ဟင်း... အကွက်များပြီး ကပ်စေးနှဲတဲ့ မိန်းမ
Vol. 23 Ch. 260
ထိုအချိန်တွင် ကျိယွမ်က ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ဖုန်းထျန်းနယ်မြေမှာ ရှိတဲ့ ယင်နတ်ဘုရား အများစုက ဒီနေ့ဒီမှာ ရောက်နေကြတာ အတော်ပဲ။ ငါ မင်းတို့ကိုလည်း ပြောစရာ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိတယ်။ မင်းတို့ အားလုံး ဒီမှာ ရှိနေတုန်း ငါ တစ်ခါတည်း အသိပေးလိုက်မယ်။"
"ငါ ‘မူလနတ်ဘုရားမျှဝေခြင်းအဖွဲ့အစည်း’ ကို တည်ထောင်လိုက်ပြီ ၊ ကပ်ဘေးဒုက္ခကြီးအတွက် ပြင်ဆင်ဖို့ပေါ့။ မင်းတို့အားလုံးလည်း တစ်နည်းနည်းနဲ့ ဝိုင်းပြီး ကူညီပေးကြလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်”
မျက်နှာပျင်နေသော ယင်နတ်ဘုရားများအားလုံး အံ့သြသွားကြသည်။
သူတို့မျှော်လင့်ထားသည်က ထိုသို့မဟုတ်ပေ။
“ကပ်ဘေးကြီးအတွက် ပြင်ဆင်နေတာလား"
ယင်နတ်ဘုရားအားလုံး၏ မျက်နှာတွင် လေးနက်တည်ကြည်သော အရိပ်အယောင်များ ယှက်သန်းသွားသည်။
ထိုကပ်ဘေးကြီးသည် ယင်နတ်ဘုရားတိုင်း၏ ဦးခေါင်းထက်တွင် ချိတ်ဆွဲထားသော ထက်ရှသည့် ဓားကြီးတစ်လက်နှင့် တူ၏။ ထိုဓား ကျဆင်းလာသည့်အခါ မည်သည့် ယင်နတ်ဘုရားကမျှ ဘေးကင်းလွတ်မြောက်နိုင်မည်ဟု မယုံကြည်ကြပေ။
လောကကြီးကို စိတ်ကုန်နေသလို မျက်နှာသေနေသော မဟာအုပ်စိုးရှင်ဝူကျွင်းပသမလျှင် မျက်နှာတင်းမာသွားပြီး ကျိယွမ်ကို ကြည့်လာ၏။
“ကျေးဇူးပြုပြီး စီနီယာအနေနဲ့အသေးစိတ် ရှင်းပြပေးပါ”
သူက ရိုသေစွာ ဆိုသည်။ အကယ်၍ ယခင်က သွေးဝတ်စုံဓားနတ်ဘုရား က ဤသို့ပြောခဲ့လျှင် သူ လုံးဝ ဂရုစိုက်မည်မဟုတ်ပေ။
သို့သော် ယခု ကျိယွမ် ပြသခဲ့သည့် အစွမ်းမှာ ဒဏ္ဍာရီလာအဆင့်ဖြစ်သည်မှာ ငြင်းစရာမရှိပေ။ သာမန်ဒဏ္ဍာရီအဆင့်မျှသာမက သူသည် ကန်းလန်နယ်မြေ၏ ထိပ်သီးတွင် ရပ်တည်နေသူဖြစ်ရာ ကပ်ဘေးကြီးအကြောင်း ပြောဆိုရန် အရည်အချင်း အပြည့်အဝရှိသည်။
“တကယ်တော့ ငါတို့ ကျင့်ကြံနေတဲ့ ကျင့်စဉ်တွေ နည်းစနစ်တွေက အဆိပ်အတောက်တွေပဲ...”
ကျိယွမ်က ကြောင်တောင်တောင်ကြည့်နေသော ယင်နတ်ဘုရားများအား ကျင့်စဉ်နည်းစနစ်များ၏ အဆိပ်သင့်မှုနှင့် မူလနတ်ဘုရားမျှဝေခြင်းအသင်းကို တည်ထောင်ရခြင်း၏ အရေးအကြီးဆုံးရည်ရွယ်ချက်တို့ကို ရှင်းပြလိုက်သည်။
ကျိယွမ်၏ စကားများကို ကြားပြီးနောက် ယင်နတ်ဘုရားများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။
သူတို့၏ မျက်နှာအမူအရာများမှာ အမျိုးမျိုး ဖြစ်နေသော်လည်း မည်သူမျှတုံ့ပြန်ခြင်း မရှိကြပေ။
သွေးဝတ်စုံဓားနတ်ဘုရား၏ အစွမ်းကို လက်တွေ့ မြင်တွေ့ခဲ့ရသော ဝူကျွင်းတစ်ယောက်တည်းကသာ ထိုစကားကို အတော်အတန် ယုံကြည်သည်။
သူ၏မျက်နှာက ပူပင်သောအရိပ်အယောင်သို့ အနည်းငယ် ပြောင်းလဲသွား၏။
“ဒီလိုကိစ္စမျိုး တကယ် ရှိတာလား”
ကျိယွမ်က ခေါင်းညိတ်ပြရင်း တိတိဆိတ်နေသော ယင်နတ်ဘုရားများကို ကြည့်လိုက်သည်။
“မင်းတို့ထဲက ဘယ်သူမှ သဘောထား မှတ်ချက် မပေးကြတော့ဘူးလား”
“ဒါက အရမ်းအရေးကြီးတဲ့ ကိစ္စမို့လို့ ကျွန်တော် ပြန်ပြီး အတည်ပြုဖို့ လိုအပ်ပါတယ် စီနီယာ။ အတည်ပြုပြီးတာနဲ့ စီနီယာ့ကို အဖြေပေးပါ့မယ်”
ယင်နတ်ဘုရားတစ်ပါးက အလိုက်သင့် ပြန်ပြောသည်။
သူသည် ကျိယွမ်၏ စကားကို မယုံကြည်သလို သူ၏နည်းစနစ်များကိုလည်း ထုတ်မပေးလိုသည်မှာ သိသာလှ၏။ ပြန်လည်အတည်ပြုမည်ဆိုသည်မှာ ဆင်ခြေတစ်ခုသာ ဖြစ်သည်။
ထိုအတည်ပြုချက်က နှစ်ပေါင်း တစ်သောင်းလောက် ကြာသွားမည်လား မည်သူသိနိုင်မည်နည်း။
ကျန်သော ယင်နတ်ဘုရားများကလည်း ထိုနည်းတူပင် တုံ့ပြန်ကြသည်။
ကျိယွမ်သည် မိုလီဘက်သို့ မျှော်လင့်တကြီး လှည့်ကြည့်လိုက်ပြီး သနားကမားဟန်ဖြင့် တောင်းဆိုလိုက်၏။
“မင်းက ငါ့ကို ဒီလောက် ချစ်တာပဲ၊ ငါ့ရဲ့ လုပ်ငန်းအသစ်အတွက် ဒဏ္ဍာရီလာ ရတနာကို ထုတ်ပေးပြီး မထောက်ပံ့ချင်ဘူးလား။ ငါ အောင်မြင်သွားတဲ့အခါ မင်းကို မတရား မဆက်ဆံပါဘူး”
ကျိယွမ်သည် မဟာအုပ်စိုးရှင်မိုလီအား သွေးတိုးစမ်းနေပြန်သည်။
မိုလီက ယဉ်ကျေးစွာ ပြုံးလိုက်ပြီး သိမ်မွေ့စွာတုန့်ပြန်၏။
"ဒီကိစ္စက အရမ်းအရေးကြီးလွန်းလို့ ကျွန်မ တစ်ယောက်တည်း မဆုံးဖြတ်နိုင်ပါဘူး။ တခြားသူတွေနဲ့ တိုင်ပင်ပြီးမှ အဖြေပေးပါ့မယ်”
ကျိယွမ်သည် အတော်လေး စိတ်ပျက်သွားကာ ဝမ်းနည်းစကားဆို၏။
“မင်းက ငါ့ကို လုံလောက်အောင် မချစ်သေးဘူးပဲ”
ဤမဟာအုပ်စိုးရှင် မိုလီသည် သူ့ကို ချစ်သည်ဟု အမြဲပြောနေသော်လည်း လက်တစ်ချောင်းမျှပင် မကူညီလိုပေ။
ဟင်း... အကွက်များပြီး ကပ်စေးနှဲတဲ့ မိန်းမ။
ထိုစဉ် ဒဏ်ရာခုနစ်ချက်အကြီးအကဲ က မျက်မှောင်ကြုတ်ကာ တိုးညှင်းစွာ ပြောလာသည်။
“ဒီအဖိုးကြီးကတော့ မူလနတ်ဘုရားမျှဝေခြင်းအသင်းကို စိတ်ဝင်စားပါတယ်။ နည်းစနစ်တချို့လည်း လှူဒါန်းဖို့ အဆင်သင့်ပဲ။”
ကျိယွမ်၏ မျက်လုံးများ တောက်ပသွားလေသည်။
“ခင်ဗျားကတော့ အမြင်စူးရှတာပဲ။ ကျုပ်နောက်ကို လိုက်ခဲ့၊ ခင်ဗျား မရှုံးစေရဘူး”
အကြီးအကဲက သဘောကျစွာ ရယ်မောပြီး ကတိပေးလိုက်သည်။
“နောက်ရက်အနည်းငယ်အတွင်းမှာ နည်းစနစ်တွေကို လမ်းစဉ်ရှာဖွေရေး နန်းတော်ဆီ လူလွှတ်ပြီး ပို့ပေးပါ့မယ်”
“ပြဿနာမရှိဘူး”
ကျိယွမ် စိတ်ကြည်လင်သွားသည်။ ယခုအခါ မူလနတ်ဘုရားမျှဝေခြင်းအသင်းတွင် တောင့်တင်းသောအဖွဲ့ဝင်တစ်ဦး ရရှိသွားလေပြီ။
“ခဏနေရင် ငါတို့အသင်းအတွက် ဖိုရမ်ကျောက်စိမ်းပြားတစ်ခု လုပ်မယ်။ အဲဒီထဲမှာ ကျုပ်ရဲ့ နည်းစနစ်တွေလည်း တင်ပေးထားလိမ့်မယ်။ အသင်းက ခင်ဗျားပေးတဲ့ နည်းစနစ်တွေကို အမှတ်အဖြစ် ပြောင်းပေး ပြီး အဲဒီအမှတ်တွေနဲ့ ကျောက်စိမ်းပြားထဲက အသုံးဝင်တဲ့ နည်းစနစ်တွေကို ပြန်လဲလို့ ရတယ်”
ကျိယွမ်က အဖွဲ့ဝင်သစ်အား တက်ကြွစွာ ရှင်းပြသည်။ ထိုကျောက်စိမ်းပြားများ ပြုလုပ်ရန် တာဝန်ကိုမူ လမ်းစဉ်ရှာဖွေရေးနန်းတော်အား ပေးအပ်လိုက်သည်။
မဟာအုပ်စိုးရှင်ဖုန်းကျွင်းတစ်ဦးတည်း၏ ချမ်းသာကြွယ်ဝမှုသည် လမ်းစဉ်ရှာဖွေရေးနန်းတော်တစ်ခုလုံးနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။ထို့ကြောင့် အားလုံး၏အင်အားကို ညှစ်ယူခြင်းက အဆများစွာ ပိုထိရောက်ပေလိမ့်မည်။
“ကောင်းပါပြီ"
ဒဏ်ရာခုနှစ်ချက်အကြီးအကဲက အလိုက်သင့် သဘောတူလိုက်သော်လည်း သူသည်ကျိယွမ်ပြောသော ဖိုရမ်ကျောက်စိမ်းပြားပေါ်မှ နည်းစနစ်များကို သိပ်စိတ်ဝင်စားပုံမရပေ။
“အကြီးအကဲမှာ သူငယ်ချင်းတွေရှိရင်လည်း သတင်းဖြန့်ပေးပါဦး။ ခင်ဗျားကို အမှတ်တွေနဲ့ ဆုချပါမယ်”
ကျိယွမ်က ဆက်ပြောလိုက်သည်။ မည်သည့်လုပ်ငန်းမဆို အစပိုင်းတွင် အမြဲတမ်း ခက်ခဲတတ်သည် မဟုတ်ပါလား။ သို့သော် ကမ္ဘာမြေပေါ်မှ ပိရမစ်စနစ် လိမ်လည်မှုများသည်ပင် မည်သည့်ကုန်ပစ္စည်းမျှ မရှိဘဲ ကျယ်ပြန့်လာနိုင်သေးလျှင်၊ ‘မူလနတ်ဘုရား’ နာမည်ကို သုံးထားသော ဤအသင်းသည် ကန်းလန်နယ်မြေတွင် မအောင်မြင်စရာ အကြောင်းမရှိပေ။
အကယ်၍ မအောင်မြင်ခဲ့လျှင်... ထိုအရာသည် မူလနတ်ဘုရား၏ အရည်အချင်းမရှိမှုကြောင့်သာ ဖြစ်ပေလိမ့်မည်။
ထို့နောက် ကျိယွမ်က အမှတ်ပေးစနစ်ကို စိတ်လိုလက်ရ ဆက်ရှင်းပြသည်။ ကျင့်စဉ်နည်းစနစ်များကို နှစ်မျိုးခွဲခြားထားရာ၊ လူအများရှေ့ ချပြနိုင်ပြီး အဖွဲ့ဝင်များ လဲလှယ်နိုင်သော ကျင့်စဉ်များက အမှတ်ပိုရမည်ဖြစ်ပြီး၊ ကျိယွမ်တစ်ဦးတည်း ကြည့်ရှုရန်အတွက် ပေးသော ကျင့်စဉ်များမှာလည်း အမှတ်များစွာ ရရှိမည်ဖြစ်သည်။
အားလုံးက ပျော်ရွှင်စွာ စကားပြောဆိုကြပြီး ပတ်ဝန်းကျင်မှာ သာယာကြည်နူးဖွယ် ကောင်းနေသည်။
နာရီဝက်ခန့် ကြာပြီးနောက် ဒဏ်ရာခုနှစ်ချက်အကြီးအကဲနှင့် မိုလီတို့သည် အခြား ယင်နတ်ဘုရားများနှင့်အတူ လမ်းစဉ်ရှာဖွေရေးနန်းတော်မှ ထွက်ခွာခဲ့ကြသည်။
လျှော်တေအင်္ကျီဝတ်ထားသော ဒဏ်ရာခုနှစ်ချက်အကြီးအကဲသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပျံသန်းရန်ပြင်လိုက်စဥ် သူ၏ရှေ့တွင် မဟာအုပ်စိုးရှင် မိုလီပေါ်လာသဖြင့် ရပ်တန့်လိုက်ရ၏။
“အကြီးအကဲ... ရှင် သွေးဝတ်စုံဓားနတ်ဘုရားရဲ့ စကားကို တကယ် ယုံတာလား”
မိုလီက စပ်စုသည်။ အဆိပ်ရှိသော နည်းစနစ်များဟူသည့် အယူအဆမှာ အလွန်တုန်လှုပ်ဖွယ် ကောင်းလှ၏။ ထိုအရာက အမှားဆိုလျှင် ပြဿနာမရှိသော်လည်း အမှန်ဖြစ်နေလျှင် ကန်းလန်နယ်မြေ၏အနာဂတ်မှာ လမ်းဆုံးသည်ထက် ဆုံးနေလေပြီ။
အမှန်အတိုင်းဆိုရလျှင် မိုလီသည် ထိုစကားကို အစပိုင်းတွင် သံသယရှိခဲ့သော်လည်း အမှောင်နေမင်းအကြောင်း ပြောခဲ့သူကို သတိရကာ ဝေခွဲမရ ဖြစ်လာ၏။
တကယ်ပဲ မှန်နေနိုင်မလား။
သို့သော် မှန်နေလျှင်ပင် မိုလီသည် ထိုကဲ့သို့ အန္တရာယ်ရှိသော ကိစ္စတွင် မပါဝင်လိုပေ။ အကယ်၍ အမှောင်နေမင်းက လှုပ်ရှားပြီးသားဆိုလျှင် ကျိယွမ်သည် သေချာပေါက် သေရမည်ဖြစ်သည်။
ယခုအချိန်တွင် အသင်းသို့ ဝင်ခြင်းသည် အမှောင်နေမင်း၏ လက်စားချေမှုကို ခေါ်ယူခြင်းနှင့် တူပေလိမ့်မည်။ ထိုအချက်ကို သိနေသော်လည်း သူမသည် အခြား ယင်နတ်ဘုရားများကို သတိပေးမည် မဟုတ်ပေ။
ဆိုရလျှင် သူတို့ သေကုန်သည်ကိုသာ သူမ မြင်ချင်သည် မဟုတ်ပါလား။
“ယုံတာ၊ မယုံတာ အရေးကြီးလို့လား။ ဒီအဖိုးကြီးမှာ နေဖို့ နှစ်အများကြီး မကျန်တော့ဘူး။ နောက်လာမယ့် ကပ်ဘေးကြီးကိုလည်း ငါ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် နည်းစနစ်တွေ ပေးလိုက်ရတာ ငါ့အတွက် ဘာမှအရေးမကြီးတော့ပါဘူး”
အကြီးအကဲက ပေါ့ပေါ့ပါးပါး အေးဆေးစွာ ပြန်ပြောသည်။ သူက အပြောင်းအလဲတစ်ခုကို အပျင်းပြေ လိုက်ပါကြည့်ရန်သာ အာရုံရှိ၏။မှန်ခြင်း မှားခြင်းက သူ့အတွက် အရေးမပါတော့ပါ။
“ရှင်က တကယ်ကို လွတ်လပ်ပေါ့ပါးတာပဲ။ လေးစားဖို့ ကောင်းတယ်”
မိုလီက သက်ပြင်းချလိုက်သည်။
ထိုအခါ အကြီးအကဲက တစ်ခုခုကို သတိရသွား၏။
“မင်း ငါ့ကို အဲဒီလောက် လေးစားနေရင် ဒဏ္ဍာရီလာ ရတနာကို ငါ့ကို ပေးလိုက်ပါလား။ အဲဒါရှိရင် ငါ ကပ်ဘေးကြီးကနေ လွတ်မြောက်နိုင်မှာ”
သူက ပွင့်ပွင့်လင်းလင်း ပြောချလိုက်သည်။
မိုလီမှာ ထိုစကားကို ကြားလိုက်ရသဖြင့် မှင်သက်သွားသည်။ ယခုတလော ရင်းနှီးနေသော ထိုစကားစုကို ထပ်ကြားရလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
“နှုတ်ဆက်ပါတယ်”
မိုလီက အေးစက်စွာ ပြောပြီး ထွက်ခွာသွားတော့သည်။
"ဟားဟား ဟားဟားဟား "
ဒဏ်ရာခုနှစ်ချက်အကြီးအကဲကလည်း အားရပါးရရယ်မောလျက် ပျောက်ကွယ်သွားသည်။
.........
ဤသို့ဖြင့် ငါးရက်ကြာပြီးနောက်...။
လမ်းစဉ်ရှာဖွေရေး နန်းတော်အတွင်း ကျိယွမ်သည် မျက်လုံးဖွင့်လိုက်ပြီး ဝူကျွင်း ပေးအပ်သော ကျောက်စိမ်းပြားကို ကြည့်လိုက်သည်။ ထိုကျောက်စိမ်းပြားတွင် အသင်း၏ တိုးတက်မှုများကို မှတ်တမ်းတင်ထား၏။
“ငါတို့အသင်းမှာ နောက်ဆုံးတော့ ဌာနချုပ် ရှိသွားပြီပဲ”
ထိုအသိကြောင့် ကျိယွမ် စိတ်လှုပ်ရှားမိသည်။ လွန်ခဲ့သည့် ရက်များအတွင်း နန်းတော်တစ်ခုလုံးသည် ကျိယွမ် အလိုရှိသော ကျောက်စိမ်းပြားများ ပြုလုပ်ရန် မနားမနေ အလုပ်လုပ်ခဲ့ကြရသည်။သူက မကြိုက်လျှင် အားမနာတမ်းပြန်ပြင်ခိုင်း၏။
“ဒါက ပင်မကျောက်စိမ်းပြားပါ။ နည်းစနစ်အားလုံးကို ဒီမှာ မှတ်တမ်းတင်ထားပါတယ်”
ဝူကျွင်းက လေးနက်စွာ ဆိုသည်။ ထိုပင်မကျောက်စိမ်းပြားမှာ သာမန်မဟုတ်ဘဲ ယင်နတ်ဘုရားအဆင့် လက်နက်တစ်ခုဖြစ်ပြီး ဝူကျွင်းကိုယ်တိုင် ဖန်တီးထားခြင်း ဖြစ်သည်။
"အင်း. ကောင်းတယ်။ ဒါဆိုရင် ငါ အဘမ်းခံရမှာကို စိုးရိမ်စရာ မလိုတော့ဘူး။”
ရှင်းဟွာအဖွဲ့တွင် သူအဘမ်းခံခဲ့ရသည်ကို ပြန်သတိရကာ ကျိယွမ် စိတ်တိုသွား။ ထိုအသင်း၏ ခေါင်းဆောင်ကို သူ မှတ်ထားမည်ဖြစ်သည်။
“တခြား ကျောက်စိမ်းပြားတွေကိုတော့ ဖုန်းထျန်းနယ်မြေထဲက ယင်နတ်ဘုရား အားလုံးဆီ တစ်ခုစီ ပို့ပေးပြီးပါပြီ။ အလယ်အလတ်အဆင့် ဂိုဏ်းတွေလည်း လိုချင်ရင် ထုတ်ယူနိုင်ပါတယ်”
ဝူကျွင်းက လေးစားစွာ တင်ပြသည်။ ယခုအခါ သူ၏ ကံကြမ္မာကို လက်ခံလိုက်ပြီဖြစ်သည်။ ကျိယွမ်ကို သူ မည်သည့်နည်းနှင့်မျှ မယှဉ်နိုင်ပေ။
ထို့ကြောင့် ကျိယွမ်အား ကူညီခြင်းကသာ အကောင်းဆုံးဖြစ်ပြီး ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးကို အစေခံရခြင်းမှာ အရှက်ရစရာ လည်းမဟုတ်ပေ။လောကတွင် ခွန်အားကသာ အရာရာဖြစ်၏။
ကျိယွမ်က သဘောကျစွာ ခေါင်းတဆိဆ်ဆိတ်ညိတ်သည်။
“ခင်ဗျား ကောင်းကောင်း လုပ်ခဲ့တယ်။ ဒါနဲ့..မူလနတ်ဘုရားမျှဝေခြင်းအသင်းအတွက် ဖွင့်ပွဲအခမ်းအနားက ဘယ်လိုလဲ”
အသင်းတည်ထောင်ခြင်းအတွက် ဧည့်သည်တော်များ ဖိတ်ကြားရန် လိုအပ်သည်။ ယခုအခါ အသင်း၏ ဌာနချုပ်ကို လမ်းစဉ်ရှာဖွေရေးနန်းတော်အတွင်း၌ပင် သတ်မှတ်ထားပြီမို့ ခန်းမအတွက်ပူစရာ မလိုတော့ပါ။
“လွန်ခဲ့တဲ့ သုံးရက်က ဖိတ်စာတွေ ပို့ပြီးပါပြီ။ သန်ဘက်ခါ အခမ်းအနားကို ဖုန်းထျန်းနယ်မြေက ယင်နတ်ဘုရားတွေတင်မကဘဲ မိစ္ဆာသားရဲနယ်မြေ(ယောင်နယ်မြေ) က သူတွေပါ တက်ရောက်ကြပါလိမ့်မယ်။"
" နောက်ပြီး အလယ်အလတ် ဂိုဏ်းတွေကလည်း အဖွဲ့ဝင်အဖြစ် ဝင်ရောက်ဖို့ စိတ်အားထက်သန်နေကြပါတယ်”
ဝူကျွင်းက လက်ရှိအခြေအနေများကို ရှင်းပြသည်။
ဤသည်မှာ သာမန်ကိစ္စပင် ။ ထိုသို့သော ဂိုဏ်းလေးများတွင် အဆင့်မြင့်နည်းစနစ်များစွာ မရှိကြပေ။ သူတို့၏ လျှို့ဝှက်နည်းနစ်များမှအပ ကျန်သည်များကို အသင်းသို့ လှူဒါန်းပြီး အသင်းရှိ နည်းစနစ်များနှင့် လဲလှယ်နိုင်ကြသည်။ဤနည်းက သူတို့အတွက် ဘေးကင်းပြီး အလွန်အဆင်ပြေ၏။
ထိုအပြင့် ကျိယွမ် တင်ပေးထားသော ကျင့်စဉ်များထဲတွင် သူတို့ဂိုဏ်းများတွင် လုံးဝမရှိနိုင်သော ကောင်းကင်အဆင့် ကျင့်စဉ်များ ပါဝင်နေသည်။
ယင်နတ်ဘုရား မဟုတ်သူများအတွက် ကောင်းကင်အဆင့်ကျင့်စဉ်ကို မည်သည့်နေရာတွင် ရနိုင်ပါမည်နည်း။
ထို့ကြောင့် ဂိုဏ်းပေါင်းများစွာသည် ကောင်းကင်အဆင့် ကနည်းစနစ်များ ရရှိရန် မျှော်လင့်ချက်ဖြင့် စိတ်ဝင်စားနေကြခြင်း ဖြစ်သည်။
ယင်နတ်ဘုရားများကမူ အများအားဖြင့် ပွဲကြည့်ပရိသတ်အဖြစ်သာ ရှိနေကြပြီး ထိုကိစ္စကို သိပ်အလေးအနက်မရှိပါ။
“ငါကတော့ အောက်ခြေလူထုရဲ့ ထောက်ခံမှုကို ရရှိထားပုံပဲ”
ကျိယွမ်က တွေးလိုက်သည်။
“နှမြောစရာကောင်းတာက ချမ်းသာကြွယ်ဝမှုရဲ့ ၉၉.၈ ရာခိုင်နှုန်းကို လူဦးရေရဲ့ ၀.၂ ရာခိုင်နှုန်းကပဲ ထိန်းချုပ်ထားတာပဲ။ အဲဒီ ယင်နတ်ဘုရားတွေကမှ တကယ့် ဝဖြိုးတဲ့ သိုးတွေ ဖြစ်နေတာ။”
ထိုစကားနှင့်အတူ ကျိယွမ်၏ မျက်လုံးများ တောက်ပလာသည်။ ဝူကျွင်းသည် ကျိယွမ်၏ မျက်လုံးထဲမှ အမဲလိုက်လိုသော အရိပ်အယောင်ကို မြင်လိုက်ရသဖြင့် ကျောချမ်းသွားသည်။
ကျိယွမ်လို ဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီးတစ်ဦးက ဘာမဟူတ်သောနည်းစနစ်များကို အယဘ်ကြောင့် လောဘတတ်နေသည်ကို သူနားမလည်နိုင်ပေ။
“ယင်နတ်ဘုရားတွေဆီက နည်းစနစ်ရဖို့က ခက်ခဲလိမ့်မယ်။ ဒဏ္ဍာရီလာ ရတနာကို သူတို့ကို ပေးရင်တော့ တစ်မျိုးပေါ့”
ဝူကျွင်းက အကြံပြုသည်။ မဟာအုပ်စိုးရှင်မိုလီ၏ ရတနာသည် လူအများ၏ မနာလိုမှုကို ခေါ်ယူနေခြင်းဖြစ်ပြီး လက်ထဲ၌ထားခြင်းက အလွန်အန္တရာယ်များလှသည်။ ကျိယွမ်မှာမူ ဒဏ္ဍာရီအဆင့် တိုက်ခိုက်ရေးစွမ်းရည် ရှိနေသဖြင့် သူကိုယ်တိုင်ကပင် မည်သည့်ရတနာထက်မဆို ပို၍ တန်ဖိုးရှိနေသည်။
“ရတနာက မိုလီဆီမှာလေ။ ခင်ဗျားက ကျုပ်ရဲ့ရုပ်ရည်ကို အရင်းအနှီးပြုပြီး မြူဆွယ်ခိုင်းနေတာလား”
ကျိယွမ်ကိုယ်တိုင်လည်း ဝေခွဲမရ ဖြစ်နေသည်။ သူ၏ အရိပ်အမြွက်က မအောင်မြင်သဖြင့် ဝူကျွင်း ဆက်မပြောတော့ပေ။
အနည်းငယ်တွေးပြီးနောက် ကျိယွမ်၏ အကြည့်များ ပြတ်သားလာသည်။
“လူသားတွေရဲ့ နှလုံးသားက စစ်မှန်တဲ့ ခံစားချက်တွေနဲ့ ပြည့်နှက်နေတာပါ။ ငါ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်စရိုက်က နန်းတော်ထဲက ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူတွေကိုတောင် စွဲဆောင်နိုင်ခဲ့တာပဲ။"
" တခြား အင်အားစုတွေကိုလည်း သေချာပေါက် ထိမိစေမှာပါ။ သူတို့ ငါတို့အသင်းကို ဝင်လာပြီး နည်းစနစ်တွေ လာပေးကြမှာပါ”
ကျိယွမ်သည် မိမိကိုယ်ကိုယ် ‘ကောင်းမြတ်သောအုပ်စု’ တွင် ပါဝင်သည်ဟု အမြဲယုံကြည်သည်။ ကမ္ဘာမြေပေါ်တွင်ဆိုလျှင် သူ့ကို သူတော်စင်ဟုပင် ခေါ်ကြပေလိမ့်မည်။
ဝူကျွင်းခမျာ ဘာမှမပြောနိုင်တော့ပေ။
မင်းက ကျင့်ကြံသူတွေကို ဆွဲဆောင်ခဲ့တာတဲ့လား။ သူတို့ကို သေမတတ် ကြောက်အောင် လုပ်ခဲ့တာက ဘယ်သူလဲ။
“ငါတို့အသင်းအကြောင်းသတင်းက တခြားဒေသတွေဆီ ရောက်သွားပြီလား”
သူ ဤနေရာသို့ လာရခြင်း၏ အဓိက အကြောင်းရင်းတစ်ခုမှာ အသင်းအား အခြားဒေသများသို့ ဖြန့်ကြက်ရန် ဖြစ်သည်။ လမ်းစဉ်ရှာဖွေရေးနန်းတော်သည် သာမညမဟုတ်ပါ ၊ ၄င်း၏အင်အားစူများက ကန်းလန်နယ်မြေ၏ ဒေသတစ်ဝက်ကျော်တွင် ပျံ့နှံ့နေ၏။
ဝူကျွင်း၏မျက်နှာမှာ ရှုပ်ထွေးသွားပြီးမှ
“ဌာနချုပ်ကို တင်ပြထားပါတယ်။ ဖွင့်ပွဲနေ့မှာ အဖြေပေးဖို့ လူလွှတ်လိုက်မယ်လို့ ပြောပါတယ်”
“သန်ဘက်ခါပေါ့လေ”
ကျိယွမ်က ရေရွတ်လိုက်သည်။
“အားလုံး အဆင်ပြေပြေ ဖြစ်သွားဖို့ မျှော်လင့်ရတာပဲ။”
ဤသို့ဖြင့် နောက်တစ်ဖန်အချိန်များ ကုန်ဆုံးသွားပြီး အသင်း၏ ဖွင့်ပွဲနေ့သို့ ရောက်ရှိလာသည်။
ဖုန်းကျွင်းသည် အသင်း၏အုပ်ချုပ်သူအဖြစ် ပြုံးရွှင်စွာဖြင့် ဧည့်သည်များကို ကြိုဆိုနေသည်။ မိုလီနှင့် တွေ့သည့်အခါတွင်ပင် ယခင်က ရန်ငြိုးများကို မေ့ဖျောက်ကာ ယဉ်ကျေးစွာ ဆက်ဆံနေ၏။
ပွဲသည် ပျော်ရွှင်စရာ ကောင်းလှပြီး ယင်နတ်ဘုရား ၁၅ ပါးအထိ တက်ရောက်လာကြသည်။ အများစုမှာ ဖုန်းထျန်းဒေသမှ ဖြစ်ပြီး အချို့မှာ မိစ္ဆာသားရဲနယ်မြေမှ ဖြစ်သည်။
ဒဏ်ရာခုနှစ်ချက်အကြီးအကဲမှာမူ လိပ်အိုကြီးတစ်ကောင်ကဲ့သို့ တစ်နေရာတွင် ပျင်းရိစွာ ထိုင်နေ၏။
“အကြီးအကဲ... ဒီဓားနတ်ဘုရားက တကယ်ကို ထူးခြားတာပဲ။ ကျောက်စိမ်းပြားထဲမှာ ထိပ်တန်းအဆင့်ရှိတဲ့ ကောင်းကင်အဆင့် နည်းစနစ်တွေတောင် ပါသေးတယ်”
လုံချန်းဟု အမည်ရသော လူငယ် ယင်နတ်ဘုရားတစ်ပါးက မယုံနိုင်သလိုပြောသည်။
“ထိပ်တန်းအဆင့်ရှိတဲ့ ကောင်းကင်အဆင့်နည်းစနစ်လား”
ဒဏ်ရာခုနှစ်ချက်အကြီးအကဲ အံ့အားသင့်သွားပြီး ငိုက်မျည်းနေသည်များပင် ပြုးသွား၏။ သူ ကျင့်ကြံနေသည်မှာ ကောင်းကင်အဆင့်ဖြစ်သော်လည်း အလယ်အလတ်အဆင့်မျှသာ ဖြစ်သည်။
ထိပ်တန်းအဆင့်များကို မြင်ဖူးသော်လည်း မပိုင်ဆိုင်ခဲ့ဖူးပေ။ သူလိုမဟာအုပ်စိုးရှင်ကြီးများပင် ပိုင်ဆိုင်ရန်ခက်ခဲသော နည်းစနစ်ကို တွေ့ရာလူများအား အလကား မျှဝေနေသည်ဆိုသဖြင့် သူ အံ့ဩမိခြင်းပင်။
“မဟာအုပ်စိုးရှင်မိုလီ... မင်းကများ ရတနာကို သူ့ကို ပေးလိုက်လို့လား”
အကြီးအကဲက စနောက်လိုက်သည်။
မိုလီက ဖျော့တော့စွာ ပြုံးပြီး တုန့်ပြန်၏။
“ဒီရတနာက ကျွန်မရဲ့ အခြေခံပဲလေ၊ ဘာလို့ ပေးရမှာလဲ။ ဓားနတ်ဘုရားမှာ ကိုယ်ပိုင်ရတနာ ရှိနေလို့လည်း ဖြစ်နိုင်တာပဲ၊ ဒါကြောင့်လည်း ဝူကျွင်းက သူ့ကို ဒီလောက် ကြောက်နေတာပေါ့”
ဒဏ်ရာခုနှစ်ချက်အကြီးအကဲသည် ကျောက်စိမ်းပြားထဲသို့ သူ၏ အာရုံကို သွင်းလိုက်သည်။ သူ၏ မျက်နှာ အမူအရာမှာ ရှုပ်ထွေးသွား၏။
“ငါ ငယ်ငယ်ကသာ ဒီနည်းစနစ်တွေကို တွေ့ခဲ့ရင် ကောင်းမှာပဲ။ အခုတော့ ငါ့အတွက် မလိုအပ်တော့ဘူး”
နည်းစနစ်များမှာ ကောင်းမွန်သော်လည်း သူ အသုံးမပြုနိုင်တော့ပေ။ ယင်နတ်ဘုရားတစ်ပါး၏ လမ်းစဉ်မှာ သတ်မှတ်ပြီးသားဖြစ်ရာ ရွေးချယ်ပြီးသာလမ်းစဥ်ကို ပြန်ပြောင်းရန် မလွယ်ကူပေ။ ထို့ကြောင့် ယင်နတ်ဘုရားများက ယခုအသင်းအား သိပ်စိတ်မဝင်စားကြခြင်း ဖြစ်သည်။ သူတို့အတွက် အရေးကြီးသည်မှာ ကပ်ဘေးကြီးသာ ဖြစ်ပြီး လက်အောက်ငယ်သားများအတွက် နည်းစနစ်လဲပေးရန်မှာ အရေးမကြီးပေ။
ဒဏ္ဍာရီလာ နတ်ဘုရားအဆင့်နည်းစနစ်များကသာ သူတို့ကို လှုပ်ခတ်နိုင်ပေလိမ့်မည်။ သို့သော် ထိုကျင့်စဉ်မျိုးမှာ ကန်းလန်ကမ္ဘာနတွင် ဒဏ္ဍာရီအဖြစ်သာ ပြောဆိုနေပြီး မည်သူထံမှာမှ မရှိခဲ့ဖူးပါ။
အခြားတစ်ဖက်တွင်မူ အလယ်အလတ် ဂိုဏ်းခေါင်းဆောင်များသည် ကောင်းကင်အဆင့်နည်းစနစ်များကို မြင်ရသောအခါ မျက်လုံးပြူးသွားကြသည်။ ယင်နတ်ဘုရား အဆင့်သို့ မရောက်သေးသူများအတွက် ကျင့်စဉ်ပြောင်းခြင်းမှာ သာမန်ကိစ္စသာ ဖြစ်သောကြောင့် ယခုအရာမှာ ရတနာသိုက်ကြီးကို တွေ့လိုက်ရခြင်းပင်။
ထိုအချိန်တွင် ကျိယွမ်သည် ပြုံးရွှင်စွာဖြင့် ထွက်လာပြီး နှုတ်ဆက်၏။
“ဒီလောက် လူအများကြီး လာကြလိမ့်မယ်လို့ မထင်ထားဘူး။ မင်းတို့အားလုံး ငါတို့အသင်းရဲ့ အနာဂတ်ကို မျှော်လင့်ချက် ကြီးကြီးထားကြပုံပဲ”
ခန်းမထဲ၌ လူများစွာရှိနေသဖြင့် သူတို့ထံမှ နည်စနစ်များသာ ရရှိခဲ့လျှင် သူ၏ကျိယွမ်ကျမ်းမှ စိတ်ဝိညာဥ်အပိုင်းကို ပြီးမြောက်နိုင်လိမ့်မည်ဟု ကျိယွမ် တွေးလိုက်သည်။
“နှုတ်ခွန်းဆက်ပါတယ် စီနီယာ ဓားနတ်ဘုရား”
“ဒီအသင်းက ကန်းလန်နယ်မြေအတွက် ကောင်းချီးတစ်ခုပါပဲ”
ယင်နတ်ဘုရားများက အလိုက်သင့်မြှောက်ပင့်စကားများ ပြောလိုက်ကြသည်။
အခြားသူများကလည်း အသီးသီးထကာ ချီးမွမ်းစကားများဖြင့်နှုတ်ဆတ်ကြသောကြောင့် အခြေအနေမှာ အလွန်သာယာနေခဲ့သည်။
အားလုံးနှုတ်ဆက်ပြီးနောက် ကျိယွမ်က အဓိက အချက်ကို စတင်ပြောလိုက်၏။
“ဒီအသင်းရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်။ ကပ်ဘေးကြီးအတွက် ပြင်ဆင်ဖို့ပါပဲ။ ဒါကြောင့် ငါ့မှာနည်းစနစ်တွေ အများကြီး လိုအပ်တယ်။ မင်းတို့ဆီကလည်း လှူဒါန်းတာတွေ လိုချင်တယ်။ အလကားမယူပါဘူး ၊ အသင်းက နည်းစနစ်တွေကိုလည်း မင်းတို့ တန်ဖိုးအလိုက် ပြန်လဲယူနိုင်ပါတယ်”
ကျိယွမ်က လေးနက်စွာ ပြောသည်။
“ကျွန်တော်က ကျောက်စိမ်းအဆင့် နည်းစနစ်တစ်ရာ လှူပါ့မယ်။”
“ကျွန်တော်ကတော့ နက်နဲသောအဆင့် သုံးခုပါ။”
ယင်နတ်ဘုရားများက တစ်ဦးပြီးတစ်ဦး ထောက်ခံကြသည်။ သို့သော် သူတို့ အမြင့်ဆုံးပေးသည်မှာ နက်နဲသောအဆင့်သာဖြစ်ပြီး ကောင်းကင်အဆင့် ပေးသူတစ်ဦးမှ မရှိပေ။
(ကျင့်ကြံရေးနည်းစနစ်များကို စဦးအဆင့်၊ အလတ်တန်းစားအဆင့်၊ ထိပ်တန်းအဆင့် ၊ ကျောက်စိမ်းအဆင့်၊ နက်နဲသောအဆင့်နှင့် ကောင်းကင်အဆင့်ဟူ၍ ခွဲခြားထားသည်။ဒဏ္ဍာရီလာ နတ်ဘုရားအဆင့်မှာ ကန်းလန်ကမ္ဘာတွင်မရှိသဖြင့် မည်သူကမျှ ထိုစာရင်းတွင် ထည့်မတွက်ကြပေ။ )
ဒဏ်ရာခုနှစ်ချက်အကြီးအကဲက နေရာမှထကာ ထက်သန်စွာပြောလိုက်သည်။
“ဒီအဖိုးကြီးကတော့ ကောင်းကင်အဆင့် ကျင့်စဉ် ရှစ်ခု လှူပါ့မယ်”
ထိုရှစ်ခုမှာ သူ ပိုင်ဆိုင်သမျှ အကုန်ပင် ဖြစ်သည်။ ထိုစကားကြောင့် အခြားသော ယင်နတ်ဘုရားများ၏ မျက်နှာ အနည်းငယ် ပျက်သွားသော်လည်း သူတို့၏ သဘောထားကို မပြောင်းကြပေ။
မိုလီက အားငယ်စွာ ပြုံးပြီး တောင်းပန်၏။
“ဖုန်းနန်းတော်မှာ နည်းစနစ်တွေ နည်းနေလို့ လှူစရာ မရှိပါဘူး။ အဲဒီအစား ကျွန်မကိုယ်တိုင် ဖန်တီးထားတဲ့ ‘ကျောက်စိမ်းအဆင့်’ တစ်ခုကို လက်ဆောင်ပေးပါရစေ”
ကျိယွမ် မှင်သက်သွားပြီး မိုလီကို တစ်ခါမှမမြင်ဖူးသူလို ကြည့်လိုက်သည်။ ကမ္ဘာမြေပေါ်တွင် ချစ်သူပေးသော ဈေးပေါသည့်ဟန်းမိတ်လက်ဆောင်များကို အပြစ်တင်တတ်သူများကို သူ သတိရသွား၏။
ယခု သူလည်း ထိုမိန်းမကို အပြစ်တင်ချင်စိတ် ပေါက်သွားသည်။
ဟင်း... ကပ်စေးနှဲတဲ့ မိန်းမ။
အခြား ယင်နတ်ဘုရားများမှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားကြရသည်။
မိုလီ၏ လုပ်ရပ်မှာ အဘယ်သို့သော အဓိပ္ပာယ်နည်း။
သူမက ကျိယွမ်အား လှလှပပလက်စားချေနေပုံပင်။
ကျိယွမ်သည် မိုလီကို ဆက်မကြည့်တော့ဘဲ ဌာနချုပ်မှလာသောတမန်တော်ကိုသာ မျှော်လင့်တကြီး ကြည့်လိုက်သည်။
သူတို့ကသာ သူ၏ ကောင်းမွန်သောရည်ရွယ်ချက်ကို နားလည်နိုင်ပြီး အတူတကွ ပူးပေါင်းကြလိမ့်မည်ဟု သူ မျှော်လင့်သည်။
ထိုစဉ် တမန်တော်က ထရပ်လိုက်ပြီး ဝမ်းနည်းဟန်ဖြင့် ဆို၏။
“သွေးဝတ်စုံဓားနတ်ဘုရား... အမှောင်နေမင်း လက်အောက်က လေ့မိသားစုရဲ့ စစ်သူကြီးလေးပါးဒီကို လာနေပါပြီ။ ဒီပွဲကို... အခုပဲ ရပ်နားလိုက်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်”
-------------