အရှက်မရှိ
Vol. 23 Ch. 259
ဖုန်းနန်းတော်အတွင်း၌ မဟာအုပ်စိုးရှင် မိုလီသည် သူမ၏ ခုတင်ထက်တွင် ပျင်းရိစွာ လဲလျောင်းနေပြီး မျက်နှာပေါ်တွင် လှောင်ပြောင်လိုသောအပြုံးတစ်ခု ယှက်သန်းနေ၏။
“ဒီလောက်တောင် မြန်မြန်ဆန်ဆန်ကြီး နှစ်ယောက်သား ထိပ်တိုက်တွေ့နေကြပြီလား။ တော်တော်ကို စိတ်စောနေကြတာပဲ”
သူမက အသက်ရှူသံသင်းသင်းလေးဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။
မိုလီသည် သူမ၏စီမံကိန်းအရ သွေးဝတ်စုံဓားနတ်ဘုရားနှင့် ဝူကျွင်းတို့က သူမအတွက်နှင့် ထိပ်တိုက်တွေ့ဆုံမည်ကို ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်၏။ သူမကို အံ့အားသင့်စေသည်မှာ ထိုကိစ္စသည် ဤမျှလောက် မြန်မြန်ဆန်ဆန် ဖြစ်ပျက်လာခြင်းပင်။
သူမ၏ရှေ့မှ ရှေးဟောင်းမှန်ချပ်ထဲတွင် အပြာရင့်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် မိုလီကို ကျောပေးကာ ရပ်နေပြီး တိုးညင်းသော အသံဖြင့် စကားပြောနေ၏။
“ဒီတိုက်ပွဲမှာ ဘယ်သူနိုင်မယ်လို့ မင်းထင်လဲ”
“စဉ်းစားနေဖို့တောင် လိုသေးလို့လား။ မဟာအုပ်စိုးရှင်ဝူကျွင်း နိုင်မှာပေါ့”
မိုလီက သူမ၏ဆံနွယ်များကို ကျော့ရှင်းစွာ သပ်တင်ရင်း မထူးဆန်းသလိုပြန်ဖြေသည်။
ဝူကျွင်းသည် ကောင်းကင်ဘုံသို့ခြေလေးလှမ်းရှိသော စတုတ္ထအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူ ဖြစ်သည်။ သွေးဝတ်ရုံစုံဓားနတ်ဘုရားမှာမူ ကန်းလန်လောကအတွင်း၌ အလွန်ဆုံးအနေနှင့်အားနည်းသောခြေလေးလှမ်းအဆင့်သို့သာ ရောက်နိုင်သဖြင့် ဝူကျွင်းကို ယှဉ်နိုင်စွမ်း မရှိပေ။
“ငါတော့ မင်းနဲ့ သဘောထားကွဲလွဲတယ်”
မှန်ချပ်ထဲမှကျောခိုင်းနေသောပုံရိပ်က နိမ့်ရှိုင်းစွာ ပြောလိုက်၏။
“ဘာလဲ၊ သွေးဝတ်စုံဓားနတ်ဘုရားက တကယ်ပဲ နိုင်သွားနိုင်မယ်လို့ ရှင်ထင်နေတာလား”
မိုလီက ရယ်စရာတစ်ခုကို ကြားလိုက်သလိုရယ်မောပြီးမှ။
“တကယ်လို့ သူသာ နိုင်သွားရင် ကျွန်မတကယ်ပဲ သူ့ကို ချစ်မိသွားနိုင်တယ်။ သူနဲ့အတူ တစ်ရက်လောက်တော့ အသည်းကွဲချစ်သူတွေအဖြစ် အတူဖြတ်သန်းကြည့်တာ ကလည်း မဆိုးလောက်ပါဘူး ဟင်း ဟင်း ဟင်း ဟင်း ”
ရှေးဟောင်းမှန်ချပ်ထဲမှ လူရိပ်သည် သူမ၏ နောက်ပြောင်သော စကားများကို မကြားဟန်ပြုကာ ဆက်ပြော၏။
“သူက မဟာအုပ်စိုးရှင်ဝူကျွင်းကို စိန်ခေါ်လိုက်တဲ့သူပဲ။ စိန်ခေါ်တဲ့သူဟာ အောင်နိုင်ဖို့ ယုံကြည်ချက်ရှိတယ်လို့ ငါ အမြဲတမ်း ယုံကြည်တယ်”
သူ၏အမြင်တွင် သွေးဝတ်ရုံစုံဓားနတ်ဘုရားသည် အောင်မြင်မည်ဟု ယုံကြည်ချက်မရှိဘဲ မဟာအုပ်စိုးရှင်ဝူကျွင်းကို စိန်ခေါ်လိမ့်မည် မဟုတ်ပေ။ ထို့အတူပင် ထိုအဆင့်အတန်း၌ရှိသူများသည် သေချာမှုမရှိလျှင်လည်း စိန်ခေါ်မှုကို လက်ခံမည်မဟုတ်ပေ။နှစ်ဖက်လုံးက ပိုင်ပြီထင်၍ တိုက်ခိုက်ကြခြင်းပင်။
မဟာအုပ်စိုးရှင်မိုလီ နှစ်ပေါင်းများစွာ စောင့်ကြပ်လာခဲ့သော နတ်ဘုရားရတနာကို အင်အားကြီးသူများစွာက တိတ်တဆိတ် လိုချင်တပ်မက်နေကြသော်လည်း မည်သူမျှ ပေါ်ပေါ်တင်တင် လာရောက်လုယူခြင်း မပြုရဲသည့် အကြောင်းရင်းမှာလည်း မည်သူကမျှ သူမအား စိန်မခေါ်ရဲသောကြောင့်ပင် ဖြစ်၏။
“တကယ်လို့ ကျွန်မသာ သွေးဝတ်စုံဓားနတ်ဘုရားနဲ့ မဆုံဖူးဘူးဆိုရင် ရှင်ပြောတာကို ယုံမိမှာပဲ။ ဒါပေမဲ့ သူက... သာမန် ကျိုးကြောင်းဆင်ခြင်မှုတွေကို ဆန့်ကျင်တဲ့လူလောက်ပါပဲ၊ သူ့မှာထူးခြားတာဆိုလို့ အရမ်းချောမောနေတဲ့ ရုပ်ရည်လေးပဲရှိတာ ”
ထိုသို့ပြောရင်းမှ မိုလီသည် သွေးဝတ်ရုံစုံဓားနတ်ဘုရားနှင့် တွေ့ဆုံခဲ့ပုံကို ပြန်လည်အမှတ်ရသွား၏။
မဟာအုပ်စိုးရှင်အချင်းချင်း တွေ့ဆုံကြသည့်အခါ သူတို့၏ ပြောဆိုဆက်ဆံပုံများသည် တောင်မြင့်ပေါ်မှ စီးဆင်းသော ရေကဲ့သို့ ချောမွေ့ကာ ယဉ်ကျေးပျူငှါကြ၏။ သို့သော် သူကတော့ ထိုသို့မဟုတ်ပေ။
သူသည် “မင်း ငါ့ကို ဒီလောက်တောင် ချစ်နေမှတော့ ဒီနတ်ဘုရားရတနာကို ငါ့ကိုပဲ ပေးလိုက်ပါလား” ဟု မကြာခဏ ပြောတတ်၏။ သူသည် မိမိကိုယ်ကိုယ် ဆုတ်ခွာရန် လမ်းစပင်မချန်ဘဲ စကားပြောတတ်သူ ပင်။ဆိုရလျှင် ဆင်ခြင်တုံတရားကင်းမဲ့၏။
“ကောင်းပြီလေ၊ စောင့်ကြည့်ကြတာပေါ့”
ရှေးဟောင်းမှန်ထဲမှ ပုံရိပ်က ထိုမျှသာပြောပြီးနောက် ပြန်လည်တိတ်ဆိတ်သွား၏။
မဟာအုပ်စိုးရှင်မိုလီကလည်း ကုတင်ပေါ်တွင် လဲလျောင်းနေရာမှ သဘာဝအတိုင်းထလိုက်ရာ ရောင်စုံဝတ်ရုံများသည် သူမ၏ ကောက်ကြောင်းအလှများပေါ်သို့ အပြည့်အစုံ ဖုံးလွှမ်းသွား၏။ သူမ၏ ပေါ်လွင်နေသော ခြေသလုံးသားများကို ပုစဉ်းတောင်ပံကဲ့သို့ ပါးလွှာသော ခြေအိတ်များဖြင့် ဖုံးအုပ်ထားပြီး ၎င်းအောက်တွင် တက်တူးကဲ့သို့သော အနမ်းအမှတ်အသားများ ရှိနေပုံရသည်။
“ငါ လမ်းစဉ်ရှာဖွေရေးနန်းတော်ကို သွားပြီးတော့ ပွဲကြည့်ရဦးမယ်”
တစ်ချိန်တည်းမှာပင် ဖုန်းထျန်းနယ်မြေ တစ်ခွင်လုံး၌ လမ်းစဉ်ရှာဖွေရေးနန်းတော်အနီးရှိ ယင်နတ်ဘုရားမှန်သမျှသည် ထိုနေရာသို့ အပြေးအလွှား သွားနေကြပြီ ဖြစ်သည်။ သူတို့သည် ကနဦးထိပ်တိုက်တွေ့ဆုံမှုကို လွဲချော်ခဲ့ရသဖြင့် နောင်တရနေကြသော်လည်း ရလဒ်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့နိုင်ရန် အခင်းဖြစ်ပွားရာနေရာသို့ အရောက်သွားရန် စိတ်စောနေကြ၏။
မဟာအုပ်စိုးရှင်များအကြားမှ တိုက်ပွဲတစ်ခုသည် အမှားအယွင်း အနည်းငယ်ကြောင့် အသက်သေဆုံးသည်အထိ အလွယ်တကူ ဖြစ်သွားနိုင်သည်။ ထို့ကြောင့် နှစ်ပေါင်းထောင်ချီအတွင်း မမြင်တွေ့ခဲ့ရဖူးသော မဟာအုပ်စိုးရှင်များ၏ အသေအကြေတိုက်ပွဲမျိုးကို မြင်တွေ့လိုကြသည်မှာ သဘာဝပင် ဖြစ်၏။
မကြာမီပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများသည် လမ်းစဉ်ရှာဖွေရေးနန်းတော်သို့ ရောက်ရှိလာ၏။
စုစုပေါင်း ယင်နတ်ဘုရား ခြောက်ပါး ဆင်းသက်လာကြသည်။ ထိုယင်နတ်ဘုရားများကို မဟာအုပ်စိုးရှင်မိုလီနှင့် ဒဏ်ရာခုနစ်ချက်အကြီးအကဲတို့က ဦးဆောင်လာကြ၏။
ယင်နတ်ဘုရားခြောက်ပါး တစ်ပြိုင်နက် ရောက်ရှိလာမှုကြောင့် လမ်းစဉ်ရှာဖွေရေးနန်းတော်မှ ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူများသည် တဖန်ပြန်၍ ကြောက်ရွံ့တုန်လှုပ်သွားရပြန်သည်။ သူတို့တစ်သက်တွင် ဤမျှများပြားသော ယင်နတ်ဘုရားများကို တစ်နေရာတည်း၌ တစ်ခါမျှ မမြင်ဖူးကြပေ။
“ဒီနတ်ဘုရားတိုက်ပွဲက ရုတ်တရက်ကြီး ဖြစ်သွားတာ နှမြောစရာပဲ။ ငါတို့ တိုက်ရိုက်မြင်တွေ့ခွင့် လွဲသွားတယ်”
သားရဲနယ်မြေမှ မဟာအုပ်စိုးရှင်တစ်ပါးဖြစ်သော ဒဏ်ရာခုနစ်ချက် အကြီးအကဲက နှမြောတသစွာ ပြောလိုက်သည်။ သူ၏ မူလအစစ်အမှန်မှာ မိစ္ဆာသားရဲတစ်ကောင် ဖြစ်သော်လည်း မည်သည့်အမျိုးအစားဖြစ်သည်ကိုမူ မည်သူမျှ မသိကြပေ။ ယခုအခါမှာတော့သူသည် ဖုန်းထျန်းနယ်မြေတွင် လူသားအသွင်ဖြင့် နေထိုင်လျက်ရှိ၏။
ဒဏ်ရာခုနှစ်ချက်အကြီးအကဲက မဟာအုပ်စိုးရှင်မိုလီ၏ ဘေးတွင် ရပ်နေရင်း ဖော်ရွေစွာ ရယ်မောလိုက်သည်။ မိုလီကလည်း အားလုံးကို သူမ၏ဆွဲဆောင်မှုရှိသောမျက်ဝန်းလှလှလေးများဖြင့် တစ်ချက်ဝေ့ကြည့်ပြီးမှ စကားစ၏။
“အဲ့ဒီ စိတ်ဝင်စားဖို့ကောင်းတဲ့ လူနဲ့ နောက်တစ်ခါ ထပ်တွေ့ရဦးမလားလို့ ငါတွေးနေမိတယ်”
သူမ ဆိုလိုသည်မှာ သွေးဝတ်စုံဓားနတ်ဘုရားကို ဆိုလိုခြင်း ဖြစ်၏။ မဟာအုပ်စိုးရှင်များ ထိပ်တိုက်တွေ့သည့်အခါ တစ်ပါး ကတော့ သေဆုံးသွားနိုင်ခြေ အလွန်များသည်။အင်အားအဆင့်အတန်းအရဆိုလျှင် ဝူကျွင်းထက် သွေးဝတ်စုံဓားနတ်ဘုရားက ပိုနိမ့်ကျနေသဖြင့် ရှင်သန်ရန် ရာခိုင်နှုန်းအလွန်နည်းလှသည်။
လီယာရှန်းနှင့် သူမ၏ မြေးမလေးတို့မှာ စကားမပြောရဲကြဘဲ ချောင်တစ်နေရာတွင် စိုးရိမ်တကြီးဖြင့် ကုပ်ကုပ်လေး ရပ်နေကြ၏။
ယနေ့ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် အလွန်ထူးဆန်းပြီး အံ့သြဖွယ် ကောင်းလှသဖြင့် သူတို့သည် အိမ်မက်မက်နေသကဲ့သို့ ခံစားနေရဆဲရှိသည်။ မဟာအုပ်စိုးရှင်မိုလီ၏ စကားကို ကြားရသောအခါ သူတို့၏ မျက်နှာများ လူသေများအလား ဖြူလျော်သွားကြ၏။
အကယ်၍ သွေးဝတ်စုံဓားနတ်ဘုရားသာ ကျဆုံးသွားခဲ့လျှင် သူတို့ ဘာဆက်လုပ်ကြမည်နည်း။ သူတို့၏ စိတ်နှလုံးများ ဂယက်ထနေသော်လည်း ရောက်လာကြသော မည်သည့်ကျင့်ကြံသူကမျှ သူတို့ကို အာရုံမစိုက်ကြပေ။
ထိုအချိန်တွင် ဟင်းလင်းပြင်နယ်မြေအတွင်း၌...။
ကြယ်တစ်လုံးကဲ့သို့ ကြီးမားပြီး သန့်စင်သောသတ္တုစွမ်းအင်များ ပြည့်နှက်နေသည့် နတ်ဘုရားနယ်ပယ်ကြီးတစ်ခု ပျံ့နှံ့နေ၏။
ကျိယွမ်သည် တည်ငြိမ်သော မျက်လုံးများဖြင့် မဟာအုပ်စိုးရှင်ဝူကျွင်းကို ကြည့်ကာ စကားဆိုသည်။
“အခုတော့ ခင်ဗျားမြင်ပြီမလား... ခင်ဗျားရဲ့ နတ်ဘုရားနယ်ပယ်က ဘယ်လောက်တောင် သေးငယ်သလဲဆိုတာကို”
ဝူကျွင်းသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်၏။ ထိုကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်က သူ၏ နတ်ဘုရားနယ်ပယ်ကို ထုတ်ဖော်လိုက်ပြီးနောက် ဝူကျွင်း၏ ကိုယ်ပိုင်နယ်ပယ်သည် ခဏချင်းပင် ပြိုလဲသွားခဲ့ရသည်။ နှစ်ဦးစလုံးမှာ သတ္တုဓာတ်စွမ်းအင်ချင်း တူညီကြသော်လည်း သူနှင့် သူ၏ရှေ့မှ ကြောက်မက်ဖွယ် ပုံရိပ်ကြားရှိ ကွာဟချက်မှာ အလွန်ပင် ကြီးမားလှ၏။
ဤကမ္ဘာပေါ်တွင် ဤမျှ ကျယ်ပြောသော နတ်ဘုရားနယ်ပယ်မျိုး မည်သို့ရှိနိုင်မည်နည်းဟု သူအကြိမ်ကြိမ်တွေးမိနေသည်။
“ဒါ ဒါက တကယ်ပဲ ဘာကြီးလဲ”
မဟာအုပ်စိုးရှင်ဝူကျွင်းသည် အလွန်ထိတ်လန့်နေသဖြင့် တည်ငြိမ်မှု မရှိနိုင်တော့ပေ။ သူ၏ အစောပိုင်းက ဂုဏ်ယူဝံ့ကြွားမှုနှင့် တိုက်ခိုက်လိုစိတ်များသည် မဟာသတ္တုဂုဏ်ရည်ရှင် မြင့်မြတ်သော ထိုက်ပိုင်ထိုက်ဟောင်ကြယ်သခင် ဟူသောစိတ်ဝိညာဥ်ပေါ်လာခြင်းနှင့်အတူ ရစရာမရှိအောင် ပျက်စီးသွားခဲ့ပြီ ဖြစ်၏။
“ခင်ဗျား မျက်စိကန်းနေလို့လား”
ကျိယွမ်က မဟာအုပ်စိုးရှင် ဝူကျွင်းကို ကြည့်ကာ လှောင်ပြောင်လိုက်သည်။
“ဒါက ကျုပ်ရဲ့ စိတ်ဝိညာဥ်လေ။ ဒါလေးတောင် မသိဘူးလား”
ကျိယွမ်သည် အမှန်အတိုင်း ပြောလိုက်ခြင်း ဖြစ်ပြီး ဂုဏ်ယူနေသော အရိပ်အယောင်များက သူ၏မျက်နှာတွင် ပေါ်လာ၏။သူ၏စိတ်ဝိညာဥ်ကို သာမန်ကျင့်ကြံသူများကိုသာ ကြွားဝါရသေးသည် ။ ယခုအခါမှာတော့ မဟာအုပ်စိုးရှင်ကြီးကိုပင် ကြွားဝါနိုင်ခဲ့လေပြီ။
မဟာအုပ်စိုးရှင်ဝူကျွင်းမှာတော့ စကားပင် ပြန်မပြောနိုင်တော့ပါ။
တိုက်ပွဲအစပိုင်းတွင် သွေးဝတ်စုံ ဓားနတ်ဘုရားသည် သူ၏စိတ်ဝိညာဥ်ကို ခေါ်ယူခဲ့သည်မှာ အမှန်ပင်။ သို့သော် ထိုစိတ်ဝိညာဥ်က “အရှင့်ရဲ့ အမိန့်အတိုင်းပါပဲ” ဟု ပြောလိုက်ပြီးနောက် ခန့်ညားထည်ဝါလှသော... ဒဏ္ဍာရီလာ ပုံရိပ်ကြီးတစ်ခုအဖြစ် ရုတ်တရက် ပြောင်းလဲသွားခဲ့မည်ဟု မည်သူက ထင်ထားမည်နည်း။ထိုအရာမျိုး တစ်ခါမှမကြားဖူးပေ။
ပို၍မကြားဖူးသည်မှာ သူ၏ရှေ့မှ ဒဏ္ဍာရီလာ ပုံရိပ်သည် အလွန်ပင်ထူးခြားနေပြီး သူဖန်တီးလိုက်သော နတ်ဘုရားနယ်ပယ်မှာလည်း ကန်းလန်နယ်မြေကြီးတစ်ခုလုံးထက်ပင် ကြီးမားကျယ်ပြန်နေခြင်းပင်။
ဝူကျင်း၏ အသိဉာဏ်ထဲမှ ယုတ္တိဆိုသောတရားမှာ ပျောက်ကွယ်သွားခဲ့လေပြီ ။
“သွေးဝတ်စုံဓားနတ်ဘုရား... မင်း ...မင်းက နောက်ပြောင်နေတာပဲဖြစ်ရမယ်”
မဟာအုပ်စိုးရှင် ဝူကျွင်းသည် ခေါင်းငုံ့သွားတော့သည်။ သူ၏ စိတ်ထဲတွင်လည်း ခံစားချက်မျိုးစုံ ရောပြွမ်းနေ၏။
ယခုဖြစ်ရပ်မှာ ကန်းလန်လောက၏ အထွတ်အထိပ်တွင် ရှိနေသော ဒဏ္ဍာရီလာ ပုံရိပ်တစ်ခုက သူ့ကို လာရောက်စိန်ခေါ်နေခြင်း ဖြစ်၏။
စတုတ္ထအဆင့်သို့ အခုမှ တက်လှမ်းနိုင်သေးသော မဟာအုပ်စိုးရှင်အသစ်တစ်ယောက်ကို အနိုင်ကျင့်နေခြင်းမှာ မည်သို့တရားမျှတမှု ရှိသနည်း။
ဒါသပ်သပ် အနိုင်ကျင့်တာပဲ ။
“ငါ ဒီတိုက်ပွဲကို အရှုံးပေးပါတယ်”
မဟာအုပ်စိုးရှင်ဝူကျွင်းသည် ခေါင်းငုံ့ကာ တိုက်ရိုက်ပင် အရှုံးကို ဝန်ခံလိုက်၏။
ဘယ်လို ဆက်တိုက်ရတော့မှာလဲ ၊ သူ့နယ်ပယ်ထဲက အပိုင်းလေးတစ်ခု လာမှန်ရင်တောင် သေမှာကို။
အင်အားချင်းကွာခြားချက်မှာ အလွန်ပင် ကြီးမားလှသဖြင့် အရှုံးပေးခြင်းသည်သာ တစ်ခုတည်းသော ရွေးချယ်စရာရှိတော့၏။
အံ့သြခြင်း ထိတ်လန့်ခြင်း မယုံနိုင်ခြင်း နောင်တရခြင်း ကြောက်ရွံ့ခြင်း စသည့်ခံစားချက်ပေါင်းစုံတို့၏ မွှေနှောက်မှုကြောင့် အလွန်စိတ်ဖိစီးနေပြီလည်း ဖြစ်သည်။
ယခုအချိန်တွင် သူသည် ကျိယွမ်ကို “မင်းက ဒဏ္ဍာရီလာ ပုံရိပ်တစ်ခုဆိုရင်လည်း အဲ့ဒီအတိုင်း ပြောလိုက်ပါလား။ ဘာလို့ ငါ့ကို လာစိန်ခေါ်နေသေးတာလဲ” ဟုသာ အော်ဟစ်ပြောလိုက်ချင်၏။
“အရှုံးပေးတယ် ဟုတ်လား”
ကျိယွမ်၏ မျက်လုံးများ တောက်ပသွားသည်။
“ဒါဆို ခင်ဗျားရဲ့ ကျင့်စဉ်တွေကို အကုန်ပေးတော့”
တိုက်ပွဲမစတင်မီက သူတို့ လောင်းကြေးထပ်ခဲ့ကြ၏။ ကျိယွမ် နိုင်လျှင် ဝူကျွင်း ကျင့်ကြံထားသော ကျင့်စဉ်အားလုံးကို ရမည် ဖြစ်၏။ ကျိယွမ် ရှုံးလျှင်မူ သူသည် ဖုန်းနန်းတော်သခင်မ မိုလီနှင့် ဝေးဝေးနေရမည်ဖြစ်ပြီး နတ်ဘုရားရတနာကိုလည်း ဘယ်တော့မှ ထိတွေ့ခွင့်ရမည် မဟုတ်ပေ။
မဟာအုပ်စိုးရှင်ဝူကျွင်းသည် တွန့်ဆုတ်မနေရဲဘဲ ကျိယွမ်ထံသို့ ကျောက်စိမ်းပြားတစ်ခု ကမ်းပေးလိုက်၏။
သူက ရိုသေစွာဖြင့် ဆို၏။
“ဒါတွေက ငါကျင့်ကြံခဲ့သမျှ ကျင့်စဉ်တွေ အားလုံးပါပဲ”
သူ၏ နှလုံးသားထဲတွင်မူ ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်နေပြီး ယနေ့ ဖြစ်ရပ်များသည် အိမ်မက်တစ်ခုကဲ့သို့ခံစားရကာ ယုံရခက်နေဆဲပင်။
“ဒါတွေ ပြီးသွားပြီဆိုရင်တော့ ပြန်ကြတာပေါ့။ ကျုပ် အလျင်လိုနေတယ်၊ တခြား အရေးကြီးတဲ့ ကိစ္စတွေလည်း ရှိသေးတယ်”
ကျိယွမ်က ဤနေရာတွင် အချိန်မဖြုန်းလိုသဖြင့် တည်ငြိမ်စွာ ပြောလိုက်၏။
“ကောင်းပါပြီ”
ဝူကျွင်းက ချက်ချင်း သဘောတူလိုက်ရာ ချက်ချင်းပင် ပုံရိပ်နှစ်ခုသည် ဟင်းလင်းပြင်နယ်မြေမှ ပျောက်ကွယ်သွားကြသည်။
သူတို့ထွက်သွားပြီးနောက် အသက်ရှူကြိမ် ၁၀ ခန့် ကြာပြီးနောက် သံချေးတက်နေသော စက်ရုပ်ငှက်တစ်ကောင်သည် ထိုဟင်းလင်းပြင်နယ်မြေတွင် ရုတ်တရက်ပေါ်လာ၏။ ထိုစက်ရုပ်ငှက်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ သံဖြင့် သွန်းလုပ်ထားပုံရပြီး သက်တမ်းရင့်လှသဖြင့် သံချေးများပင် အထပ်ထပ်တက်နေသည်။
၎င်းတွင် ကောင်းမွန်သော မျက်လုံးတစ်လုံးသာ ပါရှိပြီး ကျန်တစ်လုံးမှာ ပျက်စီးနေ၏။
ထိုအချိန်တွင် စက်ရုပ်အသံတစ်ခု ထွက်ပေါ်လာ၏။
“ပစ်မှတ် - သွေးဝတ်ရုံစုံဓားနတ်ဘုရား။ လျှို့ဝှက်လက်နက် - မသိရသေးသော ဒဏ္ဍာရီလာ ပုံရိပ်။ ထိုဒဏ္ဍာရီလာ ပုံရိပ်၏ အခြေအနေမှာ ထူးခြားပြီး ကောင်းကင်ဘုံတက်လှမ်းခြင်း ဆဋ္ဌမအဆင့်၏ အထွတ်အထိပ်အထိ အစွမ်းရှိသည်ဟု သံသယရှိရသည်။”
သံချေးတက်နေသော စက်ရုပ်ငှက်သည် သတင်းအချက်အလက်များကို စုဆောင်းကာ လေ့မိသားစုမှ စစ်သူကြီးလေးဦးထံသို့ ပေးပို့လိုက်၏။
လမ်းစဉ်ရှာဖွေရေးနန်းတော်ထက်တွင် ဟင်းလင်းပြင်လှိုင်းတွန့်တစ်ခု ရုတ်တရက် ပေါ်လာ၏။
"ပြီးသွားပြီ.."
နန်းတော်သို့ရောက်ရှိနေသော ယင်နတ်ဘုရားအားလုံးသည် သိချင်စိတ်ပြင်းထန်သော မျက်လုံးများဖြင့် ထိုနေရာကိုမလွတ်တန်းကြည့်လိုက်ကြသည် ။
မည်သူ ထွက်လာမည်နည်း။
မည်သူထွက်လာနိုင်မည်နည်းဟူသည်ကို သူတို့အလွန်သိချင်နေကြလေပြီ။
သို့သော် ဟင်းလင်းပြင်ထဲမှ မည်သူမျှ ထွက်မလာမီမှာပင် အသံတစ်ခုသည် ယင်နတ်ဘုရားအားလုံး၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွား၏။
“ဒီမှာ ယင်နတ်ဘုရားတွေ အများကြီးပါလား။ ဒီနေ့ ဘာထူးခြားလို့လဲ။ ပွဲတော်တစ်ခုခုရှိလို့လား။ စားသောက်ပွဲ လုပ်ကြမလို့ ထင်တယ်”
အသံနှင့်အတူ သွေးနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ကျိယွမ်သည် ဟင်းလင်းပြင်ကိုခွဲကာ အေးအေးလူလူ ပေါ်ထွက်လာသည်။ အားလုံးအံ့သြမလိုဖြစ်သွားစဥ်မှာပင် သူ၏နောက်မှ သွေးရောင်ဝတ်စုံကိုပင် ဝတ်ဆင်ထားသော မဟာအုပ်စိုးရှင်ဝူကျွင်းလည်း ထပ်ပေါ်လာ၏။ထူးခြားသည်မှာ သူသည် ကျိယွမ်၏နောက်တွင် လက်အောက်ခံတစ်ဦးကဲ့သို့ ရပ်နေခြင်းပင်။
ဤမြင်ကွင်းသည် ရှိရှိသမျှသော ယင်နတ်ဘုရားအားလုံးကို မှင်တက်သွားစေ၏။
မဟာအုပ်စိုးရှင်ဝူကျွင်း၏ အမူအရာနှင့် တုံ့ပြန်မှုများက တိုက်ပွဲ၏ ရလဒ်ကို ဖော်ပြနေပြီ မဟုတ်ပါလား။
သူ... ရှုံးသွားပြီ..
လမ်းစဉ်ရှာဖွေရေးနန်းတော်မှ ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူများသည် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်နေကြ၏။
နယ်မြေသုံးခုကို အုပ်ချုပ်သူ မဟာအရှင်အုပ်စိုးရှင်ကြီးဝူကျွင်းသည် သွေးဝတ်စုံဓားနတ်ဘုရားကို တကယ်ပဲ ရှုံးသွားခဲ့သည်။
သူတို့သည် မြင်နေရရုံဖြင့် ရလဒ်ကို လက်မခံနိုင်ကြဘဲ နန်းတော်သခင်ဝူကျွင်းထံမှ နှုတ်ထွက်စကားကို မျှော်လင့်တကြီး စောင့်စားနေမိကြ၏။
“ငါ... ရှုံးသွားပြီ”
မဟာအုပ်စိုးရှင်ဝူကျွင်းက တွန့်ဆုတ်မနေဘဲ ဝန်ခံလိုက်သည်။
ထိုစကားကို ကြားရသောအခါ ယင်နတ်ဘုရားများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး ကျိယွမ်ကို ကြည့်သော အကြည့်များလည်း သ်သိသာသာပြောင်းလဲသွားကြ၏။
အထူးသဖြင့် မဟာအုပ်စိုးရှင်မိုလီနှင့် ဒဏ်ရာခုနစ်ချက်အကြီးအကဲတို့ ဖြစ်သည်။
အစောပိုင်းက သွေးဝတ်ရုံစုံဓားနတ်ဘုရားကို အစွမ်းအစရှိသော မျိုးဆက်သစ်တစ်ဦးအဖြစ် ရှုမြင်ခဲ့ကြသော်လည်း ယခုအခါတွင်မူ သူတို့နှင့် အဆင့်တူသူတစ်ဦးအဖြစ် ဆက်ဆံရပေတော့မည်။
“သွေးဝတ်စုံဓားနတ်ဘုရားရဲ့ စွမ်းရည်တွေက တကယ့်ကို အံ့မခန်းပါပဲ။ ငါ တကယ်ကို အထင်ကြီးမိတယ်”
ဒဏ်ရာခုနစ်ချက်အကြီးအကဲက ကျိယွမ်ကို ရိုသေစွာ ပြောလိုက်၏။
မိုလီကမူ ကျိယွမ်ကို မျက်စိတစ်ဖက် မှိတ်ပြကာ ညုတုတုဖြင့် တိုးညင်းစွာမေးသည်။
“ရှင် ဘယ်တော့ ဖုန်နန်းတော်ကို လာပြီး ကျွန်မနဲ့အတူ လမ်းစဉ်အကြောင်း ဆွေးနွေးမှာလဲ”
အခြားသော ယင်နတ်ဘုရားများကလည်း မိမိကိုယ်ကိုယ် မိတ်ဆက်လ်ုက်ကြပြီး ကျိယွမ်၏ အောင်ပွဲအတွက် ဂုဏ်ပြုကြ၏။
ဝူကျွင်းမှာမူ ကျိယွမ်၏ နောက်တွင် တိတ်ဆိတ်စွာ ရပ်နေပြီး မည်သည့်အမူအယာမှမပြပါ။
ကျိယွမ်သည် ဒဏ်ရာခုနစ်ချက် အကြီးအကဲနှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် မိုလီဘက်သို့ လှည့်ကြည့်လိုက်၏။
“မင်း ငါ့ကို မချစ်ဘူးလား။ ဒီနေ့ ငါက မဟာအုပ်စိုးရှင် ဝူကျွင်းကို အနိုင်ယူခဲ့တာလေ။ ငါက တကယ့်ကို အထင်ကြီးဖို့ကောင်းပြီး ယောင်္ကျားပီသတဲ့ အရှိန်အဝါတွေနဲ့ ပြည့်နေတယ်လို့ မထင်ဘူးပေါ့”
ကျိယွမ်က ပြောရင်း သူ၏ လက်မောင်းကို မြှောက်ပြလိုက်၏။ ကံမကောင်းစွာပင် ကျင့်ကြံသူတစ်ဦးအနေဖြင့် သူသည် ချွေးမထွက်တော့သဖြင့် မည်သည့်အနံ့အသက်မျှ မရှိပေ။
သွေးနဲ့ချွေးနဲ့ကြိုးစားပြီး ယောက်ျားပီသမှုကို ပြမလို့ကို။
မိူလီ၏ မျက်လုံးများအနည်းငယ် မှေးသွားပြီး မကောင်းသောအငွေ့အသက်တစ်ခုကို ခံစားလိုက်ရသလို ခံစားရ၏။ သူမ ထင်သည့်အတိုင်းပင် ကျိယွမ်ကတော့ အရှိန်ရကာ တစ်ဘီးတည်းဆက်လိမ့်နေသည်။
“မင်း အခုဆိုရင် ငါ့ကို ပိုပြီးတောင် ချစ်သွားလောက်ပြီ မဟုတ်လား။ ဒီအခွင့်အရေးကို သုံးပြီး ငါ့ကို ရင်ဖွင့်သင့်တာပေါ့။ တကယ်လို့ မင်းက နတ်ဘုရားရတနာကို ငါ့ကို လက်ဆောင်ပေးမယ်ဆိုရင် ငါက မင်းရဲ့ ချစ်သူအဖြစ် တစ်ရက်လောက်တော့ စိတ်မပါတပါနဲ့ သဘောတူပေးနိုင်ပါတယ်”
ကျိယွမ်၏ စကားကို ကြားသောအခါ ယင်နတ်ဘုရားများပင် မရယ်ဘဲ မနေနိုင်ကြတော့ပေ။
သွေးဝတ်စုံဓားနတ်ဘုရားသည် သတင်းကြီးသည့်အတိုင်းပင် တကယ့်လူထူးလူဆန်းတစ်ယောက်ပင်။
မိုလီ၏မခို့တရို့အပြုံးသည် အေးခဲသွားပြီး သူမက စိတ်မသက်မသာဖြင့် ပြန်ပြော၏။
“ရှင်က... နည်းနည်းတော့ ဆန္ဒစောနေတာမဟုတ်လား။ ကျွန်မကို ရှက်အောင် လုပ်နေတာပဲ”
ကျိယွမ်က ခေါင်းယမ်းသည်။
“ငါလို အရည်အချင်းရှိတဲ့ ယောင်္ကျားမျိုးက အိမ်ထောင်ဖက် ရှာဖွေရေး ဈေးကွက်မှာ အရမ်းကို လိုချင်နေကြတာ။ မင်းသာ မြန်မြန် မလုပ်ရင် ငါနဲ့ ဒီလောက်နီးကပ်ဖို့ နောက်တစ်ခါ အခွင့်အရေး ရတော့မှာ မဟုတ်ဘူး”
သူက အတည်ပေါက်နှင့် ပြောလိုက်၏။ ယခုအချိန်အထိ မဟာအုပ်စိုးရှင်မိုလီမှာ စိတ်ဝင်စားစရာ နည်းနည်းကောင်းသည်ဟု သူထင်နေ၏။ သို့သော် နောက်ထပ် ဂိမ်းအနည်းငယ်လောက် ကစားပြီးသွားလျှင် သူသည် မဟာအုပ်စိုးရှင်မိုလီပင် လက်လှမ်းမမီနိုင်သော သူတစ်ယောက် ဖြစ်လာနိုင်သည် မဟုတ်ပါလား။သူမသည် အမှန်တရားကို မြင်ပုံမရချေ။
ငါက အခုမှာ ဌာနခေါင်းဆောင်လေးအဆင့်လေးရှိသေးပေမဲ့ တစ်နေ့ကြရင် CEO ဖြစ်မှာကို သူမသိရှာဘူး။
မိုလီသည် ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သော်လည်း မည်သည့်အဖြေမှ မပေးခဲ့ပေ။
ကျိယွမ်ကလည်း ပုခုံးတွန့်လိုက်ပြီး ထိုကိစ္စကို ဆက်လက်ပြောဆိုရန် စိတ်ပါဝင်စားမှု မရှိတော့ပါ။
သူကလည်း ရတနာကို အလွယ်ရမလားဟု တီးခေါက်ကြည့်ခြင်းသာဖြစ်သည်။မရတော့လည်း အရှုံးမရှိပါ။
ထို့နောက် သူသည် ရုတ်တရက်ဆိုသလို သူ့ကို အစောပိုင်းက ဝိုင်းရံခဲ့သော ခရမ်းရောင်နန်းတော်ကျင့်ကြံသူများဘက်သို့ လှည့်ကြည့်လိုက်၏။
သူသည် ဝူကျွင်းကို အမိန့်ပေးသော လေသံဖြင့် မေးသည်။
“ကျုပ်က စိန်ခေါ်ပွဲမှာ ခင်ဗျားကို နိုင်ခဲ့ပြီဆိုတော့ အခု ဒီအဖိုးကြီးတွေကို စိန်ခေါ်ရမယ့် အချိန်ရောက်ပြီ မဟုတ်လား”
သူက ကုပ်ချောင်းချာင်းလုပ်နေသော အဘိုးကြီးများကို တိုက်ခိုက်လိုစိတ် ပြင်းပြစွာကြည့်လိုက်၏။ လွန်ခဲ့သော တစ်လခန့်ကဆိုလျှင် ထိုအဘိုးကြီးများသည် သူ၏ စိတ်နှလုံးထဲမှ အဖိုးတန် မျှော်လင့်ခြင်းလမင်းကြီးများ ဖြစ်ခဲ့ကြသော်လည်း ယခုအခါတွင်မူ သူတို့မှာ သက်တမ်းကုန်ဆုံးနေပြီ ဖြစ်သဖြင့် ဆွဲဆောင်မှု မရှိတော့ပေ။
ကျိယွမ်၏ စကားကြောင့် အဘိုးကြီးများ နေစရာမရှိအောင် ကြောက်ရွံ့သွားကြပြီး နံဘေးတွင်ရပ်နေသော ယင်နတ်ဘုရားများ ကတော့ ဇဝေဇဝါ ဖြစ်သွားကြ၏။
အဘိုးကြီးများက တစ်ဦးနှင့်တစ်ဦး ဘယ်လိုလုပ်ကြမလဲ ၊ ငါလည်းမပြောတတ်ဘူးဟူသော အကြည့်များဖြင့် စိတ်အားငယ်စွာ ကြည့်လိုက်ကြသည်။
သူက ခုထိ အတည်ကြီးပြောနေတုန်းလား။
မဟာအုပ်စိုးရှင်တစ်ပါးကို အနိုင်ယူပြီးမှ ခရမ်းရောင်နန်းတော်အဆင့်လေးတွေကို ထပ်ပြီး စိန်ခေါ်ဦးမလို့တဲ့။
သို့သော် ကံမကောင်းစွာပင် သူတို့သည့် ကြောက်ရွံ့တုန်လှုပ်နေကြရုံသာရှိပြီး ကျိယွမ်ကို ပြန်လည်ပြောဆိုရန် မဝံ့ရဲကြပေ။
ဒီသွေးဝတ်စုံဓားနတ်ဘုရားက ငါတို့လို သင်္ချိုင်းကုန်းခြေလှမ်းနေတဲ့ အဘိုးကြီးတွေကို အနိုင်ကျင့်ရက်တယ် ..။
မဟာအုပ်စိုးရှင်ဝူကျွင်းသည်လည်း စိတ်ပျက်နေပြီး ကျိယွမ်၏ တွေးခေါ်ပုံကို နားမလည်နိုင် ဖြစ်နေ၏။ ထိုသူက ဤမျှလက်ပေါက်ကပ်လိမ့်မည်ဟု သူမထင်ထားမိပါ ။
သူက ကြံရာမရသည့်အဆုံး လေးနက်စွာဖြင့် တောင်းဆိုလိုက်သည်။
“လမ်းစဉ်ရှာဖွေရေးနန်းတော်ရဲ့ ခရမ်းရောင်နန်းတော်ကျင့်ကြံသူတွေ ကိုယ်စား... ငါက အရှုံးပေးပါတယ်”
“ဝူကျွင်း၊ ခင်ဗျားက ဘယ်လိုလုပ်ပြီး လမ်းစဉ်ရှာဖွေရေးနန်းတော်ရဲ့ ခရမ်းရောင်နန်းတော်ကျင့်ကြံသူတွေ ကိုယ်စား ဒီလိုပြောနိုင်ရတာလဲ။ သူတို့က သူတို့ရဲ့ သဘောထားကိုတောင် မဖော်ပြရသေးဘူး၊ ခင်ဗျားက သူတို့ကိုယ်စား ပြောနေပြီ။ တကယ်လို့ သူတို့က အရှုံးမပေးချင်ဘဲ ငါနဲ့ ဂုဏ်သိက္ခာရှိရှိ တိုက်ချင်နေရင် ဘယ်လိုလုပ်မလဲ"
ကျိယွမ်က မျက်နှာငယ်လေးများဖြင့် ကုပ်နေသော အဘိုးကြီးများကို ဇဝေဇဝါ အမူအရာဖြင့် ကြည့်လိုက်၏။
“ခင်ဗျားတို့ထဲမှာ ကျုပ်ရဲ့ စိန်ခေါ်မှုကို လက်ခံရဲတဲ့သူ ရှိလား”
ဝူကျွင်းမှာ စကားပင် မပြောနိုင်တော့ပေ။
အဘိုးကြီးများသည် တုန်ယင်နေကြပြီး ခေါင်းငုံ့ကာ ရပ်နေကြ၏။သူတို့ရင်ထဲတွင် ပြောချင်နေသော်လည်း မည်သည့်စကားသံမှတော့ ထွက်မလာပါ။
ထိုအချိန်တွင် အဘိုးကြီးများထဲမှ လေလွင့်တာအိုသည် ရုတ်တရက် ရှေ့သို့ တိုးထွက်လာပြီး ရိုသေမှုကြောင့် တုန်ရီနေသော အသံဖြင့် ပြောလိုက်၏။
“သွေးဝတ်စုံဓားနတ်ဘုရား၊ ဒီမျိုးဆက်သစ်က အရှုံးပေးပါတယ်၊ ပြီးတော့ ကျွန်တော့်ရဲ့ ကျင့်စဉ်တွေကိုလည်း စီနီယာဆီကို ဆက်သဖို့ အသင့်ပါပဲခင်ဗျာ”
ထိုမြင်ကွင်းကို မြင်သောအခါ အခြားသောအဘိုးကြီးများကလည်း အလျင်အမြန် လိုက်လုပ်ကြတော့သည်။
“ကျွန်တော်တို့မျိုးဆက်သစ် အားလုံးကလည်း အရှုံးပေးပါတယ်၊ ပြီးတော့ ကျွန်တော်တို့ရဲ့ ကျင့်စဉ်တွေကိုလည်း စီနီယာဆီ ဆက်သပါ့မယ်”
ခရမ်းရောင်နန်းတော်အဆင့် အဘိုးကြီးပေါင်းများစွာက တစ်ပြိုင်နက်တည်း အရှုံးပေးလိုက်ကြပြီး သူတို့၏ အမူအရာများသည် အလွန်ပင် ရိုသေကိုင်းရှိုင်းနေကြ၏။
စိန်ခေါ်မှုကို လက်ခံရန်လား။
မဖြစ်နိုင်ပါ ၊ အသက်ပေါင်း တစ်ထောင်ရှိလျှင်ပင် သူတို့ မလုပ်ရဲကြပေ။
ထို့ကြောင့် အရှုံးပေးကာ ကျင့်စဉ်နည်းစနစ်များကို ပေးအပ်ခြင်းသည်သာ သူတို့ လုပ်နိုင်သမျှ အကောင်းဆုံး ဖြစ်၏။
ကျိယွမ်သည် သဘောကျစွာ ပြုံးလိုက်ပြီး သူ၏နောက်မှ ဝူကျွင်းကို ကြည့်လိုက်သည်။
“မြင်ပြီလား။ ဒါကမှ လူအများရဲ့ သဘောထားပဲ။ သူတို့က ငါ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ ပုဂ္ဂိုလ်ရေးစရိုက်တွေကြောင့် ဘာဖိအားမှပေးစရာမလိုဘဲ စိတ်လှုပ်ရှားပြီးတော့ လိုလိုလားလားနဲ့ အရှုံးပေးကြတာ”
ဝူကျွင်းသာမက အခြားသူများပင် စကားမဲ့သွားကြကုန်၏။
ဘာဖိအားမှ မပေးဘူးတဲ့လား။
မမြင်ချင်ယောင်ဆောင်နေကြ ၊ မဟုတ်ရင် သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ ပုဂ္ဂိုလ်ရေးစရိုက်ကြီးက ငါ့တို့ဘက်လှည့်လာလိမ့်မယ်။
ကျိယွမ်သည် အလွန်ကျေနပ်အားရစွာ ပြုံးနေ၏။
"အင်း...လမ်းစဉ်ကို ရရှိထားသူဟာ ထောက်ခံသူ များပြားပြီး လမ်းစဉ်နဲ့ ဝေးကွာသူဟာ ထောက်ခံသူ နည်းပါးတယ်ဆိုတာ ဒါကို ပြောတာ ဖြစ်ရမယ်”
မဟာအုပ်စိုးရှင်ဝူကျွင်းမှာ မဲ့မလိုဖြစ်သွားသော မျက်နှာကိုအချိန်မီပြန်ထိန်းလိုက်ရသည်။
ထောက်ခံသူများတာတဲ့လား ၊ ကြောက်တဲ့သူများတာလို့ ပြောရမှာလေ။
“ခင်ဗျားတို့ရဲ့ အရှုံးပေးမှုနဲ့ လက်ဆောင်နည်းစနစ်တွေကို ကျုပ်လက်ခံလိုက်မယ်။ ဒီလောက်ကြီး စိတ်အားထက်သန်နေစရာ မလိုပါဘူး၊ ငါတောင် အားနာလာပြီ”
ကျိယွမ်က ကျင့်စဉ်များကို လက်ခံရင်း ကျေနပ်စွာ ပြောလိုက်၏။
အလင်းနန်းတော်က လူအိုကြီးတွေသာ ဒီလောက်အထိ အလိုက်သိခဲ့ရင် ကောင်းမှာပဲ။ တကယ်လို့ သူတို့သာ အလိုက်သိသိနဲ့ နည်းစနစ်တွေကို ပေးခဲ့ရင် အရိုးတောင် မကျန်အောင် နေပူဆာလှုံခိုင်းမှာ မဟုတ်ဘူး။
နှမြောစရာ...။
သို့သော် တစ်ခုခုကို သတိရသွားဟန်ဖြင့် ကျိယွမ်က ဆက်ပြော၏။
“ဒါနဲ့ နန်းတော်မှာ ခရမ်းရောင်နန်းတော်အဆင့်က ဒီလောက်မကဘူးမှတ်လား ၊ ကျန်နေသေးတဲ့ သူတွေကော ဘယ်တော့လောက် နန်းတော်ကို ပြန်လာကြမှာလဲ။ ငါ သူတို့ကို တစ်ယောက်ချင်းစီ စိန်ခေါ်ဖို့ စီစဉ်ထားတယ်”
ဝူကျွင်းက မျက်နှာသေဖြင့် ပြန်ဖြေသည်။
“ခရမ်းရောင်နန်းတော်အဆင့်အားလုံး ဒီနေ့ ပြန်ရောက်လာပါလိမ့်မယ်”
ယခုတစ်ကြိမ်တွင်မူ သူသည် ပါးနပ်စွာဖြင့် သူတို့အစား အရှုံးပေးခြင်း မပြုတော့ပေ။
သူက အနိုင်လိုချင်တာမှ မဟုတ်တာ ။
“ကောင်းပြီ”
ကျိယွမ်က သဘောထားကြီးစွာ ခေါင်းညိတ်လိုက်၏။
“ကျုပ်က လမ်းစဉ်ရှာဖွေရေးနန်းတော်မှာ ရှိတဲ့လူတိုင်းကို အနိုင်ယူပြီးပြီဆိုတော့ ကျုပ်တို့ ကတိအတိုင်း ခင်ဗျားက ကျုပ်ရဲ့ တခြားကိစ္စတွေကို ကူညီပေးရမယ်”
သူတို့၏ အစောပိုင်း ကတိကဝတ်အရ ကျိယွမ်သည် မဟာအုပ်စိုးရှင်ဝူကျွင်းနှင့် ခရမ်းရောင်နန်းတော်ကျင့်ကြံသူ အားလုံးကို အနိုင်ယူနိုင်ခဲ့လျှင် လမ်းစဉ်ရှာဖွေရေးနန်းတော်သည် သူတို့၏ ကျင့်စဉ်အားလုံးကို ပေးအပ်ရမည် ဖြစ်ပြီး သူ၏ ‘မူလနတ်ဘုရားမျှဝေခြင်းအဖွဲ့အစည်းကိုလည်း ကူညီပေးရမည် ဖြစ်၏။
ဝူကျွင်းသည် ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် လေးနက်စွာ ပြောလိုက်၏။
“လောင်းကြေးဆိုတာ လောင်းကြေးပါပဲ။ အခုကစပြီး လမ်းစဉ်ရှာဖွေရေးနန်းတော်ဟာ စီနီယာရဲ့ အမိန့်တွေကို နာခံပါ့မယ်”
ထိုစကားကို ကြားရသောအခါ ယင်နတ်ဘုရားများ၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွား၏။
မိုလီနှင့် ဒဏ်ရာခုနစ်ချက် အကြီးအကဲတို့ကလည်း လက်ရှိအခင်းအကျင်းစိတ်ဝင်တစား ကြည့်နေကြသည်။
ဝူကျွင်းလို အဆင့်အတန်းရှိသူက ယခုလိုအရှုံးပေးသည်မှာ အံ့သြစရာဖြစ်သော်လည်း ယခုကဲ့သို့ သစ္စာခံလိုက်သော အပြုအမူမျိုးကတော့ ဝူကျွင်းသည် ရိုးရိုးလေး ရှုံးသွားခြင်း မဟုတ်ဘဲ လုံးဝဥဿုံ ပြိုလဲသွားခြင်း ဖြစ်သည်ကို ပြသနေ၏။
ထို့ကြောင့် သူတို့သည် သွေးဝတ်စုံဓားနတ်ဘုရား၏ အစွမ်းကို နောက်ထပ် အဆင့်တစ်ခုအထိ မြှင့်တင်ကာ အကဲဖြတ်လိုက်ကြရသည်။
ထိုအချိန်တွင် ကျိယွမ်သည် ပရိတ်သတ်လုပ်ရန် ရောက်ရှိလာကြသော ယင်နတ်ဘုရား ခြောက်ပါးဘက်သို့ လှည့်ကြည့်လိုက်၏။
သူ၏အကြည့်ကို ခံစားမိသောအခါ ယင်နတ်ဘုရားများမှာ မကောင်းသောခံစားချက်တစ်ခုကို ခံစားမိကြသည်။
သွားပြီ ..သူက ငါတို့ဘက်ကို မြှားဦးလှည့်လာပြီ။
------------