← Chapters

တောဝက်

Vol. 2 Ch. 20

တောဝက်

Vol. 2 Ch. 20

ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေကြောင့် အားလုံး ကြောက်လန့်သွားကြသည်။ ကုယန်က ညီမလေးကို ကာကွယ်ရန် အလျင်အမြန် လှည့်လိုက်သည် နျိုနျိုက အရပ်ပုသော်လည်း အံ့သြစရာကောင်းလောက်အောင် လျင်မြန်စွာပင် ကျောက်တုံးနောက်သို့ ဝင်ပုန်းလိုက်သည်။

ပြေးဝင်လာသော အမည်းရောင် အရိပ်သည် ဦးနှောက်မရှိသကဲ့သို့ နျိုနျို ထိုင်ခဲ့သော ကျောက်တုံးကြီးကို တန်းတန်းမတ်မတ် ဝင်တိုက်လေသည်။

ကုယန်သည် ကျောက်တုံးပေါ်ရှိ သွေးကွက်များနှင့် မြေကြီးပေါ်တွင် သေလုမျောပါး လဲကျနေသော ယုန်ကို ကြည့်ပြီး "သစ်ငုတ်တိုကို ဝင်တိုက်မယ့်ယုန်ကို ထိုင်စောင့်နေတယ်" ဟူသော စကားပုံကို မရည်ရွယ်ဘဲ သတိရလိုက်သည်။

သူ ဟာသတစ်ခုဟု ထင်မှတ်ခဲ့သော ထိုဇာတ်လမ်းသည် တကယ် ဖြစ်ပျက်လာခဲ့သည်။

တောယုန်များသည် လူအုပ်ထဲသို့ မိုက်မဲစွာ တိုးဝင်တတ်ကြ၏။

"ယုန်လေးပဲ"

နျိုနျို အံ့သြတကြီး အော်ဟစ်လိုက်သည်။

ကုကျောက်က တောယုန်၏ နားရွက်ကို ဆွဲမလိုက်ပြီး မျက်မှောင်ကြုတ်ကာ လေးလေးနက်နက် မေးလိုက်သည်။

"အသက်ရှူနေသေးတယ်... ကယ်လို့ရမလား"

နျိုနျို နားမလည်နိုင်စွာ မေးလိုက်သည်။

"ကိုကိုလတ်... ယုန်မွေးမလို့လား... အိမ်မှာ အသားဟင်း စားရတော့မယ် ထင်နေတာ..."

ကုကျောက်က ပြောလိုက်သည်။

"ကြည့်ရတာ အရမ်းချစ်စရာကောင်းတယ်... ဒီယုန်ကို မွေးထားရင် သားမှာ ကစားဖော် ရပြီလေ"

နျိုနျိုက ပြန်ပြောလိုက်သည်။

"အိမ်မှာ ကစားဖော်တွေ မရှားပါဘူး... ညီမရယ်... မမတာ့ယာ... မမရှောင်ယာ... ပြီးတော့ ကိုကိုတွေ အကုန်လုံး ကစားဖော်တွေပဲလေ"

ကုကျောက် ခေါင်းခါလိုက်သည်။

"မတူဘူး"

ဘာကွာခြားသလဲ ဆိုသည်ကိုတော့ ကုကျောက်၏ ဦးနှောက်သေးသေးလေးဖြင့် ချက်ချင်း မရှင်းပြနိုင်ပေ။

သို့သော် နျိုနျိုက လေးလေးနက်နက် ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"မတူတာတော့ သေချာတယ်... ဒီကစားဖော်ကို စားလို့ရတယ်... တခြားလူတွေ စားတာ ညီမ မြင်ဖူးတယ်... အနံ့က အရမ်းမွှေးတာ"

ကုယန်သည် မောင်နှမနှစ်ယောက်ကို ကြည့်ပြီး ရုတ်တရက် ဇာတ်ကောင်နေရာများ လွဲမှားနေသလို ခံစားလိုက်ရသည်။

နျိုနျိုက ယုန်ကို ကယ်တင်ရန် တောင်းဆိုပြီး ကုကျောက်က စားချင်နေလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။ သို့သော် ယုန်မွေးရန် စဉ်းစားနေသူမှာ သူ၏ညီဖြစ်နေပြီး ချစ်စရာ ညီမလေးကမူ သွားရည်ကျနေသည်။

အဖိုးကုကမူ တောယုန်ကို ထပ်ခါတလဲလဲ ကြည့်ရှုနေပြီး နက်နဲစွာ တွေးတောနေပုံရသည်။

"အဖိုး... မိုးချုပ်တော့မယ်... တောင်အောက် ဆင်းရအောင်"

ကုယန်က တိုက်တွန်းလိုက်သည်။

ယုန်တစ်ကောင်ကြောင့် ဖြစ်ပျက်ခဲ့သော်လည်း ကုယန် ကြောက်လန့်နေဆဲဖြစ်ပြီး အန္တရာယ် နီးကပ်လာသလို ခံစားနေရသည်။

အဖိုးကု မလှုပ်ရှားပေ။ အချိန်အကြာကြီး တွေးတောပြီးနောက် ပြောလိုက်သည်။

"ဒီယုန်ကို ဘာက လိုက်နေတာလဲ"

သူ၏ ပြောပုံဆိုပုံသည် အရက်ချက်သော လယ်သမားအိုကြီးတစ်ယောက်နှင့် မတူဘဲ ဝါရင့်မုဆိုးတစ်ယောက်နှင့် တူနေသည်။

သူ စကားပြောပြီးသည်နှင့် သူတို့နောက်ရှိ ခြုံပုတ်များထဲမှ တစ်စုံတစ်ခု ခုန်ထွက်လာသည်။

ချွန်ထက်သော အစွယ်နှစ်ချောင်းပါရှိသည့် အမည်းရောင် တောဝက်ကြီးတစ်ကောင်သည် ကုကျောက်ထံသို့ တည့်တည့် ဝင်ရောက်လာသည်။

တောဝက်နှင့် အိမ်မွေးဝက်တို့သည် ဝက်အမျိုးအစားချင်း တူသော်လည်း တိုက်ခိုက်နိုင်စွမ်းမှာ ကွာခြားလှသည်။

ကုကျောက်သည် ဤကဲ့သို့ အရာမျိုးကို တစ်ခါမျှ မမြင်ဖူးသဖြင့် ကြောက်လန့်တကြား တောင့်တင်းနေပြီး မလှုပ်ရှားနိုင် ဖြစ်နေသည်။

ရုတ်တရက် နျိုနျို လှုပ်ရှားလိုက်ပြီး ကုကျောက်ကို ဘေးသို့ ဆွဲလိုက်သဖြင့် တောဝက်၏ တိုက်ခိုက်မှုမှ သီသီလေး လွတ်မြောက်သွား၏။

ပထမအကြိမ် တိုက်ခိုက်မှု လွဲချော်သွားသော တောဝက်သည် လှည့်ပြန်လာပြီး လူအုပ်ထံသို့ ထပ်မံ ဝင်ရောက်လာပြန်သည်။

ကလေးသုံးယောက်နှင့် လူကြီးတစ်ယောက် ရှိနေသော်လဲ တောဝက်က အသာစီးရနေသည်ဟု ခံစားရသဖြင့် ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ အားအနည်းဆုံးဟု ထင်ရသော ကုကျောက်နှင့် နျိုနျိုကို ပစ်မှတ်ထားနေဆဲပင်။

"မြန်မြန်... သစ်ပင်ပေါ်တက်"

နျိုနျို အော်ဟစ်လိုက်သည်။

ကုကျောက် သစ်ပင်ပေါ်တက်ရန် ကြိုးစားသော်လည်း ပုံမှန်အချိန်တွင် လျင်မြန်ဖျတ်လတ်သော သူသည် ကြမ်းတမ်းသော တောဝက်နှင့် ရင်ဆိုင်ရချိန်တွင် ကိုးရိုးကားရား ဖြစ်နေသည်။

ခြေထောက်များ ချော်ထွက်နေပြီး နောက်ကျောဘက်ရှိ သစ်ပင်ကြီးပေါ်သို့ တက်ရန် ခြေကုပ်မရ ဖြစ်နေ၏။

နျိုနျို စိုးရိမ်သွားသည်။

တောဝက် ထပ်မံ ဝင်ရောက်လာသည်ကို မြင်သောအခါ ကုကျောက်ကို သစ်ပင်နောက်ဘက်သို့ အသည်းအသန် ဆွဲခေါ်သွားပြီး အော်ဟစ်လိုက်သည်။

"တောဝက်ကြီး... သစ်ပင်ကို ဝင်တိုက်လိုက်... သစ်ပင်ကို ဝင်တိုက်လိုက်"

သစ်ပင်သည် လူတစ်ဖက်စာခန့် လုံးပတ်ရှိပြီး ကလေးနှစ်ယောက်သည် သစ်ပင်နောက်သို့ ရောက်အောင် မနည်း ကြိုးစားနေရသည်။

လျင်မြန်ဖျတ်လတ်စွာ လှုပ်ရှားနေသော တောဝက်သည် သစ်ပင်အနီး ရောက်သောအခါ တစ်စုံတစ်ခုကို တိုက်မိသကဲ့သို့ ဖြစ်သွားပြီး သစ်ပင်ကို အရှိန်ပြင်းပြင်းဖြင့် ဝင်ဆောင့်လိုက်သည်။

ထူထဲသော သစ်ပင်ကြီးသည် ပြင်းထန်စွာ ယိမ်းထိုးသွားပြီး နောက်ထပ် အနည်းငယ် ထပ်တိုက်လျှင် ကျိုးကျသွားမည့်ပုံ ပေါက်နေသည်။

ပရမ်းပတာ ဖြစ်နေသည့်ကြားမှ ကုယန်သည် နျိုနျိုကို မကြည့်ဘဲ မနေနိုင်တော့ပေ။

အဘယ်ကြောင့်ဆိုသော် နျိုနျို ဆုတောင်းသည့်အတိုင်း တကယ် ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့သောကြောင့် ဖြစ်သည်။

နျိုနျိုသည် ဘာဖြစ်ပျက်နေသည်ကို သတိမထားမိဘဲ ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

"ယုန်လိုပဲ သေသွားပါစေလို့ ဆုတောင်းတယ်"

သူမ စကားဆုံးသည်နှင့် သစ်ပင်ကို ဝင်တိုက်မိသဖြင့် မူးဝေနေသော တောဝက်သည် ခြေလှမ်းအနည်းငယ် ယိုင်နဲ့သွားပြီး လဲကျသွားလေသည်။

တိုက်ဆိုင်စွာပင် တောဝက်၏ခေါင်းသည် အနီးရှိ ချွန်ထက်သော ကျောက်တုံးကြီးတစ်ခုနှင့် ရိုက်မိသွားသည်။

လဲကျသွားပြီး ပြန်မထလာတော့ပေ။

လူအုပ်ကြီးသည် ခေတ္တမျှ ငြိမ်သက်စွာ နားစွင့်နေကြသည်။ တောဝက်၏ ပြင်းထန်သော အသက်ရှူသံကို မကြားရတော့မှ ပေါင် ၂၀၀ အနည်းဆုံးရှိမည့် တောဝက်ကြီး ဤမျှ လွယ်လွယ်ကူကူ သေဆုံးသွားသည်ကို မယုံနိုင် ဖြစ်နေကြသည်။

လူအုပ်ကြီး အာရုံလွဲနေသည်ကို အခွင့်ကောင်းယူပြီး အဖိုးကုသည် တောဝက်အနားသို့ တိတ်တဆိတ် ကပ်သွားသည်။

ကုယန် သတိထားမိချိန်တွင် တားရန် နောက်ကျသွားလေပြီ။

"အဖိုး... တောဝက် မသေသေးရင် ဘယ်လိုလုပ်မလဲ..."

ကုယန် တိုးတိုးလေး ပြောလိုက်သည်။

အဖိုးကုသည် မြေးသုံးယောက်ကို လှည့်မကြည့်ဘဲ ကျောက်တုံးကြီးတစ်တုံးကို မလိုက်ပြီး တောဝက်၏ ခေါင်းပေါ်သို့ ပြင်းထန်စွာ ထုချလိုက်သည်။

သွေးထွက်သံယို မြင်ကွင်းကို မြင်လိုက်ရသဖြင့် ကုယန်၏ ပထမဆုံး တုံ့ပြန်မှုမှာ မောင်နှမနှစ်ယောက်၏ မျက်လုံးများကို အုပ်ထားလိုက်ခြင်း ဖြစ်သည်။

ကလေးနှစ်ယောက်စလုံး လည်ပင်းရှည်ပြီး တောဝက်၏ သွေးသံရဲရဲ ခေါင်းကို စူးစမ်းလိုစိတ်ဖြင့် ချောင်းကြည့်နေကြသည်။

"မကြည့်နဲ့... အိပ်မက်ဆိုး မက်လိမ့်မယ်"

ကုယန်က သတိပေးလိုက်သည်။

ကုကျောက် တစ်ချက်ကြည့်ပြီးနောက် ချက်ချင်း နောက်ဆုတ်သွားကာ ဆက်မကြည့်ရဲတော့ပေ။

သို့သော် နျိုနျိုကမူ ကြောက်ရွံ့ပုံမရဘဲ မေးလိုက်သည်။

"အစ်ကိုကြီး... ဝက်သတ်တာ မမြင်ဖူးဘူးလား... ကျန်းမိသားစုအိမ်မှာတုန်းက ဝက်မည်းတွေကို ရေချိုးပေးလိုက်ရင် ဖြူသွားရော... ပြီးရင် ဝက်သတ်သမားက ဓားနဲ့ ထိုးလိုက်ရင် သွေးနီရဲရဲတွေ ပန်းထွက်လာတာ..."

ထိုစကားကို ကြားသောအခါ ကလေး၏ ရိုးရှင်းသော ဖော်ပြချက်မှတဆင့် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို ကုယန် မြင်ယောင်နေမိသည်။

"ကလေးတွေ ဒါမျိုး မကြည့်သင့်ဘူး... ကြောက်သွားလိမ့်မယ်"

ကုယန်က သတိပေးလိုက်သည်။

သို့သော် နျိုနျိုက အလေးအနက် မထားဘဲ ပြောလိုက်သည်။

"ဘယ်သူမှ သမီးကို ကြည့်လို့မရဘူးလို့ မပြောဖူးဘူး"

ကျန်းမိသားစု ဆိုးသွမ်းကြောင်း ကုယန် သိထားသော်လည်း ဤစကားကို ကြားလိုက်ရခြင်းက သူ့နှလုံးသားကို နာကျင်စေသည်။

"ကိုကိုကြီး... ရပါတယ်... သမီး လုံးဝ မကြောက်ပါဘူး..."

နျိုနျိုက ကုယန်ကို ပြုံးပြီး ပြောလိုက်သော်လည်း စကားမဆုံးခင်မှာပင် သတိပေးချက်မရှိဘဲ မျက်လုံးများလည်ထွက်သွားပြီး မြေကြီးပေါ်သို့ တန်းတန်းမတ်မတ် လဲကျသွားသည်။

ကံကောင်းစွာဖြင့် ကုယန် အနားတွင် ရှိနေသဖြင့် သူမကို ဖမ်းထိန်းလိုက်နိုင်ပြီး လဲမကျအောင် ကာကွယ်ပေးလိုက်သည်။

"နျိုနျို... ဘာဖြစ်တာလဲ"

ကုကျောက်နှင့် အဖိုးကု နှစ်ယောက်စလုံး အပြေးရောက်လာကြသည်။ နျိုနျိုကို စိုးရိမ်တကြီး ကြည့်နေကြပြီး မြေကြီးပေါ်တွင် လဲနေသော တောဝက်ကိုပင် ဂရုမစိုက်တော့ပေ။

သတိလစ်နေသော နျိုနျိုကို မြင်သောအခါ အဖိုးကု၏ မျက်နှာထား ရုတ်တရက် ရှုံ့မဲ့သွားပြီး ပြောလိုက်သည်။

"နန်နန်... နန်နန်... ထပါဦး... သမီး ဘာမှမဖြစ်ရဘူး... အဖေ သမီးကို ဆရာဝန်ဆီ ခေါ်သွားပေးမယ်..."

သူသည် မြေးနှစ်ယောက်နှင့် သွေးသံရဲရဲ တောဝက်ကိုပင် ဂရုမစိုက်ဘဲ နျိုနျိုကို ပွေ့ချီကာ တောင်အောက်သို့ အပြေးဆင်းသွားလေတော့သည်။

ကုယန်နှင့် ကုကျောက် တို့သည် အဖိုးဖြစ်သူ၏ နောက်မှ တရွတ်တိုက် လိုက်ပါသွားကြပြီး ကုကျောက် လဲကျလုနီးပါး ဖြစ်သွားသည်။

ကံကောင်းစွာဖြင့် သူတို့လေးယောက် အိမ်မှ ထွက်သွားသည်မှာ ကြာနေပြီဖြစ်၍ ရွာသားများက တောင်ပေါ်တက်သွားသည်ကို မြင်ခဲ့ကြသည်။ အိမ်တွင် မည်သူမျှ မရှိသည်ကို ကုမင်တာ့ သိလိုက်ရသောအခါ ရွာသားများကို ခေါ်ပြီး တောင်ပေါ်သို့ ချက်ချင်း လိုက်ရှာကြသည်။

အဖွဲ့နှစ်ဖွဲ့ တောင်ခါးပန်းတွင် ဆုံတွေ့ကြသည်။

ကုမင်တာ့ ပထမဆုံး မြင်လိုက်ရသည်မှာ ဖခင်ဖြစ်သူ၏ ကိုယ်ပေါ်ရှိ တောဝက်သွေးများနှင့် ရင်ခွင်ထဲတွင် သတိလစ်နေသော နျိုနျိုပင်။ သူ သဘာဝကျကျပင် အထင်လွဲသွားပြီး ကြောက်လန့်လွန်းသဖြင့် ခြေထောက်များ ပျော့ခွေသွားကာ မေးလိုက်သည်။

"အဖေ... နျိုနျို... ဘာဖြစ်သွားတာလဲ"

Thank For Reading.

All Chapters