← Chapters

အခန်း(၂၇၁-၂၇၂)

Vol. 14 Ch. 271-272

အခန်း(၂၇၁-၂၇၂)

Vol. 14 Ch. 271-272

အပိုင်း (၂၇၁) သန္ဓေပြောင်း နေကြာပန်း ထပ်မံမဲနှိုက်ခြင်း

"အရင်ပြန်ကြတာပေါ့"

လင်းယွမ်က အမွေးအတောင်ကို သိမ်းဆည်းလိုက်ပြီး ထူလုံကိုခေါ်ကာ အမြန်ပြန်လာခဲ့လိုက်သည်။

ပင်လယ်ရေလှိုင်းကာလမှာ နှစ်ရက်ခန့်သာ အချိန်ရသဖြင့် သူ အချိန်ဖြုန်းနေ၍ မဖြစ်ချေ။ ဤနှစ်ရက်အတွင်း သန္ဓေပြောင်း ငါးများကို အမိအရ ဖမ်းဆီးရပေမည်။

ယခုအခါ ထို သန္ဓေပြောင်း ငှက်များ၊ သားရဲများ မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို သိလိုက်ရပြီဖြစ်၍ နောက်ပိုင်းတွင် အချိန်ယူကာ စူးစမ်းရှာဖွေရပေဦးမည်။

လောလောဆယ်တွင်မူ တိမ်လွှာများကြားသို့ ဝင်ရောက်ရန် မဖြစ်နိုင်သေးပေ။ အချိန်မရွေး ကျဆင်းလာနိုင်သည့် မိုးကြိုးလျှပ်စီးများ၏ စွမ်းအားမှာ ပြင်းထန်လွန်းလှသည်။

သူ၏ လိပ်ခွံစွမ်းအင်အကာအကွယ်သည်ပင် တစ်စက္ကန့်မျှ တောင့်ခံနိုင်ခြင်း မရှိရာ မိမိ၏ ခန္ဓာကိုယ်သက်သက်ဖြင့်သာဆိုလျှင် မည်သို့မျှ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ လောလောဆယ် စွန့်စား၍ မဖြစ်သေးချေ။

ခိုလှုံရေးစခန်းသို့ ပြန်ရောက်သောအခါ လင်းယွမ်က တစ်ပတ် လှည့်ပတ်ကြည့်ရှုလိုက်သည်။ သားရဲလှိုင်းများသည် ယခုလက်ရှိ ခိုလှုံရေးစခန်းကို ထိုးဖောက်နိုင်ခြင်း မရှိသည်ကို တွေ့လိုက်ရသည်။ သန္ဓေပြောင်း သားရဲအများစုသည် မီးဝါးတောဘက်ကိုပင် တမင်တကာ ရှောင်ကွင်းသွားကြလေသည်။

ထိုအခါမှ လင်းယွမ်လည်း စိတ်အေးလက်အေးဖြစ်သွားကာ ရေလှိုင်းများနှင့်အတူ ကုန်းပေါ်သို့ ပါလာကြသည့် သန္ဓေပြောင်း ငါးများကို စတင် ရိတ်သိမ်းလေတော့သည်။

နှစ်ရက်တာ ကာလအတွင်း လင်းယွမ်သည် ရှေ့မှီနောက်မှီ လှုပ်ရှားရင်း အမှတ် (၂) သိန်းနီးပါးခန့် ရရှိလိုက်သည်။

ထို့နောက်တွင်တော့ ပင်လယ်ရေလှိုင်းကာလ ပြီးဆုံးသွားခဲ့လေသည်။ ကျန်ရှိနေသော အလုပ်များကိုမူ ခိုလှုံရေးစခန်းမှ လူများက အပြင်ထွက်ကာ လွတ်မြောက်နေသော သန္ဓေပြောင်း ငါးများကို လိုက်လံ ဖမ်းဆီးရင်း ရှင်းလင်းလိုက်ကြသည်။

လင်းယွမ်သည် ဝါးအိမ်သို့ ပြန်ရောက်သောအခါ ယခုတစ်ကြိမ် ရရှိလိုက်သော ရလဒ်အပေါ် သိပ်ပြီး ကျေနပ်အားရမှု မရှိလှပေ။

"ပြီးခဲ့တဲ့တစ်ခေါက်တုန်းက အမှတ် (၃) သိန်း (၆) သောင်းလောက်အထိ ရခဲ့ပေမယ့် ဒီတစ်ခေါက်တော့ အမှတ် (၂) သိန်းလောက်ပဲ ရတော့တယ်"

လင်းယွမ်က သက်ပြင်းတစ်ချက် ချလိုက်သည်။ သို့သော် ဤသည်မှာ ပုံမှန်ဖြစ်ကြောင်း သူ နားလည်ပါသည်။

ပြီးခဲ့သည့်အကြိမ်က တောအုပ်ထဲမှ ထွက်ပြေးလာကြသည့် သန္ဓေပြောင်း သားရဲများကို အများအပြား သတ်ဖြတ်ခဲ့သောကြောင့် အမှတ် တစ်သိန်းကျော် ပိုထွက်လာခြင်း ဖြစ်သည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ တောအုပ်ထဲရှိ သန္ဓေပြောင်း သားရဲ အရေအတွက်သည် ယခင်ကလောက် မများပြားတော့ချေ။

လင်းယွမ်သည်လည်း ထိုက်ယန်တောင်ပေါ်ရှိ သန္ဓေပြောင်း သားရဲများ မျိုးတုန်းကုန်စင်သွားမည်ကို စိုးရိမ်သဖြင့် ဆက်လက် သတ်ဖြတ်ရဲခြင်း မရှိတော့ပေ။

နောင်တစ်ချိန် မွေးမြူရေးစခန်းအတွက် သန္ဓေပြောင်း သားရဲများ မကျန်ရှိတော့မည်ကို ထည့်တွက်ရပေမည်။

ထို့ကြောင့် သူသည် ဤနှစ်ရက်အတွင်း ပင်လယ်ထဲမှ သန္ဓေပြောင်း သားရဲများကို သတ်ဖြတ်ရန်သာ အာရုံစိုက်ခဲ့ပြီး အနီးအနားရှိ ရေတိမ်ပိုင်းဒေသများအထိပင် ဆင်းကာ သန္ဓေပြောင်း ငါးများကို လိုက်လံ ဖမ်းဆီးခဲ့သည်။

ထိုသို့ ကြိုးစားပမ်းစား လုပ်ဆောင်မှသာ အမှတ် (၂) သိန်းခန့် စုဆောင်းမိခြင်း ဖြစ်သည်။

"ကိစ္စမရှိဘူး... အမှတ် (၂) သိန်းဆိုတာလည်း နည်းမှမနည်းတာ... လောလောဆယ် စုထားလိုက်ဦးမယ်... နောက်ထပ် (၅) လလောက်ဆိုရင် အမှတ် (၁) သန်း ပြည့်လောက်ပါတယ်"

"(၅) လဆိုတဲ့အချိန်က စောင့်နိုင်ပါတယ်... လောလောဆယ် ဆန္ဒစောဖို့မလိုဘူး"

လင်းယွမ်က အသက်ကို ဝဝရှူသွင်းလိုက်ရင်း စိတ်ကို ငြိမ်အောင် ထိန်းလိုက်သည်။

မိမိတွင် ကံစမ်းမဲစနစ် ရှိနေသရွေ့ အမှတ် (၁) သန်းဆိုသည်မှာ မကြာခင် ပြည့်မြောက်လာမည့် အရာဖြစ်၍ လောနေစရာ အကြောင်းမရှိပေ။

"ဒေါက်... ဒေါက်... ဒေါက်"

တံခါးခေါက်သံကြောင့် လင်းယွမ် အတွေးစ ပြတ်သွားသည်။

"အစ်ကိုလင်း... ကျွန်မမောင်လေး ရောက်ပြီ"

လင်းယွမ် တံခါးဖွင့်လိုက်သောအခါ တုံယန်က တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

လင်းယွမ်က ပြုံးရွှင်စွာ ထွက်လာရင်း နှုတ်ဆက်လိုက်သည်။

"ရှောင်ကျဲ ရောက်လာပြီလား"

ဧည့်ခန်းထဲရှိ တုံကျဲက အလျင်အမြန်ပင်...

"အစ်ကိုလင်း... ကျွန်တော့်ကို ရှာခိုင်းလိုက်တယ်ဆို"

"ဟုတ်တယ်... မင်းကို ကြည့်ခိုင်းစရာလေးတစ်ခု ရှိလို့... ထိုင်ပါဦး"

တုံကျဲက နားမလည်နိုင်စွာဖြင့်...

"ကျွန်တော့်ကို ကြည့်ခိုင်းမလို့... လျှပ်စစ် ပစ္စည်းတစ်ခုခုလား"

"မဟုတ်ဘူး"

လင်းယွမ်က ပစ္စည်းသိုလှောင်ခန်းထဲမှ ကြီးမားသော အမွေးအတောင်ကြီးကို ထုတ်ယူကာ ကြမ်းပြင်ပေါ်တွင် ချလိုက်လေသည်။

(၁၀) ပေကျော် ရှည်လျားသော အမွေးအတောင်ကြီးသည် ဆိုဖာရှေ့ရှိ ကော်ဇောတစ်ခုလုံး ပြည့်လုနီးပါး ဖြစ်သွားသည်။

လင်းယွမ်က ပြောလိုက်သည်။

"ဒီပစ္စည်းက ဓာတ်ကူး မကူးဆိုတာ မင်း ကူညီပြီး စစ်ဆေးပေးပါဦး"

တုံကျဲသည် ထိုစကားကို ကြားသောအခါ ဘေးတွင် ထိုင်ချလိုက်ပြီး အမွေးအတောင်ကို ခေါက်ကြည့်လိုက်ရာ "ဒေါင် ဒေါင်" ဟူသော အသံများ ထွက်ပေါ်လာသဖြင့်...

"ဒါ သံတုံးကြီးလား... မာလိုက်တာ"

"သံမဟုတ်ဘူး... ဒါ သန္ဓေပြောင်း ငှက်တစ်ကောင်ရဲ့ အမွေးအတောင်ပဲ"

"ငှက်မွေး ဟုတ်လား..."

တုံကျဲနှင့် တုံယန်တို့ မောင်နှမနှစ်ယောက်စလုံး အကြီးအကျယ် အံ့အားသင့်သွားကြပြီး အမွေးအတောင်ကြီးကို ပါးစပ်အဟောင်းသား ငေးကြည့်နေမိကြသည်။

တုံယန်က မနေနိုင်စွာ မေးလိုက်သည်။

"ဒါ ဘာငှက်မို့လို့လဲ... အမွေးအတောင်တစ်ခုတည်းနဲ့တင် (၁၀) ပေကျော် ရှည်နေပါလား"

လင်းယွမ်က ခေါင်းခါလိုက်ပြီး...

"ဘာမျိုးစိတ်လဲတော့ မသိဘူး... ဒါပေမဲ့ သေချာတာကတော့ သန္ဓေပြောင်း သတ္တဝါပဲ"

တုံကျဲသည် လက်တွေ့ စမ်းသပ်ရန် ပြင်ဆင်လိုက်ပြီး သူ၏ လက်ချောင်းကို အမွေးအတောင်ပေါ်သို့ တင်လိုက်သည်။

သူ၏ အစွမ်းကို ထုတ်သုံးလိုက်သည်နှင့် တပြိုင်နက် သူ၏ မျက်ဝန်းအိမ်ထဲတွင် လျှပ်စီးရောင်များ လက်ခနဲ ဖြစ်သွားသည်။

သူ၏ လက်ချောင်းထိပ်များမှ တဖျစ်ဖျစ် မြည်သံများနှင့်အတူ လျှပ်စီးပွားများ တောက်ပလာသည်။

ထို လျှပ်စီးတန်းလေးများသည် အမွေးအတောင်ပေါ်သို့ ကူးစက်သွားလေသည်။

ထိုအခါ အမွေးအတောင်ကြီးသည် သိသိသာသာ တုန်ခါသွားပြီး လိုက်ကာတံခါးကဲ့သို့ စီတန်းနေသော အမွေးအမျှင်လေးများ လှုပ်ရှားသွားကြသည်။

အမွေးအတောင် တစ်ခုလုံးသည် မီးကျွမ်းသွားခြင်း မရှိသည့်အပြင် မင်ရောင်တောက်နေသော အမွေးအမျှင်များသည် ပိုမို ပြောင်လက် တောက်ပလာလေတော့သည်။

လျှပ်စီးကြောင်းများက အမွေးအတောင်ကို ပျက်စီးစေခြင်း မရှိဘဲ စွမ်းအင်များ ဖြည့်သွင်းပေးလိုက်သကဲ့သို့ ဖြစ်နေသည်။

တုံကျဲသည် သူ၏လက်ကို အလျင်အမြန် ပြန်ရုတ်လိုက်ပြီး အံ့သြတကြီး ပြောလိုက်သည်။

"အစ်ကိုလင်း... ဒီပစ္စည်းက ဓာတ်ကူးရုံတင် မကဘူး... လျှပ်စစ်စွမ်းအင်ကိုပါ စုပ်ယူနိုင်တယ်ဗျ"

"ကျွန်တော် ဒီလို ပစ္စည်းမျိုး တစ်ခါမှ မမြင်ဖူးဘူး... ဒီအမွေးအမျှင်တွေက သဘာဝအတိုင်း ဖြစ်နေတဲ့ ဓာတ်ကြိုးတွေလိုပဲ... ခုခံအားက သုညနီးပါးလောက် ဖြစ်နေတာ"

"ကျွန်တော့်ရဲ့ လျှပ်စစ်စွမ်းအင်တွေက ဒီအထဲမှာ ဘာအဆီးအတားမှ မရှိဘဲ လွတ်လွတ်လပ်လပ် စီးဆင်းသွားတာကို ခံစားမိနေတယ်"

လင်းယွမ်လည်း အံ့သြမှင်သက်သွားမိသည်။ ထိုငှက်ဆိုးကြီးများ တိမ်လွှာထဲမှ မိုးကြိုးများကို မကြောက်ကြခြင်းမှာ ၎င်းတို့၏ အမွေးအတောင်များက လျှပ်စစ်ကာကွယ်ပေးထားသောကြောင့် ဖြစ်မည်ဟု သူက ထင်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် တုံကျဲ၏ စကားများက သူ့ကို အကြီးအကျယ် အံ့အားသင့်စေခဲ့သည်။ ဤအရာက လျှပ်စစ်ကူးရုံသာမက လျှပ်ကူးပစ္စည်းအနေဖြင့် အလွန်ကောင်းမွန်နေပြီး လျှပ်စစ်ခုခံအား လုံးဝမရှိသလောက် ဖြစ်နေသည်တဲ့လား။

လင်းယွမ်၏ မျက်လုံးများ အရောင်တောက်ပလာပြီး စိတ်ထဲတွင် တွေးလိုက်မိသည်။

"ဒါဆိုရင် အဲဒီ ငှက်ဆိုးကြီးတွေရဲ့ အမွေးအတောင်တွေက လျှပ်ကူးတာ အရမ်းကောင်းနေလို့... မိုးကြိုးတွေ သူတို့ကိုယ်ပေါ် ကျရောက်လာရင်တောင် တခြားနေရာကို အလွယ်တကူ စီးဆင်းသွားစေတာများလား"

"ဒါပေမဲ့ သူတို့ ခန္ဓာကိုယ်တွေက ဘာဒဏ်ရာမှ မရဘဲ ဘယ်လိုလုပ် ခံနိုင်ရည် ရှိနေကြတာလဲ"

လင်းယွမ် ငြိမ်သက်သွားသည်။ သို့တည်းမဟုတ် ထိုငှက်များ၏ ခန္ဓာကိုယ်သည် ဝါယာကြိုးကဲ့သို့ ဖြစ်နေပြီး လျှပ်စစ်စီးကြောင်းများက ၎င်းတို့၏ ခန္ဓာကိုယ်ကို ဖြတ်သန်းကာ အခြားနေရာသို့ စီးဆင်းသွားခြင်းလော။

ဝါယာကြိုးသဖွယ် ဖြစ်နေသော ၎င်းတို့ကိုယ်တိုင်မှာမူ မည်သည့် ထိခိုက်မှုမှ မရှိခြင်း ဖြစ်နိုင်ပါသလား။

ဤသည်မှာ လင်းယွမ် တစ်ခါမှ မစဉ်းစားဖူးသော အချက်ဖြစ်သည်။

အကယ်၍သာ ထိုသို့ဆိုလျှင် မိမိအနေဖြင့် ထူထပ်သော တိမ်တိုက်များကို ဖြတ်ကျော်ပြီး မိုးကြိုးဒဏ်ကို မည်သို့ ကာကွယ်ရပါမည်နည်း။

"ဒါကြောင့် စစ်တပ်က ဒီနေ့အထိ လေယာဉ်တွေ လွှတ်မလာတာကိုး"

"တိမ်တိုက်ထဲက မိုးကြိုးတွေ ဘယ်လောက် အန္တရာယ်များလဲ ဆိုတာ ထားလိုက်ဦး... ဒီငှက်ဆိုးကြီးတွေက တိမ်တိုက်ထဲမှာ ပုန်းအောင်းနေပြီး လေယာဉ်တွေကို တိုက်ခိုက်ကြမှာ သေချာတယ်"

"လေကြောင်းခရီးက သွားဖို့ မဖြစ်နိုင်သလောက်ပဲ... ပြီးတော့ အဲဒီ မိုးကြိုးတွေထဲမှာ သံလိုက်စက်ကွင်း နှောင့်ယှက်မှုတွေ ရှိမရှိလည်း မသိရသေးဘူး... လေယာဉ်တွေ တိမ်တိုက်ထဲ ဝင်သွားရင် အလုပ်လုပ်နိုင်ပါ့မလား ဆိုတာလည်း မသေချာဘူး"

"စဉ်းစားကြည့်ရင် လေယာဉ်တွေ အလုပ်မလုပ်နိုင်ရင်တောင် ရေငုပ်သင်္ဘောတွေ၊ စစ်သင်္ဘောတွေ အလုပ်လုပ်လို့ ရတာပဲ... ဘာလို့ ကုန်းတွင်းပိုင်းကို ဝင်ပြီး ကယ်ဆယ်ရေး မလုပ်ကြတာလဲ"

"ရေကြီးကာစတုန်းက ရေမျက်နှာပြင် မမြင့်သေးလို့ စစ်သင်္ဘောတွေ ဝင်မလာနိုင်တာလား... ဒါမှမဟုတ် အဆောက်အအုံတွေ များလွန်းလို့ စစ်သင်္ဘောတွေ မြို့ထဲ ဝင်မရတာလား"

လင်းယွမ်၏ အတွေးများ ရှုပ်ထွေးနေသည်။ ထို သန္ဓေပြောင်း ငှက်ဆိုးကြီးများကြောင့် တိမ်တိုက်အထက်မှ ကမ္ဘာကြီးအပေါ် သူ၏ သိလိုစိတ်များ ပြင်းထန်လာခဲ့သည်။

သို့သော် လက်ရှိ သူ၏ အစွမ်းအစဖြင့်မူ တိမ်တိုက်ကို ဖောက်ထွက်ပြီး တိမ်ကမ္ဘာကို သွားရောက် ကြည့်ရှုရန် မလုံလောက်သေးပေ။

စစ်တပ်ဘက်ကရော ဘာတွေများ ရှာဖွေတွေ့ရှိထားသလဲ မသိရချေ။

လင်းယွမ်ကမူ စစ်တပ်သာ ဆက်လက် လည်ပတ်နေသေးလျှင် တိမ်တိုက်ထဲသို့ သွားရောက် စူးစမ်းရန် နည်းလမ်းမရှိဘဲ နေမည်မဟုတ်ဟု ထင်မှတ်နေသည်။

တိမ်တိုက်ထဲတွင် ပိုမိုကြီးမားသော အန္တရာယ် အတားအဆီးများ ရှိနေသည်ဆိုလျှင်တော့ တစ်မျိုးပေါ့။

"အစ်ကိုလင်း... ဒီပစ္စည်းမျိုးက ရှာရ လွယ်လား... ကျွန်တော်တို့ ဒါကို သံဂဟေဆော်ပြီး ဝါယာကြိုးအဖြစ် လုပ်နိုင်ရင် အိမ်တိုင်း လျှပ်စစ်မီးရအောင် လုပ်ပေးနိုင်မှာပဲ"

တုံကျဲက စိတ်လှုပ်ရှားစွာ ပြောလိုက်ရာ လင်းယွမ်၏ အတွေးစများ ပြတ်တောက်သွားသည်။

လင်းယွမ်က ပြုံးလိုက်ပြီး...

"ဒီပစ္စည်းက လျှပ်ကူးတာ အရမ်းကောင်းတယ်ဆိုပေမယ့် အပေါ်ယံ အကာအကွယ် မရှိရင် ဓာတ်လိုက်ဖို့ လွယ်နေမှာပေါ့"

တုံကျဲက ခေါင်းကုတ်ရင်း စဉ်းစားလိုက်ပြီး ရုတ်တရက် ဆိုသည်။

"ကျွန်တော် နည်းလမ်းတစ်ခု စဉ်းစားမိတယ်... ဒီအမွေးအမျှင်တွေကို ပင်လယ်မျှော့ကော်စေးနဲ့ သုတ်လိမ်းလိုက်ရင် ကော်စေးတွေ ကပ်သွားပြီး အပေါ်ယံ အကာအကွယ် ဖြစ်သွားမှာပဲ"

"ကျွန်တော် အရင်က စမ်းဖူးတယ်... အိမ်သုံး ၂၂၀ ဗို့အားလောက်ဆိုရင် ပင်လယ်မျှော့ကော်စေးကို ဖြတ်ပြီး ဓာတ်မလိုက်နိုင်ဘူး... ဓာတ်လိုက်မယ့် အန္တရာယ် မရှိတော့ဘူး"

လင်းယွမ် ရယ်မောလိုက်ကာ...

"မင်းက သေသေချာချာကို လေ့လာထားတာပဲ... ကဲ... ဒါဆို မင်း ပြန်ပြီး စမ်းကြည့်လိုက်ဦး... တကယ် အဆင်ပြေတယ်ဆိုရင် ငါ ဒီအမွေးအတောင်တွေ ပိုရအောင် လုပ်ပေးမယ်"

"ဟုတ်ကဲ့... ပြန်ရောက်တာနဲ့ စမ်းကြည့်လိုက်မယ်... ဒီအမွေးအမျှင်တွေက ဝါယာကြိုး လုပ်လို့ရရုံတင် မကဘူး... ပျက်စီးနေတဲ့ လျှပ်စစ် ပစ္စည်းတချို့ကို ပြန်ပြင်တဲ့နေရာမှာလည်း အစားထိုး သုံးလို့ရလောက်တယ်" တုံကျဲက စိတ်အားထက်သန်စွာ ပြောလေသည်။

လင်းယွမ် ပြုံးလိုက်မိသည်။ ခိုလှုံရေးစခန်းထဲတွင် လူတိုင်း ကိုယ်စီ ကြိုးစားနေကြသည်။

ညီလေးတုံကျဲ၏ လျှပ်စစ်ထုတ်လွှတ်နိုင်သော အစွမ်းသည် တိုက်ခိုက်ရေးတွင် အသုံးမဝင်သော်လည်း သူ၏ ထူးခြားသော တီထွင်ဖန်တီးနိုင်မှုကြောင့် လျှပ်စစ်ပစ္စည်းများဘက်တွင် အသုံးချနိုင်ခြင်းမှာ လမ်းကြောင်းကောင်း တစ်ခုပင်။

ကြည့်ရသည်မှာ သူ ဝါသနာပါသော အလုပ်ဖြစ်ပုံလည်း ရသည်။

ဝါသနာသည် အကောင်းဆုံး ဆရာတစ်ဆူ မဟုတ်ပါလော။

စကားအနည်းငယ် ဆက်ပြောပြီးနောက် လင်းယွမ်က တုံကျဲကို အမွေးအတောင် သယ်သွားခိုင်းလိုက်သည်။

"နောက်တစ်ခေါက် ဒီရေလှိုင်းကာလရောက်ရင် သန္ဓေပြောင်း ငှက်ဆိုးကြီးတွေ ပိုဖမ်းမှ ဖြစ်မယ်"

သူ့လက်ရှိ အစွမ်းဖြင့်ဆိုလျှင် ထိုငှက်ဆိုးကြီးများကို သတ်ဖြတ်ရန် ပြဿနာ မရှိနိုင်ဟု တွက်ဆထားသည်။

တုံကျဲကို ပြန်လွှတ်လိုက်ပြီးနောက် တုံယန်လည်း ဈေးဝယ်စင်တာဘက်သို့ ကူညီရန် ထွက်သွားလေသည်။

ယခုအခါ ခိုလှုံရေးစခန်းတွင် အလုပ်များနေသဖြင့် မည်သူမျှ အားလပ်နေခြင်း မရှိကြပေ။

ကျယ်ဝန်းလှသော အခန်းကြီးထဲတွင် လင်းယွမ် တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။

လင်းယွမ်သည် အပြင်ဘက်မှ မိုးသည်းထန်စွာ ရွာသွန်းနေမှုကို ငေးကြည့်ရင်း ခိုလှုံရေးစခန်း၏ ရှေ့ဆက်မည့် အခြေအနေကို စဉ်းစားနေမိသည်။

မကြာမီ ဆုန့်ဝမ်သည် အိမ်သို့ အလျင်အမြန် ပြန်ရောက်လာပြီး မျက်နှာတွင် စိုးရိမ်သော အရိပ်အယောင်များ ယှက်သန်းနေသည်ကို တွေ့လိုက်ရသည်။

လင်းယွမ်က မြင်သည်နှင့် လှမ်းမေးလိုက်သည်။

"ဝမ်ဝမ်... ဘာဖြစ်လာတာလဲ... ဘာလို့ အဲဒီလောက်တောင် လောနေတာလဲ"

ဆုန့်ဝမ်က အမောတကောဖြင့်...

"အဒေါ်ကြီးလီ ရုတ်တရက် မေ့လဲသွားလို့... ကျွန်မ ဒေါက်တာရန်ကို သွားရှာပေမယ့် သူက ထန်ယင်းကို ခေါ်ပြီး ဆေးဖက်ဝင်အပင်တွေ ရှာဖို့ အပြင်ထွက်သွားတယ်တဲ့"

လင်းယွမ် ထိုစကားကို ကြားသောအခါ မျက်နှာထား တင်းမာသွားပြီး ချက်ချင်း မေးလိုက်သည်။

"ဘယ်လိုဖြစ်ပြီး မေ့လဲသွားတာလဲ... သတိရော ရသေးရဲ့လား"

"ရပါတယ်... မနက်တုန်းကတည်းက အဒေါ်ကြီးလီ ကြည့်ရတာ စိတ်နဲ့လူနဲ့ မကပ်သလိုပဲ... မျက်နှာအရောင်လည်း သိပ်မကောင်းဘူး... နှာတွေချည်းပဲ ချေနေတာ... အအေးမိသွားတယ် ထင်တယ်"

"ဒီရက်ပိုင်း အပူချိန်က ကျလာတာဆိုတော့ သူ အနွေးထည် သေချာ မဝတ်မိဘဲ မိုးရေတွေဘာတွေ စိုသွားလို့ နေမှာပါ"

"ထားပါတော့... ကျွန်မ အခန်းထဲမှာ အအေးမိပျောက်ဆေး ရှိမလားလို့ သွားရှာလိုက်ဦးမယ်"

လင်းယွမ် မျက်နှာ ပျက်သွားသည်။ အအေးလှိုင်းသည် တဖြည်းဖြည်းနှင့် အရှိန်မြှင့် ဝင်ရောက်လာနေပြီ ဖြစ်သည်။

"သွားရှာမနေနဲ့တော့... ငါ့ဆီမှာ ရှိတယ်... ငါလည်း နင်နဲ့အတူ လိုက်ကြည့်မယ်"

လင်းယွမ်နှင့် ဆုန့်ဝမ်တို့ စိုက်ပျိုးရေးခြံဘက်သို့ အမြန် ထွက်လာခဲ့ကြသည်။

စိုက်ပျိုးရေးခြံ တစ်ခုလုံးကို ပလတ်စတစ်များဖြင့် မိုးကာထားသဖြင့် အပူချိန်က အနည်းငယ် မြင့်မားလေသည်။

ဆုန့်ဝမ်၏ သန္ဓေပြောင်း နေကြာပန်းသည် အလယ်တည့်တည့်တွင် ရှိနေပြီး စိုက်ခင်းတစ်ခုလုံးကို အလင်းရောင် ပေးထားသည်။

စိုက်ခင်းထဲတွင် ဟင်းသီးဟင်းရွက်မျိုးစုံ စိမ်းလန်းစိုပြည်စွာ ပေါက်ရောက်နေသော်လည်း သည်းမခံနိုင်လောက်အောင် နံစော်နေသော မစင်နံ့များ ရနေသည်။

ဦးလေးကြီး၊ အဒေါ်ကြီး အများအပြား ရှိနေကြပြီး လည်စည်းပဝါများ ပတ်ကာ နှာခေါင်းများကို အုပ်လျက် ပေါင်းသင်ခြင်း၊ ပိုးဖမ်းခြင်းများ လုပ်ဆောင်နေကြသည်။

လှမ်းကြည့်လိုက်လျှင် ဝါးဖြင့် ဆောက်လုပ်ထားသော စိုက်ပျိုးရေးခြံ ဝန်ထမ်းအိပ်ဆောင်ကို တွေ့ရပြီး အဒေါ်ကြီးလီမှာ အခန်းတစ်ခန်းထဲတွင် လဲလျောင်းနေသည်။

အခန်းထဲ ဝင်လိုက်သည်နှင့် ဦးလေးမာက အဒေါ်ကြီးလီ ဘေးနားတွင် စိုးရိမ်ပူပန်စွာ ထိုင်နေပြီး လက်ကို ဆုပ်ကိုင်လျက် "အဘွားကြီး" ဟု တတွတ်တွတ် ခေါ်နေသည်ကို တွေ့လိုက်ရသည်။

လင်းယွမ်က မေးလိုက်သည်။

"ဦးလေးမာ... အဒေါ်ကြီးလီ ဘယ်လို နေသေးလဲ"

မာကောချိုင်က မျက်ရည်ဝဲနေသော မျက်လုံးများဖြင့်...

"စောစောက စကားပြောနိုင်သေးတယ်... အခုတော့ သတိလစ်သွားပြီ... ဘယ်လိုခေါ်ခေါ် မထူးတော့ဘူး"

ဆုန့်ဝမ်က အလျင်အမြန်ပင်...

"ကျွန်မ ကြည့်ပေးမယ်"

မာကောချိုင်က နေရာဖယ်ပေးလိုက်ပြီး ဆုန့်ဝမ်ကို ဝင်ကြည့်စေသည်။

ဆုန့်ဝမ်က သူမ၏ လက်ကို အဒေါ်ကြီးလီ၏ နဖူးပေါ်သို့ တင်လိုက်ရာ အစိမ်းရောင် အလင်းတန်းတစ်ခု သူမ၏ လက်ချောင်းထိပ်မှ ဖြာထွက်လာပြီး အဒေါ်ကြီးလီ၏ နားထင်ကြောထဲသို့ ဖြည်းညင်းစွာ စိမ့်ဝင်သွားသည်။

အဒေါ်ကြီးလီ၏ ဖြူဖျော့နေသော မျက်နှာသည် သိသိသာသာ ပန်းရောင်သန်းလာပြီး အသက်ရှူနှုန်းလည်း မှန်လာပုံ ရသည်။

ဆုန့်ဝမ်က အဒေါ်ကြီးလီ၏ နဖူးကို စမ်းကြည့်ရင်း စိတ်မကောင်းစွာဖြင့်...

"ကိုယ်ပူနေတုန်းပဲ... ကျွန်မ အဒေါ်ကြီးလီကို အဖျားကျဆေး အရင် တိုက်လိုက်မယ်"

လင်းယွမ်က အဖျားကျဆေး တစ်ဘူးကို ဆုန့်ဝမ်ထံ ကမ်းပေးလိုက်သည်။ ဆုန့်ဝမ်က ဆေးကို ကြိတ်ချေပြီးနောက် အဒေါ်ကြီးလီကို တိုက်လိုက်သည်။

အဒေါ်ကြီးလီသည် နှစ်ခြိုက်စွာ အိပ်ပျော်သွားပြီး အခြေအနေ အတော်လေး ကောင်းမွန်လာပုံ ရသည်။

လင်းယွမ်က မာကောချိုင်ကို ကြည့်ပြီး မေးလိုက်သည်။

"ဦးလေးမာ... အဒေါ်ကြီးလီ ဘယ်လိုဖြစ်ပြီး အအေးမိသွားတာလဲ... မိုးမိတာလား"

မာကောချိုင်က ခေါင်းခါရင်း...

"မိုးမမိပါဘူးကွာ... သူ့မှာ ဆီးချိုရောဂါအခံ ရှိတော့ ခန္ဓာကိုယ်က သိပ်မကောင်းဘူးလေ... အအေးဒဏ် ခံနိုင်အောင် ဂရုစိုက်ပါတယ်... အပြင်ထွက်ရင် ထီးဆောင်းရုံတင်မကဘူး မိုးကာအင်္ကျီပါ ထပ်ဝတ်တာပါ"

"ဒါဆို ဘယ်လိုလုပ် အအေးမိသွားတာလဲ" လင်းယွမ် မေးလိုက်သည်။

မာကောချိုင်က သက်ပြင်းချရင်း...

"ရာသီဥတုက အေးလာတာကိုး... မင်းအဒေါ်ကြီးက အစကတည်းက ဆီးချိုရှိတော့ ကိုယ်ခံအားက သိပ်မကောင်းဘူး... အစားအသောက်လည်း ဆင်ခြင်ရတော့ ကောင်းကောင်းမစားရဘူးလေ"

"နေ့တိုင်း မိုးတွေရွာပြီး စိုထိုင်းဆတွေ များနေတော့ အိမ်ထဲမှာလည်း စိုစိုစွတ်စွတ်ကြီး ဖြစ်နေတာ... အအေးဓာတ်နဲ့ အစိုဓာတ်ပေါင်းပြီး ဖျားတာ မဆန်းပါဘူးကွာ"

လင်းယွမ် မျက်မှောင်ကြုတ်လိုက်ပြီး...

"ဦးလေးတို့အိမ်က ရေငွေ့ပြန်တာလား"

"ပြန်တာပေါ့ကွာ... ကျောက်နံရံတွေဆိုတော့ ရေငွေ့ပြန်တာ သေချာတာပေါ့... ငါ့အပြစ်လည်း ပါပါတယ်... အိမ်ကို ပြန်ပြင်ပြီး သစ်သားပြားတွေ ကာမယ်လို့ ပြောနေတာ ကြာပြီ... အခုထိ အချိန်မရလို့ မလုပ်ဖြစ်သေးဘူး" ဦးလေးမာက နောင်တရစွာ ပြောလေသည်။

လင်းယွမ် စဉ်းစားလိုက်ပြီး...

"သစ်သားအိမ်တွေ၊ ဝါးအိမ်တွေမှာ နေတဲ့သူတွေရော ဒီပြဿနာ ရှိလား"

"ရှိတာပေါ့... တကယ်တော့ ငါတို့လို လိုဏ်ဂူထဲနေရတာက တော်သေးတယ်... အပြင်ဘက် သစ်သားအိမ်တွေ ဝါးအိမ်တွေမှာ နေရတာက ပြဿနာ ပိုများတယ်... သစ်သားပြားတွေက ဟနေတော့ မိုးရေတွေ စိမ့်ဝင်လာတာပဲ"

"တတ်နိုင်တဲ့သူတွေကတော့ ပင်လယ်မျှော့ကော်စေး ဝယ်ပြီး အက်ကြောင်းတွေကို ဖာကြတယ်... မတတ်နိုင်တဲ့သူတွေကျတော့လည်း ပါးလွှာတဲ့ သစ်သားပြားလေးတွေ အထပ်ထပ် ကာပြီး လေဒဏ် မိုးဒဏ် ကာကွယ်ကြရတာပေါ့"

"အခုလောလောဆယ်တော့ တော်သေးတယ်... နောက်ပိုင်း ပိုအေးလာရင် ဘယ်လိုလုပ်ကြမလဲ မသိဘူး"

လင်းယွမ် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားမိသည်။ ပင်လယ်မျှော့ကော်စေးသည် အတော်လေး ရှားပါးသော ပစ္စည်းဖြစ်နေသည်။

ယခုနောက်ပိုင်းတွင် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ကော်အဖြစ် အသုံးပြုကြရာ အလွန် အသုံးတွင်ကျယ်လေသည်။

သားသတ်ရုံဘက်ကိုလည်း လင်းယွမ် ကြိုတင် မှာကြားထားပြီး ဖြစ်သည်။ ပင်လယ်မျှော့ ဖမ်းမိပါက မသတ်ဘဲ မွေးမြူထားကာ ကော်စေးထုတ်ယူရန် စီစဉ်ထားသည်။

သို့သော်လည်း ပင်လယ်မျှော့ကော်စေးမှာ လိုသလောက် မရနိုင်သဖြင့် လူတိုင်း အိမ်ဆောက်ရာတွင် အသုံးပြုနိုင်ရန် မလွယ်ကူပေ။

"အဓိကကတော့ မိုးတွေက အကြာကြီး ရွာနေတော့ လေထုထဲမှာ စိုထိုင်းဆ အရမ်းများနေတာ... လူတော်တော်များများရဲ့ အဝတ်အစားတွေက မခြောက်ကြဘူး... နေ့တိုင်း ကိုယ်ငွေ့နဲ့ ပြန်ခြောက်အောင် ဝတ်နေကြရတာ"

"အရင်တုန်းက ရာသီဥတု ပူတော့ သတိမထားမိကြဘူး... အခု ရာသီဥတုက တဖြည်းဖြည်း အေးလာပြီ... စိုထိုင်းထိုင်း အဝတ်အစားတွေကို ဒီအတိုင်း ဝတ်ထားကြတော့ အအေးမိ ဖျားနာကုန်ကြတာပေါ့" ဦးလေးမာက သက်ပြင်းချရင်း ပြောသည်။

လင်းယွမ်၏ အိမ်တွင် အဝတ်အခြောက်ခံစက် ရှိသဖြင့် ဤကိစ္စအတွက် ပူပန်စရာ မလိုပေ။

အခြားလူများမှာမူ လျှပ်စီးမီး မရှိသည့်အပြင် အဝတ်လျှော်စက်၊ အခြောက်ခံစက်များလည်း မရှိကြသဖြင့် အဝတ်အစား အများစုမှာ တစ်ပိုင်းတစ်စသာ ခြောက်သွေ့နေတတ်သည်။

ယခု အပူချိန် ကျဆင်းလာသောအခါ အအေးမိ ဖျားနာကြသည်မှာ မဆန်းပေ။

လင်းယွမ် စဉ်းစားခန်း ဝင်သွားသည်။ ဤပြဿနာကို ဖြေရှင်းရန် နည်းလမ်း ရှာရပေတော့မည်။

ထိုစဉ် ဆုန့်ဝမ်က ပြောလာသည်။

"အစ်ကိုလင်း... အစ်ကို့ရဲ့ သန္ဓေပြောင်း နေကြာပန်းက ဘယ်က ရလာတာလဲဟင်"

"ဘာဖြစ်လို့လဲ" လင်းယွမ် သူမကို လှမ်းကြည့်လိုက်သည်။

ဆုန့်ဝမ်က...

"တကယ်တော့ သန္ဓေပြောင်း နေကြာပန်းရဲ့ အာနိသင်က အရမ်းကောင်းတယ်... သူက အလင်းရောင်ပေးရုံတင် မကဘူး အပူဓာတ်ပါ ပေးနိုင်တယ်"

"စိုက်ပျိုးရေးခြံက ဝန်ထမ်းတွေ အိမ်က မခြောက်တဲ့ အဝတ်အစားတွေကို ဒီခြံထဲ ယူလာပြီး လှန်းကြတာ ကျွန်မ တွေ့တယ်"

"နေကြာပန်းနဲ့ နီးတဲ့နေရာမှာဆိုရင် နေ့ဝက်လောက်နဲ့တင် အဝတ်တွေ ခြောက်သွားရော"

"သန္ဓေပြောင်း နေကြာပန်းတွေသာ ပိုရရင် ကောင်းမှာပဲ... အိမ်တိုင်း တစ်ပင်လောက် စိုက်ထားပေးနိုင်ရင် လျှပ်စစ်မီးရသလို အလင်းရောင်လည်း ရမယ်... အဝတ်တွေ ခြောက်သွေ့အောင် အပူပေးနိုင်တဲ့အပြင် အခန်းအပူချိန်ကိုပါ ထိန်းထားနိုင်လိမ့်မယ်"

လင်းယွမ် ထိုစကားကို ကြားသောအခါ စိတ်ထဲတွင် လှုပ်ရှားသွားသည်။

သန္ဓေပြောင်း နေကြာပန်းသည် ယခင်က ကံစမ်းမဲနှိုက်ရာမှ မထင်မှတ်ဘဲ ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဤနေကြာပန်းသည် ဤမျှ အသုံးဝင်လိမ့်မည်ဟု မထင်ခဲ့မိပေ။

လက်ရှိ မိမိတွင် အမှတ် (၂) သိန်းကျော် ရှိနေရာ သန္ဓေပြောင်း နေကြာပန်းမျိုးစေ့များကို ပိုမို မဲနှိုက်ယူ၍ ရနိုင်သည် မဟုတ်ပါလော။

အိမ်တိုင်း တစ်ပင် မကလို့ နေကြာပန်း စိုက်ခင်းတစ်ခု တည်ထောင်လျှင်ပင် ပြဿနာ မရှိပေ။

"ငါ နည်းလမ်းရှာလိုက်မယ်" လင်းယွမ် ချက်ချင်း ပြောလိုက်သည်။

ဆုန့်ဝမ်က ခေါင်းညိတ်သည်။ လင်းယွမ် မည်သို့ လုပ်ဆောင်မည်ကို မမေးမြန်းဘဲ သူ့ကို မျက်စိစုံမှိတ် ယုံကြည်လေသည်။

လင်းယွမ်သည် ထိုနေရာတွင် ခေတ္တမျှ နေပြီးနောက် စိုက်ပျိုးရေးခြံမှ ထွက်ခွာကာ မိမိ၏ လိုဏ်ဂူအိမ်သို့ ပြန်လာခဲ့သည်။

ဧည့်ခန်းသို့ ရောက်သောအခါ ရေကန်ဘေးရှိ နေကြာပန်းကို ကြည့်လိုက်ပြီး ပတ်ဝန်းကျင်ရှိ ကြမ်းပြင်နှင့် နံရံများကို သေချာ စစ်ဆေးကြည့်လိုက်သည်။

ထင်သည့်အတိုင်းပင် နေကြာပန်း၏ ပတ်ဝန်းကျင်တွင် ရေငွေ့ပြန်ခြင်း၊ မှိုတက်ခြင်းများ လုံးဝ မရှိပေ။

ကြမ်းပြင်ကို စမ်းသပ်ကြည့်လိုက်ရာ နေရောင်ခြည်နှင့် ထိတွေ့ထားသကဲ့သို့ နွေးထွေးသော ခံစားမှုကို ရရှိစေသည်။

သန္ဓေပြောင်း နေကြာပန်း တစ်ပွင့်သည် အိမ်တွင်း စိုထိုင်းဆကို တကယ်ပင် လျှော့ချပေးနိုင်ပေသည်။

၎င်းသည် အိမ်သုံး နေအသေးစားလေး တစ်ခုနှင့်ပင် တူနေသည်။

လင်းယွမ် ထိုင်ချလိုက်ပြီး စနစ်ကို ဖွင့်လိုက်လေသည်။

သူ၏ လက်ရှိ အမှတ်များကို ကြည့်လိုက်ရာ စုစုပေါင်း ၂၃၁၃၄၂ အမှတ် ရှိသည်။

"စနစ်... သန္ဓေပြောင်း နေကြာပန်းမျိုးစေ့ သတ်မှတ် မဲနှိုက်မယ်"

[ဒင်... သန္ဓေပြောင်း နေကြာပန်းသည် သန္ဓေပြောင်း အပင် ဖြစ်သောကြောင့် သတ်မှတ် မဲနှိုက်လိုပါက အမှတ် ၁၀၀၀ ကျသင့်ပါမည်]

လင်းယွမ် သက်ပြင်းချလိုက်သည်။ သူ မှတ်မိသလောက်ဆိုလျှင် ယခင်က သန္ဓေပြောင်း နေကြာပန်း မဲပေါက်ခဲ့စဉ်က အမှတ် (၅၀) တန် ကံစမ်းမဲဘီးမှ ရရှိခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က အမှတ်ရရှိရန် ခက်ခဲသဖြင့် သူသည် အကြိမ်ကြိမ် သေချာ တွက်ချက်ခဲ့ရသည်။

သို့သော် နောက်ပိုင်းတွင် သူ သတိထားမိလာသည်မှာ အမှတ် (၅၀) တန် ကံစမ်းမဲဘီးမှစ၍ အထက်ပိုင်း အဆင့်များတွင် သန္ဓေပြောင်း အပင်များ ပေါက်နိုင်ချေ ရှိသည်ဟု သိလာရသည်။

သို့သော် ပေါက်နိုင်ချေမှာ နည်းလိုက်များလိုက် ဖြစ်ပြီး အမှတ်များများပေးရသော ကံစမ်းမဲဘီးတွင် သန္ဓေပြောင်း အပင် ပေါက်နိုင်ချေ ပိုများသည်။

သန္ဓေပြောင်း နေကြာပန်းမျိုးစေ့ကို သတ်မှတ် မဲနှိုက်ခြင်းသည် အမှတ် (၁၀၀၀) ပေးရမည်ဖြစ်ရာ လင်းယွမ်အတွက် အနည်းငယ် ရှုံးသည်ဟု ခံစားရသည်။

အဘယ်ကြောင့်ဆိုသော် ယခင်က အရည်အသွေးမှတ်ကို သတ်မှတ် မဲနှိုက်ရာတွင်လည်း အမှတ် (၁၀၀၀) သာ ကျသင့်ခဲ့သောကြောင့် ဖြစ်သည်။

"အရင်ဆုံး တစ်ကြိမ်လောက် စမ်းနှိုက်ကြည့်မယ်"

"မဲနှိုက်မယ်"

လင်းယွမ် အမှတ် (၁၀၀၀) ကို အသုံးပြုလိုက်ရာ ကံစမ်းမဲဘီးမှ အလင်းရောင်များ လက်ခနဲ ဖြစ်သွားပြီးနောက် မျိုးစေ့တစ်စေ့ ကျဆင်းလာသည်။

လင်းယွမ် ကြောင်သွားပြီး ဒေါသတကြီး ရေရွတ်လိုက်မိသည်။

"ဟမ်... ဘာလို့ တစ်စေ့တည်း ရတာလဲ"

ပြီးခဲ့သည့် တစ်ခေါက်က မဲနှိုက်တုန်းက သန္ဓေပြောင်း နေကြာပန်းမျိုးစေ့ အစေ့ (၂၀) တောင် ရရှိခဲ့သည် မဟုတ်ပါလော။

ရှင်သန်နှုန်းက ၂၀% သာ ရှိသည်ဆိုသော်လည်း နောက်ဆုံးတွင် အပင် (၂) ပင် ရှင်သန်ခဲ့သည်လေ။

လင်းယွမ် နေကြာပန်းမျိုးစေ့ကို အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။

သန္ဓေပြောင်း နေကြာပန်းမျိုးစေ့ (အကောင်းစား)

ဖော်ပြချက် - နေရောင်ခြည် ထုတ်လုပ်ပေးနိုင်သော နေကြာပန်းများကို စိုက်ပျိုးနိုင်သည်။

အရေအတွက် - ၁

ရှင်သန်နှုန်း - ၁၀၀%

စိုက်ပျိုးရမည့် ပတ်ဝန်းကျင် - မြေကြီးရှိသောနေရာ

လင်းယွမ် ကြောင်အသွားသည်။

"အကောင်းစား မျိုးစေ့လား... ရှင်သန်နှုန်း ၁၀၀% ဟုတ်လား"

သတ်မှတ် မဲနှိုက်ခြင်းမှ ရရှိသော သန္ဓေပြောင်း နေကြာပန်းမျိုးစေ့သည် စနစ်က သတ်မှတ်ပေးထားသည့် အကောင်းဆုံး အရည်အသွေးရှိ မျိုးစေ့ဖြစ်ပြီး ၁၀၀% ရှင်သန်နိုင်ကြောင်း သူ သဘောပေါက်လိုက်သည်။

အမှတ် (၅၀) တန် ကံစမ်းမဲဘီးမှ ရမ်းသမ်းနှိုက်၍ ရလာသော မျိုးစေ့များနှင့် လုံးဝ မတူညီပေ။

လင်းယွမ် သက်ပြင်းချလိုက်မိသည်။ တော်သေးတာပေါ့... သိပ်ပြီး မရှုံးလှဘူး။

အနည်းဆုံးတော့ ၁၀၀% ရှင်သန်မှာ သေချာတယ်လေ။

လင်းယွမ်သည် ဖြည်းဖြည်းချင်း နည်းလမ်းတစ်ခုကို ရှာတွေ့လာသည်။ သတ်မှတ် မဲနှိုက်ခြင်းသည် (၁) ခုချင်းစီသာ နှိုက်၍ ရမည့်ပုံ ပေါ်သည်။

ဥပမာ အရည်အသွေးမှတ် ဆိုလျှင်လည်း တစ်ခါနှိုက်မှ (၁) မှတ်သာ ရသည်။

စက်ပစ္စည်းများ ဆိုလျှင်လည်း (၁) စုံနှုန်းဖြင့်သာ နှိုက်၍ ရသည်။

ယခု သန္ဓေပြောင်း နေကြာပန်းသည်လည်း (၁) စေ့နှုန်းသာ ဖြစ်နေသည်။

သူ၏ မျက်လုံးများ အရောင်တောက်ပသွားပြီး ပေါင်ကို ရိုက်ကာ ကျိန်ဆဲလိုက်သည်။

"တောက်... ငါ တကယ် တုံးတာပဲ... သတ်မှတ် မဲနှိုက်တာချင်း အတူတူ ဘာကိစ္စ မျိုးစေ့ကို သွားနှိုက်နေမှာလဲ... နေကြာပန်းအပင်လိုက် တန်းနှိုက်လိုက်ရင် ပြီးရောမဟုတ်ဘူးလား"

လင်းယွမ် ထိုသို့ တွေးမိသည်နှင့် သတ်မှတ် မဲနှိုက်ခြင်း ခေါင်းစဉ်ကို ပြင်ဆင်လိုက်သည်။

"စနစ်... သန္ဓေပြောင်း နေကြာပန်းအပင် သတ်မှတ် မဲနှိုက်မယ်"

[ဒင်... သန္ဓေပြောင်း နေကြာပန်းအပင် သတ်မှတ် မဲနှိုက်ခြင်းအတွက် အမှတ် ၁၀၀၀ ကျသင့်ပါမည်... မဲနှိုက်မည်လား]

ထင်သည့်အတိုင်းပင်... မျိုးစေ့နှိုက်ခြင်းနှင့် အပင်လိုက်နှိုက်ခြင်းက ဈေးနှုန်း အတူတူပင် ဖြစ်နေသည်။

ကံကောင်း၍ စောစောက တစ်စေ့သာ နှိုက်လိုက်မိသဖြင့် သိပ်ပြီး မနစ်နာလိုက်ချေ။

ထို့နောက်တွင်တော့ လင်းယွမ်သည် သန္ဓေပြောင်း နေကြာပန်းအပင်ကို တန်းပြီး မဲနှိုက်လိုက်တော့သည်။

သန္ဓေပြောင်း နေကြာပန်း

ဖော်ပြချက် - နေရောင်ခြည် ထုတ်လုပ်ပေးနိုင်သော နေကြာပန်း။

အရေအတွက် - ၁

ရှင်သန်နှုန်း - ၁၀၀%

စိုက်ပျိုးရမည့် ပတ်ဝန်းကျင် - မြေကြီးရှိသောနေရာ

အသီး - နေကြာစေ့

သန္ဓေပြောင်း နေကြာပန်း၏ အချက်အလက်များကြောင့် လင်းယွမ်၏ မျက်လုံးများ အရောင်တောက်လာသည်။

"အသီးပါ ထုတ်လုပ်ပေးနိုင်တယ်လား"

"ဒါ သန္ဓေပြောင်း အသီးလို့ ခေါ်လို့ရမလား"

လင်းယွမ် စိတ်လှုပ်ရှားစွာ မျှော်လင့်နေမိသည်။ အကယ်၍သာ နေကြာစေ့ အများအပြား ရရှိလာပါက ခိုလှုံရေးစခန်းအတွက် နောက်ထပ် စားစရာ တစ်မျိုး တိုးလာမည် ဖြစ်သည်။

ဒါတင်မကသေးဘူး... ဒီနေကြာစေ့တွေက ဆီကြိတ်လို့လည်း ရသေးတယ်လေ။

အဓိကအချက်က နေကြာစေ့ဆိုတာ အသီးဖြစ်သလို မျိုးစေ့လည်း ဖြစ်နေပြန်ရော။

ဒါဆိုရင် ဒီလို နေကြာပန်းတွေကို တစ်သုတ်လောက် စိုက်ပျိုးလိုက်တာနဲ့ နောက်ပိုင်းမှာ မျိုးစေ့တွေ အဆက်မပြတ် ရရှိပြီး ဆက်တိုက် စိုက်ပျိုးနိုင်ပြီ မဟုတ်လား။

လင်းယွမ် ဝမ်းသာအားရ ဖြစ်သွားသည်။

"အရင်ဆုံး အပင် (၁၀၀) လောက် မဲနှိုက်ပြီး နေကြာပန်း စိုက်ခင်းတစ်ခု ချဲ့ထွင်လိုက်မယ်... ဒီနေကြာပန်းတွေ ရင့်မှည့်လာရင် နောက်တစ်သုတ် ထပ်စိုက်မယ်... ပြီးမှ ခိုလှုံရေးစခန်းက လူတွေကို တစ်အိမ် တစ်ပင်နှုန်း ပေးနိုင်အောင် စီစဉ်ရမယ်"

ဆက်ရန်...

အပိုင်း(၂၇၂) အဒေါ်ကြီးလီ အစွမ်းနိုးထလာခြင်း

လင်းယွမ်က စေးနှဲနေခြင်း မဟုတ်ပေ။ တစ်ပင်လျှင် အမှတ်တစ်ထောင် ပေးရသော နေကြာပန်းများက တကယ်ကို ဈေးမပေါလှချေ။

နေကြာပန်း အပင်တစ်ရာဆိုလျှင် အမှတ်တစ်သိန်းနှင့် ညီမျှသည်။

သူ ရရှိထားသော အမှတ်နှစ်သိန်းကျော်မှာ မျက်စိတစ်မှိတ်အတွင်း တစ်ဝက်တိတိ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သူ ဘယ်လိုလုပ် နှမြောမနေဘဲ နေနိုင်မည်နည်း။

သို့သော်လည်း တခြားနည်းလမ်း မရှိပေ။ ခိုလှုံရေးစခန်းကို ပိုမိုကောင်းမွန်လာစေရန် ဤရင်းနှီးမြှုပ်နှံမှုများက မရှိမဖြစ် လိုအပ်လှသည်။

လင်းယွမ်က အမှတ်တစ်သိန်းကို အသုံးပြုကာ သန္ဓေပြောင်း နေကြာပန်း အပင်တစ်ရာကို တိုက်ရိုက် မဲနှိုက်လိုက်သည်။

သူက ခေတ္တမျှ စဉ်းစားလိုက်ပြီး သန္ဓေပြောင်း နေကြာပန်းများကို သီးသန့်စိုက်ပျိုးရန် နေရာတစ်ကွက်ကို သတ်မှတ်ပေးလိုက်သည်။

"နေရောင်ခြည်ဇုန် တစ်ခု လုပ်လိုက်မယ်"

"အဲ့ဒီနေရာမှာ သန္ဓေပြောင်း နေကြာပန်းတွေကို သီးသန့်စိုက်ပျိုးမယ်... နေရောင်ခြည်နဲ့ အလင်းရောင် အများကြီး ပေးစွမ်းနိုင်တဲ့အပြင် အားလုံးအတွက် အဝတ်လျှော်ခန်း... အခြောက်ခံခန်းနဲ့ အဝတ်လှန်းတဲ့နေရာအဖြစ်ပါ သုံးလို့ရတယ်"

လင်းယွမ်က ပြုံးလိုက်ပြီး သူ၏ အစီအစဉ်ကို အလွန် ကျေနပ်သွားသည်။

"နောက်ပိုင်း စိုက်ပျိုးရေးတွေ တိုးချဲ့ပြီး နေကြာစေ့တွေ လုံလောက်သွားရင် ကျောက်တွင်းနယ်မြေ... သိုင်းဘုရင်ဂေဟာ... မိန်ဟိုင်ဥယျာဉ်နဲ့ ဖုန်းဟွမ်ဘုရားကျောင်းဘက်တွေမှာပါ နည်းနည်းစီ စိုက်လို့ရပြီ"

"နောက်ပိုင်း ရေခဲမုန်တိုင်းတွေ ရောက်လာရင်တောင်... သန္ဓေပြောင်း နေကြာပန်းတွေက အပူဓာတ်ပေးနိုင်တော့... အားလုံး အနည်းဆုံးတော့ အအေးဒဏ်ကနေ သက်သာသွားလိမ့်မယ်"

"ဒါနဲ့... အဲဒီအချိန်ကျရင် ဒီအလင်းစွမ်းအင်တွေကို သုံးပြီး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လို့ ရမရ စမ်းကြည့်လို့ရနိုင်တယ်"

"ဒါပေမဲ့ ဒါက နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတွေ ရှိမှရမယ်"

လင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ ဆိုလာပြားများက နည်းပညာသုံး ပစ္စည်းများ ဖြစ်ရာ ရှာဖွေစရာ နေရာလည်း မရှိသဖြင့် အမှတ်တွေသုံးပြီး ကံစမ်းမဲ ထပ်နှိုက်ရမည်လား။

အဲဒီအတွက် အမှတ်ဘယ်လောက်တောင် လိုအပ်မှာလဲ။

လင်းယွမ်မှာ အနည်းငယ် သက်ပြင်းချမိသွားသည်။

အမှတ်တွေက ပိုရှာနိုင်လေ ပိုကုန်လေ ဖြစ်နေပါလား။

"ထားလိုက်တော့... အချိန်ကျမှပဲ ဆက်ပြောကြတာပေါ့... မြေပုံကို ပြန်စစ်ကြည့်ရမယ်... ထိုက်ယန်တောင် အနီးအနားက စက်မှုဇုန်မှာ ဆိုလာပြား စက်ရုံရှိသလို နေရောင်ခြည်စွမ်းအင်သုံး ရေပူစက်တွေလည်း ရှိတာ ငါမှတ်မိတယ်"

ထိုအရာကို တွေးမိသည်နှင့် လင်းယွမ်က ရေပူစက်ကို ရုတ်တရက် သတိရသွားသည်။ ဤနေရောင်ခြည်ဇုန်ကို တည်ဆောက်ပြီးပါက နေရောင်ခြည်စွမ်းအင်သုံး ရေပူစက်ကိုပါ တပ်ဆင်ကာ အားလုံးအတွက် ရေပူ ပေးဝေနိုင်ပေမည်။ ထိုသို့ဆိုလျှင် ရေခဲမုန်တိုင်းကာလအတွင်း ရေပူမရှိမည်ကို စိုးရိမ်စရာ မလိုတော့ပေ။

"ရေချိုးခန်းလည်း ရှိသေးတယ်... အချိန်ကျရင် ရေချိုးခန်းပါ လုပ်လို့ရနိုင်တယ်"

"ကျွတ်ကျွတ်... ဒီလိုတွက်ကြည့်မယ်ဆိုရင် နေရောင်ခြည်ဇုန်က တကယ်ကို တည်ဆောက်ဖို့ လိုအပ်နေတာပဲ"

လင်းယွမ်က စိတ်ကို ပြန်လည်စုစည်းလိုက်ပြီး စိုက်ပျိုးရေးဖန်လုံအိမ်ဘက်သို့ တစ်ခေါက် ထွက်လာခဲ့သည်။

ရန်မေ... တုံယန်နှင့် အခြားသူများက ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိဘဲ အဒေါ်ကြီးလီအနားတွင် ဝိုင်းရံစောင့်ကြည့်နေကြသည်ကို သူ တွေ့လိုက်ရသည်။

လင်းယွမ်က အထဲသို့ ဝင်လာပြီးနောက် အသံတိုးတိုးဖြင့် မေးလိုက်သည်။

"အဒေါ်ကြီးလီ အခြေအနေ ဘယ်လိုရှိလဲ"

ဆုန့်ဝမ်ကလည်း အသံတိုးတိုးဖြင့် ပြန်ဖြေသည်။

"အရမ်းထူးဆန်းတယ်... ခုနက အဖျားကျသွားပေမဲ့ အခုပြန်ဖျားလာပြန်ပြီ... ဒီတစ်ခေါက်က သာမန်အဖျားနဲ့ မတူဘူးလို့ ခံစားရတယ်"

လင်းယွမ်က မေးလိုက်သည်။

"ဒါဆို ဘာဖြစ်တာလဲ"

ဆုန့်ဝမ်က ဘယ်ညာ ဝဲယာသို့ ကြည့်လိုက်ပြီး လင်းယွမ်ကို အပြင်ဘက်သို့ ဆွဲခေါ်သွားကာ တိုးတိုးလေး ပြောလိုက်သည်။

"သန္ဓေပြောင်း အစွမ်းနိုးထလာတာ"

လင်းယွမ်၏ မျက်နှာအမူအရာက ချက်ချင်းပင် အနည်းငယ် ပြောင်းလဲသွားသည်။ မိမိဘာသာ အစွမ်းနိုးထလာခြင်းက အလွန် အန္တရာယ်များလှသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။

အရင်တုန်းက တင်းယန်လည်း ဤနည်းလမ်းဖြင့် အစွမ်းနိုးထလာခဲ့ခြင်း ဖြစ်ပြီး အသက်အန္တရာယ်နှင့်ပင် ကြုံတွေ့ခဲ့ရသည်။

လျှိုဖိန်ဖိန်လည်း ထိုနည်းတူပင် ဖြစ်သည်။ သူကိုယ်တိုင် သူမ၏ စိတ်ဝိညာဉ်ကမ္ဘာထဲသို့ ဝင်ရောက်ကာ စိတ်ဝိညာဉ် ဝင်္ကပါထဲမှ သူမကို ဆွဲထုတ်ကယ်တင်ခဲ့ရခြင်း ဖြစ်သည်။

ယခုအခါ အဒေါ်ကြီးလီက ဖျားနာမှု တစ်ကြိမ်ကြောင့် သန္ဓေပြောင်း အစွမ်းနိုးထလာမည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ကြည့်ရသည်မှာ အချိန်ကြာလာသည်နှင့်အမျှ သာမန်လူအများစု၏ ခန္ဓာကိုယ်တွင်းရှိ မျိုးရိုးဗီဇများက ပြောင်းလဲလာကာ သန္ဓေပြောင်းလဲနှုန်းက တိတ်တဆိတ် မြင့်တက်လာခြင်း ဖြစ်ပုံရသည်။

နှေးကွေးသော်လည်း အမှန်တကယ်ပင် တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

လူအတော်များများလည်း သန္ဓေပြောင်း အစွမ်းနိုးထမည့် အဆင့်သို့ ရောက်ရှိနေလောက်ပြီ ဖြစ်သည်။

လိုအပ်နေသည်မှာ အခွင့်အရေး တစ်ခုသာ ဖြစ်သည်။

သေရေးရှင်ရေး အန္တရာယ်... တောတွင်း စွန့်စားခန်း... သို့မဟုတ် သာမန် ဖျားနာမှုလေး တစ်ခုကပင် အကြောင်းအရင်း ဖြစ်နိုင်သည်။

၎င်းတို့က ခန္ဓာကိုယ်တွင်းရှိ မျိုးရိုးဗီဇများကို လှုံ့ဆော်ပေးကာ အလိုအလျောက် အစွမ်းနိုးထလာမည့် အခြေအနေသို့ ရောက်ရှိစေနိုင်ပေသည်။

လင်းယွမ်က ချက်ချင်းပင် အသံလေးနက်စွာဖြင့် ပြောလိုက်သည်။

"ငါ ဒီမှာနေပြီး စောင့်ကြည့်ပေးမယ်"

ဆုန့်ဝမ်က စိုးရိမ်တကြီးဖြင့် ပြောလာသည်။

"အဒေါ်ကြီးလီက ခန္ဓာကိုယ်အားနည်းတယ်... ဒီတစ်ခေါက် အစွမ်းနိုးထတာ အောင်မြင်မလား မသိဘူး... တကယ်လို့ မအောင်မြင်ခဲ့ရင်"

သူမ၏ မျက်လုံးများက အနည်းငယ် နီရဲလာသည်။ အကယ်၍ မအောင်မြင်ပါက အဒေါ်ကြီးလီက သန္ဓေပြောင်း ဘီလူးတစ်ကောင်အဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။

"အစ်ကိုလင်း... အစ်ကို့မှာ အဒေါ်ကြီးလီကို ကူညီပေးနိုင်မယ့် နည်းလမ်းများ ရှိလားဟင်"

လင်းယွမ်က မျက်နှာထား တည်ကြည်သွားပြီး ပြန်ဖြေလိုက်သည်။

"အခု လုပ်နိုင်တာက သူ သန္ဓေပြောင်းတဲ့ အချိန်အတွင်း သူရဲ့ အသိစိတ်ကို တတ်နိုင်သမျှ ကာကွယ်ပေးဖို့ပဲ"

"ဒီလုပ်ငန်းစဉ်အတွက် အားကောင်းတဲ့ စိတ်စွမ်းအင်နဲ့ သူ့ရဲ့ စိတ်ဝိညာဉ်ကမ္ဘာထဲကို ဝင်ရောက်ပြီး အသိစိတ်ကို တည်ငြိမ်အောင် ကူညီပေးဖို့ လိုအပ်တယ်"

"အရင်တစ်ခေါက်က ဖိန်ဖိန်လိုမျိုးလား"

ဆုန့်ဝမ်က တစ်စုံတစ်ခုကို ချက်ချင်း သဘောပေါက်သွားပြီး အလျင်အမြန် မေးလိုက်သည်။

လင်းယွမ်က ခေါင်းညိတ်ပြလိုက်သည်။ သန္ဓေပြောင်း ဆင့်ကဲပြောင်းလဲခြင်း လုပ်ငန်းစဉ်၏ အခြေခံသဘောတရားမှာ ပင်ကိုယ်အသိစိတ်နှင့် မျိုးရိုးဗီဇဆိုင်ရာ ရှုပ်ထွေးသော အသိစိတ်တို့၏ အားပြိုင်မှုပင် ဖြစ်သည်။

ထိုအားပြိုင်မှုကို ခံနိုင်ရည်ရှိပါက အစွမ်းများ နိုးထလာမည်ဖြစ်ပြီး အသိစိတ်ကို ထိန်းသိမ်းထားနိုင်ကာ အစွမ်းနိုးထခြင်း အောင်မြင်မည် ဖြစ်သည်။

အကယ်၍ ကျရှုံးပါက ပင်ကိုယ်အသိစိတ်များ ပျောက်ကွယ်သွားပြီး မျိုးရိုးဗီဇအတွင်းရှိ မရေမတွက်နိုင်သော အသိစိတ်အပိုင်းအစများက ခန္ဓာကိုယ်ကို နေရာယူသွားမည် ဖြစ်သည်။

ထို့နောက် ဗီဇအသိက ဦးနှောက်ကို လွှမ်းမိုးချုပ်ကိုင်သွားကာ အမျိုးမျိုးအဖုံဖုံသော ဘီလူးများအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။

ယခုအခါ အဆောက်အအုံများအတွင်း ပိတ်မိနေသူများထဲမှ အတော်များများမှာ သန္ဓေပြောင်း ဘီလူးများအဖြစ် ပြောင်းလဲသွားနိုင်ကြောင်း လင်းယွမ်က ခန့်မှန်းမိသည်။

အကြောင်းမှာ ၎င်းတို့က မျှော်လင့်ချက် ကင်းမဲ့ကာ စိတ်ဓာတ်ကျဆင်းနေပြီး အသက်ရှင်သန်ရန် မျှော်လင့်ချက် သိပ်မရှိတော့သောကြောင့် ဖြစ်သည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် ပင်ကိုယ်အသိစိတ်က မျိုးရိုးဗီဇဆိုင်ရာ ရှုပ်ထွေးသော အသိစိတ်ကို အနိုင်ယူရန် အလွန် ခက်ခဲပေလိမ့်မည်။

"ဒါဆို ကျွန်မ ဖိန်ဖိန်ကို သွားခေါ်လိုက်ရမလား"

လင်းယွမ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။

"အဲဒီလောက် ဒုက္ခခံစရာ မလိုပါဘူး... တုံယန်ကို လာခိုင်းလိုက်ရင် ရပြီ"

"တုံယန် လုပ်နိုင်ပါ့မလား"

ဆုန့်ဝမ်က အနည်းငယ် စိုးရိမ်နေသည်။ တုံယန်ကို အထင်သေး၍ မဟုတ်ဘဲ တုံယန်၏ အစွမ်းက လျှိုဖိန်ဖိန်နှင့် သိပ်မတူသောကြောင့် ဖြစ်သည်။

တစ်ယောက်က စိတ်ဝိညာဉ် ဝင်္ကပါ ဖြစ်ပြီး နောက်တစ်ယောက်က စိတ်ဝိညာဉ် ချိတ်ဆက်ခြင်း ဖြစ်သည်။

လင်းယွမ်က ရှင်းပြလိုက်သည်။

"တုံယန်ရဲ့ စိတ်ဝိညာဉ် ချိတ်ဆက်အစွမ်းက တကယ်တော့ လျှိုဖိန်ဖိန်ရဲ့ စိတ်ဝိညာဉ် ဝင်္ကပါထက် ပိုပြီး သိမ်မွေ့တယ်... သူများကို ကိုယ့်ရဲ့ စိတ်ဝိညာဉ်ကမ္ဘာထဲ အတင်းအကျပ် ဆွဲသွင်းမှာ မဟုတ်ဘူး"

"သူမရဲ့ စိတ်စွမ်းအင်က အဒေါ်ကြီးလီရဲ့ စိတ်ဝိညာဉ်ကမ္ဘာနဲ့ ချိတ်ဆက်ဖို့ ပိုပြီး သင့်တော်တယ်"

ဆုန့်ဝမ်က ခေါင်းညိတ်လိုက်ပြီး မနီးမဝေးတွင် ရှိနေသော တုံယန်ကို အလျင်အမြန် လှမ်းခေါ်လိုက်သည်။

"တုံယန်... ဒီကို အမြန်လာခဲ့ပါဦး"

တုံယန်က အမြန်ပြေးလာပြီး မေးလိုက်သည်။

"အမဝမ်... အစ်ကိုလင်း... ဘာဖြစ်လို့လဲဟင်"

လင်းယွမ်က သူ၏ အကြံအစည်များကို တုံယန်အား ချက်ချင်း ပြောပြလိုက်သည်။

တုံယန်က နားထောင်ပြီးနောက် အလျင်စလို ပြန်ပြောသည်။

"ကျွန်မ တစ်ခါမှ မလုပ်ဖူးဘူး... ဒါပေမဲ့ စမ်းကြည့်လို့တော့ ရတယ်... ဒါနဲ့ အစ်ကိုလင်း... စိတ်ဝိညာဉ် ချိတ်ဆက်ပြီးရင် ဘာဆက်လုပ်ရမလဲ"

လင်းယွမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ပြန်ဖြေသည်။

"နင် နည်းလမ်းတစ်ခုခု ရှာပြီး ဦးလေးမာရဲ့ စိတ်ဝိညာဉ်ကိုပါ အဒေါ်ကြီးလီရဲ့ စိတ်ဝိညာဉ်ကမ္ဘာထဲ ခေါ်သွားပေးရမယ်"

"နင်နဲ့အတူ ဦးလေးမာပါ ရှိနေရင် အဒေါ်ကြီးလီရဲ့ အသိစိတ် ရှိနေသရွေ့ အလွယ်တကူ လက်လျှော့မှာ မဟုတ်ဘူး"

"ဟုတ်ကဲ့"

တုံယန်က အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် သူတို့အုပ်စုက လူနာကုတင်ဘေးသို့ ပြန်လာခဲ့ကြပြီး အစီအစဉ်ကို ရန်မေနှင့် မာကောချိုင်တို့အား တစ်ခေါက် ရှင်းပြလိုက်ကြသည်။

မာကောချိုင်က အလျင်အမြန် ခေါင်းညိတ်ပြသည်။

"ကောင်းပြီ... တုံယန်... နင် စိတ်ချလက်ချသာ လုပ်ပါ... အဒေါ်လီရဲ့ စိတ်ဝိညာဉ်ကမ္ဘာထဲ ရောက်ရင် ဦးလေးပဲ သူ့ကို ပြောလိုက်မယ်"

"ဒါဆိုလည်း စလိုက်ကြရအောင်"

လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။

တုံယန်က ခေါင်းညိတ်လိုက်ပြီးနောက် ဘေးတွင် ထိုင်ချလိုက်သည်။ ထို့နောက် သူမ၏ စိတ်စွမ်းအင်များကို ဖြန့်ကြက်ကာ ဦးလေးမာနှင့် အဒေါ်ကြီးလီတို့၏ စိတ်ဝိညာဉ်ကမ္ဘာများကို ချိတ်ဆက်ရန် ကြိုးပမ်းလိုက်သည်။

ဦးလေးမာ၏ အသိစိတ်ထဲတွင် ရင်းနှီးနေသော အသိစိတ်အစုအဝေး တစ်ခုထံသို့ တဖြည်းဖြည်း နီးကပ်လာသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ မျက်စိရှေ့တွင် မှုန်ဝါးဝါး မြူခိုးများ ပေါ်လာသကဲ့သို့ ဖြစ်သွားပြီး ခဏအကြာတွင် လူငယ်ဘဝမှ လီလန်ဟွာကို အံ့သြဖွယ် မြင်တွေ့လိုက်ရသည်။

"လန်ဟွာ"

လူငယ်ဘဝမှ လီလန်ဟွာက ကင်းဗတ်ဖိနပ်ကို စီးထားပြီး နားရွက်အထိ တိုနေသော ဆံပင်နှင့် အလုပ်သမား ဝတ်စုံကို ဝတ်ဆင်ထားကာ အသက် နှစ်ဆယ်ကျော်ခန့်သာ ရှိသေးသည်။

လီလန်ဟွာက သမဝါယမဆိုင်သို့ သွားရာလမ်းတွင် လျှောက်လှမ်းနေသည်။ သူမ၏ မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေပြီး ဘေးပတ်ဝန်းကျင်မှ လူများကို နှုတ်ဆက်နေလေသည်။

ဦးလေးမာက နောက်မှနေ၍ သူမကို အလောတကြီး အော်ခေါ်လိုက်သော်လည်း သူမက လုံးဝ မကြားသည့်အလား ဖြစ်နေသည်။

မာကောချိုင်မှာ သူမ၏ နောက်သို့သာ တစ်လျှောက်လုံး လိုက်သွားရပြီး သမဝါယမဆိုင်သို့ အလျင်အမြန် ရောက်ရှိသွားသည်။

သမဝါယမဆိုင် အပေါက်ဝတွင် ချောမောခန့်ငြားသော လူငယ်တစ်ယောက်က လီလန်ဟွာကို စောင့်နေသည်။

မာကောချိုင်က ထိုလူငယ်ကို မြင်လိုက်ရသည့်အခါ နေရာတွင်ပင် မှင်သက်သွားတော့သည်။

"လန်ဟွာ... ရောက်လာပြီလား"

"ကောချိုင်... တပေါင်ရော"

"ဒီမှာလေ"

လူငယ်လေးက ပြုံးရင်း သမဝါယမဆိုင် တံခါးပေါက်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။

လီလန်ဟွာက သူမ၏ အသည်းအနှစ် သားလေးမှာ သမဝါယမဆိုင် ကောင်တာဘက်တွင် ပုန်းနေသည်ကို တွေ့လိုက်ရသည်။ သူက သူမ အထဲဝင်လာချိန်တွင် လန့်သွားစေရန် စောင့်နေပုံရသည်။

သူမက မနေနိုင်ဘဲ ရယ်မောလိုက်ကာ ပြောလိုက်သည်။

"လာ... ကျွန်မတို့ ဟင်းသွားဝယ်ရအောင်... နေ့လယ်ကျရင် အဖေနဲ့ အမေ လာမယ်လို့ ပြောတယ်"

မာကောချိုင်က ထိုမြင်ကွင်းကို ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားသည်။ ခေါင်းထဲရှိ မှတ်ဉာဏ်များက ပြန်လည် နိုးကြားလာပြီး သူ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလာတော့သည်။

"ဟင့်အင်း... မသွားနဲ့... လန်ဟွာ... မသွားပါနဲ့"

မာကောချိုင်က ထိုနေရာသို့ ပြေးသွားပြီး လူငယ်ဘဝမှ သူကိုယ်တိုင်နှင့် လီလန်ဟွာတို့ကို အော်ဟစ်တားဆီးလိုက်သည်။

သို့သော်လည်း သူတို့က လုံးဝ မကြားသည့်အလား ဖြစ်နေသည်။ လီလန်ဟွာက ပြုံးရွှင်စွာဖြင့် ကောင်တာဘေးသို့ လျှောက်သွားလိုက်သည်။

ကောင်တာဘက်ရှိ သားလေးက ရုတ်တရက် ကောင်တာအနောက်မှ ထွက်လာပြီး "ဝါး" ဟု အော်ကာ လီလန်ဟွာကို ခြောက်လှန့်လိုက်သည်။

လီလန်ဟွာကလည်း ချက်ချင်းပင် လန့်သွားဟန်ဆောင်ကာ အာမေဍိတ်သံတစ်ချက် ထွက်သွားသည်။

ကလေးလေးမှာ ချက်ချင်းပင် တခစ်ခစ်နှင့် အော်ရယ်တော့သည်။

လူငယ်ဘဝမှ မာကောချိုင်ကလည်း ဘေးမှနေ၍ ရယ်မောနေသည်။

မိသားစု သုံးယောက်လုံးမှာ အလွန် ပျော်ရွှင်ချမ်းမြေ့နေပုံ ရသည်။

မိသားစု သုံးယောက်က သမဝါယမဆိုင်ထဲသို့ ဝင်သွားပြီး နို့သကြားလုံးများနှင့် စားစရာ အများအပြားကို ဝယ်ယူခဲ့ကြသည်။

ထိုအချိန်တွင် မာကောချိုင်က ပြောလိုက်သည်။

"ငါ ကလီစာတွေ ရောင်းတာ ရှိမရှိ သွားကြည့်လိုက်ဦးမယ်"

"အတူတူ သွားကြတာပေါ့"

"မလိုက်နဲ့... ဟိုဘက်က အနံ့ပြင်းတယ်... နင် ကလေးကိုခေါ်ပြီး ဒီဘက်မှာပဲ လျှောက်ကြည့်နေလိုက်... သူ့ကို ဘာမှ ထပ်မဝယ်ပေးနဲ့တော့နော်"

လီလန်ဟွာက ပြုံးရင်း ပြန်ဖြေသည်။

"သိပါပြီ... သိပါပြီ"

ဦးလေးမာ၏ မျက်လုံးများက ပြူးကျယ်နေပြီး ထွက်ခွာသွားသော လူငယ်ဘဝမှ သူ့ကိုယ်သူ လှမ်းဆွဲရန် ကြိုးပမ်းလိုက်ကာ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

"မလုပ်နဲ့... မသွားနဲ့... သားအမိ နှစ်ယောက်အနားမှာ နေပေးပါ... မသွားပါနဲ့"

သူ၏ မျက်ရည်များက တသွင်သွင် စီးကျနေသော်လည်း လူငယ်ဘဝမှ သူ့ကိုယ်သူ လုံးဝ ဆွဲဖမ်း၍ မရနိုင်ခဲ့ပေ။

မိမိကိုယ်တိုင် ထိုနေရာမှ ထွက်ခွာသွားပြီး လူအုပ်ထဲတွင် ပျောက်ကွယ်သွားသည်ကို မျက်မြင်ကိုယ်တွေ့ ကြည့်နေခဲ့ရသည်။

ထိုအချိန်မှာပင် ရုတ်တရက် စူးရှသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

ထို့နောက် ချက်ချင်းပင် လီလန်ဟွာ၏ ရင်ကွဲမတတ် အော်ဟစ်သံကို ကြားလိုက်ရသည်။

"ရှင် ဘာလုပ်တာလဲ... ကျွန်မသားကို လွှတ်စမ်း"

"လာကြပါဦး... ကလေးလုသွားလို့ပါ"

"မြန်မြန် လာကြပါဦး"

လူအုပ်ကြီးမှာ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ မာကောချိုင်က ကြောက်လန့်တကြား ခေါင်းလှည့်လိုက်ပြီး ခေါင်းထဲတွင် စွဲထင်နေခဲ့သော မြင်ကွင်းကို ကြည့်လိုက်မိသည်။

လီလန်ဟွာက လူအုပ်ထဲတွင် အသက်လုကာ ပြေးလွှားအော်ဟစ်နေသည်။ ခုနက သူမအနားတွင် ရှိနေခဲ့သော သားလေး တပေါင်မှာ အပြာရောင်အင်္ကျီ ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်၏ ပွေ့ချီခြင်းကို ခံလိုက်ရပြီး လှည့်ကွက် အနည်းငယ်အကြာတွင် အရိပ်အယောင်ပင် မမြင်ရတော့ပေ။

လီလန်ဟွာမှာ လူအုပ်ကြီး၏ ပိတ်ဆို့မှုကြောင့် ရင်ကွဲမတတ် ငိုကြွေးနေတော့သည်။

လူအတော်များများက စေတနာဖြင့် ရှေ့ထွက်လာကာ အခြေအနေကို မေးမြန်းကြသည်။ ကလေး သူခိုးလက်ပါသွားကြောင်း သိလိုက်ရချိန်တွင် အားလုံးက ကလေးသူခိုးကို ဝိုင်းဝန်းဖမ်းဆီးရန် ကူညီကြတော့သည်။

(တရုတ်ပြည်မှာ ဒီလို ခလေးငယ်လေးတွေကို ခိုးတာ ခဏခဏ ဖြစ်လေ့ရှိပါတယ်။ စီစီတီဗီတွေ အပြည့်တပ်ထားတာတောင် တကယ်တမ်းအခိုးခံရရင် မမိပါဘူး။ ဒါကြောင့် တရုတ်တွေက ခလေးတွေ အရေးကြုံရင် လုပ်ရမှာတွေ သူစိမ်းတစ်ယောက်လာပြောတိုင်း မယုံသင့်တာတွေ အခု Ai နဲ့ Filter တွေ ပေါတဲ့ခေတ်မှာ ကိုယ့်မိဘ အသံတို့ ရုပ်တို့နဲ့ဖုန်းဆက်ခေါ်တယ်ဆိုရင်တောင် သူစိမ်းနောက်လိုက်မသွားသင့်တာတွေ အဲ့လို ပညာပေးတွေကို ခဏခဏလုပ်ရပါတယ်။ ထင်တာကတော့ ကျားဖြန့်လုပ်ငန်းတွေနဲ့ အဲ့ခလေးမှောင်ခိုတွေက ပါတ်သတ်နေဖို့များတယ်။ မင်မင် တစ်ခါကဆို ဆိုင်တစ်ဆိုင်ရဲ့ စီစီတီဗီမှတ်တမ်းကနေ ခလေးမလေးကို အဒေါ်ကြီးတစ်ယောက် ချီပြေးတာ ကြည့်ဖူးတယ်။ ဆိုင်ရှင်အမေက လိုက်တာမြန်လို့ ခလေးပြန်ချပြီး လစ်တာ။ မဟုတ်ရင် လေးနှစ်တောင်မရှိသေးတဲ့ သူ့သမီးလေးတော့ သွားပြီပဲ။ အဲ့တာ ဆိုင်ထဲထိ ဝင်ခိုးတာနော် လမ်းမမှာတောင် မဟုတ်ဘူး)

သို့သော်လည်း ခဏလေးအတွင်းမှာပင် ကလေးသူခိုးမှာ ဘယ်ရောက်သွားမှန်း မသိတော့ချေ။

မာကောချိုင်က မြေကြီးပေါ်တွင် ဒူးထောက်ချလိုက်ပြီး မျက်ရည်များ အဆက်မပြတ် ကျဆင်းနေသည်။ ဤမြင်ကွင်းကို သူ၏ လူငယ်ဘဝ ဆယ်နှစ်ကျော် ကာလအတွင်း နေ့တိုင်းလိုလို အိပ်မက်မက်ခဲ့ရသည်။

လီလန်ဟွာ၏ ယခုအချိန် မှတ်ဉာဏ်များက သူတို့၏ ခိုးယူခံလိုက်ရသော ပထမဆုံး ကလေးငယ်ကို ပြန်လည်အမှတ်ရနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ထိုအချိန်တွင် လူငယ်ဘဝမှ မာကောချိုင်ကလည်း အလောတကြီး ပြန်ရောက်လာသည်။ အခြေအနေကို သိလိုက်ရသောအခါ သူလည်း မျက်လုံးများ နီရဲသွားကာ ကြောက်လန့်တကြားဖြင့် နေရာအနှံ့ လိုက်ရှာပြီး တွေ့သမျှလူတိုင်းကို မေးမြန်းတော့သည်။

သူတို့က သမဝါယမဆိုင် အပြင်ဘက်သို့ လိုက်ထွက်လာပြီး ခေါင်းမပါသော ယင်ကောင်များကဲ့သို့ အပြင်ဘက်သို့ တောက်လျှောက် ပြေးသွားကြသည်။

လီလန်ဟွာ၏ မျက်နှာက ဖြူရော်နေပြီး ရှာဖွေနေစဉ်အတွင်း ရုတ်တရက် မျက်လုံးများ ပြာဝေသွားကာ မြေကြီးပေါ်သို့ လဲကျသွားတော့သည်။

အသက်ကြီးနေပြီဖြစ်သော မာကောချိုင်က သွားရောက်ထူမပေးချင်သော်လည်း မိမိက သူမကို လုံးဝ ထိတွေ့၍ မရကြောင်းကို တွေ့ရှိလိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရှေ့မှ မြင်ကွင်းက ပြောင်းလဲသွားပြီး ဆေးရုံထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။

လီလန်ဟွာက အသိစိတ် ပျောက်နေသည့်အလား ဆေးရုံ၏ မျက်နှာကြက်ကိုသာ ငေးမောကြည့်နေသည်။

လူငယ်ဘဝမှ မာကောချိုင်က လူနာကုတင်ဘေးတွင် ထိုင်ကာ မျက်ရည်များကို သုတ်နေသည်။

သူနှင့်အတူ ကွယ်လွန်သွားခဲ့ပြီဖြစ်သော ယောက္ခမ နှစ်ယောက်လည်း ရှိနေသေးသည်။

အသက်ကြီးနေပြီဖြစ်သော မာကောချိုင်က ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ နာကျင်စွာဖြင့် မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်တော့သည်။

ထိုအချိန်တွင် သူ၏ နားထဲသို့ ရုတ်တရက် အသံတစ်သံ ဝင်ရောက်လာသည်။

"ဦးလေးမာ... စိတ်တင်းထားပါ... အဒေါ်ကြီးလီ စိတ်ပြန်လည်လာအောင် နည်းလမ်းရှာပြီး သူ့ကို နှိုးရမယ်"

မာကောချိုင်က ရင်ထဲတွင် တုန်လှုပ်သွားပြီး ဘေးဘီသို့ ကြည့်လိုက်သည်။

သို့သော် တုံယန်ကို မတွေ့ရပေ။ သူက ယခုမှသာ မိမိသည် ဇနီးသည်၏ စိတ်ဝိညာဉ်ကမ္ဘာထဲတွင် ရောက်ရှိနေကြောင်းကို သတိရသွားတော့သည်။

"ငါ... ငါ ဘယ်လို လုပ်ရမလဲ... ငါ သူ့ကို ခေါ်ပေမဲ့ သူမှ မကြားတာ... သူတို့ အားလုံး မကြားကြဘူး"

မာကောချိုင်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ သူက တုံယန်ကို မမြင်ရသော်လည်း တုံယန်၏ စိတ်ဝိညာဉ်ခန္ဓာကိုယ်မှာ အနီးအနားတွင် ရှိနေကြောင်းကို ခံစားသိရှိနိုင်သည်။

တုံယန်မှာလည်း အနည်းငယ် စိုးရိမ်နေသော်လည်း သူမကိုယ်တိုင်လည်း ဘာလုပ်ရမှန်း မသိဖြစ်နေသည်။

သူတို့နှစ်ယောက် ဆေးရုံထဲတွင် ဂနာမငြိမ် ဖြစ်နေစဉ် ရုတ်တရက် ရှေ့မှ စိတ်ဝိညာဉ်ကမ္ဘာက ထပ်မံ ပြောင်းလဲသွားပြန်သည်။

လီလန်ဟွာက သမဝါယမဆိုင် အပေါက်ဝတွင် ထပ်မံ ပေါ်လာပြီး ခုနက မြင်ကွင်းကို နောက်တစ်ဖန် ပြန်လည် လုပ်ဆောင်နေသည်ကို တွေ့လိုက်ရသည်။

ထိုအချိန်တွင် တုံယန်က ကိစ္စတစ်ခုကို သတိထားမိသွားသည်။ ထိုကလေး၏ မျက်နှာသွင်ပြင်မှာ မှုန်ဝါးဝါး ဖြစ်နေပုံရသည်။

ထိုသို့မဟုတ်ဘဲ လူငယ်ဘဝမှ မာကောချိုင်ကမူ ခန့်ညားသော မျက်နှာသွင်ပြင်က ထင်ရှားပီပြင်နေသည်။

ထပ်တူညီသော အဖြစ်အပျက်က နောက်တစ်ကြိမ် ထပ်မံ ဖြစ်ပေါ်လာပြီး လီလန်ဟွာမှာ နောက်တစ်ခေါက် ဆေးရုံတင်လိုက်ရပြန်သည်။

သူမက ကလေးကို ရှာမတွေ့နိုင်ခဲ့သေးပေ။

အသက်ကြီးနေပြီဖြစ်သော မာကောချိုင်က မျက်ရည်များကို သုတ်ကာ ပြောလိုက်သည်။

"ဘာလို့လဲ... ဘာလို့ သူ ငါပြောတာကို မကြားရတာလဲ... ဘာလို့ သူ ဒီမှာချည်းပဲ ပိတ်မိနေရတာလဲ"

တုံယန်ကလည်း မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ် နားမလည်နိုင်အောင် ဖြစ်နေသည်။

သူမက စိတ်ဝိညာဉ် ချိတ်ဆက်ခြင်း အစွမ်းကို အသုံးပြုကာ လီလန်ဟွာနှင့် ဆက်သွယ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်။

သို့သော်လည်း လီလန်ဟွာထံမှ မည်သည့် တုံ့ပြန်မှုမှ မရရှိခဲ့ပေ။

တုံယန်က သူမ၏ အစွမ်း ပြဿနာတက်နေခြင်း မဟုတ်ဘဲ တစ်ဖက်လူက သူမနှင့် စိတ်ဝိညာဉ် ချိတ်ဆက်ရန် ငြင်းဆန်နေကြောင်းကို ရိပ်မိသွားသည်။

တုံယန်က ပြောလိုက်သည်။

"ဦးလေးမာ... အဒေါ်ကြီးလီရဲ့ စိတ်ဝိညာဉ်က အရမ်း အားနည်းနေတယ်... ဒါပေမဲ့ သူ မကြားတာ မဟုတ်ဘူး... တကယ်တော့ သူ ခံစားသိရှိနိုင်တယ်... ဒါပေမဲ့ သူက နိုးမလာချင်တာ... သူက ဒီအဖြစ်အပျက်ကို အဖန်ဖန်အထပ်ထပ် ဖြတ်သန်းနေပြီး ကျွန်မတို့နဲ့ မဆက်သွယ်ချင်ဘူး ဖြစ်နေတယ်"

"ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ"

မာကောချိုင်က မျက်လုံးများ နီရဲကာ မျက်ရည်များကို သုတ်လိုက်သည်။

တုံယန်လည်း နားမလည်နိုင်သဖြင့် မေးလိုက်သည်။

"ဦးလေးမာ... ဦးလေးတို့ရဲ့ ကလေးကို နောက်ပိုင်း ပြန်ရှာတွေ့ခဲ့လား"

မာကောချိုင်က ဝမ်းနည်းစွာဖြင့် ပြန်ဖြေသည်။

"မတွေပါဘူးကွယ်... အဲဒီ ကလေးသူခိုးက တပေါင်ကို ခေါ်သွားတာ... ငါတို့ ဆယ်နှစ်လောက် ရှာခဲ့ပေမဲ့ ရှာလို့ မတွေ့ခဲ့ဘူး"

"ဒါဆို နောက်ပိုင်း ဦးလေးတို့က"

မာကောချိုင်က ပြန်ဖြေသည်။

"နောက်ပိုင်း နင့်အဒေါ်က ရှောင်ယာနဲ့ ရှောင်ယွမ်တို့ကို မွေးပြီးမှပဲ ဝမ်းနည်းပူဆွေးမှုတွေထဲကနေ တဖြည်းဖြည်း ရုန်းထွက်နိုင်ခဲ့တာ"

"သူက လူတွေကို ကူညီရတာ... ပရဟိတ လုပ်ရတာတွေကို အမြဲ ဝါသနာပါတယ်... စေတနာ့ဝန်ထမ်းအဖြစ်လည်း ဝင်လုပ်ခဲ့တယ်... နောက်ပိုင်း ရပ်ကွက်ရုံးက သဘောကျသွားတော့ ရပ်ကွက်ရုံးမှာ အလုပ်ခန့်ခံရပြီး တဖြည်းဖြည်းနဲ့ အဲဒီမှာပဲ အလုပ်လုပ်ဖြစ်သွားတာ"

"သူ့ရင်ထဲမှာ ဒီကိစ္စကို တစ်ချိန်လုံး စွဲလမ်းနေခဲ့မယ်လို့ ငါ မထင်ထားခဲ့ဘူး"

တုံယန်လည်း အနည်းငယ် အံ့သြသွားသည်။ ပုံမှန်အားဖြင့် ဖော်ရွေပျူငှာပြီး ကူညီတတ်သော အဒေါ်ကြီးလီတွင် ဤကဲ့သို့ ဝမ်းနည်းဖွယ် အတိတ်ဇာတ်လမ်း ရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ယခုအချိန်တွင် မြင်ကွင်းက နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်ပြီး အဒေါ်ကြီးလီက သမဝါယမဆိုင်သို့ ထပ်မံ ရောက်ရှိသွားပြန်သည်။

တုံယန်က သူတို့၏ ခိုးယူခံလိုက်ရသော သားအကြီးဆုံး၏ ရုပ်သွင်ကို ကြည့်ရှုချင်သော်လည်း ကြည့်လိုက်သည့်အခါ ထိုကလေး၏ မျက်နှာသွင်ပြင်က မှုန်ဝါးဝါး ဖြစ်နေဆဲဖြစ်ကာ မျက်နှာပေါက်ကို သဲသဲကွဲကွဲ မမြင်ရကြောင်း တွေ့လိုက်ရသည်။

တုံယန်က မနေနိုင်ဘဲ မေးလိုက်သည်။

"ဦးလေးမာ... ဘာလို့ ဦးလေးတို့ ကလေးရဲ့ ရုပ်ကို သဲသဲကွဲကွဲ မမြင်ရတာလဲ"

မာကောချိုင်က ရုတ်တရက် မှင်သက်သွားသည်။ သူက ထိုကလေးကို ငေးမောကြည့်လိုက်ပြီး လီလန်ဟွာကိုလည်း တစ်ချက် ကြည့်လိုက်သည်။

သူ၏ နှုတ်ခမ်းများက ရုတ်တရက် တုန်ယင်လာပြီး လက်နှစ်ဖက်ကလည်း လိုက်ပါ တုန်ယင်လာကာ စိတ်ဝိညာဉ် အသိစိတ်များပါ မတည်မငြိမ် ဖြစ်လာတော့သည်။

တုံယန်က လန့်သွားပြီး အလျင်အမြန် နှစ်သိမ့်ပေးလိုက်သည်။

"ဦးလေးမာ... ဘာဖြစ်လို့လဲ... အဆင်ပြေရဲ့လား"

မာကောချိုင်က တီးတိုးရေရွတ်လိုက်သည်။

"ဟင့်အင်း... မဖြစ်နိုင်ဘူး... ငါ... ငါ ဘယ်လိုလုပ် တပေါင်ကို မမှတ်မိဘဲ နေမှာလဲ"

"မဖြစ်နိုင်ဘူး... ငါတို့က တပေါင်ရဲ့ ရုပ်ကို ဘယ်လိုလုပ် မေ့သွားနိုင်မှာလဲ"

တုံယန်က မှင်သက်သွားပြီး ယခုမှသာ ကလေး၏ ရုပ်ကို မမြင်ရခြင်း မဟုတ်ဘဲ အဒေါ်ကြီးလီ၏ မှတ်ဉာဏ်ထဲတွင် ထိုကလေး၏ မျက်နှာကို မေ့လုနီးပါး ဖြစ်နေကြောင်းကို သဘောပေါက်သွားတော့သည်။

အဒေါ်ကြီးလီသာမက... ဦးလေးမာလည်း... ထိုနည်းတူပင် ဖြစ်သည်။

သူတို့၏ အသက်အရွယ်အရ ထိုကလေး ပျောက်ဆုံးသွားချိန်က အဒေါ်ကြီးလီနှင့် ဦးလေးမာတို့မှာ အသက်နှစ်ဆယ်ကျော်ခန့်သာ ရှိသေးသည်။

ယခုအခါ သူတို့နှစ်ယောက်လုံး အသက် ငါးဆယ် ခြောက်ဆယ် ဝန်းကျင်သို့ ရောက်နေပြီ ဖြစ်ကာ နှစ်ပေါင်း သုံးဆယ်တိတိ ကြာမြင့်ခဲ့ပြီ ဖြစ်ရာ မှတ်ဉာဏ်များ မှုန်ဝါးနေခြင်းကလည်း သဘာဝကျလှသည်။

ထိုခေတ်အခါက သူတို့တွင် ဓာတ်ပုံကဲ့သို့သော အရာများလည်း ကျန်ရစ်ခဲ့မည် မဟုတ်ပေ။

တုံယန်က ထိုအထိ တွေးမိသောအခါ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။

"ခဏနေဦး... ဦးလေးမာ... အဒေါ်ကြီးလီက ထွက်မသွားချင်ဘဲ ဒီအတိတ်ဇာတ်လမ်းကို အဖန်ဖန်အထပ်ထပ် ပြန်တွေးနေတာက တပေါင်ရဲ့ ရုပ်ကို သဲသဲကွဲကွဲ မြင်ချင်လို့များ ဖြစ်နေမလား"

မာကောချိုင်က ရုတ်တရက် မှင်သက်သွားပြီး တစ်ကိုယ်လုံး ပို၍ တုန်ယင်လာကာ မျက်ရည်များ တသွင်သွင် စီးကျလာတော့သည်။

"ငါ... ငါလည်း တပေါင်ရဲ့ ရုပ်ကို ဘယ်လိုဖြစ်ပြီး မမှတ်မိတော့တာလဲ... ငါ... ငါတို့ တပေါင်ကို အားနာလိုက်တာကွာ"

တုံယန်က မနေနိုင်ဘဲ ပြောလိုက်သည်။

"ဦးလေးမာ... အခုက ဝမ်းနည်းနေရမယ့် အချိန်မဟုတ်ဘူး... ဦးလေး နည်းလမ်းရှာပြီး အဒေါ်ကြီးလီကို ပြန်နှိုးမှရမယ်"

"အရင်တုန်းက အဒေါ်ကြီးလီကို လူနာကုတင်ပေါ်ကနေ နိုးလာအောင် ဦးလေး ဘယ်လို လုပ်ခဲ့လဲဆိုတာ မြန်မြန် စဉ်းစားကြည့်ပါဦး"

"အဒေါ်ကြီးလီသာ ပြန်နိုးမလာဘူးဆိုရင်... သူ အစွမ်းနိုးတာ မအောင်မြင်ဘဲ... နောက်ပိုင်းကျရင် သန္ဓေပြောင်း ဘီလူးတစ်ကောင် ဖြစ်သွားလိမ့်မယ်"

"ဦးလေးမာ စိတ်တင်းထားမှ ဖြစ်မယ်နော်"

တုံယန်၏ ဖျောင်းဖျမှုကြောင့် မာကောချိုင်၏ တုန်ယင်နေသော စိတ်ဝိညာဉ်ခန္ဓာကိုယ်မှာ တဖြည်းဖြည်း တည်ငြိမ်လာတော့သည်။

သူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ပြောလိုက်သည်။

"ဟုတ်တယ်... ဟုတ်တယ်... လန်ဟွာ... မင်း တစ်ခုခု ဖြစ်လို့ မရဘူး... အခု ငါ့မှာ မင်းပဲ ကျန်တော့တာ... ငါတို့ လင်မယား နှစ်ယောက်လုံး ဘာမှ ဖြစ်လို့မရဘူး"

တုံယန်က အလျင်အမြန် ပြောလိုက်သည်။

"ဦးလေးမာ... အဲဒီလို တွေးတာ မှန်တယ်... အရင်တုန်းက အဒေါ်ကြီးလီ ပြန် နိုးလာအောင် ဦးလေး ဘယ်လို လုပ်ခဲ့လဲဆိုတာ မြန်မြန် စဉ်းစားကြည့်ပါဦး"

သူက အတိတ်က အဖြစ်အပျက်များကို အလျင်အမြန် ပြန်လည် အမှတ်ရလာကာ ပြောလိုက်သည်။

"ငါ မှတ်မိသလောက်ဆိုရင်... အဲဒီ ကိစ္စဖြစ်ပြီး နှစ်အနည်းငယ်ကြာတဲ့အထိ သူက ကလေးကို နေရာအနှံ့ လိုက်ရှာခဲ့ပြီး အိမ်ပြန်ရောက်ရင် အသက်မပါတော့သလို ဖြစ်နေခဲ့တာ"

"နှစ်အတော်ကြာတဲ့အထိ ငါတို့တွေ ရှာမတွေ့ခဲ့ကြဘူး... သူလည်း ဒီကိစ္စက ပြီးသွားလောက်ပြီဆိုတာကို သိပြီး တစ်နေကုန် အိမ်ထဲမှာပဲ ပုန်းနေခဲ့တယ်"

"ငါလည်း သနားတာနဲ့ သူ့ကို အပြင်ခဏခဏ ခေါ်ထွက်ပေးဖို့ စဉ်းစားခဲ့တယ်... ဘယ်လိုဖြစ်သွားမှန်း မသိပေမဲ့ သူက ရပ်ကွက်ထဲက အမျိုးသမီးရေးရာ အဖွဲ့ဝင်တွေနဲ့ ရင်းနှီးသွားခဲ့တယ်"

"အမျိုးသမီးရေးရာ အဖွဲ့ဝင်တွေထဲမှာ အရင်တုန်းက တော်လှန်ရေးထဲ ပါခဲ့ဖူးတဲ့ အဒေါ်ကြီး တစ်ယောက် ရှိတယ်... အဲဒီအဒေါ်ကြီးက သူ့ကို စကားတွေ အများကြီးပြောပေးပြီး အမျိုးသမီးရေးရာ လှုပ်ရှားမှုတွေမှာ မကြာခဏ ခေါ်သွားလေ့ရှိတယ်"

"တဖြည်းဖြည်းနဲ့မှ သူက အတိတ်က အဖြစ်အပျက်ရဲ့ အရိပ်မည်းအောက်ကနေ ရုန်းထွက်နိုင်ခဲ့တာ"

"နောက်ပိုင်း ရပ်ကွက်ရုံးမှာလည်း စေတနာရှင် တစ်ယောက် ဖြစ်လာခဲ့တယ်"

တုံယန်က မနေနိုင်ဘဲ မေးလိုက်သည်။

"ဒါဆို ကျွန်မတို့ ဘယ်လို လုပ်ရမလဲ... အဒေါ်ကြီးလီကို ပြန်နှိုးဖို့ ဦးလေးမှာ နည်းလမ်း ရှိလား"

မာကောချိုင်က ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

"အမျိုးသမီးရေးရာ အဖွဲ့ဝင်တွေက ခေါင်းဆောင်ကြီးရဲ့ အဆိုအမိန့်တွေကို စုရုံးပြီး ရွတ်ဆိုလေ့ရှိတယ်... ငါ စမ်းကြည့်လိုက်မယ်"

တုံယန်မှာ အံ့သြသွားသည်။ မာကောချိုင် ပြောသည့် နည်းလမ်းက ဤအရာ ဖြစ်နေလိမ့်မည်ဟု သူမ မည်သို့မှ ထင်မှတ်မထားခဲ့ပေ။

ထိုခေတ်အခါက လူများက ထိုအဆိုအမိန့် စာအုပ်ထဲမှ ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ခွန်အားများကို အမှန်တကယ် ရရှိနိုင်လိမ့်မည်ဆိုသည်ကိုလည်း သူမ စိတ်ကူးကြည့်၍ မရနိုင်ခဲ့ပေ။

ယုံတစ်ဝက် မယုံတစ်ဝက်ဖြင့်ပင် သူမက မာကောချိုင်မှာ ဆေးရုံကုတင်ဘေးရှိ လူငယ်ဘဝမှ မာကောချိုင်နှင့်အတူ ရပ်ကာ လီလန်ဟွာ၏ နားနားသို့ ကပ်၍ အဆိုအမိန့်များကို ရွတ်ဆိုနေသည်ကို ကြည့်နေလိုက်သည်။

ယနေ့တိုင်အောင် မာကောချိုင်က အဆိုအမိန့် စာအုပ်ထဲမှ အကြောင်းအရာများကို ရှင်းလင်းပြတ်သားစွာ မှတ်မိနေသေးကာ အလွတ်ရွတ်ဆိုရာတွင် အသံက မကျယ်လောင်သော်လည်း ပြတ်သားမှု ရှိလှသည်။

သူ၏ ရွတ်ဆိုသံနှင့်အတူ ကုတင်ပေါ်တွင် လှဲလျောင်းကာ မျက်ဝန်းများ ဟာလာဟင်းလင်း ဖြစ်နေသော လီလန်ဟွာ၏ မျက်ခွံများက တစ်ချက် လှုပ်ခတ်သွားသည်။

သူမ၏ မျက်လုံးများက အသက်ကြီးနေပြီဖြစ်သော မာကောချိုင်ဘက်သို့ အနည်းငယ် ကြည့်လာသည်။

တုံယန်မှာ ချက်ချင်းပင် အံ့သြဝမ်းသာ ဖြစ်သွားပြီး မယုံကြည်နိုင်အောင် ဖြစ်သွားသည်။

"တကယ်ကြီး အသုံးဝင်တာပဲ"

"အဒေါ်ကြီးလီ... အဒေါ်ကြီးလီ... ကြားရလားဟင်"

သူမက အဒေါ်ကြီးလီကို အလျင်အမြန် ခေါ်လိုက်ပြီး အဒေါ်ကြီးလီ၏ စိတ်ဝိညာဉ် အသိစိတ်နှင့် ချိတ်ဆက်လိုက်သည်။

မာကောချိုင်၏ အသံက ပိုမို ကျယ်လောင်လာပြီး အဒေါ်ကြီးလီ၏ အသိစိတ်ကလည်း ပို၍ ရှင်းလင်းလာပုံ ရသည်။

ဘေးပတ်ဝန်းကျင်က ရေလှိုင်းများကဲ့သို့ ဖြည်းညင်းစွာ လှုပ်ခတ်လာသည်။

တုံယန်က အလွန်အမင်း ဝမ်းသာသွားသည်။ ဤသည်မှာ ဤနေရာရှိ စိတ်ဝိညာဉ် ထင်ယောင်ထင်မှား ဖြစ်မှုက မကြာမီ ပျက်စီးတော့မည်ကို ပြသနေခြင်း ဖြစ်သည်။

အဒေါ်ကြီးလီ နိုးထလာပါက ဤနေရာမှ ထွက်သွားနိုင်မည်ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ မကောင်းဆိုးဝါးကို အလုံးစုံ အနိုင်ယူနိုင်ပြီ ဖြစ်သည်။

"လန်ဟွာ... လန်ဟွာ... နိုးလာခဲ့ပါတော့... အကုန်လုံး ပြီးသွားပါပြီ... မင်းက ငါ့ကို တစ်ယောက်တည်း ထားခဲ့ပြီး ဒီထိုက်ယန်တောင်ပေါ်မှာ ဒုက္ခခံ ရုန်းကန်ခိုင်းဖို့ တကယ်ပဲ ရက်စက်နိုင်လို့လား"

မာကောချိုင်မှာ မျက်ရည်များ တသွင်သွင် စီးကျလာပြီး ငိုကြွေးနေကာ အဆိုအမိန့်များကိုပင် ဆက်မရွတ်နိုင်တော့ပေ။

နောက်ဆုံးတွင် လီလန်ဟွာ၏ နှုတ်ခမ်းများက လှုပ်ရှားလာသည်။

"ကောချိုင်"

သူမ၏ ရုပ်သွင်နှင့် အမူအရာများက မျက်စိရှေ့တွင်ပင် လျင်မြန်သော နှုန်းဖြင့် အိုမင်းရင့်ရော်လာသည်။

ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးက ပျောက်ကွယ်သွားတော့သည်။

တုံယန်က မျက်လုံးများကို ဖွင့်လိုက်ရာ တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေသည်။ ဝါးအိမ်ပေါ်တွင် လဲလျောင်းနေသော အဒေါ်ကြီးလီနှင့် ဘေးတွင် ထိုင်ကာ မျက်ရည်များ ပြည့်နှက်နေသော မာကောချိုင်တို့ကို ကြည့်ရင်း သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာတော့သည်။

ရန်မေနှင့် ဆုန့်ဝမ်တို့က အလျင်အမြန် လှမ်းကြည့်လိုက်ကြသည်။

"တုံယန်... ဘယ်လိုနေလဲ"

"တုံယန်... အဆင်ပြေရဲ့လား"

တုံယန်က ဝမ်းသာအားရဖြင့် ပြန်ဖြေလိုက်သည်။

"အောင်မြင်သွားပြီ"

ဆက်ရန်...

All Chapters