← Chapters

မုန့်ခွံ့ကျွေးခြင်း

Vol. 2 Ch. 11

မုန့်ခွံ့ကျွေးခြင်း

Vol. 2 Ch. 11

"နျိုနျို... နင် တော်တော် ကံကောင်းတာပဲ... ငါ ကျူပင်တောထဲမှာ ဘဲဥမတွေ့တာ ကြာပြီ"

ကုတာ့ယာ က အံ့ဩတကြီး ပြောလိုက်သည်။

သူမ၏ အပေါင်းအသင်းများအားလုံး ပျော်ရွှင်နေကြသည်ကို မြင်သောအခါ နျိုနျိုလည်း ပြုံးလိုက်မိသည်။ မွေးစားကလေး ဖြစ်သည့်အတွက် သူမ အကြောက်ဆုံးအရာမှာ မိသားစုထဲရှိ မူလကလေးများက သူမကို မကြိုက်ကြမည်ကိုပင်။

"အဖွား... အဖွား... သမီးတို့ ဘာယူလာလဲ ကြည့်ပါဦး"

ကုမိသားစု၏ ခြံဝင်းထဲသို့ ဝင်သည်နှင့် ကလေးများက ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။

အဖွားကုသည် ကြက်ခြံသန့်ရှင်းရေး လုပ်နေပြီး ထိုဆူညံသံကို ကြားရသည်မှာ သိပ်မကျေနပ်လှပေ။

"ငါ့ကို ဒုက္ခမပေးကြနဲ့... နင်တို့ဆီက ဘာကောင်းတာမှ ပါလာမယ်လို့ မထင်ပါဘူး"

သို့သော် သူတို့ ကိုင်ထားသော ဘဲဥများကို အမှန်တကယ် မြင်လိုက်ရသည့်အခါ အဖွားကု၏ မျက်လုံးများ ပြုံးရိပ်များဖြင့် ညွတ်ကျသွားသည်။

"ငါ နင်တို့ကို အလကား အလိုလိုက်ထားတာ မဟုတ်ဘူးပဲ... ကောင်းတာတွေ ယူလာတတ်သားပဲ"

အပြင်ထွက်ကစားပြီး ပြန်ရောက်လာသော သားအကြီးဆုံးနှစ်ယောက်သည် ထိုစကားကို ကြားသောအခါ ချက်ချင်း အပြစ်ရှိစိတ် ခံစားလိုက်ရသည်။ သူတို့သည် အပြင်တွင် ကောင်းမွန်သည့်အရာများ တွေ့ရှိပါက မိသားစုကို ဘယ်တော့မှ မတွေးဘဲ တိတ်တဆိတ် စားသောက်လေ့ရှိသည်။

အဖွားကုက တောဘဲဥများကို သိမ်းလိုက်ပြီး ပြောလိုက်သည်။

"အဖွား နင်တို့အတွက် ခဏသိမ်းထားပေးမယ်... နောက်ရက်နည်းနည်းကြာမှ စားကြ"

အဖွားကု၏ ဆိုလိုရင်းကို သူတို့ ကောင်းစွာ နားလည်ကြသည်။ ဧည့်သည်လာမှ သို့မဟုတ် လယ်လုပ်ငန်းခွင် အလုပ်များသော ရာသီရောက်မှ သူမက ထုတ်ကျွေးမည်ပင်။

ထိုစကားကို ကြားသောအခါ ကုတာ့ယာ က မကျေမနပ် ညည်းညူလိုက်၏။

"အဖွားက ကပ်စေးနည်းလိုက်တာ... ဒီလိုမှန်းသိရင် အပြင်မှာပဲ စားပြီး ပြန်မယူလာတော့ဘူး"

ထိုစကားကြောင့် အဖွားကု ဒေါသထွက်သွားသည်။ သူမ၏ ချွေတာမှုအားလုံးသည် ဤမိသားစုအတွက်သာဖြစ်၏။

ကုမင်တာ့ က ပြောလိုက်သည်။

"အမေ... ဒီည တစ်ပွဲလောက် ချက်စားရအောင်... အစ်ကိုကြီးနဲ့ ညီလေးတို့က နောက်ပိုင်း အလုပ်ကြိုးစားနေကြတာ... သူတို့ အားရှိအောင် တစ်ခုခု စားဖို့ လိုတယ်... ဒီဘဲဥတွေက အပြင်မှာ ရှိနေတာ ဘယ်လောက်ကြာပြီလဲ မသိဘူး... ပုပ်သွားနိုင်တယ်"

အဖွားကုသည် ကုမင်တာ့ စကားဆိုလျှင် အမြဲနားထောင်လေ့ရှိပြီး သူ၏ တိုက်တွန်းမှုကို မြင်သောအခါ မတတ်သာဘဲ ပြောလိုက်ရသည်။

"ငတ်ကြီးကျတဲ့ အုပ်စု"

ထို့နောက် ကုမင်တာ့ က ကလေးများကို မေးလိုက်သည်။

"တောဘဲဥတွေကို ဘယ်သူ တွေ့တာလဲ"

ကုတာ့ယာ က နျိုနျိုကို လက်ညှိုးထိုးပြလိုက်သည်။

အဖွားကုက ဦးစွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"ကျန်းမိသားစုက ငါတို့ နျိုနျိုကို ဂြိုဟ်ဆိုးမလို့ ပြောတယ်... ဒါပေမယ့် သူက သိသိသာသာကို ကံကောင်းစေတဲ့ ကလေးလေးပဲ... ငါတို့ ကျူပင်တောထဲမှာ တောဘဲဥ မတွေ့တာ တော်တော်ကြာပြီ... ဘဲတွေအကုန် ထွက်ပြေးကုန်ပြီ ထင်နေတာ"

ဘဲဥများ ပေးအပ်ပြီးနောက် ကလေးများသည် ကျူပင်များကို ကိုင်ကာ အိမ်နောက်ဖေးသို့ ပြေးသွားကြ၏။

"အဖိုး... အဖိုး... သမီးတို့ကို ခြင်းတောင်း ယက်နည်း သင်ပေးပါဦး"

သူတို့က ကျူပင်များကို အဖိုးကု၏ ရှေ့တွင် ချထားလိုက်ကြသည်။

အဖိုးကုသည် အခြားသူများကို လုံးဝ လျစ်လျူရှုလိုက်ပြီး နျိုနျိုကို တည့်တည့်ကြည့်ကာ ခေါ်လိုက်သည်။

"နန်နန်..."

ကုတာ့ယာ သည် အဖိုးဖြစ်သူ၏ စိတ်ရှုပ်ထွေးမှုကို ယဉ်ပါးနေပြီဖြစ်၍ ပြင်ပေးလိုက်သည်။

"အဖိုး... ဒါ နျိုနျို လေ... နန်နန် မဟုတ်ဘူး"

သို့သော် အဖိုးကုက အကျင့်ပါနေသလို ဆက်လက် ခေါ်ဆိုနေဆဲပင်။

"နန်နန်..."

ကုတာ့ယာ ဘာပြောရမှန်းမသိ ဖြစ်သွားသည်။

နျိုနျိုက ခြေလှမ်းနှစ်လှမ်း တိုးသွားပြီး တိုးတိုးလေး ပြောလိုက်၏။

"အဖိုး... သမီးက နျိုနျို ပါ... သမီးရဲ့ နာမည်အပြည့်အစုံက ကုရှီ ပါ"

ထိုစကားကို ကြားသောအခါ အဖိုးကုက သူမကို ယခင်နာမည်ဖြင့် ထပ်မခေါ်တော့ပေ။ သူသည် နျိုနျိုကို အချိန်အကြာကြီး စိုက်ကြည့်နေပြီးနောက် အားမလိုအားမရ ပြောလိုက်သည်။

"ဒါဆိုရင်လည်း နျိုနျိုပေါ့ကွာ... မင်းပြန်ရောက်လာသရွေ့ ဘာမဆို အဆင်ပြေတယ်... ငါ့ကို ထားမသွားပါနဲ့"

အဖိုးအို၏ အထီးကျန်ဆန်ပြီး ဝမ်းနည်းဖွယ်ကောင်းသော လေသံကို ကြားလိုက်ရသောအခါ ရှိနေသော ကလေးများသည် ငယ်ရွယ်ကြသော်လည်း ရုတ်တရက် ငိုချင်စိတ် ပေါက်သွားကြသည်။

အဖိုးကုက ကျူပင်ခြောက်အချို့ကို ကောက်ယူလိုက်ပြီး ပြောလိုက်သည်။

"နျိုနျိုက ငါ့ကို ခြင်းတောင်း ယက်စေချင်တာကိုး..."

သူ စတင် ယက်လုပ်လိုက်သည်။ ကုယန်က ဘေးမှ ထောက်ပြပြောဆိုနေရင်း သူတို့လိုချင်သော ခြင်းတောင်းကို ယက်လုပ်နေသည်ကို ကြည့်နေကြသည်။

ကလေးများသည် ကြည့်ရင်းနှင့် သင်ယူရန် ကြိုးစားကြသော်လည်း အဖိုးကု၏ လက်ရာမှာ မြန်ဆန်လွန်းသဖြင့် သူတို့ ဘာမှမမှတ်မိလိုက်ကြပေ။

"အဖိုး... ဖြည်းဖြည်းလုပ်ပါ"

နျိုနျိုက တိုးတိုးလေး ပြောလိုက်သည်။

ကုတာ့ယာ က ပြောလိုက်၏။

"နျိုနျို... အဖိုးက အလုပ်လုပ်ရင် လူတွေနဲ့ စကားမပြောဘူး... သူ့ကို ပြောနေလည်း အလကားပဲ"

ထူးဆန်းစွာပင် နျိုနျို ပြောလိုက်သည်နှင့် အဖိုးကု၏ လက်ရာများ အမှန်တကယ် နှေးကွေးသွားသည်။

သင့်တော်သော ခြင်းတောင်းနှစ်လုံး ယက်ပြီးသွားချိန်တွင် ကလေးအချို့သည် ပြုလုပ်ပုံကို တတ်မြောက်သွားကြလေပြီ။ အခြားသူများက ပစ္စည်းများကို ယူပြီး ရှေ့သို့ ပြေးထွက်သွားကြသည်။

သို့သော် အဖိုးကုက နျိုနျိုကို တားလိုက်သည်။ သူ၏ အဝတ်အစားများကို ခဏကြာ မွှေနှောက်ရှာဖွေပြီးနောက် နောက်ဆုံးတွင် တောသစ်အယ်သီး တစ်ဆုပ်ကို ထုတ်ပေးလိုက်သည်။

"နျိုနျို... ဒါစားလိုက်... နျိုနျိုက နေမကောင်းဘူး... အစားကောင်းတွေ ပိုစားဖို့ လိုတယ်"

အဖိုးကုက ဗလုံးဗထွေး ပြောလိုက်သည်။

လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို တိတ်တဆိတ် မုန့်ပေးခြင်းသည် မိသားစုထဲတွင် အချစ်ခံရဆုံး ကလေးအတွက် သီးသန့်အခွင့်အရေးပင်။

နျိုနျိုသည် သွေးသားတော်စပ်မှု မရှိသော သူမအနေဖြင့် အဖိုးဖြစ်သူထံမှ ဤကဲ့သို့ မျက်နှာလိုက်မှုကို ရရှိလိမ့်မည်ဟု ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။

"သွားကစားတော့... ရှောင်ချောင် တို့နဲ့ ကစားရင် သတိထားနော်... ခေါင်း ထပ်မထိမိစေနဲ့"

အဖိုးကုက မှာကြားလိုက်သည်။

နျိုနျို လုံးဝ ဇဝေဇဝါ ဖြစ်သွားသည်။ ရှောင်ချောင် ဘယ်သူမှန်း သူမ လုံးဝ မသိပေ။ ဤမေးခွန်းကို စိတ်ထဲထားပြီး မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်သည်။

"အဖွား... ရှောင်ချောင်က ဘယ်သူလဲဟင်... အဖိုးက ပြောတယ်... သူနဲ့ကစားရင် သတိထားတဲ့... ခေါင်း ထပ်မထိမိစေနဲ့တဲ့..."

နျိုနျိုက တိုးတိုးလေး မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ အဖွားကု ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ပြောလိုက်သည်။

"အဲ့ဒါ သမီးအဒေါ်ရဲ့ ကစားဖော်ပါ... သမီး စိတ်ပူစရာ မလိုပါဘူး"

နျိုနျို ခေါင်းညိတ်လိုက်ပြီး နားလည်သလိုလို လုပ်ပြလိုက်သည်။

သူမ မထွက်ခွာခင်မှာပင် အဖွားကုက သူမကို ထပ်မံ ဆွဲထားလိုက်ပြီး ပူပူနွေးနွေး ပြုတ်ထားသော ဘဲဥတစ်လုံးကို နျိုနျို့အိတ်ကပ်ထဲသို့ ထည့်ပေးလိုက်သည်။

"အဖွား ဒါကို သမီးကို ပေးတာ... တခြားဘယ်သူ့ကိုမှ မပြောနဲ့နော်... ကြားလား"

အဖွားကုက သေချာ မှာလိုက်သည်။

လူကြီးနှစ်ယောက်ထံမှ ဆက်တိုက် အထူးဂရုစိုက်မှု ရရှိလိုက်သဖြင့် နျိုနျို၏ မျက်နှာလေး ခဏမျှ ကြောင်သွားသည်။

ကလေးမလေး၏ သနားစရာကောင်းသော ပုံစံကို ကြည့်ပြီး အဖွားကုက ကလေး၏ ပိန်လှီသော ပါးပြင်လေးများကို ဆွဲညှစ်လိုက်သည်။

"တောဘဲဥတွေကို သမီး ရှာတွေ့တာလေ... ဒါက သမီးအတွက် ဆုလာဘ်ပဲ... သနားစရာလေး... ဘာလို့ ဒီလောက် ပိန်နေရတာလဲ... သမီးကို သန်မာလာအောင် လုပ်ပေးဖို့ နည်းလမ်းရှာရမယ်"

သူမ ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်းသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိသားစု၏ လက်ရှိအခြေအနေအရ ကလေးမလေးကို ခန္ဓာကိုယ်သန်မာလာစေရန် အသားငါးများစွာ ကျွေးမွေးမည်ဆိုပါက သားအကြီးဆုံးနှင့် တတိယသားတို့၏ ဇနီးသည်များက ပြဿနာအကြီးအကျယ် ရှာကြလိမ့်မည်။

နျိုနျိုသည် အစားအသောက်အိတ်ကို ယူပြီး ကျန်းယွင်နန် အဝတ်ချုပ်နေဆဲဖြစ်သော ဒုတိယအခန်းထဲသို့ ဝင်သွားလိုက်သည်။

နျိုနျိုသည် အစားအသောက်များကို မိခင်ဖြစ်သူထံ တိတ်တဆိတ် ပေးအပ်လိုက်၏။

"ဒီဟာတွေ ဘယ်ကရတာလဲ"

ကျန်းယွင်နန်က အံ့သြစွာ မေးလိုက်သည်။

"အဖိုးနဲ့ အဖွားက သမီးကို တိတ်တိတ်လေး ပေးတာ... သမီးက အမေ့ကို ပေးတာ"

နျိုနျိုက ချိုသာစွာ ပြုံးပြီး ပြောလိုက်သည်။

ကျန်းယွင်နန်သည် သူမ၏ ဆိုးသွမ်းသော သားများကို တွေးမိပြီး သမီးဖြစ်သူက အစာနာတတ်ဆုံးဟု စိတ်ထဲတွင် တွေးလိုက်မိသည်။

"အမေ မလိုချင်ပါဘူး... သမီးပဲ စားပါ"

မိခင်တစ်ယောက်အနေဖြင့် သူမသည် သမီးဖြစ်သူနှင့် အစားအသောက် လုစားမည် မဟုတ်ပေ။

နျိုနျိုက ထပ်ပြောလိုက်သည်။

"ဒါဆိုရင် အမေ... ကိုကိုတွေနဲ့ ခွဲစားလိုက်ပါ... သူတို့က ယောက်ျားလေးတွေဆိုတော့ ပိုကောင်းတာ စားသင့်တယ်..."

ထိုစကားကို ကြားသောအခါ ကျန်းယွင်နန် အပ်ချုပ်လက်စကို ချထားလိုက်ပြီး မေးလိုက်သည်၊

"ဘယ်သူက သမီးကို အဲ့လိုပြောဖို့ သင်ပေးတာလဲ"

နျိုနျိုက တိုးတိုးလေး ပြောလိုက်သည်။

"အဖွားကျန်း သင်ပေးတာပါ... သူပြောတယ်... ကိုယ့်မှာ ကောင်းတာတစ်ခုခု ရှိရင် ကိုယ့်အတွက်ပဲ မတွေးသင့်ဘူးတဲ့... မောင်လေးတွေအတွက်လည်း တွေးပေးရမယ်တဲ့"

ကျန်းယွင်နန်သည် ကလေးကို အကျင့်ဆိုးများ သင်ပေးခဲ့သော မိထွေးကို စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး မှာကြားလိုက်သည်။

"ကုမိသားစုမှာ အဲ့လိုစည်းကမ်းတွေ မရှိဘူး... ကျန်းမိသားစုမှာ သင်ခဲ့တာတွေ အကုန်မေ့ပစ်လိုက်... ဟုတ်ပြီလား"

နျိုနျို ခေါင်းညိတ်လိုက်သော်လည်း သူမ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အပြည့်ရှိနေသည်။ သူမက မေးလိုက်၏။

"သမီး တစ်ခုခု အမှားလုပ်မိလို့လားဟင်"

ကလေးမလေးသည် ဤမိသားစုသို့ ရောက်ခါစဖြစ်ပြီး စိတ်မတည်ငြိမ်သေးကြောင်း ကျန်းယွင်နန် သိသည်။ သူမကို ဖက်လိုက်ပြီး ပြောလိုက်သည်။

"သမီး ဘာမှ အမှားမလုပ်ပါဘူး... မှားခဲ့ရင်တောင် ဒီလောက် မကြောက်ပါနဲ့... သမီးရဲ့ အဖေနဲ့ အမေက သမီးရဲ့ မိသားစုပါ... တို့တွေ သမီးကို အပြစ်မတင်ပါဘူး"

နျိုနျိုသည် ကျန်းယွင်နန်၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်ပြီး မွေးစားမိခင်ထံမှ ကိုယ်သင်းနံ့ကို ရှူရှိုက်ကာ မယုံနိုင်လောက်အောင် လုံခြုံမှု ခံစားလိုက်ရသည်။

ရုတ်တရက် အပြင်ဘက်မှ ချန်ချွန်ဟွာ၏ ကျယ်လောင်သော အသံ ထွက်ပေါ်လာသည်။

"အဖေ... ဘာလို့ ဒီသေခါနီး ကြက်ပေါက်တွေကို ပြန်သယ်လာတာလဲ... အိမ်က ကြက်ခြံမှာ ထည့်စရာ နေရာမရှိတော့ဘူး"

All Chapters