အခန်း (၂၆၃-၂၆၄)
Vol. 14 Ch. 263-264
အပိုင်း(၂၆၃) ကုန်တိုက်ကြီး ကြီးကျယ်ခမ်းနားစွာ ဖွင့်လှစ်ခြင်း
နံနက် (၇) နာရီတိတိ အချိန်သို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် မီးဝါးတောထဲရှိ လူအများက နေရာမှထကာ ကုန်တိုက်ကြီးရှိရာဘက်သို့ တဖွဲဖွဲ ပြုံဆင်းသွားကြတော့သည်။
ကျောက်ခိုင်နှင့် အခြားသူများက ကင်းလှည့်အဖွဲ့ကို ဦးဆောင်ကာ ပတ်ဝန်းကျင် လုံခြုံရေးနှင့် စည်းကမ်းတကျရှိစေရန် ထိန်းသိမ်းပေးနေ၏။
လူတစ်ထောင်ဆိုသည့် အရေအတွက်က ပြောရလျှင် သိပ်မများလှသော်လည်း နေရာတစ်နေရာတည်းသို့ အားလုံး စုပြုံဝင်ရောက်လာသောအခါ အတော်လေး များပြားနေပုံပေါ်သည်။
ကံကောင်းသည်က ထိုတောင်ကြားလွင်ပြင်က အတော်လေး ကျယ်ဝန်းနေသလို လင်းယွမ်တို့ ဆောက်လုပ်ထားသည့် ကုန်တိုက်ကြီးကလည်း နေရာလုံလောက်စွာ ကျယ်ဝန်းနေခြင်းပင် ဖြစ်သည်။
ကျိဖုန်း၊ ဝမ်ရှောင်နှင့် ဟန်ပန်းတို့ သုံးယောက်က သူတို့၏ အလျင်အစွမ်းပိုင်ရှင် ဖြစ်တည်မှုကို အခွင့်ကောင်းယူကာ တစ်ခဏအတွင်းမှာပင် လူအုပ်ကြီး၏ အရှေ့ဆုံးသို့ ပြေးထွက်သွားကြသည်။
ကွင်းပြင်ကျယ်ကြီးထဲသို့ ရောက်ရှိသွားချိန်တွင် ထိုနေရာတစ်ခုလုံး လုံးဝ အသွင်ပြောင်းနေပြီဖြစ်ကြောင်း သူတို့ မြင်တွေ့လိုက်ရ၏။
ဧရာမ ထိုက်ယန်တောင် ကုန်တိုက်ကြီး၏ အမှတ်တံဆိပ် ဆိုင်းဘုတ်ကြီးကို ချောက်ကမ်းပါး အပေါ်ဘက်တွင် ချိတ်ဆွဲထားသည်။
ဆိုင်းဘုတ်တစ်ခုလုံးကို အကြည်ရောင် ပလတ်စတစ်များဖြင့် ပြုလုပ်ထားပြီး နံရံပေါ်တွင် သေသပ်စွာ တပ်ဆင်ထား၏။
ထူးခြားချက်မှာ ဤ အယ်လ်အီးဒီ မီးဆိုင်းဘုတ်ကြီးကို လင်းယွမ် ရှာဖွေလာခဲ့ခြင်း မဟုတ်ဘဲ ထူလုံက ကိုယ့်သဘောနှင့်ကိုယ် အပြင်ဘက်သို့ တစ်ပတ်ခန့် ပျံသန်းကာ ရှာဖွေစုဆောင်းလာခဲ့ခြင်း ဖြစ်သည်။
ကုန်တိုက်ကြီး မီးဆိုင်းဘုတ်အပြင် နံရံပေါ်တွင် သစ်သား လမ်းညွှန်ဆိုင်းဘုတ် များစွာကိုလည်း ချိတ်ဆွဲထားပြီး ကုန်တိုက်ကြီး၏ အထပ်တိုင်းရှိ နေရာအသီးသီးကို လူအများ သိရှိနိုင်ရန် ညွှန်ပြထားသည်။
ပထမထပ်ရှိ စားသောက်တန်းမှ မွှေးကြိုင်သော ရနံ့များ တစ်သင်းသင်း လွင့်ပျံလာ၏။
ဆန်ပြုတ်မွှေးမွှေးအနံ့၊ ချိုမြိန်သော မုန့်ဖုတ်နံ့နှင့် အသားကြော်ဟင်းလျာများ၏ သင်းပျံ့သော ရနံ့တို့ပင် ဖြစ်သည်။ သို့သော် မည်သူကမျှ စားသောက်တန်းဆီသို့ ဦးစွာ မသွားကြပေ။
ကျိဖုန်းတို့ သုံးယောက်အဖွဲ့က ဒုတိယထပ်ဆီသို့ ချက်ချင်း ပြေးတက်သွားကြသည်။
ထိုနေရာသည် စူပါမားကတ် ဈေးဝယ်ဇုန် ဖြစ်ပြီး အဝတ်အထည်၊ ဖိနပ်၊ စားသောက်ကုန်နှင့် အသုံးအဆောင်များသာမက သံထည်ပစ္စည်းများနှင့် အိမ်တွင်းအလှဆင် ပစ္စည်းများပင် ရှိနေသည်။
ကျိဖုန်းက အမြန်ဆုံး ပြေးတက်သွားကာ ဒုတိယထပ်သို့ ပထမဆုံး ရောက်ရှိသွားသူ ဖြစ်သည်။
သို့သော် သူ့ထက် ပိုမြန်သူ တစ်ယောက် ရှိနေသေး၏။
ဟန်ရှန်းမန်က ရေနဂါးလေဆင်နှာမောင်းတစ်ခုကို ခြေဖြင့်နင်းကာ "ဝုန်း" ခနဲ အသံနှင့်အတူ သည်းထန်စွာ ရွာသွန်းနေသော မိုးရေစက်များကို ထိုးဖောက်၍ ပထမထပ်မှနေ၍ တိုက်ရိုက် ပျံတက်လာသည်ကို မြင်လိုက်ရသည်။
သူမက လှေကားပင် မသုံးလိုက်ချေ။ သူမက တစ်ယောက်တည်း တက်လာခြင်းမဟုတ်ဘဲ လော်ဟုန်မြန်နှင့် မုန့်ယိုယိုတို့ကိုပါ တစ်ပါတည်း ခေါ်ဆောင်လာခဲ့သည်။
ကောင်မလေး သုံးယောက် ဒုတိယထပ်သို့ ရောက်သည်နှင့် အပြင်ဘက်ရှိ ဝါးအိမ်ဆောင်ထဲသို့ ချက်ချင်း ပြေးဝင်သွားကြသည်။
ဟန်ရှန်းမန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ သူတို့သုံးယောက် ကိုယ်ပေါ်ရှိ ရေငွေ့များ ချက်ချင်း စုပ်ယူခံလိုက်ရပြီး စိုရွှဲနေသော နေရာများမှ ရေဓာတ်များ လုံးဝ ကင်းစင်သွားတော့သည်။
"ဟယ်... နင်တို့ ကြည့်လိုက်ကြဦး... ဒီအထဲမှာ အတော်လေး လင်းထိန်နေတာပဲ" မုန့်ယိုယိုက ဝါးအိမ်ဆောင် အတွင်းဘက်မှ လိုဏ်ဂူဆီသို့ သွားရာလမ်းကို ကြည့်ကာ အံ့အားသင့်စွာ အော်ပြောလိုက်သည်။
ဝါးအိမ်ဆောင် အတွင်းပိုင်းတွင် သစ်သားကြမ်းပြင်များ ခင်းကျင်းထားပြီး မျက်နှာကြက်နှင့် နံရံများပင်လျှင် သစ်သားဖြင့် ပြုလုပ်ထားကြောင်း တွေ့ရသည်။
အပေါ်ဘက်တွင် လင်းထိန်နေသော မီးသီးဖြူများကို တပ်ဆင်ထားရာ ဝါးအိမ်ဆောင် တစ်ခုလုံးနှင့် ကျောက်ခန်းမကြီး အတွင်းပိုင်းပါမကျန် လင်းထိန်နေတော့သည်။
ဝါးအိမ်ဆောင်ဘက်မှ စတင်ကာ တစ်ဖက်တစ်ချက်စီတွင် ဆိုင်ခန်းအမျိုးမျိုး ရှိနေပြီး အသုံးအဆောင် ပစ္စည်းများကို ခင်းကျင်းပြသထားသည်။
သွားရည်စာ မုန့်များမှစ၍ ဆန်၊ ဂျုံ စသည့် အခြေခံစားသောက်ကုန်များအထိ အရာအားလုံး ရှိနေ၏။
အထဲသို့ ဆက်ဝင်သွားလျှင် အဝတ်အထည်၊ ဦးထုပ်၊ ဖိနပ်နှင့် ခြေအိတ် စသည့် ဇုန်များရှိပြီး အမျိုးအစားအလိုက် သပ်ရပ်စွာ စီစဉ်ထားသည်။
ထို့နောက် ထပ်မံဝင်ရောက်သွားရာ ခေါင်းလျှော်ရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ ဆပ်ပြာမှုန့်၊ ရေချိုးဆပ်ပြာရည်၊ အမွှေးဆပ်ပြာ၊ သွားတိုက်တံ စသည့် နေ့စဉ်သုံး ပစ္စည်းအမျိုးမျိုးကိုပါ တွေ့ရပြီး ပစ္စည်းများလွန်းလှသဖြင့် မျက်စိတောင် လည်သွားနိုင်ပေသည်။
လော်ဟုန်မြန်က အလျင်စလိုဖြင့်
"မြန်မြန်... မျက်နှာသစ် ခေါင်းလျှော်ဖို့ ပစ္စည်းတွေ မြန်မြန် တစ်စုံလောက် သွားယူရအောင်... ငါ ခေါင်းလျှော်ရည်မရှိလို့ ဆံပင်တွေ စေးကပ်နေတဲ့ ခံစားချက်ကို လုံးဝ သည်းမခံနိုင်တော့ဘူး"
"ပစ္စည်းစာရင်းရော... ယိုယို... စာရင်း မြန်မြန်ထုတ်... ပစ္စည်းတွေ စသိမ်းကြမယ်"
ဟန်ရှန်းမန်လည်း မနေနိုင်တော့ဘဲ အလျင်စလို တိုက်တွန်းလိုက်သည်။
သန့်ရှင်းမှုကို နှစ်သက်သော မိန်းကလေးတစ်ယောက်အနေဖြင့် အစားအသောက် အဝတ်အစားက အရေးမကြီးလှသော်လည်း တစ်ကိုယ်ရည် သန့်ရှင်းရေး အသုံးအဆောင် တစ်စုံတော့ မဖြစ်မနေ ရှိထားရမည် မဟုတ်ပါလား။
သူတို့ သုံးယောက်လည်း သန့်ရှင်းရေး အသုံးအဆောင်များကို အမြန် စတင်ယူဆောင်ကြသည်။
သုံးစုံတိတိ အယူအပြီးတွင် အပြင်ဘက်မှ အလုအယက် ရောက်ရှိလာကြသော အသက်ရှင်ကျန်ရစ်သူများ၏ အော်ဟစ်သံများကို ကြားလိုက်ရပြီး အထဲရှိ စုံလင်လှသော ကုန်ပစ္စည်းများကို မြင်ကာ အားလုံး မှင်တက်သွားကြတော့သည်။
သို့သော် လူအများစုက စားသောက်ကုန်များရှိရာဘက်သို့ ပထမဆုံး ပြေးသွားကြပြီး မိမိတို့၏ အမှတ်များကို အရေးမပါဟု ထင်ရသော်လည်း နေ့စဉ် မဖြစ်မနေ အသုံးပြုရမည့် ဆီ၊ ဆား၊ ပဲငံပြာရည်နှင့် ရှာလကာရည် စသည့် ပစ္စည်းများ ဝယ်ယူရန် အသုံးပြုလိုက်ကြသည်။
အရောင်းဝန်ထမ်းအဖြစ် တာဝန်ယူထားသူက စည်းကမ်းကို အမြန်ထိန်းသိမ်းကာ အသံကျယ်ကျယ်ဖြင့်...
"ပစ္စည်းဝယ်မယ့်သူတွေ... ကျွန်တော့်ဆီမှာ အရင် စာရင်းလာသွင်းကြပါ... စင်ပေါ်ကဟာတွေက နမူနာတွေမို့ ယူလို့မရပါဘူး... ကျွန်တော် စာရင်းသွင်းပြီးတာနဲ့ ဂိုဒေါင်ထဲကနေ ဝန်ထမ်းတွေက ထုတ်ပေးပါလိမ့်မယ်... အားလုံး မလောကြပါနဲ့... စည်းကမ်းတကျ တန်းစီပေးကြပါ" ဟု အော်ပြောလိုက်သည်။
အမှန်တော့ နေရာချွေတာရန်အတွက် လင်းယွမ်က ပစ္စည်းအားလုံးကို အပြင်တွင် ခင်းကျင်းထားမည် မဟုတ်ပေ။
လူအများကို နမူနာပစ္စည်းများကိုသာ ကြည့်ရှုဝယ်ယူစေခြင်း ဖြစ်သည်။
ဘောက်ချာဖြတ်ပြီးနောက် ဝန်ထမ်းများက ဂိုဒေါင်ထဲမှ ပစ္စည်းများ သွားရောက်ယူဆောင်ပေးကာ အမှတ်များကို နှုတ်ယူမည် ဖြစ်သည်။
ဆီ၊ ဆား၊ ပဲငံပြာရည်များကိုသာ စိတ်မဝင်စားဘဲ အဝတ်အထည်နှင့် ဖိနပ် ဇုန်များဆီသို့ ပြေးသွားသူ တစ်ချို့လည်း ရှိသည်။
ရာသီဥတု ပိုအေးလာသည်ကို သတိထားမိကြသဖြင့် ဆောင်းတွင်း အနွေးထည်ပစ္စည်းများ ဝယ်ယူရန် လိုအပ်နေကြပြီ ဖြစ်သည်။ ဤနေရာတွင် လက်အိတ်၊ ခြေအိတ်နှင့် ထူထဲသော အနွေးဖိနပ်များလည်း အစုံအလင် ရှိနေ၏။
မကြာမီ ရောက်ရှိလာတော့မည့် အအေးလှိုင်းအတွက် လင်းယွမ်က အမှတ် ထောင်ပေါင်းများစွာကို အထူးတလည် အသုံးပြုကာ ဆောင်းရာသီသုံး ပစ္စည်း အများအပြားကို ကံစမ်းမဲနှိုက်ထားခဲ့ခြင်း ဖြစ်သည်။
"ဟမ်... အတွင်းခံတွေတောင် ရှိတာပဲ"
"ဟိုမှာ ကြည့်စမ်း... ဒီဘက်မှာ အပူပေးစောင်တွေ... အပူပေးစောင်တွေတောင် ရှိတယ်ဟ"
"ဟေ... အပူပေးစောင်က ဘာလုပ်ဖို့လဲ... မင်းအိမ်မှာ မီးရှိလို့လား"
"အပူပေးစောင် ဝယ်မယ့်အစား စောင် နှစ်ထည်လောက် ပိုဝယ်တာကမှ ကောင်းဦးမယ်"
"အမယ်လေး... ဒီလောက် သန့်ရှင်းနေတဲ့ စောင်ကို ငါ့ရဲ့ မြက်ခင်းစုတ်ကြီးပေါ်မှာတောင် သုံးရက်ပါ့မလား"
"မင်း စပရင်မွေ့ရာ တစ်ခု ဝယ်လိုက်လေ... အဲ့ဒီမှာ စပရင်မွေ့ရာတွေ ရှိတယ်မဟုတ်လား"
"ငါ အမှတ် ဘယ်လောက်လဲ ကြည့်လိုက်ဦးမယ်... ဟိုက်... အမှတ် ငါးရာကျော်တောင်... စပရင်မွေ့ရာက ဒီလောက် ဈေးကြီးတာလား"
"ငါးရာကျော်က ဈေးကြီးလို့လား... မင်း စဉ်းစားကြည့်လေ... သားသတ်ရုံဘက်မှာ ငါးတစ်ကောင်ကို အမှတ် သုံးလေးမှတ် ရနေတာပဲ... ငါး အကောင်ရာဂဏန်းလောက် ဖမ်းရုံနဲ့ ရနေတဲ့ကိစ္စကို... အေးဆေးပါကွာ"
"ဒါလည်း ဟုတ်တာပဲ... ငါးရာဂဏန်းလောက်က သုံးလေးရက်နဲ့ ဖမ်းလို့ ရတယ်"
"အဲ့ဒါဆိုရင်တော့ အဆင်ပြေသေးတယ်... သိပ်ဈေးမကြီးဘူး... ငါတို့က အရင်တုန်းက အလုပ်ကြမ်းသမားတွေဆိုတော့ အမှတ် သိပ်မရှာနိုင်ခဲ့ဘူးလေ"
"တောက်... လီယွဲ့ဖုန်း အဲ့ခွေးကောင်သာ လင်းယွမ်ကို သွားဒုက္ခမပေးခဲ့ရင် ငါတို့ အလုပ်ကြမ်းသမားတွေ ဖြစ်စရာအကြောင်းကို မရှိတာ"
"ဟုတ်တယ်ကွ... ငါသာ အစောကြီးကတည်းက သိရင် လင်းယွမ်တို့ ခိုလှုံရေးစခန်းကို တစ်ခါတည်း တန်းဝင်လိုက်တယ်"
"တော်တော့... အဲ့အကြောင်းတွေ မပြောကြနဲ့တော့... ဒီလို ပစ္စည်းကြီးတွေ အရင်မဝယ်နဲ့ဦး... ပစ္စည်းသေးသေးလေးတွေ အရင်ဝယ်ရအောင်... ငါ့ဖိနပ်က လုံးဝ စုတ်ပြတ်နေပြီ ခိုင်ခံ့တဲ့ ဖိနပ်တစ်ရန်လောက် ဝယ်ရမယ်"
"အေး... မင်းပြောမှပဲ ငါလည်း ဖိနပ်ဝယ်ရဦးမယ်... ငါက အလျင်အစွမ်းပိုင်ရှင်ဆိုတော့ ဖိနပ် စုတ်တာ အမြန်ဆုံးပဲကွ"
"ခြေအိတ်တွေရောပဲ... အစ်ကိုဝမ်... ခင်ဗျား ခြေအိတ်က ဘယ်နှစ်နှစ်လောက် မလျှော်ဘဲ ထားထားတာလဲ... မြန်မြန် ခြေအိတ် အသစ်နှစ်ရံလောက် ဝယ်ပြီး လဲဝတ်လိုက်စမ်းပါ"
ဟူဝေမင်က မိန်းမဖြစ်သူ လျှိုရှုချင်းကို ဆွဲခေါ်ကာ နေ့စဉ်သုံး ပစ္စည်းဇုန်ဆီသို့ တိုက်ရိုက် ပြေးသွားသည်။
လျှိုရှုချင်းက သူမလက်ထဲရှိ စာရင်းကို ကိုင်ကာ အလျင်စလိုဖြင့် "ကျွန်မတို့ ဆီတို့ ဆားတို့ ပဲငံပြာရည်တို့ အရင် မဝယ်ဘူးလား"
ဟူဝေမင်က နောက်သို့ လှည့်ကြည့်ကာ...
"ဟိုဘက်မှာ တန်းစီနေကြတာ ဘယ်လောက်တောင် ရှည်နေပြီလဲ ကြည့်လိုက်ဦး... ငါတို့ သွားတန်းစီရင် ဘယ်အချိန်မှ အလှည့်ရောက်မလဲ မသိနိုင်ဘူး... တခြားဟာတွေ အရင်ဝယ်တာက ပိုကောင်းပါတယ်... အနည်းဆုံးတော့ စာရင်းထဲက ပစ္စည်းတွေကို အရင် ပြည့်စုံအောင် စုဆောင်းရမယ်လေ"
လျှိုရှုချင်းက စဉ်းစားကြည့်ပြီး မှန်သည်ဟု ယူဆလိုက်ကာ လူအုပ်ကြီး ပြည့်နှက်နေသော ခန်းမကြီးကို လှည့်ကြည့်ရင်း မနေနိုင်ဘဲ လျှာသပ်ကာ...
"အရောင်းအဝယ်က တအားကောင်းနေတာပဲ... လင်းယွမ်ရဲ့ ဒီစူပါမားကတ်ကတော့ တကယ်ကို နာမည်ကြီးလာတော့မှာပဲ"
"ဒါက ပြောစရာလိုသေးလို့လား... ထိုက်ယန်တောင် တစ်တောင်လုံးမှာ ဒီလို ကုန်တိုက်ကြီးဆိုလို့ ဒီတစ်နေရာတည်း ရှိတာလေ... အခု အချိန်က ဘယ်လိုအချိန်လဲဆိုတာ မင်း မကြည့်မိဘူးလား"
"အခုက ကမ္ဘာပျက်ပြီး ရေဘေးကြီးသင့်နေတာ... လူတော်တော်များများက ဝမ်းဝအောင်တောင် မစားရတဲ့အချိန်မှာ လင်းယွမ်က ဒီလောက် ပစ္စည်းတွေ အများကြီး စုဆောင်းပြီး ဒီလောက်ကြီးတဲ့ စူပါမားကတ်ကြီး ဖွင့်နိုင်တယ်ဆိုတော့ ငါတော့ သူ့ကို အရမ်း လေးစားသွားပြီ"
ဟူဝေမင်က သက်ပြင်းချကာ မျက်နှာပေါ်တွင် ကြည်ညိုလေးစားမှု အပြည့်ဖြင့် ပြောလိုက်သည်။
ဤမျှများပြားသော ပစ္စည်းများကို ရှာဖွေစုဆောင်းရန် မဆိုထားနှင့်၊ သယ်ယူလာရန်ပင် အလွန်တရာ ခွန်အားစိုက်ထုတ်ရမည် မဟုတ်ပါလား။
"ကျွန်မတို့ လင်းယွမ်နောက်ကို လိုက်လာခဲ့လို့ တော်သေးတာပေါ့... တကယ်လို့ အဆောက်အအုံဟောင်းကြီးထဲမှာသာ ဆက်နေခဲ့မယ်ဆိုရင် ကျွန်မတို့ ငတ်သေနေလောက်ပြီ" လျှိုရှုချင်းကလည်း ထောက်ခံပြောဆိုလိုက်သည်။
သူတို့နှစ်ယောက် စကားပြောနေစဉ် အရှေ့ဘက်ရှိ သားဖြစ်သူ ဟူတုတုက နောက်သို့ လှည့်ကာ အော်ပြောလိုက်သည်။
"ဖေဖေ... မေမေ... သံကြိုးတွေ တွေ့ပြီ... ပလာယာလည်း ရှိတယ်ဗျ"
ဟူဝေမင်က ဝမ်းသာအားရဖြင့် "မြန်မြန်... အရောင်းဝန်ထမ်းကို အကုန်ဝယ်မယ်လို့ ပြောလိုက်... သံကြိုး နည်းနည်း ပိုယူလိုက်"
လျှိုရှုချင်းက မနေနိုင်ဘဲ "ဒီလောက် အများကြီး လိုလို့လား"
"ငါတို့ မီးဝါးကိုသုံးပြီး ပေါင်းအိုး ရက်ရမှာလေ... သံကြိုးမပါလို့ ဘယ်ဖြစ်မလဲ"
"ဒါက ထင်းခုတ်ခါနီးမှ ဓားသွေးနေရရင် အချိန်ပိုကုန်တယ် ဆိုသလိုပဲ... လက်နက်ကိရိယာတွေကို သေသေချာချာ ပြင်ဆင်ထားရမယ်"
"ငါတို့ လက်ထဲက အမှတ်တွေကို တစ်ချို့တစ်ဝက် သိမ်းထားပြီး နောက်မှ ပထမထပ်က စားသောက်တန်းမှာ ပေါက်စီဆိုင် သွားဖွင့်မယ်... ကျန်တဲ့ အမှတ်တွေကိုတော့ ဆောင်းရာသီသုံး ပစ္စည်းတွေ ဝယ်ဖို့ ချန်ထားရမယ်... ဂျုံမှုန့်တွေလည်း ပြင်ဆင်ထားရဦးမယ်"
"အင်းပါ... ရှင်ပြောတဲ့အတိုင်း လုပ်ပါ့မယ် ယောက်ျားရယ်"
အခြားတစ်ဖက်တွင်တော့ အဒေါ်ကြီးလီက တန်းစီနေသော လူအုပ်ကြားမှ အရှေ့ဆုံးသို့ အတင်းတိုးဝင်ကာ နေ့စဉ်သုံး ပစ္စည်းအတော်များများကို ဝယ်ယူနိုင်ခဲ့သည်။
သူမ နောက်သို့ လှည့်ကြည့်လိုက်သောအခါ အဘိုးကြီး မာကောချိုင်ကို မတွေ့ရတော့ပေ။
အဒေါ်ကြီးလီက ဒေါသတကြီး ခြေဆောင့်ကာ "ဒီအဘိုးကြီး... မျက်စိတစ်မှိတ်အတွင်းမှာတင် ပျောက်သွားပြန်ပြီ"
သူမက အရောင်းဝန်ထမ်းကို အမြန်ရှာကာ အမှတ်များ ရှင်းပေးလိုက်ပြီး ခဏနေ အပြင်ထွက်ချိန်မှ တန်းစီ၍ ပစ္စည်းများ ပြန်ယူရန် စီစဉ်လိုက်သည်။
ထို့နောက် သူမက နေ့စဉ်သုံး ပစ္စည်းဇုန်ဆီသို့ အပြေးအလွှား သွားခဲ့သည်။
ခပ်လှမ်းလှမ်းမှပင် မာကောချိုင်က လူရှင်းသော ဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်နေသည်ကို မြင်လိုက်ရ၏။
အဒေါ်ကြီးလီက အမြန် ပြေးသွားကာ အော်မေးလိုက်သည်။
"အစ်ကိုမာ... ရှင် ဘာလုပ်နေတာလဲ... တခြားလူတွေက ဆောင်းတွင်းဝတ်ဖို့ အင်္ကျီတွေ ဖိနပ်တွေ ဝယ်နေကြတာကို ရှင်က ဒီကို ဘာလို့ ရောက်လာတာလဲ... ဒါက ဘာရောင်းတဲ့ဆိုင်လဲ"
အဒေါ်ကြီးလီက ပြောရင်းဆိုရင်း အတွင်းဘက်သို့ လှမ်းကြည့်လိုက်သည်။
ထိုအခါ ဆိုင်ခန်းအတွင်းတွင် ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ စုံလင်စွာ ခင်းကျင်းထားသည်ကို တွေ့လိုက်ရ၏။
ဦးလေးမာက လက်ထဲမှ ဘောက်ချာလေးကို စိတ်လှုပ်ရှားစွာ ထုတ်ပြကာ အဒေါ်ကြီးလီကို ပြုံး၍ ပြောလိုက်သည်။
"လင်းယွမ်က တကယ် တော်တာပဲကွာ... သူက အင်ဆူလင်နဲ့ အင်ဆူလင် ထိုးအပ်တွေအပြင် သွေးချိုတိုင်းစက်ပါ ရအောင် ရှာနိုင်ထားတယ်"
"အဘွားကြီးရေ... မင်းရဲ့ သွေးချိုကို နောက်ဆုံးတော့ ထိန်းနိုင်ပြီပေါ့"
ဦးလေးမာက အလွန်အမင်း ပျော်ရွှင်နေတော့သည်။
အဒေါ်ကြီးလီလည်း မျက်ရည်ဝဲသွားကာ အလျင်စလို မေးလိုက်သည်။
"ဒါတွေက အမှတ် အတော်များများ ကုန်မှာပေါ့"
ဦးလေးမာက ချက်ချင်းပင်...
"ဒီအမှတ်တွေက ရှာပြီးရင် သုံးဖို့ပဲ မဟုတ်လား... လင်းယွမ်က ငါတို့ အိုကြီးအိုမ နှစ်ယောက်ကို စောင့်ရှောက်တဲ့အနေနဲ့ ပေးထားတဲ့ ရာထူးတွေကလည်း မဆိုးပါဘူး... မင်းက ရှောင်ဆုန့်ဆီမှာ လူအများကြီးကို ဦးဆောင်ပြီး စိုက်ပျိုးရေး လုပ်ရတာဆိုတော့ တစ်လကို အမှတ် တစ်ထောင်ကျော်တောင် ရတာပဲ"
"ငါက ကင်းလှည့်အဖွဲ့ရဲ့ ထောက်ပံ့ရေး အပိုင်းမှာဆိုတော့ တစ်ထောင် ရတယ်လေ... အမှတ် နှစ်ထောင်ဆိုရင် ငါတို့ ဘယ်လိုပဲသုံးသုံး လောက်ပါတယ်ကွာ"
အဒေါ်ကြီးလီက မျက်ရည်များကို သုတ်ရင်း ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။
"လင်းယွမ် ကျေးဇူးကြောင့်ပါပဲရှင်..."
ထိုက်ယန်တောင် ကုန်တိုက်ကြီးက ထိုက်ယန်တောင် တစ်ခုလုံးကို လုံးဝ ကိုင်လှုပ်လိုက်ပြီ ဖြစ်သည်။
လူတစ်ထောင်ကျော်၏ ဝယ်ယူနိုင်စွမ်းက အတော်လေး သိသာထင်ရှားလှသော်လည်း ကုန်တိုက်ကြီးတွင် ပစ္စည်းပြတ်လပ်သွားခြင်း မရှိဘဲ လူတိုင်း မိမိတို့ လိုချင်သော ပစ္စည်းများကို ဝယ်ယူနိုင်ခဲ့ကြသည်။
ထိုအကြောင်းကြောင့်ပင် သူတို့ တစ်လနီးပါး စုဆောင်းထားခဲ့သော အမှတ်များလည်း လုံးဝနီးပါး ကုန်ခမ်းသွားခဲ့ရသည်။
လူအများအပြားမှာ မိမိတို့ လိုချင်သော ပစ္စည်းများကို အစုံအလင် မဝယ်ယူနိုင်ခဲ့ကြပေ။ အမှန်တကယ်ပင် သူတို့လက်ထဲတွင် အမှတ်များ မကျန်တော့ခြင်း ဖြစ်သည်။
ထို့ကြောင့် အချို့က အနီးနားရှိ လူများကို အမှတ် ချေးငှားရန် စတင် မေးမြန်းလာကြသည်။
သို့သော် ဤအချိန်မျိုးတွင် မည်သူက အမှတ်ကို အလွယ်တကူ ချေးငှားချင်မည်နည်း။
ထိုက်ယန်တောင် ကုန်တိုက်ကြီး အသစ်ဖွင့်ခါစ ပစ္စည်းအားလုံး လျှော့ဈေးချပေးနေချိန်တွင် အားလုံးက ကိုယ်တိုင် ဝယ်ယူအသုံးပြုချင်ကြသည်ချည်းသာ ဖြစ်သည်။
"အစ်မကျွမ်း... အစ်မကျွမ်း... သူတို့အားလုံး အမှတ်တွေ ကုန်သွားကြပြီ... လူအများကြီးက အမှတ်ချေးဖို့ လိုက်ရှာနေကြတယ်"
လော်ဟုန်မြန်က ချက်ချင်း ခေါင်းလှည့်ကာ ကျွမ်းရှုယွမ်ကို လှမ်းခေါ်လိုက်သည်။
ပိုင်ကျစ်လဲ့ကလည်း အလျင်စလို ပြေးလာကာ...
"အစ်မကျွမ်း... ကျွန်မ ကြည့်လိုက်တာ အားလုံးက အမှတ်တွေကို သုံးပြီးသလောက် ဖြစ်နေကြပြီ... အချိန်တန်ပြီ မဟုတ်လား"
ကျွမ်းရှုယွမ်က ထိုအခါမှ ပြုံးလိုက်ကာ "အချိန်တန်ပြီ" ဟု ဆိုလိုက်သည်။
ထို့နောက် သူမ နောက်ကျောဘက်မှ ဆိုင်းဘုတ်တစ်ခုကို ထုတ်ယူကာ ကုန်တိုက်ကြီး အပေါက်ဝတွင် သွားရောက် ထောင်ထားလိုက်သည်။
"အမှတ် ကာလတို ချေးငွေ၊ တစ်ရက် အတိုးနှုန်း သုံးရာခိုင်နှုန်း၊ စိတ်ဝင်စားပါက အသေးစိတ် ဆွေးနွေးနိုင်သည်"
ထိုနေရာမှ ဖြတ်သွားသူများက ၎င်းကို မြင်လိုက်ရချိန်တွင် မျက်လုံးများ အရောင်လက်သွားကာ အလျင်စလို ပြေးလာကြသည်။
"ညီမလေး... ဒီမှာ အမှတ်ချေးလို့ ရတာလား" လူလတ်ပိုင်း တစ်ယောက်က ကမန်းကတန်း မေးလိုက်သည်။
ကျွမ်းရှုယွမ်က ပြုံးကာ "အလကား ချေးတာမဟုတ်ဘူးရှင့်... အတိုးနဲ့ ချေးတာပါ... ကျွန်မကို အတိုးပေးရမှာပါ"
"တစ်ရက်ကို အတိုး သုံးရာခိုင်နှုန်းဆိုတာ ဘာအဓိပ္ပာယ်လဲ" လူလတ်ပိုင်းက မေးလိုက်သည်။
"ရှင်းပါတယ်... ကျွန်မက အစ်ကို့ကို အမှတ် တစ်ရာ ချေးလိုက်မယ်ဆိုရင် အစ်ကိုက နေ့တိုင်း အတိုး သုံးရာခိုင်နှုန်း ပြန်ဆပ်ရမယ်... ဆိုလိုတာက ကျွန်မကို အမှတ် သုံးမှတ် ပြန်ပေးရမယ်ပေါ့"
"ကျွန်မက ကာလတို ချေးငွေပဲ လုပ်တာပါ... တစ်လအတွင်း အစ်ကိုက အရင်းရော အတိုးပါ ပြန်ဆပ်ရမယ်... စာချုပ် ချုပ်ရမယ်... အဲ့ဒီအခါကျရင် ကင်းလှည့်အဖွဲ့က လူတွေကို အသိသက်သေ လုပ်ပေးဖို့ ခေါ်ရမှာပါ"
ကျွမ်းရှုယွမ်၏ စကားများကြောင့် လူလတ်ပိုင်းက မနေနိုင်ဘဲ...
"ဒီအတိုးက သိပ်မများလွန်းဘူးလား... တစ်ရက်ကို သုံးရာခိုင်နှုန်းတောင်... ငါက မင်းဆီက အမှတ် တစ်ထောင် ချေးမယ်ဆိုရင် တစ်ရက်ကို အမှတ် သုံးဆယ် ပေးရမှာပေါ့... တစ်လဆိုရင် အမှတ် ကိုးရာတောင် ပေးရတော့မှာ မဟုတ်လား"
ကျွမ်းရှုယွမ်က ပြုံးလိုက်ပြီး...
"အဲ့လို တွက်ရတာ မဟုတ်ဘူး အစ်ကိုကြီးရဲ့... ဒီနေ့ ကုန်တိုက်ကြီးက ပစ္စည်းတွေ လျှော့ဈေး ပေးထားတာလေ... ဝယ်နိုင်ရင် မြတ်တာပဲ... ပြီးတော့ အရေအတွက်လည်း ကန့်သတ်ထားတာ... အစ်ကို ဒီနေ့ မဝယ်ရင် မနက်ဖြန်ကျ ကုန်သွားမှာပဲ... အဲ့အချိန်ကျရင် အမှတ်ရှိရင်တောင် ဝယ်လို့မရနိုင်ဘူးနော်"
"အခု ကျွန်မ ချေးပေးတဲ့ အမှတ်တွေနဲ့ အစ်ကို နောက်လမှ ရှာနိုင်မယ့် အမှတ်တွေက အတူတူမှ မဟုတ်တာ"
"ဒါ့အပြင် အစ်ကို ကြိုပြီး ပြန်ဆပ်လို့ ရတယ်လေ... တစ်လနေမှ မဖြစ်မနေ ပြန်ဆပ်ရမယ်လို့ ပြောထားတာမှ မဟုတ်တာ... အစ်ကို ဒီနေ့ ချေးပြီး တစ်ပတ်နေရင် ပြန်ဆပ်လိုက်ရင် ရပြီမဟုတ်လား"
"ငါ မနက်ဖြန်ကျရင် ပြန်ဆပ်လို့ မရဘူးလား" လူလတ်ပိုင်းဦးလေးကြီးက မနေနိုင်ဘဲ မေးလိုက်သည်။
ကျွမ်းရှုယွမ်က ချက်ချင်း ခေါင်းခါပြကာ "အဲ့လိုတော့ မရဘူး... ကျွန်မဆီမှာ အနည်းဆုံး တစ်ပတ်ပြည့်မှ ပြန်ဆပ်လို့ ရမယ်... မဟုတ်ရင် ကျွန်မအတွက် အမြတ်မရှိဘူးလေ"
"ဒါက..."
"အစ်ကို စဉ်းစားကြည့်ပါဦး... ကျွန်မ လက်ထဲမှာ အမှတ်က သိပ်အများကြီး မရှိဘူး... တခြားလူတွေ ချေးသွားရင် ကုန်သွားတော့မှာနော်"
လူလတ်ပိုင်းမှာ ဟိုတွေးဒီတွေး စဉ်းစားပြီးနောက် နောက်ဆုံးတွင် အံကြိတ်ကာ ချေးရန် ဆုံးဖြတ်လိုက်တော့သည်။
အဘယ်ကြောင့်ဆိုသော် သူ ခုနက ကြည့်ခဲ့စဉ်က ထိုဘက်ထရီအိုးကို ဝယ်ယူသူ အလွန်များနေသောကြောင့် ဖြစ်သည်။
ဘက်ထရီအိုး တစ်လုံးကို သုံးနိုင်သည့်နေရာ အလွန်များပြားသည်။
အိမ်တွင် မီးပေးရန်သာမက အပြင်တွင် လျှပ်စစ်ရှော့တိုက်ပြီး ငါးဖမ်းရန်လည်း အသုံးပြုနိုင်သည်။
သူက ထိုဘက်ထရီအိုးကို အရေးပေါ် လိုအပ်နေခြင်း ဖြစ်သည်။
သူ သေချာ ကြည့်ထားပြီးပြီ။ ဘက်ထရီအိုးကို ကန့်သတ်ရောင်းချထားပြီး စုစုပေါင်း ဆယ့်နှစ်လုံးသာ ရှိရာ ရှစ်လုံး ကိုးလုံးခန့်ကို လူတွေ အလုအယက် ဝယ်သွားကြပြီ ဖြစ်သည်။
သူ့လက်ထဲရှိ အမှတ်များက အခြားပစ္စည်းများ ဝယ်ယူလိုက်သဖြင့် လတ်တလောတွင် အမှတ် အလုံအလောက် မရှိတော့ဘဲ အတော်လေး လိုအပ်နေသေးရာ ယခုအချိန်တွင် ချေးမှသာ အဆင်ပြေတော့မည် ဖြစ်သည်။
"ဘက်ထရီအိုး ရလာရင် ငါ လျှပ်စစ်ပိုက်သုံးပြီး ငါးသွားဖမ်းကြည့်လို့ ရတယ်... ငါးမျှားတာထက်စာရင်တော့ ပိုမြန်မှာပဲ... အဲ့ဒီအခါကျရင် အမှတ်ရှာတဲ့ အမြန်နှုန်းက အများကြီး တိုးလာမှာမို့ တစ်ပတ်အတွင်း ဒီက အကြွေးတွေကို သေချာပေါက် ပြန်ဆပ်နိုင်မှာပါ"
သူက စိတ်ထဲတွင် မြန်မြန်ဆန်ဆန် တွက်ချက်လိုက်ပြီး ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။
"ကောင်းပြီ ညီမလေး... ငါ ချေးမယ်"
ကျွမ်းရှုယွမ်က စိတ်ထဲတွင် ဝမ်းသာသွားကာ မျက်နှာပေါ်တွင် အပြုံးများဖြင့် "ဘယ်လောက် ချေးမလဲ"
"အမှတ် တစ်ထောင်"
ကျွမ်းရှုယွမ်က ပို၍ပင် ဝမ်းသာသွားတော့သည်။ ဒါက ဖောက်သည်ကြီးပဲ။ အမှတ် တစ်ထောင်ဆိုလျှင် နေ့စဉ် အတိုး သုံးဆယ် ပြန်ဆပ်ရမည်ဖြစ်ရာ တစ်ပတ်ဆိုလျှင် အမှတ် နှစ်ရာကျော် ရမည် ဖြစ်သည်။
အကယ်၍ အချိန်ပိုကြာလျှင် သူမ ပို၍ အမြတ်ရနိုင်ပေသည်။ နောက်လကျလျှင် အမှတ် တစ်သောင်း ပြည့်အောင် စုပြီး ဆိုင်ခန်းတစ်ခန်း ငှားနိုင်တော့မည် ဖြစ်သည်။
ထို့နောက် သူတို့နှစ်ဦး အလျင်အမြန် စာချုပ်ချုပ်ဆိုလိုက်ကြပြီး ထိုနေ့ တာဝန်ကျ ကင်းလှည့်အဖွဲ့ဝင်များကို အသိသက်သေ လိုက်လုပ်ပေးရန် သွားရှာကြသည်။
နောက်ဆုံးတွင် ကျွမ်းရှုယွမ်က ဖန်ကျင်း အမည်ရှိသော ထိုလူလတ်ပိုင်းကို ခေါ်ဆောင်ကာ ကတ်မှတဆင့် အမှတ် လွှဲပြောင်းပေးလိုက်သည်။
ထည့်ပြောသင့်သည်မှာ လင်းယွမ် ကံစမ်းမဲမှ ရရှိခဲ့သော စူပါမားကတ် စက်ပစ္စည်းများတွင် ကတ်ထုတ်ပေးသည့် စက်လည်း ပါဝင်နေခြင်း ဖြစ်သည်။
ခိုလှုံရေးစခန်းမှ နေထိုင်သူတိုင်း ကုန်တိုက်ကြီးသို့ ဝင်ရောက်လာပါက နာမည်အမှန်ဖြင့် မှတ်ပုံတင်ထားသော ကတ်တစ်ကတ်ကို ရရှိကြသည်။
ထိုကတ်ထဲတွင် သူတို့၏ ဝယ်ယူမှု မှတ်တမ်းများနှင့် ကျန်ရှိနေသော အမှတ်များ စသည်တို့ကို အသေးစိတ် မှတ်တမ်းတင်ထားသည်။
ကုန်တိုက်ကြီး အထပ်တိုင်း၏ အပေါက်ဝတွင် ကတ်ဖတ်စက် တစ်လုံးစီ ထားရှိပေးထားပြီး သူတို့ကိုယ်တိုင် ဝယ်ယူသုံးစွဲမှု အခြေအနေများကို အလွယ်တကူ စစ်ဆေးကြည့်ရှုနိုင်သည်။
စနစ်မှ ထုတ်ပေးလိုက်သော ဤစူပါမားကတ် စက်ပစ္စည်းများမှာ အသုံးပြုရ အလွန်ကောင်းမွန်ပြီး လည်ပတ်မှုမှာလည်း အလွန် ချောမွေ့လှရာ ဈေးလာဝယ်ကြသော ခိုလှုံရေးစခန်းနေသူ အားလုံးက တအံ့တဩ ချီးကျူးနေကြရသည့် အချက်လည်း ဖြစ်သည်။
မကြာမီကမှ ဖြစ်ပွားခဲ့သော ကမ္ဘာပျက်ကပ် ရေကြီးရေလျှံမှုကြီးအောက်တွင် လျှပ်စစ်မီး ရရှိနေခြင်းပင် အံ့သြစရာ ကောင်းနေပြီ ဖြစ်သည်။
ယခုမူ ဈေးဝယ်ကတ်များပင် ရှိနေပြီဖြစ်ရာ အရာအားလုံးက ကမ္ဘာပျက်ကပ် မတိုင်မီ အချိန်ကာလများဆီသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားရစေသည်။
ဆင်းရဲဒုက္ခများကို မကြုံတွေ့ဖူးသူများက သူတို့၏ ယခုလက်ရှိ ခံစားချက်ကို မည်သည့်အခါမျှ မှန်းဆနိုင်မည် မဟုတ်ပေ။
အချိန်တိုအတွင်း တစ်နာရီမျှသာ ကြာသောအခါ လူတိုင်း၏ ကတ်ထဲတွင် အမှတ်များ လုံးဝ မရှိတော့ပေ။
အားလုံးက စုံလင်လှသော ကုန်ပစ္စည်းများကို ကြည့်ကာ တစ်ယောက်ပြီးတစ်ယောက် မျက်စိကျနေကြသော်လည်း သူတို့ အိတ်ကပ်ထဲတွင် ပိုက်ဆံမရှိတော့ချေ။
ဟုတ်ပေသည်။ တစ်နာရီလေးအတွင်းမှာပင် ကုန်တိုက်ကြီးက လူတိုင်း၏ အမှတ်များကို အကုန်အစင် စုပ်ယူသွားခဲ့ပြီ ဖြစ်သည်။
ဆက်လက်၍ သူတို့က အသက်စွန့်ကာ ငါးဖမ်းခြင်း၊ အမဲလိုက်ခြင်းများ ပြုလုပ်ရမည်ဖြစ်ပြီး ထိုမှရရှိလာသည်များကို မွေးမြူရေးခြံနှင့် သားသတ်ရုံများသို့ သွားရောက်ရောင်းချကာ အမှတ်များ ရှာဖွေကြရမည် ဖြစ်သည်။
သေချာသည်က ပထမထပ် စားသောက်တန်းရှိ ဘားသို့သွားကာ အမှတ်ရနိုင်မည့် တာဝန်များ ရှိမရှိ သွားရောက်ကြည့်ရှုနိုင်သည်။
သို့သော် ထိုတာဝန်များမှာ အများစုက သန္ဓေပြောင်း အပင်များကို ရှာဖွေရန်နှင့် အစွမ်းထက်သော သန္ဓေပြောင်း သတ္တဝါများကို သတ်ဖြတ်ရန် စသည်တို့သာ ဖြစ်သည်။
သာမန်လူများက ထိုအကြောင်းကို စဉ်းစားမည် မဟုတ်ဘဲ အစွမ်းပိုင်ရှင်များသာ သွားရောက်၍ တာဝန်များကို လက်ခံကြမည် ဖြစ်သည်။
ထိုတာဝန်များက အချိန်ကုန် လူပန်းဖြစ်စေသည့်အပြင် အတိုင်းအတာ တစ်ခုအထိ အန္တရာယ်လည်း ရှိနေသောကြောင့် သာမန်လူများက သေချာပေါက် သွားကြမည် မဟုတ်ပေ။
သူတို့က ရေစပ်သို့ သွားကာ ငါးဖမ်းခြင်း၊ ငါးမျှားခြင်းများကိုသာ ပို၍ လုပ်ချင်ကြသည်။ အကျိုးအမြတ် သိပ်မများသော်လည်း လုံခြုံမှုတော့ ရှိသည် မဟုတ်ပါလား။
ဦးနှောက်ရှိသူများကမူ အသေးစားလုပ်ငန်းလေးများ လုပ်ကိုင်နိုင်ရန် သို့မဟုတ် ငွေက ငွေကို ပြန်ပွားလာစေမည့် လမ်းစများ ရှိမရှိ နည်းလမ်းရှာဖွေ စဉ်းစားကြမည် ဖြစ်သည်။
ယခု ခိုလှုံရေးစခန်းက အရာရာကို အသစ်ပြန်လည် တည်ဆောက်နေရချိန် ဖြစ်သဖြင့် အမှန်တကယ်တွင် အခွင့်အရေးများစွာ ရှိနေပြီး လူများတွင် တွေးခေါ်နိုင်စွမ်း ရှိမရှိပေါ်တွင်သာ မူတည်တော့သည်။
အနည်းဆုံးတော့ ကျွမ်းရှုယွမ်တို့ မိန်းကလေး သုံးယောက်က ဤတစ်ကြိမ်တွင် ငွေက ငွေပြန်ပွားစေမည့် နည်းလမ်းကို ရှာတွေ့သွားခဲ့ပြီ ဖြစ်သည်။
သူတို့က အမှတ် ငါးရာကိုသာ လက်ထဲတွင် ချန်ထားခဲ့ပြီး ကျန်အမှတ်များ အားလုံးကို ချေးငှားပေးလိုက်ကြသည်။
စုစုပေါင်း အမှတ် လေးထောင်ကျော်ရှိပြီး လူနှစ်ယောက်က တစ်လ ချေးငွေစာချုပ်ကို လက်မှတ်ထိုးခဲ့ကာ ကျန်သူများမှာ အတိုဆုံး ကာလများဖြင့် ချေးယူခဲ့ကြသည်။
သို့သော် ထိုသို့ဖြစ်လင့်ကစား ကျွမ်းရှုယွမ် တွက်ချက်ကြည့်ရာတွင် သူတို့ ဤတစ်ကြိမ်၌ အကြမ်းဖျင်း ခန့်မှန်းရလျှင်ပင် အမှတ် နှစ်ထောင်ကျော် အမြတ်ရနိုင်မည် ဖြစ်သည်။
နောက်လတွင် သူတို့ကိုယ်တိုင် ကြိုးစားရှာဖွေမှုများ ပေါင်းထည့်လိုက်ပါက နောက်ထပ် အမှတ် လေးငါးထောင်ခန့် စုဆောင်းနိုင်မည်ဖြစ်ရာ ထိုအချိန်ကျလျှင် အမှတ် တစ်သောင်းခန့် ပြည့်လုနီးပါး ဖြစ်သွားမည် ဖြစ်သည်။
ကျွမ်းရှုယွမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ပိုင်ကျစ်လဲ့နှင့် ကောကျဲတို့ဘက်သို့ လှည့်ကာ...
"ရှေ့ဆက် ဒီတစ်လတော့ ငါတို့ ကြိုးစားပြီး အမှတ်တွေ ပိုရအောင် လုပ်ကြရမယ်" ဟု ပြောလိုက်သည်။
ပိုင်ကျစ်လဲ့က ခေါင်းညိတ်ကာ "နောက်လကျရင် ငါ အာဟာရဖြည့်ရည်လေးတွေ ပိုလုပ်လိုက်မယ်"
ကောကျဲကလည်း "ငါလည်း အပြင်ထွက်ရတဲ့ တာဝန်တွေ ပိုလုပ်လိုက်မယ်... နောက်လကျရင် ငါ လွတ်လပ်တဲ့သူ ဖြစ်သွားပြီလေ... ကင်းလှည့်အဖွဲ့ထဲ ဝင်ပြီးရင် လစာက သေချာပေါက် တိုးလာမှာပဲ"
ကျွမ်းရှုယွမ်လည်း ခေါင်းညိတ်လိုက်ပြီး...
"ငါလည်း နောက်လကျရင် ရုက္ခဗေဒဥယျာဉ်က အဖွဲ့ခေါင်းဆောင်အဖြစ် ရာထူးတိုးလောက်တယ်... အဲ့အချိန်ကျရင် တစ်လကို ရတဲ့အမှတ်က ငါးရာအထိ တက်လာမှာ... ပြီးတော့ တခြားတာဝန်လေးတွေပါ လုပ်လိုက်ရင် အမှတ် တစ်ထောင်လောက်တော့ ရနိုင်မှာပါ"
"သွားကြစို့... အလုပ်ရှုပ်နေတာ ကြာပြီ... ကျန်နေတဲ့ ဒီအမှတ် ငါးရာနဲ့ ငါတို့လည်း ဈေးသွားဝယ်ပြီး သုံးကြတာပေါ့"
"ဟား... သွားမယ် သွားမယ်... ငါ မျက်နှာသစ် ခေါင်းလျှော်ရည် တစ်စုံလောက် ဝယ်ရမယ်... ပြီးခဲ့တဲ့အခေါက် လင်းယွမ် လက်ဆောင်ပေးထားတဲ့ တစ်စုံက သုံးလို့ ကုန်သွားပြီ" ကောကျဲက အလျင်စလို အော်ပြောလိုက်သည်။
ကျွမ်းရှုယွမ်လည်း မစောင့်နိုင်တော့ပေ။ ဝူမုန့်က ပြီးခဲ့သော အကြိမ်တွင် လင်းယွမ်ထံမှ မျက်နှာသစ် ခေါင်းလျှော်ရည် တစ်စုံ ရခဲ့သော်လည်း သူက အသုံးမပြုဘဲ ကျွမ်းရှုယွမ်ကို ပေးခဲ့သည်။
ကျွမ်းရှုယွမ်က သန့်ရှင်းမှုကို နှစ်သက်ပြီး နေ့စဉ်ရက်ဆက် သန့်စင်ရေး လုပ်တတ်သဖြင့် ကုန်ခါနီး ဖြစ်နေပြီ ဖြစ်သည်။
ပိုင်ကျစ်လဲ့အကြောင်း ပြောရန်ပင် မလိုတော့ပေ။ သူမက မိန်းကလေးပီပီ သန့်ရှင်းမှုကို ပို၍ နှစ်သက်ပြီး နေ့စဉ်နီးပါး ရေချိုး သန့်စင်လေ့ရှိသည်။
ညီအစ်မ သုံးယောက်က ကုန်တိုက်ကြီးအတွင်းသို့ ပြေးဝင်သွားကြသည်။
ခုနက သူတို့ ဝင်မလာခဲ့ကြပေ။ ယခု ဝင်လာချိန်တွင်မူ အတွင်းရှိ လင်းထိန်နေသော မီးရောင်များနှင့် ပြည့်ကျပ်နေသော ကုန်ပစ္စည်းစင်များကို မြင်ကာ မှင်တက်သွားကြသည်။
ဤသည်က အစစ်အမှန် ကုန်တိုက်ကြီးတစ်ခုနှင့် သိပ်မကွာခြားတော့ပေ။
သို့သော် ကျွမ်းရှုယွမ်က တစ်ကိုယ်ရေသန့်ရှင်းရေး အသုံးအဆောင်များရှိရာသို့ ပြေးသွားကာ လက်လှမ်း၍ ယူလိုက်ချိန်မှသာ အထဲတွင် ဟာလာဟင်းလင်း ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
ထို့နောက် အောက်ဘက်တွင် "နမူနာ ထုပ်ပိုးမှုမျှသာ ဖြစ်ပြီး ပြသရန်အတွက်သာ ဖြစ်သည်။ ကောင်တာတွင် သွားရောက် ဝယ်ယူပါ" ဟု ရေးသားထားသည်ကို မြင်လိုက်ရသည်။
ထိုအခါမှ သူမ သဘောပေါက်သွားတော့သည်။ ဤနေရာရှိ ပစ္စည်းအများစုမှာ အခွံများသာဖြစ်ပြီး အစစ်အမှန် ပစ္စည်းများကို ထုတ်မထားခြင်း ဖြစ်သည်။
"ပစ္စည်းအစစ်တွေ တစ်ခုမှ မရှိဘူးလား" ကောကျဲက မနေနိုင်ဘဲ မေးလိုက်သည်။
ကျွမ်းရှုယွမ်က ခေါင်းခါပြကာ "ဒါကမှ ဉာဏ်ကောင်းတဲ့ နည်းလမ်းပဲ... ပစ္စည်းအစစ်တွေ ထုတ်ထားရင် တစ်ချက်က လုံခြုံမှုမရှိဘူး... လူတွေ အလွယ်တကူ ခိုးယူသွားနိုင်တယ်... ဒုတိယအချက်က တချို့ပစ္စည်းတွေက သက်တမ်းရှိတယ်လေ... အပြင်ထုတ်ထားရင် လွယ်လွယ်နဲ့ ပျက်စီးသွားနိုင်တယ်"
"ငါတို့ ဝယ်ချင်တဲ့ ပစ္စည်းတွေကို မှတ်ထားပြီး ခဏနေ ကောင်တာမှာ တစ်ခါတည်း သွားရှင်းကြတာပေါ့"
ပိုင်ကျစ်လဲ့က မနေနိုင်ဘဲ "အစ်မကျွမ်း... အမှတ်လေး နည်းနည်းချန်ပြီး ခဏနေကျရင် ပထမထပ်က စားသောက်တန်းမှာ သွားလည်ကြမလားဟင်"
ကောကျဲကလည်း ချက်ချင်း မျက်လုံးများ အရောင်လက်သွားကာ "ဟုတ်တယ် ဟုတ်တယ်... စားသောက်တန်းကို မသွားရသေးဘူး... ခုနကတည်းက ဟိုဘက်ကနေ အနံ့မွှေးမွှေးတွေ ရနေတာ"
ကျွမ်းရှုယွမ်က ပြုံးလိုက်ကာ "ဟုတ်ပြီ... အမှတ် တစ်ရာ ချန်ထားလိုက်မယ်... နေ့လယ်ကျရင် အားလုံး စားပွဲကြီး လုပ်ကြတာပေါ့"
"ရေး..." ကောကျဲနှင့် ပိုင်ကျစ်လဲ့တို့ ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ခုန်ပေါက်သွားကြသည်။
ကျွမ်းရှုယွမ်က ဤကဲ့သို့ ကြိုးစားရုန်းကန်ရသော ဘဝကလည်း မဆိုးလှဟု ရုတ်တရက် ခံစားလိုက်ရသည်။
အရင်တုန်းက သိုင်းဘုရင်ဂေဟာတွင် သူမကိုယ်သူမ မြင့်မြတ်သည်ဟု ထင်ရသော်လည်း ထိုချို့တဲ့သော ဘဝက ယခုအခြေအနေနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။
အနည်းဆုံးတော့ ယခု သူမက ညီအစ်မများနှင့်အတူ ဈေးဝယ်ထွက်ရသော သာယာလှပသည့် အရသာကို ပြန်လည် ခံစားနေရပြီ မဟုတ်ပါလား။
ဆက်ရန်...
အပိုင်း(၂၆၄) ထူလုံ၏ နှစ်နှစ်ကာကာ ယုံကြည်လက်ခံမှု
လိုအပ်သည့် ပစ္စည်းများကို အလျင်အမြန် ဝယ်ယူပြီးနောက် မုန့်ယိုယိုက ပထမထပ်ရှိ အစားအစာတန်းဆီသို့ ပြေးသွားလိုက်သည်။
သူမ၏ ဘေးတွင် လော်ဟုန်မြန်နှင့် ဟန်ရှန်းမန်တို့လည်း ပါလာကြသည်။
မိန်းကလေး သုံးဦးသည် အစားအစာတန်းကို ကြည့်လိုက်သည်နှင့် မျိုးစုံလှသော မွှေးပျံ့သည့် ရနံ့များကို ချက်ချင်း ရလိုက်ကြသည်။
အထူးသဖြင့် ဆီပူဖြင့် ကြော်လှော်ထားသည့် အသားအမျိုးမျိုး၏ အနံ့နှင့် အသားကင် မီးခိုးနံ့များပင် ဖြစ်သည်။
ဟန်ရှန်းမန်ပင်လျှင် တံတွေးအကြိမ်ကြိမ် မြိုချမိသည်အထိ ဖြစ်သွားရသည်။
အစားအစာတန်းတွင် ရိုးရှင်းသော ထမင်း၊ ဆန်ပြုတ်နှင့် ငါးဟင်းလောက်သာ ရှိမည်ဟု ထင်ထားခဲ့ကြသော်လည်း လက်တွေ့မြင်ကွင်းကမူ သူတို့ ထင်ထားသည်နှင့် တခြားစီ ဖြစ်နေသည်။
ဟင်းပွဲများက စုံလင်လှပြီး အသားကင်ဆိုင်များ၊ ကြက်သားပြားကြော်များပင် ရှိနေသည်ကို တွေ့လိုက်ရသည်။
လင်းယွမ်အတွက်မူ ဤဟင်းပွဲများကို စီစဉ်ရန်မှာ သိပ်ပြီး ခက်ခဲလှသည်တော့ မဟုတ်ပေ။
လုံလောက်သော ဟင်းသီးဟင်းရွက်၊ ကြက်၊ ငါး၊ အသားနှင့် ဥများ ရှိနေသမျှ ဟင်းပွဲများကို စုံလင်အောင် ဖန်တီး၍ ရစမြဲဖြစ်သည်။
လက်ရှိတွင် စခန်း၌ ကြက်နီ၊ မီးလျှံငှက်၊ မိန်ဟွာဝက်၊ မီးဝါးကြွက်နှင့် မီးတိမ်ယုန်များကို အမြောက်အမြား မွေးမြူထားနိုင်ပြီ ဖြစ်သည်။
ပြီးခဲ့သည့် တစ်ခေါက်က ထူလုံ အပြင်ဘက်သို့ ကင်းလှည့်ပျံသန်းရင်း ဘဲအနည်းငယ်ကိုပင် ဖမ်းဆီး ပြန်ခေါ်လာနိုင်ခဲ့သေးသည်။
ခြုံငုံကြည့်လျှင် ထိုက်ယန်တောင် မွေးမြူရေးစခန်းရှိ မျိုးစိတ်များမှာ များစွာ စုံလင်လာခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ယွဲ့ယာဝေ၏ အစွမ်းကြောင့် သားပေါက်နှုန်းမှာလည်း အလွန် လျင်မြန်လှသည်။
ဤ သန္ဓေပြောင်း သတ္တဝါများမှာ စားစရာသာ ရှိနေပါက ကြီးထွားနှုန်းမှာ အလွန် အံ့မခန်း မြန်ဆန်ပြီး ဥမှပေါက်သည့် အကောင်များဆိုလျှင် တစ်လအတွင်း အရွယ်ရောက်လာကြသည်။
မီးဝါးကြွက်ဆိုလျှင် (၂) လ ကြာသည်နှင့် စားသုံးရန် အသင့်ဖြစ်ပြီး မိန်ဟွာဝက်ကမူ အနည်းငယ် ပိုကြာကာ (၃) လခန့် အချိန်ယူရသည်။
သန္ဓေပြောင်း အပင်များမှ ရရှိသော ဟင်းသီးဟင်းရွက်များကိုလည်း ရန်ဆန်းမင်၏ ဆေးဘက်ဆိုင်ရာ အဖွဲ့က သေချာစွာ စစ်ဆေးပြီး အဆိပ်အတောက် ကင်းစင်ကြောင်း အတည်ပြုပြီးမှသာ အကြီးအကျယ် စိုက်ပျိုးကာ ထမင်းစားဆောင်သို့ ပို့ဆောင်ပေးခြင်း ဖြစ်သည်။
ဆီပူဖြင့် ကြော်ထားသော ကြက်သားပြားနှင့် ဝက်သားပြားများမှာ ထိုနေရာမှ ရရှိလာခြင်း ဖြစ်သည်။
တကယ်တမ်း ရှားပါးပြီး တန်ဖိုးကြီးသည်မှာ ဆီနှင့် ကြက်သားပြားကြော်ရာတွင် သုံးသည့် ဂျုံမှုန့်များသာ ဖြစ်သည်။
ထိုပစ္စည်းများကို ရရှိရန် လင်းယွမ်က အမှတ်များကို အသုံးပြု၍ ကံစမ်းမဲနှိုက်ကာ လဲလှယ်ယူရသည်။
ထိုက်ယန်တောင်တွင် လောလောဆယ် ယင်းပစ္စည်းများအတွက် အစားထိုးစရာ ရှာမတွေ့သေးပေ။
နောက်ထပ် အရေးကြီးသည့်အရာမှာ ဟင်းခတ်အမွှေးအကြိုင်များ ဖြစ်ပြီး ၎င်းတို့မှာလည်း အတော်လေး ရှားပါးကာ လင်းယွမ်၏ ကံစမ်းမဲအပေါ်တွင်သာ မှီခိုနေရသည်။
လောလောဆယ်တွင် လင်းယွမ်က တောင်ပေါ်၌ ငရုတ်ကောင်း၊ ငရုတ်သီး၊ ကြက်သွန်ဖြူ စသည့် ဟင်းခတ်အမွှေးအကြိုင်များကို အကြီးအကျယ် စိုက်ပျိုးရန် လူများကို စီစဉ်ခိုင်းထားပြီး ဖြစ်သည်။
အတိုချုပ် ပြောရလျှင် အစားအစာတန်းမှာ လူတိုင်း ထင်ထားသလောက် ရှားပါးပြတ်လပ်မနေဘဲ ဟင်းပွဲများမှာ အတော်အတန် စုံလင်သည်ဟု ဆိုရမည်။
သို့သော် ကမ္ဘာပျက်ကပ်ဘေး မတိုင်ခင်ကကဲ့သို့ စိတ်ကြိုက် ဖြုန်းတီး၍ရသည့် အနေအထားမျိုးတော့ မဟုတ်သေးပေ။
ယနေ့သည် ဈေးရောင်းပွဲတော် ဖွင့်ပွဲနေ့ဖြစ်သဖြင့် ဆိုင်ခန်းများ၌ ဟင်းပွဲများ စုံလင်နေခြင်းဖြစ်ပြီး လာရောက် စားသောက်သူများလည်း များပြားနေသည်။
နောက်ရက်အနည်းငယ် ကြာလျှင်တော့ ဟင်းပွဲများ ဤမျှ စုံလင်တော့မည် မဟုတ်သလို လူများ၏ လက်ထဲတွင်လည်း သုံးစွဲစရာ အမှတ်များ များများစားစား ရှိတော့မည် မဟုတ်ပေ။
ကောင်းကောင်းစားချင်ပါက ကိုယ့်ဘာသာ သီးသန့် မှာယူစားသောက်ရတော့မည် ဖြစ်သည်။
ဤဟင်းပွဲများထဲတွင် လင်းယွမ် ကိုယ်တိုင် အမှတ်သုံး၍ ကံစမ်းမဲ နှိုက်ထားရသော ပစ္စည်းမျိုးဆိုလျှင် ဈေးနှုန်း အနည်းငယ် ပိုကြီးသည်။
ခိုလှုံရေးစခန်း အတွင်း၌ပင် ထုတ်လုပ်နိုင်သော အရင်းအမြစ်များဆိုလျှင်တော့ ဈေးနှုန်း သက်သာသည်။
ဟင်းပွဲအားလုံးထဲတွင် ဈေးအသက်သာဆုံးမှာ ငါးအသား ဖြစ်သည်။
ငါးဆုပ်၊ ငါးကင်၊ ငါးနီချက်၊ ငါးပေါင်း၊ ငါးအသားပြား စသည့် ငါးနှင့် ပြုလုပ်ထားသော ဟင်းလျာများမှာ အတော်လေး ဈေးသက်သာသည်။
အသားဟင်းများမှာ ငါးထက် ဈေးအနည်းငယ် ပိုကြီးသော်လည်း ဆန်နှင့် ပေါက်စီတို့နှင့် ယှဉ်လျှင်တော့ များစွာ သက်သာနေသေးသည်။
အဘယ်ကြောင့်ဆိုသော် အသားများကို တောင်ပေါ်ရှိ သန္ဓေပြောင်း သတ္တဝါများထံမှ အများအပြား ဖမ်းဆီးရရှိနိုင်သော်လည်း ဆန်နှင့် ဂျုံမှာမူ လင်းယွမ် ကံစမ်းမဲ နှိုက်မှသာ ရရှိနိုင်သောကြောင့် ဖြစ်သည်။
"ဟယ်... ပေါက်စီတွေ... ပေါက်စီတွေပါလား... အမရှန်းမန်... မြန်မြန် ကြည့်လိုက်ပါဦး... ညီမ ပေါက်စီ မစားရတာ ကြာလှပြီ"
လော်ဟုန်မြန်က ဆိုင်ကောင်တာပေါ်ရှိ ဖြူဖြူဖွေးဖွေး ဖောင်းဖောင်းအိအိ ပေါက်စီများကို လက်ညှိုးထိုးပြရင်း အံ့သြဝမ်းသာစွာ အော်ဟစ်လိုက်သည်။
သူမက ဆန်းတုံးဒေသသူ စစ်စစ်ဖြစ်ပြီး ကမ္ဘာမပျက်ခင်တုန်းက မနက်စာနှင့် ညစာကို ပေါက်စီ (၂) လုံးလောက် မစားရလျှင် နေလို့မရသူ ဖြစ်သည်။
ယခုလို ဖြူဖွေးအိစက်နေသော ပေါက်စီများကို မြင်လိုက်ရသည့်အခါ တံတွေးများပင် စီးကျလာရသည်။
ဟန်ရှန်းမန်က ရယ်မောလိုက်ပြီး...
"သွားမယ်လေ... နှစ်လုံးလောက် သွားဝယ်ကြမယ်"
လော်ဟုန်မြန်က ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံကာ ချက်ချင်း ပြေးသွားလေတော့သည်။
သို့သော် မုန့်ယိုယိုကမူ ခြေလှမ်း ရပ်တန့်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"အမရှန်းမန်... အမတို့ပဲ အရင်စားလိုက်ကြနော်... ဟိုလေ... ညီမမှာ ကိစ္စလေး ရှိနေလို့"
ဟန်ရှန်းမန်က သံသယဖြစ်စွာဖြင့် မုန့်ယိုယိုကို လှမ်းကြည့်လိုက်ရာ မုန့်ယိုယို၏ မျက်နှာတွင် ရှက်သွေးဖြာနေသည်ကို တွေ့လိုက်ရပြီး မလှမ်းမကမ်းရှိ တံခါးဝတွင် စောင့်နေသော ကုဖုန်းကို လက်ညှိုးထိုးပြနေသည်။
ဟန်ရှန်းမန် ချက်ချင်း သဘောပေါက်သွားပြီး ရယ်မောလိုက်ကာ...
"ကောင်းပါပြီ... ညီမလေးရဲ့ အချစ်ရေးကို အနှောင့်အယှက် မပေးတော့ပါဘူး... မြန်မြန်သွားလိုက်ပါ"
မုန့်ယိုယို မျက်နှာလေး ရဲသွားပြီး အလျင်အမြန် ထွက်ပြေးသွားလေသည်။
ဟိုဘက်တွင် ရပ်စောင့်နေသော ကုဖုန်းက မုန့်ယိုယိုကို မြင်သည်နှင့် အလျင်အမြန် လှမ်းပြောလိုက်သည်။
"ယိုယို... ရောက်လာပြီပဲ... လာ မြန်မြန်သွားရအောင်... ရုပ်ရှင်စတော့မှာ"
မုန့်ယိုယို မျက်လုံးများ အရောင်တောက်သွားပြီး...
"တကယ်ကြီး (၄) လွှာမှာ ရုပ်ရှင်သွားကြည့်ကြမှာလား"
"ဟုတ်တယ်လေ... ကိုယ် လက်မှတ်တောင် ဝယ်ပြီးပြီ... ဒီမှာကြည့်... မင်းအတွက် လက်ဖက်ရည်တောင် ယူလာသေးတယ်"
"ဘာ... လက်ဖက်ရည် ဟုတ်လား"
မုန့်ယိုယိုမှာ မယုံကြည်နိုင် ဖြစ်သွားသည်။
ဒါ ဘယ်လိုအချိန်မို့လို့လဲ...
ကမ္ဘာပျက်နေတဲ့ အချိန်ကြီးလေ... ဘယ်ကနေ လက်ဖက်ရည် ရလာမှာလဲ...
ကုဖုန်းက ဟီးခနဲ ရယ်လိုက်ပြီး...
"တကယ့် လက်ဖက်ရည်ပါ... ကိုယ့်အတန်းဖော်ဟောင်းက သူ့ဘာသာ လုပ်ထားတာ... ကိုယ် မျက်နှာပြောင်တိုက်ပြီး တောင်းလာခဲ့တာ"
"ရှင့်အတန်းဖော်က... သူက ဘယ်လိုလုပ်တာလဲ... အခုချိန်မှာ လက်ဖက်ရည် လုပ်လို့ရသေးတာလား"
"ဒါပေါ့... တုံယန်ကို မင်းသိတယ်မလား... ကိုယ့်အတန်းဖော်လေ... သူ့မောင်လေးနဲ့ ကိုယ်နဲ့က အရမ်းခင်တာ... အရင်က ကိုယ်တို့တွေ တိုက်ခန်းချင်း မျက်နှာချင်းဆိုင် နေခဲ့ကြတာ"
ကုဖုန်းက ပြုံးရယ်လျက် ဆက်ပြောသည်။
"တကယ်တော့ ဒီလက်ဖက်ရည် လုပ်ရတာ ရိုးရှင်းပါတယ်... နို့မှုန့်ရယ် လက်ဖက်ခြောက်ရယ်ကို ပြုတ်ပြီးတော့ သကြားနည်းနည်း ထည့်လိုက်ရုံပဲ... အဓိက လျှို့ဝှက်ချက်က အထဲက ပိန်းဥလုံးလေးတွေပဲ"
"သူက အေဒါ်ကြီးလီတို့ စိုက်ထားတဲ့ ပိန်းဥတွေကို သုံးပြီး ပိန်းဥလုံးလေးတွေ လုပ်ထားလိမ့်မယ်လို့ ကိုယ်တောင် ထင်မထားမိဘူး"
"မြည်းကြည့်ပါဦး... အရသာက ရေဘေးကြီး မတိုင်ခင်က သောက်ဖူးတဲ့ လက်ဖက်ရည်တွေနဲ့ သိပ်မကွာဘူး"
မုန့်ယိုယို တစ်ငုံသောက်လိုက်ရာ မျက်လုံးများ တောက်ပသွားသည်။ တကယ်ကို သောက်လို့ ကောင်းလွန်းလှသည်။
"အရမ်းကောင်းတာပဲ... ဟင့်ဟင့်"
မုန့်ယိုယို တစ်ငုံသောက်ပြီးသည်နှင့် ရုတ်တရက် မျက်ရည်များ စီးကျလာလေသည်။
ကုဖုန်းမှာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားပြီး ကပျာကယာဖြင့်...
"ဟေ့ ဟေ့... ဘာလို့ ငိုရတာလဲ"
မုန့်ယိုယိုက မျက်လုံးကို ပွတ်သပ်ရင်း ရှိုက်ကြီးတငင် ငိုကြွေးလေသည်။
"အရင်တုန်းက ဖေဖေက မေမေနဲ့ ညီမအတွက် လက်ဖက်ရည် အမြဲ ဝယ်လာပေးနေကျမို့လို့ပါ"
ကုဖုန်း ချက်ချင်း သဘောပေါက်သွားပြီး မျက်နှာတွင် စာနာစိတ်မကောင်းဖြစ်သည့် အရိပ်အယောင်များ ပေါ်လာကာ အလျင်အမြန် နှစ်သိမ့်ပေးလိုက်သည်။
"ပြီးခဲ့တာတွေ ပြီးသွားပါပြီ... အားလုံး အတိတ်မှာ ကျန်ခဲ့ပါပြီ"
မုန့်ယိုယို ပြောပြဖူးသည်ကို သူ ကြားဖူးသည်။ ရေကြီးမှု စတင်ဖြစ်ပွားစဉ်က သူမတို့ မိသားစုသည် အပေါ်ဆုံးထပ်ရှိ ဖခင်ဖြစ်သူ၏ လုပ်ဖော်ကိုင်ဖက် အိမ်သို့ အချိန်မီ ထွက်ပြေး တိမ်းရှောင်နိုင်ခဲ့သည်။
နောက်ပိုင်းတွင် ရေမျက်နှာပြင် မြင့်တက်လာပြီး အစားအစာ ရှားပါးလာသောအခါ ယုတ်မာသော ကိစ္စရပ်များ ဖြစ်လာခဲ့သည်။
ထိုလုပ်ဖော်ကိုင်ဖက် မိသားစုသည် အစားအစာကို မျှမကျွေးချင်တော့သဖြင့် သူတို့ကို မောင်းထုတ်ရန် ကြိုးစားခဲ့သည်။
မုန့်ယိုယို၏ ဖခင်က အကြိမ်ကြိမ် တောင်းပန်သော်လည်း တစ်ဖက်လူက မုန့်ယိုယိုနှင့် သူမ၏ မိခင်ကို အတူအိပ်ပေးရမည်ဟု တောင်းဆိုလာခဲ့သည်။
မုန့်ယိုယို၏ ဖခင်က ဒေါသတကြီးဖြင့် ထိုလူနှင့် လုံးထွေးသတ်ပုတ်ကြရာမှ မတော်တဆ လက်လွန်ပြီး ထိုလူ၏ ဓားထိုးခံရကာ သေဆုံးသွားခဲ့ရသည်။
မိခင်ဖြစ်သူမှာ လန့်ဖျပ်သွားပြီး ပြေးဝင်ကာ ထိုလူကို ပြန်လည် သတ်ဖြတ်လိုက်သည်။
မုန့်ယိုယိုနှင့် မိခင်ဖြစ်သူတို့ ထိုအခန်းထဲတွင် အချိန်တစ်ခုကြာ နေထိုင်ခဲ့ကြပြီး အစားအစာ ပြတ်လပ်သွားသောအခါ မိခင်ဖြစ်သူက အစားအစာရှာရန် အပြင်ထွက်သွားပြီး ပြန်မရောက်လာတော့ပေ။
သူမသည် အခန်းထဲတွင် ပုန်းအောင်းရင်း ဘယ်နှကြိမ်မှန်းမသိအောင် ငိုကြွေးခဲ့ရသည်။ ငတ်ပြတ်ပြီး သေလုမျောပါး ဖြစ်နေချိန်တွင် ဟန်ရှန်းမန်တို့အဖွဲ့ ရောက်လာပြီး ကယ်တင်ခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် သူမသည် မိခင်ဖြစ်သူကို နေရာအနှံ့ လိုက်ရှာခဲ့ရာ အောက်ထပ်ရှိ အခန်းတစ်ခန်းထဲ၌ မိခင်ဖြစ်သူ၏ ရုပ်အလောင်းကို မထင်မှတ်ဘဲ တွေ့ရှိခဲ့ရသည်။
မိခင်ဖြစ်သူမှာ လူများ၏ စော်ကားမှုကို ခံရပြီး သေဆုံးခြင်း မဟုတ်ဘဲ အခန်းထဲရှိ သန္ဓေပြောင်း သတ္တဝါ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။
မုန့်ယိုယိုက မိခင်၏ အလောင်းကို တွေ့လိုက်ရချိန်တွင် လက်ထဲ၌ "ရှန်ပြောင်းပြောင်း" လက်ဖက်ရည်တစ်ဘူးကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်ကို မြင်လိုက်ရသည်။
ထိုအရသာမှာ သူမ အကြိုက်ဆုံးအရသာ ဖြစ်ပြီး မိခင်ဖြစ်သူသည် ထိုလက်ဖက်ရည်ဘူးလေးကို ရယူရန်အတွက် ထိုအခန်းထဲသို့ စွန့်စားဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
ဤအရာသည် သူမရင်ထဲရှိ မည်သူမျှ မတို့ထိနိုင်သော ဝမ်းနည်းဖွယ် အတိတ်တစ်ခု ဖြစ်သည်။
ယနေ့တွင် ကုဖုန်း၏ လက်ဖက်ရည်တစ်ခွက်ကြောင့် အတိတ်ဟောင်းကို သတိရသွားကာ ဝမ်းနည်းပက်လက် ငိုကြွေးမိခြင်း ဖြစ်သည်။
ကုဖုန်းက သူမကို အလျင်အမြန် နှစ်သိမ့်ပေးပြီး (၄) လွှာရှိ ရုပ်ရှင်ရုံသို့ ခေါ်ဆောင်သွားလေသည်။
အလားတူ မြင်ကွင်းမျိုးသည် ကုန်တိုက်ကြီး၏ နေရာအနှံ့အပြားတွင် ဖြစ်ပွားနေသည်။
မျက်မှောက်တွင် မြင်တွေ့နေရသော ဘဝက ပျော်ရွှင်လေလေ၊ ကမ္ဘာမပျက်ခင်က သာမန်ဟု ထင်ရသော ပစ္စည်းလေးများက လူအများ၏ ရင်ထဲတွင် ရေကြီးမှု မတိုင်ခင်က ဘဝကို လွမ်းဆွတ်တမ်းတမှုများကို နှိုးဆွပေးလေလေ ဖြစ်သည်။
အသက်ကြီးသူများသည် တိတ်ဆိတ်စွာဖြင့် မျက်ရည်သုတ်နေကြသည်။
အသက်ငယ်သူများကမူ စိတ်ခံစားမှုကို မထိန်းချုပ်နိုင်ဘဲ ပစ္စည်းများကို ပွေ့ဖက်ကာ အော်ဟစ်ငိုကြွေးနေကြသည်။
သို့သော် လူအများစုမှာတော့ ပြုံးရွှင်နေကြသည်။
သူတို့ အသက်ဆက်ရှင်ခဲ့ကြပြီ... ထို့ပြင် ယခုအခါ ဘဝက ပိုမို ကောင်းမွန်လာနေပြီ ဖြစ်သည်။
ဤအရာအားလုံးသည် ခိုလှုံရေးစခန်း၏ ခေါင်းဆောင် ကိုလင်းယွမ် ပေးစွမ်းသော အရာများ ဖြစ်သည်။
...
ကျောက်ကမ်းပါးယံ ထိပ်ဖျားတွင် လင်းယွမ် ရပ်နေပြီး တောင်ကြားရင်ပြင်ရှိ မြင်ကွင်းများကို လှမ်းမျှော်ကြည့်လိုက်သည်။
သူ၏ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခု ဖြစ်ပေါ်နေပြီး ရုတ်တရက် ရင်ထဲ၌ ပြောမပြတတ်သော ကြည်နူးမှုနှင့် ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။
ကုန်တိုက်ကြီး ဖွင့်လှစ်နိုင်ခြင်းကြောင့်သော်လည်းကောင်း၊ အနာဂတ်တွင် ခိုလှုံရေးစခန်းရှိ လူများက သူ့အတွက် သန္ဓေပြောင်း သတ္တဝါများနှင့် အမှတ်များ ရှာဖွေပေးမည့်အချက်ကြောင့်သော်လည်းကောင်း မဟုတ်ပေ။
ဆင်းရဲဒုက္ခ အမျိုးမျိုး ခံစားခဲ့ရသော ထိုလူများ၏ မျက်နှာထက်တွင် ပျော်ရွှင်သော အပြုံးများ ပြန်လည် ပွင့်လန်းလာသည်ကို မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
သူကိုယ်တိုင်လည်း ဘာကြောင့် သူတို့နှင့်ထပ်တူ လိုက်ပြုံးမိနေမှန်း၊ ဘာကြောင့် ပျော်ရွှင်နေမိမှန်း၊ ဘာကြောင့် ပြောမပြတတ်အောင် ကြည်နူးနေမိမှန်း နားမလည်တော့ပေ။
သူ့ကိုယ်သူ လူတွေကို ကယ်တင်မည့် သူတော်ကောင်း၊ သူတော်စင် တစ်ယောက်ဟု ဘယ်တုန်းကမှ မခံယူခဲ့ဖူးပါ။
သူလည်း တစ်ကိုယ်ကောင်း ဆန်ဖူးသည်။ အိမ်နီးချင်း အမျိုးသမီးကို စိတ်ဝင်စားဖူးသည်။ ကိုယ်ကျိုးအတွက် လူသတ်ဖူးသည်။
သို့သော် လူများကို ကူညီပေးနိုင်ခဲ့သည့်အတွက်၊ အားလုံးအတွက် ခိုလှုံရာတစ်ခု ဖန်တီးပေးနိုင်ခဲ့သည့်အတွက်၊ အားငယ်နေသူများ တည်ငြိမ်သော ဘဝတစ်ခု ပြန်လည်ရရှိသွားသည်ကို မြင်တွေ့ရသည့်အတွက် သူ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိသည်။
ထူလုံက သူ၏ ဘေးတွင် ရပ်နေပြီး အောက်ဘက်ရှိ လူများ ပျော်ရွှင်မြူးထူးနေကြသော မြင်ကွင်းကို ကြည့်ရင်း မျက်နှာထားက ရှုပ်ထွေးနေသည်။ သို့သော် သူ၏ မျက်နှာပေါ်တွင်လည်း အပြုံးများ ပြည့်နှက်နေသည်။
"ကိုလင်းယွမ်... ကျုပ် ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို ဝင်လို့ရမလား"
ထူလုံက သူ့ရှေ့ရှိ လူငယ်ကို ကြည့်ရင်း ရုတ်တရက် မေးလိုက်သည်။
သူ့စိတ်ထဲတွင် ထိုလူငယ်ကို အကြိမ်ကြိမ် ကျိန်ဆဲခဲ့ဖူးသော်လည်း ယခုအချိန်၌မူ ထိုလူငယ်ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ လေးစားမိသွားပြီ ဖြစ်သည်။ ဤခိုလှုံရေးစခန်း၏ အဖွဲ့ဝင်အဖြစ် စစ်မှန်စွာ ဝင်ရောက်လိုစိတ် ဖြစ်ပေါ်လာသည်။
ရေကြီးမှု ဘေးဒုက္ခကြီး၏ မျှော်လင့်ချက်မဲ့မှုနှင့် လူ့ကျင့်ဝတ်များ ပျက်သုဉ်းသွားပြီးနောက် ဖြစ်ပေါ်လာသော အနိဌာန်ရုံများကို ကြုံတွေ့ခဲ့ရပြီးနောက် လူတိုင်း၏ ရင်ထဲတွင် ငြိမ်းချမ်းသာယာသော ဘဝကို တောင့်တနေကြစမြဲ ဖြစ်သည်။
လင်းယွမ်က လှည့်မကြည့်ဘဲ တောင်ကြားထဲတွင် ခက်ခက်ခဲခဲ တည်ဆောက်ထားရသော ခိုလှုံရေးစခန်းကိုသာ စိုက်ကြည့်ရင်း ပြန်မေးလိုက်သည်။
"ဘာလို့ ရုတ်တရက်ကြီး အဲ့ဒီလို တွေးမိတာလဲ"
ထူလုံ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် တိုးတိုးလေး ဖြေလိုက်သည်။
"အရင်တုန်းက ကျုပ် ခင်ဗျားကို တကယ် အသိအမှတ် မပြုခဲ့တာ ဝန်ခံပါတယ်... ကျုပ်စိတ်ထဲမှာ ခင်ဗျားအပေါ် အငြိုးအတေးတွေ ရှိနေတုန်းပဲ... ကျုပ် ပိုင်ဆိုင်သမျှကို ခင်ဗျား လုယူသွားတယ်လို့ပဲ အမြဲ တွေးနေခဲ့တာ"
လင်းယွမ် အံ့သြမသွားပေ။ မည်သူမျှ သူတော်စင် မဟုတ်ကြ။ ဖုန်းဟွမ်ဘုရားကျောင်း၏ အုပ်ချုပ်မှုကို သူ ဝင်ရောက် ဖျက်ဆီးခဲ့သဖြင့် ထူလုံက ခေါင်းဆောင် ဖြစ်ခဲ့သူပီပီ သူ့ကို မမုန်းဘဲ နေမည်မဟုတ်။
လင်းယွမ်က ခေါင်းလှည့်ကြည့်လိုက်ပြီး စိတ်ဝင်တစား မေးလိုက်သည်။
"အခုတော့ အငြိုးအတေးတွေ မရှိတော့ဘူးပေါ့"
ထူလုံက ခါးသက်သက် ပြုံးလိုက်ပြီး ခေါင်းခါပြသည်။
"မရှိတော့ဘူးဆိုရင် လိမ်ရာကျမှာပေါ့... စိတ်ထဲမှာတော့ နည်းနည်း ခုနေတုန်းပဲ... ဒါပေမဲ့ ခင်ဗျား ဖန်တီးထားတဲ့ ခိုလှုံရေးစခန်းကို ကြည့်ပြီးတော့... အရင်တုန်းက ကျုပ်နောက်လိုက်တွေဖြစ်တဲ့ ကျိဖုန်း၊ ဝမ်ရှောင်၊ ဟန်ပန်းတို့ နေခဲ့ရတဲ့ ဘဝတွေကို ပြန်စဉ်းစားကြည့်လိုက်တော့မှ ကျုပ်ရဲ့နေရာက ခိုလှုံရေးစခန်းလို့ ခေါ်ဖို့တောင် မတန်ဘူးဆိုတာ နားလည်လာတယ်"
"ခင်ဗျား လုပ်ထားတာက ကျုပ်ထက် အဆပေါင်းရာချီ ပိုကောင်းပါတယ်... အရင်တုန်းက သူတို့ ကျုပ်နောက်လိုက်ပြီး ဖုန်းဟွမ်ဘုရားကျောင်းမှာ နေတုန်းကဆိုရင် ပြုံးရယ်တဲ့သူတောင် သိပ်မရှိဘူး... အခုလိုမျိုး ရင်ထဲကလာတဲ့ အပြုံးမျိုးဆို ပိုလို့တောင် မရှိသေးတယ်"
"ကျုပ်နဲ့နေတုန်းက သူတို့မျက်နှာတွေက အမြဲတမ်း ညှိုးငယ်နေကြတာ... ဒီတစ်နပ် စားပြီးရင် နောက်တစ်နပ် စားရပါ့မလားဆိုပြီး အမြဲ ပူပန်နေကြရတာ"
"ကျုပ် ခုနကပဲ ကိစ္စတစ်ခုကို သဘောပေါက်သွားတယ်... ခင်ဗျားသာ ကျုပ်ကို ထိပ်တိုက်ရင်ဆိုင်ပြီး မတိုက်ခိုက်ခဲ့ရင်တောင် အခု ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ အခြေအနေကို ကြည့်ရင် ကျုပ်လူတွေက နောက်ဆုံးကျရင် ခင်ဗျားဆီပဲ ရောက်လာကြမယ့်ပုံပဲ"
"ဒါကြောင့် ခင်ဗျား ကျုပ်ကို အနိုင်ယူပြီး ကျုပ်လူတွေကို သိမ်းသွင်းလိုက်တာကို အဆိုးမမြင်နိုင်တော့ဘူး"
ထူလုံ ပြုံးလိုက်သည်။ ယခုတစ်ကြိမ် အပြုံးက ဟန်ဆောင်ပြုံး မဟုတ်ဘဲ ရင်ထဲမှ လာသော အပြုံးစစ်စစ် ဖြစ်သည်။
သူက ရယ်မောရင်း ဆက်ပြောသည်။
"အရင်တုန်းက ဖြတ်သန်းခဲ့ရတဲ့ ဘဝက တကယ့်ကို အဓိပ္ပာယ် မရှိဘူးလို့ ခံစားမိတယ်ဗျာ... လူအင်အား ရာဂဏန်းလောက်လေးနဲ့ အချင်းချင်း အကောက်ကြံနေကြတာ... စားစရာ သောက်စရာတောင် မလုံလောက်ဘဲနဲ့ ဘုရားကျောင်းလေး တစ်ဆောင်ကို ရတနာလို သဘောထားပြီး နယ်မြေလုခံရမှာ ကြောက်နေခဲ့ရတာ"
"အခု သူတို့တွေ ပျော်ပျော်ရွှင်ရွှင် ရယ်မောနေကြတာ မြင်ရတော့ အားလုံးက ကမ္ဘာမပျက်ခင်တုန်းကလို ပြန်ဖြစ်သွားသလိုပဲ... အားလုံး ပျော်ပျော်ရွှင်ရွှင် ရှင်သန်နေကြတယ်... အချင်းချင်း တွေ့ရင် အကောက်ကြံဖို့ မစဉ်းစားကြတော့ဘူး... စားစရာလေး တစ်လုပ်စာအတွက်နဲ့ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ဖို့ မကြိုးစားကြတော့ဘူး"
"အခုဆို လူတွေ အချင်းချင်းတွေ့ရင် နှုတ်ဆက်ကြတယ်... အတူတူ ငါးဖမ်းထွက်ကြတယ်... အမဲလိုက်ကြတယ်... အတူတူ စိုက်ပျိုးမွေးမြူကြတယ်... ကျုပ် အခုလို အခြေအနေကို အရမ်း သဘောကျတယ်ဗျာ"
"ကိုလင်းယွမ်... ကျုပ် ထူလုံက လူကြမ်းတစ်ယောက်ပါ... လူဆိုးတစ်ယောက်လည်း ဖြစ်ဖူးတယ်... လူသတ်ပြီး စားစရာ လုတာတွေလည်း လုပ်ခဲ့ဖူးတယ်... ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် ကျုပ်လည်း အဲဒီလို ဘဝမျိုးနဲ့ မနေချင်ပါဘူးဗျာ... ခင်ဗျား ယုံလား"
လင်းယွမ်က လှည့်ကြည့်လိုက်သည်။
ထူလုံကလည်း သူ့ကို ပြန်ကြည့်နေပြီး မျက်ဝန်းထဲတွင် ရိုးသားမှုများ ပေါ်လွင်နေသည်။
လင်းယွမ် ရုတ်တရက် ရယ်မောလိုက်ပြီး...
"ကျွန်တော် ယုံပါတယ်"
ထူလုံ ကြောင်သွားသည်။
လင်းယွမ်က သက်ပြင်းချရင်း ပြောလိုက်သည်။
"ပညာကောင်းကောင်း သင်ခဲ့ဖူးတဲ့သူတွေ၊ ကိုယ်ကျင့်တရား စံနှုန်း ရှိခဲ့ဖူးတဲ့ သူတွေထဲမှာ ဘယ်သူကများ မွေးရာပါ လူယုတ်မာ ဖြစ်ချင်ကြမှာလဲ"
"ကောင်းကောင်းမွန်မွန် နေလို့ရမယ်ဆိုရင် ဘယ်သူကများ အချင်းချင်း အကောက်ကြံ၊ သံသယတွေနဲ့ စောင့်ကြည့်နေရတဲ့ ဘဝမျိုးမှာ နေချင်ပါ့မလဲ"
"ဘယ်သူကများ မပျော်ချင်ဘဲ နေမလဲ"
ထူလုံလည်း သက်ပြင်းချလိုက်မိသည်။
"ဟုတ်ပါတယ်... ဒါပေမဲ့ အခုလို ကမ္ဘာကြီးမှာ အဲဒီလို ဘဝမျိုး ရဖို့ဆိုတာ တကယ့်ကို အိပ်မက်တစ်ခုလို ဖြစ်နေပြီလေ"
"ဒါပေမဲ့"
သူက လင်းယွမ်ကို ကြည့်လိုက်ပြီး...
"ဒါပေမဲ့ ခင်ဗျားက လူတွေကို အခုလို ခိုလှုံရေးစခန်းမျိုး ပေးနိုင်ခဲ့တယ်... လူတွေကို အဲဒီလို ဘဝမျိုး ပြန်ရအောင် လုပ်ပေးနိုင်ခဲ့တယ်"
"ကျုပ်... အခုလို နေ့ရက်တွေကို ပိုပြီး ကြာကြာရှိစေချင်တယ်"
လင်းယွမ် ပြုံးလိုက်ပြီး ထူလုံကို ပြောလိုက်သည်။
"ဒါဆိုရင်တော့... ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ အဖွဲ့ဝင်အသစ်ကို ကြိုဆိုပါတယ်"
ထူလုံလည်း ချက်ချင်း ပြုံးလိုက်မိသည်။
"ဒါပေမဲ့ ခင်ဗျားရဲ့ ကင်းထောက်အလုပ်ကိုတော့ ဆက်လုပ်ရလိမ့်မယ်"
လင်းယွမ်က ရုတ်တရက် ပြောလိုက်သည်။
"ခိုလှုံရေးစခန်း တစ်ခုလုံးမှာ ခင်ဗျားတစ်ယောက်ပဲ ပျံသန်းနိုင်တဲ့ အစွမ်းရှိတာ... အနီးအနားမှာ အသက်ရှင် ကျန်ရစ်သူတွေ ရှိသေးလားဆိုတာ ခင်ဗျား သွားကြည့်ပေးဖို့ လိုတယ်"
"တကယ်လို့ ရှိခဲ့ရင် ဘယ်လိုလူစားတွေလဲဆိုတာ ကြည့်ခဲ့... စိတ်ချရတဲ့ လူတွေဆိုရင် ထိုက်ယန်တောင်ကို ခေါ်လာခဲ့လို့ ရတယ်"
ထူလုံ မနေနိုင်ဘဲ မေးလိုက်သည်။
"ခင်ဗျား လူထပ်လက်ခံဦးမလို့လား"
"ထိုက်ယန်တောင်က အကျယ်ကြီးလေ... အခုမှ လူတစ်ထောင်ကျော်လေးပဲ ရှိသေးတာ... လူအများကြီး ထပ်လက်ခံလို့ ရပါသေးတယ်"
"ဒါပေမဲ့ ခင်ဗျား စဉ်းစားမိလား... ထိုက်ယန်တောင်မှာ အသားက အကန့်အသတ်နဲ့ ရှိတာလေ... လူများလာရင် သန္ဓေပြောင်း သတ္တဝါတွေ နည်းသွားမှာပေါ့"
"ခင်ဗျားပြောတာ မှားနေပြီ... တောထဲက သန္ဓေပြောင်း သတ္တဝါတွေ နည်းသွားမှာကို ပြောတာမလား... ကျွန်တော်တို့ လုပ်ရမှာက စားလို့မရတဲ့ သန္ဓေပြောင်း သတ္တဝါတွေကို မောင်းထုတ်ပြီး အသားအရည်အသွေး ကောင်းမွန်တဲ့၊ ကြီးထွားနှုန်း မြန်တဲ့ အကောင်တွေကို အကြီးအကျယ် မွေးမြူရမှာ"
"သန္ဓေပြောင်း သတ္တဝါ အရေအတွက်ကတော့ များလာဖို့ပဲ ရှိတယ်... ကျွန်တော် လိုချင်တာက အဲဒီအကောင်တွေ အကုန်လုံး ကျွန်တော်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေဖို့ပဲ... ရေတက်လာတိုင်း ကျွန်တော်တို့ လူသားတွေချည်းပဲ ဂူအောင်းနေရပြီး သန္ဓေပြောင်း သတ္တဝါတွေ စိတ်ကြိုက် သောင်းကျန်းနေတာမျိုး မဖြစ်စေချင်ဘူး"
ထူလုံ သဘောပေါက်သွားပြီး လင်းယွမ်၏ အကြံအစည်ကို နားလည်လာသည်။
ဒီလူက ထိုက်ယန်တောင် တစ်ခုလုံးကို ခိုလှုံရေးစခန်းကြီးအဖြစ် တကယ် ပြောင်းလဲပစ်တော့မည့်ပုံပင်။
ထိုက်ယန်တောင်ပေါ်ရှိ သန္ဓေပြောင်း သတ္တဝါများကို မောင်းထုတ်ပြီး စားသုံး၍ရသော တန်ဖိုးရှိသည့် သတ္တဝါများကိုသာ ချန်ထားပြီး မွေးမြူမည်တဲ့လား။
အမှန်အတိုင်း ပြောရရင် အရင်တုန်းက သူ ဒီလိုမျိုး တစ်ခါမှ မတွေးဖူးခဲ့ပေ။
ဘာလို့လဲဆိုတော့ သူ မတွေးရဲခဲ့လို့ ဖြစ်သည်။ ထိုက်ယန်တောင် တစ်ခုလုံးတွင် သန္ဓေပြောင်း သတ္တဝါ ဘယ်လောက်များများ ရှိနေမလဲဆိုတာ မပြောနှင့်ဦး၊ ရွှေနက်မျောက်ဝံကြီး တစ်ကောင်တည်းကိုပင် သူ ယှဉ်နိုင်သည် မဟုတ်။
သို့သော် လင်းယွမ်က မတူပေ။ လင်းယွမ်က သူ့အစွမ်းနှင့် ရွှေနက်မျောက်ဝံကြီးကိုပင် ယဉ်ပါးအောင် လုပ်နိုင်ခဲ့သည်။
ဒီထိုက်ယန်တောင် တစ်ခုလုံးတွင် သူ့ကို ခြိမ်းခြောက်နိုင်သည့် သန္ဓေပြောင်း သတ္တဝါ ရှိပါဦးမည်လော။
ဒါကြောင့် သူက ထိုက်ယန်တောင် တစ်ခုလုံးကို သိမ်းပိုက်မည်ဟု ပြောနေခြင်းမှာ ကြွားလုံးထုတ်နေခြင်း မဟုတ်ပေ။
ခိုလှုံရေးစခန်းကို တစ်စုတစ်စည်းတည်း ဖြစ်စေရုံသာမက တောင်ပေါ်ရှိ သန္ဓေပြောင်း သတ္တဝါများကိုပါ သူ၏ အုပ်ချုပ်မှုအောက် ရောက်စေမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ထူလုံ တစ်ကိုယ်လုံး တက်ကြွ လန်းဆန်းလာသည်။ တကယ်လို့များ ဒီကိစ္စသာ အောင်မြင်သွားခဲ့ရင် ထိုက်ယန်တောင် တစ်ခုလုံးက ဧရာမ ခိုလှုံရေးစခန်းကြီး ဖြစ်လာပေလိမ့်မည်။
သူက ချက်ချင်း ခေါင်းငြိမ့်လိုက်ပြီး...
"ဒါဆို ကွက်တိပဲ... အသက်ရှင်ကျန်ရစ်သူ အဖွဲ့တချို့ ရှိနေတဲ့ နေရာတွေကို ကျုပ် သိထားတာ ရှိတယ်... သူတို့က အဖွဲ့ကောင်းလေးတွေပါ... သူတို့ တောင်ပေါ်တက်လာချင်လားဆိုတာ ကျုပ် သွားဆွေးနွေးကြည့်လိုက်မယ်"
လင်းယွမ်က ခေါင်းငြိမ့်ကာ...
"အဲဒီကိစ္စ ခင်ဗျားကိုပဲ အပ်လိုက်မယ်... သူတို့ မလာချင်ဘူးဆိုရင်လည်း အတင်း မခေါ်ပါနဲ့"
"နောက်တစ်ခုက ကျွန်တော် လူတွေ စုပြီးတော့ ထိုက်ယန်တောင်နဲ့ မိန်တောင် ကြားက ရေထဲမှာရှိတဲ့ သန္ဓေပြောင်း သတ္တဝါတွေကို ရှင်းလင်းဖို့ ပြင်ဆင်တော့မယ်"
ထူလုံ ပြန်စဉ်းစားကြည့်လိုက်သည်။ ထိုရေပြင်မှာ တောင်နှစ်လုံးကြားတွင် ရှိသည်။
အစောပိုင်း ကာလတုန်းက ထိုနေရာသည် ရေပြင်မဟုတ်ဘဲ တောင်နှစ်လုံးကြားမှ ချိုင့်ဝှမ်းနေရာသာ ဖြစ်သည်။
နောက်ပိုင်း ရေကြီးလာသောအခါ ထိုနေရာသည် လျင်မြန်စွာ ရေလွှမ်းမိုးခြင်း ခံလိုက်ရသည်။
ထိုက်ယန်တောင်နှင့် မိန်တောင်ကြားတွင် ထိုရေပြင်ကြီး ခြားသွားခဲ့ခြင်း ဖြစ်သည်။
တောင်နှစ်လုံးမှာ ကပ်လျက် တည်ရှိပြီး မျဉ်းဖြောင့် အကွာအဝေးအားဖြင့် မိုင်အနည်းငယ်သာ ကွာဝေးသည်။
သို့သော် ပြဿနာမှာ ထိုရေပြင်အောက်တွင် သန္ဓေပြောင်း သတ္တဝါ အမြောက်အမြား ပုန်းအောင်းနေခြင်းပင် ဖြစ်သည်။
သန္ဓေပြောင်း ငါးများသာမက ကုန်းနေရေနေ သတ္တဝါများဖြစ်သည့် သန္ဓေပြောင်း ဖားများ၊ ဖားပြုတ်များ၊ ရေပင့်ကူများ၊ သန္ဓေပြောင်း ပုတ်သင်ညိုများနှင့် မိကျောင်းများပါ ရှိနေသည်။
တကယ်တမ်း ပြောရလျှင် လင်ကျန်းမြို့တွင် မိကျောင်း ရှိစရာ အကြောင်းမရှိပေ။ သို့သော် ရေကြီးမှု ဖြစ်ပွားပြီးနောက် မြစ်ရေများ နောက်ပြန်စီးဝင်လာကာ ပင်လယ်သတ္တဝါများပင် ရေကြီးရေလျှံမှုထဲ ပါလာခဲ့သေးရာ မြစ်ချောင်းအင်းအိုင်များတွင် ကျက်စားသော မိကျောင်းများ ပါလာသည်မှာ မဆန်းတော့ပေ။
"ကိုလင်းယွမ်က မိန်တောင်ကို စိတ်ဝင်စားလို့လား"
လင်းယွမ် ခေါင်းအနည်းငယ် ခါလိုက်ပြီး...
"လောလောဆယ်တော့ စိတ်မဝင်စားသေးပါဘူး... ဒါပေမဲ့ ဆွေမျိုးတစ်ယောက်ကို သွားရှာချင်လို့ပါ... ပြီးတော့ ဟိုဘက်မှာလည်း ခိုလှုံရေးစခန်း ရှိနေရင် မိတ်ဖွဲ့ပြီး ပစ္စည်းချင်း ဖလှယ်တာမျိုး လုပ်လို့ရမလားလို့ပါ"
သူ မိန်တောင်ဘက်သို့ သွားချင်သည်မှာ ရန်မေ၏ မိဘများ ထိုနေရာတွင် ရှိနေနိုင်သောကြောင့် ဖြစ်သည်။
နောက်တစ်ချက်မှာ မိန်တောင်ဘက်တွင်လည်း ခိုလှုံရေးစခန်း အကြီးစား ရှိနေပါက ထိုနေရာမှ သန္ဓေပြောင်း သတ္တဝါများကို ဝယ်ယူနိုင်မည် ဖြစ်ပြီး အမှတ်ရနိုင်မည့် လမ်းကြောင်းတစ်ခု ထပ်တိုးလာမည် ဖြစ်သည်။
လက်ရှိတွင် မျိုးရိုးဗီဇမျိုးစေ့ ဆိုသည်မှာ ဘာလဲဆိုတာ နားမလည်သေးသလို ဆက်လက် အဆင့်မြှင့်တင်၍လည်း မရသေးသော်လည်း အမှတ်များကိုတော့ ဆက်လက် စုဆောင်းထားနိုင်သည်။
လင်းယွမ်က အနာဂတ် လိုအပ်ချက်များအတွက် အမှတ်များကို လက်မလွတ်တမ်း ဆက်လက် စုဆောင်းထားမည် ဖြစ်သည်။
"နောက်တစ်ခုက သင်္ဘောတည်ဆောက်တာနဲ့ပါတ်သတ်ပြီး ကျွမ်းကျင်တဲ့သူ ရှိမရှိ စုံစမ်းပေးပါဦး"
လင်းယွမ် ရုတ်တရက် သတိရပြီး ပြောလိုက်သည်။
ထူလုံက မေးလိုက်သည်။
"ခင်ဗျား သင်္ဘောဆောက်မလို့လား"
လင်းယွမ် ခေါင်းငြိမ့်လိုက်သည်။
"အင်း... ရေကြီးနေတော့ ဘယ်မှသွားလို့ မရဘူး... သင်္ဘော ဆောက်နိုင်မှ ခရီးဝေး သွားလို့ရမှာ... မဟုတ်ရင် ဒီတောင်ပေါ်မှာပဲ ထာဝရ ပိတ်မိနေလိမ့်မယ်"
"သင်္ဘောဆောက်ဖို့က မဖြစ်မနေ လုပ်ရမယ့် ကိစ္စပဲ"
မကြာမီ အအေးလှိုင်း ဝင်ရောက်လာပြီး ရေမျက်နှာပြင်များ ခဲသွားတော့မည် ဖြစ်သည်။
နောင်တွင် သင်္ဘောများဖြင့် သွားလာ၍ ရချင်မှ ရတော့မည် ဖြစ်သည်။
သို့သော် လင်းယွမ်က ထိုသို့ မတွေးပေ။ ဆောင်းရာသီ ကုန်လွန်ပြီး ရေခဲများ အရည်ပျော်သွားလျှင် ရေကြီးမှုကြီးက ရှိနေဦးမည် မဟုတ်ပါလား။
နောက်ထပ် မိုးရာသီ ရောက်လာပြီး မိုးသည်းထန်စွာ ထပ်မံ ရွာသွန်းပါက ထိုက်ယန်တောင်ပင် ရေမြုပ်သွားနိုင်သည်။
ထို့ကြောင့် သင်္ဘောတစ်စင်း ဆောက်လုပ်ထားရန်မှာ မဖြစ်မနေ လိုအပ်သည်။
အထူးသဖြင့် သင်္ဘောအကြီးစား တည်ဆောက်နိုင်ရန် လိုအပ်သည်။
သို့သော် ထိုကိစ္စအတွက် ကျွမ်းကျင်ပညာရှင်များ၏ လမ်းညွှန်မှု လိုအပ်ပြီး စက်ပစ္စည်းများနှင့် ဗဟုသုတများလည်း လိုအပ်ပေသည်။
နောက်ထပ် နည်းလမ်းတစ်ခုမှာ အမှတ်များ စုဆောင်းပြီး ကံစမ်းမဲဘီးမှ တိုက်ရိုက် လဲလှယ်ယူခြင်း ဖြစ်သည်။
သို့သော် အမှတ် အမြောက်အမြား ကုန်ကျနိုင်ပြီး မတန်ဟု လင်းယွမ် ခံစားရသည်။ ကိုယ့်ဘာသာ တည်ဆောက်နိုင်လျှင် ပိုကောင်းမည်။
သင်္ဘောဆောက်မည့် ပစ္စည်းများအတွက်မူ လွယ်ကူသည်။ စနစ်မှ ကံစမ်းမဲ နှိုက်ရာတွင် ကုန်ကြမ်းပစ္စည်းများ နှိုက်ယူခြင်းက သင်္ဘောတစ်စင်းလုံး နှိုက်ယူခြင်းထက် များစွာ သက်သာသည်။
ထိုစကားကို ကြားသောအခါ ထူလုံ ချက်ချင်း တစ်စုံတစ်ခုကို သတိရသွားပြီး ပြောလိုက်သည်။
"သင်္ဘောတည်ဆောက်တာ ကျွမ်းကျင်တဲ့သူတွေ ဘယ်မှာရှိလဲဆိုတာ ကျုပ် သိတယ်"
လင်းယွမ် အံ့သြသွားပြီး ထူလုံဘက်သို့ လှည့်ကြည့်လိုက်သည်။
"ခင်ဗျားက ဒီလိုလူမျိုးတွေကို သိတာလား"
"အဟ"
ထူလုံ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ လင်းယွမ် ဘာကြောင့် အံ့သြသွားသည်ကို သူ သိသည်။
သူက အိမ်ရာစီမံခန့်ခွဲရေးသမား၊ လူမိုက်စရိုက် ရှိသူတစ်ယောက် ဖြစ်ပြီး ပုံမှန်အားဖြင့် ထိုကဲ့သို့သော ပညာရှင်များနှင့် ပတ်သက်စရာ အကြောင်းမရှိပေ။
"ကျုပ်တူလေးက လင်ကျန်းတက္ကသိုလ် သင်္ဘောတည်ဆောက်ရေး မေဂျာကလေ... အရင်တုန်းက သူပြောဖူးတယ်... သူတို့ကျောင်းက သင်္ဘောတည်ဆောက်ရေး နည်းပညာက တော်တော် တိုးတက်တယ်တဲ့... ကျုပ်က မြစ်ကမ်းနားမြို့ဆိုတော့ သင်္ဘောတည်ဆောက်ရေး ကျွမ်းကျင်သူတွေ အများကြီး ရှိတယ်... အများစုက လင်ကျန်းတက္ကသိုလ်က မွေးထုတ်ပေးလိုက်တာချည်းပဲ"
"ဒီလို လူမျိုးတွေကို ရှာချင်ရင် လင်ကျန်းတက္ကသိုလ်ကို သွားကြည့်မှ ရမယ်လို့ ကျုပ် ထင်တယ်"
လင်းယွမ် မျက်မှောင်ကြုတ်လိုက်သည်။
"လင်ကျန်းတက္ကသိုလ်... ရေကြီးတုန်းက နွေရာသီ ကျောင်းပိတ်ရက် မဟုတ်ဘူးလား... ကျောင်းသားတွေ အိမ်မပြန်ကြဘူးလား"
"အဲဒါတော့ ကျုပ်လည်း မသိဘူး... လင်ကျန်းတက္ကသိုလ်က လူတွေကို မေးကြည့်မှ သိရလိမ့်မယ်"
လင်းယွမ်က တင်းယန်နှင့် ဆုန့်ဝမ်တို့ကို ချက်ချင်း သတိရသွားသည်။ တစ်ယောက်က ဆရာမ၊ တစ်ယောက်က လင်ကျန်းတက္ကသိုလ် ဆင်း အနုပညာကျောင်းသူ ဖြစ်သဖြင့် လင်ကျန်းတက္ကသိုလ် အကြောင်း အတော်များများ သိထားလောက်သည်။
ဆက်ရန်...