← Chapters

ကြက်ပေါက်လေးများ

Vol. 2 Ch. 12

ကြက်ပေါက်လေးများ

Vol. 2 Ch. 12

ကျန်းယွင်နန်က နျိုနျိုကို ခေါ်ထုတ်လာချိန်တွင် ချန်ချွန်ဟွာသည် အော်ဟစ်ဆဲဆိုနေပြီး ကြက်ပေါက်များကို အိမ်ပြန်သယ်လာသည့် အဖိုးကုကို အပြစ်တင်နေဆဲပင်။

ထိုကြက်ပေါက်များသည် ပုံမှန်ကဲ့သို့ ကျန်းမာသော ကြက်ပေါက်များ မဟုတ်ကြပေ။

ကြက်ပေါက်များ ဖောက်တိုင်းလိုလိုတွင် အားနည်းသော အကောင်အချို့ ပါဝင်တတ်သည်။

ဤကြက်ပေါက်လေးများသည် ပြုစုရခက်ခဲပြီး ဈေးသို့ ပို့ဆောင်ရောင်းချနိုင်ခြင်း မရှိသဖြင့် ကြက်သည်များက ကြိုတင် စွန့်ပစ်လေ့ရှိသည်။

အဖိုးကုသည် ဤဖျားနာနေသော ကြက်ပေါက်များကို မည်သည့်နေရာမှ ရရှိလာခဲ့မှန်း မည်သူမျှ မသိကြပေ။

အဖိုးကုသည် ချွေးမကြီး၏ ခနဲ့တဲ့တဲ့ စကားများကို လျစ်လျူရှုကာ ကြက်ပေါက် ၆ ကောင်ကို သယ်ဆောင်ထားပြီး နေထွက်လာသည်ကို ကြည့်နေသကဲ့သို့ မျှော်လင့်ချက်အပြည့်ဖြင့် သေချာကြည့်ရှုနေလေသည်။

ထိုအဖြစ်အပျက်ကို ကြည့်ရန် ထွက်လာသော နျိုနျိုကို မြင်လိုက်ရသည့်အခါ အဖိုးကုက ကလေးမလေးကို လက်ယပ်ခေါ်လိုက်သည်။

နျိုနျို ချက်ချင်း ပြေးသွားလိုက်သည်။ သူမသည် ဤအဖိုးကို အလွန် သဘောကျနေပြီဖြစ်သည်။

အစားအစာသည် အလွန်တန်ဖိုးရှိပြီး သူမကို မုန့်ခိုးကျွေးသော မည်သူမဆိုသည် သူမ၏အမြင်တွင် ကမ္ဘာပေါ်၌ အကောင်းဆုံး လူကြီးပင် ဖြစ်သည်။

"နျိုနျို... သမီး ကြက်ပေါက်လေးတွေ မွေးဖူးလား"

အဖိုးကုက ပြုံးပြီး မေးလိုက်သည်။

နျိုနျို ခေါင်းခါလိုက်သော်လည်း ချက်ချင်းပင် တက်ကြွစွာ ဖြေလိုက်သည်။

"ကြက်ကြီးတွေတော့ မွေးဖူးတယ်... အရင်အိမ်က အဖွားကျန်း မွေးထားတဲ့ ကြက်အကောင်ရေ တစ်ဒါဇင်လောက်က သမီး တောဟင်းရွက်တွေ ခူးကျွေးပြီး မွေးထားတာ"

ထိုစကားကို ကြားသောအခါ ကျန်းယွင်နန် ဝမ်းနည်းသွားသည်။ ကြက်တစ်ဒါဇင်ကျော် မွေးမြူရန် အစာအများအပြား လိုအပ်ပြီး ၅ နှစ်အရွယ် ကလေးတစ်ယောက်က နေ့စဉ် မြက်ပင်များ လိုက်ခူးကျွေးခဲ့ရသည်။

၅ နှစ်အရွယ်တွင် ဆော့ကစား ပြေးလွှားနေဆဲဖြစ်သော သူမ၏ သားများကို ပြန်စဉ်းစားမိလိုက်သည်။

အဖိုးကုသည် အသက်ကြီးပြီး သူငယ်ပြန်နေသဖြင့် ထွေထွေထူးထူး မတွေးဘဲ ချီးကျူးလိုက်သည်။

"ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်... ငါတို့ နျိုနျိုက အတော်ဆုံးပဲ"

ချီးကျူးခံရသဖြင့် နျိုနျို ချက်ချင်း ရင်ကော့လိုက်သည်။

အဖိုးကုက ဆက်ပြောသည်။

"နျိုနျို... အဖိုးကို ဒီကြက်ပေါက် ၆ ကောင် ဝိုင်းမွေးပေးနော်... သူတို့ ဥ ဥရင် သမီးအတွက် ကြက်ဥပေါင်း လုပ်ပေးမယ်... ကြက်တွေ ကြီးလာရင် ကြက်ပေါင်းဟင်းရည် လုပ်ပေးမယ်... အကုန်လုံး သမီးအတွက်ပဲ... ဟုတ်ပြီလား"

ချန်ချွန်ဟွာသည် ထိုကြက်ပေါက်များ အသက်မရှင်နိုင်ဟု ထင်သော်လည်း ဤစကားကို ကြားသောအခါ စိုးရိမ်လာပြီး ပြောလိုက်သည်။

"ဘာလို့ ဒီကြက်တွေကို မွေးပြီး နျိုနျိုတစ်ယောက်တည်းကို ပေးရမှာလဲ... တခြားမြေးတွေက အဖေ့မြေးအရင်းတွေ မဟုတ်လို့လား... ဒီကလေးက ဆုံးသွားတဲ့ ညီမလေးနဲ့ တူရင်တောင် အဖေနဲ့ ဘာမှမတော်စပ်ဘူးလေ... အဖေ... မျက်နှာမလိုက်ပါနဲ့"

သူမက ညည်းညူရန် ရည်ရွယ်သော်လည်း မထင်မှတ်ဘဲ အဖိုးကု၏ စိတ်ဝေဒနာကို လှုံ့ဆော်လိုက်သလို ဖြစ်သွားသည်။

"နန်နန်... ငါ့ရဲ့ နန်နန် မသေဘူး... သူ ကောင်းကောင်းမွန်မွန် ရှိနေတယ်"

အဖိုးကု အော်ဟစ်လိုက်ပြီး ခေါင်းကို ကိုင်ကာ ဆံပင်များကို ဆွဲနှုတ်နေသဖြင့် အလွန် စိတ်ဒုက္ခရောက်နေပုံ ပေါက်နေသည်။

အဖွားကု ထွက်လာပြီး ခင်ပွန်းသည် ရူးသွပ်နေသည်ကို မြင်သောအခါ အပြေးသွားပြီး ပြောလိုက်သည်။

"အဖိုးကြီး... နန်နန် ဒီမှာ ရှိတယ်လေ... ရှင် ဘာတွေ လျှောက်ပြောနေတာလဲ"

ထို့နောက် အဖွားကုသည် နျိုနျိုကို အဖိုးကု၏ ရှေ့သို့ ဆွဲခေါ်လိုက်သည်။

နျိုနျို အလွန် ကြောက်လန့်နေသော်လည်း အဖိုး၏လက်ကို ကိုင်ကာ တိုးတိုးလေး ပြောလိုက်သည်။

"သမီး... သမီး ဒီမှာ ရှိတယ်..."

အဖိုးကု၏ စိတ်ခံစားမှုများသည် ကလေးမလေး၏ နူးညံ့သော စကားသံကြောင့် အနည်းငယ် တည်ငြိမ်သွားပြီး ဆံပင်ဆွဲနေခြင်းကို ရပ်တန့်လိုက်သည်။

မြေကြီးပေါ်တွင် ကျနေသော ဆံပင်ဖြူများကို ကြည့်ပြီး အဖွားကု ရင်နာသွားသည်။ သူမက ပြောလိုက်သည်။

"ရှင်က ဘာလို့ ဆံပင်တွေပဲ အမြဲဆွဲနေရတာလဲ... ရှင် ဆံပင် ဘယ်လောက် ဆွဲနှုတ်ရဦးမှာလဲ... ရှင့်ခေါင်းက ဘုန်းကြီးခေါင်းလို ဖြစ်နေပြီ"

ဇနီးသည်၏ ဆူပူသံကို ကြားသောအခါ အဖိုးကုက တောင်းပန်သော မျက်လုံးများဖြင့် ကြည့်ပြီး ပြောလိုက်သည်။

"ကောင်းပြီ... ကောင်းပြီ... မင်းပြောတာ နားထောင်ပါ့မယ် အဖွားကြီးရာ"

အဖိုးကု ဤကဲ့သို့ ကလေးဆန်သော မျက်နှာထား လုပ်ပြတိုင်း အဖွားကု ဘာမှမလုပ်နိုင်တော့ပေ။ နှစ်ပေါင်းများစွာ ဖျားနာပြီး ကယောင်ကတမ်း ဖြစ်နေသော ခင်ပွန်းသည်ကို သနားနေမိသဖြင့် မည်သို့ ဆူပူရက်နိုင်မည်နည်း။

အဖွားကုသည် မီးဖိုချောင်ထဲတွင် ဟင်းသီးဟင်းရွက်များ လှီးနေသဖြင့် အပြင်တွင် ဖြစ်ပျက်နေသည်များကို မကြားလိုက်ရပေ။

ချန်ချွန်ဟွာက တိုးတိုးလေး ပြောလိုက်သည်။

"အမေ... အမေ အဖေ့ကို ပြောမှဖြစ်မယ်... သူက ဒီသေခါနီး ကြက်ပေါက်တွေကို အိမ်ခေါ်လာပြီး မွေးချင်နေတာ... ဘယ်သူ့ကိုမှ ဘာမှ အပြောမခံဘူး... ကြက်တွေ ကြီးလာရင် ကြက်သားနဲ့ ကြက်ဥက နျိုနျိုတစ်ယောက်တည်းအတွက်တဲ့... အမေ ဘယ်လိုထင်လဲ"

အဖွားကုသည် အတိတ်က အကြောင်းအရာတစ်ခုကို ပြန်သတိရသွားပုံရသည်။ ခဏမျှ တုံ့ဆိုင်းပြီးနောက် ပြောလိုက်သည်။

"နင့်အဖေ ပြောတဲ့အတိုင်းပဲပေါ့... နင်နဲ့ ဘာမှမဆိုင်ပါဘူး"

ချန်ချွန်ဟွာ ထိတ်လန့်တကြား ခုန်ထပြီး ပြောလိုက်သည်။

"အမေ... ဘယ်လိုလုပ် ကျွန်မနဲ့ မဆိုင်ရမှာလဲ... ဒီကြက်ပေါက်တွေကို ဝယ်တာ ကျွန်မတို့ ကိုယ်ပိုင်ပိုက်ဆံနဲ့ မဟုတ်ဘူးလား... ကျွန်မတို့ရဲ့ ဟင်းရွက်တွေ ဖွဲတွေနဲ့ ကျွေးရမှာ မဟုတ်ဘူးလား"

အဖွားကုက ပြန်ပြောလိုက်သည်။

"အဖိုးကြီးက ငါတို့ ဟင်းရွက်တွေနဲ့ ကြက်တွေကို ကျွေးမှာ မဟုတ်ဘူး"

အဖိုးကုက လက်ကာပြပြီး ပြောလိုက်သည်။

"ကျန်းအဘိုးကြီးက ငါ့ကို ပေးလိုက်တာပါ... ကြက်တွေက ရောဂါနဲ့ သေတော့မှာမို့လို့ ပိုက်ဆံမယူပါဘူးတဲ့... ပိုက်ဆံမလိုပါဘူးတဲ့..."

ချန်ချွန်ဟွာက ဤရှင်းပြချက်များကို ကြားသော်လည်း တီးတိုးရေရွတ်နေဆဲပင်။

"ဒါပေမယ့် နျိုနျို တစ်ယောက်တည်းကို စားခွင့်ပေးလို့ မရဘူးလေ"

အဖွားကုက သူမကို စူးစိုက်ကြည့်ပြီး ပြောလိုက်သည်။

"နင်က အိမ်ကို အရမ်းဦးစီးချင်နေတယ်ဆိုရင် မိသားစုထဲက ခွဲထုတ်ပြီး နင့်အိမ်ကို ပြန်ပို့လိုက်မယ်"

မိဘအိမ်သို့ ပြန်ပို့မည်ဟူသော ခြိမ်းခြောက်မှုကို ကြားသောအခါ ချန်ချွန်ဟွာ ဆက်မငြင်းရဲတော့ဘဲ တိုးတိုးလေး ညည်းညူလိုက်သည်။

"ဒီကောင်မလေးက အရမ်းကံကောင်းတာပဲ... လူတိုင်းက သူ့ကို အလိုလိုက်နေကြတယ်"

အဖွားကုသည် အပေါ်ယံတွင်သာ တင်းမာသော်လည်း လက်တွေ့တွင် တရားမျှတပြီး သားသမီးများကို မျက်နှာလိုက်လေ့ မရှိပေ။

သူမကို ဒေါသထွက်အောင် မလုပ်သမျှ ကာလပတ်လုံး ချွေးမများကို ဒုက္ခပေးသော ယောက္ခမမျိုး မဟုတ်ပေ။

ရွာထဲရှိ အခြားသော သဘောထားတင်းမာသည့် အဖွားကြီးများနှင့် ယှဉ်လျှင် ကုမိသားစု၏ ဘဝသည် ဇိမ်ကျသည်ဟု ဆိုနိုင်သည်။

မျက်နှာလိုက်မှုအကြောင်း ပြောရလျှင် သက်ကြီးရွယ်အို လင်မယားနှစ်ယောက်၏ အချစ်ဆုံးမှာ ကွယ်လွန်သွားသော ညီမလေးဖြစ်ပြီး ယခု ထိုချစ်ခင်မှုအားလုံးကို နျိုနျိုထံ ပုံပေးလိုက်ပြီဖြစ်ကြောင်း ချန်ချွန်ဟွာ မြင်နေရသည်။

ချန်ချွန်ဟွာသည် သမီးဖြစ်သူ ကုတာ့ယာကို မကျေမနပ် ကြည့်ပြီး ဆူပူလိုက်သည်။

"နင်က ဘာလို့ ချစ်ဖို့မကောင်းရတာလဲ... ဘာလို့ ဒီလို အခွင့်အရေးကောင်းတွေ မရတာလဲ... နင်သာ ရခဲ့ရင် ငါတို့ အကြီးဆုံး မိသားစုအတွက် အကျိုးရှိမှာ"

အခြားမိန်းကလေး တစ်ယောက်သာဆိုလျှင် ဤစကားကို ကြားပြီးနောက် နျိုနျို့အပေါ် မုန်းတီးစိတ် ဖြစ်ပေါ်လာနိုင်သည်။ သို့သော် ကုတာ့ယာ သည် ခေါင်းမာသူ ဖြစ်သည်။ နျိုနျိုနှင့် မောင်နှမများက သူမကို သဲဗန်းကူလုပ်ပေးပြီးကတည်းက ကုတာ့ယာ သည် နျိုနျို့ကို ညီမလေးအဖြစ် စိတ်ထဲတွင် လက်ခံထားပြီးလေပြီ။

အစ်မကြီးတစ်ယောက်အနေဖြင့် ညီမလေးအပေါ် အငြိုးအတေး မထားသင့်ဟု ကုတာ့ယာ ခံယူထားသည်။ ထို့အပြင် သူမက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

"ဒါပေါ့... ညီမလေးက အရမ်းချစ်ဖို့ကောင်းတာကိုး"

ချန်ချွန်ဟွာသည် သမီးဖြစ်သူကို ဒေါသထွက်လွန်းသဖြင့် လှောင်ရယ်ရယ်လိုက်မိ၏။

ကုတာ့ယာ၏ နားရွက်ကို ဆွဲပြီး ပြောလိုက်သည်။

"ဒီကလေး... နင် ငါပြောတာ ဘယ်တော့မှ နားမထောင်ပါလား"

ဒီနေ့ ကုတာ့ယာ လူရှေ့သူရှေ့ အရိုက်ခံရသည်မှာ ဒုတိယအကြိမ်ပင်။ သူမ မငိုနိုင်ခင်မှာပင် အဖွားကုက တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"သမီးကြီး... နင် ဘာတွေ သွယ်ဝိုက်ပြီး ပြောနေတာလဲ... ညီအစ်မတွေ တည့်နေတာကို နင်က မျက်စိစပါးမွှေး စူးနေတာလား... မိသားစုတစ်ခုလုံး နေ့တိုင်း ဗရုတ်သုက္ခ ဖြစ်နေမှ နင် ကျေနပ်မှာလား... ငါတို့ ကုမိသားစုက ဘယ်လိုလုပ်ပြီး နင့်လို ပြဿနာမမျိုးနဲ့ တွေ့ရတာလဲ"

ချန်ချွန်ဟွာက အမြန်လွှတ်လိုက်ပြီး ရှင်းပြရန် ကြိုးစားသော်လည်း အဖွားကုက သူမကို လျစ်လျူရှုကာ အလုပ်များ ခိုင်းစေလိုက်သဖြင့် ချန်ချွန်ဟွာတွင် ရန်ဖြစ်ရန် အချိန်မရှိတော့ပေ။

အဖိုးကုက နျိုနျိုကို အိမ်နောက်ဖေးသို့ ပြန်ခေါ်သွားပြီး ကျူပင်ဖြင့် ယက်ထားသော ခြင်းတောင်းကို ယူကာ ကောက်ရိုးများ ခင်းလိုက်သည်။ ထို့နောက် နျိုနျိုကို ရှင်းပြလိုက်သည်။

"ရာသီဥတုက အေးလာပြီ... ကြက်ပေါက်လေးတွေက လူတွေလိုပဲ အအေးဒဏ်ကို မခံနိုင်ဘူး..."

နျိုနျိုက ပြင်းထန်စွာ ခေါင်းညိတ်ပြပြီး သင်ယူရန် အာရုံစိုက်နေသည်။ ကျန်းမိသားစုအိမ်တွင် နျိုနျိုက ကြက်ပေါက်များကို သတ်မိမည်စိုးသဖြင့် အဖွားစိုင်က အစောပိုင်းအဆင့်တွင် ကိုယ်တိုင် ပြုစုခဲ့သည်။

ထို့ကြောင့် နျိုနျိုတွင် ကြက်ပေါက်မွေးမြူခြင်း အတွေ့အကြုံ မရှိခဲ့ပေ။

အဖိုးကုသည် သစ်ကိုင်းခြောက်ကဲ့သို့ ပိန်လှီနေသော လက်ကို ဆန့်ထုတ်လိုက်ပြီး နျိုနျို၏ ခေါင်းလေးကို ဖွဖွလေး ပုတ်ကာ ပြောလိုက်သည်။

"ငါတို့ နျိုနျိုလည်း အအေးမိလို့ မဖြစ်ဘူး... အဝတ်အစားတွေ အများကြီး ဝတ်ထားရမယ်..."

All Chapters