← Chapters

မိသားစု ပဋိပက္ခ

Vol. 2 Ch. 18

မိသားစု ပဋိပက္ခ

Vol. 2 Ch. 18

လျူအာနီ သည် ခြင်းတောင်းအလွတ်ကို ကိုင်ကာ ကုမိသားစုအိမ်သို့ စိတ်ဓာတ်ကျစွာ ပြန်ရောက်လာသောအခါ ချန်ချွန်ဟွာသည် ရောက်နှင့်နေပြီဖြစ်ပြီး ဂုဏ်ယူဝင့်ကြွားနေသည်။

"မရီးလေး... လာကြည့်ပါဦး... ဒါ ကျွန်မမိသားစုက ပေးလိုက်တဲ့ မှိုခြောက်တွေလေ... ကျွန်မမိသားစုက တကယ့်ကို ကောင်းတာပဲ... ကျွန်မ အိမ်ထောင်ကျတာ နှစ်ပေါင်းများစွာ ကြာပြီ... သူတို့က ကျွန်မကို အပျိုလေးတစ်ယောက်လို ဆက်ဆံနေတုန်းပဲ"

ချန်ချွန်ဟွာက ပြောလိုက်သည်။

လျူအာနီ သည် ချန်ချွန်ဟွာ၏ အခွင့်ထူးများကို အားအကျဆုံး ဖြစ်သည်။

အိမ်ထောင်ကျပြီးတာတောင် မိသားစုက ဂရုစိုက်နေတုန်းပင်။ လွန်ခဲ့သော နှစ်အနည်းငယ်က အစ်ကိုကြီးကု မူးပြီး ချန်ချွန်ဟွာကို တွန်းလိုက်ဖူးသည်။

နောက်တစ်နေ့တွင် ချန်ညီအစ်ကို သုံးယောက်လုံး ရောက်လာပြီး ပြဿနာရှာသဖြင့် အစ်ကိုကြီးကု ကြောက်လန့်တကြား ဒူးထောက်တောင်းပန်လုနီးပါး ဖြစ်ခဲ့ရသည်။

ဆင်းရဲသည်မှလွဲ၍ ချန်မိသားစုသည် တောရွာတစ်ရွာ၏ သမီးမိန်းကလေးတစ်ယောက်အပေါ် ထားရှိသော ချစ်ခင်မြတ်နိုးမှု အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။

ချန်ချွန်ဟွာက ခနဲ့တဲ့တဲ့ ဆက်ပြောလိုက်သည်။

"မရီးလေး... ကျွန်မ မီးဖိုချောင်ကို မနက်ကတည်းက စစ်ဆေးနေတာ... တို့ဖူးတစ်တုံး ပျောက်နေတယ်လို့ ခံစားရတယ်... ဘယ်ရောက်သွားလဲ သိလား"

လျူအာနီ အပြစ်ရှိစိတ်ဖြင့် ခေါင်းငုံ့လိုက်ပြီး ပြောလိုက်သည်။

"ကျွန်မ ချက်တုန်းက အပိုတစ်တုံး လုပ်မိတာ ဖြစ်မယ်... နောက်တစ်ခါ သတိထားပါ့မယ်..."

ချန်ချွန်ဟွာက ပြောလိုက်သည်။

"အဲ့ဒါ အကောင်းဆုံးပဲ... မရီးလေး မိဘအိမ်ကို ထပ်ပို့လိုက်တာ မဟုတ်ရင် ပြီးတာပါပဲ... ဒါပေမယ့် ရွာသားတွေ ပြောတာကြားတယ်... ခုနက မရီးလေး မိဘအိမ်ဘက် သွားတာ တွေ့တယ်ဆို... ဟုတ်လား"

အလှောင်ခံရပြီးနောက် လျူအာနီ ဘာပြန်ပြောရမှန်း မသိတော့ပေ။ ခင်ပွန်းသည်ကို အကူအညီတောင်းရန် ကြည့်လိုက်သော်လည်း တတိယညီလေးကု ၏ မျက်လုံးများက ယခုအချိန်တွင် သိပ်မကြည်ဖြူလှပေ။

မိဘအိမ်ကိုသာ စိတ်ဝင်စားသော ဇနီးသည်ကို မည်သူမျှ မကြိုက်နှစ်သက်ကြပေ။

အဖွားကုက ကျယ်လောင်စွာ ချောင်းဟန့်လိုက်ပြီး တတိယချွေးမကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"ရန်ဖြစ်တာ ရပ်ကြတော့... နေ့လယ်စာ အရင်သွားချက်... ပြီးမှ တို့ဖူးရောင်းဖို့ကိစ္စ ဆွေးနွေးကြမယ်"

အဖွားကု၏ စကားသည် လျူအာနီ တို့ဖူးခိုးယူမှုကိစ္စကို ဘေးဖယ်ထားလိုက်ကြောင်း ဆိုလိုသည်။

သို့သော် လက်တွေ့တွင် ရှိနေသူအားလုံး မကျေနပ်ကြပေ။

လျူအာနီ သည် သူမ မတရားဆက်ဆံခံရသည်ဟု ခံစားနေရပြီး ချန်ချွန်ဟွာကမူ ယောက္ခမဖြစ်သူသည် တတိယမိသားစုဘက်ကို မျက်နှာလိုက်သည်ဟု ခံစားနေရသည်။

ဒုတိယမိသားစုကမူ ဘေးထွက်နေပြီး ပဋိပက္ခတွင် ပါဝင်ရန် လုံးဝ ငြင်းဆန်ထားသည်။

ပိုက်ဆံသည် ပဋိပက္ခ၏ အရင်းအမြစ်ပင်။

နေ့လယ်ပိုင်းတွင် တို့ဖူးကို မည်သူက တာဝန်ယူ ရောင်းချသင့်ကြောင်း ဆွေးနွေးသောအခါ နောက်ထပ် ငြင်းခုံမှုတစ်ခု ဖြစ်ပွားပြန်သည်။

သားအကြီးဆုံးနှင့် တတိယသားတို့ မိသားစုသည် မည်သူမျှ အလျော့မပေးကြဘဲ သူတို့မိသားစုကသာ တို့ဖူးကို အပြင်ထွက် ရောင်းချသင့်သည်ဟု ယုံကြည်နေကြသည်။

နောက်ဆုံးတွင် ဘက်မလိုက်ဘဲ နေခဲ့သော ကုမင်တာ့ က အကြံပြုလိုက်သည်။

"အမေ... ရွာရဲ့ဘယ်ဘက်မှာ လင်းမိသားစုရွာ ရှိတယ်... ညာဘက်မှာ ချန်မိသားစုရွာ ရှိတယ်... ညီလေးက ဘယ်ဘက်ကိုသွား... အစ်ကိုကြီးက ညာဘက်ကိုသွား... မြို့ထဲမှာ တို့ဖူးသည် ရှိပြီးသားမို့လို့ အဲ့ဒီကို သွားစရာ မလိုပါဘူး"

ဤမျှ သင့်လျော်သော အကြံပြုချက်ကိုပင် တချို့က မကျေနပ်ကြသေးပေ။

လျူအာနီ က ပြောလိုက်သည်။

"ဘာလို့ အစ်ကိုကြီးက ချန်မိသားစုရွာကို သွားရမှာလဲ... အဲ့ဒါ မရီးရဲ့ မိဘအိမ်လေ... အစ်ကိုကြီးက ရွာသားတွေအများကြီးကို သိတယ်... သူက သေချာပေါက် ပိုမြန်မြန် ရောင်းရမှာပေါ့"

မနက်ခင်းက ငြင်းခုံမှုသည် သားအကြီးဆုံးနှင့် တတိယသားတို့ မိသားစုကြား ဒေါသကို မီးလောင်ရာလေပင့် ဖြစ်စေခဲ့သည်။

သူတို့နှစ်ဖက်စလုံး အသာစီးရရန် ဆုံးဖြတ်ထားကြသည်။ ဤတို့ဖူးရောင်းသည့် အခွင့်အရေးသည် သူတို့ကိုယ်သူတို့ သက်သေပြရန် အခွင့်အရေး တစ်ခုပင်။

ကုမင်တာ့ က သူမကို ထူးဆန်းစွာ ကြည့်ပြီး ပြောလိုက်သည်။

"မရီးလေး... ခင်ဗျား ဘာပြောချင်တာလဲ ကျွန်တော် နားမလည်ဘူး... ခင်ဗျားတို့က မိသားစုအတွက် တို့ဖူးရောင်းပေးကြမှာလေ... အမြန်ဆုံး ကုန်အောင် ရောင်းဖို့က အရေးအကြီးဆုံးပဲ... ဘယ်သူက အစ်ကိုကြီးနဲ့ ညီလေးကို ယှဉ်ပြိုင်ခိုင်းနေလို့လဲ"

အစ်ကိုကြီးကုနှင့် ညီလေးကုတို့ တိတ်ဆိတ်သွားပြီး အချင်းချင်း ကြည့်လိုက်ကြသည်။

ကုမင်တာ့ က အဖွားကုကို ကြည့်ပြီး မေးလိုက်သည်။

"အမေ... အစ်ကိုကြီးနဲ့ ညီလေးကို တို့ဖူးရောင်းတာ ဘယ်သူပိုတော်လဲ ပြိုင်ခိုင်းပြီး နိုင်တဲ့သူကို တို့ဖူးဆိုင် လွှဲပေးချင်တာလား"

ထိုစကားကို ကြားသောအခါ သားအကြီးဆုံးနှင့် တတိယသားတို့၏ မိသားစုဝင်များသည် အဖွားကုကို စိတ်ဝင်တစား စိုက်ကြည့်နေကြသည်။

အဖွားကု၏ မျက်နှာထား တင်းမာသွားသည်။

"ဆိုင်တောင် မဖွင့်ရသေးဘူး... ဘယ်သူ့ကို လွှဲပေးရမလဲ စဉ်းစားနေကြပြီလား... ငါ မသေသေးဘူးဟေ့"

သားအကြီးဆုံးနှင့် တတိယသားတို့ ချက်ချင်း ငြိမ်ကျသွားကြသည်။

ခဏမျှ စဉ်းစားပြီးနောက် အဖွားကုက ဖိနှိပ်ထားမည့်အစား လမ်းကြောင်းပြောင်းပေးခြင်းက ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်၏။

မိသားစုတစ်ခုလုံး ကြက်မျက်စောင်းထိုး ကြည့်နေကြမည့်အစား သူတို့အတွက် ဝင်ငွေအနည်းငယ် ရရှိစေခြင်းက ပိုကောင်းလိမ့်မည်။

"ငါ နင်တို့ကို တို့ဖူးတစ်တောင်းစီ ပေးလိုက်မယ်... အကုန်ရောင်းရပြီးရင် ငါ့ကို ကြေးပြား ၅၀ ပြန်ပေး... ကျန်တာ နင်တို့ ယူ"

အဖွားကုက ပြောလိုက်သည်။

သူမ၏စကားများသည် ကုမိသားစုကို လက်ကားဈေးကွက် တစ်ခုအဖြစ် ပြောင်းလဲလိုက်သကဲ့သို့ ဖြစ်နေသည်။ ချွေးမကြီးနှင့် တတိယချွေးမတို့က သူမထံမှ ပစ္စည်းယူပြီး ရောင်းချမည်။

မည်မျှ ရောင်းရသည်ကို သူမ ဂရုမစိုက်ပေ။

ပိုက်ဆံမကြိုက်သူ ဘယ်သူရှိလို့လဲ။ ထိုစကားကို ကြားသောအခါ ချွေးမကြီးနှင့် တတိယချွေးမတို့သည် အထင်ကြီးစရာ ဖြစ်အောင် လုပ်ပြရန် စိတ်အားထက်သန် သွားကြသည်။

သူတို့ တို့ဖူးများကို သယ်ဆောင်ပြီး ထွက်ခွာသွားကြသောအခါ အိမ်ထဲတွင် နောက်ဆုံး၌ တိတ်ဆိတ်သွားတော့သည်။

တို့ဖူး အများစုကို အပြင်ထုတ်သွားပြီဖြစ်၍ ရွာထဲမှ ဖောက်သည်များအတွက် အနည်းငယ်သာ ချန်ထားခဲ့သည်။

ကုမင်တာ့ သည် စာလေ့လာရန် အခန်းထဲသို့ အလျင်စလို ပြန်မဝင်သေးဘဲ ပြောလိုက်သည်။

"အမေ... ဒီတစ်ခေါက် ပြည်နယ်မြို့ကို စာမေးပွဲဖြေသွားရင် ယွင်နန်နဲ့ ကလေးတွေကိုပါ ခေါ်သွားချင်တယ်"

အဖွားကု ချက်ချင်း ကန့်ကွက်ချင်သွားသည်။

သို့သော် ကုမင်တာ့ က ဆက်ပြောလိုက်သည်။

"ပြည်နယ်မြို့ကို သွားရင် အစ်ကိုကြီးနဲ့ ညီလေးတို့ရဲ့ တို့ဖူးရောင်းတဲ့အလုပ်ကို အနှောင့်အယှက် ဖြစ်စေလိမ့်မယ်... သူတို့ လိုက်ခဲ့ကြမှာ မဟုတ်ဘူး... ယွင်နန် လိုက်ခဲ့ရင်တောင် ကလေးသုံးယောက်ကို အိမ်မှာထားခဲ့ဖို့ ကျွန်တော်တို့ စိတ်မချဘူး"

ကုမင်တာ့ စာမေးပွဲဖြေရန် ပြည်နယ်မြို့သို့ သွားလျှင် သူ့ကို စောင့်ရှောက်ရန် လူတစ်ယောက် လိုအပ်သည်။ ပုံမှန်အားဖြင့် အစ်ကိုကြီး ဒါမှမဟုတ် ညီလေး လိုက်ပါလေ့ရှိသည်။

ဒုတိယမိသားစုမှ ကလေးတစ်ယောက် ပြန်ပေးဆွဲခံခဲ့ရဖူးသဖြင့် မိဘနှစ်ပါးစလုံး ကလေးများကို လူကြီးမပါဘဲ ထားခဲ့ရန် စိတ်မချကြပေ။

အဖွားကုက မေးလိုက်သည်။

"နင်နဲ့ ယွင်နန်က ပြည်နယ်မြို့ကို သွားမယ်... ကလေးသုံးယောက်ကို ငါကိုယ်တိုင် ကြည့်ရှုစောင့်ရှောက်ပေးမယ်လေ... အဲ့ဒါကို စိတ်မချတာလား"

ကုမင်တာ့ ပြန်ဖြေသည်။

"အမေ... အမေ့ကို စိတ်မချတာ မဟုတ်ပါဘူး... ကလေးတွေက ကြီးလာပြီဆိုတော့ အပြင်လောကကို မြင်ဖူးသင့်တယ်... ဒီတစ်ခေါက်က ကျွန်တော့်ရဲ့ နောက်ဆုံးစာမေးပွဲ ဖြစ်မလား မပြောတတ်ဘူး"

အဖွားကုသည် ဒုတိယသားကို နားလည်သည်။ သူ၏ ဆန္ဒပြင်းပြမှုကို မြင်သောအခါ ဆက်လက် နားချရန် မကြိုးစားတော့ပေ။

"နင့်မိန်းမ ကလေးသုံးယောက်နဲ့ အလုပ်ရှုပ်တော့မယ်"

ကုမင်တာ့ က ပြောလိုက်သည်။

"ကလေးတွေက လိမ္မာပါတယ်... သူတို့ ဒုက္ခမပေးပါဘူး"

သူပြောသော လိမ္မာရေးခြားရှိသည့် ကလေးများသည် ယခု တာ့ချင်းတောင်တန်းထဲသို့ ဖခင်ဖြစ်သူ၏ နောက်မှ လိုက်ပါသွားကြသည်။

"အဖိုး... အဖိုးပြောတဲ့ သစ်အယ်သီးပင်တွေ ဘယ်မှာလဲ... သစ်အယ်သီးတွေ အများကြီး ကျန်သေးတာ သေချာလား"

ကုကျောက်က စိတ်အားထက်သန်စွာ မေးလိုက်သည်။

အဖိုးကုက ဗလုံးဗထွေး ပြောလိုက်သည်။

"သစ်အယ်သီး ကောက်မယ်... နျိုနျိုစားဖို့..."

၁၃ နှစ်အရွယ် ကုယန်သည် တောင်ပေါ်သို့ မလိုက်ချင်သော်လည်း မောင်နှမများ၏ မျက်လုံးများက "သစ်အယ်သီး" ဟူသော စကားလုံးအပေါ်တွင် ကပ်ငြိနေသဖြင့် လိုက်လာခဲ့ရသည်။ သို့သော် သူသည် ပတ်ဝန်းကျင်ကို အမြဲမပြတ် စောင့်ကြည့်နေပြီး တောကောင်ရိုင်းများ ထွက်လာပြီး သူတို့ကို ဆွဲသွားမည်ကို စိုးရိမ်နေသည်။

၁၅ မိနစ်ခန့် လမ်းလျှောက်ပြီးနောက် အဖိုးကု နောက်ဆုံးတွင် ရပ်တန့်လိုက်သည်။

သူသည် ဗလာဖြစ်နေသော သစ်ကိုင်းများကို မော့ကြည့်လိုက်ပြီး မျက်နှာပျက်သွားသည်။

"သစ်အယ်သီး... သစ်အယ်သီးတွေ ဘယ်ရောက်သွားလဲ"

ကုကျောက်လည်း စိတ်ပျက်သွားသည်။ အပင်ပေါ်တွင် ဘာမှမရှိသည်ကို မြင်သောအခါ မြေကြီးပေါ်တွင် ဝှက်နေသော သစ်အယ်သီးများ ရှိမလားဟု စတင် ရှာဖွေလေတော့သည်။

ကံဆိုးစွာဖြင့် မြေကြီးပေါ်တွင် ဆူးပါသော အခွံများသာ များပြားနေပြီး သစ်အယ်သီး အကောင်း အလွန်ရှားပါးသည်။

နျိုနျိုလည်း ကုန်းကုန်းကွကွဖြင့် မြေကြီးပေါ်တွင် ရှာဖွေနေပြီး ကုကျောက်ထက် သိသိသာသာ ကံကောင်းနေသည်။

"တစ်ခု... နှစ်ခု... ကိုကိုလတ်... ညီမ တော်တော်များများ တွေ့တယ်"

သူမသည် လက်ကို ဆန့်ထုတ်ပြီး သနားစရာကောင်းလောက်အောင် နည်းပါးသော သစ်အယ်သီးများကို ကုကျောက်အား ပေးလိုက်သည်။

"ကိုကိုလတ်... ဝမ်းမနည်းပါနဲ့... ဒါတွေ ယူလိုက်ပါ"

ကုကျောက်၏ စိတ်အခြေအနေ ချက်ချင်း တက်ကြွလာသည်။

"ကျေးဇူးပါ နျိုနျို"

သူ သစ်အယ်သီး မတွေ့သော်လည်း ပိုးကောင်အချို့ တွေ့ရှိခဲ့သည်။ ရောင်စုံ ခူကောင်တစ်ကောင်ကို မြှောက်ပြပြီး ပြောလိုက်သည်။

"ညီမလေး... ကြည့်စမ်း... ဒါ အစ်ကို အခုလေးတင် တွေ့တဲ့ ရတနာပဲ"

နျိုနျိုသည် လက်ချောင်းတစ်ချောင်းခန့် တုတ်သော ပိုးကောင်ကို ကြည့်ပြီး ငိုလုနီးပါး ဖြစ်သွားသည်။

သူမက သစ်အယ်သီးများ ကြင်နာစွာ ဝေမျှပေးခဲ့သော်လည်း အစ်ကိုဖြစ်သူက ကျေးဇူးကို ရန်ငြိုးဖြင့် ဘာကြောင့် တုံ့ပြန်ရသလဲဆိုသည်ကို သူမ နားမလည်နိုင်ပေ။

All Chapters