အခန်း (၂၇၅-၂၇၆)
Vol. 14 Ch. 275-276
အပိုင်း(၂၇၅) ရေလွှမ်းမိုး တားမြစ်နယ်မြေကို ဖြတ်ကျော်ခြင်း
မိုးက တဖွဲဖွဲ ရွာသွန်းနေဆဲဖြစ်ပြီး မိုးရေစက်များမှာ သိသိသာသာ သေးငယ်သွားလေသည်။ သို့သော် အပူချိန်ကမူ ပို၍ ကျဆင်းလာခဲ့၏။
လင်းယွမ်က အိပ်ရာမှထကာ ထုံးစံအတိုင်း သားသတ်ရုံသို့ တစ်ခေါက်သွားကြည့်လိုက်ရာ အဝေးကပင် ချိုင်ကြည်ကို လှမ်းမြင်လိုက်ရသည်။
ယခုအခါ ချိုင်ကြည်သည် သားသတ်ရုံတွင် စီမံခန့်ခွဲသူအဖြစ် တာဝန်ပေးအပ်ခြင်း ခံထားရလေသည်။
ဤနေရာမှ အလုပ်က သက်သောင့်သက်သာရှိပြီး သူက အလုပ်များရန် သိပ်မလိုပေ။ သူသည် လင်းယွမ်၏ မျက်နှာကြောင့်သာ ဤနေရာသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်းကိုလည်း ကောင်းစွာသိနားလည်ထားသည်။
သို့မဟုတ်ပါက သာမန်လူတစ်ယောက်အနေဖြင့် စီမံခန့်ခွဲမှု အပိုင်းသို့ ဝင်ရောက်ရန် အရည်အချင်း ပြည့်မီမည် မဟုတ်ချေ။
"လင်းယွမ်... စောလှချည်လား... ဟက်... ချိုး"
ချိုင်ကြည်က နှုတ်ဆက်စကား ဆိုလိုက်သည်နှင့် တဆက်တည်းမှာပင် မမျှော်လင့်ဘဲ နှာချေလိုက်မိသည်။
လင်းယွမ်က ထိုအဖြစ်အပျက်ကို မြင်လိုက်ရသဖြင့် ဂရုတစိုက် မေးမြန်းလိုက်၏။
"ခင်ဗျားအဆင်ပြေရဲ့လား"
"ပြေပါတယ်... ပြေပါတယ်... ဟီးဟီး... နှာခေါင်း နည်းနည်းယားသွားလို့ပါ"
ချိုင်ကြည်က ရယ်မောကာ ပြန်ဖြေသည်။
လင်းယွမ်က ခေါင်းကို အသာခါလိုက်ပြီး သတိပေးစကား ဆိုလိုက်၏။
"ရာသီဥတုက အေးလာပြီ... ကိုယ့်ကိုယ်ကိုယ် နွေးနွေးထွေးထွေး ထားဦး... အဒေါ်ကြီးလီရဲ့ ကိစ္စကို ခင်ဗျားသိတယ်မလား... အအေးမိမခံနဲ့... ဒီလိုအချိန်မျိုးမှာ အအေးမိရင် ဆေးဝါးရှာဖို့ ခက်လိမ့်မယ်"
ချိုင်ကြည်က အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။
"ငါ နားလည်ပါတယ်... ဒါပေမဲ့ အဒေါ်ကြီးလီက ကံကောင်းလွန်းတယ်ကွာ... အအေးမိဖျားနာတာ တစ်ခါလောက် ဖြစ်လိုက်ရုံနဲ့ အစွမ်းနိုးထလာတယ်ဆိုတော့"
သူ့လေသံတွင် အားကျမှုအချို့ ပါဝင်နေပြီး မျက်ဝန်းထဲတွင်လည်း လိုလားတောင့်တမှု တစ်စုံတစ်ရာ ရှိနေခဲ့သည်။
ချိုင်ကြည်သည် လင်းယွမ်၏ နောက်သို့ အစောဆုံး လိုက်ပါခဲ့သူများထဲမှ တစ်ဦးဖြစ်၏။ သူသည် ယခင်က လုပ်ဖော်ကိုင်ဖက်များ တစ်ယောက်ပြီးတစ်ယောက် အစွမ်းနိုးထလာကြကာ အစွမ်းပိုင်ရှင်များ ဖြစ်လာကြသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။ ထို့ကြောင့် သူ့ရင်ထဲတွင် အားကျခြင်း၊ မနာလိုခြင်းများ မရှိပါဟုဆိုလျှင် လုံးဝ မဖြစ်နိုင်ပေ။
ယခုအခါ အသက်အရွယ်ကြီးရင့်နေသည့် အဒေါ်ကြီးလီပင်လျှင် အစွမ်းနိုးထလာခဲ့ပြီဖြစ်ရာ သူသည် အမှန်တကယ်ပင် စိတ်အားငယ်မိလေသည်။
လင်းယွမ်က သူ့ကိုကြည့်လိုက်ပြီး ပြောလိုက်သည်။
"ခင်ဗျား တမင်သက်သက် အအေးမိအောင်လုပ်ပြီး အဒေါ်ကြီးလီကို အတုမခိုးနဲ့နော်... အဒေါ်ကြီးလီ အစွမ်းနိုးထလာတာက ထူးခြားဖြစ်စဉ်တစ်ခုပဲ... သူ့ရဲ့ သန္ဓေပြောင်းလဲနှုန်းက လိုအပ်ချက်နဲ့ ကိုက်ညီနေလို့သာ အစွမ်းနိုးထလာတာ"
"ခင်ဗျားသာ အအေးမိသွားရင် ခင်ဗျားရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု အခြေအနေအရ ရောဂါကြီးကြီးမားမား ဖြစ်သွားဖို့ပဲ ရှိတယ်... ခန္ဓာကိုယ်က အလိုလို ခုခံတိုက်ထုတ်နိုင်ရုံလောက်ပဲ ဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမျိုးကို ရောက်မှာမဟုတ်ဘူး"
ချိုင်ကြည်က ချက်ချင်းပင် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းခါလိုက်လေသည်။
"မလုပ်ပါဘူး... ငါ့ဘာသာ ဒုက္ခရောက်အောင် ဘယ်လုပ်ပါ့မလဲ"
တကယ်တမ်းတွင် သူ၌ ထိုကဲ့သို့သော အတွေးမျိုး ရှိခဲ့ဖူးသည်။ သို့သော် လင်းယွမ်၏ စကားကို ကြားလိုက်ရသည့်အခါမှသာ အမှန်တရားကို သဘောပေါက်သွားခြင်း ဖြစ်၏။
အဒေါ်ကြီးလီ၌ ရောဂါအခံရှိပြီး အသက်အရွယ်ကလည်း ကြီးရင့်နေပြီဖြစ်ရာ ကိုယ်ခံအား နည်းပါးလှသည်။
ထို့ကြောင့် အအေးမိဖျားနာခြင်း တစ်ကြိမ်သည် သူမ၏ အသက်ကို ခြိမ်းခြောက်နိုင်လောက်အောင် အန္တရာယ်များသည့်အတွက် အစွမ်းနိုးထခြင်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။
သူကဲ့သို့ သန်စွမ်းသည့် အရွယ်ကောင်း လူလတ်ပိုင်းတစ်ယောက်အဖို့မူ အအေးမိရုံဖြင့် အသက်အန္တရာယ် ကြုံတွေ့ရနိုင်ဖွယ် မရှိသဖြင့် အစွမ်းနိုးထရန် မဖြစ်နိုင်ပေ။
လင်းယွမ်က ဆက်ပြောလိုက်သည်။
"ခင်ဗျား ကိုယ့်အခြေအနေကို ကိုယ်သိရင် ပြီးတာပါပဲ... အိမ်မှာ အမဝူနဲ့ ယောင်ယောင်တို့လည်း ရှိနေသေးတယ်လေ... မိသားစု စုံစုံလင်လင် အတူရှိနေတာက ဘာနဲ့မှမလဲနိုင်တဲ့ အရာပါ"
"အစွမ်းမနိုးထတော့လည်း ကောင်းတဲ့အချက်တွေ ရှိပါတယ်... ခင်ဗျားက အခု ခိုလှုံရေးစခန်းထဲမှာ နေရတယ်... ကျွန်တော်တို့ကလည်း ခင်ဗျားကို အတတ်နိုင်ဆုံး စောင့်ရှောက်ပေးထားပြီး အန္တရာယ်ရှိတဲ့ အလုပ်တွေ မခိုင်းပါဘူး... ကိုယ့်သားမယားနဲ့ အေးအေးချမ်းချမ်း နေရတာ မကောင်းဘူးလား"
ချိုင်ကြည်က အားပါးတရ ခေါင်းညိတ်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်၏။
"ငါ နည်းနည်းတော့ မကျေမနပ် ဖြစ်မိတယ်ကွာ... အားလုံးကို ဘာမှ ကူညီမပေးနိုင်သလို ခံစားရလို့ပါ"
လင်းယွမ်က ပြုံးလိုက်သည်။
"ကျွန်တော့်ရဲ့ လက်ရှိအစွမ်းနဲ့ဆိုရင် တကယ်တမ်း ရန်ပွဲတွေဖြစ်လာရင် ဘယ်သူကများ ကျွန်တော့်ကို ဝင်ကူညီပေးနိုင်မှာမို့လို့လဲ"
"ခင်ဗျားကလည်း အတွေးလွန်မနေနဲ့... ဒီသားသတ်ရုံကို သေချာ စီမံခန့်ခွဲပေးတာက ကျွန်တော့်ကို ကူညီနေတာပဲလေ... သဘောပေါက်လား"
ချိုင်ကြည်၏ မျက်လုံးများ အနည်းငယ် နီရဲလာကာ လင်းယွမ်၏ စိတ်ရင်းမှန်ကို နားလည်လိုက်သဖြင့် ယုံကြည်ချက်ရှိရှိ ပြန်ပြောလိုက်သည်။
"စိတ်ချပါ... ဒီနေရာကို ငါ့တာဝန်သာထား... သေချာပေါက် ကောင်းကောင်း စီမံခန့်ခွဲပေးပါ့မယ်"
လင်းယွမ်က ရယ်မောလိုက်၏။
"ခင်ဗျားလုပ်ရင် ကျွန်တော် စိတ်ချပါတယ်"
"ဒီနေ့ သန္ဓေပြောင်း သတ္တဝါ ဘယ်လောက်ရလဲ"
"အနီရောင်အသား ၃၂ ကောင်... အဖြူရောင်အသား ၁၀၀၀ ကျော်"
ချိုင်ကြည်က ချက်ချင်းပင် အလွတ်ရွတ်ပြလိုက်သည်။
လင်းယွမ်က စိတ်ထဲတွင် တွက်ချက်ကြည့်လိုက်ပြီးနောက် ကျေနပ်စွာ ပြုံးလိုက်မိသည်။
ဤသန္ဓေပြောင်း သတ္တဝါများ အားလုံးပေါင်းလိုက်လျှင် အမှတ် ၁၀၀၀၀ နီးပါး ရရှိနိုင်ပေလိမ့်မည်။ သူ၏ မဟာဗျူဟာ မှန်ကန်ကြောင်း ထင်ရှားနေပြီ ဖြစ်၏။
လူအများစုကို အခြားအလုပ်များမှ ကင်းလွတ်ခွင့်ပေးပြီး အမဲလိုက်ခြင်းနှင့် ငါးဖမ်းခြင်းကိုသာ အာရုံစိုက်စေခြင်းဖြင့် သူရရှိမည့် အမှတ်များမှာ တိုးပွားလာမည်သာ ဖြစ်သည်။
တစ်ရက်လျှင် အမှတ် ၁၀၀၀၀ နှုန်းဖြင့် တစ်လလျှင် အမှတ် ၃၀၀,၀၀၀ နီးပါး ရရှိနိုင်သည်။
ထိုနှုန်းထားအတိုင်းဆိုလျှင် ရက်ပေါင်း ၁၀၀ ခန့်အတွင်း အမှတ် တစ်သန်း ပြည့်မီနိုင်ပေလိမ့်မည်။
ဤသည်မှာ လစဉ် ဒီရေတက်ချိန်တွင် ရရှိမည့် ကြီးမားသော အမှတ်ပမာဏကို ထည့်သွင်း တွက်ချက်ထားခြင်း မရှိသေးပေ။
မကြာသေးမီက လူတိုင်း သန္ဓေပြောင်းငါးများစွာ ဖမ်းမိကြခြင်းမှာ ဒီရေတက်ချိန် ပြီးဆုံးကာစဖြစ်သဖြင့် ထိုက်ယန်တောင် အနီးတစ်ဝိုက်သို့ ငါးအမြောက်အမြား မျောပါလာသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ဤရက်ပိုင်းသည် ငါးဖမ်းရန် အကောင်းဆုံးအချိန် ဖြစ်နေ၏။ နောက်ရက်အနည်းငယ် ကြာလျှင်မူ ဤမျှလောက် ရရှိနိုင်တော့မည် မဟုတ်ချေ။
လင်းယွမ်သည် ထုံးစံအတိုင်း အမှတ်များကို ရိတ်သိမ်းပြီးနောက် သားသတ်ရုံထဲတွင် တစ်ပတ် လှည့်ကြည့်လိုက်ပြီး ချိုင်ကြည်ကို မှာကြားလိုက်သည်။
"ဒီနှစ်ရက်အတွင်း ကျွန်တော် အပြင်ခဏ သွားစရာရှိတယ်... ရလာတဲ့ သန္ဓေပြောင်း သတ္တဝါတွေကို ဒီအတိုင်းထားထား... ကျွန်တော် ပြန်လာမှ ရှင်းမယ်"
ချိုင်ကြည်က ကြောင်အသွားပြီး မေးလိုက်၏။
"ထိုက်ယန်တောင်ကနေ ထွက်သွားမလို့လား"
လင်းယွမ်က ခေါင်းအသာညိတ်ပြသည်။
"အင်း... အပြင်တစ်ခေါက် သွားစရာရှိလို့"
"သိပြီ... လက်ကျန်ပစ္စည်းတွေလည်း မနည်းပါဘူး... စားသောက်ဆောင်အတွက် ယာယီတော့ ဖူလုံပါတယ်"
လင်းယွမ်က တံခါးဝသို့ လျှောက်သွားရင်း ရုတ်တရက် သတိရသွားသဖြင့် လှည့်ပြောလိုက်သည်။
"ဂွမ်းကပ်အင်္ကျီ နှစ်ထည်လောက် ပိုဝယ်ထားဦး... ရာသီဥတုက ပိုအေးလာတော့မယ်... နောက်ဆိုရင် နှင်းမုန်တိုင်းတောင် လာနိုင်တယ်"
ချိုင်ကြည်က ကြောင်သွားပြီးနောက် ချက်ချင်းပင် လေးနက်သော အမူအရာ ဖြစ်သွားလေသည်။
"အရမ်း အေးလာမှာလား"
"ဟုတ်တယ်... ရေခဲတဲ့အထိ ဖြစ်နိုင်တယ်... အဲဒီကျရင် မိုးတိတ်သွားပြီး ရေပြင်ကြီးက ရေခဲပြင်အဖြစ် ပြောင်းသွားလိမ့်မယ်... ထိုက်ယန်တောင် ခိုလှုံရေးစခန်းအတွက် ပိုကြီးမားတဲ့ စမ်းသပ်မှုကြီး ရောက်လာလိမ့်မယ်"
ချိုင်ကြည်၏ မျက်နှာထားက တည်ကြည်လေးနက်သွား၏။
"ငါ သဘောပေါက်ပါပြီ"
ဤသတင်းများသည် စစ်ဘက်ဆိုင်ရာမှ ထုတ်ပြန်ထားခြင်းဖြစ်သော်လည်း လူထုအကြား အထိတ်တလန့်ဖြစ်ပြီး အနွေးထည်ပစ္စည်းများကို လုယက်ဝယ်ယူခြင်းများ မဖြစ်ပေါ်စေရန် လင်းယွမ်က သတင်းပိတ်ပင်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါ နေရောင်ခြည်စွမ်းအင်သုံး အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်း ရှိနေပြီဖြစ်သဖြင့် ထိုမျှလောက် သတိထားနေရန် မလိုတော့ပေ။
ထို့ပြင် ချိုင်ကြည်သည် သူ၏ လူယုံတစ်ယောက် ဖြစ်နေသဖြင့် ကြိုတင်သတိပေးထားခြင်း ဖြစ်၏။
သားသတ်ရုံမှ ပြန်ထွက်လာပြီး အိမ်သို့ ရောက်သောအခါ ရန်မေက မနက်စာ ပြင်ဆင်ထားပြီး ဖြစ်သည်။
ဆုန့်ဝမ်၊ တင်းယန်နှင့် တုံယန်တို့သည် မပြန်သေးဘဲ သူ့ကိုစောင့်ရင်း အတူတူ ထမင်းစားရန် ပြင်နေကြသည်။
သူသည် ယနေ့ ရန်မေကိုခေါ်၍ မိန်တောင်သို့ သွားမည်ကို သိထားကြသဖြင့် မိန်းကလေးများက စိတ်ပူနေကြခြင်း ဖြစ်သည်။
လင်းယွမ်က ပြုံးလိုက်ရင်း ပြောလိုက်၏။
"မျက်နှာတွေကလည်း မသာမယာနဲ့... စိတ်ချကြစမ်းပါ... အမမေက ကျွန်တော်နဲ့အတူ လိုက်သွားမှာပဲ... ဘာအန္တရာယ် ရှိနိုင်မှာလဲ"
ဆုန့်ဝမ်က ဝင်ပြောသည်။
"အမမေကို သေချာ ဂရုစိုက်နော်"
တင်းယန်ကလည်း ဖြည့်စွက်ပြော၏။
"ဟိုဘက်က အခြေအနေကို သေချာမသိရသေးဘဲ စိတ်လိုက်မာန်ပါ မလုပ်နဲ့နော်... ရှင့်အစွမ်းက အားကောင်းတာ မှန်ပေမဲ့ တစ်ဖက်လူတွေက ထူးဆန်းတဲ့ သင်္ကေတကျောက်တုံးလိုမျိုးတွေ တီထွင်ထားနိုင်တယ်"
လင်းယွမ်က ပြုံးရင်း ခေါင်းညိတ်လက်ခံလိုက်သည်။
ထိုအချိန်တွင် တံခါးဝသို့ လူတစ်ယောက် ရောက်လာ၏။ ဦးလေးရန် (ရန်လင်း) ပင် ဖြစ်သည်။
ရန်မေက အလျင်အမြန် ထရပ်ကာ လှမ်းခေါ်လိုက်သည်။
"ဦးလေးရန်... ရောက်လာပြီလား... လာ လာ... အထဲဝင်ထိုင်... ထမင်းစားပြီးပြီလား"
ရန်လင်းက ပြုံးရယ်လိုက်ရင်း ပြန်ဖြေသည်။
"စားပြီးပြီ... အစားအသောက်တန်းမှာ စားလာခဲ့တယ်... ရန်မေလေးနဲ့ ဆရာလင်း... တို့တွေ ဘယ်အချိန် ထွက်ကြမလဲ"
သူသည် မိန်တောင်သို့ ပြန်၍ မိတ်ဟောင်းဆွေဟောင်းများနှင့် တွေ့ဆုံရန် မစောင့်နိုင်တော့သည့်ဟန် ရှိလေသည်။
လင်းယွမ်က ပြုံးကာ ပြောလိုက်သည်။
"ခဏလောက် ထိုင်ပါဦး... ကျွန်တော်တို့ ထမင်းစားပြီးရင် သွားကြမယ်"
"အေးအေး... ကောင်းပြီ... ဦးလေး ဝါးအိမ်အပြင်ဘက်မှာပဲ စောင့်နေမယ်နော်"
"ဦးလေးရန်ရယ်... အထဲဝင်ထိုင်ပါ... အပြင်မှာ အေးတယ်"
ရန်မေက မနေနိုင်ဘဲ လှမ်းအော်ပြောလိုက်သည်။
ရန်လင်းက လက်ကာပြလိုက်ပြီး ငြင်းဆန်လိုက်၏။
"ရတယ်... ရတယ်... ညည်းတို့ စားကြပါ... ဦးလေး အပြင်မှာ ဆေးလိပ်လေး သောက်လိုက်ဦးမယ်"
ရန်မေလည်း မတတ်သာသည့်အဆုံး သူ့သဘောအတိုင်း လွှတ်ထားလိုက်ရတော့သည်။ လင်းယွမ်က ပြုံးရင်း သူမ၏ လက်ကောက်ဝတ်ကို အသာပုတ်ကာ ထမင်းစားရန် အချက်ပြလိုက်၏။
ထမင်းစားသောက်ပြီးသည်နှင့် လင်းယွမ်သည် ရန်မေနှင့် ရန်လင်းတို့ကို ခေါ်ဆောင်ကာ ကျောက်တွင်းဧရိယာဘက်သို့ ထွက်လာခဲ့ကြသည်။
ရန်လင်းက မနေနိုင်ဘဲ မေးလိုက်သည်။
"ဆရာလင်း... ငါတို့တွေ ကျောက်တွင်းဧရိယာဘက်က ရေပြင်ကြီးကနေ သွားမှာလား"
"ဟုတ်တယ်"
"အဲဒီနေရာက အန္တရာယ်များတဲ့ တားမြစ်နယ်မြေလို့ ပြောကြတယ်... အထဲမှာ အန္တရာယ်ရှိတဲ့ သန္ဓေပြောင်း သားရဲတွေ အများကြီး ရှိတယ်လို့ ကြားတယ်ကွ"
လင်းယွမ်က ပြုံးလိုက်သည်။
"စိတ်ချပါ... ကျွန်တော့်နောက်က လိုက်ခဲ့... ဘာပြဿနာမှ မရှိစေရဘူး"
ရန်မေကလည်း ပြုံးကာ ပြောလိုက်၏။
"ဦးလေးရန်ရယ်... စိတ်ကို ဖြေလျှော့ထားစမ်းပါ... လင်းယွမ် ပါတယ်လေ"
ရန်လင်းက သက်ပြင်းတစ်ချက်ချကာ လိုက်ပါလာခဲ့တော့သည်။ သူသည် လင်းယွမ် မည်မျှစွမ်းဆောင်နိုင်သည်ကို မသိသော်လည်း ကျောက်တွင်းဧရိယာ အနောက်ဘက်နှင့် မိန်တောင်ကြားရှိ ရေလွှမ်းမိုး တားမြစ်နယ်မြေ အကြောင်းကိုမူ စောစောစီးစီးကပင် ကြားဖူးထားသည်။
အဘယ်ကြောင့်ဆိုသော် ယခင်က သူသည် ထိုနေရာမှဖြတ်၍ မိန်တောင်သို့ လှေလှော်သွားရန် ကြိုးစားခဲ့ဖူးသော်လည်း ရေပြင်ထဲရှိ အဆိပ်ပြင်း ဖားများနှင့် ဂဏန်းကြီးများကဲ့သို့သော သတ္တဝါဆိုးများကို မျက်မြင်တွေ့ရှိခဲ့ရသဖြင့် လက်လျှော့ထွက်ပြေးခဲ့ရဖူးသောကြောင့် ဖြစ်သည်။ ယခု ထိုနေရာသို့ တစ်ဖန် ပြန်သွားရမည်ဖြစ်၍ စိတ်ထဲတွင် စိုးရိမ်ထိတ်လန့်နေမိသည်။
မကြာမီ လူတစ်သိုက်သည် ကျောက်တွင်းဧရိယာကို ဖြတ်ကျော်ကာ အနောက်ဘက်သို့ ဆက်လက်ထွက်ခွာလာကြပြီး လင်းယွမ် ယခင်က အနက်ရောင် အဆိပ်ပြင်းဖားကြီးကို သတ်ဖြတ်ခဲ့သည့် နေရာသို့ ရောက်ရှိလာကြသည်။
မူလ ရေအိုင်များတွင် အဆိပ်ပြင်းဖား အသစ်များ နေရာယူထားကြပြီ ဖြစ်သည်။ ကြီးငယ်မဟူသော ရေအိုင်များထဲတွင် အနက်ရောင် သန္ဓေပြောင်း ဖားလောင်းများ ပြည့်နှက်နေလေသည်။
လက်သီးဆုပ် အရွယ်အစားခန့်ရှိသော ဖားလောင်းများသည် မာဗယ်ရုပ်ရှင်များထဲမှ ဗီနွန် နှင့် ရုပ်ချင်းဆင်တူပြီး ပါးစပ်ထဲတွင် ချွန်ထက်သော သွားများဖြင့် ပြည့်နှက်ကာ ခန္ဓာကိုယ် တစ်ခုလုံး နက်မှောင်နေသည်။ ၎င်းတို့သည် ရေအိုင်ထဲတွင် အရူးအမူး ကူးခတ်သွားလာရင်း အချင်းချင်း ကိုက်ခဲစားသောက်နေကြ၏။
(ဗီနွန် ဆိုတာ ပင့်ကူလူသား ဇာတ်ကားရဲ့ လူဆိုးတစ်ယောက်ဖြစ်ပါတယ်။ ပင့်ကူလူသား ကိုယ်မှာ ပူးကပ်ရင်း အနက်ရောင်ပင့်ကူလူသားဖြစ်သွားတဲ့ အကောင်ဖြစ်ပါတယ်)
ထိုမြင်ကွင်းကြောင့် ရန်မေမှာ မျက်နှာပျက်ယွင်းသွားပြီး ခေါင်းကို အလျင်အမြန် လွှဲလိုက်မိသည်။
ရန်လင်းလည်း ကြောက်လန့်သွားပြီး အလျင်အမြန် မေးလိုက်၏။
"ဆရာလင်း... ဒီနေရာက အရမ်း အန္တရာယ်များတာ မဟုတ်ဘူးလား"
လင်းယွမ်က နှစ်သိမ့်လိုက်သည်။
"ကိစ္စမရှိဘူး... ကျွန်တော့်နောက်ကသာ လိုက်ခဲ့"
သူက လက်တစ်ဖက်ဖြင့် ရန်မေကို တွဲထားရင်း ပေါ့ပါးစွာ လျှောက်လှမ်းနေသော်လည်း ရန်လင်းမှာမူ လင်းယွမ်နှင့် ဝေးကွာသွားမည်ကို စိုးရိမ်သဖြင့် တကောက်ကောက် လိုက်ပါလာရသည်။
မကြာမီ သူတို့သုံးဦး ရေစပ်သို့ ရောက်ရှိလာကြသည်။ ရေပြင်ပေါ်တွင် အစိမ်းရောင် မှော်ပင်များ ဖုံးလွှမ်းနေပြီး မိုးရေ၏ ရိုက်ခတ်မှုကြောင့် နိမ့်ချည်မြင့်ချည် လှုပ်ရှားနေကြသည်။
အရောင်အသွေး စုံလင်သော သန္ဓေပြောင်း ဖားကြီးများနှင့် ဖားပြုပ်ကြီးများသည် ရေထဲမှ ရုတ်တရက် ခုန်ထွက်လာကာ မှော်ပင်များပေါ်တွင် ထိုင်လျက် သူတို့သုံးဦးကို အေးစက်စွာ လှမ်းကြည့်နေကြ၏။
ရန်မေနှင့် ရန်လင်းတို့ နှစ်ဦးစလုံး မျက်နှာပျက်ကာ ကြောက်ရွံ့သွားကြသည်။
လင်းယွမ်က ပြောလိုက်သည်။
"မကြောက်နဲ့"
"ငါတို့ ဘယ်လိုသွားကြမှာလဲ"
ရန်လင်းက မနေနိုင်ဘဲ မေးလိုက်သည်။
လင်းယွမ်က မှော်ပင်များကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။
"အရင်ဆုံး မှော်ပင်တွေပေါ်ကနေ သွားမယ်... ဒီမှော်ပင်ဧရိယာကို လွန်သွားရင် ရှေ့မှာ ဘာအကာအကွယ်မှ မရှိတော့ဘူး... အဲဒီကျမှ ဖောင်စီးပြီး သွားမယ်"
"ဟေ... ဖောင်က ဘယ်မှာလဲ"
ရန်လင်းက မှော်ပင်များ ဆုံးသည့်နေရာ အဝေးဆီသို့ မျှော်ကြည့်လိုက်သော်လည်း ဖောင်ကို မတွေ့ရပေ။
လင်းယွမ်က ပြုံးလိုက်သည်။
"ကျွန်တော် အားလုံး စီစဉ်ထားပြီးသားပါ... ကျွန်တော့်နောက်သာ လိုက်ခဲ့"
သူက လက်တစ်ဖက်ဖြင့် ရန်မေကို ပွေ့ဖက်လိုက်ရာ ရန်မေကလည်း သူ့လည်ပင်းကို လက်နှစ်ဖက်ဖြင့် အလျင်အမြန် ပြန်လည်ဖက်တွယ်ထားလိုက်သည်။
ထို့နောက် လင်းယွမ်က ရန်လင်းဘက်သို့ လှည့်ကာ မေးလိုက်၏။
"ခင်ဗျားကိုရော ဆွဲခေါ်သွားပေးရမလား"
"လိုတာပေါ့... လိုတာပေါ့ဗျာ"
ရန်လင်းက အလောတကြီး ဖြေလိုက်သည်။ နောက်ပြောင်နေရမည့် အချိန်မဟုတ်ပေ။ ဤမှော်ပင်များက လူတစ်ယောက်၏ အလေးချိန်ကို ခံနိုင်မခံနိုင် မပြောလိုသေး၊ အနီးအနားရှိ မှော်ပင်များပေါ်တွင် ဝပ်နေကြသော သန္ဓေပြောင်း ဖားပြုပ်ကြီးများနှင့် ဖားကြီးများကို ကြည့်ရုံဖြင့် ကျောချမ်းစရာ ကောင်းလှသည်။
သူကဲ့သို့ အသက် ၅၀ ကျော် လူကြီးတစ်ယောက်အနေဖြင့် အကူအညီ လိုအပ်သည်မှာ အသေအချာပင်။
လင်းယွမ်က သူ၏ ခါးပတ်ကို လှမ်းဆွဲလိုက်ပြီး နောက်တစ်ခဏ၌ လေပေါ်သို့ ခုန်တက်လိုက်လေသည်။ သူ့ခြေထောက်များသည် လျင်မြန်စွာပင် မှော်ပင်တစ်ခုပေါ်သို့ ရောက်ရှိသွား၏။
"ဘုန်း"
လူသုံးယောက်၏ အလေးချိန်ကြောင့် မှော်ပင်သည် အနည်းငယ် တုန်ခါသွားပြီး ရေထဲသို့ အနည်းငယ် နစ်မြုပ်သွားသော်လည်း ချက်ချင်းပင် ပြန်လည် ပေါလောပေါ်လာခဲ့သည်။
ထိုမြင်ကွင်းကြောင့် ရန်လင်းတစ်ယောက် လန့်ဖျပ်ပြီး အော်ဟစ်မိမတတ် ဖြစ်သွားသည်။ သို့သော် သူ အသိပြန်မဝင်ခင်မှာပင် လင်းယွမ်က မှော်ပင်များအပေါ်၌ စတင်ပြေးလွှားနေပြီ ဖြစ်သည်။
"ဝေါ"
နားစည်နားတွင် လေတိုးသံနှင့် မိုးသံများ ဆူညံသွား၏။ လင်းယွမ်၏ အလျင်မှာ မြန်ဆန်လွန်းသဖြင့် ရန်လင်း၏ မျက်နှာကို မိုးရေစက်များက ရိုက်ခတ်ရာ စပ်ဖျင်းဖျင်း နာကျင်နေသည်။
သူသည် မျက်စိနှင့် ပါးစပ်ကို အမြန်ပိတ်ထားလိုက်ပြီး မျက်လုံးပင် မဖွင့်ရဲတော့ပေ။
အသက်ရှူချိန် အနည်းငယ်မျှသော အချိန်အတွင်းမှာပင် လင်းယွမ်သည် ပေရာချီသော အကွာအဝေးကို ဖြတ်ကျော်ကာ ဧရာမ မှော်ပင်ခင်းကြီး၏ အဆုံးသို့ ရောက်ရှိသွားသည်။
လမ်းတစ်လျှောက်တွင် မျက်စိမမှုန်သော သန္ဓေပြောင်း ဖားများနှင့် ဖားပြုပ်များက လျှာဖြင့်လှမ်း၍ တိုက်ခိုက်ကြသေးသည်။
သို့သော် အနားသို့ ကပ်လာသည်နှင့် လင်းယွမ်က စိတ်စွမ်းအင်ကို ထုတ်လွှတ်ကာ စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်းဖြင့် ချက်ချင်း ပြန်လည်တိုက်ခိုက်လိုက်၏။
ထိုသန္ဓေပြောင်း သတ္တဝါများသည် ခေါင်းများ ပေါက်ကွဲထွက်ကုန်ကြပြီး ရေအောက်သို့ "ဗွမ်း" ခနဲ ကျသွားကြလေသည်။
ထို့နောက် မရေမတွက်နိုင်သော သန္ဓေပြောင်းငါးများ၏ အစာအဖြစ် ဝိုင်းအုံကိုက်ခဲခြင်း ခံလိုက်ကြရသည်။
လင်းယွမ်သည် ၎င်းတို့ကို တစ်ချက်မျှပင် လှည့်မကြည့်သော်လည်း သန္ဓေပြောင်း သတ္တဝါအချို့ကို သတ်ဖြတ်ရန် ဝန်မလေးခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့အားလုံးမှာ အမှတ်များ ဖြစ်ကြသောကြောင့်ပင်။
ပေ ၁၆၀ ပတ်လည်အတွင်းရှိ သန္ဓေပြောင်း သတ္တဝါများသည် သူ၏ စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်းကြောင့် ချက်ချင်းပင် ရှင်းလင်းသွားခဲ့သည်။
မလှမ်းမကမ်းရှိ အခြားသော သန္ဓေပြောင်း သတ္တဝါများသည် ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ကြောက်လန့်တကြား ရေထဲသို့ခုန်ဆင်းကာ အလျင်အမြန် ထွက်ပြေးကြလေသည်။
သန္ဓေပြောင်း သတ္တဝါများသည်လည်း အသိဉာဏ်မဲ့များ မဟုတ်ကြပေ။ ၎င်းတို့၌လည်း ရှင်သန်လိုစိတ်ဟူသော ဗီဇ ရှိကြသည်။
သူတို့ရှေ့မှ လူသားသတ္တဝါ၏ စွမ်းအားကြီးမားမှုကို သဘာဝအလျောက် အာရုံခံမိကြသည်။
လင်းယွမ်သည် ပစ္စည်းသိုလှောင်ခန်းထဲမှ ယခင်က ရန်ဆန်းမင်တို့ ပြုလုပ်ပေးထားသော အမှတ် (၃) ဖောင်ကို လျင်မြန်စွာ ထုတ်ယူလိုက်သည်။
ဖောင် ရေထဲသို့ ကျသွားသည်နှင့် လင်းယွမ်သည် ကိုယ်ကိုလှည့်ကာ ရန်မေနှင့် ရန်လင်းတို့ကို ခေါ်ဆောင်လျက် ဖောင်ပေါ်သို့ ခုန်ဆင်းလိုက်၏။
လင်းယွမ် ရပ်တန့်လိုက်သည်ကို ခံစားမိမှသာ ရန်လင်းတစ်ယောက် မျက်လုံးဖွင့်ရဲတော့သည်။
ထို့နောက် ဖောင်သည် လေမတိုက်ဘဲနှင့် ရေပြင်ပေါ်တွင် အလိုအလျောက် ရွေ့လျားနေသည်ကို တွေ့လိုက်ရ၏။
သူနောက်ပြန်လှည့်ကြည့်လိုက်ရာ ကမ်းစပ်နှင့် သူတို့ အကွာအဝေးမှာ အနည်းဆုံး ပေတစ်ထောင်ကျော်ခန့် ဝေးကွာနေပြီ ဖြစ်သည်။
ရန်လင်းမှာ မနေနိုင်ဘဲ အံ့သြတကြီး ရေရွတ်လိုက်မိသည်။
"မြန်လိုက်တာ"
ရန်မေလည်း မျက်လုံးဖွင့်ကြည့်လိုက်ပြီး ကမ်းစပ်မှ ဧရာမ မှော်ပင်ခင်းကြီးကို ပြန်လှည့်ကြည့်ကာ မေးလိုက်သည်။
"မောင်လေး... ဒါတွေက မှော်ပင်တွေလား"
လင်းယွမ်က ဖောင်ကို ထိန်းကျောင်းရင်း ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ်... မှော်ပင်တွေပဲ"
"ဒီမှော်ပင်တွေရဲ့ ပေါလောပေါ်နိုင်စွမ်းက တော်တော်အားကောင်းတာပဲနော်... တို့တွေ သုံးယောက်ရဲ့ အလေးချိန်ကိုတောင် ခံနိုင်တယ်"
လင်းယွမ်က ပြုံးလိုက်သည်။
"တကယ်ကို အားကောင်းတယ်... သူတို့ရဲ့ ဖွဲ့စည်းပုံတွေက အများကြီး ပြောင်းလဲသွားပြီ... အရွက်တွေက ဧရာမ အရွယ်အစား ဖြစ်လာရုံမကဘူး အတွင်းပိုင်း အများစုကလည်း လေတွေနဲ့ ပြည့်နေတာ"
ရန်မေက စဉ်းစားခန်းဝင်သွားပြီး ပြောလိုက်သည်။
"ဒီမှော်ပင်တွေကိုသာ တစ်ခုနဲ့တစ်ခု ကပ်အောင် လုပ်လိုက်ရင် လှေအစားထိုး သုံးလို့ရမလားပဲ... လူတွေက မှော်ပင်တွေကို အမှီပြုပြီး ရေပေါ်မှာ မျောပါသွားလာလို့ ရနိုင်မလားလို့လေ"
လင်းယွမ်က ကြောင်သွားပြီး ပြန်ဖြေလိုက်၏။
"ဒါတော့ မစဉ်းစားဖူးဘူး... ဒါပေမဲ့ မဖြစ်နိုင်လောက်ပါဘူး... ရေနက်ပိုင်းတွေမှာ သူတို့ ရှင်သန်နိုင်ပါ့မလား"
ဘေးမှ ရန်လင်းက ဝင်ပြောသည်။
"မနေနိုင်စရာတော့ မရှိပါဘူး... မှော်ပင်ဆိုတဲ့ အမျိုးက ရေထဲမှာ ပေါလောပေါ်နေတာလေ... မြေကြီးကို အမှီပြုစရာ မလိုဘူး"
"ဒါပေမဲ့ ပုံမှန်အားဖြင့်တော့ မှော်ပင်တွေက ရေစီးငြိမ်တဲ့ နေရာတွေမှာပဲ ပေါက်ကြတာ... ရန်မေလေး ပြောသလို ဖြစ်လာဖို့ တကယ်ပဲ ဖြစ်နိုင်ချေ ရှိတယ်"
"ဒီမှော်ပင်တွေရဲ့ ဝန်ခံနိုင်အား ဘယ်လောက်ရှိလဲ ဆိုတာတော့ မသိဘူးပေါ့"
လင်းယွမ်က အံ့သြသွားသည်။
"ဦးလေးရန်က မှော်ပင်တွေအကြောင်း တော်တော်သိတာပဲ"
ရန်လင်းက ပြုံးလိုက်၏။
"ဆရာလင်းက တောမှာ မနေဖူးဘူးဆိုတာ သိသာတယ်... အရင်က တောရွာတွေဘက်က ချောင်းငယ်လေးတွေထဲမှာ မှော်ပင်တွေ အများကြီးရှိတာ... ဦးလေးတို့က အဲဒါတွေကို ဘဲစာကျွေးဖို့ ခပ်ယူနေကျလေ"
"ဒါတွေက အသုံးဝင်တဲ့ ပစ္စည်းတွေပါ... ရေကို သန့်စင်ပေးနိုင်တယ်"
လင်းယွမ်က ရယ်မောလိုက်သည်။
"ဒါကြောင့်ကိုး... အရင်က ကျွန်တော်တို့ မမြင်ဖူးတာ... သူတို့က ရေစီးငြိမ်တဲ့ နေရာတွေကို ပိုကြိုက်တာကိုး"
"ဒုန်း"
သူတို့ စကားပြောနေကြစဉ်မှာပင် ဖောင်အောက်ခြေသို့ တစ်စုံတစ်ခုက ရုတ်တရက် ဝင်ဆောင့်လိုက်လေသည်။
တဒုန်းဒုန်း မြည်သံနှင့်အတူ ဖောင်တစ်ခုလုံး ပြင်းထန်စွာ ယိမ်းခါသွား၏။ ရန်လင်းတစ်ယောက် ခြေမခိုင်တော့ဘဲ ရေထဲသို့ ထိုးကျလုမတတ် ဖြစ်သွားသည်။
ထိုအချိန်မှာပင် ရေအောက်မှ "ဝုန်း" ခနဲ အသံကြီး ပေါ်ထွက်လာသည်။
သွေးရောင်လွှမ်းနေသော ပါးစပ်ကြီးတစ်ခုသည် ရေထဲမှ ရုတ်တရက် ခုန်ထွက်လာပြီး ယိုင်လဲကျသွားသော ရန်လင်းကို ပြင်းထန်စွာ ကိုက်ခဲရန် ဟန်ပြင်လိုက်၏။
ရန်လင်းတစ်ယောက် လန့်ဖျပ်ပြီး အော်ဟစ်လိုက်လေသည်။
"အား... မိကျောင်း... မိကျောင်းကြီး"
ရေထဲမှ လှိမ့်ကာ ခုန်တက်လာသော အကောင်မှာ အရွယ်အစား သိပ်မကြီးလှသော မိကျောင်းတစ်ကောင် ဖြစ်နေသည်။
သိပ်မကြီးဘူး ဆိုသော်လည်း အမှန်တကယ်တွင် ၃ ပေ၊ ၄ ပေခန့် ရှည်လျားလေသည်။
အန္တရာယ်ရှိသော ထိုအခိုက်အတန့်တွင် ရန်လင်း၏ ခြေသလုံးကို တစ်စုံတစ်ယောက်က လှမ်းဆွဲလိုက်သလို ခံစားလိုက်ရပြီး နောက်တစ်ခဏတွင် သူသည် လေထဲသို့ မြောက်တက်သွားကာ ပြန်လည် ဆွဲတင်ခြင်း ခံလိုက်ရသည်။
တစ်ချိန်တည်းမှာပင် အပေါ်သို့ ခုန်တက်လာသော မိကျောင်း၏ ခေါင်းသည် "ဘုန်း" ခနဲ ပေါက်ကွဲသွားလေသည်။
ဒေါင်လိုက်ဖြစ်နေသော မျက်လုံးအိမ်များထဲမှ သွေးများ ဖြာထွက်လာ၏။ ထိုမိကျောင်း၏ ခန္ဓာကိုယ်သည် တဝက်က ဖောင်ပေါ်သို့ ကျရောက်လာပြီး ကျန်တဝက်မှာ ရေထဲသို့ ပြန်လည် ကျသွားသည်။
လင်းယွမ်က ရန်လင်း၏ ခြေထောက်ကို လွှတ်ပေးလိုက်ပြီး မိကျောင်းကို လှမ်းဆွဲကာ ဖောင်ပေါ်သို့ တရွတ်တိုက် ဆွဲတင်လိုက်သည်။
ရုတ်တရက် ကြုံတွေ့လိုက်ရသော အန္တရာယ်ကြောင့် ရန်လင်းမှာ လိပ်ပြာလွင့်မတတ် ဖြစ်သွားသလို ရန်မေမှာလည်း မျက်နှာဖြူဖပ်ဖြူရော်ဖြင့် ကြောက်လန့်တကြား ဖြစ်နေရှာသည်။
လင်းယွမ်က သူ၏ စိတ်စွမ်းအင်ကို ဖြန့်ကျက်လိုက်ရာ ပေ ၁၆၀ ပတ်လည် ရေအောက်ရှိ အခြေအနေများကို အာရုံထဲတွင် ထင်ဟပ်မြင်တွေ့လိုက်ရသည်။
ရေအောက်တွင် သတ္တဝါများစွာ ကူးခတ်သွားလာနေကြသည်ကို သူ အာရုံခံမိလိုက်၏။ ဖောင်၏ လှုပ်ရှားမှုက ၎င်းတို့ကို ဆွဲဆောင်လိုက်ခြင်း ဖြစ်ပုံရသည်။
လင်းယွမ်က အေးစက်စွာ ပြုံးလိုက်ပြီး စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်းကို ရုတ်ခြည်း ထုတ်လွှတ်လိုက်လေသည်။
"ဘုန်း... ဘုန်း... ဘုန်း"
ရေအောက်မှ ပေါက်ကွဲသံအဖုံဖုံ ထွက်ပေါ်လာပြီးနောက် ငါးသေများစွာ ပေါလောပေါ်လာကြသည်။ လင်းယွမ်သည် ညှာတာမှုမရှိဘဲ ရေအောက်ရှိ သန္ဓေပြောင်း သတ္တဝါများကို အလျင်အမြန် ရိတ်သိမ်းလိုက်သည်။
ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ သန္ဓေပြောင်း သတ္တဝါများ ကြောက်လန့်သွားကြပြီး အသီးသီး ထွက်ပြေးကြလေသည်။ မကြာမီ ဖောင်ကို ဗဟိုပြု၍ ပေ ၁၆၀ ပတ်လည်အတွင်း မည်သည့် သက်ရှိမျှ မကျန်ရှိတော့ပေ။
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်မိပြီး နှမြောတသ ဖြစ်သွားသည်။
ဤနေရာသည် အမှန်တကယ်ပင် အမှတ်ရှာရန် နေရာကောင်း ဖြစ်သည်။ အချိန်ရလျှင် သူသည် ဤနေရာသို့ မကြာခဏလာ၍ အမှတ် လာရှာသင့်သည်။
"ဟင်... ဒါ ယန်စီမိကျောင်း မဟုတ်လား"
ရန်လင်းက အသိပြန်ဝင်လာပြီး ဖောင်ပေါ်ရှိ မိကျောင်းကို ကြည့်ကာ အာမေဋိတ် သံဖြင့် ရေရွတ်လိုက်သည်။
လင်းယွမ်က ထိုမိကျောင်းကို ကြည့်လိုက်ရာ ခေါင်းမှာ သေးသွယ်ရှည်လျားပြီး ထိပ်ဘက် အနည်းငယ်မြင့်ကာ ပါးစပ်တို၍ ပြားနေသည်ကို တွေ့ရသည်။
အမြီးမှာ ရှည်လျားပြီး ဘေးတိုက်ပြားနေကာ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် သားရေကဲ့သို့ အခွံမာများ ဖုံးအုပ်ထားပြီး ဝမ်းဗိုက်ပိုင်းတွင်လည်း လေးထောင့်ပုံစံ အခွံမာများ ရှိနေသည်။
သူက ထိုမိကျောင်း၏ အရေခွံကို ခေါက်ကြည့်လိုက်ရာ မာကျောပြီး အေးစက်သော အထိအတွေ့ကို ခံစားလိုက်ရသဖြင့် ဤအကောင်သည်လည်း သန္ဓေပြောင်းကာ ဆင့်ကဲပြောင်းလဲထားပြီဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။
ရန်လင်းက ပြောလိုက်သည်။
"အရင်က ဒါတွေက ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ သတ္တဝါတွေ... မြစ်ထဲမှာပဲ ရှိတာ... ဒီနေရာမှာ ဘယ်လိုလုပ် ပေါ်လာရတာပါလိမ့်... သောက်ကျိုးနည်း... မျိုးတုံးတော့မယ် ဆိုတာတွေရော ဟုတ်ရဲ့လား"
လင်းယွမ်က ပြန်ပြောလိုက်၏။
"ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲကုန်ပြီလေ... ဒီ ယန်စီမိကျောင်းတွေက အစကတည်းက အန္တရာယ်များတဲ့ အကောင်တွေ... အခုဆိုရင် ပိုအားကောင်းတဲ့ မျိုးဗီဇတွေ ပြောင်းလဲလာလောက်ပြီ"
ရန်လင်းက သက်ပြင်းချလိုက်သည်။
"ရေအောက်ကတော့ တကယ်ကို လူသားတွေအတွက် အန္တရာယ်နယ်မြေ ဖြစ်သွားပြီပဲ"
ရန်မေက မေးလိုက်၏။
"ယန်စီမိကျောင်းက စားလို့ရတယ်လို့ ကြားဖူးတယ်... အသားအရသာ ရှိလွန်းလို့ လူတွေ အလွန်အကျွံ ဖမ်းဆီးကြတာကြောင့် မျိုးတုံးလုနီးပါး ဖြစ်ပြီး ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ သတ္တဝါစာရင်း ဝင်သွားတာလို့ ပြောကြတယ်... တကယ် ဟုတ်မဟုတ်တော့ မသိဘူး"
လင်းယွမ်က ရယ်မောလိုက်သည်။
"ဒီအကောင်ကို ပြန်ယူသွားပြီး သားသတ်ရုံမှာ ရှင်းခိုင်းလိုက်မယ်... ပြီးရင် အမမေ မြည်းကြည့်ဖို့ အသား နည်းနည်းပြန်ယူလာပေးမယ်"
ရန်မေက အလျင်အမြန် ခေါင်းခါလိုက်၏။
"မစားရဲပါဘူး... ကြည့်ရတာတင် လန့်စရာကြီး"
ရန်လင်းက အလောတကြီး ဝင်ပြောလိုက်သည်။
"ဦးလေး စားမယ်လေ... ရန်မေလေး မစားရင် ဦးလေးဖို့ အသားနည်းနည်း ချန်ထားပေးပါ... မိကျောင်းသား မစားဖူးလို့"
ရန်မေက ပြုံးလိုက်သည်။
"ဒါဆို ဦးလေး စောင့်နေ... ပြန်ရောက်ရင် လင်းယွမ်ကို လှီးပေးခိုင်းလိုက်မယ်"
"ဟီးဟီး... ဒါဆို အတိုင်းထက်အလွန်ပေါ့"
ထို့နောက် ခရီးလမ်းတစ်လျှောက်တွင် မည်သည့်အန္တရာယ်မှ မရှိသလောက်ပင်။
လင်းယွမ်သည် ယန်စီမိကျောင်း၏ အလောင်းကို ငါးစာအဖြစ် အသုံးပြုပြီး အနီးအနားရှိ သန္ဓေပြောင်း သတ္တဝါများကို ဆွဲဆောင်ကာ စိတ်စွမ်းအင် ဖြန့်ကျက်၍ အမှတ်များကို တစ်ကြိမ်ပြီးတစ်ကြိမ် ရိတ်သိမ်းနေခဲ့သည်။
မိန်တောင်နှင့် ထိုက်ယန်တောင်ကြား အကွာအဝေးမှာ ကြည့်လိုက်လျှင် မဝေးသယောင် ထင်ရသော်လည်း ဖောင်ဖြင့် ၃ မိုင်၊ ၄ မိုင်ခန့် ခရီးနှင်ပြီးမှသာ မိန်တောင်ကမ်းစပ်သို့ အမှန်တကယ် ရောက်ရှိလေသည်။
ဤမိန်တောင် ကမ်းစပ်အနီးတွင်လည်း မှော်ပင်များ အများအပြား ပေါက်ရောက်နေသည်။ ထိုက်ယန်တောင်ဘက်ခြမ်းထက်ပင် ပို၍ ထူထပ်သိပ်သည်းနေသေး၏။
လင်းယွမ်က ရန်မေကို ပွေ့ဖက်လိုက်ပြီး ရန်လင်းကို ဆွဲမကာ ပြောလိုက်သည်။
"ကျွန်တော့်ကို မြဲမြဲကိုင်ထား... ကမ်းပေါ်တက်ကြမယ်"
ရန်လင်းက မျက်လုံးကို အလျင်အမြန် မှိတ်ထားလိုက်ပြီး ရန်မေကလည်း လင်းယွမ်၏ လည်ပင်းကို တင်းကျပ်စွာ ဖက်တွယ်ထားလိုက်သည်။
လင်းယွမ်သည် ကိုယ်ကို တစ်ချက်လွှဲကာ မှော်ပင်များပေါ်သို့ ခုန်တက်လိုက်ပြီးနောက် ဖောင်နှင့် ယန်စီမိကျောင်း အလောင်းကို ပြန်လည် သိမ်းဆည်းလိုက်သည်။
ထို့နောက် မှော်ပင်များအပေါ်၌ လျင်မြန်စွာ ပြေးလွှားသွားလေသည်။
မကြာမီ အချိန်အတွင်းမှာပင် ပေ ၁၅၀၀၊ ၂၀၀၀ ခန့် အကွာအဝေးကို ဖြတ်ကျော်ကာ မိန်တောင် မြေပြင်ပေါ်သို့ ခြေချနိုင်ခဲ့ကြလေသည်။
ဆက်ရန်...
အပိုင်း (၂၇၆) မိန်တောင်သို့ ဦးစွာခြေချခြင်း
"ကမ်းပေါ်ရောက်ပြီ... နောက်ဆုံးတော့ ကမ်းပေါ်ရောက်ပြီဟေ့"
ဦးလေးရန်က မြေကြီးပေါ်သို့ ခြေချလိုက်သည်နှင့် သက်ပြင်းတစ်ချက် မှုတ်ထုတ်ကာ တဖွဖွ ရေရွတ်လိုက်လေသည်။
ဤ ရေလွှမ်းမိုး တားမြစ်နယ်မြေက နောက်ပြောင်စရာ ကိစ္စမဟုတ်ပေ။ အကယ်၍ သူ့ဘာသာသာ မြစ်ကို ဖြတ်ကူးရမည်ဆိုပါက (၁၈) ခါလောက်ပင် သေပြီးလောက်ပြီ ဖြစ်သည်။
ဆရာလင်း ကဲ့သို့ စွမ်းအားကြီးမားသူ ရှိနေသောကြောင့်သာ သာမန် သစ်ဖောင်လေးတစ်ခုဖြင့် ဤမျှ အန္တရာယ်များသည့် နေရာကို ဖြတ်ကျော်လာနိုင်ခြင်း ဖြစ်ပေလိမ့်မည်။
ဦးလေးရန်က စိတ်လှုပ်ရှားစွာ ရေရွတ်ရင်း ဘေးပတ်ဝန်းကျင်ကို အလျင်အမြန် အကဲခတ်ကြည့်လိုက်သည်။
သူသည် မိန်တောင်ရွာ ဇာတိဖြစ်ပြီး ဤတောင်ပေါ်ရှိ သစ်ပင်၊ မြက်ပင်မှစ၍ အရာအားလုံးကို ကျွမ်းဝင် ရင်းနှီးပြီးသား ဖြစ်သည်။
သို့သော် ယခုလက်ရှိ မိန်တောင်မှ သစ်ပင်ပန်းမန်များကို မြင်လိုက်ရသောအခါ သူ ကြောင်အသွားရလေသည်။
မျက်စိရှေ့တွင် မြင်နေရသည်မှာ လူသူမနီး တောကြီးမျက်မည်း ပမာဖြစ်ပြီး ချုံနွယ်ပိတ်ပေါင်းများနှင့် သစ်ပင်အချို့မှာ မိုးထိအောင် မြင့်မားနေသည်ကို တွေ့လိုက်ရသည်။
ထိုအထဲတွင် သူနှင့် အရင်းနှီးဆုံးဖြစ်သော ရန်မေသီးပင်များလည်း ပါဝင်လေသည်။
"ဘုရားရေ... ဒါ ရန်မေသီးပင်ရော ဟုတ်ရဲ့လားဟ"
ဦးလေးရန်က မလှမ်းမကမ်းရှိ ဧရာမ ရန်မေသီးပင်ကြီးကို ကြည့်ရင်း အံ့သြမှင်သက် သွားမိသည်။
ထို ရန်မေသီးပင်ကြီးမှာ အမြင့်ပေ (၇၀)၊ (၈၀) ခန့် ရှိနေပြီး ပတ်ဝန်းကျင်ရှိ အခြားသစ်ပင်များကြားတွင် ထီးထီးမားမားကြီး ဖြစ်နေလေသည်။
သူ့မှတ်ဉာဏ်ထဲတွင် မိန်တောင်၌ ဤမျှမြင့်မားသော ရန်မေသီးပင်မျိုး တစ်ခါမှ မရှိခဲ့ဖူးချေ။ သို့သော် ယခု လှမ်းမျှော်ကြည့်လိုက်လျှင် နေရာတိုင်း၌ ထိုကဲ့သို့ ဧရာမ ရန်မေသီးပင်ကြီးများကို တွေ့နေရသည်။
ရန်မေကလည်း ပတ်ဝန်းကျင် အနေအထား ပြောင်းလဲသွားသည့် မိန်တောင်ကို ကြည့်ရင်း အံ့သြနေမိသည်။
"ဒီနေရာက ဘယ်လိုဖြစ်ပြီး ဒီလို ပြောင်းလဲသွားတာလဲ... ဦးလေးရန်... ဒါ ရန်မေသီးပင်ဆိုတာ သေချာရဲ့လား... သမီး မှတ်မိသလောက်ဆို တောင်ပေါ်က ရန်မေသီးပင်တွေက အလွန်ဆုံးမှ နှစ်ထပ်တိုက်လောက်ပဲ မြင့်တာပါ"
ဦးလေးရန်က အံ့သြတကြီး မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။
"ရန်မေသီးပင် ဆိုတာတော့ သေချာတယ်... အပင်က ပိုကြီးလာပေမယ့် အရွက်တွေကို ကြည့်ရင် ငါသိတယ်... ဒါ ရန်မေသီး အရွက်တွေပဲ"
"အမလေး... ဒီလောက်ကြီးတဲ့ အပင်ကနေ အသီးသီးရင် ဘယ်လောက်တောင် ကြီးလိုက်မလဲ" ဦးလေးရန်မှာ တွေးရင်းဖြင့် ဝမ်းသာအားရ ဖြစ်လာသည်။
သူ တွေးမိသည်မှာ ယခင်အချိန်ကာလသာ ဆိုပါက ဤအခြေအနေသည် သီးနှံအထွက်တိုးမည့်နှစ် ဖြစ်ပေလိမ့်မည်။
တစ်သက်လုံး သစ်သီး စိုက်ပျိုးလာခဲ့သည့် ဥယျာဉ်မှူး တစ်ယောက်အနေဖြင့် သူ စဉ်းစားမိသည်မှာ သီးနှံ ဖြစ်ထွန်းမှု ရှိမရှိ ဆိုသည့် အချက်သာ ဖြစ်သည်။
လင်းယွမ်က ဝင်ပြောလိုက်သည်။
"ရေကြီးပြီး ကမ္ဘာပျက်တဲ့ကာလမှာ လူနဲ့ တိရစ္ဆာန်တွေတောင် သန္ဓေပြောင်းကုန်ကြတာ... ဒီ ရန်မေသီးပင်တွေ သန္ဓေပြောင်းသွားတာလည်း မဆန်းပါဘူး... ထိုက်ယန်တောင်ဖက်မှာလည်း သန္ဓေပြောင်း အပင်တွေ အများကြီးပဲ"
"အခုက အံ့သြနေရမယ့်အချိန် မဟုတ်ဘူး... ခင်ဗျား ဒါ မိန်တောင်ရဲ့ ဘယ်နေရာလဲဆိုတာ ခွဲခြားနိုင်လား... အနီးအနားမှာ ထင်ရှားတဲ့ နေရာတွေ၊ အဆောက်အဦးတွေ ရှိလား"
"ကျွန်တော်တို့ရဲ့ အဓိက တာဝန်က တောင်ပေါ်မှာရှိနေတဲ့ လူတွေကို အရင်ဆုံး ရှာတွေ့ဖို့ပဲ"
"ဟုတ်သားပဲ... ဟုတ်သားပဲ... ဆရာလင်း ပြောတာ မှန်တယ်... ရန်မေလေး... ငါတို့ လူရှာဖို့ အရေးကြီးတယ်... ဒီနေရာက ဘယ်နေရာလဲဆိုတာ ငါ ကြည့်လိုက်ဦးမယ်"
ဦးလေးရန်က ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြောရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
မိန်တောင်နှင့် ပတ်သက်လျှင် သူက နှံ့စပ်ကျွမ်းကျင်သဖြင့် ဤနေရာမှ မြေပြင်အနေအထားကို ခွဲခြားရန် မခက်ခဲလှပေ။ သို့သော် သစ်ပင်များ သန္ဓေပြောင်းလဲကာ ကြီးထွားလာမှုကြောင့် တောင်ပေါ် ပတ်ဝန်းကျင်မှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီး ယခု ပြန်လည် ခွဲခြားရသည်မှာ အနည်းငယ် ခက်ခဲနေသည်။
ရုတ်တရက် ရန်မေက လှမ်းအော်လိုက်သည်။
"ဦးလေးရန်... ဟိုမှာ ကြည့်လိုက်ပါဦး... ဟိုမှာ အုတ်ဂူတစ်လုံး ရှိတယ်"
ဦးလေးရန်လည်း ကြားသည်နှင့် အပြေးအလွှား သွားကြည့်လိုက်သည်။
"ဘယ်မှာလဲ... ဘယ်မှာလဲ... ငါ့ကို ပြစမ်း"
မြက်ခင်းတောထဲ၌ ကွန်ကရစ် အောက်ခံဖြင့် ပြုလုပ်ထားသော အုတ်ဂူတစ်ခုကို တွေ့လိုက်ရသည်။
အုတ်ဂူ ကျောက်တိုင်ပေါ်တွင် ရေညှိများ ဖုံးလွှမ်းနေပြီး ကွန်ကရစ် အက်ကွဲကြောင်းများ ကြားမှ ပေါင်းပင်များ ထိုးထွက်ကာ ကမ္ပည်းစာများကို ဖုံးကွယ်ထားလေသည်။
ဦးလေးရန်က အရှေ့သို့ တိုးသွားကာ ပေါင်းပင်များကို လက်ဖြင့် ဖယ်ရှားလိုက်သည်။
ကျောက်တိုင်ပေါ်တွင် "ဖခင်ကြီး လီမောင်၏ အုတ်ဂူ" ဟု ရေးသားထားပြီး အောက်တွင် သားများ၏ အမည်များကို အစီအစဉ်အလိုက် ရေးထိုးထားသည်ကို တွေ့လိုက်ရသည်။
လီခွေရုံ၊ လီခွေဟွာ၊ လီခွေဖူ၊ လီခွေကွေ့ နှင့် လီခွေအန်း တို့ ဖြစ်ကြသည်။
ညာဘက်တွင် နေရာလွတ် တစ်ခု ချန်ထားပြီး ထိုနေရာသည် ၎င်းတို့၏ မိခင်အတွက် ရည်ရွယ်ထားခြင်း ဖြစ်ပုံရသည်။
ပုံမှန်အားဖြင့် အုတ်ဂူကျောက်တိုင်များတွင် ဇနီးမောင်နှံ နှစ်ဦးကို မြှုပ်နှံလေ့ ရှိကြပြီး ကျောက်တိုင်ကိုလည်း အတူတူ သုံးစွဲကြသည်။
ဦးစွာ ကွယ်လွန်သူ၏ အမည်ကို အရင် ရေးထိုးထားပြီး ကျန်တစ်ဖက်ကို ချန်ထားကာ နောက်တစ်ဦး ကွယ်လွန်သည့်အခါမှ အမည်ဖြည့်စွက်ပြီး အတူတူ မြှုပ်နှံကြခြင်း ဖြစ်သည်။
ဤ သားလိမ္မာလေးများ၏ မိခင်မှာ မသေသေးသဖြင့် နေရာလွတ် ချန်ထားခဲ့ခြင်း ဖြစ်လိမ့်မည်။
ဟုတ်ပါသည်... ဒါက ရေမကြီးခင် ကမ္ဘာမပျက်ခင်က အကြောင်းအရာများ ဖြစ်ပြီး ယခုအချိန်တွင် သေမသေ ဆိုသည်ကိုတော့ မသိနိုင်တော့ချေ။
ဦးလေးရန်က ကျောက်တိုင်ပေါ်မှ စာများကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ ပြုံးလိုက်မိသည်။
"ဒါ အဖိုးကြီး လီမောင်ရဲ့ အုတ်ဂူပဲ... ဒီနေရာက ဘယ်နေရာလဲဆိုတာ ငါ သိပြီ... ဒီလယ်ကွက်က သူတို့အိမ်က ပိုင်တာ... ငါ့နောက်လိုက်ခဲ့... သူတို့မိသားစုပိုင်တဲ့ တဲအိမ်လေး ဒီနားမှာ ရှိတာ ငါမှတ်မိတယ်"
ရန်မေလည်း ထိုစကားကြားမှ သတိရသွားပြီး ပြောလိုက်သည်။
"ဦးလေးခွေအန်းတို့ အိမ်က မြေလား... ဒါဆို သမီးလည်း ဘယ်နားလဲဆိုတာ သိပြီ... ဒီနေရာကို သမီး အရင်က ရောက်ဖူးတယ်... သူတို့ မြေနေရာက မိန်တောင်ပေါ်မှာ သိပ်မမြင့်ဘူး... မြေပြန့် သဘောမျိုး ရှိတော့ နေရာကောင်းလို့ ပြောလို့ရတယ်... လျှောက်လမ်းတံတားနဲ့လည်း သိပ်မဝေးဘူးလို့ သမီး မှတ်မိတယ်"
လင်းယွမ်က မေးလိုက်သည်။
"ဒီနေရာက နေရာကောင်းလို့ သတ်မှတ်လို့ ရလား"
ရန်မေက ခေါင်းငြိမ့်ပြကာ ဖြေသည်။
"တောင်ခြေနဲ့ နီးလေ နေရာကောင်းလေပဲ... တောင်ခြေက မြေဆီလွှာ ပိုကောင်းသလို ကျောက်ခဲလည်း နည်းတယ်... မြေဩဇာ ကောင်းပြီး မြေပြင်ညီတော့ အတက်အဆင်းလည်း အဆင်ပြေတယ်... တောင်ပေါ် မြင့်လေလေ အလုပ်လုပ်ရတာ ပိုပင်ပန်းလေပဲ"
"အမအဖေ ပြောပြဖူးတာတော့ အရင်တုန်းက မြေခွဲဝေပေးတုန်းက ဒီလို နေရာကောင်းတွေကို လူတွေက လုယူကြတာတဲ့... အမတို့ မိသားစုကကျတော့ လူအင်အားလည်း နည်း၊ အဆက်အသွယ်လည်း မရှိတော့ တောင်ထိပ်နား ရောက်ခါနီး နေရာကို ရသွားတာ"
"အမ ငယ်ငယ်တုန်းက မှတ်မိသေးတယ်... အဖေနဲ့အမေက ရန်မေသီးပင် တစ်ရာကျော်လောက်ကို ပြုစုဖို့ နေ့တိုင်း တောင်ပေါ်တက်လိုက် ဆင်းလိုက်နဲ့ တော်တော် ပင်ပန်းခဲ့ကြတာ"
"နောက်ပိုင်း မိန်တောင်ကို အစိုးရက ခရီးသွား နေရာအဖြစ် သတ်မှတ်လိုက်ပြီး အမတို့ မြေကိုလည်း အစိုးရက ကန်ထရိုက် ယူလိုက်တော့မှ နှစ်တိုင်း အမြတ်ဝေစု ရပြီး သက်သာသွားကြတာ... နောက်ပိုင်းကျမှ လျော်ကြေးတွေ ဘာတွေ ရပြီး နေသာထိုင်သာ ရှိသွားကြတာလေ"
ရန်မေက ငယ်ဘဝက မိဘများ၏ ပင်ပန်းဆင်းရဲခဲ့ပုံကို ပြန်ပြောင်းတွေးမိပြီး သက်ပြင်းချလိုက်သည်။
ဦးလေးရန်က ရှေ့မှ လမ်းပြသွားရင်း လှည့်ပြောလိုက်သည်။
"ငါတို့ခေတ်တုန်းကတော့ ဘယ်အိမ်က ယောကျာ်းလေးများလဲ အဲဒီအိမ်က အရာရာပဲ... ဒီ လီမောင်တို့ မိသားစုဆိုရင် ယောကျာ်းလေး များတဲ့ အားသာချက်ကို ကောင်းကောင်း အသုံးချနိုင်ခဲ့တာ... သူ့မှာ သား (၅) ယောက် ရှိတယ်... ရုံ၊ ဟွာ၊ ဖူ၊ ကွေ့၊ အန်း ဆိုတဲ့ ညီအစ်ကို ငါးယောက်က ရွာထဲမှာ တော်တော် တွင်ကျယ်တာ... လီခွေရုံဆိုရင် ရွာပါတီ အတွင်းရေးမှူးတောင် ဖြစ်လိုက်သေးတယ်... သူတို့အိမ်က မြေနေရာကောင်း မရစရာ အကြောင်း မရှိဘူး"
လင်းယွမ်က စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။
"မိန်တောင်ရွာမှာ အကုန်လုံး ရန် မျိုးရိုး မဟုတ်ဘူးလား"
ဦးလေးရန်က ရယ်မောလိုက်သည်။
"ဘယ်ဟုတ်မှာလဲ... အဓိက မျိုးရိုးက ရန် နဲ့ လီ ပဲ... တခြား မျိုးရိုးတွေလည်း ရှိသေးတယ်... အဲဒါတွေက မြို့ပေါ်ကနေ ငါတို့ဆီ ပြောင်းလာပြီး အခြေချကြတဲ့ သူတွေလေ"
"ဈေးကွက် စီးပွားရေး စဖွင့်တုန်းကဆို ကျန်းပေဖက်က လူတွေလည်း ဒီမှာ လာအလုပ်လုပ်ကြတယ်... စောစောရောက်ပြီး ပိုက်ဆံစုမိတဲ့သူတွေက အိမ်ရာမြေ ဝယ်ပြီး အိမ်ဆောက်ကြတာပေါ့... အဲဒီလို နယ်က ရောက်လာတဲ့သူတွေလည်း တဖြည်းဖြည်း များလာတာပဲ"
လင်းယွမ်က အံ့သြသွားသည်။ "လင်ကျောင်းမှာ အိမ်ရာမြေ အရောင်းအဝယ် လုပ်လို့ရတယ်လား"
"ဟိုးအရင်တုန်းကတော့ ရတာပေါ့... အခုတော့ မရတော့ဘူး... အရင်တုန်းက စည်းကမ်းတွေက သိပ်မတင်းကျပ်ဘူး... ပြီးတော့ အဲဒီတုန်းက မိန်တောင်ဖက်ဆိုတာက ငှက်တောင် မနားချင်တဲ့ နေရာမျိုး... ဘယ်သူမှလည်း အလေးမထားကြဘူး"
"နောက်ပိုင်းကျမှ ခရီးသွား နေရာအဖြစ် ဖွံ့ဖြိုးလာမယ်လို့ ဘယ်သူ ထင်မှာလဲ... လင်ကျောင်း တစ်မြို့လုံး ဖွံ့ဖြိုးလာတော့မှ မြေဈေးတွေက ကောင်းလာတာ"
"ငါမှတ်မိသေးတယ်... အဲဒီတုန်းက မြေတွေက ပေါမှပေါ... နေရာလွတ် တွေ့ရင် အိမ်ဆောက်လို့ ရနေတာ... တောင်ပေါ်မှာလည်း ဘယ်သူ ဦးထားထား ကိုယ်ရှင်းထားတဲ့ နေရာ ကိုယ်ပိုင်တာပဲ"
ဦးလေးရန်က ဟားတိုက် ရယ်မောရင်း ပြောလိုက်သည်။ သူတို့ ဖြတ်သန်းခဲ့ရသည့် ခေတ်ကာလတွင် ယခုလောက် စည်းကမ်းများ မများပြားခဲ့ပေ။
လင်းယွမ်လည်း စိတ်ထဲတွင် သက်ပြင်းချမိသည်။ လင်ကျောင်းမြို့က မူဝါဒ အပြောင်းအလဲ၏ အကျိုးကျေးဇူးကို ခံစားလိုက်ရခြင်း ဖြစ်သည်။
တစ်ခါတစ်ရံတွင် လူတစ်ယောက်က မကြိုးစားလို့ မဟုတ်ဘဲ မွေးဖွားသည့် နေရာ မှားယွင်းနေတတ်သည်။
လယ်စိုက်တာချင်း အတူတူ လင်းယွမ်၏ ဇာတိမှ လယ်မြေများက တစ်ပြားမှ မတန်ပေ။ လူအချို့ဆိုလျှင် လယ်မစိုက်ချင်ကြဘဲ မြေကို ဒီအတိုင်း ပစ်ထားခဲ့ပြီး မြို့တက် အလုပ်လုပ်ကြသည်။
လင်ကျောင်းမြို့ကို ပြန်ကြည့်လျှင်တော့ ဒီမြေကပဲ တန်ဖိုးကြီးမားလှသည်။ လျော်ကြေးရလျှင် ငွေသန်းချီ ချမ်းသာသွားနိုင်သည်။
"ဟိုမှာကြည့်... ဟိုမှာ"
ဦးလေးရန်က ရုတ်တရက် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး တောအုပ်နက်ထဲသို့ လက်ညှိုးထိုးပြလိုက်သည်။
လင်းယွမ်က သစ်ပင်များကြားမှ လှမ်းကြည့်လိုက်ရာ တောနက်ထဲတွင် ဆောက်လုပ်ထားသည့် မထင်မရှား တဲအိမ်လေး တစ်လုံးကို တွေ့လိုက်ရသည်။
တဲအိမ် ပတ်လည်တွင် သစ်သား ခြံစည်းရိုး ခတ်ထားပြီး တဲအိမ် တစ်ခုလုံးကိုလည်း သစ်ပင်၊ ချုံနွယ်၊ မြက်ခြောက်များဖြင့် ဖုံးကွယ်ထားသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တဲခေါင်မိုးမှ ပလပ်စတစ် အစအန အချို့ ပေါ်ထွက်မလာပါက ဤတဲအိမ်ကို ရှာတွေ့ရန် ခက်ခဲပေလိမ့်မည်။
ဦးလေးရန်က ပေါင်းပင်များကို ရှင်းလင်းရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"သွားကြည့်ရအောင်... ဒီနေရာက အရင်က ခြံစည်းရိုး မရှိဘူး... အခုမှ ခြံစည်းရိုး ခတ်ထားတယ် ဆိုတော့ သေချာပေါက် လူနေတာ ဖြစ်ရမယ်"
"ညီအစ်ကို ငါးယောက်ထဲက ဘယ်ကောင် နေတာလဲ မသိဘူး"
ဦးလေးရန်က လမ်းလျှောက်ရင်း လှမ်းအော်လိုက်သည်။
"လူရှိလား... ခွေရုံ... ခွေဟွာ... လူရှိလားဟေ့"
လင်းယွမ်က ရန်မေကို ခေါ်ကာ ဦးလေးရန် နောက်မှ လိုက်ပါသွားသည်။ သူက ပတ်ဝန်းကျင်ရှိ မြက်ခင်းများကို ကြည့်ရှုလိုက်သော်လည်း ခြေရာလက်ရာ မတွေ့ရပေ။
ဖုံးကွယ်ထားသည့် တဲအိမ်အနီးသို့ ရောက်သောအခါမှသာ မြေကြီးပေါ်တွင် ရှုပ်ပွနေသော ခြေရာအချို့ကို တွေ့လိုက်ရသည်။
ခြေရာအများစုမှာ ရေလွှမ်းမိုးမှုကြောင့် ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်။ လင်းယွမ်က ခြံစည်းရိုး ခတ်ထားသည့် တဲအိမ်ကို ကြည့်လိုက်သည်။
အပြင်ဖက်တွင် အဝကျိုးနေသော စဉ့်အိုးတစ်လုံး ရှိပြီး ထောင့်နားတွင် အုတ်ခဲအကျိုးအပဲ့များ ပုံထားသည်။
ခြံစည်းရိုး အတွင်းဖက်တွင် မြေဆွထားသည့် လက္ခဏာများ ရှိပြီး စိုက်ခင်းဘောင် အနီးတွင် ရေထည့်ရန် အသုံးပြုထားသည့် သုတ်ဆေးပုံးခွံကဲ့သို့ ပုံးများ ရှိနေသည်။ စိုက်ခင်းထဲ၌ သီးနှံပင် အချို့ ရှိသော်လည်း အများစုမှာ သေဆုံးနေပြီ ဖြစ်သည်။
မြေကြီးပေါ်တွင် ကျင်းချိုင့်ခွက် အများအပြား ရှိနေပြီး တစ်စုံတစ်ခု တူးဆွထားသည့် ပုံစံမျိုး ဖြစ်သည်။
ဦးလေးရန်က ခြံစည်းရိုးကို တွန်းဖွင့်ပြီး တဲအိမ်ဆီသို့ လျှောက်သွားလိုက်သည်။ တဲအိမ်တံခါးကို သစ်သားပြားများဖြင့် ပြုလုပ်ထားပြီး အတော်လေး စုတ်ပြတ်နေသည်။
တံခါးဝသို့ ရောက်သောအခါ ဦးလေးရန်က ကြည့်ရှုလိုက်ပြီး သော့ခတ်ထားသည်ကို တွေ့လိုက်ရသည်။
သူက လင်းယွမ်ကို လှည့်ခေါ်လိုက်သည်။
"ဆရာလင်း... ရန်မေလေး... ဒီမှာ လာကြည့်ပါဦး... သော့ခတ်ထားတယ်... သော့ခလောက်ကလည်း သံချေးတက်နေပြီ... လူမလာတာ တော်တော် ကြာနေတဲ့ပုံပဲ"
လင်းယွမ်က အနားသို့ လျှောက်လာပြီး သော့ခလောက်ကို ကြည့်ကာ လက်ဖြင့် ညှစ်လိုက်သည်။
"ချပ်" ဆိုသော အသံနှင့်အတူ သော့ခလောက်မှာ ကြေမွသွားလေသည်။
လင်းယွမ်က တံခါးကို တွန်းဖွင့်ပြီး အထဲသို့ ကြည့်လိုက်သည်။
တဲအိမ် နံရံများကို အုတ်ခဲများ စီထားပြီး ခေါင်မိုးကိုတော့ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် သုံးလေ့ရှိသည့် အပြာရောင် သွပ်ပြားများဖြင့် မိုးထားသည်။
သွပ်ပြားများကို သံချိတ်များဖြင့် ထိန်းထားပြီး အပေါ်မှ ပလပ်စတစ်စဖြင့် ထပ်အုပ်ကာ ထိုအပေါ်မှ သစ်ရွက် သစ်ကိုင်းများဖြင့် ဖုံးအုပ်ထားခြင်း ဖြစ်သည်။
တဲအိမ် အတွင်းပိုင်းက သိပ်မကျယ်ဝန်းလှပေ။ သစ်သား ကုတင်တစ်လုံး ရှိပြီး ထောင့်လေးဖက်တွင် ဝါးတိုင်ထောင်ကာ ခြင်ထောင်အဖြူ ချိတ်ထားသည်။
ကုတင်ပေါ်တွင် မှိုတက်နေသော စောင်တစ်ထည်နှင့် စုတ်ပြတ်နေသော ခေါင်းအုံးတစ်လုံး ရှိသည်။
ကုတင်ခေါင်းရင်း၌ ဆေးသားများ ကွာကျနေသည့် အဝါရောင် စားပွဲတစ်လုံး ရှိသည်။
စားပွဲပေါ်တွင် ပန်းကန်ခွက်ယောက် အချို့ ရှိပြီး အဝကျိုးနေသော ပန်းကန်ထဲတွင် ရေအချို့ တင်နေသည်။
လင်းယွမ် မော့ကြည့်လိုက်ရာ ခေါင်မိုး သွပ်ပြားမှ ရေယိုကျနေခြင်း ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ကြမ်းပြင်ပေါ်တွင် သားရေပြား အချို့ ခင်းထားသည်။
အခန်းထဲတွင် မွှေနှောက် ရှာဖွေထားသည့် လက္ခဏာများ ရှိပြီး ထိုင်ခုံများ မရှိတော့သလို လယ်လုပ်ငန်းသုံး ပစ္စည်းများလည်း ပျောက်ဆုံးနေသည်။
ဦးလေးရန်က တစ်ချက် ဝေ့ကြည့်လိုက်ပြီး ပြောသည်။
"ကြည့်ရတာ ဒီနေရာမှာ လူမလာတာ ကြာပြီထင်တယ်"
ရန်မေက ဝင်ပြောသည်။ "လူမလာဘဲနဲ့ ဘာလို့ အပြင်မှာ ခြံစည်းရိုးတွေ ခတ်၊ သစ်ရွက်တွေနဲ့ ဖုံးထားရတာလဲ"
ဦးလေးရန်က ခေါင်းခါလိုက်ပြီး "ရေမကြီးခင်တုန်းက လုပ်ထားတာ ဖြစ်မှာပါ... ဒီနေရာက ရေဘေးသင့်ဇုန်နဲ့ နီးတော့ သန္ဓေပြောင်း သတ္တဝါတွေလည်း များတယ်လေ... မိန်တောင်က အသက်ရှင် ကျန်ရစ်သူတွေ ဒီဖက်ကို မလာရဲကြဘူး ထင်ပါတယ်"
"သွားကြစို့... လျှောက်လမ်းတံတားဖက် သွားကြည့်မယ်... အဲဒီကနေ တောင်ပေါ်တက်ရင် လူတွေ ရှာတွေ့လောက်ပါတယ်"
ဦးလေးရန်က ပြောပြောဆိုဆိုနှင့် တဲအိမ်ထဲမှ ထွက်ရန် ပြင်လိုက်သည်။
လင်းယွမ်ကမူ မလှုပ်မယှက်ဖြင့် သစ်သားကုတင် အောက်ကို စိုက်ကြည့်နေသည်။
ရန်မေက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ "မောင်လေး... ဘာဖြစ်လို့လဲ"
လင်းယွမ်က ခေါင်းခါရင်း ပြောသည်။ "ကုတင်အောက်က အနံ့ဆိုး ထွက်နေတယ်"
ရန်မေ ကြောင်သွားသည်။ "အနံ့ဆိုး..."
သူမ နှာခေါင်းဖြင့် ရှူရှိုက် ကြည့်လိုက်သော်လည်း မှိုနံ့မှလွဲ၍ ဘာမှ မရပေ။
လင်းယွမ်က ကုတင်နားသို့ သွားကာ ကုတင်ပျဉ်ခင်းကို မ လိုက်ရာ အောက်ရှိ သားရေပြား ကြမ်းခင်းကို တွေ့လိုက်ရသည်။
သူက သားရေပြားကို ဆွဲလှန်လိုက်ရာ "ဗြိ" ခနဲ အသံနှင့်အတူ သားရေပြား ကြမ်းခင်းမှာ စုတ်ပြဲသွားသည်။
သားရေပြား အောက်တွင် မြေကြီး မဟုတ်ဘဲ သစ်သား တံခါးတစ်ချပ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"ဟေ"
ပြန်လှည့်လာသော ဦးလေးရန်က ထိုမြင်ကွင်းကို ကြည့်ပြီး အံ့သြသွားသည်။
"ဒီမှာ ဘယ်လိုလုပ် မြေအောက်ခန်း ရှိနေတာလဲ"
လင်းယွမ်က သစ်သားတံခါးမှ သံကွင်းကို ကိုင်ကာ အားစိုက်ပြီး ဆွဲမ လိုက်သည်။
"ဂျိမ်း..."
သစ်သားတံခါး ပွင့်သွားသည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော အပုပ်နံ့တစ်ခု လှိုင်ခနဲ ထွက်လာလေသည်။
၎င်းမှာ အသားများ ပုပ်သိုးဆွေးမြည့်သွားသည့် အနံ့ဆိုးကြီး ဖြစ်ပြီး အချဉ်ပေါက်နေသော အပုပ်နံ့များနှင့် ရောနှောနေသည်။
လင်းယွမ်က ချက်ချင်း အသက်အောင့် ထားလိုက်သည်။ ဘေးမှ ဦးလေးရန်မှာ အော့အန်လုမတတ် ဖြစ်သွားပြီး ပါးစပ်နှင့် နှာခေါင်းကို အမြန် ပိတ်ထားလိုက်ရသည်။
ရန်မေလည်း နှာခေါင်းကို အမြန်ပိတ်ကာ နောက်သို့ ဆုတ်လိုက်မိသည်။
လင်းယွမ်က မြေအောက်ခန်းထဲသို့ ငုံ့ကြည့်လိုက်ရာ အောက်တွင် မှောင်မည်းနေပြီး သံတိုင်ကဲ့သို့ အရာများကို ဝိုးတဝါး မြင်နေရသည်။
သူက ပစ္စည်းသိုလှောင်ခန်းထဲမှ လက်နှိပ်ဓာတ်မီးကို ထုတ်ပြီး အောက်သို့ ထိုးကြည့်လိုက်ရာ မျက်နှာပျက်သွားသည်။
အောက်တွင် ဧရာမ သံလှောင်အိမ်ကြီး တစ်ခု ရှိနေပြီး သံလှောင်အိမ်ထဲတွင် ရေဝင်နေသည်။ ရေက သိပ်မနက်ဘဲ ခြေမျက်စိလောက်သာ ရှိသည်။
မြေအောက်ခန်း တစ်ခုလုံးမှာ (၁၀) ပေခန့် နက်ပြီး နံရံများကို အုတ်စီထားသည်။ ဧရာမ သံလှောင်အိမ်ကြီးက နံရံနှင့် ကပ်နေပြီး မြေအောက်ခန်း တစ်ခုလုံးကို ထိန်းထားသည့် တိုင်သဖွယ် ဖြစ်နေသလို အကျဉ်းထောင် သဘောမျိုးလည်း သက်ရောက်နေသည်။
အဘယ်ကြောင့်ဆိုသော် ထိုသံလှောင်အိမ်ထဲတွင် ရေမွမ်းပြီး ပွပွကြီး ဖြစ်နေကာ လောက်များ စားနေသည့် အလောင်း (၃) လောင်းကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
လင်းယွမ်က စိတ်စွမ်းအင်ဖြင့် ဖြတ်ခနဲ အကဲခတ်ကြည့်လိုက်ရာ ထိုအလောင်းများ၏ ကျား၊ မ ဖြစ်တည်မှုကို အတည်ပြုနိုင်ခဲ့သည်။
အားလုံးက အမျိုးသမီး အလောင်းများ ဖြစ်ကြသည်။
ထို့အပြင် ထို အမျိုးသမီး အလောင်းများမှာ အဝတ်အစား ဝတ်ဆင်ထားခြင်း မရှိပေ။
အလောင်းများမှာ ရေထဲတွင် ကြာမြင့်စွာ စိမ်ထားသဖြင့် ဖူးရောင် ပွထလာပြီး လူပုံစံပင် မပေါ်တော့ချေ။
လင်းယွမ်က နောက်သို့ ဆုတ်လိုက်ပြီး ရန်မေကို ဆွဲကာ အပြင်သို့ ထွက်လိုက်သည်။
ဦးလေးရန်က သေချာ မမြင်လိုက်ရသော်လည်း ကြောက်မက်ဖွယ် လူသဏ္ဌာန်များကို ရိပ်ခနဲ တွေ့လိုက်ရသည်။
သူ့စိတ်ထဲတွင် မကောင်းသော ခံစားချက်ကြီး ဖြစ်ပေါ်လာပြီး ဆက်မကြည့်ရဲတော့ဘဲ သစ်သားတံခါးကို ပြန်ပိတ်ကာ အပြင်သို့ အမြန် ပြေးထွက်လိုက်သည်။
အပြင်ရောက်သည်နှင့် နံရံထောင့်တွင် အန်ချလိုက်တော့သည်။
"ဝေါ့... ဝေါ့"
ရန်မေက အထဲမှ အခြေအနေကို မမြင်လိုက်ရသဖြင့် မေးလိုက်သည်။
"ဘာဖြစ်တာလဲ... အထဲမှာ ဘာရှိလို့လဲ... ဘာလို့ ဒီလောက် နံစော်နေရတာလဲ"
လင်းယွမ်က ဖြေသည်။ "ပုပ်ပွနေတဲ့ အလောင်းတွေ ရှိတယ်"
"ဝေါ"
ဦးလေးရန်က ထပ်မံ အန်ချလိုက်ပြန်သည်။
လင်းယွမ်က ရန်မေကို ဆွဲခေါ်ပြီး သစ်သားတဲအိမ်နှင့် ဝေးရာသို့ ခေါ်သွားကာ ပြောလိုက်သည်။
"ရေကြီးပြီးတဲ့နောက်ပိုင်း ဒီနေရာမှာ လူလာနေသွားပုံ ရတယ်... အဲဒီလူက ဒီမှာ နေရုံတင် မကဘူး... အမျိုးသမီး သုံးယောက်ကိုပါ ဖမ်းချုပ်ထားတာ"
"အမျိုးသမီး သုံးယောက်လုံး အဝတ်အစား မရှိတာကို ကြည့်ရင်... ဖြစ်နိုင်တာက"
သူက ဆက်မပြောဘဲ ခေါင်းခါလိုက်သည်။
ရန်မေ၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး လင်းယွမ် ဆိုလိုသည်ကို သဘောပေါက်သွားသည်။
ထိုအချိန်တွင် ဦးလေးရန်က အမောပြေသွားပြီး ဆဲရေးလိုက်တော့သည်။
"တောက်... ဘယ်ကောင်ကများ ဒီလောက် မိုက်ရိုင်းရတာလဲကွာ... ဒီလိုကိစ္စမျိုးကို လုပ်ရက်တယ်... တိရစ္ဆာန်တွေ... တိရစ္ဆာန်ထက်တောင် ဆိုးတဲ့ ကောင်တွေ"
အဘိုးကြီးမှာ ခြေဆောင့်ကာ ဆဲရေးနေပြီး မျက်နှာတွင်လည်း သွေးဆုတ်နေသည်။
လင်းယွမ်က ပြောလိုက်သည်။
"ဦးလေးရန်... ကမ္ဘာပျက်နေပြီလေ... ဦးလေး အရင်က ဒီလိုကိစ္စမျိုးတွေ မကြုံဖူးဘူးလား"
ဦးလေးရန်က သက်ပြင်းချလိုက်သည်။
"ငါတို့က တောင်ပေါ်ကို စောစော ရောက်လာကြတာ... တိုက်ခန်းထဲမှာတုန်းကတော့ ရန်ဖြစ်တာတွေ၊ သတ်ပုတ်တာတွေ ရှိပေမယ့် ဒီလောက်လွန်လွန်ကျူးကျူး ကိစ္စမျိုးတွေ မလုပ်ကြသေးဘူး"
"နောက်ပိုင်း တောင်ပေါ် ရောက်လာတော့လည်း စားစရာ လုံးဝ မရှိတာမှ မဟုတ်တာ... မြစ်ထဲမှာ ငါးဖမ်းလို့ ရတယ်... တောင်ပေါ်မှာ သန္ဓေပြောင်း တိရစ္ဆာန်တွေ ရှာဖွေ စားသောက်လို့ ရတယ်... ဗိုက်ဝအောင် စားနိုင်ကြသေးတော့ ဒီလောက်အထိ ယုတ်မာတဲ့ ကိစ္စတွေ မလုပ်ကြဘူး"
လင်းယွမ်က သက်ပြင်းချရင်း ပြောလိုက်သည်။
"ဒါဆို ခင်ဗျားတို့ ကံကောင်းတယ်လို့ ပြောရမှာပဲ... တိုက်ခန်းတွေထဲမှာသာ ဆက်နေခဲ့ရင် လူ့စိတ်က ဘယ်လောက် ကြောက်စရာ ကောင်းလဲဆိုတာ သိလာလိမ့်မယ်"
ရန်မေလည်း တိုက်ခန်းထဲတွင် နေထိုင်ခဲ့စဉ်က မြင်တွေ့ခဲ့ရသည့် ကြေကွဲဖွယ်ရာ အဖြစ်အပျက်များကို ပြန်လည် သတိရသွားမိသည်။
ဦးလေးရန်က ဒေါသတကြီး ပြောသည်။
"သူတို့ မိန်တောင်ပေါ် ရောက်နေမှတော့ မိန်တောင်က အရင်းအမြစ်တွေက ထိုက်ယန်တောင်ထက် ပိုကောင်းတာပဲဟာ... လူအများစုမှာ တောင်ပေါ် လယ်မြေတွေ ရှိသလို စိုက်ခင်းတွေလည်း ရှိတာပဲ... စားစရာ မရှိလောက်အောင်တော့ မဖြစ်နိုင်ပါဘူး... ဘာလို့ လူကို ဒုက္ခပေးရတာလဲ"
လင်းယွမ်က ခေါင်းခါလိုက်သည်။ ဦးလေးရန်က လူတွေကို အကောင်းမြင်လွန်းနေသည်။
လူအချို့သည် စားစရာ သောက်စရာ ရှိနေလျှင်ပင် ကမ္ဘာကြီး ပျက်စီးသွားပြီး သူတို့ကို ထိန်းချုပ်မည့်သူ မရှိတော့ကြောင်း သိလိုက်သည်နှင့် စိတ်ထဲမှ အရိုင်းစိတ်များ အလိုလို ပေါက်ဖွားလာတတ်ကြသည်။
"သွားကြစို့... အဲဒီကောင် တောင်ပေါ်မှာ ရှိနေလောက်တယ်... မိန်တောင် ခိုလှုံရေးစခန်းထဲမှာလည်း ရှိချင် ရှိနေမှာ"
ဦးလေးရန်နှင့် ရန်မေတို့၏ မျက်နှာထား ပြောင်းလဲသွားကြသည်။
ဦးလေးရန်က မနေနိုင်ဘဲ ပြောလိုက်သည်။ "ဘယ်တိရစ္ဆာန်ကောင်က ဒီလိုအလုပ်မျိုး လုပ်ရက်တာလဲ မသိဘူး"
လင်းယွမ်က ခေါင်းခါရင်း "ခိုလှုံရေးစခန်းကို တွေ့မှပဲ သိရမှာပေါ့... အမမေရဲ့ မိဘတွေ အခု ဘယ်လို နေလဲ မသိဘူး" ဟု ပြောလိုက်သည်။
ရန်မေ၏ မျက်ဝန်းထဲတွင် စိုးရိမ်စိတ်များ ပေါ်လာပြီး "လျှောက်လမ်းတံတား ဘယ်မှာရှိလဲဆိုတာ အမ သိတယ်... လိုက်ခဲ့" ဟု ပြောကာ လင်းယွမ် လက်ကိုဆွဲပြီး လျှောက်လမ်းတံတား ရှိရာသို့ အမြန် ထွက်ခွာသွားလေသည်။
ဦးလေးရန်လည်း အနောက်မှ အပြေးအလွှား လိုက်ပါသွားသည်။ သူတို့ သုံးဦးသည် တောအုပ်နှင့် တောင်ကုန်းများကို ကျော်ဖြတ်ပြီးနောက် တောင်ခါးပန်းရှိ ကွေ့ပတ်နေသော လျှောက်လမ်းတံတား တစ်ခုကို တွေ့လိုက်ရသည်။
၎င်းမှာ သစ်သား လျှောက်လမ်းတံတား ဖြစ်ပြီး အောက်ခြေတွင် သံဘောင်များဖြင့် ခံထားသည်။ လက်ရန်းများမှာ သစ်သားစစ်စစ် ဖြစ်ပြီး တံတား အကျယ်မှာ (၁၀) ပေ၊ (၁၅) ပေခန့် ရှိသဖြင့် အတော်လေး ကျယ်ဝန်းသည်။
လင်းယွမ်သည် မိန်တောင်သို့ လာရောက် လည်ပတ်ဖူးသဖြင့် ဤ လျှောက်လမ်းတံတားကို သိရှိလေသည်။
၎င်းမှာ ခရီးသွား ဧည့်သည်များ မိန်တောင်ကို လည်ပတ်ကြည့်ရှုနိုင်ရန် ပြုလုပ်ထားသော လမ်းလျှောက်တံတား ဖြစ်သည်။
လျှောက်လမ်းတံတား တစ်လျှောက်တွင် ဒေသခံများ၏ ရန်မေသီး စိုက်ခင်းများ ရှိကြသည်။
ခရီးသွားများသည် စိတ်ကြိုက် ရပ်နားနိုင်ပြီး ရန်မေသီး ခြံပိုင်ရှင်များနှင့် ဈေးညှိကာ အသီး ခူးဆွတ်နိုင်သည်။
ပုံမှန်အားဖြင့် ဈေးနှုန်းက မသက်သာလှပေ။ အဓိက အားသာချက်မှာ စိတ်ကြိုက် ခူးစားနိုင်ပြီး ပြန်ခါနီးတွင် ပေါင်ချိန်ပြီး ဝယ်ယူသွားနိုင်ခြင်း ဖြစ်သည်။
ရန်မေသီး ပေါ်ချိန် မဟုတ်ပါက ဤ လျှောက်လမ်းတံတားကို အခမဲ့ ဖွင့်လှစ်ထားပေးပြီး ခရီးသွားများကို ဝင်ရောက် လည်ပတ်ခွင့် ပြုထားသည်။
ဇွန်လ၊ ဇူလိုင်လ ရန်မေသီး ပေါ်ချိန် ရောက်လျှင်တော့ လျှောက်လမ်းတံတားကို ခေတ္တ ပိတ်ထားတတ်သည်။
ခူးဆွတ်သည့် လုပ်ငန်းစဉ်များ ပြီးစီးခါနီးမှသာ ခရီးသွားများ ကိုယ်တိုင် ခူးဆွတ်သည့် အရသာကို ခံစားနိုင်ရန် ပြန်ဖွင့်ပေးလေ့ ရှိသည်။
ယခု တောင်ပေါ် လမ်းအတိုင်း လျှောက်လှမ်းလာရင်း လမ်းတစ်လျှောက်ရှိ ရန်မေသီးပင် အများအပြားတွင် သံပိုက်လုံးများဖြင့် ငြမ်းဆင်ထားသည်ကို တွေ့ရသည်။
ဤ သံပိုက်လုံးများမှာ ရန်မေသီးပင် မလဲကျစေရန် ထောက်ထားခြင်း မဟုတ်ဘဲ အသီးခူးမည့်သူများ သစ်ပင်ပေါ် တက်ရန် လွယ်ကူစေရန် ပြုလုပ်ထားခြင်း ဖြစ်သည်။
လင်းယွမ် သတိထားမိသည်မှာ ရန်မေသီးပင် အများစုမှ သံငြမ်းများ ဖြုတ်ယူခံထားရပြီး ဘယ်နေရာသို့ သယ်သွားသည် မသိရပေ။
မကြာမီ ရန်မေက ရုတ်တရက် ပြောလိုက်သည်။
"ဟိုမှာ မီးခိုးတွေ... အဲဒီဖက်မှာ သေချာပေါက် လူရှိတယ်"
ဦးလေးရန်လည်း လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် သစ်ပင်များ ထူထပ်နေပြီး ရေခိုးရေငွေ့များ ဖုံးလွှမ်းနေသဖြင့် သေချာ မမြင်ရပေ။
သို့သော် ဦးလေးရန်က ထိုနေရာကို ချက်ချင်း မှတ်မိလိုက်သည်။
"ယွင်ချွမ်ဘုရားကျောင်းပဲ... အဲဒါ ယွင်ချွမ်ဘုရားကျောင်း"
လင်းယွမ်လည်း ထိုစကားကြားမှ သတိရသွားသည်။ လွန်ခဲ့သော နှစ်များက မိန်တောင်သို့ လာရောက် လည်ပတ်စဉ်က တောင်ပေါ်တွင် ဘုရားကျောင်း တစ်ဆောင် ရှိသည်ကို မြင်ဖူးခဲ့သည်။
သို့သော် သူသည် လျှောက်လမ်းတံတား လမ်းကြောင်းအတိုင်းသာ သွားလေ့ရှိသဖြင့် ထိုဘုရားကျောင်းဖက်သို့ တစ်ခါမှ မရောက်ဖူးခဲ့ပေ။
ရန်မေက အလျင်အမြန် ပြောလိုက်သည်။
"သွားကြည့်ကြမယ်... ယွင်ချွမ်ဘုရားကျောင်းက တော်တော် ကျယ်တာ... အထဲမှာလည်း အခန်းတွေ အများကြီး ရှိသလို ကွင်းပြင်ကလည်း သန့်ရှင်းသပ်ရပ်တယ်... ရွာထဲက လူတွေ အဲဒီမှာ သွားနေကြတာ ဖြစ်နိုင်တယ်"
"ဟုတ်တယ်... ဟုတ်တယ်... ဒီ သစ်တောတောင်ပေါ်မှာ လူနေလို့ရတဲ့ နေရာဆိုလို့ ယွင်ချွမ်ဘုရားကျောင်းနဲ့ အနောက်ဖက်က ကျဲ့ဆစ် စာသင်ကျောင်းဆောင်ပဲ ရှိတာ... ဟိုမှာ မီးခိုးထွက်နေမှတော့ သေချာပေါက် လူရှိမှာပဲ" ဦးလေးရန်ကလည်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
လင်းယွမ်က "ဒါဆိုရင်လည်း သွားကြည့်ကြတာပေါ့" ဟု ပြောလိုက်သည်။
လင်းယွမ်က လမ်းမကျွမ်းကျင်သဖြင့် ရန်မေနှင့် ဦးလေးရန်တို့က လမ်းပြပေးကြသည်။
သူတို့ သုံးဦးသည် လျှောက်လမ်းတံတားကို ဖြတ်ကျော်ပြီးနောက် လမ်းသွယ်လေး တစ်ခုသို့ ဝင်ကာ လှေကားထစ်များအတိုင်း တောင်ခါးပန်းဆီသို့ တက်သွားကြသည်။
ရန်မေက ရှင်းပြသည်။
"ဒီလမ်းသွယ်လေးကို ဒေသခံတွေပဲ သိကြတာ... ဘာလို့လဲဆိုတော့ ဒီလမ်းကနေ တခြားလူတွေရဲ့ ခြံတွေထဲ ဝင်လို့ရနေလို့ ခရီးသွားတွေကို ပေးမသိဘူး"
"ဒါဆို နယ်ကေ လူတွေက ယွင်ချွမ်ဘုရားကျောင်းကို ဘယ်လို သွားကြလဲ" ဟု လင်းယွမ်က မေးလိုက်သည်။
"ပင်မ တံခါးပေါက်ကနေ သွားကြတာလေ... သစ်တော အရှေ့ဖက် ဂိတ်ပေါက်ကနေ ဝင်ပြီးရင် လျှောက်လမ်းတံတားဖက် မသွားဘဲ တခြားလမ်းကနေ သွားရင် ယွင်ချွမ်ဘုရားကျောင်း အပေါက်ဝအထိ ရောက်တယ်"
"ဒါပေမဲ့ အရှေ့ဖက် ဂိတ်ပေါက်က လူသွားလူလာ နည်းတယ်... ဘတ်စ်ကား မှတ်တိုင်နဲ့လည်း ဝေးတော့ လူအများစုက အနောက်ဖက် ဂိတ်ပေါက်ကနေပဲ ဝင်ကြတာ... အဲဒီကနေဆိုရင် လျှောက်လမ်းတံတားကိုပဲ တက်ရတော့ ဘုရားကျောင်းကို မရောက်နိုင်ဘူး"
လင်းယွမ် သဘောပေါက်သွားသည်။ သူတို့ သုံးဦး စကားပြောရင်း ရှေ့ဆက်သွားကြသည်။
မြေပြင်ညီ နေရာတစ်ခုသို့ ရောက်သောအခါ ရုတ်တရက် တောအုပ်ထဲမှ လူရိပ်အချို့ ပြေးထွက်လာကြသည်။
"ရပ်လိုက်စမ်း"
"တောက်... ဘယ်ကောင်က မင်းတို့ကို ယွင်ချွမ်ဘုရားကျောင်းကနေ ထွက်ခွင့်ပေးလိုက်တာလဲ"
"အားလုံး အဲဒီမှာ ရပ်နေစမ်း"
ထွက်လာသူများက ခြိမ်းခြောက် ပြောဆိုလိုက်ကြသည်။ သူတို့ လက်ထဲတွင် ပေါက်ပြား၊ ဓားကောက် စသည့် လက်နက်များ ကိုယ်စီ ပါရှိကြသည်။
သူတို့၏ လှုပ်ရှားမှုများမှာ သွက်လက် ဖျတ်လတ်နေပြီး အလျင်အမြန် ရောက်ရှိလာပုံကို ကြည့်ခြင်းအားဖြင့် အစွမ်းနိုးထပြီးသူများ ဖြစ်ကြောင်း သိသာနေလေသည်။
ဆက်ရန်...