← Chapters

အခန်း (၂၆၉-၂၇၀)

Vol. 14 Ch. 269-270

အခန်း (၂၆၉-၂၇၀)

Vol. 14 Ch. 269-270

အပိုင်း(၂၆၉) ပျောက်ဆုံးသွားသော အရိုးလှံပင့်ကူကြီး

"အစ်ကိုလင်း... သတိထား"

ကျောက်ခိုင်က အလန့်တကြား အော်ဟစ်သတိပေးလိုက်ရင်း သူ၏လက်နှစ်ဖက်မှ ရေခဲမြူငွေ့များ အများအပြား ထွက်ပေါ်လာကာ ကန်ရေမျက်နှာပြင်ကို လျင်မြန်စွာ အေးခဲသွားစေသည်။

သူ၏ ရေခဲမြူငွေ့များ ပျံ့နှံ့နှုန်းမှာ အလွန်မြန်ဆန်လှပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ရေပြင်ထက်သို့ လွှမ်းခြုံသွားလေသည်။ ရေပေါ်တွင် ပေါလောပေါ်နေသော မှော်ပင်များသည်လည်း ချက်ချင်းပင် ရေခဲရုပ်တုများ ဖြစ်သွားကြသည်။

တစ်ချိန်တည်းမှာပင် တင်းယန်ကလည်း လခြမ်းပုံစံ လေဓားသွားတစ်ခုကို ကန်ထုတ်လိုက်ပြီး ထိုအနီရောင် အခွံမာ သတ္တဝါကြီးဆီသို့ ပြင်းထန်စွာ ပစ်လွှတ်တိုက်ခိုက်လိုက်သည်။

"ဘုန်း"

ထိုအခွံမာ သတ္တဝါကြီး၏ ခန္ဓာကိုယ်အရှေ့ပိုင်း တစ်ဝက်ခန့်မှာ ရေမျက်နှာပြင်ပေါ်သို့ ကြွတက်လာပြီး ၎င်း၏ ခန္ဓာကိုယ်အပေါ်ပိုင်း ပုံသဏ္ဌာန်ကို အတိုင်းသား မြင်လိုက်ရသည်။

၎င်း၏ ဦးခေါင်းမှာ ချွန်ထက်နေပြီး ရှည်လျားသော နှုတ်ခမ်းမွှေးများ လွင့်ပျံနေသည်။

ဘိုးလင်းပစ်သည့် ဘောလုံးအရွယ်အစားရှိ ကြီးမားသော မျက်လုံးနက်ကြီးနှစ်လုံးမှာ ချွန်ထက်နေသော ဦးခေါင်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် တွဲလျားကျနေသကဲ့သို့ ရှိနေသည်။

ခန္ဓာကိုယ်တစ်ခုလုံးသည် အနီရောင်ရင့်ရင့် အခွံမာများ ဖုံးအုပ်ထားပြီး ထူထပ်သော အကြေးခွံဆူးချွန်များလည်း ပါရှိလေသည်။

ရေမျက်နှာပြင်ပေါ်သို့ ထိုးထွက်လာသော ဧရာမ အရာဝတ္ထုကြီးများမှာ ၎င်း၏ လက်မကြီးနှစ်ဖက် ဖြစ်နေသည်။

၎င်းမှာ ခန္ဓာကိုယ် အလွန်ကြီးမားသော ပုစွန်ထုပ်ကြီးတစ်ကောင် ဖြစ်နေလေသည်။

ထိုပုစွန်ထုပ်ကြီးမှာ အလွန်ကြီးမားလွန်းလှပြီး ၎င်း၏ လက်မကြီးနှစ်ချောင်းတည်းနှင့်ပင် ၃ ပေကျော်မျှ ရှည်လျားကာ ခန္ဓာကိုယ်အပေါ်ပိုင်း တစ်ခုလုံးသည်လည်း ၃ ပေကျော်ခန့် ရှိလေသည်။

ထိုအချိန်တွင် ၎င်း၏ လက်မကြီးနှစ်ဖက်သည် အသံဗလံမထွက်စေဘဲ လင်းယွမ်အား ညှပ်ရန် ရွယ်လိုက်သည်။ သို့သော် တင်းယန်၏ လခြမ်းဓားသွားက တရွှီရွှီမြည်သံနှင့်အတူ ဝင်ရောက်လာလေသည်။

လခြမ်းပုံသဏ္ဌာန် အလင်းဓားသွားသည် ထိုသတ္တဝါကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

သို့သော် ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ အနည်းငယ်မျှသာ ယိမ်းယိုင်သွားခဲ့ပြီး အနီရောင်ရင့်ရင့် အခွံမာများပေါ်တွင် အဖြူရောင် အစင်းရာတစ်ခုသာ ထင်ကျန်ရစ်ခဲ့သည်။ မည်သည့် ဒဏ်ရာမျှ ရရှိခြင်း မရှိပေ။

ထိုစဉ်မှာပင် ရေမျက်နှာပြင်ပေါ်မှ ရေခဲလွှာများသည်လည်း ထိုနေရာသို့ ပျံ့နှံ့ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဂျစ်... ဂျစ်... မြည်သံများနှင့်အတူ ထိုပုစွန်ထုပ်ကြီးမှာ ချက်ချင်းပင် ရေခဲရုပ်တုအဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ရေထဲတွင် တောင့်တင်းသွားလေတော့သည်။

ရေထဲရှိ သန္ဓေပြောင်း သတ္တဝါများနှင့် ရင်ဆိုင်ရချိန်တွင် ကျောက်ခိုင်၏ ရေခဲအစွမ်းမှာ အလွန်အသုံးဝင်သည်ဟု ဆိုရပေမည်။

လင်းယွမ်က ထိုသန္ဓေပြောင်း ပုစွန်ထုပ်ကြီးကို လှည့်ကြည့်လိုက်ပြီး အမှုမထားဟန်ဖြင့် ပြုံးလိုက်သည်။

သူက ထိုလက်မကြီးနှစ်ဖက်ကို လက်ဖြင့်လှမ်းဆွဲလိုက်ပြီး အားဖြင့် ဆွဲတင်လိုက်သည်။

ဝုန်းကနဲ မြည်သံနှင့်အတူ ရေမျက်နှာပြင်ပေါ်ရှိ ရေခဲတုံးများပါမကျန် သူ၏ ဆွဲတင်ခြင်းကို ခံလိုက်ရသည်။ ထိုမြင်ကွင်းမှာ ရေမျက်နှာပြင်တစ်ခုလုံးကို အရေခွံခွာလိုက်သကဲ့သို့ ဖြစ်နေသည်။

လင်းယွမ်က ပုစွန်ထုပ်ကြီးနှင့် ရေခဲပြင်ကိုပါ ပေါ့ပါးစွာဖြင့် ကမ်းပေါ်သို့ ပစ်တင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာလည်း လျှပ်စီးလက်သကဲ့သို့ လှုပ်ရှားလိုက်ပြီး ကမ်းပေါ်သို့ ရောက်ရှိသွားလေသည်။

ထို့နောက် စိတ်စွမ်းအင်များကို စုစည်းပြီး စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်းဖြင့် တိုက်ခိုက်လိုက်ရာ ပုစွန်ထုပ်ကြီး၏ ဦးနှောက်အခွံခွံမှာ ချက်ချင်းပင် ကြေမွသွားတော့သည်။

သို့သော် ရေခဲရိုက်ထားသောကြောင့် ပုစွန်ထုပ်၏ ဦးနှောက်ခွံထဲမှ အရည်များ စီးကျလာခြင်း မရှိပေ။

လင်းယွမ်က ရယ်မောကာ ပြောလိုက်သည်။

"ဒီည ဟင်းတစ်ခွက် တိုးပြီ... ရေချိုပုစွန်ထုပ် မစားရတာ တော်တော်ကြာနေပြီ"

ကျောက်ခိုင်မှာ ရယ်ရခက် ငိုရခက်ဖြစ်နေပြီး ပြောလိုက်သည်။

"အစ်ကိုလင်း... ဒါကြီးက စားလို့ရလို့လား"

တင်းယန်လည်း သက်ပြင်းချလိုက်မိပြီးမှ သူတို့တတွေ အလွန်အကျွံ စိုးရိမ်မိသွားမှန်း သတိထားမိလိုက်သည်။ လင်းယွမ်၏ စွမ်းအင်မျိုးဖြင့်ဆိုလျှင် ဤကဲ့သို့ သန္ဓေပြောင်း ပုစွန်ထုပ်လောက်ကို အဘယ်မှာလျှင် ကြောက်ရွံ့နေမည်နည်း။

သူမက ပြုံး၍ ပြောလိုက်သည်။

"ဟုတ်တယ်နော် ပုစွန်ထုပ်က သန္ဓေပြောင်းနေတာ... စားလို့ရပါ့မလားတောင် မသိဘူး"

လင်းယွမ်က ရယ်မောရင်း ပြန်ပြောလိုက်သည်။

"သန္ဓေပြောင်းငါးတောင် စားလို့ရသေးတာပဲ... သန္ဓေပြောင်းပုစွန်ထုပ်က ဘာလို့ မရရမှာလဲ... တော်ကြာနေ ကျောက်ခိုင် မင်းမစားဘူးဆိုရင် သားသတ်ရုံဘက်ကို ပို့လိုက်... အစားအသောက်တန်းက စားဖိုဆောင်မှာ ဒီည ဟင်းတစ်ခွက် တိုးပေးလိုက်... မာလာပုစွန်ထုပ်လုပ်ရင် ရောင်းကောင်းမယ့်ပုံပဲ"

ကျောက်ခိုင်က ထိုစကားကြားလျှင် ဟားတိုက်ရယ်မောလိုက်လေသည်။ တင်းယန်လည်း လိုက်၍ ရယ်မောလိုက်သည်။

လင်းယွမ်သည် သန္ဓေပြောင်း သတ္တဝါအသားများကို မစားဘဲ စနစ်၏ ကံစမ်းမဲမှ ရရှိသော အစားအစာများကိုသာ စားသုံးလေ့ရှိသည်။ တင်းယန်သည်လည်း လင်းယွမ်နှင့်အတူ နေထိုင်ပြီးနောက်ပိုင်း ထိုအကျင့် ပါလာခဲ့သည်။

ကျောက်ခိုင်နှင့် အခြားသူများကမူ လင်းယွမ်ကို အားကျအတုခိုးကာ သန္ဓေပြောင်း သတ္တဝါအသားများကို မစားဟု အတိအလင်း မပြောသော်လည်း စိတ်ထဲတွင်တော့ အနည်းငယ် ရွံရှာနေမိကြသည်။

အဘယ်ကြောင့်ဆိုသော် တောထဲရှိ သန္ဓေပြောင်း သတ္တဝါများသည် လူသားများကို စားဖူးခြင်း ရှိမရှိ မသိနိုင်သောကြောင့် မစားဘဲနေနိုင်လျှင် မစားခြင်းက ပိုကောင်းပေသည်။

"အစ်ကိုလင်း... အခု ဘယ်လိုလုပ်ကြမလဲ"

လင်းယွမ်က ပုစွန်ထုပ်ကြီးကို သိမ်းဆည်းလိုက်ပြီး ရေပြင်ကျယ်ကြီးကို လှမ်းမျှော်ကြည့်လိုက်သည်။ ကျောက်ခိုင်နှင့် တင်းယန်တို့လည်း ရေပြင်ကို လိုက်ကြည့်မိကြသည်။

ယခု မိုင်အနည်းငယ်သာ ဝေးသော မိန်တောင်ကို အနီးကပ် လှမ်းကြည့်လိုက်သည့်တိုင် အတော်လေး လှမ်းနေသေးသည်ကို တွေ့ရသည်။

ရေအောက်ထဲတွင် အထူးတလည် အစွမ်းထက်သော သန္ဓေပြောင်း သတ္တဝါများ ရှိနေမလားဆိုသည်ကို မသိနိုင်သဖြင့် ကျောက်ခိုင်က လင်းယွမ်ကို မေးမြန်းလိုက်ခြင်း ဖြစ်သည်။

လင်းယွမ်က ပြောလိုက်သည်။

"ပတ်ဝန်းကျင်ကို အရင် လေ့လာကြည့်ကြတာပေါ့... တကယ်လို့ မိန်တောင်ကို သွားမယ်ဆိုရင်တောင် ငါတစ်ယောက်တည်း အရင်သွားကြည့်မှ ဖြစ်မယ်"

ကျောက်ခိုင်နှင့် ရန်မေတို့ နှစ်ယောက်လုံး မျက်မှောင်ကြုတ်သွားကြသည်။

"အစ်ကိုလင်း... ခဏလောက် စောင့်ကြည့်ပါဦးလား... အခုမှ ထိုက်ယန်တောင် ခိုလှုံရေးစခန်းက တည်ဆောက်ခါစ ရှိသေးတာ... အရာအားလုံး လမ်းကြောင်းမှန်ပေါ် ရောက်ခါစဆိုတော့ အစ်ကိုလင်း ဦးစီးမှ ဖြစ်မှာ"

တင်းယန်ကလည်း ဝင်ပြောသည်။

"ဟုတ်တယ် လင်းယွမ်... ဒီကိစ္စက အလောတကြီး လုပ်စရာမလိုပါဘူး... ရန်မေရဲ့ မိဘတွေ မိန်တောင်မှာ ရှိနေသေးသရွေ့တော့ သေချာပေါက် ရှာတွေ့မှာပါ"

"ပြီးတော့ နောက်ထပ် ဒီရေလှိုင်း လာဖို့ကလည်း သိပ်မလိုတော့ဘူး... ရှင်သာ ထွက်သွားရင် လူတွေအားလုံး စိတ်မအေး ဖြစ်ကျန်ရစ်ခဲ့မှာ"

လင်းယွမ် စိတ်ထဲတွင် တွက်ချက်ကြည့်လိုက်ရာ နောက်တစ်ကြိမ် ဒီရေလှိုင်း လာရောက်ရန် ရက်အနည်းငယ်သာ လိုတော့ကြောင်း သတိရသွားပြီး ပြုံးလိုက်သည်။

"ဒီရေလှိုင်း ကိစ္စကိုတောင် မေ့နေတော့မလို့... ဒါဆိုလည်း ခဏ စောင့်လိုက်ကြတာပေါ့... ထိုက်ယန်တောင်ဘက်မှာလည်း လက်စသတ်စရာ ကိစ္စတချို့ ရှိနေသေးတာနဲ့ အတော်ပဲ"

တင်းယန်က စပ်စုလိုက်သည်။ "ဘာကိစ္စတွေမို့လို့လဲ"

"အရိုးလှံပင့်ကူကြီးကို မရှင်းရသေးဘူးလေ... ရွှေနက်မျောက်ဝံကြီးကိုလည်း ဆက်ပြီး လေ့ကျင့်ပေးရဦးမယ်"

"ဒီတောင်ပေါ်မှာ တခြား အရွယ်အစားကြီးတဲ့ သန္ဓေပြောင်း သတ္တဝါကြီးတွေ ရှိမရှိလည်း မသိရသေးဘူး... ဒီရက်ပိုင်း မင်းတို့ ကင်းလှည့်ရင် သေချာလေး ရှာဖွေကြည့်ကြ"

တင်းယန်နှင့် ကျောက်ခိုင်တို့မှာ ထိုစကားကို ကြားလျှင် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီး စိတ်လှုပ်ရှားသွားကြသည်။

လင်းယွမ်၏ အစွမ်းကို မြင်တွေ့ထားရသဖြင့် လင်းယွမ်သာ ထိုက်ယန်တောင် တစ်ခုလုံးကို ပေါင်းစည်းမည်ဆိုလျှင် လုံးဝ ပြဿနာမရှိနိုင်ကြောင်း သူတို့ ယုံကြည်လိုက်ကြသည်။

အစွမ်းထက်သော သန္ဓေပြောင်း သတ္တဝါကြီးများကို ရှင်းလင်းပြီးသည်နှင့် တပြိုင်နက် ထိုက်ယန်တောင် တစ်ခုလုံးသည် လူသားများ၏ နယ်မြေ ဖြစ်လာပေလိမ့်မည်။ အစွမ်းနိမ့်သော သန္ဓေပြောင်း သတ္တဝါများကိုမူ တောင်ပေါ်တွင် သူ့အလိုလို ပေါက်ပွားစေလိုက်ရုံသာ ရှိသည်။

ကင်းလှည့်အဖွဲ့များနှင့် မုဆိုးများသည် တောင်ပေါ်သို့ စိတ်ကြိုက်တက်၍ အမဲလိုက်နိုင်ကြမည် ဖြစ်ပြီး အန္တရာယ်ကြီးမားမည်ကိုလည်း စိုးရိမ်စရာ မလိုတော့ပေ။

နောင်တွင် ထိုက်ယန်တောင် တစ်ခုလုံးသည် သူတို့၏ အမဲလိုက်ကွင်းပြင်ကြီး ဖြစ်လာပေလိမ့်မည်။

ထိုက်ယန်တောင် ခိုလှုံရေးစခန်းသည် နာမည်နှင့်လိုက်ဖက်သော ခိုလှုံရာစခန်းတစ်ခု အစစ်အမှန် ဖြစ်လာတော့မည် ဖြစ်ပြီး လူသားများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်မည့် အရာများ ရှိတော့မည် မဟုတ်ပေ။

ထို့အပြင် တောအုပ်ထဲမှ သန္ဓေပြောင်း သတ္တဝါများကို ရှင်းလင်းပြီးပါက ပင်လယ်ရေတက်ချိန်တွင်လည်း သိပ်ပြီး ကြောက်လန့်နေစရာ မလိုတော့ပေ။

ကမ်းပေါ်သို့ တက်လာကြမည့် ပင်လယ်နေ သန္ဓေပြောင်း သတ္တဝါများသည် တောအုပ်ထဲသို့ ဝင်ရောက်လာကြမည် မဟုတ်ဘဲ မြစ်ကမ်းပါး အနီးတစ်ဝိုက်တွင်သာ လှည့်လည်သွားလာနေကြမည် ဖြစ်သည်။

ထို့ကြောင့် ယခင်က ရေတက်ချိန်တွင် ခိုလှုံရေးစခန်း အသီးသီးမှ ကြောက်လန့်ခဲ့ကြသည်မှာ တောအုပ်ထဲမှ ထွက်ပြေးလာကြသော သားရဲလှိုင်းတံပိုးများကိုပင် ဖြစ်သည်။

သို့သော် ယခု လင်းယွမ် ရှိနေပြီ ဖြစ်သောကြောင့် သူသည် ပြီးခဲ့သည့် တစ်လတာ ကာလအတွင်း ထိုက်ယန်တောင် နေရာအနှံ့အပြားတွင် အန္တရာယ်ရှိသော သန္ဓေပြောင်း သတ္တဝါကြီးများကို လိုက်လံသတ်ဖြတ်ခဲ့ရာ သန္ဓေပြောင်း သတ္တဝါ အရေအတွက်မှာ များစွာ လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။

ထို့အပြင် ကင်းလှည့်အဖွဲ့များက နေ့စဉ် ကင်းလှည့်နေကြသလို အစွမ်းပိုင်ရှင်များကလည်း ကိုယ်ပိုင် အမဲလိုက်အဖွဲ့များ ဖွဲ့စည်းကာ တောင်ပေါ်သို့ တက်၍ အမဲလိုက်နေကြသည်။

ထိုက်ယန်တောင်တစ်ခုလုံးရှိ သန္ဓေပြောင်း သတ္တဝါများသည် လျင်မြန်စွာ လျော့နည်းလာခဲ့ရာ ယခုတစ်ကြိမ် ရေတက်ချိန်တွင် တောအုပ်ထဲမှ ထွက်ပြေးလာမည့် သန္ဓေပြောင်း သတ္တဝါ အရေအတွက်မှာ များစွာ လျော့နည်းသွားနိုင်ပြီး သားရဲလှိုင်းတံပိုး ဖြစ်ပေါ်လာရန် ခဲယဉ်းပေလိမ့်မည်။

သို့သော် အမှန်တကယ် မည်သို့ဖြစ်လာမည် ဆိုသည်ကိုတော့ ရေတက်သည့်နေ့ကျမှသာ သိရှိနိုင်မည် ဖြစ်သည်။

ထို့နောက်တွင် လင်းယွမ်သည် တင်းယန်၊ ကျောက်ခိုင်တို့နှင့်အတူ ထိုက်ယန်တောင် အနောက်ဘက်ခြမ်းရှိ မြစ်ကမ်းပါးတစ်လျှောက်တွင် ကင်းလှည့် ရှာဖွေလိုက်ကြသည်။

ဤနေရာသည် ယခင် ခိုလှုံရေးစခန်းကြီး (၄) ခုက အန္တရာယ်များသော ဧရိယာအဖြစ် သတ်မှတ်ထားသော နေရာဖြစ်သော်လည်း လင်းယွမ်အတွက်မူ လူမရှိသော အရပ်သို့ ဝင်ရောက်သွားသကဲ့သို့ပင် လွတ်လပ်လွယ်ကူလှသည်။

ယခုအချိန်တွင် သူ၏ အရည်အချင်းမှတ် အားလုံး အကန့်အသတ်ကို ရောက်နေပြီဖြစ်ရာ ထိုက်ယန်တောင်တစ်ခုလုံးရှိ သန္ဓေပြောင်း သတ္တဝါများထဲတွင် သူ့ကို ခြိမ်းခြောက်နိုင်မည့်အရာ မရှိသလောက်ပင် ဖြစ်နေပြီ ဖြစ်သည်။

သို့သော် ရေကြီးနေသော နေရာများသို့ သွားရောက်မည် ဆိုပါက ပိုမိုကြောက်မက်ဖွယ်ကောင်းသော အရာများနှင့် တွေ့ကြုံရနိုင်ပေသည်။

ယခင်က မိန်တုဥယျာဉ်ကို တိုက်ခိုက်ခဲ့သော ရေဘဝဲကြီး၏ အစွမ်းက ထူလုံ၊ ဝူမုန့်တို့၏ အစွမ်းထက် သာလွန်ကြောင်း လင်းယွမ် ခန့်မှန်းမိသည်။

သို့သော် ထိုကဲ့သို့သော ရေဘဝဲကြီးသည်ပင်လျှင် အဆုံးအစမဲ့ ကျယ်ပြောလှသော သမုဒ္ဒရာရေပြင်ကြီးထဲတွင် အောက်ဆုံးအဆင့်လောက်သာ ရှိပေလိမ့်မည်။

"ပင်လယ်ထဲမှာ အမှတ် ၅၀ ကျော်ပြီး မျိုးရိုးဗီဇမြေပုံ ပွင့်သွားတဲ့ သန္ဓေပြောင်း သတ္တဝါတွေ ရှိနေမလား မသိဘူး"

"သေချာပေါက် ရှိမှာပဲ"

လင်းယွမ် စိတ်ထဲတွင် ထင်ကြေးပေးလိုက်မိသည်။

ပင်လယ်ပြင်သည် အဆုံးအစမဲ့ ကျယ်ပြောလှပြီး သန္ဓေပြောင်း သတ္တဝါများ မည်သည့်အချိန်ကတည်းက စတင်၍ ဆင့်ကဲပြောင်းလဲနေသည်ကို မသိနိုင်ပေ။

လူသားများကမူ ဤလမ်းကြောင်းပေါ်သို့ ရောက်ရှိလာသည်မှာ အလွန်နောက်ကျလွန်းလှသည်။

"ကြည့်ရတာ မျိုးရိုးဗီဇမြေပုံကို ဖွင့်ဖို့အတွက် ငါလည်း ရေပြင်ကျယ်ကြီးထဲကို သွားပြီး မျိုးရိုးဗီဇမျိုးစေ့ကို ရှာဖွေရမယ့်ပုံပဲ"

လင်းယွမ်သည် မျိုးရိုးဗီဇမြေပုံ ဖွင့်လှစ်ရန်အတွက် အချိန်တစ်ခုကြာ တစ်နေနိုင်ကြောင်း ကြိုတင်တွေးဆထားပြီး ဖြစ်သည်။

အကယ်၍ သူသာ အမှတ် တစ်သန်း စုဆောင်းနိုင်ခဲ့မည် ဆိုလျှင် မျိုးရိုးဗီဇမျိုးစေ့ကို လိုက်ရှာစရာမလိုဘဲ တိုက်ရိုက် ကံစမ်းမဲနှိုက်၍ ရယူနိုင်ကောင်း ရယူနိုင်ပေလိမ့်မည်။

သို့သော် အမှတ် တစ်သန်း စုဆောင်းရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ဘဲ အချိန်ယူ စုဆောင်းရမည် ဖြစ်သည်။

အဓိကအချက်မှာ အမှတ် တစ်သန်းတန် ကံစမ်းမဲဘီးတွင်လည်း သတ်မှတ်ထားသော အရာကို ရွေးချယ်နှိုက်ယူမှသာ မျိုးရိုးဗီဇမျိုးစေ့ကို ရရှိနိုင်မည့် အခြေအနေ ရှိနေသည်။

ထို့အပြင် မျိုးရိုးဗီဇမျိုးစေ့တွင်လည်း အမျိုးအစားများစွာ ရှိနေသည့်ပုံ ပေါ်သဖြင့် သူလိုချင်သော အသွင်ပြောင်းမျောက်ဝံမိစ္ဆာ ၏ မျိုးရိုးဗီဇမျိုးစေ့ကို ရရှိရန်အတွက် သတ်မှတ်ချက် ခေါင်းစဉ်များကို ထပ်မံဖြည့်စွက်ရဦးမည် ဖြစ်သည်။

အမှတ် တစ်သိန်းတန် ကံစမ်းမဲဘီးတွင် သတ်မှတ်ချက် ခေါင်းစဉ်တစ်ခု ထပ်ဖြည့်တိုင်း အမှတ် တစ်သောင်း ထပ်မံပေးရသည်။

လင်းယွမ်၏ ခန့်မှန်းချက်အရ အမှတ် တစ်သန်းတန် ကံစမ်းမဲဘီးတွင် သတ်မှတ်ချက် ခေါင်းစဉ်တစ်ခု ဖြည့်စွက်ရန်အတွက် အမှတ် တစ်သိန်းခန့် ပေးရနိုင်လေသည်။

ဆိုလိုသည်မှာ သူ အမှတ် တစ်သန်း စုဆောင်းနိုင်လျှင်ပင် လုံလောက်ချင်မှ လုံလောက်မည် ဖြစ်သည်။

"အပြင်မထွက်ဖြစ်ဘူး ဆိုရင်လည်း ခိုလှုံရေးစခန်းကို ဦးစီးရင်းနဲ့ အမှတ်တွေကို ဖြည်းဖြည်းချင်း စုဆောင်းရမှာပဲ"

လင်းယွမ် စိတ်သက်သာရာ ရသွားသည်။ တော်သေးသည်က သူ့တွင် ကံစမ်းမဲစနစ် ရှိနေခြင်းပင်။ ရေပြင်ကျယ်ကြီးထဲသို့ သွားရောက်ပြီး အသက်စွန့် ရှာဖွေစရာ မလိုခြင်းက ကံကောင်းခြင်းပင် ဖြစ်သည်။

အချိန်သာ လုံလောက်ပါက သူ အမှတ် တစ်သန်း စုဆောင်းနိုင်မည့် နေ့ရက် ရောက်လာမည်ဟု ယုံကြည်ထားသည်။

"ငါ့ရဲ့ လက်ရှိစွမ်းရည်နဲ့ဆိုရင် သာမန်အစွမ်းပိုင်ရှင်တွေကြားမှာ ပြိုင်ဘက်ကင်းနေပြီ"

"လက်ရှိမှာ အရည်အသွေးမှတ်တွေကို ထပ်တိုးမြှင့်လို့ မရတော့ပေမယ့် အစွမ်းတွေကို တူးဆွလေ့လာတာတွေ၊ သင်္ကေတ ပညာရပ်တွေကို လေ့လာတာတွေက ငါ့ရဲ့ တိုက်ခိုက်ရေး နည်းလမ်းတွေကို ပိုပြီးများပြားလာစေနိုင်တယ်"

"ငါ့ရဲ့ အစွမ်းက ဒီနည်းလမ်းတွေနဲ့ ဆက်ပြီး တိုးတက်နေနိုင်သေးတယ်"

လင်းယွမ်က မိမိကိုယ်ကို အစီအစဉ်အချို့ ချမှတ်လိုက်သည်။ သူသည် ရပ်တန့်နေခြင်း မဟုတ်ဘဲ အခြားသော တိုးတက်မည့် နည်းလမ်းများ ရှိနေသေးသည်။

သူတို့တတွေ မီးဝါးတောသို့ ပြန်ရောက်လာကြသည်။ မီးဝါးတော နေရာအနှံ့တွင် ကျောက်အိမ်များ၊ သစ်သားအိမ်များ ဆောက်လုပ်နေကြသည်ကို တွေ့ရသည်။

လူတိုင်းက ဈေးဝယ်စင်တာနှင့် နီးသော နေရာတွင် နေချင်ကြသည်။

သို့သော် လင်းယွမ်က ထိုအချက်ကို ကြိုတင်တွက်ဆထားပြီး ဖြစ်သဖြင့် မီးဝါးတော ဧရိယာအတွင်းတွင် ခွင့်ပြုချက်မရှိဘဲ အိမ်ဆောက်လုပ်ခြင်း မပြုရန် စောစီးစွာကပင် တားမြစ်ထားခဲ့သည်။

လူများ အိမ်ဆောက်ချင်ပါက မီးဝါးတော အပြင်ဘက်၊ ကားလမ်းမတစ်လျှောက် ဆောက်လုပ်ထားသော ခြံစည်းရိုးတံတိုင်းတလျှောက်တွင်သာ ဆောက်လုပ်ခွင့် ရှိသည်။

ကံကောင်းသည်မှာ လူဦးရေ တစ်ထောင်ကျော်သာ ရှိသဖြင့် နေရာ အများအပြား မလိုအပ်လှပေ။ လူအများစုမှာ နှစ်ထပ်၊ သုံးထပ် သို့မဟုတ် လေးထပ် သစ်သားအိမ်များကိုသာ ရွေးချယ်ဆောက်လုပ်ကြသည်။

အောက်ဆုံးထပ်ကို ရေငွေ့ဒဏ်ခံနိုင်ရန် အလွတ်ထားပြီး ထင်းခြောက်များ သိုလှောင်ကြကာ ဒုတိယထပ်နှင့် တတိယထပ်များတွင်သာ လူနေထိုင်ကြသည်။

ကားလမ်းမဘေးရှိ ခြံစည်းရိုးတံတိုင်းမှာလည်း ပိုမိုရှည်လျားလာပြီး လင်းယွမ်တို့၏ ဝါးအိမ်နှင့် အနီးဆုံးနေရာတွင်သာ ဝင်ပေါက်ကြီးတစ်ခု ချန်လှပ်ထားသည်။

ထိုဝင်ပေါက်ကြီးအောက်တွင် လင်းယွမ်တို့၏ ဝါးအိမ်ဆီသို့ တောက်လျှောက်သွားနိုင်သော ကျောက်ပြားခင်း လမ်းမကြီးတစ်ခုကို ဖောက်လုပ်ထားသည်။

အိမ်ရာဆောက်လုပ်မှုများကို လင်းယွမ်က သေချာစွာ စီမံကိန်းချထားသဖြင့် မြေနေရာ အလေအလွင့် မရှိစေရပေ။

ထိုက်ယန်တောင်သည် အကန့်အသတ်ရှိသော နေရာတစ်ခုဖြစ်သဖြင့် နောင်တွင် လူဦးရေ ထပ်မံလက်ခံမည် ဆိုပါက ယခုကတည်းက မြေတစ်လက်မ ရွှေတစ်ကျပ် ဟူသော အသိစိတ်ဖြင့် စီမံထားမှ ဖြစ်ပေမည်။

ကျောက်တွင်းမှ ညိုတာ့မင် အပါအဝင် အလုပ်သမားများသည်လည်း လက်ထဲတွင် စွမ်းအင်ကျောက်တုံး အနည်းငယ် စုဆောင်းမိလာသဖြင့် မီးဝါးတောဘက်တွင် အိမ်များ လာရောက်ဆောက်လုပ်ထားကြသည်။

အိမ်ဆောက်လုပ်ထားသော်လည်း ဤနေရာတွင် လာရောက်နေထိုင်ကြသည်တော့ မဟုတ်ပေ။ သူတို့သည် ကျောက်တူးဖော်ရန် လိုအပ်သဖြင့် ကျောက်တွင်းတွင်သာ အနေများကြပြီး တစ်ပတ်လျှင် စွမ်းအင်ကျောက်တုံး လုံလောက်စွာ စုဆောင်းမိမှသာ ဤနေရာသို့ လာရောက်ပြီး တစ်ညအိပ် ရပ်နားကြခြင်း ဖြစ်သည်။

စွမ်းအင်ကျောက်တုံးများကို ရောင်းချပြီး ဈေးဝယ်စင်တာတွင် ဈေးဝယ်ထွက်ကာ ကျောက်တွင်းသို့ ပြန်လည်သွားရောက် အလုပ်လုပ်ကိုင်ကြသည်။

ထိုပုံစံမှာ မြို့ကြီးများသို့ တက်ကာ အလုပ်လုပ်ကိုင်သော ပုံစံမျိုးနှင့် ဆင်တူနေသည်။

သို့သော် ကျောက်တွင်းနှင့် မီးဝါးတောမှာ သိပ်မဝေးလှဘဲ သာမန်လူတစ်ယောက် လမ်းလျှောက်လျှင် တစ်နာရီခန့်သာ ကြာမြင့်လေသည်။

ယခုအခါ လူအများအပြားက ကျောက်တွင်းတွင် စီးပွားရေး လာရောက်လုပ်ကိုင်ကြပြီး စားသောက်ဆိုင်များ ဖွင့်လှစ်ကြသဖြင့် ကျောက်တွင်းဘက်တွင်လည်း စည်ကားလာကာ အိမ်ဆောက်လုပ်သူ များပြားလာသည်။

တဖက်တွင်မူ ယခင်က စည်ကားခဲ့သော ဖုန်းဟွမ်ဘုရားကျောင်း၊ သိုင်းဘုရင်ဂေဟာနှင့် မိန်ဟိုင်ဥယျာဉ်တို့မှာ လုံးဝ တိတ်ဆိတ်ခြောက်ကပ်သွားခဲ့ပြီ ဖြစ်သည်။

နေ့စဉ် ကင်းလှည့်သော ကင်းအဖွဲ့များ သွားရောက် အနားယူသည်မှလွဲ၍ ထိုနေရာများသို့ မည်သူမျှ သွားရောက်ခြင်း မရှိကြတော့ပေ။

ခြုံပြောရလျှင် ထိုက်ယန်တောင် ခိုလှုံရေးစခန်းသည် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသည်။

ယခုလက်ရှိ ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှ လူများသည် မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေကြပြီး လွန်ခဲ့သော တစ်လခန့်က ထိုင်းမှိုင်းလေးလံနေသော အခြေအနေနှင့် လုံးဝ ခြားနားသွားခဲ့ပြီ ဖြစ်သည်။

ထိုအရာအားလုံးသည် လင်းယွမ်က သူတို့အတွက် ယူဆောင်ပေးလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လူများ၏ စိတ်ထဲတွင် လင်းယွမ်၏ အရှိန်အဝါနှင့် ဂုဏ်သိက္ခာမှာ နေ့စဉ်နှင့်အမျှ မြင့်မားလာနေသည်။

ထိုနေ့တွင် လင်းယွမ်သည် ရွှေနက်မျောက်ဝံကြီး၏ ပခုံးပေါ်တွင် ထိုင်လိုက်သည်။

ရွှေနက်မျောက်ဝံကြီး၏ ဘေးတွင် ၆ ပေကျော်၊ ၇ ပေနီးပါး မြင့်သော ရွှေနက်မျောက်ဝံ အငယ်စားလေးတစ်ကောင် ရှိနေသည်။

ထိုကောင်လေးမှာ ရွှေနက်မျောက်ဝံကြီး၏ သားပေါက်လေး ရှောင်ဟိုင် ဖြစ်သည်။

ရှောင်ဟိုင်က ရွှေနက်မျောက်ဝံကြီး၏ ပေါင်ကို လှမ်းဖက်ကာ အပေါ်သို့ တက်ပြီး လင်းယွမ်နှင့် အတူတူ ထိုင်ချင်နေသည်။ ရွှေနက်မျောက်ဝံကြီးက စိတ်မရှည်သဖြင့် ရှောင်ဟိုင်ကို လက်ဖြင့် ဖမ်းဆွဲကာ သူ့ပခုံးပေါ်သို့ တင်ပေးလိုက်သည်။

ရှောင်ဟိုင်မှာ သွားဖြီးကာ ရယ်မောလိုက်ပြီး လင်းယွမ်၏ ဘေးသို့ ပြေးကပ်သွားသည်။ ၎င်းသည် ယခုအခါ ၆ ပေကျော်၊ ၇ ပေနီးပါး မြင့်မားနေပြီဖြစ်ရာ လင်းယွမ်ထက်ပင် အရပ်အမောင်း ပိုမိုမြင့်မားနေပြီ ဖြစ်သည်။

သို့သော် လင်းယွမ်၏ ဘေးသို့ ရောက်သောအခါ လိမ်လိမ်မာမာပင် ထိုင်ချလိုက်ပြီး လင်းယွမ်၏ ပေါင်ကို ဖက်ကာ ခါးကို ခေါင်းဖြင့် ပွတ်သပ်ရင်း ချွဲနွဲ့နေလေသည်။

လင်းယွမ်က ပြုံးရင်း ရှောင်ဟိုင်၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ကာ ပစ္စည်းသိုလှောင်ခန်းထဲမှ ငှက်ပျောသီးတစ်ဖီး ထုတ်ပေးလိုက်သည်။

မည်သို့ပင် သန္ဓေပြောင်းလဲသွားပါစေ... မျောက်ဝံမျိုးနွယ်များသည် ငှက်ပျောသီး ကြိုက်နှစ်သက်သော အကျင့်မှာ ပျောက်ပျက်မသွားပေ။

ရှောင်ဟိုင်က ငှက်ပျောသီးကို ရလိုက်သည်နှင့် တခွီးခွီး ရယ်မောလိုက်ပြီး အခွံနွှာကာ တစ်လုံး စားလိုက်သည်။ ထို့နောက် နောက်တစ်လုံးကို အခွံနွှာလိုက်ပြီး ကိုယ်တိုင်မစားဘဲ လင်းယွမ်အား လှမ်းပေးလိုက်သည်။

လင်းယွမ်က ပြုံး၍ ငှက်ပျောသီးကို လှမ်းယူလိုက်သည်။

ထို့နောက်မှ ရှောင်ဟိုင်က နောက်တစ်လုံး ထပ်မံ အခွံနွှာလိုက်ပြီး ပါးစပ်ထဲ ထည့်ရန် ပြင်လိုက်သည်။

ထိုစဉ် ရွှေနက်မျောက်ဝံကြီးက ခေါင်းလှည့်ကြည့်လိုက်ပြီး မျက်လုံးအဝိုင်းသားဖြင့် ရှောင်ဟိုင်ကို စိုက်ကြည့်နေလေသည်။

ရှောင်ဟိုင်က ချက်ချင်းပင် ငှက်ပျောသီးကို ဖက်ထားလိုက်ပြီး သွားဖြီးပြလိုက်သည်။ ရွှေနက်မျောက်ဝံကြီး၏ နှာခေါင်းပေါက်မှ လေပူများ မှုတ်ထုတ်လိုက်ရာ လေပူလှိုင်းကြောင့် ရှောင်ဟိုင်ခမျာ ယိမ်းယိုင်သွားသည်။

ရှောင်ဟိုင်၏ မျက်နှာတွင် ကြောက်ရွံ့သော အမူအရာ ပေါ်လာပြီး မတတ်သာသည့်အဆုံး ငှက်ပျောသီးတစ်လုံးကို လှမ်းပေးလိုက်ရသည်။

ရွှေနက်မျောက်ဝံကြီးက ပါးစပ်ဟကာ ပစ်ထည့်လိုက်သည်။ ထိုငှက်ပျောသီးသေးသေးလေးမှာ သူ့အတွက် နှမ်းစေ့လောက်ပင် မရှိသော်လည်း အရသာခံကာ ဝါးစားနေလေသည်။

လင်းယွမ်သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ သူ ယခုတစ်ခေါက် ထွက်လာခြင်းသည် ရွှေနက်မျောက်ဝံကြီးကို လေ့ကျင့်ပေးရန်အပြင် ပို၍ အရေးကြီးသော ကိစ္စမှာ အရိုးလှံပင့်ကူကြီးကို ရှာဖွေရန် ဖြစ်သည်။

"ဒီ အရိုးလှံပင့်ကူကြီးက ထိုက်ယန်တောင်တစ်ခုလုံးမှာ ခိုလှုံရေးစခန်းကို ခြိမ်းခြောက်နိုင်တဲ့ တစ်ခုတည်းသော သတ္တဝါပဲ"

"ဒီကောင်ကြီးကို သတ်ပြီးသွားရင် ထိုက်ယန်တောင် ခိုလှုံရေးစခန်းက ဒီတောင်ပေါ်မှာ အမြင့်ဆုံး သတ္တဝါအုပ်စု ဖြစ်သွားပြီ"

"ဒါမှပဲ ငါ စိတ်ချလက်ချ ခရီးထွက်နိုင်မှာ... ထိုက်ယန်တောင်ကို ကျောက်ခိုင်တို့လက်ထဲ စိတ်ချလက်ချ အပ်ထားခဲ့နိုင်မှာ"

"ဒါပေမဲ့ ထူးဆန်းတယ်... အရင်ရေတက်ချိန် နောက်ပိုင်းကစပြီး ဒီ အရိုးလှံပင့်ကူကြီး ပျောက်ချင်းမလှ ပျောက်သွားတာ တော်တော်လေး ထူးဆန်းနေတယ်"

လင်းယွမ်၏ မျက်နှာတွင် သံသယ အရိပ်အယောင်များ ယှက်သန်းနေသည်။ ကင်းလှည့်အဖွဲ့များ နေ့စဉ် ကင်းလှည့်နေပြီး အရိုးလှံပင့်ကူကြီးကို အဓိကထား ရှာဖွေရန် သူ မှာကြားထားခဲ့သည်။

ဒီရက်ပိုင်းအတွင်း ထိုက်ယန်တောင် တစ်ခုလုံးကို ပြောင်းပြန်လှန်မတတ် ရှာဖွေခဲ့သော်လည်း ပင့်ကူမျှင်ပင် မတွေ့ခဲ့ရပေ။

ဒါက အတော်လေး ထူးဆန်းနေသည်။ အရိုးလှံပင့်ကူကြီးသည် သေးငယ်သော သန္ဓေပြောင်း သတ္တဝါ မဟုတ်ပေ။

၎င်း၏ ခန္ဓာကိုယ် အရွယ်အစားမှာ ကြီးမားလှပြီး မတ်တတ်ရပ်လိုက်လျှင်ပင် နှစ်ထပ်တိုက်လောက် အမြင့်ရှိရာ မည်သို့ဖြစ်၍ ခြေရာလက်ရာမကျန် ပျောက်ဆုံးသွားနိုင်ရသနည်း။

သို့သော် အဖြစ်အပျက်မှာ ထိုသို့ပင် ထူးဆန်းနေသည်။ သူကိုယ်တိုင် တောထဲတွင် ၃-၄ ရက် ဆက်တိုက် ရှာဖွေခဲ့ပြီး နေ့တိုင်း ရွှေနက်မျောက်ဝံကြီးကို ခေါ်ဆောင်ကာ တောနင်းရှာဖွေခဲ့သော်လည်း အစအနပင် မတွေ့ခဲ့ရပေ။

"ရွှပ်... ရွှပ်"

တောအုပ်ထဲမှ ခြေသံအဆောတလျင် ထွက်ပေါ်လာပြီး ခြုံပုတ်များကို တိုးဝှေ့လာသော အသံ ကြားလိုက်ရသည်။

မကြာမီ ကျိဖုန်း ထွက်ပေါ်လာသည်။

သူက ရွှေနက်မျောက်ဝံကြီးနှင့် ကိုက် ၃၀-၄၀ အကွာတွင် ရပ်တန့်လိုက်ပြီး ကြီးမားလှသော မျောက်ဝံကြီးကို မော့ကြည့်ကာ တံတွေး တစ်ချက် မျိုချလိုက်မိသည်။ ထို့နောက် အော်ပြောလိုက်သည်။

"ဆရာလင်း... အဖွဲ့(၄) က အရိုးလှံပင့်ကူကြီးရဲ့ ခြေရာလက်ရာကို တွေ့ထားပါပြီ"

လင်းယွမ်က ရွှေနက်မျောက်ဝံကြီးကို ပုတ်လိုက်ပြီး ရပ်တန့်ရန် အချက်ပြလိုက်သည်။

ရွှေနက်မျောက်ဝံကြီးမှာ အလွန် ယဉ်ပါးနေပြီဖြစ်သဖြင့် ချက်ချင်းပင် နေရာ၌ ရပ်တန့်လိုက်သည်။

လင်းယွမ်က မေးလိုက်သည်။ "ဘယ်နားမှာလဲ"

"ကိုးဝူမျှော်စင်မှာပါ" ကျိဖုန်းက အော်ပြောလိုက်သည်။

လင်းယွမ် အံ့အားသင့်သွားသည်။ ကိုးဝူမျှော်စင်သည် တောင်ထိပ်တွင် ရှိပြီး ထိုနေရာ၌ သစ်ပင်များ မရှိဘဲ ဟင်းလင်းပြင် ဖြစ်နေရာ အမဲလိုက်စရာ သားကောင်များ မရှိပေ။ အရိုးလှံပင့်ကူကြီးက ထိုနေရာသို့ ဘာသွားလုပ်မည်နည်း။

သူက ချက်ချင်းပင် ပြောလိုက်သည်။ "လမ်းပြ"

"ဟုတ်ကဲ့"

ကျိဖုန်းက အဆောတလျင် လှည့်ထွက်သွားသည်။ သူသည် အလျင်အစွမ်းပိုင်ရှင် ဖြစ်သဖြင့် ခြေထောက်တွင် လေများ ဝေ့သီနေသကဲ့သို့ အလွန် လျင်မြန်စွာ ပြေးထွက်သွားသည်။

လင်းယွမ်က ရွှေနက်မျောက်ဝံကြီးကို တစ်ချက် ပုတ်လိုက်သည်။

ရွှေနက်မျောက်ဝံကြီးက ချက်ချင်းပင် ခြေလှမ်းကျဲကြီးများဖြင့် စတင် ပြေးလွှားလိုက်တော့သည်။

ဤသတ္တဝါကြီးသည် အလျင်အစွမ်း မရှိသော်လည်း အလွန် လျင်မြန်ဖြတ်လတ်လှရာ ပြေးလွှားရာတွင် ကျိဖုန်းထက် မနှေးကွေးလှပေ။

လူတစ်ယောက်နှင့် သတ္တဝါကြီးတစ်ကောင်သည် ကုန်းမြင့်တစ်ခုကို လျင်မြန်စွာ ကျော်ဖြတ်ပြီး ပြိုကျပျက်စီးနေသော ကိုးဝူမျှော်စင်သို့ ရောက်ရှိလာကြသည်။

ကင်းအဖွဲ့(၄) သည် ထိုနေရာတွင် စောင့်ဆိုင်းနေကြပြီး ရွှေနက်မျောက်ဝံကြီး ရောက်လာသည်ကို မြင်သောအခါ အားလုံး၏ မျက်နှာတွင် ကြောက်ရွံ့ထိတ်လန့်သော အရိပ်အယောင်များ ပေါ်လာကြသည်။

သို့သော် မျောက်ဝံကြီး၏ ပခုံးပေါ်တွင် ပါလာသော လင်းယွမ်ကို မြင်လိုက်ရမှ သက်ပြင်းချနိုင်ကြတော့သည်။

"လင်းယွမ်က ရွှေနက်မျောက်ဝံကြီးကို ယဉ်ပါးအောင် လုပ်ထားနိုင်တယ်လို့ ကြားဖူးပေမယ့် တကယ် ဖြစ်နေတာပဲ"

"ဘုရားရေ... ရွှေနက်မျောက်ဝံကြီးလို ကောင်မျိုးကိုတောင် ယဉ်ပါးအောင် လုပ်နိုင်တယ်ဆိုတော့ လင်းယွမ်ရဲ့ အစွမ်းက ဘယ်အဆင့်ထိ ရောက်နေပြီလဲ မသိဘူး"

"ခန့်မှန်းမနေနဲ့တော့... ငါတို့တွေ လင်းယွမ်ရဲ့ အဆင့်ကို ဘယ်တော့မှ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး"

လူအများ ပြောဆိုနေကြစဉ်မှာပင် ကျိဖုန်း ရောက်ရှိလာသည်။

လင်းယွမ်က ရွှေနက်မျောက်ဝံကြီး၏ ဦးခေါင်းကို ပုတ်ပြီး ရပ်ခိုင်းလိုက်သည်။

ရွှေနက်မျောက်ဝံကြီးက တောင်ပေါ်လမ်းတွင် ထိုင်ချလိုက်သည်။

လင်းယွမ်က ခုန်ဆင်းလိုက်ပြီး ရှောင်ဟိုင်လည်း သူ့နောက်မှ ကပ်ပါလာသည်။

ကျိဖုန်းက လျင်မြန်စွာ ပြောလိုက်သည်။ "ဆရာလင်း... ဒီဘက်မှာပါ"

လင်းယွမ်က သူ့နောက်သို့ လိုက်ပါသွားပြီး ဇရပ်ပျက်ကြီးအနီးသို့ ရောက်ရှိသွားသည်။

ဤဇရပ်သည် ပြီးခဲ့သည့် တစ်ခေါက်က ထူလုံနှင့် အခြားသူများ ပူးပေါင်းကာ သူ့ကို တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် နေရာဖြစ်သည်။

ယခုအခါတွင်မူ ဤဇရပ်မှာလည်း တစ်ဝက်ခန့် ပျက်စီးနေပြီဖြစ်ပြီး အုတ်ခဲများ၊ အမိုးကြွပ်များ မြေပြင်ပေါ်သို့ ပြုတ်ကျကာ ကွဲကြေနေသည်။

လင်းယွမ်သည် ဘေးပတ်ဝန်းကျင်ရှိ ကျောက်ပြားခင်းကြမ်းပြင်ပေါ်တွင် လက်သီးဆုပ်အရွယ်အစားခန့်ရှိသော အပေါက်များစွာ ဖြစ်ပေါ်နေသည်ကို သတိထားမိလိုက်သည်။

ထိုအပေါက်များမှာ စိပ်နေပြီး ဆူးချွန်များဖြင့် ထိုးစိုက်ထားသကဲ့သို့ ဖြစ်နေသည်။

လင်းယွမ်က အရိုးလှံပင့်ကူကြီး၏ ကြီးမားသော ခြေထောက်ချွန်များကို ချက်ချင်း ပြေးမြင်မိလိုက်သည်။

"ဆရာလင်း... ဟိုဘက်ကို ကြည့်ပါဦး"

ကျိဖုန်းက အပျက်အစီးပုံများ၏ အပေါ်ဘက်ကို ညွှန်ပြလိုက်သည်။

လင်းယွမ် ကြည့်လိုက်ရာ ထိုနေရာတွင် သံမဏိကြိုးများကဲ့သို့ ထူထဲသော အဖြူရောင် ပင့်ကူမျှင် ကွန်ရက်များကို တွေ့လိုက်ရသည်။

သူက ချက်ချင်းပင် မှတ်မိလိုက်သည်။ ၎င်းတို့မှာ အရိုးလှံပင့်ကူကြီး မှုတ်ထုတ်ထားသော ပင့်ကူမျှင်များ ဖြစ်သည်။

လင်းယွမ်က လျှောက်သွားလိုက်ပြီး ပင့်ကူမျှင်ကို ကိုင်ကြည့်လိုက်သည်။

ပင့်ကူမျှင်များမှာ ကပ်ငြိနိုင်စွမ်း မရှိတော့ပေ။ ဤနေရာတွင် ရှိနေသည်မှာ ကြာမြင့်နေပြီပုံ ရသည်။

ကပ်ငြိနိုင်စွမ်း မရှိတော့သော်လည်း ၎င်း၏ အသားမှာ သံမဏိကြိုးများကဲ့သို့ မာကျောနေဆဲ ဖြစ်သည်။

လင်းယွမ်က မြင့်သောနေရာတွင် ရပ်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ ပင့်ကူမျှင်များသည် စုတ်ပြတ်နေပြီး ဧရိယာအတော်များများတွင် ဖုံးလွှမ်းနေကာ အပျက်အစီးပုံများပေါ်တွင် တင်ကျန်နေသည်။

ထိုနေရာတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည့် လက္ခဏာများ တွေ့ရှိရသည်။

"ဘယ်လို သန္ဓေပြောင်း သတ္တဝါမျိုးက အရိုးလှံပင့်ကူကြီးကို ယှဉ်နိုင်တာလဲ"

"အဓိကအချက်က ကြည့်ရတာ အရိုးလှံပင့်ကူကြီး ရှုံးသွားတဲ့ပုံပဲ"

လင်းယွမ် မယုံနိုင် ဖြစ်နေသည်။ အရိုးလှံပင့်ကူကြီး၏ အစွမ်းအစကို သူ ကိုယ်တိုင် မျက်မြင်ကြုံတွေ့ခဲ့ဖူးသည်။

ယခင်က စိတ်စွမ်းအင် အမှတ် ၃၀ ကျော်ရှိသော သူသည်ပင်လျှင် အရိုးလှံပင့်ကူကြီးနှင့် ရင်ဆိုင်ရသောအခါ ထွက်ပြေးခဲ့ရသည်။ ဤထိုက်ယန်တောင်ပေါ်တွင် အရိုးလှံပင့်ကူကြီးကို ယှဉ်ပြိုင်နိုင်သော သတ္တဝါ ရှိသေးသည်လော။

ထို့အပြင် ဒီရက်ပိုင်း သူ အရိုးလှံပင့်ကူကြီးကို လိုက်ရှာနေသော်လည်း အရိပ်အယောင်မျှ မတွေ့ရခြင်းက အချက်တစ်ချက်ကို ညွှန်ပြနေသည်။ အရိုးလှံပင့်ကူကြီးသည် ထိုက်ယန်တောင်ပေါ်တွင် မရှိနိုင်တော့ပေ။

လင်းယွမ် မျက်မှောင်ကြုတ်လိုက်သည်။

"သေသွားရင်တောင် အလောင်းကျန်ခဲ့ရမှာပေါ့"

"အရိုးလှံပင့်ကူကြီးကို သတ်နိုင်တဲ့ သန္ဓေပြောင်း သတ္တဝါဆိုရင်... ထိုက်ယန်တောင်ပေါ်မှာ ခြေရာလက်ရာ မကျန်ခဲ့ဘဲ မနေနိုင်ဘူး"

"ဒါမှမဟုတ် အဲဒီ သန္ဓေပြောင်း သတ္တဝါက"

"ထိုက်ယန်တောင်ပေါ်က သတ္တဝါ မဟုတ်လို့များလား"

လင်းယွမ်၏ မျက်နှာထား ပြောင်းလဲသွားပြီး ချက်ချင်းပင် ထိုအချက်ကို တွေးမိလိုက်သည်။

ထိုက်ယန်တောင်ပေါ်က သတ္တဝါ မဟုတ်ဘဲ ထိုက်ယန်တောင်သို့ ရောက်ရှိလာကာ အရိုးလှံပင့်ကူကြီးကို သတ်ဖြတ်ပြီးနောက် အလောင်းကိုပါ ယူဆောင်သွားနိုင်သည်ဆိုလျှင်...

ထိုသန္ဓေပြောင်း သတ္တဝါက ဘယ်က ရောက်လာတာလဲ...

လင်းယွမ်၏ ပထမဆုံး အတွေးမှာ ရေထဲမှ ကြီးမားသော သန္ဓေပြောင်း သတ္တဝါကြီးများ ဖြစ်သည်။

သို့သော် ချက်ချင်းပင် ခေါင်းခါလိုက်ပြီး ထိုအတွေးကို ဖျောက်ဖျက်လိုက်သည်။

ရေအောက်မှ သန္ဓေပြောင်း သတ္တဝါများ ဆိုလျှင် တောင်ထိပ်ရှိ ကိုးဝူမျှော်စင်သို့ ရောက်လာစရာ အကြောင်းမရှိပေ။

နောက်တစ်ခဏတွင် လင်းယွမ် တစ်စုံတစ်ခုကို သတိရသွားပြီး ကောင်းကင်ယံထက်သို့ မော့ကြည့်လိုက်မိလေတော့သည်။

ဆက်ရန်...

အပိုင်း(၂၇၀) ငှက်မျိုးနွယ် သန္ဓေပြောင်းသတ္တဝါများကို ခြေရာခံခြင်း

ကောင်းကင်ယံထက်တွင် မိုးများသည် သည်းထန်စွာ ရွာသွန်းနေဆဲ ဖြစ်သည်။

မိုးစက်များသည် ပုလဲလုံးလေးများ ကြိုးပြတ်ကျဆင်းလာသကဲ့သို့ တဖွဲဖွဲ ကျဆင်းနေသည်။

မိုးကုပ်စက်ဝိုင်းတစ်ခုလုံးတွင် မည်းမှောင်နေသော တိမ်တိုက်များ ဖုံးလွှမ်းနေပြီး ထိုထူထဲလှသည့် တိမ်လွှာများ၏ နောက်ကွယ်၌ မည်သည့်အရာများ ရှိနေသည်ကိုမူ မည်သူမျှ မမြင်နိုင်ပေ။

လင်းယွမ်က သူ၏ စိတ်စွမ်းအင်ကို အကာအကွယ်အဖြစ် ဖန်တီးပြီး မိုးဒဏ်လေဒဏ်ကို ကာကွယ်ထားသည်။

သူသည် ခေါင်းမော့ကာ မည်းနက်နေသော ကောင်းကင်ကြီးကို လှမ်းမျှော်ကြည့်လိုက်သည်။

လွန်ခဲ့သည့် နှစ်ဝက်ခန့်ကာလမှစ၍ မိုးသည် အဆက်မပြတ် ရွာသွန်းနေခဲ့ပြီး ကောင်းကင်မှ တိမ်မည်းများသည်လည်း တစ်ခါမှ ကွဲသွားခြင်း မရှိခဲ့ပေ။

လင်းယွမ်၏ ခေါင်းထဲ၌ မိန်တုဥယျာဉ်တွင် ရှိစဉ်က မြင်တွေ့ခဲ့ရဖူးသော စစ်တပ်သုံး ကုန်တင်လေယာဉ်ကြီးတစ်စင်းကို မည်သို့မည်ပုံ ပြန်လည်အမှတ်ရလာသည် မသိချေ။

ထိုကုန်တင်လေယာဉ်သည် တိမ်လွှာများထဲသို့ တိုးဝင်ပျံသန်းသွားခြင်း မဟုတ်ဘဲ အနိမ့်ပိုင်းမှ ပျံသန်းနေခဲ့ကြောင်း သူ ကောင်းစွာ မှတ်မိနေသေးသည်။

သို့သော် တိမ်လွှာများကြားထဲမှ ရှူးပျံသဖွယ် ငှက်ကြီးတစ်ကောင် ရုတ်တရက် ထွက်ပေါ်လာပြီး ထိုလေယာဉ်ကြီးကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်သည်။ ထို့နောက် တိမ်လွှာများထဲသို့ ပြန်လည်တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့လေသည်။

"ပြီးခဲ့တဲ့ ဒီရေတက်ချိန်တုန်းကလည်း ထိုက်ယန်တောင်မှာ အဲဒီလို ငှက်ဆန်းကြီးတွေ ပေါ်လာဖူးတယ်... ဒါပေမဲ့ ပုံမှန်အချိန်တွေဆိုရင် ငါ ဒီတောင်ပေါ်မှာ အဲဒီလို ငှက်မျိုး တစ်ခါမှ မတွေ့ဖူးဘူး"

"သူတို့ရဲ့ အသိုက်တွေ ဘယ်မှာရှိလဲဆိုတာလည်း ငါ တစ်ခါမှ ရှာမတွေ့ခဲ့ဘူး"

"သူတို့က... ကောင်းကင်ပေါ်ကနေများ ဆင်းလာကြတာလား"

လင်းယွမ်၏ ခေါင်းထဲ၌ ရုတ်တရက် အကြံဉာဏ်တစ်ခု လက်ခနဲ ပေါ်လာခဲ့သည်။

ထိုအကြံဉာဏ်ကို တွေးမိလေလေ ပို၍ ဖြစ်နိုင်ချေရှိလေဟု ခံစားလာရသည်။

သို့မဟုတ်ပါက ထိုငှက်ဆန်းကြီးများ အရိပ်အယောင်ပင် မကျန်ရစ်ခဲ့ဘဲ ခြေရာပျောက်သွားတတ်ခြင်းကို ရှင်းပြနိုင်စရာ အကြောင်းမရှိပေ။

သို့သော်... ကောင်းကင်ပေါ်၌ ခြေချစရာ နေရာဟူ၍ မရှိပါဘဲနှင့် ၎င်းတို့သည် မိုးတိမ်များအထက်တွင် မည်သို့ အကြာကြီး နေနိုင်ကြမည်နည်း။

လင်းယွမ်၏ စိတ်ထဲ၌ သံသယများ ပြည့်နှက်နေပြီး အဖြေရှာမရ ဖြစ်နေသည်။

သူသည် ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ဘေးသို့လှည့်ကာ ပြောလိုက်သည်။

"ကျိဖုန်း... ဒီပင့်ကူအိမ်တွေကို သယ်သွားခိုင်းလိုက်... နောက်ကျရင် လူခေါ်ပြီး ပြန်ရက်ခိုင်းရမယ်... ပင်လယ်သတ္တဝါတွေကို ဖမ်းတဲ့အခါကျရင် ပိုက်ကွန်ကြီးအဖြစ် သုံးလို့ရလောက်တယ်"

"ဟုတ်ကဲ့... ဆရာလင်း"

ကျိဖုန်းက လူများကို အလျင်အမြန် ခေါ်ဆောင်လျက် ပင့်ကူအိမ်များကို လိပ်ကာ ထမ်းပိုးသယ်ဆောင်သွားကြသည်။

လင်းယွမ်က ကောင်းကင်ကို မော့ကြည့်ရင်း အတွေးထဲ နစ်မြောနေမိသည်။

ကောင်းကင်အပြည့် ဖုံးလွှမ်းနေသော တိမ်မည်းများကြောင့် ထိုအပေါ်၌ မည်သည့်အရာများ ရှိနေသည်ကို သေချာမမြင်ရပေ။

လင်းယွမ်သည် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ရာ ကျောက်ပြားတစ်ခု၏ အောက်တွင် ဖိမိနေသော မည်းနက်သည့် အစိမ်းရောင် အပြားလိုက် အရာဝတ္ထုတစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည်။

ထိုအရာ၏ အရောင်သည် ပတ်ဝန်းကျင်ရှိ အဆောက်အအုံ အပျက်အစီးများနှင့် လုံးဝ မတူညီပေ။

လင်းယွမ်က ရှေ့သို့တိုးသွားပြီး ထိုအပြားကို ဆွဲထုတ်လိုက်သည်။

လက်ဖြင့် ထိတွေ့လိုက်သည်နှင့် သူ၏ မျက်နှာတွင် အံ့သြသည့် အရိပ်အယောင်များ ပေါ်လာသည်။

"မဟုတ်ဘူး... ဒါ ပလပ်စတစ် မဟုတ်ဘူး"

ထို မည်းနက်သည့် အစိမ်းရောင်အပြားသည် ထိတွေ့ကြည့်ပါက မာကျောသော်လည်း တစ်ဆက်တည်း ဖြစ်မနေပေ။ သံနန်းကြိုးကဲ့သို့သော အမျှင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ကြည့်ရသည်မှာ လေကာမှန်ကဲ့သို့ တစ်လွှာချင်းစီ ထပ်ထားသကဲ့သို့ ဖြစ်နေပြီး ငှက်ပျောရွက်ကြီး တစ်ရွက်နှင့်ပင် တူနေသည်။

လင်းယွမ်က အားစိုက်၍ ဆွဲထုတ်လိုက်ရာ တစ်ခုလုံး ပါလာသည်။

ထိုအခါမှသာ ၎င်းသည် အပြားလိုက် ပစ္စည်းတစ်ခု မဟုတ်ဘဲ ဧရာမ ငှက်မွေးကြီးတစ်ချောင်း ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။

မည်းနက်သော အစိမ်းရောင် ငှက်မွေးကြီးသည် အနည်းဆုံး ၁၀ ပေခန့် ရှည်လျားပြီး တစ်ချောင်းလုံး သံမဏိဓားသွားကဲ့သို့ မာကျောနေသည်။

လင်းယွမ်က ထိုငှက်မွေးကို ဝှေ့ယမ်းလိုက်ရာ လေတိုးသံ တဝုန်းဝုန်းပင် မြည်ဟည်းသွားသည်။

"ရွှပ်"

သူက မြေကြီးပေါ်သို့ ပေါ့ပေါ့ပါးပါး စိုက်ချလိုက်ရာ အပျက်အစီးများကြားရှိ အုတ်ခဲများသည် တို့ဖူးတုံးများကဲ့သို့ပင် လွယ်ကူစွာ ပြတ်တောက်သွားကြသည်။

လင်းယွမ်၏ မျက်နှာတွင် ထိတ်လန့်အံ့သြမှုများ ဖြစ်ပေါ်လာသည်။ "တော်တော် ထက်မြက်ပြီး မာကျောတာပဲ... ဒါက ငှက်မွေးတစ်ချောင်း ဖြစ်နေတာကိုး"

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အတောင်ပံမျိုး ပိုင်ဆိုင်ထားသည့် ငှက်ဆန်းကြီးသည် မည်သို့သော သတ္တဝါမျိုး ဖြစ်မည်ကို သူ စဉ်းစား၍ပင် မရနိုင်တော့ချေ။

"အရိုးလှံပင့်ကူကြီးကို နှုတ်သီးနဲ့ဆိတ်ပြီး ဖမ်းသွားတာ ဒီငှက်မွေးပိုင်ရှင်များလား"

"ငှက်မွေးတစ်ချောင်းတည်းနဲ့တင် ၁၀ ပေလောက် ရှည်နေမှတော့... ဒီ သန္ဓေပြောင်းငှက်ကြီးရဲ့ အရွယ်အစားက ဘယ်လောက်တောင် ကြီးမားနေမလဲ"

လင်းယွမ်က မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏ လက်ရှိ စွမ်းအားနှင့် ထိုငှက်ဆန်းကြီး ယှဉ်ပြိုင်တိုက်ခိုက်လျှင် မည်သူက ပိုသာမည်ကို မခန့်မှန်းနိုင်ပေ။

သူက ငှက်မွေးကြီးကို ပစ္စည်းသိုလှောင်ခန်းထဲသို့ ထည့်လိုက်ပြီး ဤကိစ္စကို စိတ်ထဲ၌ ခေတ္တဖယ်ထားလိုက်သည်။

"ဒီပျံသန်းတဲ့ သတ္တဝါတွေက အလာရော အပြန်ပါ ခြေရာခံရ ခက်တယ်... ဒါပေမဲ့ ဒီရေတက်ချိန်ဆိုရင်တော့ ငှက်ကြီးတွေ အုပ်စုလိုက် ရေစပ်နားကို အစာလာရှာတတ်တယ်... ဒီတစ်ခါ ဒီရေတက်ချိန်ကျရင်တော့ သေချာ စောင့်ကြည့်ရမယ်"

လင်းယွမ်က နည်းလမ်းတစ်ခုကို ချက်ချင်း စဉ်းစားမိလိုက်သည်။ ပြီးခဲ့သည့် ဒီရေတက်ချိန်တုန်းကလည်း ငှက်မျိုးနွယ် သန္ဓေပြောင်းသတ္တဝါ ကြီးများကို သူ တွေ့ခဲ့ဖူးသည်။

ထိုသန္ဓေပြောင်းငှက်များသည် အုပ်စုလိုက် လာရောက်ကြပြီး ဒီရေလှိုင်းနှင့်အတူ ကမ်းပေါ်သို့ ပါလာသော သန္ဓေပြောင်းငါးများကို ဖမ်းယူစားသောက်တတ်ကြသည်။

ဒီတစ်ခါ ကမ်းစပ်တွင် စောင့်နေလိုက်လျှင် ထိုသန္ဓေပြောင်းငှက်ဆန်းများကို ပြန်တွေ့ရမည်မှာ သေချာသလောက်ပင်။ ထိုအခါမှ ၎င်းတို့နောက်သို့ လိုက်ပါသွားပြီး ၎င်းတို့၏ အသိုက်များကို ရှာဖွေနိုင်ပေလိမ့်မည်။

လင်းယွမ်သည် ဆက်လက် တွေဝေမနေတော့ဘဲ ခိုလှုံရေးစခန်းသို့ ပြန်လာခဲ့သည်။

နောက်ရက်အနည်းငယ်အတွင်း သူသည် ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း နေထိုင်ခဲ့သည်။ မနက်ပိုင်းတွင် သားသတ်ရုံသို့ သွားကာ သန္ဓေပြောင်းသတ္တဝါများကို သတ်ဖြတ်ပြီး အမှတ်များ စုဆောင်းသည်။

ထို့နောက် ခိုလှုံရေးစခန်း၏ လုပ်ငန်းဆောင်တာများကို လိုက်လံစစ်ဆေးပြီး နေ့လယ်ဘက်တွင် ပြန်လာကာ နေ့လယ်စာ စားသည်။

နေ့လယ်ခင်းတွင် သူ၏ အစွမ်းအလားအလာများကို စတင်တူးဖော် လေ့ကျင့်သည်။ ရေတံခွန် ရေစီးကြောင်းအောက်တွင် ခန္ဓာကိုယ်ကို ရိုက်ခတ်စေပြီး ဆင့်ကဲပြောင်းလဲခြင်း အစွမ်းကို အသုံးပြုကာ သူ၏ ကာကွယ်နိုင်စွမ်းနှင့် ပြန်လည်သက်သာလာစေသည့် စွမ်းရည်တို့ကို အလိုအလျောက် တိုးတက်လာစေရန် ဖိအားပေး လေ့ကျင့်သည်။

မောပန်းလာသည့်အခါ သင်္ကေတကျောက်တုံးများ ပြုလုပ်သည်။ ယခုဆိုလျှင် သူ၏ လက်ထဲ၌ သင်္ကေတကျောက်တုံး အမျိုးအစား များစွာ ရှိနေပြီဖြစ်သည်။

ရန်မေက ဦးလေးရန်ကို ဖွင့်ခိုင်းထားသော သင်္ကေတကျောက်တုံးဆိုင်တွင် တင်ရောင်းထားသည့် ကျောက်တုံးအများစုမှာ သူ ပြုလုပ်ထားခြင်း ဖြစ်သည်။

အချိန်များ ကုန်ဆုံးသွားရာ လေးရက်ခန့် ကြာမြင့်သွားခဲ့သည်။

ယနေ့တွင် ခိုလှုံရေးစခန်းတစ်ခုလုံး အလုပ်ရှုပ်နေကြသည်။ လူတိုင်းက မြင့်မားသော တံတိုင်းများနောက်ရှိ နေအိမ်များထဲသို့ ဝင်ရောက် ပုန်းခိုနေကြပြီး ကလေးများကိုမူ ကျောက်လိုဏ်ဂူ အကာအကွယ်ရှိသော မိသားစုများထံသို့ ပို့ဆောင်ထားကြသည်။

အဘယ်ကြောင့်ဆိုသော် ယနေ့သည် ဒီရေတက်မည့်နေ့ ဖြစ်သောကြောင့်ပင်။

သို့သော် ယခင်နှစ်များနှင့် မတူသည်မှာ ယခုတစ်ကြိမ် ဒီရေတက်ချိန်တွင် ကင်းလှည့်အဖွဲ့များနှင့် အစွမ်းပိုင်ရှင်များသည် ပုန်းအောင်းမနေကြတော့ဘဲ အိမ်ပြင်သို့ ထွက်လာကာ ခိုလှုံရေးစခန်း၏ တံတိုင်းများပေါ်တွင် နေရာယူထားကြခြင်း ဖြစ်သည်။

လင်းယွမ်၏ ညွှန်ကြားချက်အရ ဒီရေတက်နေသည့် ကာလအတွင်း သူတို့သည် တောဝက်မွေးမြူရေးခြံနှင့် ထိုက်ယန်တောင် ဈေးဝယ်စင်တာကြီးကို တောထဲမှ သန္ဓေပြောင်းသတ္တဝါများ လာရောက် တိုက်ခိုက်ခြင်း မပြုနိုင်စေရန် မီးဝါးတောကို ကာကွယ်ထားရမည် ဖြစ်သည်။

ထိုတောင်ကြားကို လုံးဝ ပိတ်ဆို့ထားပြီး အစွမ်းပိုင်ရှင် ငါးဦးလျှင် အဖွဲ့တစ်ဖွဲ့နှုန်းဖြင့် နေရာအနှံ့တွင် တာဝန်ကျနေကြသည်။

ဒါသည် သူတို့အတွက် ပထမဆုံးအကြိမ် ဒီရေတက်ချိန်တွင် အပြင်ထွက်၍ ရင်ဆိုင်ခြင်း ဖြစ်သည်။

"အစ်ကိုလင်း... အားလုံး စီစဉ်ပြီးပါပြီ... ဒီတစ်ခါသာ ကာကွယ်နိုင်ရင် နောက်ဆို ကျွန်တော်တို့ ဒီရေလှိုင်းကို ကြောက်စရာ မလိုတော့ဘူး" ကျောက်ခိုင်က စိတ်လှုပ်ရှားစွာဖြင့် လင်းယွမ်၏ ဘေးသို့ ပြေးလာပြီး သတင်းပို့သည်။

လင်းယွမ်က ခေါင်းကို အသာညိတ်လိုက်ပြီး "ဒီရေတက်ရင် သားရဲလှိုင်းလုံးတွေ ပါလာတတ်တယ်... ဒါပေမဲ့ ဒီတစ်လအတွင်းမှာ ထိုက်ယန်တောင်က သန္ဓေပြောင်းသတ္တဝါတွေကို ငါတို့ တော်တော်များများ သတ်ပစ်လိုက်ပြီးပြီဆိုတော့ သားရဲလှိုင်းလုံး အကြီးကြီး ဖြစ်လာဖို့တော့ ခက်လောက်တယ်"

"အထူးသဖြင့် အစွမ်းထက်တဲ့ သန္ဓေပြောင်းသတ္တဝါ တော်တော်များများလည်း ရှင်းပြီးသွားပြီ... အကောင်သေးလေးတွေလောက်ပဲ ကျန်တော့တာ... သူတို့က စခန်းကို ဝင်တိုက်ရဲမှာ မဟုတ်ဘူး"

"မင်းတို့ စခန်းမှာ စောင့်နေကြ... ငါ အပြင်ခဏ သွားလိုက်ဦးမယ်"

လင်းယွမ်က သူ၏ အစီအစဉ်ကို တွေးလိုက်ပြီး လူများကို နှုတ်ဆက်ကာ ထူလုံကို ခေါ်လျက် မြစ်ကမ်းဘေးသို့ အလျင်အမြန် ပြေးသွားလိုက်သည်။

ထူလုံက နောက်မှ ကပ်လိုက်လာရင်း မနေနိုင်ဘဲ မေးလိုက်သည်။ "အခုသွားတာ စောမနေဘူးလား... ဒီရေက အခုမှ တက်ကာစပဲ ရှိသေးတာ... သန္ဓေပြောင်းငါးတွေ ကမ်းပေါ် မရောက်သေးဘူးလေ"

လင်းယွမ်က ခေါင်းခါရင်း လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "အဲဒီ သန္ဓေပြောင်းငါးတွေအတွက် သွားတာ မဟုတ်ဘူး... ကျွန်တော် ခင်ဗျားကို ရှာခိုင်းထားတဲ့ ငှက်မျိုးနွယ် သန္ဓေပြောင်းသတ္တဝါတွေကို မှတ်မိလား"

ထူလုံက ကြောင်သွားပြီး "မှတ်မိပါတယ်... ရှာမတွေ့ခဲ့ဘူး မလား"

လင်းယွမ်က "အရင်တစ်ခေါက် ဒီရေတက်တုန်းက ရေစပ်မှာ ငှက်မျိုးနွယ် သန္ဓေပြောင်းသတ္တဝါ အများကြီးကို ကျွန်တော် တကယ်တွေ့ခဲ့တယ်... ဒါပေမဲ့ အဲဒီတုန်းက အလျင်လိုနေတာနဲ့ သူတို့ ဘယ်ကလာပြီး ဘယ်ကိုပြန်သွားလဲ ဆိုတာကို သေချာ မလေ့လာလိုက်ရဘူး... ဒီတစ်ခါတော့ သေချာကြည့်ရမယ်"

"ခင်ဗျားနဲ့ကျွန်တော် လူခွဲပြီး လှုပ်ရှားမယ်... ငှက်အုပ်ကို တွေ့တာနဲ့ ကျွန်တော့်ကို ချက်ချင်း လာပြော"

ထူလုံက ထိုအခါမှ လင်းယွမ် ဘာကြောင့် မြစ်ကမ်းဘေးသို့ စောစောစီးစီး လာချင်ရသလဲ ဆိုသည်ကို နားလည်သွားတော့သည်။ ထို သန္ဓေပြောင်းငှက်များကို ရှာဖွေချင်နေခြင်း ဖြစ်သည်။

သူက ချက်ချင်းပင် "သိပြီ... ဒါဆို ကျွန်တော် အရှေ့ဘက် ဖုန်းဟွမ်ဘုရားကျောင်း ဘက်ကနေ စရှာမယ်" ဟု ပြောလိုက်သည်။

လင်းယွမ်က ခေါင်းညိတ်ကာ "ကျွန်တော်က အနောက်ဘက်ကို သွားမယ်" ဟု ပြန်ပြောလိုက်သည်။

ထို့နောက် သူတို့နှစ်ဦး လမ်းခွဲကာ မြစ်ကမ်းတစ်လျှောက် အလျင်အမြန် စတင် ရှာဖွေကြတော့သည်။

ယခုအချိန်တွင် ဒီရေ စတင်တက်လာနေပြီ ဖြစ်သဖြင့် ရေလှိုင်းများသည် တစ်လုံးပြီးတစ်လုံး ပို၍ ကြီးမားလာကာ ဟိန်းသံများနှင့်အတူ ဆူညံနေသည်။

သန္ဓေပြောင်းငါးငယ် အများအပြား ရေလှိုင်းနှင့်အတူ ပါလာပြီး ကမ်းပေါ်သို့ ရောက်လာကြသည်။

ထို့နောက် ခန္ဓာကိုယ် ကြီးမားသော ပုစွန်များနှင့် ကဏန်းများလည်း ကမ်းပေါ်သို့ ရောက်ရှိလာကြသည်။

ပုစွန်နှင့် ကဏန်းများသည် ရေအိုင်များထဲတွင် ပိတ်မိနေသော သန္ဓေပြောင်းငါးများကို စတင် ဖမ်းယူစားသောက်ကြသဖြင့် ညှီနံ့များ တဖြည်းဖြည်း ပျံ့နှံ့လာသည်။

သည်းထန်စွာ ရွာသွန်းနေသော မိုးကပင် ထိုညှီနံ့ ပျံ့နှံ့မှုကို တားဆီးနိုင်ခြင်း မရှိပေ။

ညှီနံ့များ ပျံ့နှံ့လာသည်နှင့်အမျှ တောထဲမှ သန္ဓေပြောင်းသတ္တဝါမျိုးစုံ၏ အော်ဟစ်သံများလည်း စတင် ထွက်ပေါ်လာသည်။

ထိုသန္ဓေပြောင်းသတ္တဝါများသည် တဖြည်းဖြည်း ဂနာမငြိမ် ဖြစ်လာကြပြီး တောထဲမှနေ၍ ပြေးထွက်လာကြတော့သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သန္ဓေပြောင်းသတ္တဝါ အရေအတွက်သည် လင်းယွမ် ပြီးခဲ့သည့်အကြိမ် ကြုံတွေ့ခဲ့ရသည်နှင့် ယှဉ်လျှင် ဆယ်ပုံတစ်ပုံခန့်ပင် မရှိတော့ပေ။

အများစုမှာ သန္ဓေပြောင်းကြောင်၊ ခွေး၊ ဖြူကောင်နှင့် ကြွက်ကဲ့သို့သော သတ္တဝါများသာ ဖြစ်ကြသည်။

ထိုသန္ဓေပြောင်းသတ္တဝါ အငယ်စားများသည် အရေအတွက် များပြားသော်လည်း အစွမ်းနိမ့်ပါးကြသဖြင့် လင်းယွမ်နှင့် ထူလုံတို့ မဆိုထားနှင့်၊ ဝူယင် နှင့် ရှီဟိုင်ကျူး တို့ပင် လွယ်ကူစွာ သတ်ဖြတ်နိုင်ပေသည်။

အချိန်ကြာလာသည်နှင့်အမျှ လင်းယွမ်တို့ အဖွဲ့သာ အစွမ်းထက်လာကြခြင်း မဟုတ်ဘဲ လင်းယွမ်နှင့်အတူ လိုက်ပါလာခဲ့ကြသူ အားလုံးသည်လည်း မသိလိုက်မသိဘာသာဖြင့် အစွမ်းများ တိုးတက်လာခဲ့ကြပြီ ဖြစ်သည်။

လူအများစု၏ တိုက်ခိုက်နိုင်စွမ်းသည် ဟန်လုံစင်တာမှ ဝမ်ဝေတုန်း၏ အဖွဲ့သားများနှင့် ယှဉ်လျှင် မနိမ့်ကျတော့ပေ။

ကျောက်ခိုင်နှင့် တင်းယန်တို့ဆိုလျှင် အခြားလူများထက် တစ်ဆင့်မြင့်နေပြီဖြစ်ရာ လီယွဲ့ဖုန်း၊ ဝူမုန့်တို့နှင့် သိပ်မကွာတော့သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

လင်းယွမ်က ထုံးစံအတိုင်း မြေအောက်သို့ လျှိုးဝင်ကာ သန္ဓေပြောင်းငါးများကို ရိတ်သိမ်းပြီး အမှတ်များကို အလျင်အမြန် စုဆောင်းနေလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ စိတ်စွမ်းအင်ကို ဖြန့်ကျက်ထားပြီး ကမ်းစပ်မှ လှုပ်ရှားမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်နေသည်။

အချိန်အတော်ကြာပြီးနောက် ကောင်းကင်ကြီးသည် လုံးဝ မှောင်မိုက်သွားခဲ့ပြီ ဖြစ်သည်။

လင်းယွမ်သည် သန္ဓေပြောင်းကဏန်းတစ်အုပ်ကို သတ်ဖြတ်နေစဉ် အဝေးမှ အော်ဟစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။

"ဟင်... ထူလုံ"

လင်းယွမ်က ချက်ချင်း တုံ့ပြန်လိုက်ပြီး စကားတစ်ခွန်းမျှ မဆိုဘဲ မြေလျှိုးအစွမ်းဖြင့် ထိုနေရာသို့ အမြန်ဆုံး သွားလိုက်သည်။

ငါးမိနစ်ခန့်ပင် မကြာလိုက်ဘဲ လင်းယွမ်သည် ထူလုံ အချက်ပေးလိုက်သည့် နေရာသို့ ရောက်ရှိသွားသည်။

ရှေ့ဘက်ရှိ ရေလွှမ်းနေသော တောအုပ်ထဲတွင် သစ်ကိုင်းများပေါ်၌ ဧရာမ ငှက်ကြီးတစ်အုပ် နားနေကြသည်ကို တွေ့လိုက်ရသည်။

အချို့က ခေါင်းငုံ့ကာ ရေမျက်နှာပြင်ကို တို့လိုက်သည်နှင့် ဧရာမ နှုတ်သီးကြီးများကြား၌ ယောက်သွားရှည်ကြီးများ ပါလာကြသည်။

မာကျောလှသော ယောက်သွားခွံများသည် ထိုနှုတ်သီးကြီးများဖြင့် အလွယ်တကူ ထွင်းဖောက်ခံလိုက်ရပြီး "ဖောင်း... ဖောင်း" ဟူသော အသံများနှင့်အတူ ကွဲကြေကုန်ကြသည်။

အတွင်းမှ အသားများကို ဆွဲထုတ်ကာ ပါးစပ်ထဲသို့ မော့ထည့်လိုက်ကြသည်။

လင်းယွမ်သည် အဝေးရှိ သစ်ပင်တစ်ပင်၏ နောက်ကွယ်တွင် ပုန်းနေသော ထူလုံကို တွေ့လိုက်သည်။

ထူလုံက မြေအောက်မှ လင်းယွမ် ရောက်လာသည်ကို မသိသဖြင့် နောက်ထပ် အချက်ပေးအသံ ပြုလုပ်ရန် ပြင်လိုက်သည်။

သို့သော် ရုတ်တရက် အရိပ်တစ်ခု ထွက်ပေါ်လာပြီး သူ၏ ပခုံးကို ပုတ်လိုက်သည်။

"မအော်နဲ့တော့"

ထူလုံ လန့်ဖျပ်သွားပြီး လင်းယွမ် ဖြစ်နေသည်ကို မြင်လိုက်ရမှ သက်ပြင်းချနိုင်တော့သည်။ သူက အသံတိုးတိုးဖြင့် "ဆရာလင်း ရောက်လာပြီပဲ... ဟိုမှာ ကြည့်ပါဦး... ငှက်ကြီးတွေ ရောက်လာကြပြီ" ဟု ပြောလိုက်သည်။

လင်းယွမ်က "သူတို့ ဘယ်ကလာတာလဲ... သေချာ မြင်လိုက်လား" ဟု တိုးတိုးကပ်မေးသည်။

ထူလုံက ခေါင်းခါရင်း "မမြင်လိုက်ဘူး... ကျွန်တော် ဒီကို ရောက်လာတော့ သူတို့ ရောက်နေကြပြီ" ဟု ဖြေသည်။

လင်းယွမ်က မျက်မှောင်ကြုတ်လျက် "သူတို့ ဝအောင်စားပြီးရင် ဘယ်ကို သွားကြမလဲဆိုတာ... စောင့်ကြည့်ရအောင်" ဟု ပြောလိုက်သည်။

"သိပြီ" ထူလုံက ခေါင်းညိတ်လိုက်သည်။

လင်းယွမ်သည် ရေစပ်မှ သန္ဓေပြောင်းငါးများကို နှမြောနေမိသည်။ ထိုအရာများက အမှတ်များ ဖြစ်သည် မဟုတ်ပါလော။

ထို့ကြောင့် မြေအောက်သို့ ပြန်ဝင်ကာ ကိုယ်ဖျောက်လိုက်ပြီး စိတ်စွမ်းအင်ကို အသုံးပြု၍ ရေထဲမှ သန္ဓေပြောင်းငါးများကို အကြီးအကျယ် သတ်ဖြတ်ကာ အမှတ်များကို မနားတမ်း စုဆောင်းနေလိုက်သည်။

ဆယ်မိနစ်လျှင် တစ်ကြိမ်ခန့် မြေပေါ်သို့ ခေါင်းထွက်ကြည့်ပြီး ငှက်မျိုးနွယ် သန္ဓေပြောင်းသတ္တဝါများ အစာစားနေဆဲ ဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့် မြေအောက်သို့ ပြန်ဝင်ကာ အမှတ် ဆက်စုနေသည်။

ထိုသို့ အကြိမ်ကြိမ် ပြုလုပ်ပြီးနောက် တစ်နာရီကျော်ခန့် အကြာတွင် မြေပြင်က ပြင်းထန်စွာ တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။

လင်းယွမ်က အလျင်အမြန် ခေါင်းထွက်ကြည့်လိုက်ရာ ထူလုံက စိတ်လောကြီးစွာဖြင့် ခြေဆောင့်နေပြီး အနီးနားတွင် ပြေးလွှားနေသည်ကို တွေ့လိုက်ရသည်။

သူက မြေကြီးထဲမှ ချက်ချင်း ထွက်လိုက်ပြီး ရေစပ်ကို လှမ်းကြည့်လိုက်ရာ ငှက်ဆန်းကြီးများ လျော့နည်းသွားသည်ကို တွေ့လိုက်ရသည်။

ငှက်ဆန်းကြီး အများအပြားသည် အတောင်ပံများကို ဖြန့်ကားလျက် သစ်ပင်ထိပ်ဖျားများဆီသို့ ပျံတက်သွားကြပြီး စူးရှသော အော်မြည်သံများကို ပြုလုပ်နေကြသည်။

လင်းယွမ် စိတ်လှုပ်ရှားသွားပြီး ထူလုံထံသို့ သွားကာ "သူတို့ သွားကြတော့မလို့လား" ဟု မေးလိုက်သည်။

ထူလုံက "တစ်သုတ် ပျံထွက်သွားပြီ... ဒီတစ်သုတ်လည်း အခု ပျံတက်တော့မှာ" ဟု အလျင်စလို ပြောသည်။

စကားဆုံးသည်နှင့် ကျန်ရှိနေသော ငှက်ဆန်းကြီးများသည် ပြိုင်တူ အတောင်ပံခတ်ကာ အော်ဟစ်မြည်တမ်းလျက် မိုးဒဏ်လေဒဏ်ကို အန်တုပြီး ကောင်းကင်ယံ၌ ဝဲပျံနေကြသည်။

မြေပြင်ပေါ်ရှိ ငှက်ကြီးများကလည်း ထိုမြင်ကွင်းကို မြင်သည်နှင့် ငှက်အုပ်ကြီးနောက်သို့ အသီးသီး လိုက်ပါပျံတက်သွားကြသည်။

လင်းယွမ်နှင့် ထူလုံတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

"လိုက်ကြည့်ကြမယ်" လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။

ထူလုံသည် စကားတစ်ခွန်းမျှ ပြန်မပြောဘဲ မြေပြင်ပေါ်၌ လှိမ့်ချလိုက်ရာ သူ၏ တက်တူးဝိညာဉ် အစွမ်းဖြင့် ဧရာမ သိန်းငှက်ကြီးအသွင်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ယံသို့ ချက်ချင်း ပျံတက်သွားသည်။

လင်းယွမ်သည်လည်း တွေဝေမနေဘဲ ထူလုံ ပြောင်းလဲထားသော သိန်းငှက်ကြီး၏ ခြေသည်းကို လှမ်းဆွဲလိုက်ရာ ထူလုံနှင့်အတူ ကောင်းကင်ပေါ်သို့ ပါသွားလေတော့သည်။

ထူလုံက အတောင်ပံကို ခတ်ကာ ပို၍ မြင့်မားသော နေရာသို့ ပျံတက်သွားသည်။

လင်းယွမ်က အောက်ဘက်ရှိ ထိုက်ယန်တောင်ကို ငုံ့ကြည့်လိုက်ရာ သစ်ပင်များ တဖြည်းဖြည်း သေးငယ်သွားသည်ကို တွေ့ရသည်။ သူတို့ ပို၍ မြင့်တက်လာကြသည်။

"လင်းယွမ်... အရမ်းမြင့်လွန်းနေပြီ... သူတို့က အပေါ်ကို ဆက်တက်နေတုန်းပဲ"

မကြာမီ လင်းယွမ်နှင့် ထူလုံတို့သည် ထိုက်ယန်တောင်၏ ထိပ်ဖျားသို့ ရောက်ရှိလာပြီး တောင်ထိပ်ထက်ပင် ကျော်လွန်သွားကြသည်။

သို့သော် ငှက်ဆန်းအုပ်စုကြီးသည် ရပ်တန့်မသွားဘဲ ကောင်းကင်ပေါ်သို့ ဆက်လက် ပျံတက်သွားကြသည်။

လင်းယွမ်က "ဆက်လိုက်... ဒီကောင်းကင်ပေါ်မှာ နားခိုစရာ နေရာမရှိဘူး... သူတို့ ဘယ်ကိုသွားမလဲဆိုတာ ကျွန်တော် သိချင်တယ်" ဟု လေးနက်စွာ ပြောလိုက်သည်။

ထူလုံက စကားပြန်မပြောဘဲ အတောင်ပံကို ခတ်ကာ ထိုငှက်ဆန်းကြီးများ၏ နောက်သို့ ဆက်လိုက်သွားသည်။

ယခုအချိန်တွင် ကောင်းကင်၌ မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် ထူလုံ၏ သိန်းငှက်ခန္ဓာကိုယ်မှာ အနည်းငယ် ပင်ပန်းလာပုံရသည်။

ဤအမြင့်သည် သူ ပျံသန်းလေ့ရှိသော အမြင့်ပေ မဟုတ်ပေ။

လင်းယွမ်က အောက်ဘက်ရှိ ထိုက်ယန်တောင်ကို ငုံ့ကြည့်လိုက်ရာ ယခုအချိန်တွင် ထိုက်ယန်တောင်သည် အလွန် သေးငယ်သွားပြီ ဖြစ်သည်။

မြေပုံလေးတစ်ခုသဖွယ် ဖြစ်နေလေပြီ။

လင်းယွမ်၏ ခန့်မှန်းချက်အရ ယခု အမြင့်ပေ ၃၀၀၀ ကျော်ခန့် ရှိနေပြီဖြစ်သည်။

ရုတ်တရက် ထူလုံက "သူတို့ တိမ်တွေထဲ ဝင်ကုန်ပြီ" ဟု အော်ပြောလိုက်သည်။

လင်းယွမ်က ကိုယ်ကို တစ်ပတ်လှည့်ကာ ထူလုံ၏ ခြေသည်းအောက်မှ ကျောကုန်းပေါ်သို့ ခုန်တက်လိုက်သည်။

ကောင်းကင်ကို မော့ကြည့်လိုက်ရာ ထိုငှက်ဆန်းကြီးများသည် တစ်ကောင်ပြီးတစ်ကောင် တိမ်လွှာများထဲသို့ တိုးဝင်ပျောက်ကွယ်သွားကြသည်ကို တွေ့လိုက်ရသည်။

လင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး အံ့သြသွားသည်။ "တိမ်တွေထဲ ဝင်သွားကြတယ် ဟုတ်လား... ဒီတိမ်တွေထဲမှာ သူတို့ နားခိုလို့ရတဲ့ အရာတစ်ခုခု ရှိနေတာများလား"

အမှန်အတိုင်း ပြောရလျှင် ဤအဖြစ်အပျက်သည် ယုံနိုင်စရာပင် မရှိပေ။

ရေလွှမ်းမိုးခြင်း မဖြစ်မီကလည်း မိုးသည်းထန်စွာ ရွာသွန်းတတ်သော်လည်း ပုံမှန်အားဖြင့် ဤကဲ့သို့ ရာသီဥတုမျိုးတွင် ငှက်များသည် လျှောက်မပျံတတ်ကြပေ။

တိမ်တွေထဲသို့ တိုးဝင်ပျံသန်းသည့် ငှက်ဟူ၍ ပိုပြီးတော့ပင် မရှိပေ။

စာရေးဆရာကြီး ဂေါ်ကီ၏ ဝတ္ထုထဲမှ ပင်လယ်ဇင်ယော်များလောက်သာ ထိုကဲ့သို့ လုပ်ဆောင်ကြလိမ့်မည်။

(မက်ဇင်ဂေါ်ကီဆိုတာ ရုရှားစာရေးဆရာကြီးကိုပြောတာပါ။ သူ့ဝတ္ထုတွေကို မြန်မာမှာ ဆရာမြသန်းတင့် ဘာသာပြန်ထားတာတွေ ရှိပါတယ်။)

လင်းယွမ်ကတော့ တိမ်ထဲသို့ တိုးဝင်ပျံသန်းသွားသည့် ငှက်ဟူ၍ အပြင်တွင် တစ်ခါမှ မမြင်ဖူးခဲ့ပေ။

သူက ချက်ချင်းပင် "လိုက်ဝင်... ငါတို့ပါ ဝင်ကြည့်မယ်" ဟု ပြောလိုက်သည်။

ထူလုံက ကြားသည်နှင့် အံကိုကြိတ်ကာ "သိပြီ" ဟု ပြန်ပြောလိုက်သည်။

တကယ်တမ်းတွင် သူ တောင့်မခံနိုင်တော့ပေ။ မြေပြင်နှင့် အလွန် ဝေးကွာလွန်းနေပြီ ဖြစ်သည်။

တက်တူးဝိညာဉ်ဖြင့် ပြောင်းလဲထားသော သိန်းငှက်သည် တကယ့် သိန်းငှက်အစစ် မဟုတ်ဘဲ သူ၏ အစွမ်းဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။

အမြင့်သို့ ပျံတက်လေလေ သူ၏ အစွမ်းကုန်ဆုံးမှု များလေလေ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ပိုမြင့်လေလေ ဆွဲငင်အားကို တွန်းလှန်ရလေလေဖြစ်ပြီး စွမ်းအင်ကုန်ဆုံးမှု ပိုများလေလေ ဖြစ်သောကြောင့်ပင်။

သို့သော် လက်ရှိတွင် တိမ်တိုက်များအနီးသို့ ရောက်နေပြီဖြစ်ရာ တွန့်ဆုတ်နေစရာ အကြောင်းမရှိတော့ပေ။

ထူလုံသည် အံကိုကြိတ်ကာ မိုးစက်များကို အန်တုရင်း လင်းယွမ်ကို သယ်ဆောင်လျက် အပေါ်ဘက်ရှိ တိမ်လွှာများထဲသို့ တိုးဝင်သွားလေသည်။

တိမ်လွှာများအတွင်း၌ ရေငွေ့များ ထူထပ်နေပြီး စေးကပ်ကပ်ပင် ခံစားနေရသည်။

မြင်ကွင်းတစ်ခုလုံး ဖြူဖွေးသော ရေငွေ့များဖြင့် ဖုံးလွှမ်းနေပြီး လမ်းကြောင်းကိုပင် သေချာ မမြင်ရတော့ပေ။ စောစောက ငှက်ဆန်းကြီးများကိုလည်း မမြင်ရတော့ချေ။

လင်းယွမ်က "မရပ်နဲ့... အပေါ်ကို ဆက်ပျံ... တိမ်တွေက အပေါ်ရောက်လေ ရေငွေ့ ပိုပေါ့လေပဲ... ပိုပြီး ပါးသွားလိမ့်မယ်" ဟု တိုက်တွန်းလိုက်သည်။

"သိပြီ"

ထူလုံက အတောင်ပံကို အားကုန်ခတ်ကာ အပေါ်သို့ ဆက်လက် ပျံတက်နေသော်လည်း သူ၏ ခန္ဓာကိုယ်မှာ မငြိမ်မသက် ဖြစ်နေပြီဖြစ်သည်။

လင်းယွမ်၏ မျက်နှာထား တင်းမာနေသည်။ ရုတ်တရက် သူ၏ မျက်နှာ အရောင်ပြောင်းသွားပြီး တစ်စုံတစ်ခုကို အာရုံခံမိလိုက်သဖြင့် "သတိထား" ဟု အော်ဟစ်လိုက်သည်။

နောက်တစ်စက္ကန့်တွင် သူ၏ စိတ်စွမ်းအင်များ ချက်ချင်း ပေါက်ကွဲထွက်လာပြီး ကြည်လင်သော လိပ်ခွံပုံသဏ္ဍာန် အကာအကွယ်တစ်ခု ဖြစ်ပေါ်လာသည်။

"လိပ်ခွံစွမ်းအင်အကာအကွယ်"

"ဝုန်း"

တိမ်လွှာများကြားတွင် တိမ်တိုက်နှစ်ခု ရုတ်တရက် ဝင်တိုက်မိသံကို ကြားလိုက်ရပြီးနောက် မျက်စိကျိန်းမတတ် လင်းလက်သော အလင်းရောင်တစ်ခု ဖြာထွက်လာသည်။

ထို့နောက် ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ လျှပ်စီးကြောင်းကြီးတစ်ခု ဝင်ဆောင့်လေသည်။

လိပ်ခွံစွမ်းအင်အကာအကွယ်သည် တစ်စက္ကန့်မျှပင် မခံလိုက်ဘဲ ပေါက်ကွဲထွက်သွားသည်။

သို့သော် ထိုတစ်စက္ကန့်မျှ မပြည့်သော အချိန်အတွင်းမှာပင် လင်းယွမ်သည် ထူလုံကို လှမ်းဆွဲလိုက်ပြီး ခြေထောက်အောက်တွင် မီးစက်ကွင်းနှစ်ခု ပေါက်ကွဲထွက်လာကာ ပေ ၁၆၀ ခန့် အကွာအဝေးသို့ ဘေးတိုက် ရွေ့လျားသွားနိုင်လိုက်သည်။

ထိုလျှပ်စီးကြောင်းကြီး ပေါက်ကွဲသွားပြီး တိမ်တိုက်များ လိမ့်ကာ နောက်ထပ် မိုးကြိုးသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

ထိုအခြေအနေကို မြင်သည်နှင့် လင်းယွမ်သည် စကားတစ်ခွန်းမျှ မပြောတော့ဘဲ ထူလုံကို ဆွဲကာ မီးစင်္ကြာ အစွမ်းကို အဆက်မပြတ် ထုတ်ဖော်၍ တိမ်လွှာများကြားတွင် ပြေးလွှားနေတော့သည်။

သို့သော် ပြေးလွှားနေရင်း သူတို့၏ ခန္ဓာကိုယ်များမှာ အောက်သို့ တရိပ်ရိပ် ကျဆင်းနေသည်။

မျဉ်းကွေးပုံသဏ္ဍာန်အတိုင်း တိမ်လွှာများထဲမှ အရှိန်ဖြင့် ပြုတ်ကျလာကြသည်။

ထူလုံက အတောင်ပံကို အလျင်အမြန် ခတ်ကာ အရှိန်လျော့ရန် ကြိုးစားရင်း "မြန်မြန် တက်ခဲ့" ဟု အော်ပြောသည်။

လင်းယွမ်က မီးစင်္ကြာ အစွမ်းကို ချက်ချင်း ဖျက်သိမ်းလိုက်ပြီး ထူလုံ၏ ကျောပေါ်သို့ ပြန်လည် ခုန်တက်လိုက်သည်။

တကယ်တမ်းတွင် သူသည် အောက်သို့ဆင်းသက်ရန် ထူလုံကို အားကိုးစရာ မလိုပေ။ သူ၏ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းဖြင့် ကျောဘက်ရှိ ကြွက်သားများကို လင်းနို့အတောင်ပံကဲ့သို့ ချက်ချင်း ပြောင်းလဲနိုင်ပြီး လေဟုန်စီးကာ ဆင်းသက်နိုင်သည်။

သို့သော် လေဟုန်စီးခြင်းသည် ဆင်းသက်မည့်နေရာကို ထိန်းချုပ်၍ မရနိုင်သဖြင့် ထူလုံ၏ တက်တူးဝိညာဉ် သိန်းငှက်လောက် အဆင်မပြေပေ။

ထူလုံ၏ ကျောပေါ်သို့ ရောက်သည်နှင့် ထူလုံက အတောင်ပံကို အားကုန်ခတ်လိုက်ရာ သူတို့၏ ခန္ဓာကိုယ်များ တည်ငြိမ်သွားပြီး အောက်သို့ ဆက်မပြုတ်ကျတော့ပေ။

ထူလုံက မနေနိုင်ဘဲ အော်မေးလိုက်သည်။ "တိမ်တွေထဲမှာ မိုးကြိုးတွေ အများကြီး ရှိနေတာ... ဟို ငှက်မျိုးနွယ် သန္ဓေပြောင်းသတ္တဝါတွေက ဘယ်လိုလုပ် ဝင်သွားကြတာလဲ"

လင်းယွမ်လည်း စဉ်းစား၍ မရသဖြင့် "ခင်ဗျား ရသေးရဲ့လား" ဟု မေးလိုက်သည်။

"မရတော့ဘူး... ကျွန်တော့် အစွမ်းတွေ ကုန်သလောက် ဖြစ်နေပြီ"

လင်းယွမ်က ထိုစကားကို ကြားသဖြင့် "အရင်ပြန်ကြမယ်" ဟုသာ ပြောလိုက်ရသည်။

"သိပြီ"

သူတို့နှစ်ဦးသည် ထိုက်ယန်တောင်ဆီသို့ အလျင်အမြန် ပျံသန်းလာကြပြီး မကြာမီ ကိုးဝူမျှော်စင် အပျက်အစီးများပေါ်သို့ ရောက်ရှိလာကြသည်။

မြေပေါ်သို့ ရောက်သည်နှင့် ထူလုံသည် လူ့အသွင်သို့ ပြန်ပြောင်းလိုက်ရာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေပြီး မြေကြီးပေါ်တွင် ပုံလျက်သား လဲကျသွားကာ "မောလိုက်တာဗျာ" ဟု အော်ပြောလိုက်သည်။

လင်းယွမ်က "ခင်ဗျားရဲ့ တက်တူးဝိညာဉ် သိန်းငှက်က ဒီလောက် အကြာကြီး မခံဘူးလား" ဟု မေးသည်။

ထူလုံက လက်လျော့သည့်ဟန်ဖြင့် "ပေ ၃၀၀၊ ၆၀၀ လောက် အမြင့်ဆိုရင် ၃ မိုင်၊ ၄ မိုင်လောက် ပျံလည်း ကိစ္စမရှိဘူး... ဒါပေမဲ့ အမြင့်ကို တက်လေလေ ကျွန်တော့်ရဲ့ အစွမ်းကုန်တာ များလေလေပဲ... ပေ ၃၀၀၀ ကျော် အမြင့်ဆိုတာ ကျွန်တော့်ရဲ့ အကန့်အသတ်ပဲ"

လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ "မြေ ဆွဲအားကြောင့်လား"

"ဟုတ်တယ်"

လင်းယွမ် မျက်မှောင်ကြုတ်လိုက်မိသည်။ ထူလုံက ထိုမျှလောက်ထိ မပျံနိုင်လျှင် သူကရော စိတ်စွမ်းအင်ဖြင့် အဆက်မပြတ် တက်သွားနိုင်မည်လော။

သီအိုရီအရဆိုလျှင်တော့ ရနိုင်သည်။ စိတ်စွမ်းအင်ဖြင့် ခြေနင်းခုံများ ဖန်တီးပြီး သူ၏ ထူးကဲသော အလျင်ဖြင့် ကောင်းကင်ပေါ်သို့ အဆက်မပြတ် ခုန်တက်သွားနိုင်သည်။

သို့သော် ထိုသို့ လုပ်ဆောင်ရာတွင်လည်း ကမ္ဘာမြေ ဆွဲငင်အားကို အဆက်မပြတ် တွန်းလှန်ရမည်သာ ဖြစ်သည်။

ပိုမြင့်သော နေရာသို့ ရောက်လေလေ စိတ်စွမ်းအင်ဖြင့် ဖန်တီးထားသော ခြေနင်းခုံများသည် သူ၏ ပေါက်ကွဲအားကို ခံနိုင်ရည် ရှိရန် ခဲယဉ်းလေလေ ဖြစ်မည်။ သူ ခုန်တက်နိုင်သည့် အမြင့်သည်လည်း တဖြည်းဖြည်း နည်းပါးသွားနိုင်သည်။

"အဲဒီ ငှက်ဆန်းကြီးတွေက တိမ်တွေထဲကို ဝင်ပြီး ဘာသွားလုပ်ကြတာလဲ... သူတို့က လျှပ်စီးတွေကို မကြောက်ကြဘူးလား... အဲဒီ တိမ်တွေထဲမှာ ဘာတွေများ ရှိနေလို့လဲ"

ထူလုံက အသက်ကို ဝအောင် ရှူလိုက်ပြီးနောက် လင်းယွမ်ကို မေးခွန်းထုတ်လိုက်သည်။

လင်းယွမ်က ခေါင်းခါလိုက်သည်။ "မသိဘူး... အဲဒီ ငှက်ဆန်းကြီးတွေက တိမ်တွေထဲ ဝင်သွားပြီး ပြန်ထွက်မလာကြဘူးဆိုတော့... အဲဒီ တိမ်လွှာတွေရဲ့ အထက်မှာ တော်တော်ကြီးတဲ့ လျှို့ဝှက်ချက် တစ်ခုခု ရှိနေလောက်တယ်လို့ ကျွန်တော် သံသယ ရှိတယ်"

"ပုံမှန်အတိုင်းဆိုရင် ဒီငှက်တွေက ဝင်သွားပြီး ပြန်မထွက်လာဘူး ဆိုတာ မဖြစ်နိုင်ဘူး... အပေါ်မှာက ရေငွေ့တွေနဲ့ တိမ်တွေချည်းပဲလေ... နားခိုစရာ နေရာလည်း မရှိဘဲနဲ့ တိမ်တွေထဲမှာ ဘယ်လိုလုပ် အကြာကြီး ပျံနေနိုင်မှာလဲ"

"အဲဒီ တိမ်တွေထဲမှာ နားခိုလို့ရတဲ့ နေရာတစ်ခုခု ရှိနေတာ ဖြစ်ဖို့များတယ်"

"ပြီးတော့ ဒီ ငှက်မျိုးနွယ် သန္ဓေပြောင်းသတ္တဝါတွေက ဘာလို့ လျှပ်စီးတွေကို မကြောက်တာလဲ ဆိုတာကတော့"

လင်းယွမ်က မျက်မှောင်ကြုတ်ထားဆဲဖြစ်ပြီး နားမလည်နိုင် ဖြစ်နေသည်။

ရုတ်တရက် တစ်စုံတစ်ခုကို သတိရလိုက်ပြီး ပစ္စည်းသိုလှောင်ခန်းထဲမှ မည်းနက်သော အစိမ်းရောင် ငှက်မွေးကြီးကို ထုတ်လိုက်သည်။

"ဒါ ဘာကြီးလဲ" ထူလုံက ထိုငှက်မွေးကြီးကို မြင်လိုက်ရသဖြင့် အံ့သြသွားသည်။

"ငှက်မွေးလေ... ကျွန်တော် စဉ်းစားနေတာက သူတို့ လျှပ်စီးတွေကို မကြောက်တာ ဒီငှက်မွေးတွေနဲ့များ သက်ဆိုင်နေမလားလို့"

ထူလုံသည်လည်း ဉာဏ်ကောင်းသူ တစ်ယောက်ဖြစ်ရာ ထိုစကားကို ကြားသည်နှင့် လင်းယွမ်၏ ဆိုလိုရင်းကို သဘောပေါက်သွားပြီး "ဆရာလင်း ပြောချင်တာက... ဒီငှက်မွေးတွေက လျှပ်စီးကို ကာကွယ်နိုင်တယ် ဆိုတဲ့ သဘောလား" ဟု မေးလိုက်သည်။

လင်းယွမ်က ခေါင်းအသာခါလိုက်သည်။ "ဒါက ကျွန်တော့်ရဲ့ ခန့်မှန်းချက်ပါ... ပြန်ရောက်မှ စမ်းသပ်ကြည့်ရမယ်"

ထူလုံက ကုန်းထလိုက်ပြီး ကောင်းကင်ကို မော့ကြည့်ကာ တံတွေးတစ်ချက် ထွေးလိုက်သည်။

"တောက်... ဒီကမ္ဘာကြီးကတော့လေ... တဖြည်းဖြည်းနဲ့ နားလည်ရ ခက်လာပြီ"

ဆက်ရန်...

All Chapters