ကုရှီ
Vol. 1 Ch. 8
ကုမိသားစုသည် ကြီးမားသဖြင့် ထမင်းစားချိန်တွင် စားပွဲနှစ်လုံးခွဲပြီး စားရသည်။
အမျိုးသားများက စားပွဲတစ်လုံးတွင် ထိုင်ပြီး အမျိုးသမီးများက အခြားစားပွဲတစ်လုံးတွင် ထိုင်ကြသည်။
နျိုနျိုသည် ကျန်းယွင်နန်၏ဘေးတွင် လိမ္မာစွာ ထိုင်နေသည်။ သူမ အလွန်ဗိုက်ဆာနေသော်လည်း အစားအစာများကို အလုအယက် စားသောက်နေသော သူမ၏ဝမ်းကွဲများဖြစ်သည့် ကုတာ့ယာ နှင့် ကုရှောင်ယာ တို့နှင့်မတူဘဲ အစားအစာများရှေ့တွင် လိမ္မာစွာ နေထိုင်သည်။
အဖွားကုသည် နျိုနျို၏ အပြုအမူကို သဘောကျပြီး အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"အဖွား... ညစာ မရသေးဘူးလား... သမီး အရမ်းဗိုက်ဆာနေပြီ"
ကုတာ့ယာ က ဗိုက်ကိုပွတ်ရင်း အော်ဟစ်လိုက်သည်။
အဖွားကုက သူမကို စူးစိုက်ကြည့်ပြီး ပြောလိုက်သည်။
"နင် အသက်ဘယ်လောက်ရှိပြီလဲ... စားဖို့ပဲ သိတယ်... ယဉ်ကျေးမှု လုံးဝ မရှိဘူး"
ကုတာ့ယာ သည် အဆူခံရသော်လည်း ရှက်ရွံ့ခြင်းမရှိဘဲ အစားအသောက် ချပေးရန် အဖွားကုကို ဆက်လက် တိုက်တွန်းနေသည်။
အဖွားကုက ဆက်ပြောမနေတော့ပေ။ ပန်းကန်လုံးကြီး တစ်လုံးကို ယူလိုက်ပြီး လူအရေအတွက်အလိုက် ဆန်ကြမ်းများကို ခွဲဝေပေးလိုက်သည်။
စားပွဲပေါ်တွင် ဟင်းများများစားစား မရှိပေ။
မုန်လာဥကြော်တစ်ပွဲနှင့် တောဟင်းရွက်ပြုတ်တစ်ပွဲသာ ရှိသည်။
မုန်လာဥကြော်နှင့် တောဟင်းရွက်ပြုတ်တို့သည် ဆီမပါသလောက် နည်းပါးစွာ ချက်ပြုတ်ထားသဖြင့် ညှိုးနွမ်းပြီး အရောင်အဆင်း မရှိသကဲ့သို့ ဖြစ်နေသည်။
သို့သော် ဤသည်မှာ နျိုနျိုအတွက်မူ ရှားပါးသော စားကောင်းသောက်ဖွယ်ပင် ဖြစ်သည်။
ကျန်းမိသားစုအိမ်တွင် သူမသည် နူးညံ့သော တောဟင်းရွက်များကိုပင် စားခွင့်မရခဲ့ဘဲ ဝါးရခက်သော တောဟင်းရွက် ရိုးတံများကိုသာ စားခဲ့ရသည်။
သူမ၏ပန်းကန်လုံးထဲတွင် ရရှိသော ဆန်ကြမ်းအနည်းငယ်မှာ လက်ချောင်းဖြင့် ရေတွက်၍ပင် ရနိုင်သည်။
ကုတာ့ယာ က မကျေမနပ် ညည်းညူလိုက်သည်။
"သမီးတို့ အသားမစားရတာ ၁၀ ရက်ကျော်နေပြီ... ကြက်ဥတောင် မစားရဘူး"
အဖွားကုသည် ချက်ချင်းပင် ကုတာ့ယာ၏ အမေ ချန်ချွန်ဟွာ ကို ကြည့်ပြီး ပြောလိုက်သည်။
"နင်က နင့်သမီးကို မင်းသမီးလေးလို အလိုလိုက်ပြီး ပျိုးထောင်နေတာလား... ငါတို့က ဘယ်လိုမိသားစုမို့လို့ အသားတွေ ကြက်ဥတွေ အမြဲစားနိုင်မှာလဲ... တခြားမိသားစုတွေလိုဆိုရင် သမီးမိန်းကလေးက ထမင်းတစ်ဝက်ပဲ စားရမှာ"
ချန်ချွန်ဟွာက ရှက်ရွံ့စွာ ပြုံးလိုက်သည်။ ကုမိသားစုသည် အခြားမိသားစုများနှင့် မတူပေ။ ရွာထဲတွင် ယောက်ျားလေးကို ဦးစားပေးသော ဓလေ့ ထွန်းကားနေသော်လည်း အဖွားကုသည် ထိုအကျင့်ဆိုးများကို လက်မခံပေ။
သူမသည် မြေးယောက်ျားလေးနှင့် မြေးမိန်းကလေးကို တန်းတူ မဆက်ဆံနိုင်သော်လည်း မြေးယောက်ျားလေးကို ကျွေးမွေးနေချိန်တွင် မြေးမိန်းကလေးကို အငတ်ထားလေ့ မရှိပေ။
"အမေ... ညစာအတွက် ကြက်ဥလေး ဘာလေး ကြော်ပါလား... ကျွန်မတို့ အသားမစားရတာ ကြာပြီ"
ချန်ချွန်ဟွာက အရှက်မရှိဘဲ ပြောလိုက်သည်။
အဖွားကုက သူမကို စူးစူးဝါးဝါး စိုက်ကြည့်ပြီး ပြောလိုက်၏။
"အိပ်မက်မက်နေလိုက်"
ချန်ချွန်ဟွာ ဘာမှဆက်မပြောတော့သော်လည်း သူမ၏မျက်လုံးများက တူကိုကိုင်ပြီး မုန်လာဥကြော်တစ်ဖတ် ယူရန် ပြင်နေသော နျိုနျိုထံသို့ ရောက်သွားကာ ချက်ချင်းပင် တမင်သက်သက် ချောင်းဟန့်လိုက်သည်။
နျိုနျို မော့ကြည့်လိုက်ရာ သူမကို မနှစ်သက်သော အဒေါ်ကြီး၏ တင်းမာသော အကြည့်ကို တွေ့လိုက်ရသဖြင့် ကြောက်လန့်သွားပြီး တူကို ပြန်ရုတ်လိုက်ကာ ဟင်းမယူရဲတော့ပေ။
နျိုနျို အိမ်သို့ ရောက်ခါစဖြစ်၍ ကျန်းယွင်နန်က ကလေးကို အထူးဂရုစိုက် စောင့်ကြည့်နေသည်။
ထိုအဖြစ်အပျက်ကို မြင်သောအခါ သူမသည် မရီးဖြစ်သူ၏ စူးရှသော အကြည့်ကို မမြင်သကဲ့သို့ ဟန်ဆောင်လိုက်ပြီး မုန်လာဥကြော် တစ်ဖတ်ကို နျိုနျို့ပန်းကန်ထဲသို့ အတင်းထည့်ပေးလိုက်သည်။
"လောက်ရဲ့လား... မလောက်ရင် အမေ ထပ်ထည့်ပေးမယ်"
ပြောရင်းနှင့် ကျန်းယွင်နန်က တောဟင်းရွက်ပြုတ် အများအပြားကို ယူပြီး နျိုနျို့ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
ချန်ချွန်ဟွာ မကျေမနပ်ဖြစ်ကာ ပြောလိုက်သည်။
"ခယ်မလေး... နျိုနျိုက အသက်ဘယ်လောက် ရှိသေးလို့လဲ... ဒီလောက် အများကြီး ကုန်ပါ့မလား... အလကား မဖြစ်စေနဲ့ဦး"
တောရွာများတွင် အစားအသောက် ဖြုန်းတီးခြင်းသည် အကြီးမားဆုံး တားမြစ်ချက်ဖြစ်သည်။
စားပွဲဝိုင်းရှိ လူတိုင်း နျိုနျိုကို ချက်ချင်း ဝိုင်းကြည့်လိုက်ကြသည်။
သို့သော် နျိုနျိုသည် အလွန်သေးငယ်ပြီး ထိုအချိန်တွင် သူမသည် ပန်းကန်ထဲသို့ မျက်နှာအပ်ကာ စားသောက်ချင်နေပြီဖြစ်သည်။
သူမ၏ မျက်နှာလေးမှာ သေးငယ်သော်လည်း တူဖြင့် အစားအစာများကို ပါးစပ်ထဲသို့ လျင်မြန်စွာ ထည့်နေသည်မှာ ပုံရိပ်ယောင်ကျန်ခဲ့လောက်သည်အထိ မြန်ဆန်လှသည်။
သူမသည် အငမ်းမရ စားသောက်နေသော်လည်း သူမ၏ စားပုံစားနည်းမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ အလွန် လှပနေသည်။
ခဏအကြာတွင် သူမ၏မျက်နှာထက် ပိုကြီးသော ပန်းကန်လုံးထဲရှိ ဆန်ကြမ်းများကို ကုန်စင်အောင် စားသောက်လိုက်သည်။
"ဘုရားရေ... ငါတို့မိသားစုထဲမှာ ငတ်ကြီးကျနေတဲ့သူ ရောက်လာတာပဲ"
ချန်ချွန်ဟွာက ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
နျိုနျို ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်သည်။
သူမသည် သေးငယ်ပိန်လှီသော်လည်း သာမန်လူထက် ပိုစားနိုင်၏။
ကျန်းမိသားစုအိမ်တွင် သူမ ဗိုက်ဝအောင် စားခွင့်မရပေ။ ဗိုက်ဆာလွန်းသဖြင့် မြက်ပင်များ ဝါးစားနေသည်ကို တွေ့လျှင် ကျန်းအဖွားနှင့် ချွေးမတို့က သူမကို ဆူပူကြိမ်းမောင်းလေ့ရှိသည်။
"အဲ့လိုစားနိုင်တာ ကောင်းချီးမင်္ဂလာပဲလေ... ငါ့သမီးလေး ဗိုက်ဝအောင်စားမှ သန်မာပြီး ကျန်းမာဝဖြိုးလာမှာ... အဲ့ဒါမှ အမေလည်း စိတ်ချရမှာပေါ့"
ကျန်းယွင်နန်က ပြုံးလျက် ပြောဆိုပြီး နျိုနျို၏ ပခုံးကို ပုတ်ပေးလိုက်သည်။
နျိုနျို ချက်ချင်း မော့ကြည့်လိုက်သည်။ သူမသည် ကျန်းယွင်နန်၏ မျက်လုံးများကို စိုက်ကြည့်လိုက်ရာ မနှစ်မြို့သည့် အရိပ်အယောင် လုံးဝ မတွေ့ရသဖြင့် စိတ်သက်သာရာ ရသွားသည်။
သို့သော် သူမ၏ လက်သီးသေးသေးလေးများကို ဆုပ်ထားပြီး ပြောလိုက်သည်။
"အမေ... သမီး နောက်ဆိုရင် လျှော့စားပါ့မယ်... သမီး မီးမွှေးတတ်တယ်... တောင်ပေါ်က ထင်းခွေတတ်တယ်... ဝက်စာ ဖြတ်တတ်တယ်... အဝတ်လျှော်တတ်တယ်... ဒီအလုပ်တွေ သမီးကို ခိုင်းလို့ရပါတယ်"
နျိုနျိုသည် ၅ နှစ်သာ ရှိသေးသော်လည်း ရိုးရှင်းသော စိတ်ထား ရှိပြီးသားဖြစ်သည်။ သူမတွင် ပျင်းရိခြင်း သို့မဟုတ် ကောက်ကျစ်ခြင်း လုံးဝ မရှိပေ။
ကျန်းယွင်နန် ဝမ်းနည်းသွားသည်။ တောရွာမှ မိန်းကလေးများသည် ငယ်ရွယ်စဉ်ကတည်းက လယ်လုပ်ငန်းခွင်တွင် ကူညီလုပ်ကိုင်လေ့ ရှိကြသော်လည်း ၅ နှစ်အရွယ် ကလေးတစ်ယောက်က ဤမျှ အလုပ်များစွာ လုပ်တတ်သည်မှာ ရှားပါးလှသည်။
ကျန်းယွင်နန်က မငြင်းဘဲ ပြောလိုက်သည်။
"ကောင်းပြီလေ... သမီးလေး လာကူညီမှာကို အမေ စောင့်နေမယ်"
မိသားစုအတွက် အသုံးဝင်ကြောင်း သိလိုက်ရသဖြင့် နျိုနျို ချက်ချင်း ပြုံးလိုက်သည်။
ကျန်းယွင်နန်က ထပ်မေးလိုက်၏။
"ဗိုက်ဝပြီလား"
ထိုစကားကို ကြားသောအခါ နျိုနျို တိတ်ဆိတ်သွားသည်။ သူမ၏ မွေးစားမိခင်ကို မလိမ်ချင်သော်လည်း သူမ၏ဗိုက်မှာ တစ်ဝက်သာ ပြည့်သေးသည်။
"မဝသေးရင် ထပ်ထည့်စား... ငါတို့ ကုမိသားစုက အစားအသောက် မတတ်နိုင်တဲ့ မိသားစု မဟုတ်ဘူး"
အဖွားကုက အေးစက်စွာ ပြောလိုက်ပြီး နျိုနျို့ပန်းကန်ထဲသို့ ဆန်ကြမ်း ဇွန်းကြီးတစ်ဇွန်း ထပ်ထည့်ပေးလိုက်သည်။
နျိုနျို အလွန် ဝမ်းသာသွားပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အဖွား"
နျိုနျိုက သူမကို နောက်ဆုံးတွင် ပြုံးပြသည်ကို မြင်လိုက်ရသဖြင့် အဖွားကု၏ နှုတ်ခမ်းထောင့်စွန်းတွင် မသိမသာ အပြုံးရိပ်တစ်ခု ပေါ်လာသည်။
ယောက်ျားလေးများ၏ စားပွဲဝိုင်းတွင်မူ ထူးခြားမှု မရှိပေ။ သူတို့သည် အလျင်အမြန် စားသောက်ပြီး စားပွဲရှင်းလင်းလိုက်ကြသည်။
နျိုနျိုသည် ကုမိသားစု၏ အခြေအနေကို သတိထား စောင့်ကြည့်နေသည်။ ကျန်းမိသားစုနှင့် အလွန် ကွာခြားလှသည်။
ကုမိသားစုမှ အမျိုးသားများသည် အိမ်မှုကိစ္စများကို လုပ်ကိုင်ကြသည်။ ကိုယ့်အလုပ် ကိုယ်ပြီးလျှင် အမျိုးသမီးများကို လာရောက် ကူညီပေးကြသည်။
ကျန်းကွမ်းကျုံးကမူ အိမ်သန့်ရှင်းရေးလုပ်ရန် ရှောင်စိုင်ကို အမြဲစောင့်နေတတ်သည်။
အစားအသောက် ပြင်ဆင်ပေးမည့်သူကို အမြဲစောင့်မျှော်ပြီး နေ့စဉ် အိမ်တွင် ခြေပစ်လက်ပစ် နေထိုင်ကာ အိမ်မှုကိစ္စ တစ်ခုမျှ ဝင်မကူပေ။
ကုမင်တာ့ သည် ကလေးမလေး၏ ကြောင်တောင်တောင် အကြည့်လေးကို မြင်လိုက်ရပြီး အလွန် ချစ်စရာကောင်းနေသဖြင့် သူမ၏ နူးညံ့သော ပါးဖောင်းဖောင်းလေးကို မဆွဲဘဲ မနေနိုင်တော့ပေ။
"ယွင်နန်... ခဏနေရင် နျိုနျိုကို ခေါ်ခဲ့နော်"
ကုမင်တာ့ က မှာကြားလိုက်သည်။
နျိုနျို လုံးဝ နားမလည်နိုင် ဖြစ်သွားသည်။
မီးဖိုချောင် ရှင်းလင်းပြီးနောက် ကုမိသားစုတွင် လုပ်စရာ မရှိတော့သောအခါ နျိုနျို ဘာလုပ်ရမည်ကို နောက်ဆုံးတွင် သိလိုက်ရသည်။
ခြံဝင်းထောင့်တစ်နေရာတွင် သဲဗန်းငယ် အများအပြားကို မြေကြီးပေါ်တွင် ချထားသည်။
သားအကြီးဆုံးနှင့် တတိယသားတို့၏ သားများသည် စိတ်ညစ်ညူးနေသော မျက်နှာထားများ ရှိနေကြသည်။
"ဦးလေး... သားက လယ်ပဲ လုပ်ချင်တာ... စာမသင်ချင်ဘူး"
ကုမိသားစု၏ မြေးအကြီးဆုံး ကုယွင် က ပြောလိုက်သည်။
ကုမင်တာ့ လည်း အနည်းငယ် စိတ်ရှုပ်သွားသည်။ သူ၏အကြည့်က တူဖြစ်သူ ကုယွင်ကို ကျော်ပြီး မလှမ်းမကမ်းရှိ အစ်ကိုကြီး ကုမင်းရှု ထံသို့ ရောက်သွားသည်။ သားအဖနှစ်ယောက်သည် ရုပ်ချင်းဆင်တူသလို စရိုက်ချင်းလည်း တူညီကြသည်။
အခြားတူတစ်ယောက်ဖြစ်သော ကုကျင်း ကလည်း အမြန်ပြောလိုက်သည်။
"ဦးလေး... သားလည်း စာမသင်ချင်ဘူး... သားတို့ကို ခက်ခဲအောင်မလုပ်ပါနဲ့"
ကုမင်တာ့ ဉာဏ်ကောင်းသော်လည်း စာသင်ရန် မလိုလားသော ဤတူနှစ်ယောက်ကိုမူ မတတ်သာပေ။
သို့သော် အစ်ကိုကြီး ကုမင်းရှု က တုတ်တစ်ချောင်းကောက်ကိုင်ကာ သူတို့ကို ရိုက်နှက်ပြီး ဆဲဆိုလေသည်။
"အသုံးမကျတဲ့ကောင်တွေ... မင်းတို့ဦးလေးက သင်ပေးဖို့ ဒီလောက် ကြိုးစားနေတာကို ကျေးဇူးမတင်တဲ့အပြင် ငြင်းနေကြသေးတယ်"
ကုယွင်နှင့် ကုကျင်း တို့သည် ဉာဏ်မကောင်းသော်လည်း အဖေဖြစ်သူကို ကိုင်တွယ်ရာတွင် ပါးနပ်ကြသည်။
"စာမသင်ချင်တာ သားတို့အပြစ်လား... အဖေနဲ့ တူလို့လေ"
"ဟုတ်တယ်... စာသင်တာ လွယ်ရင် အဖေ ဘာလို့ စာမသင်တာလဲ"
ညီအစ်ကိုနှစ်ယောက် ပူးပေါင်းပြီး အဖေဖြစ်သူကို ပြန်လှန်ပြောဆိုကြသည်။
ကုမိသားစု၏ မြေးများသည် ပုဂ္ဂလိကကျောင်းသို့ မတက်ရောက်ဖူးပေ။
သူတို့သည် ငွေကုန်သက်သာသော နည်းလမ်းကို အသုံးပြုကြသည်။ ၎င်းမှာ တစ်ဦးတည်းသော ပညာတတ် ကုမင်တာ့ ထံတွင် သင်ယူခြင်းဖြစ်သည်။
သားအဖကြား မသင့်မြတ်သော ဤမြင်ကွင်းမျိုးသည် ကုမိသားစုတွင် အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့ပြီးဖြစ်၍ ကုမင်တာ့ အတွက် ရိုးအီနေပြီဖြစ်သည်။
တူများက သင်ယူချင်လျှင် သူ ပိုသင်ပေးမည်။ မသင်ယူချင်လျှင် အရိုက်ခံရသည်ကို ထိုင်ကြည့်နေလိုက်မည်။
ကုယွင်နှင့် ကုကျင်း ညီအစ်ကိုနှစ်ယောက်သည် ပါးစပ်ထက်သော်လည်း အစ်ကိုကြီး၏ တုတ်က ပို၍ အစွမ်းထက်သည်။ ပြင်းထန်စွာ အရိုက်ခံရပြီးနောက် ညီအစ်ကိုနှစ်ယောက်သည် သဲဗန်းရှေ့တွင် မဖြစ်မနေ ထိုင်လိုက်ရတော့သည်။
ကုမင်တာ့ စာရွက်တစ်ရွက်ကို ယူလိုက်ပြီး ရှီ ဟူသော စာလုံးကို ရေးလိုက်သည်။
ကုယွင်နှင့် ကုကျင်း တို့သည် ထိုမျှ ရှုပ်ထွေးသော စာလုံးကို မြင်လိုက်ရသည့်အခါ မျက်နှာများ ရှုံ့မဲ့သွားကြသည်။
သို့သော် ကုမင်တာ့ ၏ သားအရင်းဖြစ်သော ၁၃ နှစ်အရွယ် ကုယန် ကမူ နျိုနျိုကို ချက်ချင်း ကြည့်လိုက်သည်။
နျိုနျိုသည် ထိုစာလုံးက သူမအတွက် ဘာအဓိပ္ပာယ်ရှိမှန်း နားမလည်သေးပေ။
ခေါင်းလေးကို စောင်းကာ စာရွက်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေပြီး ဒါက နာမည်ကြီးသော စာတတ်မြောက်ခြင်းလားဟု တွေးတောနေသည်။
ကျန်းမိသားစုအိမ်တွင် နျိုနျိုသည် စာဖတ်ဖို့ နေနေသာသာ စာရေးဖို့ပင် မတတ်နိုင်ခဲ့ပေ။
ကျန်းကွမ်းကျုံး၏ စာအုပ်များကို ထိမိလျှင်ပင် အရိုက်ခံရနိုင်သည်။
ကုမင်တာ့ က နျိုနျိုကို ပြောလိုက်သည်။
"ဒီစာလုံးရဲ့ အသံထွက်က 'ရှီ' တဲ့... 'မနက်ခင်းနေရောင်ခြည်က ဧည့်သည်တွေကို ကြိုဆိုတယ်၊ တောက်ပပြီး လင်းလက်နေတယ်' လို့ အဓိပ္ပာယ်ရတယ်... အနာဂတ်က ထွက်ပြူလာတဲ့ နေမင်းကြီးလို တောက်ပပြီး အလားအလာကောင်းမယ်လို့ ဆိုလိုတာ... မှတ်ထားနော်... သမီးရဲ့ နာမည်အပြည့်အစုံက ကုရှီ"
ကုမင်တာ့ ၏ မျိုးဆက်တွင် နာမည်ပေးရာ၌ "မင်း" ဟူသော စာလုံးပါဝင်ပြီး ကုယွင် တို့၏ မျိုးဆက်တွင် "ရီ" (နေ့) ဟူသော စာလုံး ပါဝင်သည်။
ကုမင်တာ့ သည် သူ၏ မွေးစားသမီးအတွက် ဤမျိုးဆက်နာမည်ကို အသုံးပြုရန် မိသားစုနှင့် မတိုင်ပင်ခဲ့ကြောင်း ထင်ရှားသည်။
သမီးတစ်ယောက်၏ နာမည်သာဖြစ်သဖြင့် အစ်ကိုကြီးနှင့် ညီလေးတို့သည် ဂရုမစိုက်ကြပေ။
ချန်ချွန်ဟွာနှင့် လျူအာနီ တို့သည် စာမတတ်သဖြင့် ထိုစာလုံး မည်မျှ ထူးခြားကြောင်း သတိမထားမိကြပေ။ သို့သော် သူတို့သည် အခွင့်အရေးကောင်းတစ်ခုကို အသုံးမချရလျှင် နေမထိထိုင်မသာ ဖြစ်တတ်သူများ ဖြစ်သည်။
ချန်ချွန်ဟွာသည် သူမ၏သမီး တာ့ယာ ကို ရှေ့သို့ တွန်းပို့လိုက်ပြီး အတင်းပြုံးကာ ပြောလိုက်သည်။
"ဒုတိယမောင်လေး... နင် မျက်နှာလိုက်ပြီး နျိုနျို တစ်ယောက်တည်းကို နာမည်ပေးလို့ မရဘူးလေ... ငါ့ရဲ့ တာ့ယာ ကလည်း နင့်တူမအရင်းပဲ"
လျူအာနီ ကလည်း သူမ၏သမီး ရှောင်ယာ ကို ကုမင်တာ့ ရှေ့သို့ တွန်းပို့လိုက်သည်။ သူမ၏ ဆိုလိုရင်းမှာ ရှင်းလင်းနေသည်။
ကုမင်တာ့ မငြင်းဆန်ဘဲ ကလေးနှစ်ယောက်ကို ကုချင်း နှင့် ကုရှင်း ဟု အသီးသီး နာမည်ပေးလိုက်သည်။
ထိုစာလုံးက သူမ၏နာမည်ဖြစ်ကြောင်း သိလိုက်ရသောအခါ နျိုနျိုသည် ထိုစာလုံးကြီးကို စိုက်ကြည့်နေပြီး ချက်ချင်းပင် ရေးနည်းသင်ယူချင်နေသည်။
ကုမင်တာ့ သည် မျက်နှာမလိုက်ဘဲ နျိုနျိုကို သစ်ကိုင်းတစ်ချောင်းနှင့် သဲဗန်းတစ်ချပ် ပေးလိုက်ပြီး သဲပေါ်တွင် စာရေးလေ့ကျင့်စေသည်။
ကုတာ့ယာ သည် မနာလိုဖြစ်ကာ ချန်ချွန်ဟွာ ဘက်လှည့်ပြီး ပြောလိုက်သည်။
"အမေ... သမီးလည်း စာသင်ချင်တယ်... ဘာလို့ အစ်ကိုတွေပဲ သင်ခွင့်ရပြီး သမီးက မရတာလဲ"
ချန်ချွန်ဟွာက သူမ၏နဖူးကို ရိုက်လိုက်ပြီး ဆူပူလိုက်သည်။
"နင်က မိန်းကလေးပဲ... ဘာစာသင်စရာ လိုလို့လဲ... နင့်မှာ သဲဗန်းတောင် ရှိလို့လား... ငါခိုင်းထားတဲ့ အဝတ်တွေရော ချုပ်ပြီးပြီလား"
အစ်ကိုကြီးဖြစ်သော ကုယွင် က မောင်နှမသံယောဇဉ်ကြောင့်သော်လည်းကောင်း၊ ထိုမျှ ရှုပ်ထွေးသော စာလုံးများကို တကယ် မသင်ချင်သောကြောင့်သော်လည်းကောင်း အရေးတကြီး အော်ပြောလိုက်သည်။
"အမေ... သားမှာ သဲဗန်းရှိတယ်... ညီမလေးကို ငှားလိုက်မယ်... ညီမလေးကို စာသင်ခိုင်းလိုက်ပါ... သား မသင်ချင်ဘူး"