မဟာသတ္တုဂုဏ်ရည်ရှင် မြင့်မြတ်သော ထိုက်ပိုင်ထိုက်ဟောင် ကြယ်သခင်
Vol. 23 Ch. 258
ကျိယွမ်၏ထင်မှတ်မထားသော သတ်ဖြတ်မှုကြောင့် လီယာရှန်းကတော့ အလွန်တုန်လှုပ်သွားခဲ့သည်။
ကျိယွမ်က ယန်ခန်းကိုဓားတစ်ချက်တည်းနှင့် သတ်ဖြတ်လိုက်ခြင်းမှာ သူမကို လုံးဝ အံ့အားသင့်သွားစေခဲ့၏။
ကျိယွမ်၏ အစွမ်းမှာ ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟုလည်း သူမ လုံးဝ မထင်ထားခဲ့ပေ။
သူက စိတ်ဝိညာဥ်အဆင့်မှ ဟုတ်ရဲ့လား။
သူ၏ အစွမ်းအမှန်ကို ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်နိုင်သလား။
သို့သော် ယခုအချိန်တွင် ထိုအရာများက အရေးမကြီးတော့ပေ။
အရေးကြီးသည်မှာ ကျိယွမ်က လူသတ်လိုက်ခြင်း ဖြစ်သည်။
လူမှ သာမန်လူမဟုတ်ပေ ၊ လမ်းစဉ်ရှာဖွေရေးနန်းတော်အတွင်း၌ သူတို့၏အုပ်ချုပ်ရေးမှူးတစ်ဦးကို သတ်ဖြတ်လိုက်ခြင်းပင်။
ဤသည်မှာ အလွန်ကြီးမားသော ဖြစ်ရပ်တစ်ခု ၊ ပြစ်ဒဏ်တစ်ခု ဖြစ်သွားလေပြီ။
ယင်နတ်ဘုရားတစ်ဦးပင်လျှင် လမ်းစဉ်ရှာဖွေရေးနန်းတော်အတွင်း၌ ဤကဲ့သို့ ပေါ့ပေါ့ဆဆ သတ်ဖြတ်ရန် ဝံ့ရဲမည်မဟုတ်ပေ။
လီယာရှန်း၏ စိတ်ထဲတွင် စိုးရိမ်မှုနှင့် ကြောက်ရွံ့မှုများဖြင့် ရှုပ်ထွေးနေသည်။
အဝါရောင်ဝတ်စုံနှင့်မြေးမလေးမှာလည်း အလားတူပင် မှင်တက်နေခဲ့သည်။ သူမရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းမှာ သူမ ထင်မှတ်ထားသည်ထက် များစွာ ကျော်လွန်နေ၏။
"ပြေးကြစို့"
လီယာရှန်း၏ စိတ်ထဲတွင် ထွက်ပြေးရန်ဟူသော အတွေးတစ်ခုသာ ရှိတော့သည်။
ထွက်ပြေးရန် မဖြစ်နိုင်တော့မှန်း သိနေသော်လည်း အခြားနည်းလမ်းကို ရှာမတွေ့ခဲ့ပါ။
သို့သော် သူမ ထိုသို့တွေးလိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။
"ဘယ်သူက လမ်းစဉ်ရှာဖွေရေးနန်းတော်မှာ ပြဿနာရှာရဲတာလဲ"
"ရဲတင်းလှချည်လား ၊ ငါတို့ လမ်းစဉ်ရှာဖွေရေးနန်းတော်မှာ လူသတ်တာဟာ သေတွင်းတူးတာပဲ"
ချက်ချင်းလိုလိုပင် ပြင်းထန်သော အရှိန်အဝါ ဆယ်ခုထက်မက တိုးဝင်လာပြီး ကျိယွမ်၊ လီယာရှန်းနှင့် အခြားသူများကို တင်းမာစွာ ဝိုင်းရံထားလိုက်သည်။
အားလုံးက ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး သူတို့၏ အရှိန်အဝါများမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှ၏။
ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူ ဆယ်ဦးကျော်၏ ဝိုင်းရံမှုကို ခံလိုက်ရသဖြင့် လီယာရှန်း၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူလျော့သွားခဲ့သည်။ သူမသည် ကျင့်ကြံသူဖြစ်သော်လည် သေခြင်းတရားနှင့် ဤမျှ နီးကပ်သော အခြေအနေမျိုး မကြုံတွေ့ခဲ့ဖူးပါ။
အဝါရောင်ဝတ်စုံနှင့်မြေးမလေးမှာလည်း သွားများကို တင်းတင်းစေ့ထားပြီး မျက်နှာမှာ စက္ကူကဲ့သို့ဖြူဖျော့နေသည်။
သို့သော် ကျီယွမ်ကတော့ သူနှင့်မဆိုင်သည့်အလား ထိုသူများကို အဖက်ပင်မလုပ်ပါ ။
သူက မျက်နှာချင်းဆိုင်တွင်ရှိနေသောလူကို ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်သည်။
"ငါက လမ်းစဉ်ရှာဖွေသူတစ်ယောက်ပါ။ လမ်းစဉ်ရှာဖွေရေးနန်းတော်က ဂုဏ်သတင်းကြီးတဲ့ လမ်းစဉ်သမားတွေကို စိန်ခေါ်ဖို့ သဒ္ဓါတရားအပြည့်နဲ့ ရောက်လာတာ။ တကယ်လို့ ငါ့ကို နိုင်ရင် မင်းတို့ရဲ့ ကျင့်စဉ်တွေ ငါ့ကိုပေးရမယ်။ တကယ်လို့ ငါရှုံးခဲ့ရင်တော့ မင်းတို့အားလုံးကို နတ်ဘုရားတွေ ဖြစ်လာဖို့ အခွင့်အရေး ပေးပါမယ်။"
သူတို့အားဝိုင်းထားသော ခရမ်းရောင်နန်းတော်ကျင့်ကြံသူများမှာ အံ့အားသင့်သွားကြပြီး သူ၏ စကားများကို နားမလည်နိုင်ကြပေ။
သူ ဘာတွေပြောသွားတာလဲ။
လီယာရှန်းနှင့် မြေးမလေးလေးမှာလည်း မှင်တက်သွားပြီး ကျိယွမ်အား မမြင်ဖူးသူတစ်ယောက်လို ကြည့်မိကြသည်။ ကျိယွမ်၏ အတွေးနှင့်လုပ်ဆောင်ချက်က မြန်လွန်းလှသဖြင့် သူတို့ လိုက်မမှီနိုင်တော့ပေ။
"တော်စမ်း ...စကားလမ်းကြောင်း မလွှဲနဲ့ ၊ အုပ်ချုပ်ရေးမှုးယန်ခန်းကို သတ်လိုက်တာကို ဘယ်လို ရှင်းပြမလဲ"
အသက်ကြီးကြီးကျင့်ကြံသူတစ်ဦးက ကျိယွမ်ကို စိုက်ကြည့်ရင်း အေးစက်စွာမေးမြန်းလိုက်သည်။သူ၏အကြည့်များက အေးစက်နေပြီး သတ်ဖြတ်လိုစိတ်များ တဖိတ်ဖိတ်လက်နေ၏။
အချိန်ကြာလာသည်နှင့်အမျှ နောက်ထပ်ခရမ်းရောင်နန်းတော်ကျင့်ကြံသူများ ပို၍ ပို၍ စုဝေးလာကြပြီး အချို့ကတော့ အဝေးမှ ကြည့်နေကြသည်။
"ငါက အကြီးအကဲဖူလွီကို တွေ့ဖို့ လာတာပါ။ ဒါပေမဲ့ ဒီခေါင်းသေးကိုယ်ကြီးက ငါချောမောတာကိုမြင်သွားပြီး ငါ့ကို သူနဲ့ အတူအိပ်ဖို့ ပြောတာနဲ့ ၊ သည်းမခံနိုင်တော့လို့သူ့ကို အဲ့ဒီနေရာမှာတင် သတ်လိုက်တာ"
ကျိယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
အလွန်များပြားလှသော အစွမ်းထက် ကျင့်ကြံသူများနှင့် ရင်ဆိုင်နေရသော်လည်း သူသည် လုံးဝ တုန်လှုပ်ခြင်း မရှိပေ။
ထိုအပြုအမူကြောင့် လီယာရှန်းကို ကျိယွမ်၏သတ္တိအပေါ် လေးစားမှုရော၊ အကူအညီမဲ့မှုပါ ခံစားရစေခဲ့သည်။
သူက ရုပ်လေးတင်လှတာမဟုတ်ဘူး ၊ သတ္တိလည်း ကောင်းလွန်းတယ် ၊ ဒါပေမဲ့ သူပြောလ်ုက်တဲ့ အကြောင်းပြချက်ကတော့ နည်းနည်းရွံစရာကောင်းနေသလိုပဲ။
"အဓိပ္ပါယ်ဒါမရှိတာ ၊ ဒါက မင်းရဲ့အပြောပဲလေ"
"သူက မင်းကို အဲဒီလိုစော်ကားခဲ့ရင်တောင် ငါတို့ကို ဆုံးဖြတ်ခိုင်းသင့်တာပေါ့။ မင်းမှာ သူ့ကို သတ်ပိုင်ခွင့် ဘာရှိလို့လဲ"
"မင်းဘာသာ ဘယ်ကလာလာ လမ်းစဉ်ရှာဖွေရေးနန်းတော်ကို ရောက်လာရင် ငါတို့ရဲ့ စည်းမျဉ်းတွေကို လိုက်နာရမယ်"
"ငါတို့လူအပြစ်ရှိရင် ငါတို့ပဲအပြစ်ပေးမယ် ၊ မင်းတို့အပြင်လူတွေ ဝင်ရှုပ်စရာမလိုဘူး"
နန်းတော်မှ ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူများက ဒေါသကြီးစွာဖြင့် အမျိုးမျိုးဟိန်းဟောက်လိုက်ကြသည်။
မည်သည့်အမြင်ဖြင့်ကြည့်ကြည့် လမ်းစဉ်ရှာဖွေရေးနန်းတော်အတွင်း၌ အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရခြင်းမှာ သူတို့ကို တိုက်ရိုက် စော်ကားခြင်းပင်။
"ငါက မင်းတို့လမ်းစဉ်ရှာဖွေရေးနန်းတော်ရဲ့ အစိတ်အပိုင်းမှ မဟုတ်တာ။ ဘာလို့ မင်းတို့ စည်းမျဉ်းတွေကို လိုက်နာရမှာလဲ"
ကျိယွမ်က သဘာဝကျကျပင် ပြန်ပြောလိုက်သည်။
သူ၏ စကားများက ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူများအား ပိုမိုကြီးမားသော ဒေါသကို ချက်ချင်း လှုံ့ဆော်လိုက်သည်။
ဒီကောင်က ဒီလောက်အထိ မောက်မာရဲတယ်ပေါ့။
သူ ဘယ်နေရာကို ရောက်နေသလဲဆိုတာ မသိဘူးလား။
ဤနေရာသည် လမ်းစဉ်ရှာဖွေရေးနန်းတော် ဖြစ်သည်။
ထိုကောင်လေးသည် မည်သည့်အားကိုးရှိနေ၍ ဤမျှအထိ အတင့်ရဲနေရသနည်း။
အားကိုးစရာရောက်မလာခင် သူသေမှာကို မသိရှာဘူး။
သို့သော် ထိုအချိန်တွင် အဝေးမှသြဇာကြီးမားသော အသံတစ်ခုက လူတိုင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
"သွေးဝတ်စုံဓားနတ်ဘုရား၊ သင့်အနေအထားနဲ့ ဘာလို့ ဒီကလေးတွေကို စနောက်နေရတာလဲ"
အသံနှင့်အတူ သွေးနီရောင်ဝတ်စုံကို ဆင်မြန်းထားသော အရပ်ရှည်ရှည်နှင့် ထည်ဝါသော ပုံရိပ်တစ်ခု ရှေ့သို့ တိုးလာခဲ့သည်။
သူ၏ တစ်ကိုယ်လုံးမှာ သွေးရောင်ဝတ်စုံအတွင်း၌ဖုံးကွယ်နေပြီး ကြီးမားသော စွမ်းအား အရှိန်အဝါများ ထွက်ပေါ်နေ၏။
သူသည် အနီးတွင် ရပ်နေသော်လည်း တစ်ချိန်တည်းမှာပင် အားလုံးနှင့်ဝေးကွာနေသကဲ့သို့ ခံစားရစေသည်။
ထိုပုံရိပ်ကို မြင်လိုက်ရသောအခါ ပတ်ဝန်းကျင်တွင်ရှိနေသော ခရမ်းရောင်နန်းတော်ကျင့်ကြံသူအားလုံး သိသိသာသာ တုန်လှုပ်သွားကြ၏။
ရောက်ရှိလာသူမှာ လမ်းစဉ်ရှာဖွေရေးနန်းတော်၏ နောက်ကွယ်မှ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ပင်မဟုတ်ပါလား။
မဟာအုပ်စိုးရှင် ဝူကျွင်း ။
မဟာအုပ်စိုးရှင်ဝူကျွင်းမှာ လူသူအများနှင့် ကင်းဝေးစွာနေထိုင်တတ်သူဖြစ်ပြီး လမ်းစဉ်ရှာဖွေရေးနန်းတော်မှ ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူများပင်လျှင် သူ့ကို တွေ့ခွင့်ရရန် ခဲယဥ်လှသည်။
ယနေ့တွင်မူ သူကိုယ်တိုင် ထွက်ပေါ်လာခဲ့လေပြီ။
ပြီးတော့ သူပြောလိုက်တာက...
သွေးဝတ်စုံဓားနတ်ဘုရားတဲ့..
ဖြစ်နိုင်ပါ့မလား...
ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူအားလုံး အံ့အားသင့်သွားကြပြီး ကျိယွမ်အား မယုံရဲစွာကြည့်လိုက်ကြ၏။
သူတို့ ဝိုင်းရံထားပြီး ဖမ်းဆီးရန် ကြံစည်နေသောကောင်လေးမှာ သွေးဝတိစုံဓားနတ်ဘုရား ဖြစ်နေသည်တဲ့။
သူတို့သည် ယင််နတ်ဘုရားတစ်ပါး သို့မဟုတ် ထိုထက်မြင့်သော မဟာအုပ်စိုးရှင်တစ်ပါးကို တိုက်ခိုက်လုနီးပါး ဖြစ်ခဲ့သည်။
ဒါကြီးက လာနောက်နေတာလား။
သတ်ဖြတ်ခြင်းနတ်ဘုရားဟုပင် တင်စားရသော ရက်စက်လှသည့် အစွမ်းထက်ပုဂ္ဂ်ုလ်ကြီးကို သူတို့က အဘယ့်ကြောင့်တိုက်ခိုက်ရဲမည်နည်း။
လီယာရှန်းမှာ မှင်တက်သွားပြီး ကျိယွမ်ကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။
အဝါရောင်ဝတ်စုံနှင့်မြေးမလေးမှာလည်း သူမ၏ပါးစပ်လေးကို လက်နှင့်ပိတ်ထားပြီး မျက်လုံးများ ပြူးကာ ကျိယွမ်ကို စိုက်ကြည့်နေမိ၏။
သူမရှေ့တွင် ရပ်နေသောသူမှာ သူမ၏ စံပြပုဂ္ဂိုလ်ဖြစ်သော သွေးဝတ်စုံဓားနတ်ဘုရား ဖြစ်နေသည်ကို သူမ မယုံကြည်နိုင်အောင် ခံစားရပါသည်။
ကျိယွမ်သည် မဟာအုပ်စိုးရှင်ဝူကျွင်း၏ အကြည့်ကို တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။
"ကျွန်တော် သူတို့ကို စနောက်နေတာ မဟုတ်ပါဘူး။ သူတို့အားလုံးက ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူတွေပဲ၊ ကျွန်တော့်ထက် အများကြီးလည်း အသက်ကြီးကြတယ်။ သူတို့က ကျွန်တော့်ရဲ့ စီနီယာတွေပါ။ ကျွန်တော်က ဒီစီနီယာ လမ်းစဉ်သမားတွေကို စိန်ခေါ်ဖို့ လမ်းစဉ်ရှာဖွေရေးနန်းတော်ကို လာခဲ့တာပါ။ ကျွန်တော် စောစောက ပြောခဲ့တဲ့ စကားအတိုင်းပေါ့။ အကယ်၍ သူတို့ ရှုံးရင် သူတို့ရဲ့ ကျင့်စဉ်တွေကို ကျွန်တော့်ကို ပေးရမယ်။ အကယ်၍ သူတို့ နိုင်ရင် ကျွန်တော်က သူတို့ကို နတ်ဘုရား ဖြစ်လာဖို့ အခွင့်အရေး ပေးမယ်။"
ကျိယွမ်၏ စကားများကြောင့် စုဝေးနေသော ခရမ်းရောင်နန်းတောိအဆင့် ကျင့်ကြံသူများမှာ အံ့အားသင့်သွားပြီး တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြ၏။
မဟာအုပ်စိုးရှင်ကြီးတစ်ပါးက အလွန်ဝေးကွာသော နေရာမှ တကူးတကရောက်လာပြီး စိန်ခေါ်နေသည်။
သို့သော် သူစိန်ခေါ်မည့်သူများက ခရမ်းရောင်နန်းတော်အဆငိ့များဖြစ်၏။
ဒါက ဘယ်လိုရက်စက်မှုကြီးလဲ ။
သူက အလွန်အစွမ်းထက်တဲ့ မဟာအုပ်စိုးရှင်တစ်ပါးလေ။
လမ်းစဉ်ရှာဖွေရေးနန်းတော်မှ ခရမ်းရောင်နန်းတော်အဆင်ကျင့်ကြံသူအားလုံး ပေါင်းလိုက်လျှင်ပင် ယင်နတ်ဘုရားတစ်ပါးကို ယှဉ်နိုင်မည်မဟုတ်ပေ။
ထို့အတူ ကန်းလန်လောကတွင် ရှိသမျှသော
ယင်နတ်ဘုရားများပေါင်းလိုက်လျှင်လည်း မဟာအုပ်စိုးရှင်တစ်ပါးကို ယှဉ်နိုင်မည် မဟုတ်ပါ။
ယခုလောကတစ်ခုလုံး၏ ထိပ်ဆုံးတွင်ရှိနေသော မဟာအုပ်စိုးရှင်တစ်ပါးက သူတို့ကို စိန်ခေါ်နေသည်... သူတို့ ဂုဏ်ယူသင့်သလား သို့မဟုတ် ဤသည်မှာ အဓိပ္ပာယ်မရှိလွန်းလှသလား။
ယန်ခန်း၏ သေဆုံးမှုနှင့် ပတ်သက်၍မူ မည်သူကမျှ ဂရုမစိုက်ကြတော့ပေ။
အကယ်၍ နန်းတော်မှတစ်စုံတစ်ဦးသည် ယင်နတ်ဘုရားတစ်ဦး၏ လက်ချက်ဖြင့် သေဆုံးခဲ့လျှင် ထိုယင်နတ်ဘုရားသည် မဟာအုပ်စိုးရှင်ကြီးဝူကျွင်း၏ အရှိန်အဝါကြောင့် တောင်းပန်မှု ပြုလုပ်ရပေလိမ့်မည်။
သို့သော် ကျူးလွန်သူက မဟာအုပ်စိုးရှင် တစ်ပါးဆိုလျှင်တော့ လုံးဝ ခြားနားသော ကိစ္စဖြစ်သည်။
နနိးတော်မှ အမှုထမ်းက မဟာအုပ်စိုးရှင် တစ်ပါးကို ယောက်ျားချင်းအတူအိပ်ရန် တောင်းဆိုသည်တဲ့ ။
ထိုအရာက အခါတစ်ရာမကသော သေမိန့်ပင် ဖြစ်သည်။
ဝူကျွင်းက ကျိယွမ်ကို ကြည့်လိုက်ပြီး သူ၏ အမူအရာမှာ ရှုပ်ထွေးနေပုံရ၏။
"မင်း... တကယ် ပြောနေတာလား"
သွေးဝတ်စုံဓားနတ်ဘုရားမှာ အရူးတစ်ယောက် ဖြစ်သည်ဟူသော ကောလာဟလများကို သူ ကြားဖူးသည်။
ဓားနတ်ဘုရားနှင့် မဟာအုပ်စိုးရှင်မိုလီ တို့၏ မကြာသေးမီက တွေ့ဆုံမှုမှ ပြောစကားများအရလည်း ဤဓားနတ်ဘုရားသည် သာမန်လူ မဟုတ်ကြောင်း အရှင်သခင် ဝူကျွင်းကို ယုံကြည်စေခဲ့သည်။
"ကျွန်တော် ဘယ်တော့မှ မုသားမပြောဘူး။ အတည်ပြောတာပါ။ ကျွန်တော်က လူငယ်တစ်ယောက်အနေနဲ့ ခင်ဗျားတို့ လမ်းစဉ်ရှာဖွေရေးနန်းတော်က လူအိုကြီးတွေကို စိန်ခေါ်နေတာက တရားမျှတပါတယ်၊ လူကြီးတွေကို အရိုအသေပေးတာပေါ့၊ မဟုတ်ဘူးလား"
ကျိယွမ်က ထိုကိစ္စသည် ကမ္ဘာပေါ်တွင် အမှန်ကန်ဆုံး အရာတစ်ခုကဲ့သို့ ပြောလိုက်သည်။
ခရမ်းရောင်နန်းတော်ကျင့်ကြံသူများမှာ စကားမဲ့သွားကြကုန်၏။
သွေးဝတ်စုံဓားနတ်ဘုရားမှာ အရှက်ကင်းမဲ့သည်ဟု သူတို့ ပြောချင်နေကြသည်။
ဘယ်တုန်းက မဟာအုပ်စိုးရှင်တစ်ပါးက ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူတွေကို စိန်ခေါ်ခဲ့ဖူးသနည်း။
ကန်းလန်လောက၏ သမိုင်းတွင် ထိုသို့သော အရာမျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ။
ယခုမူ သူက သူတို့အပေါ် ကျေးဇူးပြုနေသည်ဟုပင် ပြောနေသေးသည်။
ဤသည်မှာ လုံးဝအရှက်မရှိလွန်းလှပေ။
"ပြောရရင် ...ဒီလောက် နာမည်ကြီးတဲ့ လူအိုကြီးတွေနဲ့ ရင်ဆိုင်ရတာ ကျွန်တော် တကယ်ပဲ နည်းနည်း ကြောက်မိပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ သူတို့ကို စိန်ခေါ်ဖို့ သတ္တိတွေကို စုစည်းနေတုန်းပါပဲ ၊ ဒီတိုက်ပွဲက ကျွန်တော့်ကို ဒဏ်ရာအနာတရတွေ ဖြစ်စေရင်တောင် ကျွန်တော် နောင်တရမှာ မဟုတ်ဘူး၊ အသက်ပေးရရင်တောင်ပေါ့ ၊ ဘာပဲပြောပြော ဒီတိုက်ပွဲက ကောင်းကင်နဲ့ မြေကြီးကို တုန်လှုပ်စေမယ့်၊ သမိုင်းမှာ ကျန်ရစ်မယ့် တိုက်ပွဲတစ်ခု ဖြစ်လာမှာပါ"
ကျိယွမ်က သူရဲကောင်းဆန်ဆန် ကြေညာလိုက်သည်။
သူသည် အားနည်းသူတစ်ဦးက သူ့ထက်အင်းအားသာသူကို စိန်ခေါ်နေသကဲ့သို့ စိတ်အားသွင်းသော စကားများကို အားရပါးရ ပြောနေ၏။
"မင်းရဲ့ တကယ့် ရည်ရွယ်ချက်က ဘာလဲ"
ဝူကျွင်းက ကျိယွမ်ကို ထိုးဖောက်မြင်နိုင်ရန် ကြိုးစားရင်း မျက်လုံးများကို မှေးကြည့်လိုက်သည်။
"ကျွန်တော်... လမ်းစဉ်ရှာဖွေရေးနန်းတော်ရဲ့ ကျင့်စဉ်တွေ အားလုံးကို လိုချင်တယ်။ ပြီးတော့ လမ်းစဉ်ရှာဖွေရေးနန်းတော်က ကျွန်တော့်ကို ကိစ္စတစ်ခု ကူညီပေးစေချင်တယ်"
ကျိယွမ်သည် သူ၏ စိတ်အားထက်သန်သော အမူအယာများကို ခဏမေ့ထားပြီး ချက်ချင်း ပြောင်းလဲသွားကာ မူလနတ်ဘုရား မျှဝေရေးအသင်းအတွက် အစီအစဉ်ကို ဝူကျွင်းအား ရှင်းပြလိုက်သည်။
ဝူကျွင်းသည် နားထောင်ရင်းနေရင်းမှ မျက်မှောင်ကြုတ်သွားခဲ့သည်။
"မင်းရဲ့ တောင်းဆိုချက်တွေက... နည်းနည်းတော့ လွန်လွန်းနေတယ်"
ကျင့်စဉ်များမှာ ကျင့်ကြံသူတစ်ဦး၏ စွမ်းအားအကုန်လုံး၏အခြေခံ ဖြစ်သည်။
လမ်းစဉ်ရှာဖွေရေးနန်းတော်သည် နှစ်ပေါင်း တစ်သိန်းကျော် မျိုးနွယ်အဆက်ဆက် အသိပညာများကို စုဆောင်းခဲ့၏။ ထိုအရာများကို မဟာအုပ်စိုးရှင်တစ်ဦး ဖြစ်နေလျှင်ပင် တစ်စုံတစ်ဦးထံသို့ အလွယ်တကူ မည်သို့ လွှဲပြောင်းပေးနိုင်ပါမည်နည်း။
ဝူကျွင်းသည် ကောင်းကင်ဘုံသို့ ခြေလှမ်းလေးလှမ်း၏ အထွတ်အထိပ်ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် သူသည် ကျိယွမ်ကို မကြောက်ရွံ့ပေ။
ကျိယွမ်မှာ ဝမ်ယုကုန်းမြေတိုက်ကြီးမှ မဟာအုပ်စိုးရှင်တစ်ဦးဖြစ်သော်လည်း ကန်းလန်လောကတွင်တော့ အားနည်းသော ခြေလေးလှမ်းအဆင့်ကျင့်ကြံသူ၏ စွမ်းအားကိုသာ ထုတ်ဖော်နိုင်မည် ဖြစ်သည်။
ဆိုရလျှင် သူတို့ကအဆင့်တူများ ဖြစ်သော်လည်း သူကအထွတ်အထိပ်အဆင့်ဖြစ်၏။
"ဒါဆိုရင်ရော... ကျွန်တော်က ခင်ဗျားကိုလည်း စိန်ခေါ်မယ် ၊ လမ်းစဉ်ရှာဖွေရေးနန်းတော်က ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူ အားလုံးကိုလည်း စိန်ခေါ်မယ်၊ ပြီးတော့ အားလုံးကို အနိုင်ယူလိုက်ရင် ကျင့်စဉ်အားလုံးကို ကျွန်တော် ယူလို့ရမှာလား"
ကျိယွမ်က စိတ်မရှည်သလို တိုးတိုးလေး မေးလိုက်သည်။
သူ၏ စကားများက ရှိနေသူအားလုံးကို တုန်လှုပ်သွားစေခဲ့သည်။
မဟာအုပ်စိုးရှင်များ အကြားမှ တိုက်ပွဲ။
ဤသည်မှာ နတ်ဘုရားများ၏ တိုက်ပွဲပင်မဟုတ်ပါလား။
သွေးဝတ်စုံဓားနတ်ဘုရားက မဟာအုပ်စိုးရှင်ဝူကျွင်းကို စိန်ခေါ်လိုက်လေပြီ။
ထိုအရာက လူတိုင်းလုံးဝမထင်မှတ်ထားသော အရာပင်။
ဝူကျွင်းမှာလည်း အလားတူ အံ့အားသင့်သွားခဲ့သည်။
ကျိယွမ်သည် သူ့ကို စိန်ခေါ်ရန် မည်သည့်နေရာမှ သတ္တိများ ရလာသနည်း။
"မင်းရဲ့ သတ္တိကတော့ ချီးကျူးစရာပဲ၊ ဒါပေမဲ့ မင်းရဲ့ ယုံကြည်မှုက ဘယ်ကလာတာလဲဆိုတာတော့ သိချင်မိသား"
သွေးနီရောင်ဝတ်စုံကို ဆင်မြန်းထားသော ဝူကျွင်းသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်လိုက်သည်။
သူ အခု နားလည်သွားပြီဖြစ်သည်။
ဓားနတ်ဘုရားသည် လမ်းစဉ်ရှာဖွေရေးနန်းတော်တွင် ပြဿနာရှာရန် လာခဲ့ခြင်းဖြစ်ပြီး နန်းတော်ကို အင်အားသုံးကာ သူ၏လက်အောက်ခံဖြစ်စေရန် ရည်ရွယ်ထားခြင်းပင်။
အခြားအရာများမှာ ထိုကိစ္စကို စတင်ရန် အကြောင်းပြချက်များသာ ဖြစ်သည်။
"ကျွန်တော့်မှာ သတ္တိသာ မရှိရင် ဒီလောက်များတဲ့ လူအိုကြီးတွေကို တစ်ယောက်တည်း ဘယ်လို စိန်ခေါ်နိုင်ပါ့မလဲ"
ကျိယွမ် ထိုသို့ပြောလိုက်ပြီး ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူများဘက်သို့ တည်ကြည်စွာ လှည့်ကြည့်လိုက်၏။
ခရမ်းရောင်နန်းတော်အဆင့်များသည် ကျိယွမ်၏ အကြည့်အောက်တွင် ထိတ်လန့်ကာ ပုန်းစရာကျင်းများပင် ရှာချင်စိတ်များ ပေါက်နေကြသည်။
ဝူကျွင်းက ကျိယွမ်ကို ကြည့်နေရင်းမှ သူ၏ မျက်လုံးများတွင် နတ်ဘုရားအလင်းတန်းများ တောက်ပလာသည် ။
"မင်းက ငါ့ကို လာမစိန်ခေါ်ရင်တောင် ငါက တိုက်ပွဲတစ်ခုအတွက် မင်းကို လိုက်ရှာနေမှာပါ ၊ ဓားနတ်ဘုရား၊ မင်းနိုင်ရင် လမ်းစဉ်ရှာဖွေရေးနန်းတော်ရဲ့ ကျင့်စဉ်တွေကို ကူးယူသွားနိုင်ပါတယ်။ ဒါပေမဲ့ မင်းရှုံးရင်တော့ မဟာအုပ်စိုးရှင်မိုလီ နဲ့ ဝေးဝေးနေဖို့နဲ့ ဒဏ္ဍာရီလာရတနာကို ဘယ်တော့မှ မထိဖို့ ကတိပေးရမယ်"
ဝူကျွင်း၏ အသံမှာ ပြင်းထန်စွာ ပဲ့တင်ထပ်သွားပြီး ရှိနေသူတိုင်း ကြားနိုင်သော်လည်း "ဒဏ္ဍာရီလာ ရတနာ" ဆိုသော အပိုင်းကိုမူ ကျိယွမ်တစ်ဦးတည်းသာ ကြားနိုင်ရန် လျှို့ဝှက်ချက်ဖြင့် ပို့လွှတ်လိုက်ခြင်း ဖြစ်သည်။
ကျိယွမ်က ဘဝင်မကျသလို မျက်ခုံးပင့်လိုက်သည်။
ထိုအရာမှာ သူ အလွယ်တကူ လက်ခံနိုင်သော အခြေအနေ မဟုတ်ပေ။
မိုလီနှင့် မပတ်သက်ရဘူးတဲ့လား။ ဒဏ္ဍာရီလာ ရတနာကရော ဘာလဲ။
သို့သော် သူ တစ်ခုခုကို တွေးမိသွားကာ ပြုံးလိုက်သည်။
ငါကရှုံးမှ မရှုံးနိုင်တာ ဘာတွေစိတ်ပူနေတာလဲ။
"သဘောတူတယ်"
သူက ပြုံးရွှင်စွာပြောလိုက်သည်။
အားလုံး အံ့အားသင့်သွားကြသည်။
မကြုံစဖူးသော မဟာအုပ်စိုးရှင်ကြီးများ အကြားမှ တိုက်ပွဲ... တကယ် ဖြစ်လာတော့မည်။
ဖုန်းထျန်းနယ်မြေသည် ယင်နတ်ဘုရားများ အကြား တိုက်ပွဲကိုပင် မမြင်တွေ့ရသည်မှာ မည်မျှ ကြာခဲ့ပြီနည်း။
ယခုမူ ယင်နတ်ဘုရားထက်မြင့်သော သူနှစ်ဦးမှာ ထိပ်တိုက်တွေ့ကြပေတော့မည်။
"ဒါဆိုရင် နောက်ခုနစ်ရက်နေရင် တိုက်ကြတာပေါ့"
ဝူကျွင်းက မျက်လုံးများတွင် နတ်ဘုရားအလင်းတန်းများ တောက်ပနေရင်းက သတ်မှတ်လိုက်သည်။
အကယ်၍ သူသည် ဒဏ္ဍာရီလာ ရတနာကို ရယူလိုလျှင် ကျိယွမ်ကို အနိုင်ယူရပေလိမ့်နည်။
မိုလီသည် ထောင်ချောက်ဆင်နေမှန်း သူ သိနေသော်လည်း ထိုထဲသို့ ခြေလှမ်းလှမ်းရန်မှအပ အခြားရွေးချယ်စရာ မရှိပေ။
ထိုနည်းလမ်းဖြင့်သာ သူသည် ဒဏ္ဍာရီလာ ရတနာကို ရရှိရန် အခွင့်အရေး ရှိမည် ဖြစ်သည်။
ယင်နတ်ဘုရားတစ်ဦးအတွက် ဒဏ္ဍာရီလာ ရတနာ၏တန်ဖိုးမှာ နှိုင်းယှဉ်၍ မရနိုင်ပေ။
မိုလီနှင့် ပတ်သက်၍မူ ဝူကျွင်းမှာ သူမသည် ဖုန်းထျန်းနယ်မြေတွင် အလှဆုံး အမျိုးသမီး ဖြစ်သော်လည်း သူမအပေါ် အမှန်တကယ် စိတ်ယိုင်နေခြင်း မရှိပါ။
"ဘာလို့ ခုနစ်ရက် စောင့်နေမှာလဲ။ အခုပဲ လုပ်လိုက်ကြစို့။ ခင်ဗျားကို မြန်မြန် အနိုင်ယူပြီး ဒီမှာရှိတဲ့ ခရမ်းရောင်စံအိမ် ကျင့်ကြံသူ အားလုံးကို စိန်ခေါ်ချင်သေးတယ်။ အချိန်မဖြုန်းကြရအောင်"
ကျိယွမ်က စိတ်မရှည်သလို ပြောလိုက်သည်။
ခရမ်းရောင်နန်းတော်အဆင့်များမှာ အလွန်အမင်း တုန်လှုပ်သွားကြသည်။
သူတို့သည် ဓားနတ်ဘုရားကြီးကို သူ၏ အစီအစဉ်များတွင် သူတို့ကို ထည့်မတွက်ရန်နှင့် သူတို့ကို မေ့ထားလိုက်ရန် ပြောချင်နေကြ၏။
ဝူကျွင်းမှာ အံ့အားသင့်သွားခဲ့သည်။ ကျိယွမ်သည် ဤမျှ စိတ်အားထက်သန်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"မင်း အခုချက်ချင်း တိုက်ချင်တာ သေချာလား"
"ကျိန်းသေပေါ့"
ကျိယွမ်က ပျင်းရိစွာ ပြန်ဖြေလိုက်သည်။
"မင်းက အဲ့ဒီလို လိုချင်တယ်ဆိုရင်လည်း တိုက်ကြတာပေါ့"
ဝူကျွင်းကလည်း တွန့်ဆုတ်နေစရာမရှိပါ ။
သွေးဝတ်စုံဓားနတ်ဘုရားသည် သူတို့၏ တိုက်ပွဲကို ပရိသတ်များများ မမြင်စေချင်သဖြင့် ဤမျှ စိတ်အားထက်သန်နေခြင်း ဖြစ်မည်ဟု သူ ယူဆလိုက်သည်။နောက် ၇ ရက်နေမှတိုက်မည်ဆိုလျှင် သေချာပေါက် ပရိတ်သတ်များပြားသွားမည်ကို သံသယရှိစရာမလိုပေ ။
သူရှုံးတာကို လူများများမြင်စေချင်ပုံမရဘူး။
ဝူကျွင်းသည်လည်း တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာခဲ့သည်။ပြိုက်ဘက်ကောင်းကောင်းနှင့် ရင်မဆိုင်ရသည်မှာ နှစ်ပေါင်းထောင်ချီကြာခဲ့ပြီ မဟုတ်ပါလား။
သူက လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရုံဖြင့် နတ်ဘုရားစွမ်းအား တစ်ခုက ကျိယွမ်ကို ဖုံးလွှမ်းသွားခဲ့သည်။
ခဏချင်းတွင်ပင် ကျိယွမ်နှင့် ဝူကျွင်းတို့မှာ အားလုံးရှေ့မှ ပျောက်ကွယ်သွားပြီး ဟင်းလင်းပြင်နယ်မြေတစ်ခုသို့ ရောက်ရှိသွားကြသည်။
ကန်းလန်လောကတွင် ယင်နတ်ဘုရားများ ပါဝင်သော မည်သည့် တိုက်ပွဲမဆို လူအများကြားတွင် မတိုက်ခိုက်ကြဘဲ ဟင်းလင်ပြင်နယ်မြေထဲသို့ အလိုလိုပြောင်းရွှေ့သွားမည်ဖြစ်သည်။
လမ်းစဉ်ရှာဖွေရေးနန်းတော်တွင် ကျန်နေခဲ့သူများမှာ ယခုမှသာ သက်ပြင်းကိုယ်စီချနိုင်ကြတော့သည်။
"ဘာပဲပြောပြော သွေးဝတ်စုံဓားနတ်ဘုရားက မဟာအုပ်စိုးရှင်ဝူကျွင်းကို စိန်ခေါ်တာက ရဲတင်းလွန်းတာပဲ"
"သူ့ရဲ့ ယုံကြည်မှုက ဘယ်ကလာတာလဲ"
"ဝမ်ယုကုန်းမြေတိုက်ကြီးမှာဆိုရင်တော့ သွေးဝတ်စုံဓားနတ်ဘုရားက အစွမ်းထက်နိုင်ပေမဲ့ ကန်းလန်လောကမှာတော့ သူက ဘာမှမဟုတ်ပါဘူး"
ကမ္ဘာတစ်ခု၏ ကောင်းကင်ဘုံတာအိုကို ဝါးမျိုထားသော သတ္တဝါများသည် ထိုကမ္ဘာအတွင်း၌ စွမ်းအားများ ရရှိကြသော်လည်း အခြားကမ္ဘာများသို့ သွားသောအခါတွင်မူ အခြားကမ္ဘာ ကောင်းကင်ဘုံတာအို၏ ဖိနှိပ်မှုကို ခံရပြီး သူတို့၏ စွမ်းအားအပြည့်ကို မထုတ်ဖော်နိုင်ကြပေ။
သူတို့သည် အားနည်းသောမဟာအုပ်စိုးရှင်တစ်ပါး၏ အစွမ်းကိုသာ ထုတ်ဖော်နိုင်သည်မှာ လူတိုင်းသိသော အချက်ဖြစ်သည်။
သွေးဝတ်စုံဓားနတိဘုရားက ယင်နတ်ဘုရားနဲ့ ခရမ်းရောင်နန်းတော်အဆင့်တွေအတွက် ပြိုင်ဘက်ကင်းပေမဲ့ မဟာအုပ်စိုးရှင်အချင်းချင်းဆိုရင်တော့ အားနည်းချက်တွေ ရှိနေတာပဲ။
ဓားနတ်ဘုရား နှင့် ဝမ်ယုကုန်းမြေတိုက်ကြီး၏ပတ်သက်မှုများကို အစပိုင်းတွင် လျှို့ဝှက်ထားခဲ့သော်လည်း နောက်ပိုင်းတွင် အမှန်တရားမှာ ပေါက်ကြားသွားခဲ့သည်။
လမ်းစဉ်ရှာဖွေရေးနန်းတော်မှာ သတင်းစုံသောနေရာဖြစ်သဖြင့် ခရမ်းရောင်နန်းတော်အဆင့်အကြီးအကဲများကလည်း သွေဝတ်စုံဓားနတ်ဘုရား၏ နောက်ခံကို ယေဘုယျအားဖြင့် သိရှိထားကြကုန်၏။
ယခုအချိန်ထိ မယုံနိုင်သေးသော မြေးမလေးက မျက်တောင်ရှည်လေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်းမှ အဖွားဖြစ်သူ လီယာရှန်းအား မေးလိုက်သည်။
"အဖွား၊ သူက တကယ်ပဲ သွေးဝတ်စုံဓားနတ်ဘုရားလား"
လီယာရှန်းသည် မြေးမလေး၏ မေးခွန်းကြောင့် အသက်ပြင်းပြင်း ရှူလိုက်သည် ။
"သူပဲ ဖြစ်ရမယ်"
သင်္ဘောပေါ်တွင် သူမနှင့်အတူ နေပူစာလှုံရင်း မည်မျှဆင်းရဲကြောင်း ညည်းညူနေခဲ့သော ပျင်းရိသည့်ထိုလူငယ်မှာ မဟာအုပ်စိုးရှင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူမက မည်သို့ထင်မှတ်ခဲ့မည်နညိး။
မြေးမလေးမှာ ပို၍ပင် စိတ်ရှုပ်ထွေးနေခဲ့သည်။
သူမသည် သွေးဝတ်စုံဓားနတ်ဘုရားနှင့် သူမ၏အဖွားကို အောင်သွယ်ပေးရန်ပင် ကြိုးစားခဲ့ဖူး၏။
ထို့ပြင် ဓားနတ်ဘုရားက သူမ၏ အဖွားနှင့် မထိုက်တန်ဟုပင် တွေးခဲ့ပြန်သည်။
ကံကောင်းထောက်မစွာဖြင့် သူမက ပါးစပ်မှတော့ ဘာမှမပြောခဲ့မိပေ။ သို့မဟုတ်ပါက ဓားနတ်ဘုရားသာ သိသွားခဲ့လျှင်.....။
သူမက ထိတ်လန့်စွာ ကျောတွန့်လိုက်၏။
"သွေးဝတ်စုံဓားနတ်ဘုရား နိုင်မယ်လို့ အဖွား ထင်လား"
သူမ၏ စံပြပုဂ္ဂိုလ်ကြီးကို မမျှော်လင့်ထားဘဲ လူချင်း သိခဲ့ရသည်။ ခရီးစဉ်တစ်လျှောက်တွင် သူမသည် သူ့ကို စနောက်ခဲ့ပြီး တစ်ခါတစ်ရံ ပြက်ရယ်ပင် ပြုခဲ့မိသေးသည်။
ယခု ပြန်တွေးကြည့်သောအခါ အိမ်မက်တစ်ခုကဲ့သို့ ခံစားရ၏။
မည်သို့ဆိုစေ သူမက ဓားနတ်ဘုရားကို နိုင်စေချင်မိသည်။
"ဒါက ခက်ခဲလိမ့်မယ်"
လီယာရှန်းက ကျိယွမ်တို့ပျောက်ကွယ်သွားသောနေရာကို ငေးကြည့်ကာ မရေမရာပြန်ဖြေလိုက်သည်။
ဤအချိန်တွင် ဟင်းလင်းပြင်နေရာလွတ်အတွင်း၌ ဟင်းလင်းပြင်မှအပ ဘာမှရှိမနေဘဲ လူနှစ်ဦးသာ ရှိနေ၏။
ကျိယွမ်နှင့် ဝူကျွင်းတို့သည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်ကာ လေထဲတွင် ဝဲပျံနေကြသည်။
တိုက်ပွဲကို အလျင်စလို စီစဉ်ခဲ့ခြင်းဖြစ်သဖြင့် ကြည့်ရှုသူ ပရိသတ်လည်း မရှိပေ။
သို့သော် အခြားယင်နတ်ဘုရားများက တိုက်ပွဲအကြောင်း သိနေလျှင်ပင် မည်သည့်နေရာတွင် ဖြစ်ပွားနေသည်ကိုတော့ သိရှိကြမည် မဟုတ်သဖြင့် ပရိတ်သတ်ကတော့ ရှိမည်မဟုတ်ပါ ။
ဝူကျွင်းက ကျိယွမ်ကို တစ်ချက်ကြည့်လိုက်စဥ်မှာ သူ၏ ကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာသည်။
ဟင်းလင်းပြင်နယ်မြေသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် သူသည် သူ၏ စွမ်းအားများကို မထိန်းချုပ်ထားတော့ပေ။
ထို့ကြောင့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲပစ်နိုင်လောက်အောင် လွှမ်းမိုးသွားခဲ့သည်။
" မင်းရဲ့ ယုံကြည်မှုက ဘယ်ကလာလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့"
သွေးဝတ်စုံဓားနတ်ဘုရားသည် သူ့ကို စိန်ခေါ်ရန် မည်သို့ကြောင့် ရဲတင်းနေရသနည်းဆိုသည်ကို သူ နားမလည်နိုင် ဖြစ်နေခဲ့သည် မဟုတ်ပါလား။
သွေးဝတ်စုံဓားနတ်ဘုရား၏ တိုက်ပွဲမှတ်တမ်းများတွင် သာမန်အုပ်စိုးရှင်အဆင့် ယင်နတ်ဘုရားအနည်းငယ်ကို သတ်ဖြတ်ခြင်းသာ ပါဝင်သည်။
ကန်းလန်လောကတွင် ကောင်းကင်ဘုံတာအို၏ ဖိနှိပ်မှုကို ခံရသဖြင့် သူ၏အစွမ်းမှာ ယင်နတ်ဘုရား တစ်ဦးကို လွှမ်းမိုးရန် လုံလောက်နိုင်သော်လည်း မဟာအုပ်စိုးရှင်တစ်ဦးနှင့် ယှဉ်လျှင်မူ သူသည် သေတွင်းရှာနေခြင်းသာ ဖြစ်သည်။
"ကျွန်တော် အမြုတေအဆင့်လေးနဲ့တောင် ယင်နတ်ဘုရားတွေကို စိန်ခေါ်ရဲခဲ့တယ်။"
" အခု ကျွန်တော့်ရဲ့ စိတ်ဝိညာဥ်ကို ဖန်တီးပြီးပြီဆိုမှတော့ မဟာအုပ်စိုးရှင် တစ်ယောက်ကို ဘာလို့ မစိန်ခေါ်ရဲရမှာလဲ"
"ရူးသွပ်လိုက်တာ..လှည့်စားနေတာပဲ"
ဝူကျွင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ အဓိပ္ပါယ်မရှိသော စကားများကို သူမကြားလိုတော့ပါ။
သူ၏ အော်ဟစ်သံနှင့်အတူ အစွမ်းထက်လှသော နတ်ဘုရားနယ်ပယ်တစ်ခု ပွင့်ထွက်လာခဲ့သည်။
မဟာအုပ်စိုးရှင်များအကြား တိုက်ပွဲမှာ ရိုးရှင်းပါသည်။ ၎င်းမှာ နတ်ဘုရားနယ်ပယ်များ အချင်းချင်း ထိပ်တိုက်တွေ့ခြင်းပင် ဖြစ်၏။
ဝူကျွင်းသည် တိုက်ပွဲကို မြန်မြန် အဆုံးသတ်ရန် ရည်ရွယ်ချက်ဖြင့် သူ၏ နတ်ဘုရားနယ်ပယ်ကို စတင်ဖွင့်လှစ်လိုက်သည်။
"ငါ့ရဲ့ နတ်ဘုရားနယ်ပယ်က 'ရွှေကိုဖျက်ဆီးခြင်း'လို့ ခေါ်တယ်"
ဝူကျွင်း၏ နတ်ဘုရားနယ်ပယ်တွင် အစွမ်းအထက်ဆုံး စွမ်းအားမှာ သတ္တုစွမ်းအား ဖြစ်ပြီး အမြင့်ဆုံးသော တိုက်စစ်ကို ကိုယ်စားပြုသည်။
နတ်ဘုရားနယ်ပယ် ပွင့်လာသည်နှင့်တပြိုင်နက် မရေမတွက်နိုင်သော ဓားများ၊ လှံများနှင့် လက်နက်များ ဖြစ်ပေါ်လာကာ သူ့ကိုကို တိုက်ခိုက်နေသော အဆုံးမရှိသည့် သတ္တုစွမ်းအင်များကို ကျိယွမ် မြင်တွေ့လိုက်ရသည်။
ထိုတိုက်ခိုက်မှုကို ရင်ဆိုင်ရင်း ကျိယွမ်က တိုးတိုးလေး ရယ်မောလိုက်၏။
"ခင်ဗျားရဲ့ နတ်ဘုရားနယ်ပယ်က... အရမ်းသေးငယ်နေသေးတာပဲ"
ရှေ့တွင် ရှိနေသော နတ်ဘုရားနယ်ပယ်မှာ ကျိယွမ်အတွက် အလွန်သေးငယ်လွန်းနေပုံရပြီး သတ္တုစွမ်းအင်များလည်း ပြောလောက်စရာ များများစားစားမရှိပေ။
ဝူကျွင်းကလည်း ဆင်းရဲသားပါပဲလား။
"ဟွန့်"
ဝူကျွင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
သူ၏ နတ်ဘုရားနယ်ပယ်မှာ မသေးငယ်သည့်အပြင် ၎င်း၏ စွမ်းအင်အဆင့်မှာလည်း မြင့်မားသောကြောင့်သာ ထိပ်တန်းအဆင့် မဟာအုပ်စိုးရှင်များ စာရင်းတွင် ပါဝင်နေသည်မဟုတ်ပါလား။
ဒီကောင်က အခေါင်းမြင်မှ မျက်ရည်ကျမဲ့လူစားပဲ။
ဝူကျွင်းက အေးစက်စွာ ပြောလိုက်သည် ။
"မင်းရဲ့ နတ်ဘုရားနယ်ပယ်က ဘယ်လောက်ကြီးလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့"
စကားသံနှင့်အတူ သတ္တုစွမ်းအင်များသည် ဓားသွားမုန်တိုင်းကဲ့သို့ ရှေ့သို့ တိုးဝင်သွားလေသည်။
သို့သော် ကျိယွမ်မှာ တည်ငြိမ်နေဆဲဖြစ်ပြီး သူ၏ အသံမှာ လေးနက်နေသည်။
"ထည်ဝါပြီး ကြီးကျယ်မြင့်မြတ်လှသောသိတ်ဝိညာဥ်သည် နတ်ဘုရားဘဏ္ဍာတိုက်မှ ထွက်ပေါ်လာစေ၊ ငါ၏ အမိန့်ကို နာခံလော့၊ သတ္တုဓာတ်၏ အစွမ်းပြခြင်း"
ကျိယွမ်က စာသားလိုလို မန္တာန်လိုလို တိုးတိုးလေး ရွတ်ဆိုလိုက်သည်။
သူ၏ အသံနှင့်အတူ ရှေးကျပြီး ကျယ်ပြောလှသော အရှိန်အဝါများ ထွက်ပေါ်နေသည့် စိတ်ဝိညာဥ်တစ်ခုက ဟင်လင်းပြင်နေရာလွတ်အတွင်း ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုအချိန်တွင် ဟင်းလင်းပြင်တစ်ခုလုံး အေးခဲသွားသကဲ့သို့ပင် ခံစားလိုက်ရ၏။
အချိန်မြစ်ကို ဖြတ်ကျော်လာသကဲ့သို့သော ရှေးကျပြီး မူရင်းမဟုတ်သည့် အသံတစ်ခုကလည်း ပဲ့တင်ထပ်လာခဲ့သည် ။
“မဟာသတ္တုဂုဏ်ရည်ရှင် မြင့်မြတ်သော ထိုက်ပိုင်ထိုက်ဟောင် ကြယ်သခင်မှ အမိန့်တော်ကိုနာခံပါတယ်"
ထိုအသံ ပဲ့တင်ထပ်သွားသည်နှင့်အမျှ ဝူကျွင်း၏ အထက်စီးဆန်နေသော အမူအရာမှာ တုန်လှုပ်ခြောက်ခြားမှုသို့ သ်သာစွာ ပြောင်းလဲသွားခဲ့သည်။
သူ ဘာကို မြင်လိုက်ရသနည်း။
သူ၏ နှုတ်ခမ်းများမှာ မရည်ရွယ်ဘဲ တုန်ယင်နေပြီး ကိုယ်ခန္ဓာမှာလည်း ထိန်းမနိုင်သိမ်းမရ တုန်ခါနေခဲ့သည်၊ သူ၏ ဂုဏ်ယူရသော နတ်ဘုရားနယ်ပယ်မှာလည်း ဘာမှပင်မလုပ်ရသေးဘဲ ပျက်စီးလုနီးပါး ယိုင်နဲ့သွား၏။
၎င်းမှာ သာမန်ရိုးရှင်းသော စိတ်ဝိညာဥ်တစ်ခုဖြစ်သော်လည်း သူ၏ အမြင်တွင်မူ ကြယ်တစ်စင်းကဲ့သို့ ကျယ်ပြောလှသော နတ်ဘုရားနယ်ပယ် တစ်ခု ပွင့်လာသကဲ့သို့ မြင်နေရသည်။
ထိုကြယ်မှာ ကန်းလန်လောကထက်ပင် ပို၍ ကြီးမားပုံရသည်။
ကန်းလန်လောကထက် ကြီးမားနေတဲ့ နတ်ဘုရားနယ်ပယ် တစ်ခုလား။
ဤသည်မှာ နတ်ဘုရားနယ်ပယ်တစ်ခုဟု ခေါ်နိုင်သေးပါသလော။
ဤကဲ့သို့သော ယုတ္တိမရှိသည့် နတ်ဘုရားနယ်ပယ်မျိုး မည်သို့ ရှိနိုင်ပါမည်နည်း။
သူသည် လုံးဝ စိတ်ရှုပ်ထွေးသွားပြီး ကိုယ်ခန္ဓာမှာ တုန်ယင်နေခဲ့သည်။
အလွန်တရာ သန့်စင်ပြီး ပြင်းထန်လှသော အကန့်အသတ်မဲ့ သတ္တုစွမ်းအင်များပြည့်နှက်နေပြီး ၎င်းတို့၏ အပိုင်းအစလေး တစ်ခုကပင် သူ၏ နတ်ဘုရားနယ်ပယ်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်နိုင်ပုံရ၏။
ဤကဲ့သို့သော အရာကို သူ မည်သို့ ပြန်လည် တိုက်ခိုက်နိုင်ပါမည်နည်း။
ဒါကြီးက လူမှမဟုတ်တော့တာ..။
---------------