အခန်း (၂၆၇-၂၆၈)
Vol. 14 Ch. 267-268
အပိုင်း(၂၆၇) အဆိပ်ပြင်း သန္ဓေပြောင်းဖားပြုတ်ကြီး
လင်းယွမ်က ရေခဲမုန်တိုင်း လာတော့မည်ဟု ပြောလိုက်သည်နှင့် ကျောက်ခိုင်မျက်နှာပျက်သွားသည်။
ပြဿနာက ဘယ်နေရာမှာရှိနေမှန်း သူချက်ချင်း သဘောပေါက်လိုက်၏။
ရေခဲမုန်တိုင်းသာ ဝင်လာရင် သူလုပ်မယ့် အအေးခန်းသိုလှောင်ရုံ လုပ်ငန်းက ဘာအသုံးဝင်တော့မှာလဲ။
လူတိုင်းရဲ့ ပစ္စည်းတွေက အပြင်မှာထားရင်တောင် အေးခဲကုန်မှာမို့ အအေးခန်းထဲ ထည့်စရာ လိုဦးမလား။
ကျောက်ခိုင် မျက်နှာက ခါးသက်သက် ဖြစ်သွားပြီး မနေနိုင်ဘဲ ပြောလာသည်။
"ငါ ဘယ်လိုလုပ်ပြီး ဒါကို မေ့နေရတာပါလိမ့်"
တင်းယန်ကလည်း မရယ်ဘဲ မနေနိုင်တော့ပေ။
"ငါ့အမြင်ပြောရရင်... နင် တခြားနည်းလမ်း စဉ်းစားတာ ပိုကောင်းမယ်... ဒီအအေးခန်း ကိစ္စကတော့ နွေရာသီရောက်မှပဲ လုပ်တော့"
ကျောက်ခိုင်က ဆွံ့အသွားပြီး ပြန်ပြောသည်။
"ငါ ဆိုင်ခန်းတောင် ငှားပြီးသွားပြီ... အခု အအေးခန်းမလုပ်ရင် ဘာလုပ်ရမှန်းတောင် မသိတော့ဘူး"
တင်းယန်က အကြံပေးသည်။
"တစ်ဆင့် ပြန်ငှားလိုက်ပေါ့... အခု ငှားထားတာ တစ်လ အမှတ် (၁၀၀၀၀) ဆိုတော့ နင်မရှုံးပါဘူး... နောက်ဆို အဲဒီဘက်က ဆိုင်ခန်းတွေ ဈေးတက်လာမှာ"
ကျောက်ခိုင်က မကျေမနပ်ဖြစ်ကာ ပြောလာ၏။
"ကိုယ့်ဘာသာ တစ်ခုခုလုပ်ရတာကမှ ပိုအားရှိတာ... ပြီးတော့ ဖိန်ဖိန်ရဲ့အဖေက အသက်ကြီးနေပြီ... ငါတို့ သူ့ကို ကင်းလှည့်အဖွဲ့ထဲမှာ ဆက်ပြီး တာဝန်မထမ်းဆောင်စေချင်တော့ဘူး... ကိုယ်ပိုင်ဆိုင်လေး ဖွင့်နိုင်ရင် သူလည်း ခိုလှုံရေးစခန်းထဲမှာ စိတ်အေးလက်အေး နေလို့ရတာပေါ့... အပြင်ထွက် တာဝန်ထမ်းဆောင်စရာ မလိုတော့သလို မြစ်ထဲဆင်း ငါးဖမ်းစရာလည်း မလိုတော့ဘူး... ဒါဆို လုံခြုံရေးလည်း စိတ်ချရမယ်... အလုပ်လက်မဲ့လည်း မဖြစ်တော့ဘူးပေါ့"
တင်းယန်က ပခုံးတွန့်လိုက်သည်။
"ဒါဆိုရင်တော့ နင့်ဘာသာ ဆက်ပြီး ကြံဖန်ကြည့်ပေတော့... ငါ့မှာလည်း အကြံကောင်း မရှိဘူး"
ကျောက်ခိုင်က လင်းယွမ်ဘက် လှည့်ကြည့်ကာ မေးလိုက်သည်။
"အစ်ကိုလင်းရော... ဘယ်လိုထင်လဲ"
လင်းယွမ်က လမ်းလျှောက်ရင်း ပြောလိုက်၏။
"မင်း စီးပွားရေး လုပ်ချင်ရင် အရင်ဆုံး ကိုယ့်မှာ ရောင်းစရာ ဘာရှိလဲဆိုတာ သုံးသပ်ရမယ်... ဟူဝေမင်တို့ဆိုရင် ပေါက်စီလုပ်တဲ့ လက်ရာက ပြိုင်ဘက်ကင်းပဲ... ဒါကြောင့် သူတို့ ပေါက်စီဆိုင် ဖွင့်ပြီး ပင်ပင်ပန်းပန်းနဲ့ ပိုက်ဆံရှာလို့ရတယ်"
"ဦးလေးရန်က သင်္ကေတပညာရှင်မို့လို့ သင်္ကေတကျောက်တုံးဆိုင် ဖွင့်နိုင်တာ"
"မင်းတို့ကျတော့ရော"
ကျောက်ခိုင်က မနေနိုင်ဘဲ ဝင်ပြောသည်။
"ကျွန်တော်က ရေခဲပဲ လုပ်တတ်တာလေ... ဖိန်ဖိန်ကျတော့လည်း သူ့ရဲ့ စိတ်ဝိဉာဉ်ဝင်္ကပါ အစွမ်းက လက်တွေ့ ထုတ်ကုန် ထွက်လာတာမျိုးမှ မဟုတ်တာ"
လင်းယွမ်က ရယ်မောကာ ပြောလိုက်၏။
"နွေရာသီတုန်းကတော့ မင်းရဲ့ ရေခဲလုပ်နိုင်တဲ့ အစွမ်းက တန်ဖိုးရှိတာအမှန်ပဲ... ဒါပေမဲ့ ရေခဲမုန်တိုင်း ဝင်လာရင် ရေခဲတုံးတွေက နေရာတိုင်းမှာ ရှိနေတော့မှာ... အဲဒီကျရင် မင်းအစွမ်းက အဖိုးတန် မဟုတ်တော့ဘူး... ဒါကြောင့် မင်းရဲ့ ဒီလမ်းကြောင်းက ဖြစ်မှာမဟုတ်ဘူး"
ကျောက်ခိုင်မှာ မတတ်သာတော့ဘဲ ညည်းတွားလိုက်သည်။
"ဒါဆို တကယ်ပဲ ဆိုင်ခန်းကို ပြန်ငှားရတော့မှာလား"
လင်းယွမ်က ပြုံးလိုက်သည်။
"ငါ့ကို လာမမေးနဲ့... ငါသာ စီးပွားရေး ဉာဏ်ရှိရင် ရေဘေးကြီး မဖြစ်ခင်တုန်းက ဝန်ထမ်း လုပ်နေမှာ မဟုတ်ဘူး"
လူတိုင်းမှာ ကိုယ်ပိုင် အားသာချက်တွေ ရှိကြစမြဲပင်။ လင်းယွမ်က သူ့ကိုယ်သူ ကောင်းကောင်း သိသည်။
သူက စီးပွားရေးလုပ်ငန်းရှင် ပါရမီရှင် တစ်ယောက် မဟုတ်သလို စီးပွားရေး ခေါင်းနှောက်လည်း သိပ်မရှိလှပေ။
ဒါကြောင့် ကျောက်ခိုင်အတွက် ပိုက်ဆံရမယ့် စီးပွားရေးလမ်းကြောင်းတစ်ခု စဉ်းစားပေးဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်ချေ။
လင်းယွမ်က ထိုစကားပြောလိုက်ပြီးနောက် ကျောက်ခိုင်ကို သူ့ဘာသာ ခေါင်းခြောက်ခံ စဉ်းစားစေလိုက်ပြီး တင်းယန်ဘက် လှည့်ကာ မေးလိုက်သည်။
"တင်းယန်... နင် အရင်တုန်းက လင်ကျန်းတက္ကသိုလ်က ဆရာမလို့ ပြောဖူးတယ်မလား"
တင်းယန်က နားမလည်စွာဖြင့် ပြန်ဖြေ၏။
"အင်း... အရင်တုန်းက လင်ကျန်းတက္ကသိုလ် အင်ဂျင်နီယာဌာနက တွဲဖက်ပါမောက္ခလေ... ဘာဖြစ်လို့လဲ"
"ထူလုံက ငါ့ကို ပြောဖူးတယ်... နင်တို့ကျောင်းက သင်္ဘောတည်ဆောက်ရေး ဘာသာရပ်မှာ တော်တော် နာမည်ကြီးပြီး အရမ်းတော်တဲ့ ကျွမ်းကျင်ပညာရှင် ပါမောက္ခတချို့ ရှိတယ်ဆို"
တင်းယန်က ချက်ချင်း သဘောပေါက်သွားသည်။
"ရှင် သင်္ဘော ဆောက်ချင်လို့လား"
လင်းယွမ်က ခေါင်းညိတ်လိုက်၏။
"အင်း... လင်ကျန်းမြို့က ရေလွှမ်းမိုးနယ်မြေ ဖြစ်သွားပြီ... အရင်အတိုင်း ပြန်ဖြစ်လာဖို့ မဖြစ်နိုင်တော့ဘူး"
"ရေခဲမုန်တိုင်း ဝင်လာရင်တောင် ရေမျက်နှာပြင် ထပ်မမြင့်လာအောင် ထိန်းထားနိုင်ရုံပဲ ရှိမယ်လို့ ငါထင်တယ်... နောက်နှစ်ရောက်လို့ ရေခဲမုန်တိုင်း ဆုတ်ခွာပြီး မိုးရာသီ ပြန်ရောက်ရင် ရေထပ်တက်လာဦးမှာပဲ"
"ဒါကြောင့် သင်္ဘောဆောက်ဖို့က မဖြစ်မနေ လုပ်ရမယ့် ကိစ္စပဲ... ထိုက်ယန်တောင်မှာ သစ်တွေ အများကြီး ရှိနေတုန်း... ကုန်ကြမ်းတွေ ပြည့်စုံနေတုန်းမှာ စောစောစီးစီး စီမံကိန်းဆွဲထားတာ ပိုကောင်းမယ်"
"အခု ငါတို့ အလိုအပ်ဆုံးက ကျွမ်းကျင်ပညာရှင်တွေပဲ... သင်္ဘောဆောက်တယ်ဆိုတာ စီမံကိန်းကြီး တစ်ခုလေ... အထူးသဖြင့် သင်္ဘောကြီးတစ်စင်း ဆောက်မယ်ဆိုရင်ပေါ့"
"ကျွမ်းကျင်ပညာရှင်တွေရဲ့ လမ်းညွှန်မှုမရှိဘဲ လုံးဝ ပြီးမြောက်နိုင်မှာ မဟုတ်ဘူး"
တင်းယန်က ခေါင်းညိတ်လိုက်ပြီး သူမ၏ အမူအရာကလည်း လေးနက်သွားသည်။
လင်းယွမ်က အန္တရာယ်မရောက်ခင် ကြိုတင်ပြင်ဆင်တတ်သူ တစ်ယောက်ဖြစ်မှန်း သူမ ကောင်းကောင်း သိထားသည်။ ထိုအချက်ကိုလည်း သူမ သဘောကျ၏။
ဟိုအရင် မိုးတွေ အဆက်မပြတ် ရွာတုန်းကလည်း တိုက်ခန်းကနေ ထွက်ခွာပြီး ထိုက်ယန်တောင်ကို သွားဖို့ အစောဆုံး စီစဉ်ခဲ့သူက လင်းယွမ်ပင် ဖြစ်သည်။
လင်းယွမ်က ရေရှည်အမြင်ရှိသူ တစ်ယောက်ဆိုတာ သူမ အစကတည်းက သိထားပြီးသားဖြစ်သည်။
"လင်ကျန်းတက္ကသိုလ်ရဲ့ သင်္ဘောတည်ဆောက်ရေးဌာနက အင်ဂျင်နီယာဌာန နားမှာပဲ... မေဂျာ မတူပေမဲ့ ပါမောက္ခချင်းမို့ ခဏခဏ အစည်းအဝေးတွေမှာ တွေ့ဖူးတယ်"
"ကျွန်မသိသလောက်တော့ သင်္ဘောတည်ဆောက်ရေးဌာနမှာ ဦးဆောင်သူက ပါမောက္ခ လီဟန်ကျုံး ပဲ"
"သူဦးဆောင်တဲ့ အဖွဲ့က လျောင်နင်းလေယာဉ်တင်သင်္ဘော သုတေသနနဲ့ ဒီဇိုင်းပိုင်းမှာ ပါဝင်ခဲ့ဖူးတယ်လို့ ကြားတယ်... သင်္ဘော ဒီဇိုင်းနဲ့ လက်တွေ့ တည်ဆောက်ရေး အပိုင်းမှာ အတွေ့အကြုံ တော်တော် ရင့်ကျက်တဲ့သူပဲ"
"သူတို့အဖွဲ့က သင်္ဘောတည်ဆောက်ရေးတင် မကဘူး... ပစ္စည်းကိရိယာနဲ့ သိပ္ပံနည်းပညာ ပိုင်းမှာလည်း သုတေသန လုပ်ကြတယ်... အထူးကျောက်စပ်တွေ၊ စူပါဆေးသားတွေ အကြောင်းလည်း နှံ့စပ်တယ်"
"ဒါပေမဲ့ အဲဒီ လူကြီး အခု ဘယ်ရောက်နေလဲ မသိဘူး"
လင်းယွမ်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"သူ ကျောင်းမှာ ရှိနိုင်မလား"
"ပြောရခက်တယ်... အဲဒီတုန်းက ကျောင်းက နွေရာသီ ကျောင်းပိတ်ရက် ရောက်နေပြီလေ... ပြီးတော့ ပါမောက္ခတွေက ပုံမှန် ရုံးတက်တာမျိုး သိပ်မရှိဘူး... ကျောင်းမှာ မရှိဖို့ များတယ်" တင်းယန်က ခေါင်းခါရင်း ဖြေလိုက်သည်။
လင်းယွမ် မျက်မှောင်ကြုတ်သွား၏။ ဒီလို ပညာရှင်မျိုးက ရေဘေးမှာ သေဆုံးသွားပြီလား။
သို့သော် တင်းယန်က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။
"ဒါပေမဲ့ ပါမောက္ခ လီဟန်ကျုံးက ကျောင်းနားမှာ ကိုယ်ပိုင်အိမ် ရှိတယ်လို့ ကျွန်မကြားဖူးတယ်... ရေကြီးတုန်းက သူ အိမ်မှာ ရှိနေမလားတော့ မသိဘူး"
လင်းယွမ်က အလျင်အမြန် မေးလိုက်သည်။
"သူ ဘယ်မှာနေလဲ နင်သိလား"
တင်းယန်က ခေါင်းခါလိုက်၏။
"မသိဘူး... ကျွန်မက သူနဲ့ အစည်းအဝေးတွေမှာလောက်ပဲ မျက်မှန်းတန်းမိတာ... စကားတောင် သိပ်မပြောဖူးဘူး"
"သူ့လိပ်စာ သိချင်ရင်တော့ လင်ကျန်းတက္ကသိုလ်ဘက် သွားကြည့်မှ ရလိမ့်မယ်"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။
"ဒါဆို အခွင့်အရေးရရင် သွားကြည့်ရမယ်"
ကျောက်ခိုင်က မနေနိုင်ဘဲ ဝင်မေးသည်။
"အစ်ကိုလင်း... ဒါဆို ကျွန်တော်တို့ အခု ဘယ်သွားကြမလဲ"
"ထိုက်ယန်တောင် အနောက်ဘက်... သန္ဓေပြောင်းသတ္တဝါတွေ ပေါများနေတဲ့ ရေလွှမ်းမိုး တားမြစ်နယ်မြေကို သွားကြည့်မယ်"
"ရေလွှမ်းမိုး တားမြစ်နယ်မြေ" ကျောက်ခိုင် ကြောင်အသွားသည်။
တင်းယန်က ရှင်းပြလိုက်၏။
"ကျောက်တွင်းဧရိယာဘက်က အလုပ်သမားတွေ ထိုက်ယန်တောင်နဲ့ မိန်တောင်ကြားက ရေပြင်ကို ခေါ်တဲ့ နာမည်လေ"
"အဲဒီ ရေပြင်က တောင်နှစ်လုံးကြားမှာ ရှိပြီး ရေစီးက တော်တော်ငြိမ်တယ်... သန္ဓေပြောင်း သတ္တဝါ အများကြီး အဲဒီမှာ ခိုအောင်းနေကြတယ်... သန္ဓေပြောင်းဖားတွေ၊ သန္ဓေပြောင်း ရေပင့်ကူတွေ အများကြီးပဲ"
ကျောက်ခိုင် မျက်နှာက ချက်ချင်း လေးနက်သွားသည်။ အဲဒီရေပြင်အကြောင်း သူ မကြားဖူးပေမဲ့ သန္ဓေပြောင်းဖားတွေ အကြောင်းကိုတော့ သူ ကိုယ်တိုင် ကြုံဖူးသည်။
ဤကုန်းနေရေနေ သန္ဓေပြောင်း သတ္တဝါတွေက အလွန်ကြောက်စရာကောင်း၏။ အရင်တုန်းက သူနှင့် လင်းယွမ် တိုက်တွေကို ဖြတ်ပြီး ရန်ဆန်းမင်တို့ရှိသည့် တိုက်ကို သွားတုန်းက သန္ဓေပြောင်းဖားတွေ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရဖူးသည်။
သန္ဓေပြောင်းဖားတွေက တိုက်ပေါ်အထိတောင် လိုက်လာခဲ့တာမို့ သူ့စိတ်ထဲ စွဲထင်နေဆဲပင်။
"အစ်ကိုလင်း... အဲဒီ ရေပြင်ကို ဖြတ်မလို့လား"
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။
"ဒီရေပြင်ကို ရှင်းလင်းဖို့ လိုတယ်... မိန်တောင်ဘက်က အခြေအနေကို ငါသွားကြည့်ချင်တယ်"
"ဖြစ်နိုင်ရင် တောင်နှစ်လုံးကြား ဆက်သွယ်ရေး လမ်းကြောင်း ပြန်ဖောက်ပြီး ခိုလှုံရေးစခန်းက လူတွေရဲ့ လှုပ်ရှားနိုင်တဲ့ နယ်မြေကို ချဲ့ထွင်ချင်တယ်"
တင်းယန်က ပြောလိုက်၏။
"မိန်တောင်က အရင်တုန်းက ယန်မေ စိုက်ပျိုးရေး ခြံမြေလေ... ယန်မေပင်တွေ အများကြီး ရှိတယ်... အဲဒီ ယန်မေသီးတွေက သန္ဓေပြောင်း အသီးအနှံ ဖြစ်နေမလား မသိဘူး"
(ယန်မေသီး - တရုတ်ဘယ်ရီသီး)
တင်းယန် ဆိုလိုချင်တာက အဲဒီဘက်မှာ သန္ဓေပြောင်း အသီးအနှံတွေ များနေလျှင် အစွမ်းပိုင်ရှင်တွေ အများကြီး ပေါ်ပေါက်လာနိုင်သည် ဆိုတာပင်။
အစွမ်းပိုင်ရှင် များတယ်ဆိုရင် မိန်တောင်ရဲ့ အင်အားကလည်း နည်းမည် မဟုတ်ပေ။
ဟိုဘက်က လူတွေက ကိုယ့်ဘက်ကလူတွေကို ကြိုဆိုချင်မှ ကြိုဆိုလိမ့်မည်။
လင်းယွမ်က ခေါင်းခါလိုက်သည်။
"ဟိုရောက်မှပဲ သိရမှာ... အခု ငါတို့ ထင်ကြေးပေးနေတာတွေက အလကားပဲ"
"ဒီနေ့တော့ အဲဒီရေပြင် အခြေအနေကို အရင်သွားကြည့်ကြမယ်... ကျောက်တွင်း အလုပ်သမားတွေ ပြောသလို တကယ်ပဲ အန္တရာယ် များမလားဆိုတာကိုပေါ့"
"ငါတို့ ဖြေရှင်းနိုင်မယ်ဆိုရင် နောက်ပိုင်းကျ တံတားထိုးတာမျိုး လုပ်လို့ရကောင်း ရနိုင်တယ်"
"မိန်တောင်က မသေးဘူး... အသက်ရှင်ကျန်ရစ်သူတွေလည်း မနည်းလောက်ဘူး... သူတို့နဲ့ ဆက်သွယ်ပြီး ပစ္စည်းဖလှယ်တာမျိုး လုပ်လို့ ရနိုင်တယ်"
တင်းယန်က မျက်မှောင်ကြုတ်လိုက်သည်။
"တကယ်တော့ ထိုက်ယန်တောင်က မသေးပါဘူး... ကျွန်မတို့ ကောင်းကောင်း စီမံနိုင်ရင် ကိုယ့်ဖာသာကိုယ် ရပ်တည်ဖို့ လုံလောက်ပါတယ်"
ကျောက်ခိုင်ကလည်း ထောက်ခံပြောဆိုသည်။
"ဟုတ်တယ်... ကျွန်တော်တို့ဆီမှာ လူတစ်ထောင်ကျော်ပဲ ရှိတာ... ထိုက်ယန်တောင်က အရမ်းကျယ်တော့ ကင်းတောင် နှံ့အောင် မလှည့်နိုင်ဘူး... မိန်တောင်ကို ဂရုစိုက်ဖို့ လိုလို့လား"
လင်းယွမ်က သက်ပြင်းချလိုက်၏။
"နောက်ပိုင်းကျရင် ထိုက်ယန်တောင်က လူတွေ ပိုပြီး လက်ခံဖို့ လိုလာလိမ့်မယ်... ပြီးတော့ ယန်မေရဲ့ မိဘတွေ မိန်တောင်မှာ ရှိနေလောက်တယ်"
ထိုစကားကို ကြားလိုက်သည်နှင့် တင်းယန်နဲ့ ကျောက်ခိုင်တို့ ချက်ချင်း သဘောပေါက်သွားကြသည်။
လင်းယွမ် မိန်တောင်ကို သွားချင်တာက ရန်မေရဲ့ မိဘတွေ သတင်းကို စုံစမ်းချင်လို့ပဲ ဖြစ်လောက်မည်။
နှစ်ယောက်သား ဘာမှ ထပ်မပြောကြတော့ဘဲ ခေါင်းညိတ်ကာ ရှေ့ဆက်လျှောက်လာခဲ့ကြသည်။
လမ်းတစ်လျှောက် လျှောက်လာကြရင်း မကြာခင် ကျောက်တွင်းဧရိယာကို ရောက်လာကြ၏။
သုံးယောက်သား လူလုံးထွက်မပြဘဲ ကျောက်တွင်းဧရိယာ အခြေအနေကို တိတ်တဆိတ် အကဲခတ်ကြည့်လိုက်သည်။
ယနေ့ ကျောက်တွင်း၌ တာဝန်ကျသူက ဟွမ်ဟန်၊ ရှီဟိုင်ကျူးတို့ ဦးဆောင်သည့် အဖွဲ့ဖြစ်သည်။
ကျောက်တွင်းဧရိယာက အတော်လေး စည်ကားနေသည်။ မူလက ကျောက်တွင်း ကျေးကျွန်တွေသာမက ခိုလှုံရေးစခန်း သုံးခုက လူတော်တော်များများလည်း ကျောက်တွင်းဘက်လာပြီး ကျောက်တူးနေကြသည်။
ဉာဏ်ကောင်း သူတချို့ကတော့ ကျောက်တွင်းနားမှာ ဆိုင်လေးတွေ ခင်းပြီး ဈေးရောင်းနေကြ၏။
လင်းယွမ်က ကျွမ်းရှုယွမ်၊ ကောကျဲ၊ ပိုင်ကျစ်လဲ့တို့ အနီးအနားတွင် ဈေးရောင်းနေသည်ကို လှမ်းမြင်လိုက်ရသည်။
ကျောက်တွင်း တစ်ခုလုံးက တက်ကြွလှုပ်ရှားပြီး အလုပ်ရှုပ်နေကြသည်။
သုံးယောက်သား တစ်ပတ်လောက် ပတ်ကြည့်လိုက်ပြီး ကင်းလှည့်အဖွဲ့တွေ အနိုင်ကျင့်တာ၊ အာဏာအလွဲသုံးစားလုပ်တာမျိုး မတွေ့ရတော့မှ စိတ်အေးသွားပြီး အနောက်ဘက်သို့ ဆက်ထွက်လာခဲ့ကြ၏။
အနောက်ဘက်သို့ ဆက်လျှောက်လာရင်း (၄) မိုင်လောက်အရောက်မှာတော့ တောင်အနေအထားက တဖြည်းဖြည်း နိမ့်ဆင်းသွားပြီး သူတို့ ကုန်းဆင်းလမ်း အတိုင်း လျှောက်လာခဲ့ကြသည်။
လင်းယွမ်က မြင့်မားတဲ့ နေရာတစ်ခုကို ရှာပြီး ခုန်တက်လိုက်သည်။
ကျောက်ခိုင်နဲ့ တင်းယန်တို့လည်း အလျင်အမြန် လိုက်တက်လာကြပြီး သုံးယောက်သား ကျောက်တုံးပေါ် ရပ်ကာ အနောက်ဘက်ကို လှမ်းမျှော်ကြည့်လိုက်ကြ၏။
ရေငွေ့တွေက တောင်တန်းတွေနှင့် ရေပြင်ပေါ်မှာ ဆိုင်းနေပြီး ကမ္ဘာမြေကြီးကို ပါးလွှာတဲ့ ပိုးသားစ တစ်စလို လွှမ်းခြုံထား၏။
မိုးရေတွေက ကမ္ဘာမြေကို ဆေးကြောနေပြီး အဝေးတစ်နေရာတွင် မြူခိုးတွေ ဝေဆာနေကာ ထင်းရှူးပင်စိမ်းတွေက လှိုင်းထနေသည်။
(၃) မိုင်လောက် အကွာတွင် ကန်ရေပြင် တစ်ခုကို လင်းယွမ် လှမ်းမြင်လိုက်ရ၏။
ကန်ရေပြင်၏ ဟိုဘက်အဝေးမှာတော့ အခြား တောင်စိမ်းတစ်လုံး ရှိနေသည်။
၎င်းက မိန်တောင်ပင်တည်း။
တောင်နှစ်လုံးကြားက ရေကန်သည် ရေပြင်အကျယ် (၂) မိုင်၊ (၃) မိုင်လောက် ရှိလောက်သည်။
တကယ်တော့ (၂) မိုင်၊ (၃) မိုင် ဆိုတာ သိပ်မကျယ်လှပေ။ အနည်းဆုံးတော့ လှမ်းကြည့်လိုက်ရင် သိပ်ဝေးပုံ မရ။
လင်းယွမ် ခန့်မှန်းကြည့်လိုက်သည်။ သူ၏ မီးစင်္ကြာ အစွမ်းနှင့် စိတ်စွမ်းအင် ပျံသန်းခြင်းကို ပေါင်းစပ်လိုက်လျှင် ဤအကွာအဝေးကို ကောင်းကောင်း ပျံသန်းသွားလို့ ရနိုင်လောက်သည်။
သူ့လက်ရှိ သန္ဓေပြောင်းစွမ်းအင် ပမာဏဖြင့်ဆိုလျှင် (၂) မိုင်၊ (၃) မိုင်လောက် ပျံသန်းဖို့က အသေးအဖွဲ ကိစ္စလေးသာ ဖြစ်၏။
"ကြည့်ရတာ သိပ်မဝေးဘူးပဲ" ကျောက်ခိုင်က မနေနိုင်ဘဲ ပြောလိုက်သည်။
တင်းယန်ကလည်း ဝင်ပြော၏။
"ဒီ (၂) မိုင်၊ (၃) မိုင်လောက်ရှိတဲ့ ရေကန်ထဲမှာ သန္ဓေပြောင်းသတ္တဝါ ဘယ်လောက် ရှိနိုင်မှာမို့လဲ"
လင်းယွမ်က ခေါင်းခါလိုက်ပြီး ပြောသည်။
"ပြောလို့မရဘူး... ဒီနေရာက ရေစီး အရမ်းငြိမ်တော့ သန္ဓေပြောင်းသတ္တဝါ အများစုက ဒီနေရာမှာ အသိုက်လုပ်နေထိုင်ကြဖို့ ရွေးချယ်ကြလိမ့်မယ်"
"အခြေအနေ အတိအကျကိုတော့ ရေစပ်နား သွားကြည့်မှ သိရမှာ"
ကျောက်ခိုင်က ခေါင်းညိတ်လိုက်သည်။
"ဒါဆို သွားကြည့်ကြတာပေါ့"
"သွားစို့" လင်းယွမ်က ခေါင်းညိတ်လိုက်၏။
လူတစ်စု ခုန်ဆင်းလိုက်ကြရင်း တင်းယန်က ပြောလိုက်သည်။
"ရှင်တို့ သတိထားမိလား... မိုးရွာတာ တကယ် နည်းလာတယ်"
ကျောက်ခိုင်ကလည်း ထောက်ခံသည်။
"ဟုတ်တယ်... အရင်တုန်းကဆို မိုးကြီးလေကြီး ရွာတာ... အခု မိုးရေက မနည်းပေမဲ့ သိသိသာသာကို ဖွဲဖွဲလေး ရွာလာတယ်"
ဖွဲဖွဲလေး ရွာလာတဲ့ မိုးရေက ပေါ့ပါးတဲ့ ခံစားမှုကို ပေးသည်။
မိုးကြီးလေကြီးဆိုရင် မျက်နှာကို လာရိုက်ခတ်တဲ့ လေးလံတဲ့ ခံစားချက်မျိုး ပေး၏။
အခုလို ပြောင်းလဲလာတာကို ကြည့်ရင် မိုးအရှိန် တကယ်ပဲ လျော့သွားပြီဆိုတာ သိသာသည်။
လင်းယွမ်က ပြောလိုက်၏။
"စစ်တပ်က သတင်းက တကယ်ဖြစ်လာဖို့ များတယ်... ဒီမိုးကြီးက တကယ်ပဲ တိတ်တော့မှာ"
"တိတ်သွားရင် ကောင်းတာပေါ့... တိတ်မှ နေရောင်ကို မြင်ရမှာ... နေလုံးကြီး ပုံစံ ဘယ်လိုလဲဆိုတာတောင် ကျွန်တော်မေ့ချင်နေပြီ" ကျောက်ခိုင်က ညည်းတွားလိုက်သည်။
တင်းယန်ကလည်း ပြောသည်။
"ဟုတ်တယ်... နေရောင်ခြည်ရဲ့ အနံ့လေးကို တကယ် လွမ်းနေပြီ"
နှစ်ယောက်သား ခံစားချက်တွေကို ဖွင့်ဟနေကြသည်။ လင်းယွမ်ကလည်း ပြောလိုက်၏။
"ဒါပေါ့... နေမပွင့်ရင် ဒီကမ္ဘာကြီး မှိုတက်တော့မယ်"
ရေငွေ့တွေ အရမ်းများလွန်းလို့ နေရာတော်တော်များများ မှိုတက်ကုန်ကြပြီ။
အရင်တုန်းက တိုက်တွေပေါ်မှာဆိုရင် လှေကားထစ် နေရာအများစုမှာ မှိုတွေ တက်နေတတ်သည်။
လူအသွားအလာ များတဲ့ နေရာလောက်မှာသာ မှိုနည်းနည်း သက်သာတာမျိုး ဖြစ်သည်။
အခု ထိုက်ယန်တောင်ကို ပြောင်းလာတော့ ကျောက်ဂူတွေက ခြောက်သွေ့သဖြင့် သက်သာသလို အိမ်တိုင်း မီးမွှေးကြတာမို့ အစိုဓာတ် သိပ်မများတော့ပေ။
သူတို့ စကားတပြောပြောနဲ့ လျှောက်လာကြရင်း...
ရုတ်တရက် လင်းယွမ် ခြေလှမ်း ရပ်တန့်လိုက်သည်။
တင်းယန်နဲ့ ကျောက်ခိုင်တို့လည်း အလျင်အမြန် ရပ်လိုက်ကြပြီး သတိဝီရိယ ရှိသွားကြ၏။
"ဘာဖြစ်လို့လဲ လင်းယွမ်"
"အခြေအနေ မကောင်းဘူးလား"
လင်းယွမ်က အဝေးက မြက်ခင်းပြင်ကို စိုက်ကြည့်ရင်း လေးနက်စွာ ပြောလိုက်သည်။
"အဲဒီမှာ... တစ်ခုခု ရှိတယ်"
တင်းယန်က စကားမပြောတော့ဘဲ အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ကာ ညာဘက်ခြေထောက်ဖြင့် ဝှေ့ယမ်း ကန်လိုက်သည်။
"ရွှပ်"
လခြမ်းပုံ အလင်းဓားသွား တစ်ခု အရှိန်ပြင်းပြင်းဖြင့် ပစ်ခတ်ထွက်သွား၏။
"ဝှစ်"
လခြမ်းဓားက လေကိုခွင်းပြီး အရှေ့က မြက်ခင်းတွေ၊ ချုံပုတ်တွေကို တဖြောင်းဖြောင်း ရိုက်ခတ် ဖြတ်တောက်သွားသည်။
ထို့နောက် မြက်ခင်းထဲတွင် ဝပ်နေသည့် အနက်ရောင်ဖားပြုတ်ကြီး တစ်ကောင်ကို မြင်လိုက်ရ၏။
အနက်ရောင်ဖားပြုတ်ကြီး၏ ကိုယ်ပေါ်တွင် ပြည်တည်နာလို အဖုအထစ်တွေ အများကြီး ရှိနေသည်။
မျက်လုံးတစ်စုံကို ကြီးမားသည့် မျက်အိတ်ကြီးတွေက အုပ်ထားပြီး လင်းယွမ်တို့ သုံးယောက်ကို သားကောင်ရှာဖွေသော အေးစက်စက် အကြည့်မျိုးဖြင့် ကြည့်နေ၏။
ဤသည်မှာ သန္ဓေပြောင်း ဖားအမျိုးအစား မဟုတ်ဘဲ၊ သန္ဓေပြောင်း ဖားပြုတ် (သို့မဟုတ်) ဖားပြုတ်ကြီး အမျိုးအစား ဖြစ်ပုံရသည်။
"ဘုန်း"
လခြမ်းဓားက ဖားပြုတ်နက်ကြီးကို ထိမှန်သွားပြီး ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။
ဖားပြုတ်နက်ကြီး၏ တစ်ကိုယ်လုံးက အရေပြားတွေ တုန်ခါသွားပြီး ရေလှိုင်းလိုမျိုး လှုပ်ခါသွား၏။
လခြမ်းဓားက အရေပြားတွင် တစ်ချက် တွဲခိုသွားပြီးနောက် ဘေးဘက်သို့ လျှောကျသွားသည်။
"ဝုန်း"
လခြမ်းဓားက မလှမ်းမကမ်း မြေပြင်ပေါ် ကျရောက်သွားပြီး ပေါက်ကွဲသွားရာ မြေပြင်ပေါ်က ပေါင်းပင်တွေကို ရှင်းလင်းသွားစေရုံသာမက ပေါက်ကွဲမှု အရှိန်အဝါကြောင့် ပတ်ဝန်းကျင်ကိုပါ ထိခိုက်ပျက်စီးသွားစေသည်။
လင်းယွမ် အံ့ဩသွားမိ၏။ တင်းယန်၏ လခြမ်းဓားက ပိုပြီး တိုးတက်လာပုံရသည်။
လခြမ်းဓား၏ ထက်ရှမှုအပြင် လေဖိအားအမြောက်လက်သီး၏ ပေါက်ကွဲနိုင်စွမ်းပါ ပါဝင်လာသည်။
"ဖားပြုတ်ပဲ"
တစ်ချက်တည်းနဲ့ အလုပ်မဖြစ်သည်ကို မြင်တော့ တင်းယန် မျက်နှာပျက်သွားပြီး အော်ပြောလိုက်သည်။
"ငါ စမ်းကြည့်မယ်"
ကျောက်ခိုင်က လက်ယားနေပြီဖြစ်ရာ ခြေလှမ်းကျဲဖြင့် လှမ်းထွက်လိုက်ပြီး အော်ပြောလိုက်သည်။
ထို့နောက် သူ့လက်နှစ်ဖက်ပေါ်မှာ ရေခဲမြူတွေ အလျင်အမြန် ပျံ့နှံ့သွား၏။
နောက်တစ်ခဏမှာတော့ သူက မြေကြီးကို အားကုန် ရိုက်ချလိုက်သည်။
"ဂျစ်... ဂျစ်... ဂျစ်"
မြေပြင်ပေါ်မှာ ရေခဲပြင်ကြီး တစ်ခု အလျင်အမြန် ပျံ့နှံ့သွားသည်။
လေထုထဲမှာလည်း ရေခဲပွင့်တွေ၊ ရေခဲစတွေ ပေါ်လာ၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် ဖားပြုတ်နက်ကြီး၏ အရှေ့ကို ရောက်သွားသည်။
ဖားပြုတ်နက်ကြီးကတော့ သူဝပ်နေသော ရေအိုင်ထဲကနေ ရွေ့မသွားပေ။
ဖောင်းကားနေသည့် သူ့မျက်လုံးအိတ်ကြီးတွေက ရုတ်တရက် ပြူးကျယ်လာသည်။
နောက်တစ်ခဏမှာတော့ သူ၏ ပါးစပ်ကြီးကို ဖြဲလိုက်၏။
"ဖူး"
ပါးစပ်ပွင့်သွားသည်နှင့် သူ့လည်ပင်းကြီးက ဖောင်းပွလာသည်။
သူ့ကျောကုန်းပေါ်က အနက်ရောင် အဖုအထစ်တွေမှတဆင့် မည်းနက်သော အလင်းရောင်တွေ ထွက်ပေါ်လာ၏။
နောက်တစ်ခဏမှာတော့ "ဖောက်" ခနဲ အသံနှင့်အတူ ကျောပေါ်က အဖုအထစ်တွေ ပွင့်ထွက်သွားပြီး အနက်ရောင် အဆိပ်ရည်တွေ အရှေ့ဘက် မြေပြင်ဆီ ပန်းထွက်လာသည်။
"ရှဲ ရှဲ ရှဲ"
အနက်ရောင် အဆိပ်ရည်တွေ မြေကြီးပေါ် ကျရောက်သွားတော့ တရှဲရှဲ အသံတွေ ထွက်ပေါ်လာပြီး စားပစ်လိုက်သည်။
မြေပြင်ပေါ်က ရေခဲပြင်တွေ ချက်ချင်း အရည်ပျော်ကျသွားပြီး ရေခဲမြူတွေလည်း အဆိပ်ရည်ကြောင့် ပိတ်ဆို့ခံလိုက်ရ၏။
ထိုအဆိပ်ရည်တွေက ကျောက်ခိုင်ဆီကိုတောင် ပြန်ပြီး လှမ်းပက်လာသေးသည်။
ကျောက်ခိုင် လန့်ဖျပ်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ ရေခဲချွန်တွေ ဖန်တီးပြီး ပစ်လွှတ်လိုက်သည်။
"ဖောက် ဖောက် ဖောက်"
ရေခဲချွန်တွေက ဖားပြုတ်နက်ကြီးဆီ တရစပ် ပျံသန်းသွားကြ၏။
ဖားပြုတ်နက်ကြီးက မျက်လုံးတစ်ချက် လှန်လိုက်ပြီး ပါးစပ်ဟကာ လျှာဖြင့် ရစ်ပတ်လိုက်သည်။
"ဘုန်း ဘုန်း ဘုန်း"
အသံအနည်းငယ် ထွက်ပေါ်လာပြီး ဝေဟင်တွင် အရိပ်မည်းများ ဖြတ်ပြေးသွားကာ ရေခဲချွန်သုံးချောင်း ပေါက်ကွဲပြီး ရေခဲမှုန်တွေအဖြစ် ပြောင်းလဲသွားသည်။
ကျောက်ခိုင် မျက်နှာ ရှုံ့မဲ့သွားပြီး ပြောလိုက်သည်။
"ဒီကွက်ပဲ လာနေပြန်ပြီ"
ဒီ ဖားတွေ၊ ဖားပြုတ်တွေလို သတ္တဝါတွေ၏ လျှာနှင့်ပတ်သည့် စွမ်းရည်က တကယ် ကြောက်စရာကောင်းသည်။
အရင်တုန်းက မိန်တုဥယျာဉ်မှာတုန်းက ဒီလျှာစွမ်းရည်ကို မြင်ဖူးခဲ့ပြီ။
အခု ထပ်တွေ့ရတော့ ကျောက်ခိုင်က သူ့စွမ်းရည် တိုးတက်လာပြီမို့ ဒီဖားပြုတ်ကောင်တွေကို အနိုင်ယူနိုင်မည်ဟု ထင်ခဲ့သော်လည်း ဒီကောင်တွေက တိုက်ပေါ်က သန္ဓေပြောင်းဖားတွေနှင့် မတူပြန်ပေ။
လျှာနှင့် ပတ်နိုင်ရုံတင်မက၊ ကျောကုန်းကနေ အဆိပ်ရည်တွေပါ ပန်းထုတ်နိုင်သေးသည်။
ဒါက တော်တော် ကိုင်တွယ်ရ ခက်ခဲစေသည်။ ထိလို့လည်း မရသလို၊ အဝေးက တိုက်ခိုက်လို့လည်း မရ။
သူ့ ရေခဲမြူတွေက တစ်ဖက်လူ၏ အဆိပ်ရည်ကို ခဲသွားအောင် မလုပ်နိုင်ပေ။
အဲဒီ အဆိပ်ရည်တွေက အားပြင်းသည့် စားနိုင်စွမ်းရှိပုံ ရသည်။
လင်းယွမ်က ပြောလိုက်၏။
"ငါလုပ်လိုက်မယ်"
သူက ကျောက်ခိုင်၏ ပခုံးကို ပုတ်လိုက်ပြီး စိတ်စွမ်းအင်ကို လှည့်ပတ်ကာ လေထဲတွင် မီးနဂါးအက သင်္ကေတကို အလျင်အမြန် ရေးဆွဲလိုက်သည်။
"ဝုန်း"
မီးလုံးကြီး တစ်လုံး လေထဲမှာ ရုတ်တရက် ပေါ်လာသည်။
တင်းယန်နှင့် ကျောက်ခိုင်တို့ ဘေးဘက်ကို လှည့်ကြည့်လိုက်ကြပြီး အံ့ဩမှင်သက်သွားကြ၏။
"သွား"
လင်းယွမ်က လက်ကို တွန်းထုတ်လိုက်ရာ ဝုန်းခနဲ အသံနှင့်အတူ မီးလုံးကြီးက မီးနဂါးအသွင် ပြောင်းလဲသွားပြီး လည်ပတ်ပျံသန်းကာ ဖားပြုတ်နက်ကြီးဆီ ဝင်စောင့်လိုက်သည်။
ဖားပြုတ်နက်ကြီး ထိတ်လန့်သွားပြီး ကိုယ်ပေါ်က အဆိပ်ရည်တွေကို ထပ်မံ ပန်းထုတ်လိုက်၏။
တရှဲရှဲ အသံတွေ ထွက်ပေါ်လာသော်လည်း ခဏအတွင်းမှာပင် မီးတောက်တွေက ဝါးမြိုပြီး ခြောက်သွေ့သွားစေသည်။
ထို့နောက် ဖားပြုတ်နက်ကြီးကို မီးတောက်တွေ ဝါးမြိုသွားတော့သည်။
နောက်ဆုံးတော့ သူလည်း ရေအိုင်ထဲတွင် မနေရဲတော့ဘဲ အလျင်အမြန် ခုန်ထွက်ပြီး အဝေးက ပိုကြီးသည့် ရေကန်ထဲကို ခုန်ဝင်ဖို့ ကြိုးစားတော့သည်။
၎င်းက အကြိမ်အနည်းငယ် ခုန်လိုက်ရုံဖြင့် ရေကန်ကြီး အရှေ့ကို ရောက်သွား၏။
ပြီးနောက် ဗွမ်းခနဲ ရေကန်ထဲ ခုန်ဆင်းလိုက်သည်။
သို့သော် မီးတောက်တွေက မငြိမ်းသွားဘဲ မီးနဂါးအက က ပြင်းထန်စွာ ဆက်လက် လောင်ကျွမ်းနေ၏။
ရေကန်ထဲက ရေငွေ့တွေ အငွေ့ပျံကုန်ပြီး အပူချိန်ကလည်း မြင့်တက်လာသည်။
ဖားပြုတ်နက်ကြီးက အော်လည်း မအော်တတ်ဘဲ ပြင်းထန်စွာ ရုန်းကန်ပြီး လူးလိမ့်နေရှာသည်။
သို့သော် ဘာမှ မထူးခြားတော့ပေ။ မကြာခင်မှာပင် ရေကန်ထဲ၌ မီးသွေးတုံးမည်းမည်းကြီး တစ်တုံးသာ ကျန်ရှိပြီး မလှုပ်ရှားတော့ပေ။
ကျောက်ခိုင်က မနေနိုင်ဘဲ မေးလိုက်သည်။
"အစ်ကိုလင်း... ဘယ်တုန်းက မီးအစွမ်း သုံးတတ်သွားတာလဲ"
တင်းယန်ကလည်း အံ့ဩတကြီး မေး၏။
"လင်းယွမ်... ရှင်က ဟင်းလင်းပြင် အစွမ်းပိုင်ရှင် မဟုတ်ဘူးလား"
လင်းယွမ်က ရေကန်ဆီ လျှောက်သွားရင်း ပြောလိုက်သည်။
"စိတ်စွမ်းအင် (၂၅) မှတ် ရောက်သွားရင် သင်္ကေတ နည်းပညာကတစ်ဆင့် အစွမ်းတွေကို သင်ယူလို့ ရတယ်"
"ဒီအစွမ်းက သင်္ကေတအရိုးပေါ်က သင်္ကေတကို နားလည်သဘောပေါက်ပြီးနောက် ငါသင်ယူထားတာ"
ဒီအကြောင်း ပြောရင်းဖြင့် သူတစ်ခုခုကို သတိရသွားကာ မီးစင်္ကြာ နှင့် မီးနဂါးအက အရိုးတွေကို သူတို့နှစ်ယောက်ဆီ ပေးလိုက်သည်။
"ဒီနှစ်ခုကို တစ်ယောက် တစ်ခုယူပြီး အထဲက အစွမ်းကို လေ့လာလို့ ရမလား ကြိုးစားကြည့်ကြ"
"ကျောက်ခိုင်... မင်းကို ပေးတာက ငါခုနက သုံးလိုက်တဲ့ မီးနဂါးအက အစွမ်းပဲ... စိတ်စွမ်းအင်နဲ့ ဖော်ဆောင်မှ ရမှာ... မင်း စိတ်စွမ်းအင် (၂၅) မှတ် ပြည့်ခါနီးပြီလား... ပြန်ရောက်ရင် များများ လေ့ကျင့်ဦး"
"တင်းယန်... နင့်ဟာက အရင်တုန်းက နင်သတ်ခဲ့တဲ့ သန္ဓေပြောင်း တောဝက်ဆီက ရတဲ့ သင်္ကေတအရိုးပဲ... အဲဒီထဲကနေ မီးစင်္ကြာ ဆိုတဲ့ အစွမ်းတစ်ခု ငါသင်ယူနိုင်ခဲ့တယ်"
"ဒါပေမဲ့ ဒီအစွမ်းက မီးနဂါးအက နဲ့ မတူဘူး... လိုအပ်တာက စိတ်စွမ်းအင် မဟုတ်ဘဲ မြင့်မားတဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အလျင်ပဲ"
"နင့်ရဲ့ အစွမ်းသွင်းခြင်း အစွမ်းက ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစားထဲ ပါမယ်လို့ ငါထင်တယ်... ဒါကြောင့် သင်ယူနိုင်လောက်တယ်... မှတ်ထားနော်... အတင်းကြီး မလုပ်နဲ့"
နှစ်ယောက်သား အံ့ဩဝမ်းသာ ဖြစ်သွားကြပြီး သင်္ကေတအရိုးတွေကို အသီးသီး ယူလိုက်ကြသည်။
ကျောက်ခိုင်က ပြောလိုက်၏။
"ဒီသင်္ကေတအရိုးပေါ်က သင်္ကေတတွေက... တခြား အရည်အသွေး အစွမ်းတွေကို သင်ယူလို့ရနိုင်စေတာလား"
တင်းယန်ကလည်း မနေနိုင်ဘဲ ပြောသည်။
"အဲ့လိုသာဆိုရင် ကျွန်မတို့လည်း မီးအစွမ်းကို သင်ယူလို့ ရမှာပေါ့"
လင်းယွမ်က ခေါင်းခါလိုက်၏။
"မသေချာဘူး... ငါ့အတွေ့အကြုံအရတော့ နင်တို့သာ သင်္ကေတ အစွမ်းကို နားလည်သွားရင်တောင် ထွက်လာတဲ့ အစွမ်းက မီးအစွမ်း ဖြစ်ချင်မှ ဖြစ်မှာ... နင်တို့ရဲ့ မူလ အရည်အသွေးနဲ့ သက်ဆိုင်တဲ့ အစွမ်း ဖြစ်လာနိုင်တယ်"
"ကျောက်ခိုင် နားလည်သွားရင် မီးနဂါးအက မဟုတ်ဘဲ ရေခဲနဂါးအက ဖြစ်လာနိုင်တယ်"
"တင်းယန် နင့်ဟာကလည်း မီးစင်္ကြာ မဟုတ်ဘဲ တခြား ပေါက်ကွဲအားကောင်းတဲ့ အလျင်အစွမ်း ဖြစ်လာနိုင်တယ်"
"ဘာပဲဖြစ်ဖြစ် နင်တို့ စမ်းပြီး လေ့လာကြည့်ပေါ့"
နှစ်ယောက်သား ခေါင်းညိတ်လိုက်ကြသည်။ ကျောက်ခိုင်က စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။
"ဒါဆို အစ်ကိုလင်းကျတော့ ဘယ်လိုလုပ်ပြီး... မတူညီတဲ့ အရည်အသွေး အစွမ်းတွေကို သုံးနိုင်ရတာလဲ"
လင်းယွမ်က ပြုံးလိုက်ပြီး ပြန်မဖြေဘဲ ပြောလိုက်သည်။
"အစွမ်း မတူလို့ ဖြစ်မှာပေါ့... အကြောင်းရင်း အတိအကျကို ငါလည်း မသိဘူး... မင်း သင်္ကေတ အစွမ်းကို နားလည်သွားရင် သိလာမှာပါ"
"ကဲ... ဒါတွေ ထားလိုက်တော့... ဟိုရေကန်ထဲမှာ ဘာရှိလဲ သွားကြည့်ရအောင်... ဘာလို့ ဒီသန္ဓေပြောင်းဖားပြုတ်ကြီးက သေတာတောင် နေရာမရွှေ့ချင် ဖြစ်နေရတာလဲဆိုတာ"
ဆက်ရန်...
အပိုင်း (၂၆၈) ထိုက်ယန်တောင်၏ ရေလွှမ်းမိုး တားမြစ်နယ်မြေအား စူးစမ်းလေ့လာခြင်း
"အစ်ကိုလင်း... ဒီကို ခဏလာကြည့်ပါဦး"
ကျောက်ခိုင်က မူလ အဆိပ်ဖားပြုပ်ကြီး နေထိုင်ခဲ့သည့် ရေအိုင်ငယ်အနီးသို့ တိုးကပ်သွားလိုက်ရာ ချက်ချင်းပင် မျက်နှာပျက်သွားပြီး လင်းယွမ်ကို အလျင်အမြန် လှမ်းခေါ်လိုက်သည်။
လင်းယွမ်က တင်းယန်နှင့်အတူ အဆိပ်ဖားပြုပ်၏ အလောင်းကို ခွဲစိတ်စစ်ဆေးနေခြင်း ဖြစ်သည်။ ကျောက်ခိုင်၏ အော်ခေါ်သံကို ကြားလိုက်ရသဖြင့် သူက မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
လင်းယွမ်က ကိုယ်ကိုလှည့်ကာ လျှောက်လာလိုက်သည်။ ထိုရေအိုင်ငယ်ထဲတွင် လူ အရိုးစု အပိုင်းအစ အများအပြား ရှိနေသည်ကို တွေ့လိုက်ရ၏။
ထိုအရိုးစုများသည် အသားမရှိတော့ဘဲ အရိုးဖြူများ ဖြစ်နေကြပြီဖြစ်သည်။ ရေအိုင်ထဲတွင်မူ လက်သီးဆုပ် အရွယ်အစားခန့်ရှိသော အမဲရောင် ဖားလောင်းကောင်ရေ များစွာတို့ ပြည့်နှက်နေသည်။
ထိုဖားလောင်းကောင်များသည် တစ်ကိုယ်လုံး မဲနက်နေပြီး နှာခေါင်းနှင့် နားရွက်များ မပါရှိသော်လည်း ထက်ရှသော သွားများနှင့် ကြီးမားသော ပါးစပ်ပေါက်ကြီးများ ပါရှိကြသည်။
"တောက်... ဒီကောင်တွေက ဟိုအဆိပ်ဖားပြုပ်ကြီးရဲ့ သားပေါက်တွေ မဟုတ်လား" ကျောက်ခိုင်က မနေနိုင်ဘဲ ဆဲရေးလိုက်သည်။
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး
"ဖြစ်နိုင်တယ်... ဒီအဆိပ်ဖားပြုပ်က လမ်းသွားလမ်းလာ သတ္တဝါတွေကို ဖမ်းပြီး ဒီဖားလောင်းတွေကို အစာကျွေးနေတာ ဖြစ်မယ်"
"ဒီလူတွေကတော့ ကံဆိုးရှာပါတယ်... ဒီနားကို ဖြတ်သွားမိလို့ အဖမ်းခံလိုက်ရတာ နေမှာ"
ကျောက်ခိုင်က တွေးတောရင်း ပြောလိုက်သည်။
"ထူးဆန်းတယ်... ဒီလူတွေက ကျောက်တွင်းဧရိယာကနေ ထွက်ပြေးလာတဲ့သူတွေတော့ မဖြစ်နိုင်ဘူး... ထွက်ပြေးမယ်ဆိုရင်တောင် တခြားဘက်ကို ပြေးကြမှာပေါ့... ဒီအနောက်ဘက်ခြမ်းက နာမည်ကျော် တားမြစ်နယ်မြေလေ... ဒီကို ဘာလာလုပ်ကြမှာလဲ"
လင်းယွမ်က ခေါင်းခါလိုက်သည်။
"ကျောက်တွင်းဧရိယာက မဟုတ်လောက်ဘူး... အပြင်က ဝင်လာတဲ့သူတွေ ဖြစ်နိုင်သလို ဟိုဘက် မိန်တောင်ကနေ ကူးလာတဲ့သူတွေလည်း ဖြစ်နိုင်တယ်"
ကျောက်ခိုင်က ကြောင်အသွားသည်။
"မိန်တောင်က ကူးလာတာလား... မိန်တောင်မှာ ကောင်းကောင်းမနေဘဲ ဒီဘက်ကို ဘာကိစ္စနဲ့ ပြေးလာကြမှာလဲ"
လင်းယွမ်က ခေါင်းအသာခါရင်း ပြောလိုက်သည်။
"ဒါတွေက ငါတို့ ခန့်မှန်းချက်တွေပါ... အခြေအနေ အတိအကျကိုတော့ ပြောရခက်တယ်... အရင်ဆုံး ဒီဖားလောင်းကောင်တွေကို ရှင်းပစ်လိုက်ရအောင်... ဒီအကောင်တွေက တစ်ခါပေါက်ရင် တစ်အုပ်ကြီးပဲ... ကြီးလာရင် ဒုက္ခပေးမယ့် ကောင်တွေ"
ကျောက်ခိုင်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။
"ဒီဖားလောင်းတွေကို စားလို့ရမလား... အာဟာရတန်ဖိုး ရှိမလားတော့ မသိဘူး"
လင်းယွမ်က ပြန်ဖြေလိုက်သည်။
"ဒီကောင်တွေက လူသားစားထားတဲ့ အကောင်တွေ... စားလို့ရရင်တောင် မစားနဲ့တော့"
ကျောက်ခိုင်က အလျင်အမြန် ခေါင်းညိတ်ထောက်ခံလိုက်သည်။
"ကျွန်တော် ဆိုလိုတာက လူသားမစားရသေးတဲ့ ဖားလောင်းတွေလေ... စားလို့ရမလားလို့ပါ"
"ဒါတော့ ငါလည်းမသိဘူး"
လင်းယွမ်က မီးအစွမ်းကို ထုတ်သုံးလိုက်ပြီး ရေအိုင်ကို ခြောက်ကပ်သွားအောင် ရှို့ပစ်လိုက်သည်။ အတွင်းရှိ ဖားလောင်းကောင် အားလုံးကိုပါ မီးလောင်တိုက်သွင်းလိုက်၏။
ရေအိုင်ထဲမှ အသားကင်နံ့သင်းသင်း ထွက်ပေါ်လာသည်။
အနံ့က ဆွဲဆောင်မှု ရှိသည်ဟု ဆိုရမည်။ ကျောက်ခိုင်က လျှာကို သပ်လိုက်မိသော်လည်း ရေအိုင်ထဲမှ ဆွဲထုတ်ထားသော လူသားအရိုးစုများကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် ပျို့အန်ချင်စိတ် ဖြစ်သွားရသည်။
ထိုအချိန်တွင် တင်းယန်ဘက်မှလည်း အဆိပ်ဖားပြုပ်အလောင်းကို ခွဲစိတ်စစ်ဆေးပြီးသွားပြီ ဖြစ်သည်။ သူမက လှမ်းအော်ပြောလိုက်သည်။
"သင်္ကေတအရိုး မတွေ့ဘူး"
လင်းယွမ်က မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။
"သွားကြစို့... ဒီနေရာက မြစ်ကမ်းနဲ့ မဝေးတော့ဘူး ထင်တယ်... ဒါကြောင့်လည်း ဒီအဆိပ်ဖားပြုပ်နဲ့ တွေ့ရတာ"
"နေဦး... အစ်ကိုလင်း... ဒီမှာ ကျောပိုးအိတ်တစ်လုံး တွေ့တယ်"
ရုတ်တရက် ကျောက်ခိုင်က လှမ်းအော်လိုက်သည်။ သူက အနီးရှိ မြက်ခင်းတောထဲမှ ရွှံ့များပေကျံနေသော ကျောပိုးအိတ်တစ်လုံးကို ရှာတွေ့လိုက်ခြင်း ဖြစ်သည်။
လင်းယွမ်က လျှောက်လာပြီး ပြောလိုက်သည်။
"ဒီအရိုးစုတွေရဲ့ ပိုင်ရှင် ဖြစ်လောက်တယ်"
ကျောက်ခိုင်က ကျောပိုးအိတ်ကို ဖွင့်ကာ မွှေနှောက်ကြည့်လိုက်ရာ ရေအချို့၊ မုန့်ပဲသရေစာများနှင့် မီးခြစ်စသည့် ပစ္စည်းများကို တွေ့လိုက်ရသည်။
သူက ပစ္စည်းအားလုံးကို သိမ်းဆည်းလိုက်ပြီးနောက် အိတ်ထဲမှ မှတ်တမ်းစာအုပ်တစ်အုပ်ကို တွေ့ရှိလိုက်သည်။
သူက မှတ်တမ်းစာအုပ်ကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။
"ဟောဗျာ... နေ့စဉ်မှတ်တမ်း ရေးတဲ့သူနဲ့ လာတိုးနေတာပဲ"
ကျောပိုးအိတ်၏ ရေစိုခံနိုင်စွမ်း ကောင်းမွန်မှုကြောင့် မှတ်တမ်းစာအုပ်မှာ ရေသိပ်မဝင်ဘဲ ရှိနေသည်။
စာအုပ်ကို ဖွင့်လိုက်သည့်အခါ ပန်းရောင် ကာတွန်းရုပ်ပုံပါသော ဘောပင်လေးတစ်ချောင်း ပြုတ်ကျလာသည်။
ကျောက်ခိုင်က ဤသည်မှာ မိန်းကလေးတစ်ယောက်၏ စာအုပ်ဖြစ်ရမည်ဟု ချက်ချင်း တွေးမိလိုက်သည်။
သူက စာအုပ်ကို လှန်လိုက်ရာ သပ်ရပ်လှပသော လက်ရေးလုံးလေးများကို တွေ့လိုက်ရသည်။ စာလုံးတစ်လုံးချင်းစီက သေသပ်ရှင်းလင်းသော အရေးအသားပုံစံကို ဖော်ပြနေသည်။
"ဇွန်လ (၃၁) ရက်၊ မိုးသည်းထန်စွာ ရွာသွန်း"
"အစ်ကိုရှင်းယန်... ညီမနဲ့ ဖေဖေမေမေတို့ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီ... အစ်ကို နေကောင်းရဲ့လား... ညီမတို့ အခု မိန်တောင်ပေါ်ကို ရောက်နေပြီ... ရေကြီးတာက ညီမတို့အိမ်ကို မြုပ်လုနီးပါး ဖြစ်နေပြီ... ညီမတို့မှာ သွားစရာနေရာ မရှိတော့ဘူး... တောင်ပေါ်ကိုပဲ တက်ခဲ့ရတော့တယ်"
"ဇူလိုင်လ (၁) ရက်၊ မိုးသည်းထန်စွာ ရွာသွန်း... ဒီမိုးကြီးက ဘယ်တော့မှ ရပ်မလဲ မသိဘူး... ညီမတို့ ဂူတစ်ဂူကို ရှာတွေ့တယ်... ဒါပေမဲ့ အထဲမှာ လူတွေ ရှိနှင့်နေကြတယ်... အဲ့ဒီလူကို ဖေဖေက သိတယ်တဲ့... နာမည်က ရန်ထုန်စန်း တဲ့... ဖေဖေက သူ့ကို သတိထားပြီး ဆက်ဆံနေရတယ်... ဖေဖေက ညီမကို သူ့ကို ဦးလေးစန်း လို့ ခေါ်ခိုင်းတယ်... ညီမကို ကြည့်တဲ့ သူ့အကြည့်တွေကို ညီမ မုန်းတယ်"
"ဇူလိုင်လ (၄) ရက်၊ မိုးသည်းထန်စွာ ရွာသွန်း... အစ်ကိုရှင်းယန်... အစ်ကို ဘယ်ရောက်နေတာလဲ... မိန်တောင်ကို လိုက်လာပြီး ညီမကို ရှာမယ်လို့ အစ်ကို ပြောခဲ့ဖူးတယ်နော်... ညီမ အစ်ကို့ကို အရမ်းလွမ်းတာပဲ... ဦးလေးစန်းက ဖေဖေနဲ့အတူ အစာရှာထွက်သွားကြတယ်... ဘာလို့လဲမသိဘူး... ဒီနေ့ သူ စောစောပြန်ရောက်လာပြီး ညီမကို ရက်ရက်ရောရောပဲ အစားအသောက်တွေ ဝေပေးတယ်"
"ဇူလိုင်လ (၈) ရက်၊ မိုးသည်းထန်စွာ ရွာသွန်း... ဒီကမ္ဘာကြီးမှာ အစ်ကိုကလွဲရင် တွယ်တာစရာ ဘာမှမရှိတော့ဘူးလို့ ညီမ ထင်တယ်"
"ဇူလိုင်လ (၂၁) ရက်... ညီမ သူ့ကို သတ်လိုက်ပြီ... အဲ့ဒီလူယုတ်မာကောင်... ဒါပေမဲ့ ဖေဖေကလေ... ဖေဖေက ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး"
"သြဂုတ်လ (၃) ရက်၊ မိုးသည်းထန်စွာ ရွာသွန်း... အစ်ကိုရှင်းယန်... ညီမ ပင်ပန်းလှပြီ... သူများတွေ လက်ထဲ အရောင်းစားခံရတဲ့ ဘဝမျိုးနဲ့ ဆက်မရှင်သန်ချင်တော့ဘူး... မေမေက ပြောတယ်... အစွမ်းနိုးထလာအောင် လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုကို သူသိထားတယ်တဲ့... တကယ်လို့များ... ညီမသာ အစွမ်းနိုးထလာခဲ့ရင် အစ်ကို့ကို လာရှာနိုင်မယ် ထင်ပါရဲ့"
"သြဂုတ်လ (၁၀) ရက်၊ မိုးသည်းထန်စွာ ရွာသွန်း... အစ်ကိုရှင်းယန်... ညီမ အစွမ်းနိုးလာပြီ... ညီမ ရေအစွမ်း နိုးထလာခဲ့ပြီ... ရေထဲမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီ... နောက်ဆို ဒီရေဘေးကြီးက ညီမကို ပိတ်လှောင်မထားနိုင်တော့ဘူး... ဒါပေမဲ့... ဒါပေမဲ့ မေမေ... မေမေ ဆုံးသွားပြီ... ညီမမှာ မေမေ မရှိတော့ဘူး"
"စက်တင်ဘာလ (၁၂) ရက်၊ မိုးသည်းထန်စွာ ရွာသွန်း... အစ်ကိုရှင်းယန်... ညီမ ဒီအကျဉ်းထောင်နဲ့တူတဲ့ မိန်တောင်ကနေ ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီ... အစ်ကို့ဆီကို ညီမ လာရှာတော့မယ်... ညီမကို စောင့်နေနော်"
"အောက်တိုဘာလ (၂) ရက်၊ မိုးသည်းထန်စွာ ရွာသွန်း... အစ်ကိုရှင်းယန်... ညီမ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီ... အဲ့ဒီလူတွေကို ညီမ ဖြတ်ကျော်လာနိုင်ခဲ့ပြီ... အစ်ကို ညီမကို ခဏလောက် ထပ်စောင့်ပေးပါနော်"
...
နေ့စဉ်မှတ်တမ်းက ဤနေရာတွင် ရုတ်တရက် ရပ်တန့်သွားသည်။ စာအုပ်၏ တစ်ဝက်ခန့်မှာ ဗလာအတိုင်း ကျန်နေသေး၏။
ကျောက်ခိုင် ဖတ်ရင်းနှင့် ရင်ထဲ ဆို့နင့်လာသည်။ သူက မှတ်တမ်းစာအုပ်ကို လင်းယွမ်ထံ ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။
"အစ်ကိုလင်း... မိန်တောင်က ကျွန်တော်တို့ ထင်ထားသလောက် ကောင်းတဲ့နေရာ မဟုတ်ဘူးထင်တယ်"
လင်းယွမ်က စာအုပ်ကို ယူကာ တစ်ခေါက် ဖတ်ကြည့်လိုက်ပြီးနောက် ခေတ္တမျှ တိတ်ဆိတ်သွားသည်။
ဒါက သာမန်မိန်းကလေးတစ်ယောက် အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်လာသည်အထိ ဖြတ်သန်းခဲ့ရသော စိတ်ပိုင်းဆိုင်ရာ ခရီးကြမ်းတစ်ခု ဖြစ်သည်။
သူမကို နောက်ဆုံးအချိန်ထိ ဆက်လက်ရှင်သန်စေခဲ့သည့် အရာမှာ အစ်ကိုရှင်းယန် ဟုခေါ်သော အမျိုးသားတစ်ဦးကြောင့်သာ ဖြစ်သည်။
မှတ်တမ်းစာအုပ် တစ်အုပ်လုံးတွင် သူမ၏ နာမည်ကိုပင် ရေးသားထားခြင်း မရှိပေ။
လင်းယွမ်က ဤမှတ်တမ်းကို ကြည့်ခြင်းအားဖြင့် သူမသည် ဘဝကို မှတ်တမ်းတင်ရသည်ကို နှစ်သက်သူတစ်ဦး ဖြစ်ကြောင်း သိမြင်နိုင်သည်။
အစပိုင်းတွင် နေ့စဉ်ဘဝကို စာလုံးရေ အများအပြားဖြင့် ဖော်ပြထားပုံအရ သူမသည် ပျော်ပျော်နေတတ်သူတစ်ဦး ဖြစ်ကြောင်း တွေ့ရသည်။
သို့သော် နောက်ပိုင်း ရောက်လေလေ... သူမ၏ စာသားများတွင် နွေးထွေးမှုတို့ လျော့နည်းလာပြီး တိုတိုနှင့်လိုရင်းကိုသာ ပြတ်သားစွာ ရေးသားလာသည်ကို တွေ့ရသည်။
လင်းယွမ် စဉ်းစားကြည့်နိုင်သည်။ အခက်အခဲပေါင်းများစွာကို ကြုံတွေ့ပြီးနောက် ဤမိန်းကလေးသည် ရင့်ကျက်တည်ငြိမ်သော အစွမ်းပိုင်ရှင်တစ်ဦးအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခဲ့ခြင်း ဖြစ်ပေမည်။
ကံဆိုးစွာဖြင့် သူမသည် နောက်ဆုံးတွင် သူမ၏ အစ်ကိုရှင်းယန်ကို ရှာမတွေ့နိုင်ခဲ့ဘဲ ထိုက်ယန်တောင်ပေါ်သို့ ရောက်သည်နှင့် သေဆုံးခြင်းနှင့် ရင်ဆိုင်ခဲ့ရရှာသည်။
လင်းယွမ်က သက်ပြင်းတစ်ချက်ချကာ မှတ်တမ်းစာအုပ်ကို သိမ်းလိုက်ပြီး မေးလိုက်သည်။
"သူက ဘယ်သူလဲဆိုတာ သက်သေပြနိုင်တဲ့ ပစ္စည်းမျိုး အိတ်ထဲမှာ ပါလား"
ကျောက်ခိုင်က ကျောပိုးအိတ်ကို မွှေနှောက်ရှာဖွေလိုက်ရာ ရုတ်တရက် အိတ်ကပ်ကြားထဲမှ တိပ်ဖြင့် ပတ်ထားသော ဓာတ်ပုံတစ်ပုံကို ရှာတွေ့လိုက်သည်။
ဓာတ်ပုံထဲတွင် မိသားစု သုံးယောက်ပုံ ပါရှိသည်။ လူလတ်ပိုင်း ဇနီးမောင်နှံနှစ်ဦးနှင့် နေရောင်ခြည်ကဲ့သို့ တောက်ပသော အပြုံးဖြင့် ညာဘက်လက်က လက်နှစ်ချောင်းထောင်ထားသည့် (✌️) ပုံစံ လုပ်ပြထားသည့် မိန်းကလေးတစ်ဦး ဖြစ်သည်။
ထိုမိန်းကလေးက အတော်လေး ချောမောလှပပြီး အသက် (၁၈)၊ (၁၉) ဝန်းကျင်ခန့် ရှိပုံရကာ တုံယန်နှင့် ရွယ်တူလောက် ဖြစ်မည်။
ကျောက်ခိုင်က ဓာတ်ပုံကို လှန်ကြည့်လိုက်သော်လည်း ကျောဘက်တွင် စာရေးထားခြင်း မရှိပေ။
လင်းယွမ်က ဓာတ်ပုံကို ယူကြည့်လိုက်ပြီး ပြောလိုက်သည်။
"မိန်တောင်ကို သွားဖို့ အခွင့်အရေးရရင် စုံစမ်းကြည့်ကြတာပေါ့... တကယ်လို့ သူ့ရဲ့ အစ်ကိုရှင်းယန်ကလည်း သူ့ကိုရှာဖို့ မိန်တောင်ကို ရောက်နေခဲ့ရင် ဒီပစ္စည်းကို သူ့ဆီ ပေးလိုက်ကြတာပေါ့"
ကျောက်ခိုင်က ခေါင်းညိတ်လိုက်သည်။ သူ၏ ရင်ထဲရှိ ပုံရိပ်လွှာတစ်ခုကို သတိရသွားပြီး မျက်နှာက အနည်းငယ် ညှိုးငယ်သွားသည်။ သူက ဓာတ်ပုံကို မှတ်တမ်းစာအုပ်ကြားထဲ ညှပ်လိုက်ပြီး ရင်ဘတ်ထဲသို့ ထည့်သိမ်းလိုက်သည်။
သူနှင့် လျှိုဖိန်ဖိန်တို့ လက်တွဲခဲ့ကြပြီ ဖြစ်သော်လည်း တစ်ခါတစ်ရံ ညဉ့်နက်သန်းခေါင် အချိန်များတွင် ရှောင်မန်၏ အသံနှင့် အပြုံးများက သူ့အိမ်မက်ထဲသို့ တိုးဝင်လာတတ်ဆဲပင်။
လင်းယွမ်က သူ့ရင်ထဲမှ အတွေးကို ရိပ်မိပုံရပြီး ပခုံးကို အသာပုတ်ကာ ပြောလိုက်သည်။
"ပြီးခဲ့တာတွေက ပြီးပါစေတော့... ဘဝက ဆက်လျှောက်ရမှာပဲ... လူဆိုတာ ရှေ့ကိုပဲ ကြည့်ရတယ်"
ကျောက်ခိုင်က အားတင်းပြုံးလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
လင်းယွမ်က မြင်လိုက်ရသဖြင့် သက်ပြင်းသာ ချလိုက်မိသည်။
အချို့အရာများက ဘေးလူတွေ နှစ်သိမ့်ပေးရုံဖြင့် အရာမထင်တတ်ပေ။ အချိန်ကသာ တဖြည်းဖြည်း ကုစားပေးသွားလိမ့်မည်။
အနည်းဆုံးတော့ လက်ရှိ ကျောက်ခိုင်သည် သူ စတင်တွေ့ရှိခဲ့စဉ်က ကျောက်ခိုင်ထက်စာရင် ပိုမို လန်းဆန်းတက်ကြွလာခဲ့ပြီ ဖြစ်သည်။
လျှိုဖိန်ဖိန်၏ ရောက်လာမှုက သူ့စိတ်ဒဏ်ရာများကို ကုစားပေးမည့် ဆေးတစ်လက် ဖြစ်ပေလိမ့်မည်။
သို့သော်လည်း တစ်ခါတစ်ရံတွင်မူ အတိတ်က ဒဏ်ရာဟောင်းများမှာ မတော်တဆ အမာရွတ်ပေါ်လာတတ်စမြဲပင်။
သူတို့သုံးဦး ဆက်လက် ထွက်ခွာလာခဲ့ရာ မကြာမီမှာပင် ရေစီးသံများနှင့် ထူးဆန်းသော ဖားအော်သံများကို ကြားလိုက်ရသည်။
လင်းယွမ်တို့ သုံးဦးသည် ခြေလှမ်းကို ချက်ချင်း လျှော့လိုက်ကြသည်။ ပတ်ဝန်းကျင်၌ သန္ဓေပြောင်း သတ္တဝါ အများအပြား၏ အငွေ့အသက်များကို သိသိသာသာ ခံစားနေရသည်။
လင်းယွမ်က စိတ်စွမ်းအင်ကို ဖြန့်ကျက်လိုက်ရာ ပေ ၁၆၀ ဝန်းကျင် အကွာအဝေးအတွင်းရှိ အရာအားလုံးက သူ့ခေါင်းထဲတွင် ပုံရိပ်ပေါ်လာတော့သည်။
"သန္ဓေပြောင်းဖား ၁၂ ကောင်၊ သန္ဓေပြောင်းအဆိပ်မြွေ တစ်ကောင်၊ သန္ဓေပြောင်းပုတ်သင်ညို ၃ ကောင်"
လင်းယွမ်က ပတ်ဝန်းကျင်ရှိ သန္ဓေပြောင်း သတ္တဝါများ၏ တည်နေရာကို ချက်ချင်း အာရုံခံမိလိုက်ပြီး မျက်လုံးများက လေးနက်သွားသည်။
ဤနေရာရှိ သန္ဓေပြောင်း သတ္တဝါများ၏ သိပ်သည်းဆက သူခန့်မှန်းထားသည်ထက် ကျော်လွန်နေသည်။
ပေ ၁၆၀ အကွာအဝေး အတွင်းမှာပင် သန္ဓေပြောင်း သတ္တဝါ (၁၆) ကောင်တိတိ ပုန်းခိုနေကြသည်။
ရုတ်တရက် တင်းယန်က အာမေဋိတ်သံ ပြုလိုက်ပြီး မလှမ်းမကမ်းရှိ လဲကျနေသော သစ်ပင်ကြီးတစ်ပင်ကို ညွှန်ပြကာ ပြောလိုက်သည်။
"ဟိုဘက်ကို ကြည့်လိုက်"
လင်းယွမ် လှည့်ကြည့်လိုက်ရာ ထိုလဲကျနေသော သစ်ပင်ကြီးမှာ ခြောက်သွေ့နေပြီ ဖြစ်သော်လည်း သစ်တုံးပေါ်တွင် ကြိတ်ဆုံကျောက် အရွယ်အစားခန့်ရှိသော မှိုကြီးတစ်ပွင့် ပေါက်ရောက်နေသည်ကို တွေ့လိုက်ရသည်။
"လင်းဇီးမှိုလား" ကျောက်ခိုင်က မနေနိုင်ဘဲ အံ့သြတကြီး မေးလိုက်သည်။
တင်းယန်က ခေါင်းခါလိုက်သည်။
"မဟုတ်ဘူး... လင်းဇီးမှိုက ခြောက်သွေ့သွေ့ပုံစံမျိုး... ဒီလိုပုံစံ မဟုတ်ဘူး... မှိုအမျိုးအစား တစ်ခုခုတော့ ဖြစ်မယ်... စားလို့ရမလား မသိဘူး"
လင်းယွမ်က မေးလိုက်သည်။
"နင်တို့ အရင် တောင်ပေါ်မှာကင်းလှည့်တုန်းက မှိုတွေ မတွေ့ဖူးဘူးလား"
တင်းယန်က ဖြေသည်။
"တွေ့တာပေါ့... အများကြီး တွေ့ဖူးတယ်... ဒါပေမဲ့ အများစုက အဆိပ်ရှိတယ်... ကျွန်မတို့က အများအားဖြင့် ပြန်သယ်သွားပြီး ဒေါက်တာရန်တို့ကို စစ်ဆေးခိုင်းရတာ... လောလောဆယ် မှိုအမျိုးအစားတွေထဲမှာ စားလို့ရတာ ၃ မျိုးပဲ တွေ့သေးတယ်"
"အဲ့ဒီ ၃ မျိုးထဲမှာ ၂ မျိုးက တန်းစားလို့ရပြီး ကျန်တစ်မျိုးကတော့ ရေနွေးနဲ့ မိနစ် ၂၀ လောက် ပြုတ်ပြီးမှ စားလို့ရတာ"
"လောလောဆယ် ဆုန့်ဝမ်ရဲ့ စိုက်ခင်းထဲမှာ စမ်းသပ်စိုက်ပျိုးနေကြပြီ... အဒေါ်ကြီးလီနဲ့ ဆုန့်ဝမ်တို့ အတည်ပြုထားတာကတော့ ဒီလို သန္ဓေပြောင်းမှိုပင်တွေက မျိုးပွားနှုန်း မြန်တယ်တဲ့... ပြီးတော့ အထွက်နှုန်းလည်း ကောင်းတယ်... ပြင်ပပတ်ဝန်းကျင် အခြေအနေကိုလည်း သိပ်မရွေးဘူးဆိုတော့ အဓိက ဟင်းသီးဟင်းရွက်အနေနဲ့ စိုက်ပျိုးလို့ရတယ်"
ကျောက်ခိုင်က ချက်ချင်း ဝင်ပြောလိုက်သည်။
"ဒီလောက်ကြီးတဲ့ မှိုမျိုးတော့ ပထမဆုံး မြင်ဖူးတာပဲ... ကျွန်တော် သွားခူးလိုက်မယ်... ပြီးရင် ပြန်သယ်သွားပြီး ဒေါက်တာရန်တို့ကို သုတေသန လုပ်ခိုင်းရမယ်"
ပြောရင်းနှင့် သူက ကြိတ်ဆုံကျောက်အရွယ် မှိုကြီးကို ခူးရန် လျှောက်သွားလိုက်သည်။
လင်းယွမ်က သူ့ကို လှမ်းဆွဲထားလိုက်သည်။
"နေဦး... အောက်မှာ အကောင်တစ်ကောင် ရှိတယ်"
ကျောက်ခိုင် လန့်သွားပြီး ချက်ချင်း ရပ်တန့်လိုက်သည်။
"အကောင် ရှိတယ် ဟုတ်လား"
"အောက်က မြေကြီးကို ခဲလိုက်ရင် မင်း သိလိမ့်မယ်" လင်းယွမ်က သတိပေးလိုက်သည်။
ကျောက်ခိုင်က မြေကြီးပေါ်သို့ လက်ဖြင့် ဖိချလိုက်ရာ ရေခဲနှင်းမြူများက ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။
မကြာမီ ရေခဲလွှာက မြေကြီးထဲရှိ ရေငွေ့များကို ခဲသွားစေပြီး အပူချိန်မှာလည်း အလျင်အမြန် ကျဆင်းသွားသည်။
ထိုကြိတ်ဆုံကျောက်အရွယ် မှိုကြီး၏ အောက်ဘက်တွင် ရုတ်တရက် လှုပ်ရှားမှု ဖြစ်ပေါ်လာပြီး ထိုမှိုကြီးနှင့် အရောင်ဆင်တူသော အစက်အပြောက်များ ပါရှိသည့် မြွေတစ်ကောင် သစ်တုံးအောက်မှ တိုးထွက်လာသည်။
ထိုမြွေ၏ ခန္ဓာကိုယ်မှာ မတုတ်ခိုင်လှဘဲ လူကြီးလက်မောင်း အရွယ်အစားခန့်သာ ရှိသော်လည်း တစ်ကိုယ်လုံးမှာ သစ်ပင်ခြောက် အခေါက်ကဲ့သို့ အရောင်ရှိပြီး သေးစိတ်သော ကြေးခွံများက ကြောက်မက်ဖွယ် ကောင်းလှသည်။
ထိုအချိန်တွင် ၎င်းက ခေါင်းထောင်လာပြီး လျှာကို ထုတ်ကာ လင်းယွမ်တို့ ရှိရာဘက်သို့ ကြည့်လိုက်သည်။
"တကယ်ကြီး အကောင်ရှိနေတာပဲ"
ကျောက်ခိုင် မျက်နှာပျက်သွားပြီး ရေခဲအစွမ်းကို ချက်ချင်း မြှင့်တင်လိုက်သည်။
ထိုသစ်ခေါက်ရောင် အဆိပ်မြွေသည် အန္တရာယ်ကို အာရုံခံမိသည်နှင့် ခန္ဓာကိုယ်ကို လျင်မြန်စွာ လိမ်တွန့်ကာ သစ်ပင်ပေါ်သို့ ရစ်ပတ်တက်သွားသည်။
ကျောက်ခိုင်က လက်ကို ဝှေ့ယမ်းပြီး ရေခဲချွန်အချို့ ပစ်လွှတ်လိုက်သည်။
"ဘုန်း ဘုန်း ဘုန်း"
ရေခဲချွန် ၃ ခုသည် ပျံသန်းလာသော ဓားပျံများအလား အဆိပ်မြွေဆီသို့ တိကျစွာ ချိန်ရွယ် ပျံသန်းသွားသည်။
သို့သော် ထိုအဆိပ်မြွေ၏ တစ်ကိုယ်လုံးရှိ ကြေးခွံများက တုန်ခါသွားပြီး "ဒုတ် ဒုတ် ဒုတ်" ဟူသော အသံ ၃ ချက် ထွက်ပေါ်လာကာ ရေခဲချွန်များ ကွဲကြေသွားသော်လည်း မြွေမှာမူ ဒဏ်ရာတစ်စက်မျှ မရရှိပေ။
သို့သော် ကျောက်ခိုင်၏ တိုက်ခိုက်မှုက ၎င်းကို ဒေါသထွက်သွားစေသည်။
နောက်တစ်ခဏတွင် ၎င်းက ရုတ်တရက် ခုန်ပျံလိုက်ပြီး သစ်ပင်ပေါ်မှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
"ဝှစ်"
လေထဲတွင် မီးခိုးရောင် အရိပ်တစ်ခု ဖြတ်သန်းသွားပြီး သာမန်မျက်စိဖြင့် ဖမ်းယူ၍ပင် မရနိုင်အောင် မြန်ဆန်လှသည်။
ကျောက်ခိုင်သည် မျက်နှာဆီသို့ လေပြင်းတစ်ချက် တိုးဝှေ့လာသည်ကိုသာ ခံစားလိုက်ရပြီး အလိုအလျောက် ခေါင်းငုံ့ကာ ခါးကိုကိုင်းပြီး ရှောင်တိမ်းလိုက်သည်။
"ဘုန်း" ကနဲ အသံတစ်ချက်နှင့်အတူ မြွေမြီးတစ်ချက်က သူ့ခန္ဓာကိုယ်ပေါ်သို့ ရိုက်ချလိုက်သည်။
ကျောက်ခိုင် ညည်းတွားလိုက်မိပြီး ခြေလှမ်းယိုင်နဲ့သွားကာ ပခုံးနေရာတွင် ကြီးမားသော ရိုက်ချက်ဒဏ်ရာတစ်ခု ပေါ်လာတော့သည်။
"တောက်... မြန်လိုက်တာ"
ကျောက်ခိုင် အကြီးအကျယ် လန့်သွားပြီး အစွမ်းကို အလျင်အမြန် ထုတ်သုံးလိုက်ရာ ခန္ဓာကိုယ် တစ်ဝိုက်တွင် ရေခဲချပ်ဝတ်တန်ဆာ တစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာသည်။
လင်းယွမ်က ထိုအရာကို မြင်လိုက်ရသဖြင့် အံ့သြသွားသည်။
ကျောက်ခိုင်သည် ဒီကာလအတွင်း အလကားနေနေခြင်း မဟုတ်ဘဲ တိုးတက်မှု ရှိလာပုံရသည်။ ရေခဲအစွမ်းကို ထိန်းချုပ်ရာတွင် တိုးတက်မှုအသစ်များနှင့် တီထွင်ဖန်တီးမှုအသစ်များ ရှိလာပုံရသည်။
ရေခဲချပ်ဝတ်က ကျောက်ခိုင်ကို ကာကွယ်ပေးထားသော်လည်း ကျောက်ခိုင်၏ မျက်လုံးများက ထိုသန္ဓေပြောင်း အဆိပ်မြွေ၏ အလျင်ကို လုံးဝ လိုက်မမီနိုင်ပေ။
လေထဲတွင် နေရာအနှံ့ အရိပ်များသာ မြင်နေရပြီး မီးခိုးဖြူရောင် ခန္ဓာကိုယ်က ခုန်ပျံလိုက်တိုင်း မျက်စိရှေ့မှ ပျောက်ကွယ်သွားကာ ဖမ်းဆုပ်ရန် ခက်ခဲလှသည်။
တင်းယန်၏ မျက်နှာထားက လေးနက်လာပြီး ပြောလိုက်သည်။
"မြန်လိုက်တဲ့ အလျင်... ငါတောင် လိုက်မကြည့်နိုင်ဘူး"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး
"ဒီသန္ဓေပြောင်း အဆိပ်မြွေရဲ့ အလျင်က ၃၅ မှတ်လောက်အထိ ရောက်နေလောက်တယ်... နင်တို့ လိုက်မမီတာ ပုံမှန်ပါပဲ"
ပြောရင်းနှင့် သူ၏ မျက်ဝန်းများ စူးရှသွားကာ စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်းကို ရုတ်တရက် ထုတ်သုံးလိုက်သည်။
"ဘုန်း"
လေထဲရှိ မီးခိုးရောင် အရိပ်တစ်ခုသည် ရုတ်တရက် ထိန်းချုပ်မှု ကင်းမဲ့သွားပြီး ကျောက်ခိုင်၏ ရေခဲချပ်ဝတ်တန်ဆာပေါ်သို့ ခေါင်းနှင့် ဝင်ဆောင့်မိသွားသည်။
နောက်တစ်ခဏတွင် ရေခဲအအေးဓာတ်များ ပျံ့နှံ့သွားပြီး ၎င်းကို ချက်ချင်း ခဲသွားစေသည်။
ကျောက်ခိုင်က ထိုအဆိပ်မြွေကို လက်ဖြင့် ဖမ်းဆုပ်လိုက်ပြီး ရေခဲဖုံးလွှမ်းမှုကို အားမြှင့်လိုက်သည်။
ချက်ချင်းပင် အဆိပ်မြွေတစ်ကောင်လုံး တောင့်ခဲသွားပြီး ရုန်းကန်လှုပ်ရှားနေသေးသော မြွေခန္ဓာကိုယ်သည် တဖြည်းဖြည်း မာကျောသွားတော့သည်။
ကျောက်ခိုင် ကြည့်လိုက်ရာ ထိုမြွေ၏ မျက်လုံးသူငယ်အိမ်များ ကွဲအက်နေပြီး သွေးစများ ပါဝင်သော အရည်များက မျက်လုံးထဲမှ စီးကျနေသည်ကို တွေ့လိုက်ရသည်။
"အစ်ကိုလင်း... အစ်ကို့ရဲ့ စိတ်စွမ်းအင်က ပိုပိုပြီး သန်မာလာပါလား" ကျောက်ခိုင်က မနေနိုင်ဘဲ ချီးကျူးလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး ပြောသည်။
"ဒါကြောင့်လည်း ဒီနေရာကို ခိုလှုံရေးစခန်းကလူတွေက တားမြစ်နယ်မြေလို့ ခေါ်ကြတာကိုး... ဒီသန္ဓေပြောင်း သတ္တဝါတွေထဲမှာ တစ်ခုချင်းစီရဲ့ အရည်အသွေးက ၃၅ မှတ်ကျော်တဲ့ကောင်တွေ မနည်းဘူး... ထူလုံ၊ ဝူမုန့်၊ လီယွဲ့ဖုန်း တို့လို လူတွေရဲ့ တိုက်ခိုက်စွမ်းရည်နဲ့ ညီမျှနေပြီ"
"သာမန် အစွမ်းပိုင်ရှင်တွေ ဒီနေရာကိုလာရင် ခြေတစ်လှမ်းတောင် လှမ်းနိုင်မှာ မဟုတ်ဘူး"
သူက ကျောက်ခိုင်ဘေးသို့ လျှောက်သွားပြီး သန္ဓေပြောင်း အဆိပ်မြွေကို ဆွဲယူကာ ညှစ်လိုက်ရာ "ဂျွတ် ဂျွတ်" ဟူသော အသံများ ထွက်ပေါ်လာပြီး မြွေတစ်ကောင်လုံး၏ အရိုးနှင့် အသားများ ကွဲထွက်သွားသည်။
လင်းယွမ်က ရှာဖွေကြည့်လိုက်သော်လည်း သင်္ကေတအရိုးကို မတွေ့ရသဖြင့် ခေါင်းခါကာ လွှင့်ပစ်လိုက်သည်။
"သွားစို့"
တင်းယန်နှင့် ကျောက်ခိုင်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး သက်ပြင်းချလိုက်မိကြသည်။ ဒီနယ်မြေက သူတို့ကို ဖိအားပေးနိုင်သည်မှာ အမှန်ပင်။
သို့သော် သူတို့ကို ပိုပြီး ဖိအားပေးသည်မှာ မသိမသာဖြင့် သူတို့နှင့် လင်းယွမ်ကြားရှိ အစွမ်းကွာခြားချက်က ဤမျှအထိ ကြီးမားလာခြင်း ဖြစ်သည်။
အဆောက်အအုံထဲတွင် ရှိစဉ်က လင်းယွမ်သည် လူမိုက်ခေါင်းဆောင် လျှိုအားလုံ ကို သတ်ရန် အတော်လေး အားစိုက်ခဲ့ရသည်ကို သူတို့ မှတ်မိနေသေးသည်။ အချိန်ဘယ်လောက်မှ မကြာလိုက်၊ ယခုအခါ လင်းယွမ်သည် သူတို့ နားမလည်နိုင်သော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကျောက်ခိုင်က လင်းယွမ်၏ အနောက်မှ လိုက်ပါရင်း မနေနိုင်ဘဲ မေးလိုက်သည်။
"အစ်ကိုလင်း... အစ်ကို အခု ဘယ်လောက်တောင် အစွမ်းထက်နေပြီလဲ"
လင်းယွမ်က ခြေလှမ်းမပျက်ဘဲ ပြုံးကာ ပြန်ဖြေလိုက်သည်။
"ဘယ်လောက် အစွမ်းထက်လဲ ဟုတ်လား... ငါလည်း မသိဘူး... နှိုင်းယှဉ်စရာ ဘာမှ မှမရှိတာ"
"ဝူမုန့် ကိုပဲ ထားပါတော့... ဝူမုန့် ဘယ်နှစ်ယောက်လောက်ကို အစ်ကို နိုင်မယ်ထင်လဲ" ကျောက်ခိုင်က မေးလိုက်သည်။
လင်းယွမ်က စဉ်းစားလိုက်ပြီး
"ပြောရခက်တယ်"
"ဗျာ"
"ငါ အခုရောက်နေတဲ့ အဆင့်မှာ အရေအတွက်က အဓိပ္ပာယ် မရှိတော့ဘူး... ဝူမုန့် အယောက် ထောင်ချီ သောင်းချီ ရှိနေရင်တောင် ငါ့ရှေ့မှာ ရပ်နေသမျှ ငါ့ရဲ့ စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်း တစ်ချက်တည်းနဲ့ အကုန် လဲကျသွားနိုင်တယ်"
"အဲ့လိုပြောရင် မင်း နားလည်မလား"
ကျောက်ခိုင် "..."
သူ ဆက်မမေးတော့ပေ။ မေးလေလေ စိတ်ဒဏ်ရာ ရလေလေ ဖြစ်မည်။
ထိုအချိန်တွင် သူတို့သုံးဦးသည် မြစ်ကမ်းဘေးသို့ ရောက်ရှိလာကြပြီ ဖြစ်သည်။
မြစ်ကမ်းဘေးတွင် အပင်အမျိုးမျိုး ပေါက်ရောက်နေပြီး ရေမျက်နှာပြင်ပေါ်တွင် မှော်ပင်များနှင့် ဒိုက်သီးပုံစံနှင့် တူသော ထူးဆန်းသည့် အပင်များ အများအပြား ပေါလောပေါ်နေကြသည်။
ထိုအပင်များသည် ရေပြင်ကျယ်ကြီး တစ်လျှောက် ပြန့်ကျဲနေကြသည်။
ဤနေရာသည် ရေစီးသန်ခြင်း မရှိဘဲ ငြိမ်သက်နေသဖြင့် ရေက အတော်လေး ကြည်လင်နေသည်။
ရေအောက်တွင် သန္ဓေပြောင်းငါး အများအပြား လျင်မြန်စွာ ကူးခတ်သွားလာနေကြသည်ကို တွေ့မြင်နိုင်သည်။
ရံဖန်ရံခါတွင်လည်း ကြီးမားသော အကောင်ကြီးများ၏ အရိပ်မည်းကြီးများက မှော်ပင်များကို မွှေနှောက်သွားပြီး ရေလှိုင်းများ ဖြစ်ပေါ်စေတတ်သည်။
မှော်ပင်များပေါ်တွင် ဖားကြီးများ ဝပ်နေပြီး အော်မြည်နေကြသည်ကို လင်းယွမ် တွေ့လိုက်ရသည်။
ထိုမှော်ပင်များမှာ ကြည့်ရသည်မှာ သိပ်မကြီးမားသော်လည်း ရေပေါ် ပေါလောပေါ်နိုင်စွမ်းက အလွန် အားကောင်းပုံရသည်။ လူတစ်ပိုင်းခန့် ရှိသော သန္ဓေပြောင်း ဖားကြီးများ၏ အလေးချိန်ကိုပင် ခံနိုင်ရည် ရှိနေသည်။
လင်းယွမ်က ပြောလိုက်သည်။
"မင်းတို့ ဒီမှာ ခဏစောင့်နေ"
ပြောပြီးသည်နှင့် သူက ခုန်ပျံလိုက်ရာ တင်းယန်နှင့် ကျောက်ခိုင်တို့မှာ သူ၏ လှုပ်ရှားမှုကိုပင် သေချာ မမြင်လိုက်ရပေ။ နောက်တစ်ခဏတွင် လင်းယွမ်က ထိုမှော်ပင်များပေါ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
အနီးဆုံးတွင် ရှိသော သန္ဓေပြောင်း ဖားတစ်ကောင်က လင်းယွမ်ကို မြင်သည်နှင့် ပါးစပ်ကို ဖြဲကာ လျှာဖြင့် ပစ်ပေါက် တိုက်ခိုက်လိုက်သည်။
"ဝှစ်"
ထိုလျှာသည် ကျည်ဆန်တစ်တောင့်ပမာ အရှိန်ပြင်းစွာ ပျံသန်းလာသည်။
လင်းယွမ်က ရှောင်တိမ်းခြင်း မပြုဘဲ လက်ချောင်းကို တောက်လိုက်သည်။
"ဖောက်"
လက်ချောင်းထိပ်မှ ဖိသိပ်ထားသော လေထုက ပြင်းထန်စွာ ပေါက်ကွဲထွက်သွားပြီး လေဖိအား ကျည်ဆန်တစ်ခု အရှိန်ဖြင့် ထွက်သွားတော့သည်။
"ဘုန်း"
လေဖိအားနှင့် ဖားလျှာတို့ ပြင်းထန်စွာ ရိုက်ခတ်မိပြီး ပေါက်ကွဲသွားသည်။
ချက်ချင်းပင် ထိုလျှာသည် သွေးမှုန်များအဖြစ် ပြောင်းလဲသွားပြီး ဖားကြီးမှာ နာကျင်စွာဖြင့် တုန်ခါသွားကာ ရေထဲသို့ "ဘုန်း" ကနဲ ပြုတ်ကျသွားသည်။
သွေးညှီနံ့များကြောင့် သန္ဓေပြောင်းငါး အများအပြား ရောက်ရှိလာကြပြီး ထိုရေပြင်တစ်ဝိုက်တွင် ရေလှိုင်းများ ပြင်းထန်စွာ ဖြစ်ပေါ်လာကာ ရေပွက်များ "ဗွမ်း ဗွမ်း" ထွက်ပေါ်လာပြီး မှော်ပင်များ နိမ့်ချည်မြင့်ချည် ဖြစ်ကုန်သည်။
လင်းယွမ်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ထိုသန္ဓေပြောင်း ဖားများသည် ရှေ့မှ သတ္တဝါ၏ ကြောက်မက်ဖွယ် ကောင်းပုံကို သိရှိသွားကြသဖြင့် ရေထဲသို့ အသီးသီး ခုန်ဆင်းသွားကြသည်။
ရေလှိုင်းများ လှုပ်ခါနေသော်လည်း လင်းယွမ်က ထိုသန္ဓေပြောင်း သတ္တဝါများကို ဂရုမစိုက်ဘဲ ခြေထောက်အောက်ရှိ မှော်ပင်ကိုသာ ခြေဖြင့် ဖိနင်းကြည့်လိုက်သည်။
ဒီမှော်ပင်က ပျော့ပျောင်းမှု ရှိပြီး ရေပေါ် ပေါလောပေါ်နိုင်စွမ်း အလွန် ကောင်းမွန်သည်။
သူက အပေါ်မှ ဖိနင်းလိုက်သည့်တိုင် မှော်ပင်က အနည်းငယ်သာ နစ်မြုပ်သွားပြီး ချက်ချင်း ပြန်ပေါ်လာသည်။
လင်းယွမ် စိတ်ဝင်စားသွားပြီး ကိုယ်ကိုကိုင်းကာ မှော်ပင်တစ်ပင်ကို အားဖြင့် ဆွဲကြည့်လိုက်သည်။
အားစိုက်ပြီး ဆွဲလိုက်သော်လည်း ပါမလာသည်ကို တွေ့လိုက်ရသည်။
သူ့စိတ်ထဲ အံ့သြသွားပြီး အားကို ပိုထည့်ကာ ရုတ်တရက် ဆောင့်ဆွဲလိုက်သည်။
ထိုသို့ ရုတ်တရက် အားစိုက်ထုတ်လိုက်သဖြင့် ခြေထောက်အောက်ရှိ မှော်ပင်က အားမပြုနိုင်တော့ဘဲ သူကိုယ်တိုင်ပင် တစ်ဖက်ရှိ မှော်ပင်ပေါ်သို့ ပါသွားတော့သည်။
လင်းယွမ် ကြောင်သွားသည်။ သူက ဆက်လက် မဆွဲတော့ဘဲ စိတ်စွမ်းအင်ကို ရေအောက်သို့ လွှတ်ကာ စစ်ဆေးကြည့်လိုက်သည်။
ထိုမှော်ပင်များ၏ အမြစ်ဖွဲ့စည်းပုံမှာ အလွန် ကြီးမားရှုပ်ထွေးပြီး ပင်စည်များက ရေအောက်ရှိ ရွှံ့နွံများထဲအထိ နက်ရှိုင်းစွာ ထိုးဆင်းကာ ရွှံ့နွံများကို မြဲမြံစွာ ဆုပ်ကိုင်ထားသဖြင့် နုတ်ယူရ ခက်ခဲနေခြင်း ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
ထို့အပြင် ဤမှော်ပင်များသည် ရေပေါ်တွင် ပါးလွှာသော အလွှာတစ်ခု အနေဖြင့် ပေါလောပေါ်နေသော်လည်း ရေအောက်တွင်မူ အလွန်ထူထဲသော အရွက်များ ရှိနေသည်ကို တွေ့ရသည်။
ထိုအရွက်များမှာ အခေါင်းပွများ ဖြစ်ပြီး အတွင်းတွင် တစ်ပိုင်းတစ်စ ဖောက်ထွင်းမြင်နိုင်သော အပင်မျှင်များ ရှိနေကာ အပင်မျှင် တစ်ခုချင်းစီသည် ပြွန်ချောင်းများသဖွယ် အခေါင်းပေါက် ပုံစံ ရှိကြသည်။
လင်းယွမ် စဉ်းစားခန်း ဝင်သွားသည်။
"ဒါကြောင့် ဒီမှော်ပင်တွေက အတွင်းပိုင်း ဖွဲ့စည်းပုံထဲမှာ လေတွေ အများကြီး သိုလှောင်ထားနိုင်ပြီး ဒီလောက် ကောင်းမွန်တဲ့ ပေါလောပေါ်နိုင်စွမ်း ရှိနေတာကိုး"
"ဒီမှော်ပင်တွေက သဘာဝ ဖောင်ဖွဲ့ဖို့ အကောင်းဆုံးပဲ... ရေကြောင်းခရီးသွားဖို့ သုံးလို့ရမယ်"
"လင်းယွမ်... သတိထား"
ရုတ်တရက် ကမ်းစပ်မှ တင်းယန်က တစ်စုံတစ်ခုကို တွေ့ရှိလိုက်ပြီး မျက်နှာပျက်ကာ အော်ဟစ် သတိပေးလိုက်သည်။
မလှမ်းမကမ်း ရေထဲတွင် အနီရင့်ရောင် သတ္တဝါကြီးတစ်ကောင်၏ ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်း ပေါ်လာသည်ကို မြင်လိုက်ရသည်။
ရေပေါ်သို့ ပေါ်လာသော အပိုင်းတွင် ကြောက်မက်ဖွယ် ကောင်းသော အကြေးခွံ ဆူးချွန်များ ပါရှိပြီး ရေပေါ် ပေါ်နေသည့် အပိုင်းလေးကပင် ၃ ပေကျော်ခန့် ရှည်လျားသည်။
၎င်း၏ ခန္ဓာကိုယ် အများစုမှာ ရေအောက်တွင် ရှိနေပြီး မှော်ပင်များဖြင့် ဖုံးကွယ်နေသည်။
ယခုအခါ ထိုဆူးချွန်များ ပါရှိသော အနီရင့်ရောင် အရာကြီးသည် အသံတိတ် လင်းယွမ်အနီးသို့ တိုးကပ်လာနေသည်။
၎င်းနှင့် လင်းယွမ်မှာ ပေ ၃၀ ခန့်သာ ကွာဝေးတော့သည်
သို့သော် တင်းယန် သတိပေးလိုက်ချိန်မှ သူမ စကားဆုံးသွားသည့် အချိန်အတွင်း ထိုအကောင်နှင့် လင်းယွမ်ကြား အကွာအဝေးမှာ ၇ ပေ၊ ၈ ပေခန့်သာ ကျန်တော့သည်။
၎င်း၏ အလျင် မြန်ဆန်လွန်းမှုကြောင့် တင်းယန်နှင့် ကျောက်ခိုင်တို့ မျက်နှာပျက်သွားကြရသည်။
ဆက်ရန်...