← Chapters

ပေးစာတစ်စောင်

Vol. 23 Ch. 257

ပေးစာတစ်စောင်

Vol. 23 Ch. 257

ဖုန်းကျွင်းကအတွေးများစွာဖြင့် ရှုပ်ထွေးနေသော်လည်း ကျိယွမ်ကတော့ ပေါ့ပေါ့ပါးပါးသာရှိ၏။

"အကြီးအကဲရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်"

သူက ရိုသေစွာ ကျေးဇူးတင်စကားပြောလိုက်သည်‌။

သူသည် အခြားကမ္ဘာသို့ မတော်တဆရောက်ရှိနေသော်လည်း ကမ္ဘာမြေတွင် သင်ယူခဲ့ရသည့် လူကြီးကို ရိုသေ၊ လူငယ်ကို ပေးဝေဟူသော ကောင်းမွန်သည့် အရည်အချင်းများကို ဆက်လက် ထိန်းသိမ်းထားဆဲပင်။

"ဒီနည်းစနစ်တွေကိုတော့ မူလနတ်ဘုရားမျှဝေရေးအသင်းရဲ့ ရည်မှန်းချက်တွေအတွက် အထောက်အကူဖြစ်အောင် ကျွန်တော် လှူဒါန်းပါ့မယ်"

ဖုန်းကျွင်းက ထိုသို့ပြောရင်း သူပြင်ဆင်ထားသော ကျင့်စဉ်များပြည့်နှက်နေသည့် သိုလှောင်အိတ်ကို ထုတ်ပေးလိုက်၏။

ထိုအိတ်ထဲတွင် ကျင့်စဉ်များ ပြည့်နှက်နေသည်‌။သို့သော် ကျိယွမ်ကတော့ ထူးထူးခြားခြား သဘောကျပုံမရပေ။

"ကျွန်တော့်ကို 'မူလနတ်ဘုရား' လို့ မခေါ်ပါနဲ့။ သွေးဝတ်စုံဓားနတ်ဘုရား ဒါမှမဟုတ်ကျိယွမ် လို့ပဲ ခေါ်ပါ"

ဖုန်းကျွင်းမှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း ခေါင်းငြိမ့် သဘောတူလိုက်သည်‌။

ထိုအချိန်တွင် တိတ်ဆိတ်နေသော ဖုန်းရှဲ့ထံမှ အသံထွက်လာခဲ့သည်။

"အဖိုး၊ ဒီနေ့ အဲဒီလူက ဘာအတွက် လာတာလဲ"

ဖုန်းရှဲ့မှာ တည်ငြိမ်လေးနက်နေပြီး ထို ယင်နတ်ဘုရားမထွက်ခွာမီက သူ့အားပြောခဲ့သော စကားများအရ ထိုကိစ္စသည် ဒဏ္ဍာရီလာရတနာနှင့် သက်ဆိုင်နေမည်ဟုတော့ ရိပ်မိ၏။

"မင်း ထင်နေတဲ့အတိုင်းပါပဲ၊ သူက ငါ့နာမည်ကို သုံးပြီး မဟာအုပ်စိုးရှင်မိုလီကို လုပ်ကြံဖို့နဲ့ ဒဏ္ဍာရီလာ အမွေအနှစ်ကို လုယူဖို့ ကြံစည်နေတာလေ"

ဖုန်းကျွင်းက အခြားသူများရှိနေသော်လည်း ဘာမှ မဖုံးကွယ်ဘဲ ပြောပြလိုက်သည်‌။

ဤသို့ လာရောက်တိုက်တွန်းကြသည်မှာ ပထမဆုံးအကြိမ် တော့ မဟုတ်ပေ။ ကောလာဟလများအရ ဖုန်းကျွင်းသည် ဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီးတိုင်ဖုန်း၏ တရားမဝင် သားဖြစ်သည်ဟု ဆိုကြ၏ ။ ထိုကြောင့်အမွေအနှစ်မှာ သူနှင့်လည်းသက်ဆိုင်နေပြီး မိုလီက အပိုင်စီးထားသောကြောင့် ပုန်းကွယ်နေသောယင်နတ်ဘုရား အများအပြားက ၎င်းကို လိုချင်တပ်မက်နေကြခြင်း ဖြစ်သည်‌။

"ဟွန်း၊ ခိုးကြောင်ခိုးဝှက် လုပ်တတ်တဲ့ လူယုတ်မာတွေ"

ဖုန်းရှဲ့က တွေးရင်းတွေးရင်းမှ ဒေါသတကြီး ရေရွတ်လိုက်သည်‌။

"မင်းကော အဲဒီ ဒဏ္ဍာရီလာ အမွေအနှစ်ကို စိတ်ဝင်စားလား"

ဘေးမှ ကြည့်နေသော ကျိယွမ်က တည်ငြိမ်စွာ မေး၏။

ဖုန်းကျွင်းက ခေါင်းခါပြလိုက်ပြီး ပေါ့ပေါ့ပါးပါးဆိုသည်။

"ရရင်တော့ ကံကောင်းတာပေါ့၊ မရရင်လည်း ကံတရားပဲပေါ့"

ကျိယွမ်မှာ အနည်းငယ် အံ့သြသွားလေသည်။ သူက အခြား အဖြေတစ်ခုကို မျှော်လင့်ထားခြင်းဖြစ်၏။

"ဟူး...တကယ်လို့ အဲဒီမိုလီကသာ ငါ့ကို ချစ်စကားဆိုပြီး အမွေအနှစ်ကို လက်ဆောင်အဖြစ် ပေးမယ်ဆိုရင်တော့ သူ့ရဲ့ ရည်းစားအဖြစ် တစ်ရက်လောက် နေပေးဖို့ စဉ်းစားကြည့်ဦးမယ်"

ကျိယွမ်က တွေးတွေးဆဆရေရွတ်သည်။

ဖုန်းကျွင်းကတော့ ထိုစကားကြောင့် ကျိယွမ်အား ထူးဆန်းသလိုကြည့်မိသော်လည်း မည်သည်စကားမှတော့ မဆိုခဲ့ပါ။

ထိုအချိန်မှားပင် ကျိယွမ်က ပို၍ အံ့အားသင့်စရာ ကောင်းသည်ကို ပြောလိုက်သည်‌။

"မီးလျှံဧကရာဇ်...တကယ်လို့ ငါနဲ့ မိုလီနဲ့ ညားသွားရင် ငါက မင်းရဲ့အဖိုး ဖြစ်မသွားဘူးလား"

ကောလာဟလများအရ မိုလီသည် ဖုန်းကျွင်း၏နှမ ဖြစ်သည်‌။ အကယ်၍ ကျိယွမ်သာ မိုလီနှင့် အတူရှိနေပါက သူ၏ အဆင့်အတန်းမှာ မီးလျှံဧကရာဇ်ထက် များစွာ မြင့်မားသွားပေလိမ့်မည်။

"အဲ... အဟမ်း..."

မီးလျှံဧကရာဇ်မှာ ချောင်းဟန့်လိုက်သော်လည်း ဘာပြန်ပြောရမှန်း မသိဖြစ်နေ၏။

"စိတ်မပူပါနဲ့၊ အဲဒီနေ့ ရောက်လာရင်လည်း ငါတို့ဟာ ငါတို့ဘွဲ့အမည်တွေနဲ့ပဲ ခေါ်ကြတာပေါ့"

ကျိယွမ်က ပေါ့ပေါ့ပါးပါး ဖြေရှင်းပေးလိုက်သည်။

နံဘေးတွင်ရှိနေသော ရေခဲတောင်သခင်မကတော့ ကျိယွမ်အား ကြည့်ကာ လက်လျှော့သလို ခေါင်းခါလိုက်တော့သည်။

ထိုအချိန်တွင် လမ်းစဥ်ရှာဖွေရေး နန်းတော်တွင် လီယာရှန်းမှာ ပင်ပန်းနွမ်းနယ်နေပုံ ပေါ်ပြီး သူမ၏ဘေးရှိ မြေးမလေးကတော့ ပင်ပန်းသော်လည်း စိတ်သက်သာရာ ရနေပုံ ရှိ၏။

"အဖိုးရဲ့ အမွေအနှစ်တွေ နောက်ဆုံးတော့ ပြန်ရပြီ"

"ဟုတ်တယ်..အတားအဆီးတချို့ ရှိခဲ့ပေမဲ့ နောက်ဆုံးတော့ ငါတို့ အောင်မြင်သွားပြီ"

လီယာရှန်းက ပြုံးပြီး ပြောသည်‌။ အကြီးအကဲလေ့လွင့်တာအို၏လမ်းညွှန်မှုရှိသော်လည်း လမ်းစဥ်ရှာဖွေရေးနန်းတော်သို့ သွားသည့် ခရီးမှာ စိန်ခေါ်မှုများ ရှိခဲ့လေ၏။ သို့သော်လည်း ငွေကြေးကို အသုံးပြုပြီး အမွေအနှစ်၏ ၄၀ ရာခိုင်နှုန်းကို လှူဒါန်းလိုက်ခြင်းဖြင့် အရာအားလုံးကို ဖြေရှင်းနိုင်ခဲ့သည်‌။

သို့သော် ယန်ခန်းအမည်ရှိသော အုပ်ချုပ်သူ တစ်ဦးကမူ သူမကို အဆက်မပြတ် နှောင့်ယှက်ခဲ့သည်‌။ သူသည် သူမ၏ ကွယ်လွန်သူခင်ပွန်းအပေါ် အငြိုးအတေးထားခဲ့သူတစ်ဦးလည်း ဖြစ်၏။

ယန်ခန်းသည် ကာမဂုဏ်အလွန်လိုက်စားသူဖြစ်သည်။ တစ်ခါက အာဏာသုံးကာ အမျိုးသားတစ်ဦးကို စော်ကားရန်ပင် ကြိုးစားခဲ့ဖူးကြောင်းနှင့် ၎င်းကိုသူမ၏ ခင်ပွန်းက တားဆီးခဲ့၏ ။ ထိုအချိန်မှစ၍ ယန်ခန်းမှာ သူမခင်ပွန်းအပေါ် အငြိုးထားခဲ့ခြင်းဖြစ်လေသည်။

ယခုအချိန်၌ သူမသည် ခင်ပွန်း၏ အမွေအနှစ်ကို လာရောက် တောင်းခံသည်ကိုတွေ့သောအခါ ယန်ခန်းသည် မထီမဲ့မြင် ပြုမူခဲ့ပြီး အမွေအနှစ်အတွက် အပြန်အလှန်အားဖြင့် သူမ၏ ခန္ဓာကိုယ်ကို ပေးဆပ်ရန်ပင် အရိပ်အမြွက် ပြောကြားခဲ့သည်‌။

ကံကောင်းထောက်မစွာဖြင့် လေလွင့်တာအို ကကြားဝင် ဆောင်ရွက်ပေးခဲ့သဖြင့် နောက်ဆုံးတွင် လီယာရှန်းမှာ အမွေအနှစ်ကို ရယူနိုင်ခဲ့၏။

"ချင်းဟုန်မြို့ကိုလာရတာ အောင်မြင်မှုတွေ ရခဲ့ပေမဲ့ သွေးဝတ်စုံဓားနတ်ဘုရားကို မတွေ့ခဲ့ရတာကတော့ တကယ် စိတ်ပျက်စရာပဲ"

မြေးမလေးက အလိုမကျသလို တသသ ပြောသည်‌။

သူတို့ ချင်းဟုန်မြို့သို့ ရောက်ရှိချိန်တွင် ကောင်းကင်ကြီးတစ်ခုလုံး တုန်ခါသွားစေသည့် အသံကြီးကို ကြားခဲ့ရသည်‌။ သွေးဝတ်စုံဓားနတ်ဘုရားသည် မြို့သို့ ရောက်လာပြီး ဝမ်ရှန်းမျှော်စင်မှနေ၍ မိုလီကို အော်ဟစ်သတိပေးခဲ့ခြင်းဖြစ်၏။

ထိုအသံကြောင့် မြေးမလေးမှာအလွန်စိတ်လှုပ်ရှားသွားသော်လည်း အလုပ်များနေသဖြင့် ကိုယ်တိုင်တော့ သွားရောက်မကြည့်ရှုနိုင်ခဲ့ပေ။

ဝမ်ရှန်းမျှော်စင်မှ ဖြစ်ရပ်များနှင့် ဓားနတ်ဘုရား၏ ရဲရင့်သောအမူအရာများအကြောင်း ကြားသိရသောအခါ သူမကြည့်ခွင့်မရလိုက်သည်ကို အလွန် နှမြောတသ ဖြစ်ခဲ့ရသည်‌။

သွေးဝတ်စုံဓားနတ်ဘုရား သို့မဟုတ် မိုလီ၏ လွှမ်းမိုးမှုကြောင့်လား မသိရသော်လည်း ထိုစဉ်က ဓားနတ်ဘုရား၏ ပုံရိပ်ကို မည်သူမျှ မရိုက်ကူးနိုင်ခဲ့သဖြင့် သူမမှာ သူမ၏ အိုင်ဒေါကို တွေ့မြင်ခွင့် မရခဲ့ပေ။

သူမ အလွန်လေးစားအားကျရသူအား တွေ့ဆုံခွင့် လွဲချော်ခဲ့ခြင်းမှာ အကြီးမားဆုံး စိတ်ပျက်မှုတစ်ခုပင် မဟုတ်ပါလား။

"လူအများကြီးကို ထင်သလိုသတ်နေတဲ့ သွေးဝတ်စုံဓားနတ်ဘုရားက နင့်ကိုပါ မှားသတ်သွားမှာ မကြောက်ဘူးလား"

လီယာရှန်းက စိတ်ကြည်လင်နေသဖြင့် မြေးမလေးကို စနောက်လိုက်သည်‌။

"သွေးဝတ်စုံဓားနတ်ဘုရားက စည်းမဲ့ကမ်းမဲ့ မသတ်ပါဘူး။ သေသင့်သေထိုက်တဲ့ သူတွေကိုပဲ သတ်တာပါ"

မြေးမလေးက စစ်မှန်သော ဖန်တစ်ယောက်ပီသစွာ သူမ၏အိုင်ဒေါဘက်မှခချက်ချင်းကာကွယ်၏။

"နင်ကတော့လေ..."

လီယာရှန်းက ချစ်စနိုးဖြင့် ရယ်မောလိုက်သည်‌။

"နင်သိလား..ကျိယွမ်ရဲ့ရုပ်ရည်က သွေးဝတ်စုံဓားနတ်ဘုရားနဲ့တောင် ယှဉ်နိုင်မှာပါ"

"ကျွန်မရဲ့ လေးစားမှုက ရုပ်ရည်နဲ့ မဆိုင်ပါဘူး။ ဒါပေမဲ့ သူကသာ ကျိယွမ်လို ချောနေမယ် ဆိုရင်တော့ ကျွန်မရဲ့ အိပ်မက်သူရဲကောင်း ဖြစ်မှာ အသေအချာပဲ ..ဟိဟိ .."

မြေးမလေးက ထိုသို့ပြောရင်းမှ လျာလေးတစ်လစ်ထုတ်ပြီး ဇတ်ကလေးပုသွား၏။

"စိတ်ကူးယဉ်နေတာ ရပ်လိုက်တော့။ ကျိယွမ်နဲ့ သွားတွေ့ပြီး သူ့ကို လမ်းစဥ်ရှာဖွေရေးနန်းတော်ဆီ ခေါ်သွားရအောင်"

လီယာရှန်းက တိုက်တွန်းလိုက်သည်‌။

ကျိယွမ်ကို လမ်းစဥ်ရှာဖွေရေးနန်းတော်သို့ မိတ်ဆက်ပေးမည်ဟု ကတိပေးထားခဲ့သော်လည်း ကိုယ်ရေးကိုယ်တာများကို အရင်ဆုံးဖြေရှင်းနေရသေးသဖြင့် ယခုမှသာ ကူညီနိုင်သည်။

"အင်း... အဲဒီ ကျိယွမ်သာ နည်းနည်းလောက် ပိုသန်မာရင် သူ့ကို ကျွန်မရဲ့ အဖိုးအဖြစ် လက်ခံလိုက်မှာ။ ဘာပဲပြောပြော ဒီလောက် ချောတဲ့ အဖိုး ရှိရတာလည်း မဆိုးပါဘူး"

မြေးမလေးက အဖွားဖြစ်သူအား နောက်ပြောင်လိုက်သည်‌။

လီယာရှန်းက မြေးမလေးကို "နင့်ကိုတော့ မနိုင်ဘူး" ဆိုသောအကြည့်ဖြင့် မျက်စောင်းထိုး၏။သူမက ရင့်ကျတ်ပြီးသားဖြစ်သောကြောင့် မဖြစ်နိုင်သည်များကို စိတ်ကူးယဥ်နေစရာမရှိပါ။

သူမတို့ နှစ်ဦးမှာ လမ်းစဥ်ရှာဖွေရေးနန်းတော်မှ ထွက်ခွာလာပြီး ကျိယွမ်နှင့် ချိန်းဆိုထားသော နေရာသို့ ဦးတည် ထွက်ခွာလာခဲ့ကြသည်‌။

ချင်းဟုန်၏လမ်းမများမှာ စည်ကားနေပြီး မြို့ထဲတွင် သာမန်လူများကဲ့သို့ လှုပ်ရှားသွားလာနေသော ကျင့်ကြံသူများဖြင့် ပြည့်နှက်နေသည်‌။ ချင်းဟုန်မြို့တွင် သာမန်လူ ဟူ၍ မရှိသလောက်ရှားပါးပြီး အများစုမှာ ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူများဖြစ်ကြ၏။

ရံဖန်ရံခါတွင် စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများကိုပင် တွေ့မြင်နေရသည်‌။

ကျိယွမ်သည် လူအုပ်ကြားတွင် ရပ်နေရင်း အသစ်ရရှိထားသော နည်းစနစ်များကို လေ့လာနေသည်‌။ ကျိယွမ်ကျမ်းအတွက် ရနိုင်သမျှနည်းစနစ်တိုင်းကို စုဆောင်းနေရ၏။ သူသည် ရလာသမျှနည်းစနစ်တိုင်းကို အထင်မကြီးသော်လည်း တစ်ခုချင်းစီမှာ အတွေးအမြင်သစ်များကို ပေးစွမ်းနိုင်သည်ကိုတော့ သူမငြင်းနိုင်ပါ။

ရိုးရိုးရှင်းရှင်း ပြောရလျှင် ကမ္ဘာကြီး၏ စည်းမျဉ်းများသည် ၁၀၀ ရှိပြီး ၎င်းတို့မှာ နည်းစနစ်အားလုံးတွင် ပြန့်ကျဲနေသည်‌။

ကျိယွမ်သည် ထိုစည်းမျဉ်း ၁၀၀ လုံးကို ပြည့်သည်အထိစုဆောင်းကာ ကျိယွမ်ကျမ်း ကို ဆက်လက် ဖန်တီးနေခြင်းဖြစ်၏။

ထို့အပြင် သူအားလပ်ချိန်ရတိုင်းတွင် ထိုနည်းစနစ်များကိုသေချာလေ့လာပြီး ကန်းလန်နယ်မြေ၏ စည်းမျဉ်းများကို အပြည့်အဝနားလည်ရန်လည်း ကြိုးစားနေ၏။

"ကျိယွမ်၊ ရှင် ..ရောက်နေပြီလား"

အဝါရောင်ဝတ်စုံဝတ်ထားသော ချစ်စဖွယ် မိန်းကလေးတစ်ယောက်က သူ့ကို အဝေးမှ လက်လှမ်းပြကာ လှမ်းခေါ်လိုက်သည်‌။

သူမဘေးတွင် လီယာရှန်းလည်းရှိနေပြီး ကျိယွမ်ကို ကြင်နာသောနွေးထွေးသောအမူအရာဖြင့် ချစ်ခင်ရသောမျိုးဆက်ဝင်တစ်ဦးကဲ့သို့ ကြည့်ရှုနေသည်‌။

ကျိယွမ်က သူတို့ထံအမြန်လျှောက်လာပြီး သူ၏ဝတ်ရုံထဲမှ သေသပ်လှပစွာ ထွင်းထုထားသော ဝိုင်အိုးလေးတစ်လုံးကို ထုတ်ယူလိုက်ကာ အဝါရောင်ဝတ်စုံဝတ် မိန်းကလေးထံ ပစ်ပေးလိုက်၏။

"မင်းက သောက်ရတာ ကြိုက်တယ် မဟုတ်လား ၊ ဒါလေး တွေ့လို့ လှတယ် ထင်တာနဲ့ လက်ဆောင်ပေးဖို့ ဝယ်လာလိုက်တာ"

ကျိယွမ်မှာ ယဉ်ကျေးမှုရှိသူ တစ်ဦး ဖြစ်သည်‌။ အမျိုးသမီးနှစ်ဦးက သူ့ကို လမ်းစဥ်ရှာဖွေရေးနန်းတော်နှင့် မိတ်ဆက်ပေးရန် ကူညီခဲ့သဖြင့် လက်ဆောင် ပြန်ပေးရန် လိုအပ်သည်ဟု သူယူဆ၏။

ထိုဝိုင်အိုးမှာ ဝမ်ရှန်းမျှော်စင်မှ ယူဆောင်လာခြင်းဖြစ်ပြီး လင်လုံအိုးဟု ခေါ်သည်‌။ ထိုအိုးမှာ မျှော်စင်တာဝန်ခံနှင့် ဖုန်းနန်းတော်မှအကြီးအကဲတစ်ဦးက ကျိယွမ်တို့အား ခိုးယူသည်ဟု စွပ်စွဲခဲ့သောပစ္စည်းလည်းဖြစ်၏။ သူတို့က စွပ်စွဲပြီးဖြစ်သဖြင့် ကျိယွမ်ကလည်း အလကားစွပ်စွဲမခံရစေရန် တကယ်ပဲ ယူလာခဲ့ခြင်းပင်။

မယူဘဲနဲ့ယူတယ်အပြောခံရတာ မတန်ဘူး ၊ တန်သွားအောင် တစ်ခါတည်းယူခဲ့လိုက်တယ် ၊ အဲဒါဆို တန်သွားရော ..။

မြေးမလေးက လင်းလုံအိုး၏သင်းပျံ့သော ရနံ့ကို ရှူရှိုက်ကြည့်ပြီး အလွန်သဘောကျသွားသည်။

"ဒါ တကယ့် အိုးကောင်းပဲ။ နင့်အတွက် အများကြီး ကုန်ကျသွားမှာပေါ့"

သူမက ကျိယွမ်ကို ရင်းနှီးစွာဖြင့် လီယာရှန်းဆီသို့ မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ အကယ်၍ သူသာ သူမ၏အဖွားကို လိုက်ချင်နေခြင်းဖြစ်ပါက သူမက ကူညီပေးမည်ဟု အရိပ်အယောင် ပြလိုက်ခြင်းပင်။

ကျိယွမ်က သူမ၏သဘောကို နားလည်ပုံမရပေ ။

"ဘာမှ မကုန်ပါဘူး ၊ အားမနာပါနဲ့ "

လီယာရှန်းက လက်ရာမြောက်စွာထွင်းထုထားသောအိုးကို ကြည့်လိုက်ပြီး ၎င်းမှာ သာမန်ပစ္စည်း မဟုတ်ကြောင်း ခံစားမိ၏။

ထိုအချိန်တွင် ကျိယွမ်၏ နောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်‌။

"စီနီယာ၊ တစ်ယောက်ယောက်က ဒီစာကို ပေးခိုင်းလိုက်လို့ပါ"

ကျိယွမ်၏ နောက်ကွယ်တွင် ညစ်ပတ်ပေရေနေသော သူတောင်းစားတစ်ဦးရောက်နေပြီး လက်ထဲတွင် စာတစ်စောင်ကို ကိုင်ထားကာ ကျိယွမ်အား လေးစားစွာပြုံးပြနေသည်‌။

အကြောင်းမှာ ဤစာလေးကို ပေးရုံဖြင့် သူက ဝိညာဉ်ကျောက်တုံးတစ်ရာကို ဆုလာဘ် ရရှိမည် ဖြစ်သောကြောင့်ပင်။ထိုကျောက်တုံးများကိုသာရပါက သူ၏သမီးမှာ ပိုမိုကောင်းမွန်သော ကျင့်ကြံရေး အရင်းအမြစ်များကို ရရှိနိုင်ပေတော့မည်။ဖခင်တစ်ယောက်၏ ပိတီများဝေဖြာနေသောအပြုံး​မှာ ညစ်ပတ်နေသောပုံစံနှင့်မလိုက်အောင်ပင် အသက်ဝင်နေ၏။

"ငါ့အတွက် စာလား"

ကျိယွမ် စိတ်ဝင်စားသွားသည်။

လီယာရှန်းက ခေါင်းခါလိုက်ပြီး အသံလွှင့်ကာ သတိပေးလိုက်သည် ။

"သတိထားဦး၊ ဒါက ထောင်ချောက် ဖြစ်နိုင်တယ်"

ကျိယွမ်က သူမအားစိတ်မပူရန်ပြုံးပြပြီး စာကိုယူကာ ဖွင့်ကြည့်လိုက်သောအခါ သာမန် စာရွက်ဖြူတစ်ရွက်ကို တွေ့ရသည်‌။

ထိုစာရွက်ပေါ်တွင် စာလုံးအနည်းငယ်ကို သေသပ်စွာ ရေးသားထား၏။

"အမှောင်နေမင်းလာနေပြီ။ ပြေးတော့"

"အမ်.."

ကျိယွမ်၏ နက်မှောင်သောမျက်ခုံးများ ကျုံ့သွား၏။ထိုသတင်းစကားမှာ မတိကျဘဲ တော်တော်လေးဝေဝါးလွန်းသည်ဟု ခံစားရသည်‌။

၎င်းမှာ သူ့အပေါ် စေတနာရှိသူ တစ်ဦးက အမှောင်နေမင်းဟု ခေါ်သော အန္တရာယ်ရှိသည့် အရာတစ်ခု လာနေပြီဖြစ်ကြောင်းနှင့် သူ့ကို ထွက်ပြေးရန် အကြံပြုထားသည့် သတိပေးချက် ဖြစ်ပုံရသည်‌။

ထွက်ပြေးရမယ် ၊၊ဒါကတော့ မဖြစ်နိုင်တာပဲ။

ကျိယွမ်သည် သူ၏ စွမ်းအားမှာ အဆင့်ကောင်းသော အထက်တန်းကျောင်းသား တစ်ဦးလောက်သာရှိသေးသည်ဟု နှိမ့်ချတွေးတောနေသော်လည်း မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း အပေါ်တွင်မူ အပြည့်အဝ ယုံကြည်မှု ရှိပါသည်‌။

ဒါပေမဲ့ ဘယ်သူက ငါ့ကိုသတိပေးတာလဲ။ပြီးတော့ အမှောင်နေမင်းဆိုတာကရော ဘယ်သူလဲ။

သူက အလွန်ဖော်ရွေစွာပြုံးပြနေသော သူတောင်းစားကို မေးလိုက်သည်။

"ဘယ်သူက ဒီစာကို ပေးခိုင်းတာလဲ"

သူတောင်းစားက သွက်လက်စွာစကားစရန် ပြင်လိုက်သော်လည်း ရုတ်တရက် သူ၏ မျက်လုံးများမှာ အေးခဲသွားပြီး တောင့်တင်းသွာလေသည်။

ဘုန်း...

သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် သွေးမြူများအဖြစ် ပေါက်ကွဲသွား၏။

လီယာရှန်းမှာ မျက်နှာ ပျက်သွားပြီး သွေးမြူများ မထိစေရန် စွမ်းအင်ဖြင့် ကာကွယ်လိုက်သည် ။ ထိုအတူ အလွန်သတိထားသော အမူအယာဖြင့် အသင့်ဖြစ်သွား၏။

သို့သော် ထိုသူတောင်းစား မည်သို့ သေဆုံးသွားသည်ကိုတော့ သူမ နားမလည်နိုင် ဖြစ်နေသည်‌။

"ဘာဖြစ်တာလဲ ၊ သမီးတို့ တိုက်ခိုက်ခံရတာလား"

မြေးမလေးမှာလည်း ထပ်တူထိတ်လန့်သွားပြီး ပတ်ဝန်းကျင်ကို အကဲခတ်သည်။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကတော့ ဘာမှ မဖြစ်သကဲ့သို့ သူတို့ အလုပ်များကိုသာ ဆက်လုပ်နေကြသည်‌။ကျင့်ကြံခြင်းလောကတွင် ထိုကိစ္စမှာ သာမန်ဖြစ်ရိုးဖြစ်စဥ်တစ်ခုဖြစ်သောကြောင့် မည်သူကမှ အထူးအဆန်းမဖြစ်ပါ။

ကျိယွမ်ကတော့ ထိတ်လန့်ခြင်းမရှိဘဲ တည်ငြိမ်နေဆဲဖြစ်ပြီး သွေးစက်တစ်စက်စင်နေသောသူ၏လက်ကို ကြည့်လိုက်သည်‌။

"နေ့ခင်းကြောင်တောင် ကြည်လင်နေတဲ့ ကောင်းကင်အောက်မှာ လမ်းပေါ်က အပြစ်မဲ့တဲ့လူတစ်ယောက်ကို သတ်ရဲတယ် ၊ သူတို့မှာ ဥပဒေကို လေးစားမှုဆိုတာ မရှိဘူးလား"

သူက တည်ငြိမ်နေသော်လည်း ဒေါသမထွက်ဟု မဆိုလိုပါ ။ သူ၏ရှေ့တွင်ရှိနေပြီး သူနှင့်စကားပြောနေသူကိုသတ်ခြင်းမှာ သူ့ကို စိန်ခေါ်လိုက်ခြင်း ဖြစ်သည်‌။

ဤသို့သော အပြုအမူများသည် ကျင့်ကြံရေးလောက၏ ကိုယ်ကျင့်တရား စံနှုန်းများကို ပျက်ပြားစေခြင်းဟု သူယူဆ၏။

ကျိယွမ်အတွက်မူ ဤသည်မှာ လောင်ရွှီး၏ မြင့်မြတ်သော ကတိသစ္စာများကို ချိုးဖောက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။

ငါက ဘယ်သူလဲဆိုတာ ဒီကောင်တွေ မသိကြလို့လား။

သူသည် ကန်းလန်နယ်မြေ၏ ကိုယ်ကျင့်တရား စောင့်ထိန်းသူဖြစ်ပြီး ကိုယ်ကျင့်တရား မရှိသူ အမြောက်အမြားကို အများအကျိုးအတွက် သတ်ဖြတ်ခဲ့သူ ဖြစ်သည်‌။

သူလို ကိုယ်ကျင့်တရားအရာ၌ ထိပ်ဆုံးတွင်ရပ်တည်နေသော သိုင်းသမားတစ်ယောက်ရှေ့တွင် သူနှင့်စကားပြောနေသူအား သတ်ရဲသည်မှာ သူ့ကို စော်ကားခြင်းပင် မဟုတ်ပါလား။

ကျိယွမ်မှာ တွေးရင်းတွေးရင်း အလွန် ဒေါသထွက်နေသည်‌။

အဝါရောင်ဝတ်စုံဝတ်ထားသော မြေးမလေးက စိတ်မချမ်းသာစွာသက်ပြင်းချ၏။

"တကယ် သနားစရာ ကောင်းတဲ့လူပဲ..."

သို့သော် လီယာရှန်းကတော့ သတိထားနေဆဲပင်။

"ကျိယွမ်၊ သတိထားဦး"

ကျိယွမ်သည် သူ၏ လက်ပေါ်က သွေးစက်နှင့် စာရွက်ကို သေချာစိုက်ကြည့်နေသည်‌။ ကံမကောင်းစွာဖြင့် သူ၏ မျက်လုံးများက ဘာသတင်းအချက်အလက်မှ မဖော်ပြပေးနိုင်ပေ။

သူက မျက်မှောင်ကြုတ်ကာ စာကို အိတ်ထဲ ထည့်လိုက်သည်‌။

"ငါ လမ်းစဥ်ရှာဖွေရေးနန်းတော်က ပြန်လာတဲ့အခါ၊ အဲဒီ ဥပဒေမဲ့တဲ့ ရာဇဝတ်ကောင်ကို မဖြစ်မနေ တရားစီရင်ရမယ်"

သူ့ရှေ့တင် လူသတ်သွားသည်ကို သူ လုံးဝ သည်းမခံနိုင်ပေ။

လီယာရှန်းက ဘာမှ ထပ်မပြောတော့ဘဲ ကျိယွမ်ကို လမ်းစဥ်ရှာဖွေရေးနန်းတော်သို့ ဦးဆောင် ခေါ်သွားခဲ့သည်‌။

လူအများအတွက် သူတောင်းစားတစ်ယောက်မှာ အရေးမပါသောလူတစ်ဦးဖြစ်သဖြင့် ကျိယွမ်မှလွဲ၍ မည်သူကမျှ သူ၏သေဆုံးမှုကို အာရုံမရှိကြပါ။ သူ၏ ဘဝမှာ ဘာမှမဟုတ်သကဲ့သို့ သူ သေဆုံးခြင်းကိုလည်း မည်သူမျှ ဂရုမစိုက်ကြပါ‌။

"သွားရအောင်.."

လမ်းစဥ်ရှာဖွေရေးနန်းတော်မှာ ချင်းဟုန်မြို့၏ မြောက်ဘက်တွင် တည်ရှိပြီး တောင်တန်းကြီးများကြားတွင် တည်ရှိသည်‌။

အဝေးမှကြည့်လျှင်ပင် တောင်တန်းများကြားတွင်ရှိနေသော ခန့်ညားထည်ဝါသည့်အဆောက်အဦးအစုအဝေးကြီးကို မြင်နေရ၏။

တိမ်တိုက်များနှင့် မြူခိုးများကြားတွင် မြင့်မားသောနန်းတော်များနှင့် ခန်းမဆောင်များမှာ အခြားကမ္ဘာတစ်ခုသို့ ရောက်နေသကဲ့သို့ ထင်မှတ်ရလောက်သည်‌။

အခုရက်များအတွင်း ခဏခဏ လာခဲ့သော လီယာရှန်းကတော့ ထိုနေရာနှင့် ရင်းနှီးနေပြီး သူမကိုလည်း နန်းတော်၏ အဖွဲ့ဝင် တစ်ဝက်အဖြစ်ပင် သတ်မှတ်ထားကြ၏။

ထို့ကြောင့် လီယာရှန်း၏ဦးဆောင်မှုကြောင့် ကျိယွမ်ကို မည်သူမျှ မတားဆီးကြပေ။

မကြာမီတွင် သူတို့သည် ခန့်ညားသောတံတားများနှင့် တောင်ထိပ်များကို ဖြတ်ကျော်ပြီးနောက် နန်းတော်ကြီးတစ်ခု၏ ရှေ့သို့ ရောက်လာကြ၏။

"ဒီတစ်ခါ ငါတို့ တွေ့ရမှာက အကြီးအကဲ ဖူလွီပဲ၊ သူက ခရမ်းရောင် နန်းတော်အဆင့် ဖြစ်ပြီးတော့ လမ်းစဥ်ရှာဖွေရေးနန်းတော်ရဲ့ ပြင်ပရေးရာတွေကို ဆုံးဖြတ်နိုင်တဲ့ အာဏာရှိတယ်"

လီယာရှန်း၏ စကားကို ကျိယွမ်က ခေါင်းငြိမ့်ပြလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

မြေးမလေးကတော့ သိပ်မကျေနပ်သလို အနည်းငယ်စူပုတ်နေ၏။

"လမ်းစဥ်ရှာဖွေရေးနန်းတော်က လူတွေက နည်းနည်း မောက်မာတတ်ကြတယ်။ ငါတို့ အကြာကြီး စောင့်ချင်စောင့်နေရမှာ"

"ရပါတယ်၊ ငါ မလောပါဘူး"

ကျိယွမ်က အလိုက်သင့်ပြန်ပြောရင်း ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်သည်‌။

ထို့နောက် ရုတ်တရက် သူက သူမတို့ဘက်သို့လှည့်ကာ မထင်ထားသောမေးခွန်းကို မေးလာ၏။

"မင်းတို့ ငါ့ကို စည်းကမ်း အရမ်းလိုက်နာလွန်းနေတယ်လို့ ထင်လား"

ယနေ့ သူတောင်စားသေဆုံးသည်ကို မြင်လိုက်ရခြင်းက ကျိယွမ်ကို အရာများစွာ စဉ်းစားမိစေခဲ့သည်‌။

ဤကမ္ဘာတွင် စည်းကမ်းမလိုက်နာသူများ အလွန်များနေ၏။

တစ်ယောက်ယောက်က ငါ့ကို ပိုင်စိုးပိုင်နင်းနဲ့ စာပို့ပြီး ငါတောင်ဘာမှမမေးရသေးခင် စာပို့တဲ့သူကို သတ်သွားတယ် ။

ဤသည်မှာ ကျိယွမ်ကို အလွန် ဒေါသထွက်စေသည်‌။

ယခုသေချာစဥ်းစားကြည့်မှ စည်းကမ်းဖောက်ဖျက်သူများကို ကိုင်တွယ်ရန်အတွက် သမားရိုးကျနည်းလမ်းများက မလုံလောက်ပေ ။ သူကိုယ်တိုင်လည်း စည်းကမ်းလိုက်နာနေမှုကို စွန့်လွှတ်ပြီးတုန်ပြန့်သင့်သည်ဟု ကျိယွမ် သဘောပေါက်ယုံကြည်သွားသည်‌။

အမှောင်ထဲကကောင်တွေကို တွေ့ချင်ရင် အမှောင်ထဲကိုသွားမှရမယ်။

ထို့သို့ မဟုတ်ပါက စည်းကမ်းများက သူ့ကိုသာ အနှောင့်အယှက် ပေးနေလိမ့်မည် ဖြစ်သည်‌။

"ရှင့်မှာ အစွမ်းမရှိသေးခင်မှာ စည်းကမ်းလိုက်နာတာက ပိုပြီး အသက်ရှည်ရှည် နေနိုင်ဖို့အတွက် ကောင်းပါတယ်"

လီယာရှန်းက ကျိယွမ် အဘယ်ကြောင့် ဤသို့မေးသည်ကို နားမလည်သော်လည်း သူမ၏ အမြင်ကို သေချာပြောပြသည်‌။

ကျိယွမ်က သူမ၏စကားကို အနည်းငယ် စဉ်းစားကြည့်လိုက်ပြီး ခေါင်းညိတ်၏။

"မင်း ပြောတာ မှန်တယ်။ စည်းကမ်းဆိုတာ အားကြီးတဲ့သူတွေက အားနည်းတဲ့သူတွေကို ထိန်းချုပ်ဖို့ သတ်မှတ်ထားတာပဲ။ အခုရော... ငါက အားမကြီးလို့လား"

ထို့နောက်...

ကျိယွမ်မှာ သူသည် အင်အားကြီးသော်လည်း ကြင်နာလွန်းပြီး စည်းကမ်းများကြားတွင် ပိတ်မိနေခဲ့ကြောင်း ရုတ်တရက် သတိပြုမိသွားသည်‌။

အကယ်၍ သူသာ စည်းကမ်းမလိုက်နာခဲ့လျှင် သူ့ရှေ့တွင် လူသတ်ရဲသည့်သူ မည်သို့ ရှိနိုင်မည်နည်း။

သေချာပေါက် မရှိနိုင်ပေ။

သူသာ စည်းကမ်းတွေကို သတ်မှတ်လိုက်လျှင် လူတိုင်းက လိုက်နာရပေလိမ့်မည်။

ငါက စည်းကမ်းတွေကိုလိုက်နာရမှာမှ မဟုတ်တာ ၊ ငါက စည်းကမ်းတွေကို သတ်မှတ်ပေးရမှာ။

"ငါ လူသတ်တာ နည်းနေသေးပုံပဲ"

ကျိယွမ်က နောင်တရစွာ ရေရွတ်လိုက်သည်‌။

"ဘယ်သူမှ ငါ့ကို မကြောက်ကြဘူး၊ ဒါက မကောင်းတဲ့ အချက်ပဲ"

ကျိယွမ်သည် သူကိုယ်တိုင်လည်း ဗီလိန်တစ်ယောက် ဖြစ်လာနိုင်ခြေရှိကြောင်း သဘောပေါက်သွားသည်‌။

အဲဒီလို ဖြစ်နေမှတော့ ဘာလို့ စည်းကမ်းတွေကို လိုက်နာနေရမှာလဲ။

ဒီနန်းတော်ရဲ့သခင် ဝူကျွင်းဆီကို တိုက်ရိုက် သွားလို့ရနေတာကို ဘာလို့ ဒီလို အောက်​ခြေကနေ အဆင့်ဆင့် လုပ်နေရမှာလဲ။

ကျိယွမ်၏ အတွေးများမှာ ထိုအချိန်တွင် ရှင်းလင်းသွားတော့သည်‌။

ငါက သိပ်ပြီးစည်းကမ်းတွေကို လိုက်နာလွန်းနေပြီ။

ထိုစဉ် လှောင်ပြောင်သံတစ်သံက သူ၏အတွေးများကို ဖြန်တောက်သွားစေသည်‌။

"အကြီးအကဲဖူလွီ က ဒီနေ့ အလုပ်များနေတယ်၊ ဒါကြောင့် မင်းတို့ သူ့ကို တွေ့ရမှာ မဟုတ်ဘူး"

ဝဖိုင့်ဖိုင့်နှင့်လူလတ်ပိုင်း အမျိုးသားတစ်ဦး ပေါ်လာခဲ့သည်‌။ သူ၏ခန္ဓာကိုယ်မှာ ခေါင်းနှင့် မလိုက်အောင် သိသိသာသာ ကြီးမားနေပြီး မြင်ရသည်မှာ သွေးစုပ်ထားသော ကြမ်းပိုးလိုလို မွှားလိုလို ဖြစ်နေ၏။

သူသည် လီယာရှန်းကို တပ်မက်စွာကြည့်လိုက်ပြီးနောက် ကျိယွမ်ဘက်သို့ ပြင်းထန်သော အကြည့်များဖြင့် လှည့်ကြည့်လိုက်သည်‌။

လီယာရှန်းမှာ ထိုလူကို မြင်လိုက်ရသောအခါ မျက်နှာပျက်သွားလေသည်‌။

သူမသည် ယနေ့ ထိုလူနှင့် မဆုံမိစေရန် အတော်လေး ရှောင်ခဲ့ခြင်းပင် ။

သို့သော် သူမ၏ ကြိုးစားမှုမှာ အချည်းနှီး ဖြစ်သွားပုံရ၏။

ဤဝဖိုင့်ဖိုင့် ကျင့်ကြံသူမှာ သူမကို အမြဲ နှောင့်ယှက်နေသော ယန်ခန်း ပင်မဟုတ်ပါလား။

ယခုစကားကို ကြားရသောအခါ ယန်ခန်းသည် သူမတို့အား ဖူလွီနှင့် မတွေ့ရအောင် တမင်တကာ နှောင့်ယှက်နေခြင်း ဖြစ်ကြောင်း လီယာရှန်း ချက်ချင်း သိလိုက်သည်‌။

စိတ်မကောင်းစရာမှာ သူမ အလွန်ဒေါသထွက်သော်လည်း ထုတ်မပြရဲပေ။

မြေးမလေးကတော့ ဒေါသတကြီးဖြင့် ကိုယ်ကြီးခေါင်းသေးယန်ခန်းကို စိုက်ကြည့်နေသည်‌။

ကျိယွမ်က ယန်ခန်းကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး တည်ငြိမ်စွာမေးလိုက်၏။

"ဒီနေ့ ငါတို့ ဖူလွီကို မတွေ့ရအောင် မင်း တမင် လုပ်နေတာလား"

သူ့အား လူငယ်လေးတစ်ယောက်က မာထန်စွာပြန်ပြောနေသဖြင့် ယန်ခန်းမှာ ခဏတာ အံ့အားသင့်သွားပြီးမှ တဟားဟား ရယ်မောလိုက်သည်‌။

"မင်းက အရမ်း ပွင့်လင်းတာပဲ။ ငါ ဘာမှ မနှောင့်ယှက်ပါဘူး၊ လူကောင်းတစ်ယောက်ကို မစွပ်စွဲပါနဲ့။ ဒါပေမဲ့ မင်းကသာ တန်ဖိုးတစ်ခုခု ပေးမယ်ဆိုရင်တော့ အကြီးအကဲ ဖူလွီနဲ့ တွေ့ဖို့ ငါ စီစဉ်ပေးနိုင်ပါတယ်"

ကမ်းလှမ်းမှုနှင့်အတူ သူ၏ မျက်လုံးများထဲတွင် လောဘရိပ်များ ထင်ဟပ်နေသည်‌။

"အေးပါ၊ ငါ မင်းကို အလကား စွပ်စွဲမနေတော့ဘူး ။ မင်းရဲ့ ခေါင်းကိုပဲ ဖြတ်ပစ်တော့မယ်"

ကျိယွမ်၏ အသံမှာ အလွန်တည်ငြိမ်နေပြီး သာမန်ကိစ္စလေးတစ်ခုကို အသိပေးနေသည့်အလားပင်။

သို့သော် ကြားလိုက်ရသော လူတိုင်းကတော့ မယုံနိုင်စွာ အံ့အားသင့်သွားကြသည်‌။နားကြားမှားသလားဟု ထင်မိသူများပင်ရှိ၏။

"ဘာကွ"

ယန်ခန်းမှာ ဒေါသထွက်သွားသည် ။ ဤပုရွက်ဆိတ်လေးက အဘယ့်ကြောင့် ဤမျှပါးစပ်ဆိုးနေရသနည်း။

"ကောင်လေး..မင်းက သေချင်..."

"နားညည်းတယ်..."

သွေးရောင်ဓားအလင်းတစ်ချက် လက်သွားပြီးနောက် ယန်ခန်း ဘာမှပြန်မလုပ်နိုင်ခင်မှာပင် သူ၏သေးငယ်သောဦးခေါင်းမှာ ကြီးမားသောကိုယ်ထည်မှ ပြတ်ထွက်သွားတော့သည်‌။

၎င်းမှာ အလွန် မြန်ဆန်လွန်းသဖြင့် လီယာရှန်းမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။ သူမသည် ကျိယွမ်က ထိုအလောင်းကို စကားပြောနေသည်ကိုသာ ကြည့်နေရသည်‌။

"မင်းရဲ့ ခေါင်းက ပုခုံးနဲ့ မလိုက်အောင် သေးနေလို့ ငါက ကူညီပြီး ပြင်ဆင်ပေးလိုက်တာပါ ၊ နည်းနည်းပိုလှတဲ့ ခေါင်းလေးရှာတပ်ပေါ့ "

ထို့နောက် သူက အလောင်းအားလျစ်လျူရှကာ အခြားသူများကို ဝေ့ကြည့်ပြီး အေးစက်စွာ မေးလိုက်သည်။

"ဒီတန်ဖိုးလောက်ဆို တွေ့ဖို့လုံလောက်ပြီလား"

--------------

All Chapters