← Chapters

ဈေးပေါပေါနဲ့ရတဲ့ ရတနာ

Vol. 2 Ch. 14

ဈေးပေါပေါနဲ့ရတဲ့ ရတနာ

Vol. 2 Ch. 14

ကုမင်တာ့ က ခြေလှမ်းမရပ်လိုက်ဘဲ ပို၍ပင် မြန်မြန် လှမ်းလိုက်သည်။ သူ လမ်းလျှောက်နေရင်း နျိုနျိုကို ညင်သာစွာ နှစ်သိမ့်လိုက်သည်။

"သမီး ဗိုက်ဆာနေပြီလား... မပူပါနဲ့... သမီးလေး... ခဏနေရင် စားရတော့မယ်"

နျိုနျို ခေါင်းခါလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"အဖေ... ဟိုဆိုင်မှာ ရတနာ တစ်ခုရှိတယ်"

ကုမင်တာ့ ခဏရပ်သွားပြီး မေးလိုက်သည်။

"နျိုနျို... သမီး ဘယ်လိုသိတာလဲ"

နျိုနျို ပြန်ဖြေသည်။

"သမီး အိပ်မက်မက်ထားလို့"

ကုမင်တာ့ သည် နျိုနျို၏ ထူးခြားမှုကို သတိမထားမိသေးဘဲ သူမ၏ခေါင်းလေးကို ပုတ်ပေးပြီး မေးလိုက်သည်။

"အဖေ့ကို ပြောပြပါဦး... သမီး ဘယ်လို အိပ်မက်ကောင်းတွေ မက်ခဲ့တာလဲ"

"သမီးတို့ မြို့ကို ရောက်သွားပြီး ဈေးသည်တစ်ယောက် ဆိုင်ခင်းနေတာ တွေ့တယ်လို့ မက်တာ... အဲ့ဒီဆိုင်မှာ လိပ်အခွံနဲ့တူတဲ့ အမည်းရောင် အတုံးကြီးတစ်ခု ရှိတယ်... အဲ့ဒါက ရတနာကြီးပဲ... အပေါ်က အမည်းရောင်အလွှာကို ဆေးလိုက်ရင် နေရောင်လို တောက်ပလာတယ်တဲ့"

ကလေးများ၏ စကားများသည် အမြဲတမ်း ရိုးသားဖြူစင်မှုများဖြင့် ပြည့်နှက်နေသည်။

ဘေးမှ နားထောင်နေသော ကျန်းယွင်နန်က တခစ်ခစ် ရယ်မောလိုက်သည်။

"မယုံနိုင်စရာပဲ... နျိုနျို ပြောတာ မှန်တယ်... ကျွန်မတို့ တကယ်ပဲ ဈေးသည်တစ်ယောက်နဲ့ တွေ့တယ်"

ညီမလေး၏ အိပ်မက် အဓိပ္ပာယ်ကို နားမလည်သော ၆ နှစ်အရွယ် ကုကျောက် သည် ခုန်ဆွခုန်ဆွ လုပ်နေပြီး မေးလိုက်သည်။

"ဈေးသည်အကြောင်းပဲ မက်တာလား... သားအကြောင်းရော မက်သေးလား... မက်သေးလား"

ထိုစကားကို ကြားသောအခါ နျိုနျို ရုတ်တရက် ငိုချလိုက်သည်။

မိသားစုတစ်ခုလုံး ထိတ်လန့်သွားကြသည်။

ကျန်းယွင်နန်က အမြန် ပြောလိုက်သည်။

"မငိုပါနဲ့ နျိုနျို... အမေ ယုံပါတယ်... သမီးက သမီးရဲ့ မောင်လေးအကြောင်းလဲ မက်တယ်ဆိုတာ အမေ ယုံတယ်... သမီးကို အမေ သံသယမဝင်ပါဘူး"

နျိုနျို ခေါင်းခါလိုက်ပြီး ငိုသံပါသော အသံဖြင့် တုန်ရီစွာ ပြောလိုက်သည်။

"နျိုနျို အိပ်မက်ဆိုး မက်လို့... ပြောပြဖို့ ကြောက်လို့ပါ"

"မငိုပါနဲ့ နျိုနျို... အဖေနဲ့ အမေကို ကြိုက်တာ ပြောပြလို့ရတယ်... တို့တွေက သမီးရဲ့ မိဘတွေပဲ... သမီးကို အမြဲတမ်း ကာကွယ်ပေးမှာပါ"

ကုမင်တာ့ က ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။

နျိုနျိုက မျက်ရည်များကြားမှ သူ့ကို မော့ကြည့်လိုက်သော်လည်း ခေါင်းခါနေဆဲပင်။

"သမီး မပြောပြရဲဘူး... ပြောပြရင် အဖေနဲ့ အမေက သမီးကို မချစ်တော့ဘဲ နေလိမ့်မယ်"

ကုမင်တာ့ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ကျန်းယွင်နန်ကို မျက်ရိပ်ပြလိုက်သည်။

ထို့နောက် ကလေးမလေးကို ပွေ့ချီကာ လမ်းဘေးရှိ လူရှင်းသော ထောင့်တစ်နေရာသို့ ခေါ်သွားလိုက်သည်။

"မကြောက်ပါနဲ့ နျိုနျို... အဖေ့ကို ပြောပြပါ... သမီး ဘာအိပ်မက်ဆိုးမက်တာလဲ... အဖေ သမီးကို ဘယ်တော့မှ မမုန်းပါဘူး"

ကုမင်တာ့ က နျိုနျိုကို အလွန် လေးလေးနက်နက် အာမခံလိုက်သည်။

ထိုစကားကို ကြားမှ နျိုနျို အငိုရပ်သွားပြီး မျက်လုံးနီနီလေးများဖြင့် မေးလိုက်သည်။

"တကယ်လားဟင်"

ကုမင်တာ့ က ကလေးမျက်နှာပေါ်မှ မျက်ရည်များကို လက်ကိုင်ပုဝါဖြင့် ညင်သာစွာ သုတ်ပေးပြီး ပြောလိုက်သည်။

"သမီး ဘာအိပ်မက်ပဲ မက်မက် သမီးက အဖေ့ရဲ့ အဖိုးတန် သမီးလေးပါပဲ... အဖေက ပညာတတ်တစ်ယောက်လေ... သမီးကို မလိမ်ပါဘူး"

နျိုနျို တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။

"ဒါပေမယ့် အရင်အဖေကလည်း ပညာတတ်ပဲ... သူက လိမ်တယ်... သမီး အိပ်မက်ဆိုး မက်ကြောင်း ပြောပြတိုင်း သူ သမီးကို ရိုက်တယ်..."

ဒါက ကျန်းကွမ်းကျုံး ချန်ထားခဲ့သော နောက်ထပ် ပြဿနာတစ်ခုမှန်း ကုမင်တာ့ သဘောပေါက်လိုက်သည်။

ခဏမျှ စဉ်းစားပြီးနောက် ကလေးကိစ္စကို ကလေးနည်းဖြင့် ဖြေရှင်းသင့်သည်ဟု သူ ခံစားလိုက်ရသည်။

"အဖေ ကတိပေးတယ်... တကယ်ပြောတာ... ကတိသစ္စာ ပြုကြမယ်... လိမ်တဲ့သူက ခွေးပေါက်လေး ဖြစ်ကြေး... ခွေးလို ဟောင်ရကြေး"

ဖခင်ဖြစ်သူ၏ ဆန့်ထုတ်ထားသော လက်သန်းလေးကို မြင်လိုက်ရသောအခါ နျိုနျို၏ မျက်နှာပေါ်ရှိ စိတ်ဒုက္ခရောက်နေသော အမူအရာများ ချက်ချင်း ပျောက်ကွယ်သွားပြီး သူမ၏ လက်သန်းလေးဖြင့် ပြန်ချိတ်လိုက်သည်။

ကတိသစ္စာ ပြုပြီးနောက် နျိုနျို ပြောပြလိုက်သည်။

"အဖေ... သမီး အိပ်မက်ထဲမှာ ကိုကိုလတ်က ဇီးယိုရောင်းတဲ့ အဘိုးကြီးနောက်ကို လိုက်ပြေးရင်း လဲကျသွားတယ်... လက် ပွန်းသွားတယ်"

ကုမင်တာ့ က အစပိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော ကိစ္စတစ်ခုဟု ထင်မှတ်ခဲ့သော်လည်း အသေးအဖွဲလေး ဖြစ်နေသည်။

သူ နှစ်သိမ့်စကား ပြောရန် ပြင်လိုက်စဉ် တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိလိုက်သည်။

"ကျန်းမိသားစုအိမ်မှာ နေတုန်းက ကျင်းပေါင် လက်ပွန်းပြီး အရိုက်ခံရတဲ့ အိပ်မက်ပဲ မက်ခဲ့တာလား"

နျိုနျို လိမ္မာစွာ ခေါင်းညိတ်ပြသည်။

"ကျင်းပေါင် ငိုရင် သမီးလည်း လိုက်ငိုရတယ်... မဟုတ်ရင် အဖွားကျန်းက မပျော်ဘူးလေ"

ကုမင်တာ့ ၏ မျက်နှာထား ရုတ်တရက် မဲမှောင်သွားသည်။ ကျန်းမိသားစုသည် ထုံးစံအတိုင်း လွန်လွန်းနေကြသည်။

နျိုနျိုသည် သူ့ကို ဤပုံစံဖြင့် တစ်ခါမျှ မမြင်ဖူးသဖြင့် ကြောက်လန့်တကြား တုန်ရီသွားသည်။

ကုမင်တာ့ ချက်ချင်း စိတ်ကို ထိန်းလိုက်ပြီး နဂိုအတိုင်း နူးညံ့သိမ်မွေ့သော လူကြီးလူကောင်း ပုံစံသို့ ပြန်ပြောင်းလိုက်သည်။

နျိုနျိုက ဝမ်းနည်းပက်လက် ပြောလိုက်သည်။

"အဖွားကျန်း ပြောတာတော့ ကျင်းပေါင် ထိခိုက်တာက သမီးကြောင့်တဲ့... သမီးက ဂြိုဟ်ဆိုးမတဲ့... အဖေ... သမီးက တကယ်ပဲ ဂြိုဟ်ဆိုးမလားဟင်"

ကုမင်တာ့ လက်လှမ်းလိုက်ပြီး သူမ၏ စောင်းနေသော ကျစ်ဆံမြီးများကို တည့်မတ်ပေးကာ ပြောလိုက်၏။

"နျိုနျိုက ဂြိုဟ်ဆိုးမ မဟုတ်ပါဘူး... နျိုနျိုက ကံကောင်းစေတဲ့ ကြယ်လေးပါ"

ထိုစကားကို ကြားသောအခါ နျိုနျို ပြုံးလိုက်သည်။

ခင်ပွန်းဖြစ်သူက သမီးကို ပွေ့ချီပြီး ပြန်လာသည်ကို မြင်သောအခါ ကလေးမလေး အငိုရပ်သွားကြောင်း သိလိုက်ရသဖြင့် ကျန်းယွင်နန် စိတ်သက်သာရာ ရသွားသည်။

"မင်းတို့နှစ်ယောက် စားသောက်ဆိုင်ကို အရင်သွားနှင့်ကြ... ကိုယ် နျိုနျိုကို ခေါ်ပြီး ဆိုင်တွေကို လိုက်ပြလိုက်ဦးမယ်... ပြီးရင် ချက်ချင်း ပြန်လာခဲ့မယ်"

ကုမင်တာ့ က ပြောလိုက်သည်။

ကျန်းယွင်နန် မေးခွန်းမထုတ်ဘဲ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သားနှစ်ယောက်၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီး စားသောက်ဆိုင်ရှိရာ လမ်းဘက်သို့ ထွက်ခွာသွားကြသည်။

ကုမင်တာ့ က ထပ်ပြောလိုက်သည်။

"ယွင်နန်... ကုကျောက်ကို ဇီးယို ဝယ်မကျွေးနဲ့နော်"

ထိုစကားကို ကြားသောအခါ ကုကျောက် အော်ငိုလိုက်သည်။

"အဖေ... သား ဇီးယို စားချင်တယ်... လုပ်ပါ..."

ကုမင်တာ့ မကြားသကဲ့သို့ ပြုမူလိုက်ပြီး အေးစက်သော ဟန်ပန်ဖြင့် သမီးကို ပွေ့ချီကာ ပြန်လှည့်လာခဲ့သည်။

ဆိုင်ပတ်လည်တွင် လူအုပ်ကြီး စုဝေးနေသော်လည်း အများစုမှာ ကြည့်ရှုပြီး အကြံဉာဏ်ပေးနေသူများသာ ဖြစ်သည်။

ကုမင်တာ့ သည် ပေါ့ပေါ့ပါးပါးဖြင့် ဆိုင်နားသို့ ကပ်သွားပြီး ဒူးထောက်ထိုင်ကာ ဟိုဟိုဒီဒီ ကြည့်ရှုလိုက်သည်။

ဆိုင်ပေါ်ရှိ လိပ်ပုံစံ သံတုံးကို တွေ့လိုက်ရသောအခါ သူ၏ မျက်နှာထား အနည်းငယ် တန့်သွားသည်။

ဆိုင်ပိုင်ရှင်မှာ ကျန်းမိသားစု၏ ဖြုန်းတီးသော သားဆိုး ကျန်းခေါင်းကြီး ဖြစ်သည်။ လောင်းကစား စွဲလမ်းနေသူဖြစ်၍ အသွင်အပြင်ကို ဂရုမစိုက်ပေ။ ဆံပင်များ ရှုပ်ပွနေပြီး မျက်လုံးများ နီရဲနေကာ စိတ်ပျက်အားငယ်နေသော ပုံစံ ပေါက်နေသည်။

သူသည် ဖြတ်သွားဖြတ်လာများ၏ လက်ညှိုးထိုး ဝေဖန်မှုများကို လျစ်လျူရှုထားပြီး တစ်စုံတစ်ယောက် လာဝယ်မှသာ တက်ကြွလာတတ်သည်။

"ကျောင်းသားလေး... ငါ မလိမ်ပါဘူး... ငါ့မိသားစု မျိုးရိုးထဲမှာ ဝန်ကြီးချုပ်တစ်ယောက် ရှိခဲ့ဖူးတယ်... ဒီပစ္စည်းတွေက ဝန်ကြီးချုပ် သုံးခဲ့တဲ့ ပစ္စည်းတွေ... ဝယ်ပြီး သူ့ရဲ့ ပညာတတ် အရှိန်အဝါကို ရယူလိုက်စမ်းပါ... မင်း နောက်နှစ်နည်းနည်းကြာရင် ထိပ်တန်းပညာရှင် ဖြစ်လာနိုင်တယ်"

ကျန်းခေါင်းကြီးက ကုမင်တာ့ ကို ပြောလိုက်သည်။

ကုမင်တာ့ သည် ထိုစကားကို ကြားပြီး မရယ်ဘဲ မနေနိုင်တော့ပေ။ တစ်ဝက်ခန့် သုံးထားပြီးသော နှုတ်ခမ်းနီဘူးကို လက်ညှိုးထိုးပြပြီး မေးလိုက်သည်။

"ဒါကိုလည်း ခင်ဗျားဘိုးဘေး ဝန်ကြီးချုပ်က သုံးခဲ့တာလား"

ကျန်းခေါင်းကြီး၏ လိမ်ညာမှုမှာ ချက်ချင်း ပေါ်သွားသော်လည်း မျက်နှာမပျက်ဘဲ ဆက်ရှင်းပြလိုက်သည်။

"ဒါက ဝန်ကြီးချုပ်ကတော် ပိုင်တာလေ... ဝန်ကြီးချုပ်က စားတောင် စားဖူးလောက်တယ်"

သူ၏ ညစ်ညမ်းသော ပုံစံကို ကြည့်ပြီး ကုမင်တာ့ မျက်စိနောက်လာသည်။

သူသည် သံလိပ်ကို ချက်ချင်း မယူသေးဘဲ ဆိုင်ပေါ်ရှိ စာအုပ်များကို စတင် ကြည့်ရှုလိုက်သည်။

စာအုပ်များကို စိတ်ဝင်စားသည်ကို မြင်သောအခါ ကျန်းခေါင်းကြီးသည် သိုးတစ်ကောင်ကို ဖမ်းမိပြီဟု ခံစားလိုက်ရပြီး ပြောလိုက်သည်။

"ကျောင်းသားလေး... စာအုပ်ဝယ်ဖို့ နေရာမှန် ရောက်လာပြီ... ဒါတွေက ရှားပါးပြီး ထူးခြားတဲ့ စာအုပ်တွေ... ငါ မင်းကို ဈေးမတင်ပါဘူး... တစ်အုပ်ကို ငွေ ၁၀၀ ပဲ ပေးပါ"

ကုမင်တာ့ က ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

"တကယ်သာ ငွေ ၁၀၀ တန်ရင် ခင်ဗျား လမ်းဘေးဆိုင်မှာ ရောင်းနေမှာ မဟုတ်ဘူး... ကျွန်တော့်အမြင်တော့ ငွေ ၁ တုံးလောက်ပဲ တန်မယ်ထင်တယ်"

ကျန်းခေါင်းကြီးက ချက်ချင်း ပြောလိုက်သည်။

"ကောင်းပြီလေ... ၁ တုံးပဲ ထားလိုက်တော့... မြန်မြန် ဝယ်လိုက်ပါ"

ဖြတ်သွားဖြတ်လာ တစ်ယောက်က သည်းမခံနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။

"ကျန်းခေါင်းကြီး... ဘာလို့ အတင်းရောင်းနေတာလဲ... ကျောင်းသားက အားနာတတ်တာကို အခွင့်ကောင်းယူနေတာလား"

ကျန်းခေါင်းကြီးက ချက်ချင်း ပြန်အော်လိုက်သည်။

"သွားစမ်းပါ... ငါ့စီးပွားရေး လာမဖျက်နဲ့... မြန်မြန်ရောင်းရမှ လောင်းကစားရုံသွားပြီး နှစ်ပွဲလောက် ကစားရမှာ"

ဆူညံသံများကို ကြားနေရသော်လည်း ကုမင်တာ့ သည် စာအုပ်ပုံထဲမှ သူကြိုက်နှစ်သက်သော စာအုပ်တစ်အုပ်ကို ရွေးလိုက်သည်။

"ကျွန်တော် ဒီတစ်အုပ် ဝယ်မယ်"

ထိုစကားကို ကြားသောအခါ ကျန်းခေါင်းကြီးသည် ငြင်းခုံနေခြင်းကို ရပ်တန့်လိုက်ပြီး ပြုံးဖြဲဖြဲဖြင့် ဈေးတင်ပြောလေတော့သည်။

"တခြားစာအုပ်တွေ ထားလိုက်... ဒီတစ်အုပ်က တကယ် ထူးခြားတာ... အနည်းဆုံး ငွေ ၁၀ တုံး ပေးမှရမယ်"

ကုမင်တာ့ က ချက်ချင်း သဘောတူလိုက်သည်။

"ဒါဆို မဝယ်တော့ဘူး"

သူ စာအုပ်ကို ချပြီး ထွက်ခွာရန် ပြင်လိုက်သည်။

ကျန်းခေါင်းကြီး လောဘမတက်ရဲတော့ဘဲ ပြောလိုက်သည်။

"နေပါဦး... နေပါဦး... ၁ တုံး... ၁ တုံး... လုံးဝ မလျှော့နိုင်တော့ဘူး"

ကုမင်တာ့ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူ၏ဘေးရှိ ကလေးလက်သီးဆုပ် အရွယ်အစားခန့်ရှိသော လိပ်ရုပ်လေးကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

"ကောင်းပြီလေ... ဒီသံလိပ်ရုပ်လေးကို အပိုလက်ဆောင် ထည့်ပေးလိုက်... သမီး ကစားဖို့လေ"

ဆိုင်ပိုင်ရှင် အလွန် ဝမ်းသာသွားသည်။ သူ၏ဆိုင်တွင် ခရီးသွားမှတ်တမ်းများနှင့် အခြား တန်ဖိုးမရှိသော စာအုပ်များသာ ရှိပြီး လိပ်ရုပ်ကိုလည်း ရောင်းမထွက်နိုင်ပေ။ ကုမင်တာ့ ကဲ့သို့သော အလိမ်ခံရမည့်သူကို တွေ့ရှိရသဖြင့် အလွန် စိတ်လှုပ်ရှားနေသည်။

ပစ္စည်းကို အလျင်အမြန် ထိုးပေးပြီး ပြောလိုက်သည်။

"ငွေ ၁ တုံး... မြန်မြန် ပိုက်ဆံပေး... စကားပြန်ပြင်လို့ မရဘူးနော်"

All Chapters