နျိုနျိုက အကာအကွယ်ပေးမယ့်သူရှိတဲ့ ကလေး
Vol. 1 Ch. 7
ကုမင်တာ့ ၏ စကားများသည် ကျန်းကွမ်းကျုံးကို အကျပ်ရိုက်သွားစေသည်။
အစောပိုင်းက ငွေ ၆ တုံးနှင့် ကမ်းလှမ်းသည်ကို လက်မခံလိုက်မိသည့်အတွက် သူ နောင်တရနေမိသည်။
ယခုတွင် သူသည် မတ်တတ်ရပ်လျက် အကြံအစည်များစွာ ခေါင်းထဲတွင် လှည့်ပတ်နေသည်။
မွေးစားမည့်အစီအစဉ်ကို သူ ငြင်းပယ်နိုင်သည်။
သို့သော် ရောဂါသည် ကလေးမလေးက ဘာအသုံးဝင်မည်နည်း။
အိမ်မှုကိစ္စပင် မလုပ်နိုင်ဘဲ သူမကို ဆက်ထားခြင်းသည် ဝန်ထုပ်ဝန်ပိုး တစ်ခုသာ ဖြစ်လိမ့်မည်။
နျိုနျို အိမ်ပြန်ရောက်ပြီးနောက် ရောဂါကြောင့်ဖြစ်စေ၊ ထိခိုက်မှုကြောင့်ဖြစ်စေ သေဆုံးသွားပါက ဆုံးရှုံးမှုကို ကာမိရန် တစ်ခုတည်းသော နည်းလမ်းမှာ တစ္ဆေမင်္ဂလာဆောင် စီစဉ်ခြင်းသာ ဖြစ်သည်။
သို့သော် ထိုသို့ပြုလုပ်ပါက ကုမင်တာ့ က လက်စားချေသည့်အနေဖြင့် သူက နျိုနျို့ကို သတ်လိုက်သည်ဟု ကောလာဟလ ဖြန့်လိမ့်မည်။
ကျန်းကွမ်းကျုံးသည် အသုံးချခံရသလို ခံစားနေရသော်လည်း နောက်ဆုံးတွင် ပြောလိုက်သည်။
"ကောင်းပြီလေ... ငွေ ၅ တုံးနဲ့ ဈေးတည့်တယ်"
ကုမင်တာ့ ခေါင်းညိတ်လိုက်ပြီး စာရေးကိရိယာများ ထုတ်ကာ အကြောင်းရင်းနှင့် အကျိုးဆက်များကို ရှင်းလင်းစွာ ဖော်ပြလျက် မွေးစားစာချုပ် တစ်စောင်ကို ချက်ချင်း ရေးသားလိုက်သည်။
ကုမင်တာ့ ၏ စေ့စပ်သေချာသော ပြင်ဆင်မှုကို မြင်သောအခါ ကျန်းကွမ်းကျုံးသည် မလိုလားသော်လည်း လက်မှတ်ထိုးပြီး လက်ဗွေနှိပ်လိုက်ရသည်။
အစကတည်းက ကုမင်တာ့ သည် အကြွေးတင်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ သူ၏ မူလအစီအစဉ်မှာ တစ္ဆေမင်္ဂလာဆောင်အတွက် ရမည့်ငွေပမာဏအတိုင်း ပေးချေပြီး ဤကိစ္စကို အပြီးတိုင် ရှင်းလင်းပစ်ရန်ဖြစ်သည်။
ဤနည်းဖြင့်သာ ကုမိသားစုသည် ကလေးပြန်ပေးဆွဲသည်ဟူသော ဂုဏ်သတင်းဆိုးမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။
အဖွားစိုင်က သူမ၏သားကဲ့သို့ မဟုတ်ဘဲ ပျော်ရွှင်နေသည်။ တောက်ပသော ငွေတုံးများကို မြင်လိုက်ရသောအခါ သူမ၏ ပါးစပ်က နားရွက်တက်ချိတ်မတတ် ပြုံးဖြဲဖြဲ ဖြစ်သွားသည်။
ထွက်မသွားခင် ကုမိသားစုကို "စေတနာ" ဖြင့် သတိပေးရန် မမေ့ပေ။
"နင်တို့က ဂြိုဟ်ဆိုးမကို ဝယ်ဖို့ အကြီးအကျယ် ကြိုးစားထားတာဆိုတော့ နောက်ကျရင် ဒုက္ခရောက်ကြလိမ့်မယ်"
သူမ၏ သွေးခွဲစကားများအတွက် တုံ့ပြန်မှုမှာ အဖွားကုက တံမြက်စည်းဖြင့် လိုက်ရိုက်ပြီး မောင်းထုတ်လိုက်ခြင်းပင် ဖြစ်သည်။
သို့သော် ကုမိသားစု တံခါးပိတ်လိုက်သည်နှင့် ချွေးမကြီး ချန်ချွန်ဟွာသည် နျိုနျို အနားတွင် ရှိနေသည်ကို ဂရုမစိုက်ဘဲ ပြောလိုက်သည်။
"အမေ... ဒုတိယမောင်လေးဆီမှာ ပိုက်ဆံတော်တော်များများ ရှိတာပဲ... သူက ဂြိုဟ်ဆိုးမကို ဝယ်မယ်ပြောပြီး တကယ် ဝယ်လာတာပဲ..."
စကားမဆုံးခင်မှာပင် အဖွားကုက သူမကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။
"ဘယ်သူ့ကို ဂြိုဟ်ဆိုးမလို့ ခေါ်နေတာလဲ... နင် ဘယ်သူ့အကြောင်း ပြောနေတာလဲ... အခု နျိုနျိုက ငါ့အိမ်ရောက်နေပြီ... သူက ကုမိသားစုဝင် ဖြစ်သွားပြီ... အပြင်လူတွေက အဲ့ဒီလို ပြောတာ ထားလိုက်တော့... နင်က ကိုယ့်မိသားစုအချင်းချင်း ဒီလိုပြောရဲတယ်ပေါ့... နင်က ငါတို့မိသားစုကို ရယ်စရာဖြစ်အောင် လုပ်နေတာလား"
ထို့နောက် အဖွားကုသည် "ဂြိုဟ်ဆိုးမ" ဟူသော စကားကြောင့် စိတ်မကောင်းဖြစ်နေသည့် နျိုနျိုကို ကြည့်ပြီး နှစ်သိမ့်လိုက်သည်။
"နျိုနျို... သမီးအဒေါ် ပြောတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်နဲ့နော်... သမီးက ဂြိုဟ်ဆိုးမ မဟုတ်ဘူး... သမီးက ဒီမိသားစုရဲ့ မြေးမလေး... မှတ်ထားနော်"
ကြောက်လန့်နေသော ကလေးမလေးကို နှစ်သိမ့်ရန်အတွက် အမြဲတမ်း မျက်နှာထား တင်းမာလေ့ရှိသော အဖွားကုသည် အတင်းအဓမ္မ ပြုံးပြလိုက်သည်။
သို့သော် ဤအပြုံးသည် ငိုသည်ထက်ပင် ဆိုးရွားနေပြီး အခန်းတွင်းမှ မှိန်ဖျော့ဖျော့ အလင်းရောင်နှင့် ပေါင်းစပ်လိုက်သောအခါ ကလေးတစ်ယောက်ကို ငိုအောင် ခြောက်လှန့်ရန် လုံလောက်နေသည်။
သုံးနှစ်အရွယ် ကုရှောင်ပေါင်သည် တကယ် ကြောက်လန့်သွားပြီး ချက်ချင်း ထငိုလေတော့သည်။
အဖွားကု၏ မျက်ခွံများ ချက်ချင်း တွဲကျသွားသည်။
သို့သော် နျိုနျိုကမူ လုံးဝ ကြောက်လန့်ပုံ မရပေ။ သူမသည် အဖွားကုထံသို့ ဦးဆောင်လျှောက်သွားပြီး အဖွားဖြစ်သူ၏ လက်ကို ကိုင်ကာ လိမ္မာစွာ ပြောလိုက်သည်။
"အဖွား... သမီး မှတ်မိပါတယ်"
အဖွားကု၏ အေးစက်မာကျောသော မျက်နှာထား ချက်ချင်း ပျော့ပျောင်းသွားသည်။
မိန်းကလေးများက ပိုပြီး စာနာနားလည်တတ်သည်ဟု တွေးမိကာ ကလေးမလေး၏ လက်ကို ညှစ်လိုက်ပြီး ငိုနေဆဲဖြစ်သော မြေးယောက်ျားလေးကို အထင်သေးစွာ ကြည့်လိုက်သည်။
အဖွားကုသည် ရွာထဲတွင် နာမည်ကြီးသော အဒေါ်ကြီး ဖြစ်သော်လည်း နျိုနျိုအတွက်မူ လုံးဝ ကြောက်စရာမကောင်းပေ။
နျိုနျို တိတ်တဆိတ် တွေးလိုက်မိသည်။
"မြေးမလေးတွေကို မဆူတဲ့ အဖွားတွေ ရှိတာပဲ... အဖွားကုက ကမ္ဘာပေါ်မှာ အကောင်းဆုံး အဖွားပဲ"
အဖွားကု၏ ဆူပူမှုကို ခံရပြီးနောက် ချန်ချွန်ဟွာသည် "ဂြိုဟ်ဆိုးမ" ဟူသော စကားလုံးကို ထပ်မပြောရဲတော့ပေ။ သို့သော် အပြင်လူတစ်ယောက်ကို ဝယ်ယူရန် ငွေ ၅ တုံး သုံးလိုက်သည်ကို တွေးမိတိုင်း မကျေမနပ် ဖြစ်နေဆဲပင်။
"ဒုတိယမောင်လေးက လွန်ခဲ့တဲ့ နှစ်တွေက စာလေ့လာနေတာဆိုတော့ အိမ်မှုကိစ္စတွေကို ဝင်ပါခဲပါတယ်... ဒါပေမယ့် သူက ပိုက်ဆံတွေ အများကြီး သုံးတယ်... အခု သူ ဘယ်ကနေ ဒီလောက် ပိုက်ဆံတွေ အများကြီး ရလာလဲ မသိဘူး"
ချန်ချွန်ဟွာက ငွေ ၅ တုံး ကိစ္စကို ထပ်မံ ပြောဆိုပြန်သည်။
အဖွားကုက သူမကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
"ဒုတိယသားက နင့်ပိုက်ဆံ သုံးလို့လား... နင်က ဘာလို့ တစ်နေ့ကုန် စကားတွေ အများကြီး ပြောနေရတာလဲ"
ချန်ချွန်ဟွာက ပြောလိုက်သည်။
"အခု အမေက အိမ်ကို ဦးစီးနေတုန်းပဲ ရှိသေးတယ်... ဒုတိယမောင်လေးက သူ့ရဲ့ လျှို့ဝှက်ကြွယ်ဝမှုတွေကို ဖုံးကွယ်ထားတယ်... သူက အမေ ပင်ပန်းဆင်းရဲတာကို လုံးဝ ဂရုမစိုက်ဘူး..."
အဖွားကုက တဲ့တိုးပင် ပြောလိုက်သည်။
"ပိုက်ဆံအကြောင်း ဖုံးကွယ်ထားတာ ပြောမှ... နင့်အခန်းထောင့်မှာ ဖွက်ထားတဲ့ ငွေစတွေကို မသိတဲ့သူ ဘယ်သူရှိလို့လဲ"
ချန်ချွန်ဟွာ၏ အကြီးမားဆုံး လျှို့ဝှက်ချက်သည် ချက်ချင်း ပေါက်ကြားသွားသည်။ သူမ၏ မျက်လုံးများသည် စိုးရိမ်တကြီး ဟိုဟိုဒီဒီ ကြည့်လိုက်ပြီး မိသားစုတစ်ခုလုံး၏ စူးစမ်းသော အကြည့်များအောက်တွင် ဗလုံးဗထွေး ပြောလိုက်သည်။
"ကျွန်မ အခန်းထောင့်မှာ ဘာပိုက်ဆံမှ မဖွက်ထားပါဘူး... အမေ မှားနေတာ နေမှာပါ"
အဖွားကုက နှာခေါင်းရှုံ့လိုက်သည်။
ချန်ချွန်ဟွာ ဘာဆက်ပြောရမှန်းမသိသဖြင့် သူမ၏ မရီး လျူအာနီ ကို လှမ်းကြည့်လိုက်သည်။
လျူအာနီသည် စိတ်ထဲမှနေ၍ မရီးဖြစ်သူ၏ တိုက်ခိုက်လိုစိတ် မရှိခြင်းကို လှောင်ပြောင်လိုက်သော်လည်း သူမတွင်လည်း အလားတူ ခံစားချက် ရှိနေသည်။
နှစ်ယောက်စလုံး မိသားစုထဲသို့ နောက်ထပ် လူတစ်ယောက် ရောက်လာသည်ကို မလိုလားကြပေ။ သူမက ပြောလိုက်သည်။
"အမေ... မရီးက မကောင်းတဲ့သဘောနဲ့ ပြောတာ မဟုတ်ပါဘူး... အခုချိန်မှာ မိသားစုက ပြေလည်တာ မဟုတ်ဘူးလေ... ကလေးတွေ အများကြီးကို ကျွေးမွေးဖို့က ခက်ခဲနေပြီသား... ကိုယ့်သွေးသားရင်း ကလေးတွေဆိုရင်တော့ ကိစ္စမရှိပါဘူး... ဒါပေမယ့် သူတို့က သွေးသားတော်စပ်တာ မဟုတ်ဘူး... နောက်ထပ် စားမယ့်သူ တစ်ယောက် တိုးလာရင် ကျန်တဲ့ မိသားစုဝင်တွေ လျှော့စားရမယ်ဆိုတဲ့ သဘောပဲ... အဲ့ဒါက သားအကြီးဆုံးနဲ့ တတိယသားတို့ မိသားစုအတွက် မတရားဘူးလို့ ထင်ပါတယ်"
အဖွားကု စကားမပြောနိုင်ခင် ကုမင်တာ့ က ရုတ်တရက် ပြောလိုက်သည်။
"အမေ... အစ်ကိုကြီးနဲ့ ညီလေးတို့ မိသားစုက မကျေနပ်ချက်တွေ များနေမှတော့ အိမ်ခွဲလိုက်ကြမလား... သစ်ပင်ကြီးတစ်ပင်က အကိုင်းအခက်တွေ ခွဲထွက်တာ သဘာဝပါပဲ"
ထိုစကားကို ကြားသောအခါ သားအကြီးဆုံးနှင့် တတိယသားတို့ မိသားစုဝင်များ ထိတ်လန့်သွားကြသည်။
အဖွားကုက ဒုတိယသားကို သဘောမကျစွာ ကြည့်လိုက်သည်။
"အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့... ငါ မသေသေးဘူး"
သားအကြီးဆုံးနှင့် တတိယသားတို့ ဟန်မဆောင်နိုင်တော့ဘဲ ကုမင်တာ့ ကို ပြောလိုက်ကြသည်။
"ညီလေး.. အစ်ကို... မင်း နားလည်မှု လွဲနေပြီ... ငါတို့က မိသားစုပိုင်ဆိုင်မှု ခွဲဝေဖို့ လုံးဝ ရည်ရွယ်ချက် မရှိပါဘူး"
ကုမင်တာ့ က သူတို့ကို မဲ့ပြုံးပြုံးလျက် ကြည့်ပြီး ပြောလိုက်သည်။
"ဟုတ်လို့လား... ကျွန်တော့်သမီး ဒီအိမ်ရောက်တာ ပထမဆုံးနေ့ပဲ ရှိသေးတယ်... ခင်ဗျားတို့ရဲ့ မိန်းမတွေက သူ့ကို မကြိုက်ကြတော့ဘူး... ဒါ အစ်ကိုကြီးနဲ့ ညီလေးရဲ့ အကြံလို့ ထင်နေတာ"
သားအကြီးဆုံးနှင့် တတိယသားတို့ ထိုစကားကို ကြားသောအခါ အမှန်တကယ် အပြစ်ရှိစိတ် ခံစားလိုက်ရသည်။
သို့သော် အဖွားကုသည် သားသုံးယောက်ကြားတွင် သဘောထားကွဲလွဲမှု မရှိစေလိုသဖြင့် ကုမင်တာ့ ကို ပြောလိုက်သည်။
"ဒုတိယသား... ညီအစ်ကိုတွေကြား သဟဇာတဖြစ်မှုကို ထိခိုက်စေမယ့် စကားတွေ မပြောနဲ့"
သူမသည် အခြားသားနှစ်ယောက်ဘက် လှည့်ပြီး ဆူပူလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်တွေတုန်းက မိသားစုက ချိုးခြံချွေတာပြီး နင်တို့ ညီအစ်ကိုသုံးယောက်ကို ကျောင်းထားပေးခဲ့တယ်... ဒါပေမယ့် နင်တို့နှစ်ယောက်က ဘာမှနားမလည်ခဲ့ကြဘူး... ဒုတိယသားတစ်ယောက်ပဲ ဇွဲရှိခဲ့တာ... နင်တို့ကိုယ်တိုင် ရည်မှန်းချက် မကြီးခဲ့တာ နင်တို့အပြစ်ပဲ... ဘာလို့ နင်တို့မိန်းမတွေကို ဒီလို သိမ်ဖျင်းတဲ့ စကားတွေ ပြောခိုင်းနေရတာလဲ"
သားအကြီးဆုံးနှင့် တတိယသားတို့ ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်ကြသည်။
အဖွားကုက ဆက်ပြောသည်။
"ဒုတိယသားက အရင်တုန်းက မိသားစုပိုက်ဆံ သုံးခဲ့တယ်... ဒါပေမယ့် သူက အဆပေါင်းများစွာ ပြန်ဆပ်ပြီးပြီ... သူက နင်တို့လို လယ်ထဲမဆင်းပေမယ့် ပိုက်ဆံတွေ အများကြီး ရှာပေးခဲ့တယ်... အဲ့ဒါက သူ့မိသားစု လိုအပ်ချက်အတွက် လုံလောက်မှု ရှိမရှိ နင်တို့ သိပါတယ်"
ဒါက ကုမိသားစု၏ သားအကြီးဆုံးနှင့် တတိယသားတို့ အိမ်မခွဲချင်ရသည့် အကြောင်းရင်းပင် ဖြစ်သည်။
ကုမင်တာ့ သည် သာမန်မဟုတ်သော ပညာတတ်တစ်ဦး ဖြစ်သည်။
သူသည် ကျောင်းသားတစ်ဦးသာ ဖြစ်ပြီး ရာထူးမရသေးသော်လည်း ဉာဏ်ရည်ထက်မြက်ပြီး ငွေကြေးမရှားပါးပေ။
ကုမင်တာ့ ငွေကြေး ထောက်ပံ့လာပြီးကတည်းက မိသားစု၏ ဘဝအခြေအနေ သိသိသာသာ တိုးတက်လာခဲ့သည်။
"မိသားစုမှာ စားစရာ မလောက်ငဘူး" ဟူသော ချန်ချွန်ဟွာ၏ ပြောဆိုချက်များမှာ လုံးဝ အဓိပ္ပာယ်မရှိပေ။
တစ်ရွာလုံးတွင် ကုမိသားစုထက် ပိုမိုကောင်းမွန်စွာ နေထိုင်နိုင်သူ မရှိပေ။ မိသားစုကြီး ဖြစ်သော်လည်း တစ်လတစ်ကြိမ် အသားဟင်း စားနိုင်ကြသေးသည်။
သူငယ်ပြန်နေပြီး အလုပ်မလုပ်နိုင်တော့သော အဖိုးကုကို အခြားမိသားစုများသာဆိုလျှင် ဝန်ထုပ်ဝန်ပိုးဟု သတ်မှတ်ပြီး တိတ်တဆိတ် စွန့်ပစ်ထားကြလိမ့်မည်။
သို့သော် ကုမိသားစုသည် သူ့ကို ကောင်းမွန်သော အစားအသောက်များ ကျွေးမွေးထားနိုင်သည်မှာ သူတို့၏ လက်ရှိ ကြွယ်ဝချမ်းသာမှုကို သက်သေပြနေခြင်းပင်။
ကုမိသားစု၏ သားအကြီးဆုံးနှင့် တတိယသားတို့သည် မိခင်ဖြစ်သူ၏ ဖိအားပေးမှုကြောင့် ကုမင်တာ့ ကို တောင်းပန်လိုက်ရသည်။
သူတို့၏ အမှားကို အမှန်တကယ် အသိအမှတ်ပြုကြသော်လည်း စိတ်မသက်မသာ ဖြစ်နေဆဲပင်။
အမြဲတမ်း အကင်းပါးသော ကုမင်တာ့ က သူတို့ကို ပြောလိုက်သည်။
"အစ်ကိုကြီး... ညီလေး... မနက်ဖြန် ကျွန်တော် ခရိုင်မြို့မှာ ကိစ္စရှိတယ်... တစ်ယောက်တည်း လုပ်ရတာ ခက်တယ်... သေချာ စဉ်းစားကြည့်တော့ ကိုယ့်ညီအစ်ကိုတွေပဲ အားကိုးရမယ်ဆိုတာ သိလိုက်ရတယ်... ခင်ဗျားတို့နှစ်ယောက် လိုက်ခဲ့ပေးဖို့ အကူအညီတောင်းပါရစေ"
ထိုစကားကို ကြားသောအခါ သားအကြီးဆုံးနှင့် တတိယသားတို့၏ မျက်လုံးများ တောက်ပသွားသည်။ ကုမင်တာ့ နှင့် ခရိုင်မြို့သို့ လိုက်သွားတိုင်း ဘာကိစ္စပဲဖြစ်ဖြစ် အတူတကွ သောက်စားလေ့ရှိကြသည်။ ဒီတစ်ခါလည်း မထူးမခြားနား ဖြစ်လိမ့်မည်။
သူတို့ သဘောတူသည်ကို မြင်သောအခါ ကုမင်တာ့ ၏ နှုတ်ခမ်းများ ကွေးညွတ်သွားပြီး ပြုံးလိုက်သည်။ ယောက်ျားချင်း ပဋိပက္ခများကို အရက်တစ်ခွက်ဖြင့် ဖြေရှင်းနိုင်သည်။
အဖွားကု သက်ပြင်းချလိုက်ပြီး စိတ်ထဲတွင် တွေးလိုက်မိသည်။
သူမက ကုမင်တာ့ ကို မျက်နှာလိုက်ခြင်း မဟုတ်ဘဲ ဒုတိယသားက အလွန် ပါးနပ်သောကြောင့်သာ ဖြစ်သည်။ သားအကြီးဆုံးနှင့် တတိယသားတို့သာ သူ့ကို ပြစ်မှားမိလျှင် တကယ် ဒုက္ခရောက်ကြပေလိမ့်မည်။
အိမ်ထဲတွင် အပျော်ဆုံးလူမှာ နျိုနျိုပင် ဖြစ်သည်။ သူမသည် လူကြီးများကြားမှ ရန်ပွဲများကို နားမလည်ပေ။ သူမ၏ နှလုံးသားနှင့် မျက်လုံးများတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။
နျိုနျိုသည် နောက်ဆုံးတွင် မိသားစု အမုန်းခံရသော ကလေးတစ်ယောက် မဟုတ်တော့ပေ။ သူမ၏ မိဘအသစ်များနှင့် အဖွားအသစ်တို့သည် အလွန် ကောင်းမွန်ကြသည်။