← Chapters

တောဘဲဥများ

Vol. 1 Ch. 10

တောဘဲဥများ

Vol. 1 Ch. 10

စာသင်ခြင်းက ငွေကြေး ကုန်ကျမှု များပြားသည်။ နှစ်စဉ် ကျောင်းလခမှာ သိသိသာသာ ကုန်ကျစရိတ်ဖြစ်သည့်အပြင် စာရေးကိရိယာများ၏ တန်ဖိုးမှာလည်း မြင့်မားသဖြင့် သာမန်မိသားစုများ မတတ်နိုင်ကြပေ။

လက်တွေ့တွင် ကုမိသားစုသည် နှစ်များတစ်လျှောက် ပညာတတ်တစ်ဦးတည်းကိုသာ ထောက်ပံ့ပေးနိုင်ခဲ့သည်။ ထိုသူမှာ ကုမင်တာ့ ဖြစ်သည်။

ကုမိသားစု၏ သားအကြီးဆုံးနှင့် တတိယသားတို့ကို ကျောင်းသို့ ပို့ခဲ့သော်လည်း အစောပိုင်းပညာရေးအဆင့်တွင်ပင် ကျောင်းထွက်ခဲ့ကြရသဖြင့် သူတို့အတွက် ငွေကုန်ရမည့်အချိန် မရောက်ခဲ့ပေ။

မြေးများအတွက်မူ ပဏာမ စာမေးပွဲအောင်မြင်ပြီးသား စာသင်သား ကုမင်တာ့ က သင်ကြားပေးနေသဖြင့် ကျောင်းလခ လုံးဝ ပေးစရာ မလိုပေ။

စာရေးလေ့ကျင့်ရာတွင် သဲဗန်းကို အသုံးပြုသဖြင့် ကုန်ကျစရိတ် ပို၍ပင် သက်သာသည်။

အမှန်တကယ်တွင် မြေးများထဲ၌ ကုယန် တစ်ဦးတည်းသာ စက္ကူပေါ်တွင် စာရေးလေ့ကျင့်ဖူးပြီး ထိုစရိတ်ကိုပင် ကုမင်တာ့ က စိုက်ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးတွင် ကုမိသားစုအတွက် စာသင်ခြင်းနှင့် စာဖတ်ခြင်း သင်ယူရန် ကုန်ကျစရိတ်မှာ ဤသဲဗန်းတစ်ဗန်းသာ ရှိသည်။

ကုမိသားစု၏ သဲဗန်းသည် သစ်သားအောက်ခံဖြင့် ပြုလုပ်ထားပြီး အံဆွဲအနိမ့်ပုံစံ ဖြစ်သည်။ အတွင်းထဲတွင် သဲများကို ထူထူထပ်ထပ် ခင်းထားသည်။ သစ်ကိုင်းဖြင့် စာလုံးရေးပြီးနောက် သဲများကို အလွယ်တကူ ပြန်လည် ညှိနိုင်သည်။

ကုမင်တာ့ ပေးသော အိမ်စာများ ဥပမာ - လက်ရေးလှ ဘယ်နှစ်ကြိမ် လေ့ကျင့်ရမည် စသည်တို့ကို မည်သူက ပျင်းရိနေသည်ကို စစ်ဆေး၍ မရနိုင်ပေ။

အားလုံးသည် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှုအပေါ်တွင်သာ မူတည်သည်။

ထိုအချိန်တွင် နျိုနျို၏ မေးခွန်းကို ကြားလိုက်ရသဖြင့် ကုကျောက်က ခေါင်းစောင်းပြီး မေးလိုက်သည်။

"ဘာလို့ မေးတာလဲ... နင် လုပ်ချင်လို့လား"

နျိုနျို ခေါင်းညိတ်ပြပြီး သူမဘေးရှိ ထင်းတဲကို လှမ်းကြည့်လိုက်သည်။ ထိုနေရာမှ တိုးညှင်းသော ငိုရှိုက်သံများ ကြားနေရဆဲပင်။

ကုကျောက်က သူ့သဲဗန်းကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"ငါလည်း မသိဘူး... ဒါပေမယ့် ရိုးရိုးလေးပါ... ပျဉ်ပြားပေါ်မှာ သဲတင်ထားရုံပဲ... ငါတို့ ပျဉ်ပြား ဘယ်ကရမလဲ"

ကုကျောက်သည် နျိုနျို ဘာကြောင့် သဲဗန်းလုပ်ချင်သည်ကိုပင် မမေးဘဲ ကူညီရန် ဦးနှောက်ခြောက်အောင် စဉ်းစားနေပြီဖြစ်သည်။

သူ၏အကြည့်က ထင်းတဲတံခါးဆီသို့ ရောက်သွားပြီး ပြောလိုက်သည်။

"ဒီတံခါးကို ဖြုတ်လိုက်ရအောင်"

နျိုနျို လန့်သွားသော်လည်း သူမ မတားဆီးနိုင်ခင်မှာပင် ကုကျောက်က စတင် လှုပ်ရှားလိုက်သည်။

အမြောက်ဆန်ကဲ့သို့ ပြေးသွားပြီး တံခါးကို ဖြုတ်ချရန် ကြိုးစားလေတော့သည်။

ထင်းတဲထဲတွင် ပုန်းအောင်းကာ တိတ်တဆိတ် ငိုကြွေးနေပြီး ကမ္ဘာလောကကြီးက သူမကို စွန့်ပစ်လိုက်ပြီဟု ခံစားနေရသော ကုတာ့ယာ သည် ရုတ်တရက် အလင်းတန်းတစ်ခု သူမအပေါ် ဖြာကျလာသည်ကို သတိထားမိလိုက်သည်။

ကုတာ့ယာ မျက်လုံးကို မှေးကြည့်လိုက်ရာ ထင်းတဲတံခါး ပျောက်နေသည်ကို တွေ့လိုက်ရသည်။

သူမ ငိုနေသည်ကို မည်သူမျှ မမြင်စေရန် ဤနေရာတွင် ပုန်းနေခြင်းဖြစ်သည်။ သို့သော် ယခု တံခါးမရှိတော့သဖြင့် အပြင်မှ လူတိုင်း သူမ၏ သနားစရာအခြေအနေကို မြင်နိုင်တော့မည်ဖြစ်သည်။

ကုတာ့ယာ ခေတ္တမျှ တုံ့ဆိုင်းသွားပြီး ဆက်ငိုရမလို၊ မငိုရမလို ဖြစ်နေသည်။

ကုကျောက်က သူမကို လှမ်းခေါ်လိုက်သည်။

"တာ့ယာ... လာကူပါဦး... ဒီတံခါးက အရမ်းလေးတယ်... ငါ မနိုင်တော့ဘူး"

ကုတာ့ယာ နှစ်စက္ကန့်မျှသာ တုံ့ဆိုင်းနေပြီးနောက် တံခါးကို ကူညီမပေးရန် ရှေ့သို့ တိုးထွက်လာကာ ပြောလိုက်သည်။

"ငါ ငိုနေတာ မဟုတ်ဘူးနော်... လျှောက်မတွေးနဲ့"

သို့သော် ကုကျောက်က အလွယ်တကူ ယုံကြည်သွားပြီး ပြောလိုက်သည်။

"အော်... နင် သီချင်းဆိုနေတာလား... နားထောင်ရတာ တော်တော်ဆိုးတာပဲ"

ကုတာ့ယာ၏ လက်သီးများ ချက်ချင်း ဆုပ်သွားသည်။ သူမ၏ ဝမ်းကွဲမောင်လေးက သူမကို ခနဲ့နေတာလား မသေချာသော်လည်း တံခါးကို ကူညီမသယ်ပေးချင်တော့ပေ။

နျိုနျိုလည်း လာကူညီသဖြင့် သူတို့သုံးယောက်သား တံခါးကို ဘေးသို့ ရွှေ့ပြီး ချလိုက်ကြသည်။

"ကျောက်... နင် ဘာလို့ တံခါးကို ဖြုတ်တာလဲ... အဖွား ရိုက်မှာ မကြောက်ဘူးလား"

ကုတာ့ယာ က မေးလိုက်သည်။

ကုကျောက်က ဖြေသည်။

"ငါ့ညီမလေးက သဲဗန်း လုပ်ချင်တယ်ဆိုလို့"

ထိုစကားကို ကြားသောအခါ ကုတာ့ယာ ရပ်တန့်သွားပြီး သူမဘေးရှိ နျိုနျိုကို ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။

"နင်က သဲဗန်း ဘာလုပ်ဖို့လဲ"

နျိုနျိုက တိုးတိုးလေးဖြေလိုက်သည်။

"မမတာ့ယာ... မမနဲ့ မမရှောင်ယာ တို့မှာ သဲဗန်းရှိရင် ညီမတို့နဲ့အတူ စာသင်လို့ ရပြီလေ"

ထိုစကားကို ကြားသောအခါ ကုတာ့ယာ၏ နှလုံးသား ပျော့ပျောင်းသွားသည်။ မူလက သူမသည် ချန်ချွန်ဟွာ၏ စကားကို နားထောင်ပြီး မိသားစုထဲသို့ ရုတ်တရက် ရောက်လာသော ဤညီမလေးကို မကြိုက်ခဲ့ပေ။

နျိုနျိုက သူမအပေါ် အလွန်ကြင်နာပြီး မိသားစုထဲတွင် သူမ၏ ပြဿနာကို ဖြေရှင်းပေးရန် ပထမဆုံး စတင်ကြိုးပမ်းသူ ဖြစ်သည်။ ယခုအခါ ကုတာ့ယာ ရှက်ရွံ့မိသည်။

နျိုနျိုက ရှက်ရွံ့စွာ ပြောလိုက်သည်။

"မမတာ့ယာ... ညီမ သဲဗန်းကို မမကို ပေးသင့်တာ... ဒါပေမယ့် ဒါက အဖေပေးတဲ့ ပထမဆုံး လက်ဆောင်မို့လို့...တောင်းပန်ပါတယ်... ညီမ အဲ့ဒါကို မပေးချင်ဘူး ဖြစ်နေတယ်..."

မိသားစု၏ အကြီးဆုံးသမီး ကုတာ့ယာ သည် မိခင်နှင့် ဆန့်ကျင်ဘက် မလုပ်ချိန်တွင် အစ်မကြီးတစ်ယောက်၏ ဟန်ပန်ကို ပြသလေ့ရှိသည်။ သူမ ချက်ချင်း ပြောလိုက်သည်။

"ငါ့ဟာဆိုရင်လည်း ငါသိမ်းထားမှာပါ"

ထိုစကားကို ကြားမှ နျိုနျို သက်ပြင်းချလိုက်သည်။

သို့သော် ကုကျောက်ကမူ သူတို့နှစ်ယောက် စကားပြောနေသည်ကို စောင့်ရသည်မှာ စိတ်မရှည်တော့ပေ။

ဖြုတ်ချထားသော တံခါးကို ကန်လိုက်ပြီး မေးလိုက်သည်။

"ငါ ပုဆိန်သွားယူပြီး ဒီဟာကြီးကို ခုတ်ပစ်လိုက်ရမလား"

ကုတာ့ယာ က အလျင်အမြန် တားလိုက်သည်။

"မလုပ်နဲ့... တကယ် ခုတ်လိုက်ရင် အဖွား ငါတို့ကို သေချာပေါက် ဆူတော့မှာ"

"ဒါပေမယ့် မခုတ်ရင် နင့်မှာ သဲဗန်းမရှိဘဲ နေမှာပေါ့"

ကုကျောက်က အပြစ်ကင်းစင်သော မျက်နှာထားဖြင့် ခေါင်းကုတ်ကာ ပြောလိုက်သည်။

ထိုဆူညံသံများသည် ကုမင်တာ့ နှင့် ကုယန် တို့၏ အာရုံကို ဖမ်းစားလိုက်သည်။

ကုမင်တာ့ သည် ကလေးကိစ္စများကို ဝင်ပါရန် ရည်ရွယ်ချက် မရှိသော်လည်း ကုယန်၏ စိုးရိမ်သော မျက်နှာထားကို မြင်သောအခါ ပြောလိုက်သည်။

"သူတို့ ဘာလုပ်နေလဲ သွားကြည့်လိုက်ပါ"

ထို့နောက် ကုမင်တာ့ သည် အိမ်ထဲသို့ ပြန်ဝင်သွားသည်။

အိမ်ထဲတွင် ကျန်းယွင်နန်သည် ဖုန်တက်နေသော ဂါဝန်လေးတစ်ထည်ကို ချုပ်နေသည်။

"နျိုနျို့အတွက်လား"

ကုမင်တာ့ က တိုးညှင်းစွာ မေးလိုက်သည်။

ကျန်းယွင်နန်က ပြန်ဖြေသည်။

"အခု အဝတ်စသွားဝယ်ပြီး ချုပ်ပေးဖို့က နောက်ကျနေပြီ... မရီးနဲ့ မရီးလေးတို့ကလည်း အတင်းပြောကြဦးမယ်... သားငယ်လေးရဲ့ အဝတ်အစားကို သူ့အတွက် ပြင်ပေးနေတာပါ... သူ ကျန်းမိသားစုမှာ နေခဲ့ရတာ သနားစရာ ကောင်းလိုက်တာ... အဝတ်အစားအသစ် မပြောနဲ့... ကောင်းကောင်းမွန်မွန် အဝတ်ဟောင်းတောင် ဝတ်ဖူးရှာတာ မဟုတ်ဘူး"

နျိုနျို ဝတ်ထားသော အဝတ်အစားများသည်လည်း စွန့်ပစ်ပစ္စည်းများဖြစ်ပြီး ဖာထေးရာများဖြင့် ပြည့်နှက်နေသည်။

ကုမင်တာ့ က ပိုက်ဆံအိတ်တစ်လုံး ထုတ်လိုက်ပြီး ပိုက်ဆံများကို နှစ်ပုံခွဲကာ ဇနီးသည်ကို ပေးလိုက်သည်။

ပိုက်ဆံတစ်ပုံက အဖွားကုကို ပေးရန်ဖြစ်ပြီး ကျန်တစ်ပုံက သူမ၏ သီးသန့်စုဆောင်းငွေအဖြစ် သိမ်းထားရန်ဖြစ်ကြောင်း ကျန်းယွင်နန် သိလိုက်သည်။

ကုမင်တာ့ သည် အခြားအမျိုးသားများနှင့် မတူပေ။ အရက်သောက်ခြင်း၊ လောင်းကစားခြင်း သို့မဟုတ် မိန်းမလိုက်စားခြင်း စသည့် အကျင့်ဆိုးများ မရှိပေ။

ဆန့်ကျင်ဘက်အားဖြင့် သူသည် ပိုက်ဆံရှာရန် နည်းလမ်းများစွာ ရှိသည်။ ပိုက်ဆံရတိုင်း အရေးပေါ်အတွက် အနည်းငယ် ချန်ထားပြီး ကျန်တာအကုန်လုံးကို သူမအား ပေးလေ့ရှိသည်။

ကျန်းယွင်နန်သည် ယခင်က နူးညံ့သိမ်မွေ့ စာနာတတ်ပြီး ချောမောသော ခင်ပွန်းသည် အပြင်လောကတွင် သွေးဆောင်ဖြားယောင်းမှုများနှင့် ကြုံတွေ့ရမည်ကို စိုးရိမ်ခဲ့ဖူးသည်။ သို့သော် သူက အိမ်ရှိ ပိုက်ဆံအားလုံးကို သူမအား ပေးအပ်လိုက်ကတည်းက သူမ၏စိတ် ဖြောင့်သွားခဲ့သည်။

"အခု နျိုနျိုက ကိုယ်တို့အိမ် ရောက်လာပြီဆိုတော့ သူ့ကို သမီးအရင်းလို ဂရုစိုက်ရမယ်... သူ့ကို နှိပ်စက်လို့မရဘူး... မနက်ဖြန် ကိုယ်တို့ ခရိုင်မြို့ကို အတူသွားပြီး နျိုနျို့အတွက် အဝတ်ချုပ်ဖို့ အထည်ဝယ်ကြမယ်... မရီးနဲ့ မရီးလေး ပြောတာတွေကို ဂရုမစိုက်နဲ့"

ကျန်းယွင်နန် ကြောင်အမ်းသွားသည်။ သူမ အမှန်တကယ် စိတ်မလုံမလဲ ဖြစ်နေခဲ့သည်။ နျိုနျို ရောက်လာမည့်ကိစ္စကို ခင်ပွန်းသည်နှင့် ကြိုတင် မတိုင်ပင်ခဲ့ပေ။ အခု အိမ်ထဲမှာ သွေးသားမတော်စပ်သော မိန်းကလေးတစ်ယောက် ရောက်နေပြီ။ တခြားယောက်ျားသာဆိုလျှင် ယခုအချိန်၌ ဆွေ့ဆွေ့ခုန်နေလောက်ပြီ။

ကုမင်တာ့ သည် သူမ၏အတွေးကို သိနေသကဲ့သို့ ပြတင်းပေါက်မှတဆင့် ခြံဝင်းထဲသို့ လှမ်းကြည့်လိုက်ပြီး ကျန်းယွင်နန်ကို နူးညံ့စွာ ပြောလိုက်သည်။

"ကိုယ် ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက် လိုချင်နေတာ ကြာပြီ... ဒါပေမယ့် ကိုယ်တို့မှာ သားဆိုးလေး သုံးယောက်ပဲ ဆက်တိုက် ရလာတယ်... အခုတော့ ကိုယ့်ဆန္ဒ ပြည့်သွားပြီ"

ကျန်းယွင်နန် ဝမ်းနည်းသွားသည်။ သူမ၏ခင်ပွန်းသည် သူမအပေါ် အမြဲတမ်း သည်းခံခွင့်လွှတ်ပြီး သူမ ဘာလုပ်လုပ် ထောက်ခံအားပေးခဲ့သည်။

ကုယန်သည် မောင်နှမများ၏ အစီအစဉ်ကို သိပြီးဖြစ်၍ ပြုံးကာ ပြောလိုက်သည်။

"ကိစ္စကြီးကြီးမားမား ဖြစ်နေတယ် ထင်လို့... သဲဗန်းလေးပဲဟာကို"

ကလေးသုံးယောက်က မျက်လုံးများ တောက်ပလျက် သူ့ဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။

ကုယန်က ပြောလိုက်သည်။

"သဲဗန်းဆိုတာ သဲထည့်ဖို့ပဲလေ... သစ်သားဆို ကောင်းပေမယ့် တခြားဟာတွေလည်း သုံးလို့ရတာပဲ"

ထင်းတဲတံခါးကို ပြန်တပ်ပြီးနောက် ကုယန်သည် မောင်နှမများကို ကျူပင်တောဆီသို့ ခေါ်သွားသည်။

ဆောင်းဦးရာသီဖြစ်၍ လေထုက ရှင်းလင်းပြတ်သားနေပြီး ကျူပင်များအားလုံး ညှိုးနွမ်းဝါဖျော့နေကြသည်။

တာ့ယာနှင့် ရှောင်ယာတို့ သဲဗန်းအဖြစ် အသုံးပြုရန်အတွက် ကျူပင်များဖြင့် ဘောင်တစ်ခု ယက်လုပ်ကြမည်ကို အားလုံးက ချက်ချင်း နားလည်လိုက်ကြသည်။

"ကိုကြီး... ဒါပေမယ့် သမီးတို့က ယက်တတ်တာ မဟုတ်ဘူး..."

နျိုနျိုက တိုးတိုးလေး ပြောလိုက်သည်။

မိသားစုထဲတွင် ကုမင်တာ့ နှင့် အတူဆုံးဖြစ်သော ကုယန်သည် သာမန်ကလေးများထက် သာလွန်သော ဉာဏ်ရည်ကို ပြသလျက် ပြောလိုက်သည်။

"အဖိုး ယက်တတ်တယ်... အဖိုး ယက်တာ သား မြင်ဖူးတယ်... အဖိုးကို သင်ခိုင်းကြမယ်"

တောရွာမှ ကလေးများသည် ကြံ့ခိုင်ကြပြီး ဘေးကင်းလုံခြုံရေး အသိပညာ နည်းပါးကြသည်။ ကလေးတစ်သိုက်သည် ကျူပင်များကြားတွင် စတင် မွှေနှောက်ရှာဖွေကြတော့သည်။

ကံကောင်းထောက်မစွာဖြင့် နေ့ရက်သည် ခြောက်သွေ့နေပြီး ကျူပင်တော၏ မြေပြင်သည်လည်း ခြောက်သွေ့နေသဖြင့် နစ်မြုပ်သွားနိုင်သော ရွှံ့နွံအိုင်များ မရှိပေ။

နျိုနျိုသည် သေးငယ်သဖြင့် ဆွဲနှုတ်ရလွယ်ကူသော ကျူပင်များကို ဝီရိယရှိရှိ ရှာဖွေနေသည်။

အချက်ပေးလိုက်သကဲ့သို့ပင် မြေကြီးထဲတွင် အမြစ်တွယ်နေသော ကျူပင်များသည် သူမ ဆွဲလိုက်သောအခါ အလွယ်တကူ ကျွတ်ပါလာကြသည်။

သူမသည် ပို၍ နက်ရှိုင်းသော နေရာသို့ ရောက်ရှိသွားပြီး တဖြည်းဖြည်း မောင်နှမများ ကစားနေသံ ပျောက်ကွယ်သွားသည်။

ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်နေပြီး လေတိုးသံပင် မကြားရပေ။ နျိုနျို နောက်ဆုံးတွင် ကြောက်ရွံ့လာသည်။

ရုတ်တရက် သူမ၏ ဘယ်ဘက်ရှိ ကျူပင်များ လှုပ်ခတ်သွားသည်။ လန့်သွားပြီး နျိုနျို နောက်ဆုတ်လိုက်ရာ ခြေချော်ပြီး ဖင်ထိုင်လျက် လဲကျသွားသည်။

သူမ ထရန် ပြင်လိုက်စဉ် ညာဘက်တွင် လုံးဝန်းသော အရာတစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည်။

ခေါင်းလှည့်ကြည့်လိုက်ရာ အညိုရောင် အစက်အပြောက်များ ပါရှိသော လုံးဝန်းသည့် အဖြူရောင် ဘဲဥ ၇ လုံး ၈ လုံးခန့်ကို တွေ့လိုက်ရသည်။

လှုပ်ရှားမှု ဖြစ်ပေါ်ခဲ့သော ကျူပင်များကြားမှ ခေါင်းတစ်လုံး ထွက်လာသည်။

"နျိုနျို... နင် ဒီမှာ ဘာလုပ်နေတာလဲ... ငါတို့ နင့်ကို နေရာအနှံ့ လိုက်ရှာနေတာ"

နျိုနျို ကိုယ်ကို ရွှေ့လိုက်ရာ သူမနောက်ရှိ တောဘဲဥ ၇ လုံး ၈ လုံး ပေါ်လာသည်။

ကုကျောက်က တောဘဲဥများကို ကြည့်ပြီး သွားရည်ယိုမတတ် ဖြစ်သွားသည်။

"တောဘဲဥတွေပဲ... ဒီညစာ ငါတို့ ဘဲဥမွှေကြော် စားရတော့မယ်"

Thank For Reading.

All Chapters