြစ်စေနဲ့ဦး... ဒါ ညည်းသမီးလား... ညည်းမှာ သားတွေပဲ ရှိတယ်လို့ ငါမှတ်မိတယ်... ဒီသမီးက ဘယ်က ရောက်လာတာလဲ"

ကျန်းယွင်နန်က ရှင်းပြလိုက်သည်။

"သူက ကျွန်မ မောင်ဘက်က တူမလေးပါ... အဖျားကြီးနေလို့ သမားတော်ပြဖို့ မြို့ကို ခေါ်သွားမလို့"

အဒေါ်ဖြစ်သူ အနည်းငယ် အံ့သြသွားသည်။ တောနယ်မှ မိသားစုများအတွက် ဘဝသည် ခက်ခဲကြမ်းတမ်းသည်။ ဆင်းရဲသော မိသားစုအချို့သည် သားယောက်ျားလေးများကိုပင် သမားတော်ပြရန် မတတ်နိုင်ကြဘဲ မိန်းကလေးဆိုလျှင် ပို၍ဆိုးသေးသည်။

အထူးသဖြင့် ဤကလေးမှာ မောင်ဖြစ်သူဘက်မှ တူမလေးသာ ဖြစ်သည်။

"ဒီကလေးက ညည်းလို ဂရုစိုက်တတ်တဲ့ အဒေါ်မျိုး ရထားတာ ကံကောင်းတာပဲ"

ထိုအဒေါ်က ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ ကျန်းယွင်နန်သည် သူမ၏ မောင်ဘက်မှ မိသားစုအပေါ် လွန်ကဲစွာ သဘောထားကြီးလွန်းသည်ဟု ထင်မြင်နေမိသည်။

ကျန်းယွင်နန်သည် ပညာမတတ်သော တောသူတစ်ဦး ဖြစ်သော်လည်း ဂုဏ်သတင်း၏ ဖျက်ဆီးနိုင်စွမ်းကို သိနားလည်သည်။ သူမသည် တုံ့ဆိုင်းခြင်းမရှိဘဲ ဆက်ပြောလိုက်၏။

"သူသာ တကယ် ကံကောင်းရင် ကျွန်မ သူ့အတွက် စိတ်ပူနေစရာ မလိုပါဘူး... ဒီကလေးက စိတ်ဓာတ်လေးလဲ ကောင်းပါတယ်... သူ့မောင် ဆော့နေရင်း ရေထဲပြုတ်ကျသွားတော့ ဒီကောင်မလေးက မောင်ကို ကယ်ဖို့ မြစ်ထဲ ခုန်ဆင်းရဲတယ်လေ... သူ့မောင်ကို ရေထဲကနေ ဆွဲတင်နိုင်ဖို့ ဘယ်က ခွန်အားတွေ ရလာလဲ မသိပါဘူး... သူကိုယ်တိုင် ပြန်တက်လာနိုင်ဖို့ အတော်ကြာသွားတယ်"

"သူ့မိဘတွေက သမီးကို လုံးဝ ဂရုမစိုက်ကြဘူး... ဒီလောက် လိမ္မာတဲ့ ကလေးလေး အရှင်လတ်လတ် ဖျားပြီးသေမှာကို ကျွန်မ မကြည့်ရက်ဘူး... သမားတော်ပြဖို့ မြို့ကို ပို့ပေးချင်လို့ပါ"

ကျန်းယွင်နန် ပြောရင်းနှင့် ဝမ်းနည်းစိတ် ဖြစ်ပေါ်လာသည်။ နျိုနျိုက သူ့မောင်ကို ကယ်တင်ဖို့ ကြိုးစားခဲ့သော်လည်း အဖွားစိုင်က သူမကို ဂြိုဟ်ဆိုးမဟု စွပ်စွဲခဲ့သည်။

အဒေါ်က မျက်ရည်များကို သုတ်လိုက်ပြီး ပြောလေသည်။

"အို... ညည်းပြောတာကြားမှ ဒီကလေးက တကယ့်ကို လူကောင်းလေးပဲ... ညည်းမောင်နဲ့ မရီးက တော်တော် ရက်စက်ကြတာပဲ"

ကျန်းယွင်နန်သည် ဤအကြောင်းများကို ပြောပြခြင်းက သူမ၏မောင် ဂုဏ်သတင်းကို ဖျက်ဆီးရာရောက်ကြောင်း သိသည်။ သူမ တမင်သက်သက် လုပ်ခြင်းဖြစ်သည်။

ဤစော်ကားမှုကို သူမ မမျိုသိပ်နိုင်ပေ။

နျိုနျိုလေး ထင်းတဲထဲတွင် သနားစရာကောင်းစွာ လဲနေပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေကို တွေးမိတိုင်း မိထွေးဖြစ်သူကြောင့် ဖျားနာပြီး ထောင့်တစ်နေရာတွင် သေမင်းကို စောင့်ဆိုင်းခဲ့ရသော သူမ၏ အတိတ်ကို ပြန်သတိရစေသည်။ သူမသည် ကလေးကို ပို၍ တင်းကျပ်စွာ ဖက်ထားလိုက်မိသည်။

"ဒါနဲ့ ညည်းမောင်တွေအကြောင်း ပြောမှ... လွန်ခဲ့တဲ့နှစ်နည်းနည်းလောက်က တောင်ပေါ်မှာ ဂျင်ဆင်း တူးမိတဲ့သူက ကျန်းကွမ်းကျုံး မဟုတ်ဘူးလား"

အဒေါ်က မေးလိုက်သည်။

ထိုအခါ လှည်းပေါ်ရှိ လူတိုင်း လည်ပင်းရှည်ပြီး ကြည့်လိုက်ကြသည်။ လှည်းမောင်းသူ ဦးလေးနျူပင်လျှင် နားစွင့်လိုက်သည်။

လွန်ခဲ့သော နှစ်အနည်းငယ်က ကျန်းကွမ်းကျုံးသည် ရာစုနှစ်ချီ သက်တမ်းရှိသော ဂျင်ဆင်းကို တွေ့ရှိခဲ့ခြင်းက ဒေသခံ ရွာအများအပြားတွင် ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့သည်။ ရွာသားများသည် ကံစမ်းရန် တာ့ချင်းတောင်ပေါ်သို့ အုံနဲ့ကျင်းနဲ့ တက်ရောက်ခဲ့ကြသော်လည်း အားလုံး လက်ဗလာဖြင့် ပြန်လာခဲ့ကြရသည်။

ကျန်းယွင်နန် ခေါင်းညိတ်လိုက်သည်ကို မြင်သောအခါ အဒေါ်က ပို၍ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"သူက ဂျင်ဆင်းရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ အိမ်ကြီးအိမ်ကောင်း ဆောက်ထားတယ်လို့ ကြားတယ်... သူ ပိုက်ဆံမရှားပါဘူး... ဘာလို့ သူ့သမီးကို မကယ်တာလဲ... ငါ့မှာသာ ဒီလောက် လိမ္မာတဲ့ သမီးရှိရင် တယုတယ ထားမှာ... ဘယ်လိုလုပ် စွန့်ပစ်ရက်မှာလဲ"

"ဟုတ်တယ်... ဟုတ်တယ်... အဲ့လိုလူမျိုးက ဘယ်လိုလုပ် အစိုးရစာမေးပွဲ အောင်မှာလဲ"

လူအုပ်ကြီး၏ ဆူညံသံကို ရင်ဆိုင်ရသောအခါ ကျန်းယွင်နန်က ခါးသက်သက် ပြုံးလိုက်သည်။ နျိုနျိုမှာ မွေးစားသမီးဖြစ်ကြောင်း တစ်ခွန်းမျှ မဟပေ။

အစားထိုးအနေဖြင့် ပြောလိုက်သည်။

"သူ့မိဘတွေက ချမ်းသာပေမယ့် ကိုယ့်ပါးစပ်ထဲ ထည့်ဖို့လောက်ပဲ စိတ်ဝင်စားကြတာ... သမီးအတွက်ဆို ပိုက်ဆံတစ်ပြားမှ သုံးမှာ မဟုတ်ဘူး"

လူအုပ်ကြီးက ချက်ချင်းပင် ရွံရှာကြောင်း ထပ်မံ ထုတ်ဖော်ကြပြန်သည်။

ပိုက်ဆံမရှိလျှင် တစ်မျိုးပေါ့... ပိုက်ဆံရှိလျက်နှင့် ကိုယ့်သမီး သေတာကို ဘယ်သူက လက်ပိုက်ကြည့်နေရက်မှာလဲ။

"ဦးလေးနျူ... ဦးလေးနျူ..."

မှိန်ဖျော့ဖျော့ ခေါ်သံကို ကြားလိုက်ရသဖြင့် အားလုံးက ချင်းရွှေရွာ အဝင်ဝသို့ လှည့်ကြည့်လိုက်ကြသည်။ လူကြီး သုံးယောက်က ကလေးတစ်ယောက်ကို ပွေ့ချီထားသည်ကို ဝေဝါးဝါး မြင်နေရသော်လည်း အဝေးကြီး ဖြစ်နေသဖြင့် မျက်နှာများကို သေချာ မမြင်ရပေ။

ဦးလေးနျူက တုံ့ဆိုင်းသွားပြီး နွားလှည်းကို ရပ်ကာ ကျန်းယွင်နန်ကို ပြောလိုက်သည်။

"ဒီနေ့ ညည်းတို့ရွာက မြို့တက်တဲ့သူ တော်တော်များသားပဲ"

ရင်းနှီးသော အသံများကို ကြားလိုက်ရသဖြင့် ထိုလူများသည် မောင်ဖြစ်သူ၏ မိသားစုဖြစ်ကြောင်း ကျန်းယွင်နန် ချက်ချင်း သိလိုက်သည်။ သူမ သူတို့ကို မည်သို့ တားဆီးရမည်ကို မစဉ်းစားရသေးခင် လှည်းပေါ်မှ လူများက ကန့်ကွက်လိုက်ကြသည်။

"ဦးလေးနျူ... ဒီလှည်းပေါ်မှာ နေရာကျန်သေးတယ် ထင်လို့လား... ဘာလို့ လူထပ်တင်နေတာလဲ"

ကျန်းယွင်နန် လှည်းပေါ်တက်စဉ်က အနည်းငယ် ကျပ်သော်လည်း ယခုမူ နေရာလွတ် တစ်ခုမျှ မကျန်တော့ပေ။

ဦးလေးနျူက ရိုးသားဖြူစင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"တိုးစီးလိုက်ကြပါ... နည်းနည်းလောက် တိုးလိုက်ရင် နေရာရသွားမှာပါ"

ပွင့်လင်းသော တောသူမကြီးက ဘယ်တော့မှ အလျော့မပေးတတ်ဘဲ ချက်ချင်း ပြန်ပြောလိုက်သည်။

"ဘယ်နေရာကို တိုးရမှာလဲ... ကျုပ်တို့အားလုံးကို တွန်းချလိုက်လေ... လူထပ်တင်မယ်ဆိုရင် ကျုပ်တို့ပိုက်ဆံ ပြန်အမ်း... ကျုပ် ဆင်းတော့မယ်"

"ဟုတ်တယ်... တစ်ယောက်တည်းဆိုရင် တော်သေးတယ်... အခုက သုံးလေးယောက်ကြီး... လမ်းတစ်ဝက်မှာ ပြုတ်ကျကျန်ခဲ့မှာ စိုးရတယ်... တစ်ယောက်ယောက် ပြုတ်ကျရင် ရှင် လျော်ပေးမှာလား... ပိုက်ဆံ ပြန်အမ်း"

လှည်းပေါ်ရှိ လူအကုန်လုံးက မကျေနပ်ချက်များကို ၀ိုင်းဝန်း ပြောဆိုကြလေသည်။

သူတို့၏ ဆူညံသံကြောင့် ဦးလေးနျူ စိတ်ပျက်သွားပြီး မတတ်သာတော့ဘဲ ပြောလိုက်ရသည်။

"ကဲပါ... ကဲပါ... ခရီးသည် ထပ်မတင်တော့ပါဘူး"

ထိုသို့ပြောပြီးနောက် သူသည် လျှောက်လာနေသော ကျန်းမိသားစုဝင်များကို လျစ်လျူရှုကာ ကြာပွတ်ကို ဝှေ့ယမ်းလိုက်ရာ နွားလှည်းသည် မြို့ဘက်သို့ စတင် ရွေ့လျားသွားလေသည်။

အဝေးမှ လူကြီးသုံးယောက်နှင့် ကလေးတစ်ယောက်သည် နွားလှည်း ရပ်သွားသည်ကို မြင်သောအခါ အလွန် ဝမ်းသာသွားကြသည်။

ချင်းရွှေရွာမှ အနီးဆုံးမြို့သို့ လမ်းလျှောက်လျှင် တစ်နာရီ ကြာသော်လည်း နွားလှည်းဖြင့်ဆိုလျှင် နာရီဝက်သာ ကြာသည်။

လူကြီးများအတွက် အဆင်ပြေသော်လည်း ကျင်းပေါင်က နာကျင်စွာ အော်ဟစ်ငိုယိုနေသဖြင့် လူကြီးများကို အလွန် စိတ်ဆင်းရဲစေသည်။

သူတို့သည် ကလေးကို ပွေ့ချီကာ နွားလှည်းဆီသို့ အလျင်အမြန် သွားကြသော်လည်း ခြေလှမ်း နှစ်လှမ်းမျှ မလှမ်းရသေးခင် နွားလှည်းက ရုတ်တရက် ပြန်လည် ရွေ့လျားသွားသည်။

မိသားစုမှာ အလွန် စိုးရိမ်ပူပန်နေကြသည်။ ကျန်းကွမ်းကျုံးသည် ပညာတတ် အမူအရာကိုပင် မေ့လျော့ကာ ပြေးလိုက်ရင်း အော်ဟစ်လိုက်သည်။

"ဦးလေးနျူ... နေပါဦး... ကျွန်တော်တို့ မတက်ရသေးဘူးလေ"

သို့သော် ဤတစ်ကြိမ်တွင် ဦးလေးနျူက မကြားသကဲ့သို့ ပြုမူလိုက်ပြီး လှည်းပေါ်ပါလာသူများ၏ တိုက်တွန်းမှုကြောင့် ကြာပွတ်ကို အကြိမ်အနည်းငယ် ထပ်မံ ဝှေ့ယမ်းလိုက်သေးသည်။

ကျန်းကွမ်းကျုံးသည် အတော်ကြာအောင် လိုက်ပါလာခဲ့သော်လည်း နွားလှည်းက တဖြည်းဖြည်း ဝေးကွာသွားသည်ကို မြင်သောအခါ ဒေါသထွက်သွားသည်။

ဦးလေးနျူက သူ့ကို တမင်သက်သက် ကျီစယ်နေသည်ဟုပင် သံသယဝင်လာပြီး ဒေါသတကြီးဖြင့် လမ်းဘေးရှိ ပေါင်းပင်အုံကို ကန်လိုက်လေသည်။

သို့သော် နောက်တစ်စက္ကန့်တွင်…

"အား"

ကျန်းကွမ်းကျုံးသည် ညာဘက်ခြေထောက်ကို ကိုင်ကာ ခုန်ဆွခုန်ဆွ ဖြစ်သွားသည်။ သူ သေချာ မကြည့်ဘဲ ကန်လိုက်မိရာ မြက်ပင်များကြားတွင် ဖုံးကွယ်နေသော ချွန်ထက်သည့် ကျောက်တုံးကို ကန်မိသွားပြီး ခြေမကို စူးရှစွာ နာကျင်သွားစေသည်။

ရှောင်စိုင်သည် လက်တစ်ဖက်ဖြင့် ကျင်းပေါင်ကို ပွေ့ထားပြီး ကျန်လက်တစ်ဖက်ဖြင့် အဖွားစိုင်ကို တွဲထားရသဖြင့် အတော်ပင် ခက်ခဲနေပြီဖြစ်သည်။

သူမသည် ကျန်းကွမ်းကျုံး ကူညီမည်ဟု မျှော်လင့်ထားသော်လည်း ခင်ပွန်းသည်၏ ကံဆိုးမှုက ပို၍ မြန်ဆန်နေခဲ့သည်။ ယခုတွင် ခြေထောက်ကို ကိုင်လျက် ခြေတစ်ဖက်ထောက် ရပ်နေပြီး မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေလေသည်။

နွားလှည်းက အဝေးသို့ ရောက်သွားပြီဖြစ်ရာ သူတို့တွင် အချင်းချင်း တွဲကူပြီး မြို့ဘက်သို့ ဖြည်းညှင်းစွာ လျှောက်သွားရန်မှတပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

အဖွားစိုင်၏ နဖူးမှာ တိုက်မိထားသဖြင့် တဒိတ်ဒိတ် ကိုက်ခဲနေဆဲဖြစ်သည်။ ဒီနေ့ဖြစ်ပျက်ခဲ့သော ကံဆိုးမှုများကို တွေးမိပြီး အားလုံးသည် နျိုနျို၏အပြစ်ဟု ခံစားရကာ ရက်စက်စွာ မေးလိုက်သည်။

"အဲ့ဒီ ဂြိုဟ်ဆိုးမအတွက် မိသားစု ရှာတွေ့ပြီလား"

ကျန်းကွမ်းကျုံးက ပြန်မဖြေပေ။ သူသည် ဤကဲ့သို့ ညစ်ပတ်သော အလုပ်များတွင် ပါဝင်ပတ်သက်ရခြင်းကို မည်သည့်အခါမျှ မကြိုက်နှစ်သက်ခဲ့ပေ။

ရှောင်စိုင်က ပြန်ဖြေလိုက်သည်။

"အမေ... ကျွန်မတို့ လင်မယား စုံစမ်းကြည့်တော့ သခင်ကြီးဝမ်ရဲ့ အငယ်ဆုံးသားက မနေ့က ဆုံးသွားတယ်တဲ့... သူက တစ္ဆေမင်္ဂလာဆောင်ဖို့ မိန်းကလေးတစ်ယောက် လိုချင်နေတာ... ဒါပေမယ့် လူကို အရင်ကြည့်ချင်တယ်တဲ့... သူ့သားအတွက် ရုပ်ရည်ချောမောတဲ့သူကိုမှ လိုချင်နေတာ"

အဖွားစိုင်က နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။

"ဒီကောင်မလေးက ဒီလို မိသားစုကောင်းနဲ့ လက်ထပ်ရတာ တကယ် ကံကောင်းတာပဲ... သခင်ကြီးဝမ်က အရမ်း ရွေးချယ်တတ်တာပဲ... ပိုက်ဆံ ဘယ်လောက် ပေးနိုင်မလဲ"

"ငွေ ငါးတုံး"

ဤစကားကို ကြားသောအခါ အဖွားစိုင် အလွန် မကျေမနပ်ဖြစ်ကာ ရှောင်စိုင်ကို ဆူပူလေတော့သည်။

"ဒီလောက်ပဲလား... ငါတို့က ဒီကလေးကို ကြီးပြင်းအောင် ကျွေးမွေးထားရတာ ဆန်တွေ အများကြီး ကုန်တယ်... ဈေးမဆစ်ခဲ့ဘူးလား... နင် အသုံးမကျမှန်း ငါသိတယ်... နင် အိမ်ထောင်ကျတာ ဒီလောက်တောင် ကြာပြီကို... ကျင်းပေါင်တစ်ယောက်ပဲ မွေးပေးနိုင်တယ်... အခု ဒီကိစ္စသေးသေးလေးတောင် မလုပ်နိုင်ဘူးလား"

ရှောင်စိုင်သည် အဖွားစိုင်၏ တူမဖြစ်သော်လည်း မိသားစုအတွင်း နေရာကောင်း မရရှိပေ။ သူမသည် ဒေါသကို မျိုသိပ်ပြီး ယောက္ခမဖြစ်သူကို ရှင်းပြလိုက်သည်။

"ဒီနှစ်က မိုးခေါင်ရေရှား ဖြစ်နေတော့ ဆန်ဈေးတွေက ကြီးတယ်... တာ့ချင်းတောင်ကို နောက်ခံထားတဲ့ ကျွန်မတို့ ချင်းရွှေရွာလေးပဲ အဆင်ပြေနေတာ... အပြင်ကလူတွေဆို အသက်တောင်မရှင်နိုင်ကြဘူး... နေရာတိုင်းမှာ လူတွေက ကလေးတွေကို ရောင်းနေကြတာ... အရှင်တောင် ဈေးကောင်းမရမှတော့ အသေက ဘယ်ရမလဲ"

အဖွားစိုင်က မကျေနပ်သေးဘဲ တီးတိုးရေရွတ်ကာ ရှောင်စိုင်ကို အရည်အချင်းမရှိဟု အပြစ်တင်နေသည်။

ရှောင်စိုင်က ခင်ပွန်းဖြစ်သူကို လှည့်ကြည့်သော်လည်း ကျန်းကွမ်းကျုံးက ဘာမှမကြားသကဲ့သို့ ခြေထောက်တစ်ဖက်ထောက်ကာ ရှေ့သို့ ဆက်လျှောက်နေလေသည်။

နွားလှည်းသည် တောလမ်းအတိုင်း နာရီဝက်ခန့် မောင်းနှင်ပြီးနောက် နောက်ဆုံးတွင် မြို့သို့ ရောက်ရှိလာသည်။ လှည်းပေါ်မှ မဆင်းမီ ကျန်းယွင်နန်က အကျင့်ပါနေသဖြင့် နျိုနျို၏နဖူးကို စမ်းလိုက်ရာ ရပ်တန့်သွားပြီး အံ့သြသွားသည်။ သူမသည် အဒေါ်ဖြစ်သူ၏ လက်ကို ဆွဲကာ ပြောလိုက်သည်။

"အဒေါ်ရေ... ဒီကလေးရဲ့ နဖူးကို စမ်းပေးပါဦး... အဖျားကျသွားပြီလား"

အဒေါ်က နျိုနျို၏နဖူးကို အရင်က စမ်းဖူးထားသဖြင့် အံ့သြတကြီး ပြောလိုက်သည်။

"ယွင်နန်... ဒီကလေးက ကံကောင်းလိုက်တာ... မြို့ရောက်တာနဲ့ အဖျားကျသွားတယ်... ညည်း ပိုက်ဆံ သက်သာသွားပြီ... သမားတော်ဆီသာ သွားရင် ပိုက်ဆံ ဘယ်လောက်တောင် ကုန်မလဲ မသိဘူး"

All Chapters