အခန်း (၂၇၉-၂၈၀)
Vol. 14 Ch. 279-280
အပိုင်း(၂၇၉) လင်းယွမ်၏ ရက်စက်ကြမ်းကြုတ်မှု
ယခုတစ်ကြိမ်တွင် သူတို့သည် မာကျောသော ကျောက်ဆောင်ကြီးကို ဝင်တိုက်မိပြီဖြစ်ကြောင်း ရန်ယိ နားလည်လိုက်လေသည်။
"တောက်... ငါ စောစောကတည်းက တွေးမိသင့်တာ... ရေကြီးနေတဲ့ နေရာတွေကို ဖြတ်ကျော်ပြီး မိန်တောင်ပေါ်အထိ လူသုံးယောက်တည်းနဲ့ ရောက်လာနိုင်တဲ့ လူတွေက ဘယ်လိုလုပ် ရိုးရှင်းတဲ့သူတွေ ဖြစ်နိုင်မှာလဲ"
"ငါ ဘာလို့များ စိတ်ဖောက်ပြန်ပြီး ဒီလိုလူမျိုးကို ရန်စဖို့ တွေးမိလိုက်တာလဲ"
တကယ်တမ်းတွင်မူ သူရော လီကောရှန်နှင့် လီတာ့မင်ပါ အတော်လေး သတိထားခဲ့ကြပါသည်။
သူတို့သည် လင်းယွမ်တို့ သုံးယောက်ကို အခြေစိုက်စခန်းထဲသို့ ဝင်လာအောင် လှည့်စားခဲ့ကြသလို လီခွေ့ရုံ ညီအစ်ကိုငါးယောက်ကိုလည်း လူစုပြီး ကြိုတင်ကင်းပုန်းဝပ်နေရန် သတင်းပို့ခဲ့ကြသည်။
သာမန် အစွမ်းပိုင်ရှင်များသာဆိုလျှင် အလောင်းကောက်စရာ မကျန်အောင် သေဆုံးသွားခဲ့ကြပြီး ဖြစ်ပေလိမ့်မည်။
သို့သော် ကံဆိုးသည်မှာ သူတို့ တွေ့ဆုံလိုက်ရသူက လင်းယွမ် ဖြစ်နေခြင်းပင်။
ထိုသူသည် အရည်အသွေးမှတ်များ လျှံပယ်နေသည့် လင်းယွမ် ဖြစ်နေသည်။
အားနည်းချက်ဟူ၍ လုံးဝမရှိတော့သည့် လင်းယွမ်ပင် ဖြစ်လေသည်။
"ဘုန်း"
အသံခပ်အုပ်အုပ်တစ်ခု ထွက်ပေါ်လာပြီးနောက် ရန်ယိတစ်ယောက် သူ၏ ခါးအောက်ပိုင်း ပေါ့ပါးသွားသည်ကို ခံစားလိုက်ရပြီး ပြင်းထန်သော နာကျင်မှုလှိုင်းလုံးကြီးက ဦးနှောက်ဆီသို့ တိုးဝင်လာသည်။
ချက်ချင်းဆိုသလိုပင် သူ၏ ပါးစပ်မှ စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာတော့သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကြမ်းပြင်ပေါ်သို့ အရှိန်ဖြင့် ပြိုလဲကျသွားလေသည်။
သူ နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ သူ၏ ခြေထောက်နှစ်ဖက်လုံးသည် လီခွေ့ရုံ ညီအစ်ကိုများနည်းတူ သွေးမြူမှုန်များအဖြစ် ပေါက်ကွဲထွက်သွားသည်ကို တွေ့လိုက်ရသည်။
လင်းယွမ်က သူ့အား လှည့်ပင်မကြည့်ဘဲ ထိုရေနဂါးဆီသို့သာ အကြည့်ပို့ထားလိုက်သည်။
ရေနဂါးက ရန်မေထံသို့ ပျံသန်းသွားသည့် ခဏ၌ ရန်မေ၏ မျက်လုံးများက ဒေါသဖြင့် တောက်လောင်နေပြီး လက်နှစ်ဖက်ကို ရှေ့သို့ အားကုန် တွန်းထုတ်လိုက်သည်။
"ဂျစ်... ဂျစ်... ဂျစ်"
များပြားလှသော အေးခဲသည့် အငွေ့အသက်များ လှုပ်ရှားသွားပြီး ထိုရေနဂါးသည် ရေခဲရုပ်တုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားလေသည်။
"ဘုန်း"
ရေခဲရုပ်တုသည် မြေကြီးပေါ်သို့ ပြုတ်ကျကာ တစ်စစီ ကြေမွသွားတော့သည်။
ထိုရေခဲများနှင့်အတူ ရန်ကော်တုန်း၏ နောက်ဆုံးလက်ကျန် သတ္တိများပါ တစ်ပါတည်း ကြေမွပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
သူ၏ မျက်နှာသည် သွေးဆုတ်ဖြူလျော်နေပြီး တုန်ရီနေသော ခန္ဓာကိုယ်ဖြင့် ယိုင်နဲ့နဲ့ ပြိုလဲကျသွားသည်။
"ဘုန်း"
ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီးနောက် သူ၏ ခြေထောက်နှစ်ဖက်လည်း ချက်ချင်း ပေါက်ကွဲထွက်သွားရာ ပြင်းထန်သော နာကျင်မှုကြောင့် သူသည်လည်း ခြေပြတ်သမားဘဝသို့ ရောက်ရှိသွားလေတော့သည်။
လင်းယွမ်က သူ့အား ကြည့်မနေဘဲ ရန်မေကိုသာ ချီးကျူးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
ရန်မေ အစွမ်းလေ့ကျင့်သည်ကို သူ မြင်ရခဲသော်လည်း စောစောက တိုက်ခိုက်မှုကို ကြည့်ခြင်းအားဖြင့် ရန်မေသည် ပုံမှန်အချိန်များတွင်လည်း လေ့ကျင့်မှု မပျက်ကွက်ခဲ့ကြောင်း သိသာနေသည်။
စောစောက သူမသာ ပြန်မတိုက်ခိုက်လျှင်လည်း လင်းယွမ်က ထိုရေနဂါးကို တားဆီးပေးမည် ဖြစ်သည်။
သို့သော် ကိုယ့်အားကိုယ်ကိုးကာ ပြန်လည်တိုက်ခိုက်နိုင်စွမ်းရှိသော ရန်မေသည် ဤကမ္ဘာပျက်ကပ်ဘေးတွင် မိမိကိုယ်ကို ပိုမို ကောင်းမွန်စွာ စောင့်ရှောက်နိုင်မည် ဖြစ်သည်။
ဤအချက်က လင်းယွမ်ကို ကျေနပ်အားရစေသည်။
အမမေက အလှပြပန်းအိုး သက်သက် မဟုတ်ပေ။ သူမသည် ဟင်းချက်ကောင်းသလို၊ ဈေးဝယ်စင်တာကိုလည်း စီမံခန့်ခွဲနိုင်ပြီး တစ်ချိန်တည်းမှာပင် အစွမ်းပိုင်ရှင် တစ်ယောက်လည်း ဖြစ်လေသည်။
လင်းယွမ်က လက်ကို ဆန့်ထုတ်လိုက်ရာ အားကောင်းသော စိတ်စွမ်းအင် အရှိန်ဖြင့် ရန်ကော်တုန်းကို မြေကြီးပေါ်မှ ဆွဲယူလိုက်သည်။
ရန်ကော်တုန်းမှာ အဆက်မပြတ် အော်ဟစ်နေပြီး လီတာ့မင်မှာလည်း မျက်လုံးကိုအုပ်ကာ နာကျင်စွာ ညည်းညူနေလေသည်။
မလှမ်းမကမ်းတွင် ရပ်နေသော လီခွေရုံမှာမူ ကြောင်တောင်တောင် ဖြစ်နေပြီး ရုပ်သေးကြိုးမျှင်ဖြင့် ထိန်းချုပ်ခံထားရသဖြင့် လှုပ်ရှား၍ မရပေ။
သူ၏ ညီအစ်ကို လေးယောက်လုံးမှာလည်း မြေကြီးပေါ်တွင် လူးလိမ့်အော်ဟစ်နေကြသည်။
ယွင်ချွမ်ဘုရားကျောင်း အတွင်း၌ အလောင်းများ ပြန့်ကျဲနေပြီး ပရမ်းပတာ နိုင်လှသည်။
အပြင်ဘက်မှ လူသံသဲ့သဲ့ ကြားနေရပြီး ခြေသံများ ရှုပ်ထွေးနေသော်လည်း မည်သူမျှ ဝင်မလာရဲကြပေ။
လီခွေ့ရုံတို့အဖွဲ့၏ ကြိုတင်သတိပေးမှုကို ရရှိထားကြပုံ ရသည်။
လင်းယွမ်က အပြင်ဘက်မှ ရှုပ်ထွေးမှုများကို ဂရုမစိုက်ဘဲ လီကောရှန်ကို ကြည့်ကာ ပြောလိုက်သည်။
"မြေကြီးပေါ်က လူတွေထဲက တစ်ယောက်ကို သတ်ပြ... ဒါဆို မင်းစကားကို ငါ ယုံပေးမယ်"
ဒူးထောက်နေသော လီကောရှန်မှာ ကြောင်အသွားပြီး မြေကြီးပေါ်ရှိ ခြေထောက်ပြတ်နေသူများကို ကြည့်လိုက်သည်။
ရန်ကော်တုန်းက နာကျင်မှုကို အံကြိတ်ခံရင်း လှမ်းပြောလိုက်သည်။
"ကောရှန်... ငါတို့က ငယ်သူငယ်ချင်းတွေလေကွာ... သံမဏိလို ခိုင်မာတဲ့ မိတ်ဆွေတွေပါ..."
လီကောရှန်က ရန်ယိဘက်သို့ လှည့်ကြည့်လိုက်ရာ ရန်ယိ၏ မျက်နှာထား ပြောင်းလဲသွားပြီး "အစ်ကိုကောရှန်... ကျွန်တော်တို့ နေ့တိုင်း အတူတူ ကင်းလှည့်ခဲ့ကြတာလေ... ညီအစ်ကိုတွေလို ရင်းနှီးခဲ့ကြတာ... အစ်ကို..."
နောက်ဆုံးတွင် လီကောရှန်သည် မြေကြီးပေါ်တွင် မျက်လုံးကန်းနေသည့် ဝဝပုပု လီတာ့မင်ကို ကြည့်လိုက်သည်။
လီတာ့မင်မှာ ညည်းညူနေဆဲ ဖြစ်သည်။
လီကောရှန်က အံကိုတင်းတင်းကြိတ်ကာ မြေကြီးပေါ်မှ ဓားမြှောင်ကို ကောက်ယူပြီး လီတာ့မင်၏ ဘေးသို့ ပြေးသွားလိုက်သည်။
သူက လီတာ့မင်၏ ဝတုတ်သော ခေါင်းကို ဆွဲမလိုက်ပြီး "တောင်းပန်ပါတယ် တာ့မင်ရာ..."
"ဟင့်အင်း... မလုပ်ပါနဲ့ အစ်ကိုကောရှန်... မလုပ်..."
"ရွှပ်"
ဓားမြှောင်က လီတာ့မင်၏ လည်ပင်းကို လှီးဖြတ်သွားရာ သွေးများ ပန်းထွက်လာတော့သည်။
လီတာ့မင်က ပြင်းထန်စွာ ရုန်းကန်ရင်း လီကောရှန်၏ လက်ကို အသေအချာ ဆုပ်ကိုင်ထားလေသည်။
လည်ပင်းထဲမှ တဟွတ်ဟွတ် အသံများ ထွက်ပေါ်နေပြီး တစ်ခုခု ပြောချင်နေသော်လည်း လေပြွန်ပေါက်သွားသဖြင့် သွေးများသာ သီးနေရှာသည်။
လီကောရှန်၏ မျက်နှာတွင် ရက်စက်သော အရိပ်အယောင်များ ယှက်သန်းနေပြီး တစ်ဖက်လူ၏ ခေါင်းကို အားဖြင့် တွန်းထုတ်လိုက်သည်။
ထို့နောက် လင်းယွမ်ကို မော့ကြည့်လိုက်ရာ ရက်စက်သည့် မျက်နှာထား ပျောက်ကွယ်သွားပြီး မျက်နှာလိုမျက်နှာရ အမူအရာ ပေါ်လာလေသည်။
"လင်း... လင်းယွမ်... ကျွန်တော် သူ့ကို သတ်လိုက်ပြီ... ကျွန်တော့်ကို လွှတ်ပေးမယ်လို့ ကတိပေးပါ... ကျွန်တော် အကုန်ပြောပြပါ့မယ်"
လင်းယွမ်က ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ "မဆိုးဘူး... မင်းက စကားနားထောင်သားပဲ... ဒါဆို မေးမယ်... ရန်မေရဲ့ မိဘတွေ ဘယ်မှာလဲ"
လီကောရှန်က အလျင်အမြန် ဖြေလေသည်။ "ဦးလေးရုံဝေက လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ရန်သွန်းသွန်းကို ကယ်ရင်း လက်တစ်ဖက် ရိုက်ချိုးခံလိုက်ရတယ်... ပြီးတော့ ကျဲ့ဆစ်စာသင်ကျောင်းဘက်ကို ထွက်ပြေးသွားတယ်"
"ဒေါ်လေးဖန်းကိုတော့ ကျွန်တော်တို့ တောင်ပေါ်ရောက်ကတည်းက မတွေ့မိဘူး"
လင်းယွမ် မျက်မှောင်ကြုတ်လိုက်သည်။ ရန်မေ၏ ဖခင်နာမည်မှာ ရန်ရုံဝေ ဖြစ်ပြီး မိခင်နာမည်မှာ လင်ဖန်း ဖြစ်သည်။
ရန်ရုံဝေက တောင်ပေါ်ရောက်လာသော်လည်း လင်းဖန်းက မရောက်လာဘူးလား။
ရန်မေလည်း စိုးရိမ်တကြီး ပြေးလာပြီး မေးလိုက်သည်။
"ငါ့အမေ တောင်ပေါ် မရောက်လာဘူးဟုတ်လား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ငါ့အဖေက အမေ့ကို ဘယ်တော့မှ ထားခဲ့မယ့်သူ မဟုတ်ဘူး... ဘယ်လိုလုပ် အမေ ပါမလာရတာလဲ"
လီကောရှန်က ကပြာကယာ ဖြေရှင်းသည်။ "ကျွန်တော် မသိဘူးလေ... အဲဒီတုန်းက ရေကြီးတာ အိမ်တံခါးဝထိ ရောက်နေပြီဆိုတော့ လူတိုင်း တောင်ပေါ်ပြေးဖို့ပဲ လောနေကြတာ... ဘယ်သူ့ကိုမှ ဂရုမစိုက်နိုင်ကြဘူး"
"ဒါနဲ့... ရန်ယိ... ရန်ယိက နင်တို့အိမ်နဲ့ နီးတာပဲ... သူ သိလောက်တယ်"
"ရန်ယိ... မင်း စကားပြောလေကွာ..."
ခြေထောက်ပြတ်နေသော ရန်ယိမှာ ထိုနေရာတွင် ညည်းညူနေပြီး အသက်ငွေ့ငွေ့သာ ကျန်တော့ပုံ ရသည်။
ခြေထောက်ပြတ်သွားပြီး သွေးမတိတ်သဖြင့် မကြာမီ သွေးလန့်ကာ သေဆုံးတော့မည် ဖြစ်သည်။
ရန်ယိမှာ ဆေးပညာ နားမလည်သလို သွေးတိတ်အောင်လည်း မလုပ်တတ်သဖြင့် သေခါနီး ဖြစ်နေပြီဖြစ်သည်။
လင်းယွမ် လျှောက်သွားလိုက်ပြီး သူ့ကို ဆွဲမကာ ရန်မေအား ပြောလိုက်သည်။
"အမမေ... သူ့ဒဏ်ရာကို ခဲသွားအောင် လုပ်လိုက်"
ရန်မေက ချက်ချင်းပင် လက်နှစ်ဖက်မှ အေးခဲသော အငွေ့အသက်များကို ထုတ်လွှတ်လိုက်ရာ ရန်ယိ၏ ဒဏ်ရာဝကို ရေခဲဖြင့် ပိတ်ဆို့သွားစေသည်။
ထိုအအေးဓာတ်က ရန်ယိ၏ အရိုးထဲထိ တိုးဝင်သွားလေသည်။
သူ တစ်ချက် တုန်သွားပြီး လွင့်ပါးနေသော စိတ်အာရုံများ အနည်းငယ် ပြန်လည် စုစည်းလာသည်။
"လွှတ်... လွှတ်ပေးပါ..." သူက မသိစိတ်ဖြင့် ရေရွတ်လိုက်သည်။
ရန်မေက စိတ်မြန်လက်မြန် မေးလိုက်သည်။ "ရန်ယိ... ငါ့အမေ တောင်ပေါ် ရောက်လား... ငါ့အဖေနဲ့အတူ ပါလာလား"
ရန်ယိက ပါးစပ်ဟလိုက်ပြီး "ကယ်... ကယ်ပါ... ကယ်ရင် ပြောပြ... အား..."
သူ စကားပင် မဆုံးလိုက်၊ လင်းယွမ်က သူ၏ ခြေထောက်ပြတ်နေသည့် နေရာကို လက်ဖြင့် ဖျစ်ညှစ်လိုက်သည်။
ညင်ညင်သာသာ ဆွဲလိုက်ရာ အသားနှင့် အရေခွံများ စုတ်ပြဲပါလာလေသည်။
ပြင်းထန်သော နာကျင်မှုကြောင့် ရန်ယိ၏ သနားစဖွယ် အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
လင်းယွမ်က အေးစက်စွာ ပြောလိုက်သည်။ "ငါသာ မင်းနေရာမှာဆိုရင် စကားအများကြီး ပြောနေမှာ မဟုတ်ဘူး... မင်း သိထားရမှာက ငါ မင်းကို ကောင်းကောင်းမွန်မွန် သေခွင့်ပေးနိုင်သလို သေတာကမှ ပိုကောင်းမယ့် ဘဝမျိုး ရောက်အောင်လည်း လုပ်ပေးနိုင်တယ်"
ရန်ယိ အော်ဟစ်နေစဉ် လင်းယွမ်၏ လက်က ပေါ်ထွက်နေသော ခြေသလုံးရိုးကို တစ်စစီ ချေမွပစ်လိုက်သည်။
သူက ကြောက်လန့်တကြား အော်ပြောလေသည်။ "ကျွန်တော် ပြောပါမယ်... ပြောပါမယ်... ဒေါ်လေးဖန်းလည်း တောင်ပေါ် ရောက်ပါတယ်... ဒါပေမဲ့ လွန်ခဲ့တဲ့ လအနည်းငယ်က ဦးလေးရုံဝေ စိုက်ခင်းထဲ သွားတုန်း ရွာလူကြီးနဲ့အဖွဲ့က ဒေါ်လေးဖန်းကို ဖမ်းခေါ်သွားကြတယ်... ပြီးတော့ ဘယ်တော့မှ ပြန်မလာတော့ဘူး"
"ဒါကို ကျွန်တော် ကိုယ်တိုင် မြင်ခဲ့တာပါ... သိတဲ့လူ သိပ်မရှိဘူး... ဦးလေးရုံဝေလည်း သံသယဖြစ်ခဲ့ပေမဲ့ သက်သေမရှိဘူး... နောက်ပိုင်း ရန်သွန်းသွန်းကိစ္စဖြစ်တော့ သူ လက်ရိုက်ချိုးခံလိုက်ရပြီး ရန်သွန်းသွန်းကို ခေါ်ပြီး ထွက်ပြေးသွားတာ"
ရန်မေ တစ်ကိုယ်လုံး တုန်ရီသွားပြီး ရုပ်သေးကြိုးဖြင့် ထိန်းချုပ်ခံထားရသော လီခွေ့ရုံကို ချက်ချင်း လှမ်းကြည့်လိုက်သည်။
"ငါ့အမေကော... လီခွေ့ရုံ... ငါ့အမေ ဘယ်မှာလဲ"
လင်းယွမ်က မမြင်ရသော စိတ်စွမ်းအင် ကြိုးမျှင်များကို လှုပ်ရှားလိုက်ရာ လီခွေ့ရုံ၏ မျက်နှာကြွက်သားများ ပြန်လည် လှုပ်ရှားနိုင်လာသည်။
ယခုအချိန်တွင် သူ၏ မျက်နှာ၌ မျှော်လင့်ချက်မဲ့မှုများ အပြည့်ဖြစ်နေပြီး လင်းယွမ်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
"မင်းက ဘယ်သူလဲ"
လင်းယွမ်က သူ၏ ညီအစ်ကိုများရှိရာဘက်သို့ လျှောက်သွားရင်း ပြောလိုက်သည်။
"မေးတာ ဖြေ... စကားတစ်ခွန်း ပိုပြောရင် မင်းညီအစ်ကိုတွေထဲက တစ်ယောက် အသတ်ခံရမယ်"
"အခု ထပ်မေးမယ်... ရန်မေရဲ့ အမေ ဘယ်မှာလဲ"
လီခွေ့ရုံ အနည်းငယ် တိတ်ဆိတ်သွားသည်။
နောက်တစ်ခဏတွင် "ဖျောက်" ဆိုသောအသံနှင့်အတူ လင်းယွမ်က လက်ချောင်းလေး လှုပ်ရှားလိုက်ရုံဖြင့် လီခွေရုံ၏ ဒုတိယညီ လီခွေဟွာ၏ လည်ပင်း ပေါက်ကွဲထွက်သွားပြီး ဖရဲသီးကွဲသကဲ့သို့ ခေါင်းတစ်ခုလုံး ကြေမွကာ သွေးများ ပေကျံကုန်လေသည်။
"ခွေဟွာ..."
"ခွေးမသား..."
"မင်းအမေ..."
ကျန်ရစ်သူများ ဒေါသတကြီး အော်ဟစ်ဆဲဆိုကြတော့သည်။
လီခွေရုံလည်း မျက်နှာပျက်သွားပြီး ချက်ချင်း အော်ပြောလိုက်သည်။ "ကျဲ့ဆစ်စာသင်ကျောင်းမှာ... ကျဲ့ဆစ်စာသင်ကျောင်းက လူတွေ ကယ်သွားကြတယ်"
လင်းယွမ် ခေါင်းလှည့်လာပြီး လီခွေရုံကို သေချာကြည့်လိုက်သည်။
ထို့နောက် သူက လီခွေဖူ ရှိရာသို့ လျှောက်သွားကာ လက်မောင်းကို လှမ်းဆွဲလိုက်ပြီး "မင်း သိချင်မှသိမှာ... အခု မင်းခန္ဓာကိုယ်ထဲက ဆဲလ်တွေအကုန်လုံး ငါ့ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်"
"မင်း လိမ်ပြောတာကို ငါ ချက်ချင်း အာရုံခံနိုင်တယ်"
"ဂျွတ်..."
လင်းယွမ် ညင်ညင်သာသာ ဆွဲလိုက်သည်နှင့် လီခွေဖူ၏ လက်မောင်းသည် ကြက်တောင်ပံတစ်ဖက်လို အရှင်လတ်လတ် စုတ်ပြဲပါလာလေသည်။
အကြောရော အရိုးပါ ပါသွားပြီး သွေးများ ပန်းထွက်လာသည်။
လင်းယွမ်က လက်မောင်းပြတ်ကို လွှင့်ပစ်လိုက်ပြီး လီခွေဖူ အော်ဟစ်နေစဉ်မှာပင် စိတ်စွမ်းအင်ဖြင့် သွေးတိတ်အောင် အတင်း လုပ်ပေးလိုက်သည်။
ထို့နောက် မျက်နှာဖြူဖပ်ဖြူရော် ဖြစ်နေသော လီခွေ့ရုံကို ကြည့်ကာ ပြုံးလိုက်သည်။
"မင်းကို နောက်ထပ် အခွင့်အရေး တစ်ကြိမ် ထပ်ပေးမယ်... ဒီတစ်ခါ ထပ်လိမ်ရင် တခြား အစိတ်အပိုင်းတွေကိုပါ ဆွဲဖြုတ်ပစ်မယ်"
လီခွေရုံ၏ ဝတုတ်သော မျက်နှာပေါ်တွင် အဆုံးစွန်သော ဒေါသများ ပေါ်ထွက်လာပြီး သည်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။
"မင်းမသား... သတ္တိရှိရင် ငါ့ကို သတ်လိုက်လေ... လင်ဖန်းက သေပြီ... အစောကြီးထဲက သေသွားပြီကွ"
"ဟားဟားဟား... အဲဒီ ကောင်မစုတ်က ရန်မေလို အိုးကောင်းကောင်းကို မွေးပေးနိုင်တာ အံ့သြစရာ မရှိဘူး... သူ့ဘော်ဒီကလည်း အမိုက်စားပဲ... ငါ စိတ်ကြိုက် ကစားပြီးမှ သေသွားတာ... ဘယ်လိုလဲ... ငါ့ကို သတ်လိုက်လေ"
လီခွေ့ရုံသည် မထူးဇာတ်ခင်းသဘောဖြင့် ရူးသွပ်စွာ အော်ဟစ်နေတော့သည်။
"အားးးးးးးးးး"
ရန်မေသည် ထိုသတင်းကို ကြားလိုက်ရချိန်တွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရပြီး စူးစူးဝါးဝါး အော်ဟစ်ကာ လီခွေ့ရုံထံသို့ ပြေးဝင်သွားပြီး အင်္ကျီကော်လာကို အတင်း ဆွဲကိုင်လိုက်သည်။
သူမ၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာပြီး အော်ပြောလိုက်သည်။
"နင် လိမ်တာ... နင် ငါ့ကို လိမ်နေတာ မဟုတ်လား... ငါ့အမေ မသေသေးဘူး... ငါ့အမေ မသေဘူး ဟုတ်တယ်မလား"
"တောက်... သေပြီဟေ့... ကောင်မစုတ်ရဲ့... နို့အကြီးကြီးနဲ့ ဘယ်သူ့ကို ပြချင်နေတာလဲ... နင့်အမေရော နင်ရော အတူတူပဲ... ငါ ကစားရင်း သေသွားတာဟေ့... သိပြီလား" လီခွေ့ရုံက ရက်စက်စွာ ပြုံးရင်း တံတွေးဖြင့် လှမ်းထွေးလိုက်သည်။
ထိုတံတွေးသည် လေထဲသို့ ပျံဝဲလာပြီး လေထဲတွင် ရပ်တန့်သွားသည်။
လင်းယွမ်၏ စိတ်စွမ်းအင်က ထိုတံတွေးကို တားဆီးလိုက်ခြင်း ဖြစ်သည်။
သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ဘုန်းခနဲ အသံနှင့်အတူ လီခွေဖူ၏ ဦးရေခွံ စုတ်ပြဲကွာကျသွားလေသည်။
သနားစဖွယ် အော်ဟစ်သံကြီးက လီခွေဖူ၏ လည်ချောင်းထဲမှ ထွက်ပေါ်လာသည်။
"အား... တိရစ္ဆာန်ကောင်... ခွေးမသား... အား..."
သူ ဆဲရေးနေဆဲမှာပင် လင်းယွမ်က ဂရုမစိုက်ဘဲ သူ၏ လည်ပင်းကို ညှစ်လိုက်သည်။
ပြင်းထန်သော မွန်းကျပ်မှုကြောင့် လီခွေဖူ လျှာထွက်လာရသည်။
လင်းယွမ်က သံနန်းကြိုးရှည်တစ်ချောင်း ထုတ်ယူလိုက်ပြီး ရွှပ်ခနဲ အသံမြည်အောင် သူ၏ လျှာထဲသို့ ထိုးစိုက်လိုက်သည်။
ထို့နောက် သံနန်းကြိုးကို ခေါင်းပတ်လည် ရစ်ပတ်ကာ တင်းကျပ်စွာ ချည်နှောင်လိုက်သည်။
သူ၏ အေးစက်သော မျက်နှာပေါ်တွင် ကြောက်မက်ဖွယ် အပြုံးတစ်ခု ပေါ်လာပြီး...
"ထပ်ဆဲဦး... ငါ နားထောင်ပေးမယ်"
"ဝူး... ဝူး..."
လီခွေ့ဖူက မျက်လုံးပြူးကာ ဒေါသတကြီး ကြည့်နေပြီး စကားပြောချင်နေသည်။
သို့သော် လှုပ်လိုက်သည်နှင့် လျှာမှ နာကျင်မှုကြောင့် အော်ဟစ်ညည်းညူနေရတော့သည်။
လင်းယွမ်က သူ့ကို ဂရုမစိုက်တော့ဘဲ လီခွေ့ရုံထံသို့ လျှောက်သွားလိုက်သည်။
"မင်းပါးစပ်က တော်တော်နံတာပဲ... တံတွေးတောင် ထွေးတတ်သေးတယ်လား"
"စောစောက မင်း ဆဲရတာ အရသာရှိလား... ငါ့ကို ဒေါသထွက်အောင်လုပ်ပြီး မြန်မြန်သေရအောင် ကြံနေတာမလား"
လီခွေရုံ မျက်နှာ ဖြူဖပ်သွားပြီး ပါးစပ်ဟကာ "မင်း... မင်း..."
"မပူနဲ့... ငါ့မှာ အချိန်တွေ အများကြီး ရှိတယ်... ဖြည်းဖြည်းချင်း ကစားကြတာပေါ့"
ရန်မေက လင်းယွမ်ကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများ နီရဲနေပြီး "မောင်လေး... သူ... သူ လိမ်ပြောတာမလားဟင်... အမေ တကယ် မသေဘူးမလား"
လင်းယွမ်က ရန်မေကို ကြည့်ပြီး ခေတ္တမျှ တိတ်ဆိတ်နေလိုက်သည်။
ရန်မေ အရာအားလုံးကို နားလည်သွားပြီး မျက်ဝန်းအိမ်မှ မျက်ရည်များ တွင်တွင်စီးကျလာတော့သည်။
သူမသည် လင်းယွမ်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။
"ဝူး... ဝူး..."
လင်းယွမ်က သူမ၏ ကျောပြင်ကို ညင်သာစွာ ပုတ်ပေးရင်း မည်သို့ နှစ်သိမ့်ပေးရမည် မသိ ဖြစ်နေသည်။
ရန်မေလည်း စိတ်ထဲတွင် ကြိုတင်ပြင်ဆင်မှု ရှိခဲ့ပါသည်။ ရေလွှမ်းမိုးသော ဤကမ္ဘာပျက်ကပ်တွင် နေရာတိုင်း၌ အန္တရာယ်များ ရှိနေကြောင်း သူမ သိသည်။
ဖခင်နှင့် မိခင်တို့ သက်ရှိထင်ရှား မရှိနိုင်တော့ဟု တွေးဖူးသည်။
သို့သော် မိခင်ဖြစ်သူက ဤကဲ့သို့ နည်းလမ်းဖြင့် ရက်စက်စွာ အသတ်ခံလိုက်ရလိမ့်မည်ဟု သူမ မတွေးခဲ့မိပေ။
မိခင် မသေဆုံးခင် မည်မျှ နာကျင်ခံစားခဲ့ရမည်ကို သူမ မတွေးရဲအောင် ဖြစ်နေသည်။
လင်းယွမ်က လေသံတိုးတိုးဖြင့် "အမမေ... နောက်ဆက်တွဲကိစ္စတွေကို ကျွန်တော့်တာဝန် ထားလိုက်ပါ"
ရန်မေက ငိုနေရာမှ ခေါင်းမော့လာသည်။ သူမ၏ မျက်လုံးများတွင် အမုန်းတရားများ ပြည့်နှက်နေပြီး လီခွေ့ရုံကို လှည့်ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။
"ဟင့်အင်း... အမ သူ့ကို သတ်မယ်... အမလက်နဲ့ ကိုယ်တိုင် သတ်ပစ်မယ်"
လင်းယွမ်က သူမကို ဆွဲထားပြီး "သူ ဒီလိုပြောတာ ကျွန်တော်တို့ကို ဒေါသထွက်အောင်ဆွပြီး ကောင်းကောင်းမွန်မွန် သေခွင့်ရချင်လို့ ပြောနေတာ"
"သူ့ဆန္ဒ ပြည့်ဝအောင် လုပ်ပေးလို့ မဖြစ်ဘူး... ပြီးတော့ ဒေါ်လေးရဲ့ အလောင်း ဘယ်မှာလဲဆိုတာလည်း မမေးရသေးဘူး"
ရန်မေ တစ်ချက် ကြောင်သွားပြီး မျက်ရည်များကို သုတ်ကာ အံကြိတ်၍ ပြောသည်။ "ဟုတ်တယ်... သူ့ကို ဒီတိုင်း သက်သာခွင့် ပေးလို့မဖြစ်ဘူး"
လင်းယွမ်က ဆက်ပြောသည်။ "ကျွန်တော့်တာဝန် ထားလိုက်ပါ... အမမေက ဦးလေးရန်ကို ဟိုဘက်အခန်းထဲ ခေါ်သွားပြီး နားခိုင်းလိုက်ပါဦး... ဦးလေးရန်ရဲ့ ဒဏ်ရာကိုလည်း ကြည့်ပေးလိုက်ပါ"
ရန်မေက လီခွေ့ရုံကို မုန်းတီးစွာ စိုက်ကြည့်လိုက်ပြီးနောက် ကြောက်လန့်တကြား ဖြစ်နေသော ဦးလေးရန်ကို တွဲထူကာ မလှမ်းမကမ်းရှိ အခန်းတစ်ခန်းဆီသို့ ထွက်ခွာသွားလေသည်။
လင်းယွမ်က သူတို့ ထွက်သွားသည်ကို ကြည့်ပြီးမှ လီခွေ့ရုံဘက်သို့ ပြန်လှည့်လာသည်။
သူက လီခွေရုံကို ချက်ချင်း အပြစ်မပေးသေးပေ။
ခြေထောက်ပြတ်နေသော သူ၏ ညီအစ်ကိုများရှိရာသို့ လျှောက်သွားလိုက်သည်။
"တကယ်တော့ ငါ နားမလည်ဘူး... မင်းတို့အားလုံးက တစ်ရွာတည်းသားတွေလေ... ရေမကြီးခင်တုန်းကလည်း အိမ်နီးနားချင်းတွေပဲ... မျက်နှာချင်းဆိုင် နေခဲ့ကြတာ... ဘာလို့ ကပ်ဘေးတစ်ခု ကြုံလိုက်တာနဲ့ မင်းတို့ရဲ့ လူ့စိတ်တွေ ပျောက်ကုန်ကြတာလဲ... ကိုယ်ကျင့်တရားတွေ ဘယ်ရောက်ကုန်လဲ... ဘာလို့ တိရစ္ဆာန်တစ်သိုက် ဖြစ်ကုန်ကြတာလဲ"
သူက လီခွေဖူ၏ ဘေးသို့ ရောက်သွားသည်။ လီခွေဖူမှာ လက်မောင်းပြတ်ထွက်ပြီး ဦးရေခွံ စုတ်ပြဲထားသဖြင့် သွေးများ မရပ်မနား စီးကျနေသလို နာကျင်လွန်းသဖြင့် မျက်ရည်များပါ ကျကာ မြေကြီးပေါ်တွင် အော်ဟစ်နေရသည်။
လင်းယွမ်က သံမှိုတစ်ချောင်း ထပ်ထုတ်လိုက်ပြီး ပြောသည်။
"အမှန်အတိုင်း ပြောရရင် ငါ လူသတ်ရင် ဒီလောက် မရက်စက်တတ်ဘူး... ဒါပေမဲ့ ဒီနေ့တော့ ငါ တကယ် သည်းမခံနိုင်ဘူး... သည်းလည်း မခံချင်တော့ဘူး"
"မင်းတို့ကို ဒီတိုင်း သတ်လိုက်ရရင် အရမ်း သက်ညှာလွန်းအားကြီးနေမယ်"
"မင်းတို့ကို တတ်နိုင်သလောက် အသက်ရှည်ရှည် နေရအောင် ငါ လုပ်ပေးမယ်... ဒါပေမဲ့ ငါ့နည်းလမ်းတွေက နည်းနည်းတော့ ပြင်းထန်လိမ့်မယ်... မင်းတို့ ခံနိုင်ရင် ခံလိုက်ကြပေါ့ကွာ"
သူက လီခွေကွေ့၏ လက်သည်းခွံကို ဆွဲယူလိုက်ပြီး ရှည်လျားသော သံမှိုဖြင့် လက်သည်းခွံကြားထဲသို့ ဖြည်းဖြည်းချင်း ရိုက်သွင်းလိုက်သည်။
တစ်ခဏချင်းမှာပင် လီခွေ့ကွေ့ထံမှ စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာပြီး ကုန်းပေါ်ရောက်နေသော ငါးသေတစ်ကောင်လို အသည်းအသန် ရုန်းကန်အော်ဟစ်နေတော့သည်။
လင်းယွမ်က သံမှိုတစ်ချောင်း ရိုက်သွင်းပြီးနောက် နောက်ထပ် တစ်ချောင်း ထပ်ထုတ်လိုက်ကာ "အော်လေ... မင်းတို့ အသံကုန်အော်မှ ငါ့စိတ်ထဲ ကျေနပ်မှာ"
လီခွေ့ရုံသည် ညီဖြစ်သူများ နှိပ်စက်ခံနေရသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရသဖြင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့နာကျင်နေပြီး အော်ဟစ်လိုက်သည်။
"ခွေးမသား... သတ္တိရှိရင် ငါ့ကို တန်းသတ်လိုက်စမ်းပါ... သတ်လိုက်စမ်းပါကွ"
"ခွေကောင်... ငါ့ညီကို လွှတ်ပေးစမ်း"
"ခွေးမသား..."
"မလုပ်ပါနဲ့... မလုပ်ပါနဲ့တော့ကွာ..."
"တောင်းပန်ပါတယ်... သူတို့ကို လွှတ်ပေးလိုက်ပါ... သူတို့ကို တစ်ခါတည်း သေခွင့်ပေးလိုက်ပါတော့"
"ငါပါ... အားလုံး ငါလုပ်တာပါ... အကုန်လုံး ငါစီစဉ်တာပါ... သူတို့နဲ့ မဆိုင်ပါဘူးကွာ"
လီခွေရုံသည် ဒေါသတကြီး ဆဲဆိုရာမှ တဖြည်းဖြည်း တောင်းပန်တိုးလျှိုးသည့် အသံသို့ ပြောင်းလဲသွားလေသည်။
လင်းယွမ်က သူ၏ ညီများကို ဖြည်းဖြည်းချင်း နှိပ်စက်နေသည်ကို သူ မျက်စိဖွင့် ကြည့်နေရသည်။
ညီဖြစ်သူများ မခံနိုင်တော့သည့် အချိန်ရောက်တိုင်း ထိုလူက အရှိန်အနည်းငယ် လျှော့ပေးပြီး သွေးတိတ်အောင်ပါ ကူညီပေးလိုက်သေးသည်။
ဒီလူက နတ်ဆိုးပဲ... ဒီကောင်က တိရစ္ဆာန်ပဲ...
လီခွေရုံ စိတ်ဓာတ်ကျသွားလေပြီ။ တဖက်လူက သူတို့ကို မည်သို့မျှ လွှတ်ပေးမည် မဟုတ်ကြောင်း သူ နားလည်လိုက်သည်။
သူ အမြန်ဆုံး သေချင်လှပြီ။ ညီဖြစ်သူများ နာကျင်မှု သက်သာသွားစေချင်လှပြီ။
မလှမ်းမကမ်းမှ မြင်နေရသော လီကောရှန်၊ ရန်ယိနှင့် ရန်ကော်တုန်းတို့မှာ မျက်နှာများ သွေးဆုတ်ဖြူလျော်နေပြီး ကြောက်လန့်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေကြသည်။
မြေကြီးပေါ်တွင် ဒူးထောက်နေသော လီကောရှန်မှာ တစ်ကိုယ်လုံး ကျုံ့ဝင်နေပြီး ဟိုဘက်မှ အော်ဟစ်သံများကို ကြားကာ ကြောက်လန့်လွန်းသဖြင့် သေးပါ ထွက်ကျနေလေသည်။
လီခွေရုံ၏ တောင်းပန်သံ ထွက်ပေါ်လာမှ လင်းယွမ် ပြုံးလိုက်ပြီး လက်ထဲမှ သံမှိုကို ခေတ္တ ရပ်တန့်လိုက်သည်။
သူ ခေါင်းလှည့်ကာ မေးလိုက်သည်။ "ပြောစမ်း... ရန်မေ့ အမေရဲ့ အလောင်း ဘယ်မှာလဲ... သူ့အဖေကကော ဘာဖြစ်သွားတာလဲ"
"လိမ်ဖို့မစဉ်းစားနဲ့နော်... ငါတန်းသိတယ်"
လီခွေ့ရုံက နာကျင်စွာ မျက်လုံးမှိတ်လိုက်ပြီး "လင်ဖန်းရဲ့ အလောင်းကို ယွင်ချွမ်ဘုရားကျောင်း နောက်ကျောက သင်္ချိုင်းကုန်းမှာ မြှုပ်ထားတယ်... အဲဒီမှာ အလောင်းတွေ အရမ်းများတော့ နေရာအတိအကျ ပြောဖို့ မလွယ်ဘူး... ငါလိုက်ရှာပေးလို့ ရတယ်"
"ရန်ရုံဝေက တကယ် ကျဲ့ဆစ်စာသင်ကျောင်းကို ထွက်ပြေးသွားတာ... အဲဒီမှာ နေတဲ့လူတွေ အများကြီး ရှိတယ်... အကုန်လုံးက ငါနဲ့ ရန်ဘက်ဖြစ်တဲ့လူတွေချည်းပဲ"
"အဲဒီတုန်းက ခွေအန်းက ရန်သွန်းသွန်းကို ကြိုက်နေတာ... အိပ်ရာပေါ် ဆွဲတင်ချင်နေတာ... ရန်ရုံဝေ မြင်သွားပြီး ကိုယ့်အခြေအနေကိုယ် မသိပဲ ဝင်တားတယ်... လူတွေခေါ်ပြီး ခွေအန်းကို ဝိုင်းကြတယ်... ခွေအန်းက ဒေါသထွက်ပြီး လူအချို့ကို သတ်ပစ်လိုက်တယ်... ရန်ရုံဝေရဲ့ လက်ကိုလည်း ရိုက်ချိုးလိုက်တယ်"
"ရန်ရုံဝေကလည်း အစွမ်းနိုးထလာတယ်... အလျင်အစွမ်း နိုးထလာတာ"
"သူက ရန်သွန်းသွန်းကို ခေါ်ပြီး ယွင်ချွမ်ဘုရားကျောင်းကနေ ထွက်ပြေးသွားတယ်... ငါတို့ လမ်းတစ်လျှောက်လုံး လိုက်ဖမ်းကြတယ်... နောက်ဆုံး ရန်သွန်းသွန်းကို သတ်နိုင်လိုက်ပေမဲ့ ရန်ရုံဝေကိုတော့ ကျဲ့ဆစ်စာသင်ကျောင်းက အစွမ်းပိုင်ရှင်တွေ ကယ်သွားကြတယ်"
"ငါတို့နဲ့ ကျဲ့ဆစ်စာသင်ကျောင်းက လူတွေ တိုက်ခိုက်ကြသေးတယ်... ဒါပေမဲ့ သူတို့ လွတ်သွားကြတယ်"
"ငါ ပြောတာ အကုန် အမှန်တွေပါ... မင်း တကယ်ပဲ ငါ လိမ်မလိမ် အာရုံခံနိုင်တယ်ဆိုရင် ငါပြောတာ အမှန်တွေဆိုတာ သိမှာပါ"
လီခွေ့ရုံ မျက်လုံးဖွင့်ပြီး လင်းယွမ်ကို ကြည့်လိုက်သည်။
လင်းယွမ်က တစ်ဖက်လူ၏ သွေးလေလှုပ်ရှားမှု မူမမှန်သည်ကို မခံစားရသဖြင့် ခေါင်းအနည်းငယ် ညိတ်ကာ ပြောလိုက်သည်။ "ကောင်းပြီ... မင်း တကယ် မလိမ်ဘူးပဲ"
"ငါ သိချင်တာက... မင်းတို့ ဘာလို့ ဒီလိုတွေ လုပ်ကြတာလဲ"
"ဒီ မိန်တောင်ပေါ်မှာ စားရေးသောက်ရေးလည်း မပူရဘဲနဲ့... ဘာလို့ အိမ်နီးနားချင်းတွေအပေါ် ဒီလို တိရစ္ဆာန်လုပ်ရပ်မျိုး လုပ်ရက်ကြတာလဲ"
လီခွေ့ရုံက ရုတ်တရက် သွေးပျက်ဖွယ် ရယ်မောလိုက်သည်။ "ရွာတစ်ရွာတည်းသား ဖြစ်တိုင်း ဆက်ဆံရေး ကောင်းရမယ်လို့ မင်း ထင်နေတာလား... ငါ့အဖေတုန်းက တစ်ကောင်ကြွက်မို့လို့ ရွာထဲမှာ အနိုင်ကျင့်ခံခဲ့ရတာ ဘယ်လောက်များလဲ မင်းသိလား... အဖေ အိမ်ဆောက်တုန်းက ရန်သွန်းသွန်းရဲ့ အဖိုးက ငါ့အဖေအိမ်က သူတို့လမ်းကို ပိတ်နေပါတယ်ဆိုပြီး ရန်မျိုးရိုးတွေကို စုပြီး အိမ်ဆောက်ဖို့တူးထားတဲ့ မြေတွေကို ဖျက်ဆီးပစ်ခဲ့ဖူးတယ်"
"အဖေက ဒီအငြိုးကို ငါတို့ကို အမြဲ ပြောပြတယ်... ငါတို့ ဘာလို့ ဆင်းရဲလဲ... ဘာလို့ သူက သားယောက်ျားလေးတွေ အများကြီး မွေးထားလဲ သိလား"
"သူ အရင်တုန်းက ခံစားခဲ့ရလို့... ဆင်းရဲဒုက္ခ ရောက်ခဲ့ရလို့... အိမ်မှာ သားယောက်ျားလေး နည်းရင် ဒီလို အိမ်နီးချင်းဆိုတဲ့ကောင်တွေရဲ့ အနိုင်ကျင့်တာ ခံရမယ်ဆိုတာ သိလို့ကွ"
"ငါတို့ ညီအစ်ကို ငါးယောက် ကြီးလာတော့ ရွာထဲမှာ ဘယ်ကောင်က ငါတို့ လီမိသားစုကို လက်ညှိုးထိုးရဲသေးလဲ"
"ရွာကော်မတီဝင်တွေကလွဲရင် ဘယ်သူမှ မထိရဲဘူး"
"အဲဒီတုန်းက ငါ ကျိန်ဆိုခဲ့တယ်... ရွာအုပ်ချုပ်ရေးမှူး ဖြစ်အောင် လုပ်မယ်လို့"
"ငါ ပင်ပင်ပန်းပန်း လုပ်တယ်... လူတွေကို ထမင်းလိုက်ကျွေးတယ်... အရက်လိုက်တိုက်တယ်... ငါ ဘာအတွက် လုပ်တာလဲ... ဒီအာဏာပါဝါလေး ရဖို့အတွက် မဟုတ်ဘူးလား"
"ဒါပေမဲ့ ရွာလူကြီး ဖြစ်လာတော့မှ အရာရှိလောက ဘယ်လောက် မဲမှောင်လဲဆိုတာ ငါ သိလိုက်ရတယ်... ငါ့လို ရွာလူကြီးက ဘာမှမဟုတ်ဘူးဆိုတာ သိလိုက်ရတယ်"
"မင်းက ငါ့ကို ရက်စက်တယ် ပြောလား... ဟားဟားဟား... မင်း ဒီထက် ရက်စက်တာတွေ မမြင်ဖူးသေးလို့ပါ"
"ကမ္ဘာကြီး ရေလွှမ်းပြီး ပျက်စီးသွားပြီ... ငါတို့ ညီအစ်ကိုတွေ လူတွေခေါ်ပြီး တောင်ပေါ်တက်လာကြတယ်... နိုင်ငံဆိုတာလည်း မရှိတော့ဘူး... အစိုးရဆိုတာလည်း မရှိတော့ဘူး... ဘယ်သူက ငါတို့ကို လာထိန်းချုပ်နိုင်မှာလဲ"
"ငါတို့က ဒီနေရာမှာ ဧကရာဇ်ဘုရင်တွေပဲ... လုပ်ချင်ရာ လုပ်လို့ရတယ်"
"ငါတို့ အစွမ်းတွေ နိုးထလာဖို့ လွယ်ခဲ့တာမဟုတ်ဘူး... အခု စံစားလိုက်တော့ ဘာဖြစ်လဲ"
"ဘာလို့ မရရမှာလဲ"
"မင်း စိတ်ထဲမှာရော မကောင်းတဲ့ အတွေးတွေ မရှိဘူးလို့ ငါ မယုံဘူး... ထင်ရာစိုင်းချင်တာတွေ... မိန်းမတွေ အများကြီးနဲ့ ပျော်ပါးချင်တာတွေ မရှိဘူးလား"
"မင်းလည်း အစွမ်းပိုင်ရှင်ပဲ... အစွမ်းထက်တဲ့ အစွမ်းပိုင်ရှင်တစ်ယောက်ပဲ... မင်း ဒီလိုတွေ မတွေးဖူးဘူးလို့ ပြောရဲလား"
"ငါက ငါ့အတွေးတွေကို လက်တွေ့ အကောင်အထည် ဖော်လိုက်တာပဲ ရှိတယ်... ယောက်ျားတိုင်း လုပ်ချင်တဲ့ကိစ္စကို ငါ လုပ်တာ... ငါ့မှာ ဘာအမှားရှိလဲ"
"အပြစ်တင်ချင်ရင် ဒီခေတ်ပျက်ကြီးကိုပဲ တင်လိုက်... ကံမကောင်းတဲ့ လူတွေကိုပဲ အပြစ်တင်လိုက်... အစွမ်းတွေ နိုးထမလာဘဲ ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်တဲ့ လူတွေကိုပဲ အပြစ်တင်လိုက်"
"ဒီလောကကြီးက အစကတည်းက အားနည်းသူက သားကောင်၊ အားကြီးသူက မုဆိုးပဲ... အားကြီးသူက အမြဲတမ်း အနိုင်ယူတဲ့ လောကပဲ"
လီခွေရုံသည် မထူးဇာတ်ခင်း သဘောဖြင့် အသံကုန် အော်ဟစ်ပြောဆိုနေတော့သည်။
သူ လုပ်ခဲ့သမျှ အရာအားလုံးအတွက် သင့်လျော်မည့် အကြောင်းပြချက်များ ရှာဖွေပြီး ယုတ္တိမရှိသည်များကို လျှောက်ပြောနေခြင်း ဖြစ်သည်။
လင်းယွမ်က ထိုပုံစံကို ကြည့်ပြီး ခေါင်းခါလိုက်သည်။ "မင်း ဒီလောက် စိတ်လှုပ်ရှားနေတာကို ကြည့်ရင်... မင်းလိပ်ပြာမလုံဘူးဆိုတာ သိသာနေတယ်"
"မင်းပြောနေတဲ့ စကားတွေက အခြေအမြစ် မရှိဘူးဆိုတာ... မင်းကိုယ်တိုင် သိနေတာပဲ"
ဆက်ရန်...
အပိုင်း(၂၈၀) ယွင်ချွမ်ဘုရားကျောင်းက မိုးသက်မုန်တိုင်း
"အသံကျယ်တိုင်း မှန်တယ်လို့ မထင်နဲ့"
"ဥပဒေနဲ့ ကိုယ်ကျင့်တရား ဘောင်တွေ မရှိတော့တာနဲ့ စိတ်ထဲက ယုတ်မာမှုတွေကို ထုတ်ပြပြီး ဗီဇစိတ်အတိုင်း လုပ်နေမယ်ဆိုရင်... မင်းက သန္ဓေပြောင်းရင်း မအောင်မြင်တဲ့ ဘီလူးကောင်တွေနဲ့ ဘာကွာ တော့မှာလဲ"
လင်းယွမ်က လေသံအေးအေးဖြင့် ပြောလိုက်သည်။
လီခွေရုံက မကျေနပ်ပေ။ သူက ဒေါသတကြီးဖြင့် "ဥပဒေနဲ့ ကိုယ်ကျင့်တရား ဟုတ်လား... ဟက်... ဒါတွေက အားကြီးသူတွေက အားနည်းသူတွေကို ချုပ်ခြယ်ဖို့ သတ်မှတ်ထားတာပဲ ရှိတယ်... အပေါ်မှာ အုပ်ချုပ်နေတဲ့သူတွေထဲမှာ ဘယ်သူကများ ဒါတွေကို တကယ်ဂရုစိုက်လို့လဲ"
"ငါ့မျက်စိရှေ့မှာတင် အကျင့်ပျက်ခြစားမှုတွေ ဘယ်လောက်ရှိခဲ့လဲ မင်းသိလား... အဲဒီ ခွေးမသားတွေကရော ဥပဒေကို ဂရုစိုက်လို့လား"
"တကယ်တမ်း အပြစ်ပေးခံရတာ ဘယ်နှယောက်ရှိလို့လဲ"
လင်းယွမ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး "မင်းက အာဏာနဲ့ အင်အားကို ဒီလောက်တောင် ကိုးကွယ်နေမှတော့... ဒီနေရာမှာ ငါ့လက်ချက်နဲ့ သေရရင်လည်း ဘာမှ ပြောစရာမရှိတော့ဘူး မဟုတ်လား"
"ဘာဖြစ်လို့လဲဆိုတော့ ငါက မင်းထက် ပိုသန်မာနေလို့လေ... မဟုတ်ဘူးလား"
လီခွေရုံသည် စကားဆို့သွားပြီး မျက်နှာပေါ်ရှိ ဒေါသများ ပျောက်ကွယ်ကာ ကြောက်ရွံ့မှုများ အစားထိုး ဝင်ရောက်လာသည်။
"လူသတ်တဲ့သူက တစ်နေ့ ပြန်အသတ်ခံရမှာပဲ... မဟုတ်ဘူးလား"
"ဒါပေမဲ့ တကယ့် အစွမ်းပိုင်ရှင်ဆိုတာ အားနည်းသူတွေကို ဓားနဲ့ရမ်းတဲ့သူ မဟုတ်ဘူး"
"တကယ့် အစွမ်းပိုင်ရှင်ဆိုတာ ကိုယ့်ထက် သန်မာသူကို လက်သီးနဲ့ထိုးရဲရမယ်... ကိုယ့်စိတ်ထဲက ကြောက်ရွံ့မှုကို ရင်ဆိုင်ရဲရမယ်... ကိုယ့်စိတ်ထဲက လောဘကို ထိန်းချုပ်နိုင်ရမယ်"
"မင်းကတော့ တစ်ခုမှ မလုပ်နိုင်ခဲ့ဘဲ အားကြီးသူက အားနည်းသူကို ဝါးမြိုတာ သဘာဝပဲဆိုတဲ့ စကားလုံးနဲ့ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားတာပဲ ရှိတယ်"
"မင်းလိုကောင်က ကိုယ့်ကိုယ်ကိုယ် အစွမ်းပိုင်ရှင်လို့ ခေါ်ဖို့ တန်လို့လား"
လင်းယွမ်က မဲ့ပြုံး ပြုံးလိုက်သည်။
သူက ရုပ်သေးကြိုးမျှင်များကို လက်ဖြင့် ခါရမ်းလိုက်ရာ လီခွေရုံသည် မိမိခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ နောက်သို့ လှည့်သွားရသည်။
လင်းယွမ်က အခန်းထဲရှိ ရန်မေရှိရာဘက်သို့ လှည့်ကြည့်ကာ "အမမေ... အမ အမေရဲ့ ရုပ်အလောင်းကို သွားသယ်ကြစို့" ဟု ပြောလိုက်သည်။
ရန်မေက မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် အခန်းထဲမှ ထွက်လာခဲ့သည်။
ဦးလေးရန်လည်း အခန်းထဲတွင် တစ်ယောက်တည်း မနေရဲသဖြင့် ကပျာကယာ လိုက်ပါလာလေသည်။
လင်းယွမ်က လီခွေရုံကို ထိန်းချုပ်လျက် တံခါးပေါက်ဆီသို့ လျှောက်သွားသည်။
တံခါးမကြီး ဖြည်းညှင်းစွာ ပွင့်သွားသောအခါ အပြင်ဘက်တွင် လူများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
အစွမ်းပိုင်ရှင် အများအပြားက လီခွေရုံကို မြင်လိုက်ရသောအခါ ဦးစွာ ကြောင်အသွားကြပြီး နောက်မှ လင်းယွမ်နှင့် ရန်မေကို မြင်ကာ အံ့သြမှင်သက်သွားကြသည်။
"အစ်ကိုရုံ"
"ရွာလူကြီး... ဘာဖြစ်တာလဲ"
"အစ်ကိုရုံ... မင်း"
အစွမ်းပိုင်ရှင်များက သူတို့အနားသို့ ဝိုင်းလာကြပြီး သတိထားနေသည့် ပုံစံဖြင့် လင်းယွမ်ကို ကြည့်နေကြသည်။
လီခွေရုံ၏ မျက်နှာတစ်ခုလုံး သွေးများဖြင့် ပေကျံနေပြီး ဓားစာခံ လုပ်ခံထားရမှန်း သိသာနေသည်။
"ရပ်လိုက်စမ်း... မင်း အစ်ကိုရုံကို ဘာလုပ်လိုက်တာလဲ"
"တောက်... အစ်ကိုရုံကို လွှတ်ပေးလိုက်စမ်း"
"ရွာလူကြီးကို လွှတ်ပေး"
ထိုလူများသည် အခြေအနေကို မသိကြဘဲ လင်းယွမ်ကို ဝိုင်းထားလိုက်ကြပြီး သေမင်းကို စိန်ခေါ်သကဲ့သို့ ခြိမ်းခြောက်နေကြသည်။
လင်းယွမ်က ပြုံးလိုက်ပြီး လက်ညှိုးထိုးကာ "အစွမ်းပိုင်ရှင်တွေက အားနည်းသူတွေကို ဓားနဲ့မရွယ်ဘူး ဆိုပေမဲ့... အားနည်းသူတွေက အစွမ်းပိုင်ရှင် ရှေ့မှာ ခွေးလို ဟောင်ခွင့်ရှိတယ်လို့ မဆိုလိုဘူးလေ... ဟုတ်တယ်မလား"
လီခွေရုံ၏ မျက်လုံးထဲတွင် ကြောက်ရွံ့ရိပ်များ ယှက်သန်းလာသည်။ "မင်း... မင်း ဘာလုပ်မလို့လဲ"
"မင်းနောက်လိုက်တဲ့ ဒီလူတွေလည်း... ယုတ်မာတဲ့ အလုပ်တွေ မနည်းမနော လုပ်ခဲ့ကြမှာပဲ"
"ဒီနေရာမှာ ရပ်နေတဲ့ကောင်တွေထဲမှာ... လူကောင်း တစ်ယောက်မှ မရှိဘူးလို့ ငါထင်တယ်... သူတို့အားလုံး သေသင့်တယ်"
"မင်း" လီခွေရုံ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း နောက်တစ်စက္ကန့်တွင် လင်းယွမ်က လက်ဖျောက်တစ်ချက် တီးလိုက်သည်။
"ဖျောက်"
ခဏချင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအင် လှိုင်းလုံးကြီးတစ်ခု ပေါက်ကွဲထွက်လာပြီး အရပ်လေးမျက်နှာသို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။
ပေ (၁၅၀) ပတ်လည်အတွင်း သူ့ကို ဝိုင်းထားသော အစွမ်းပိုင်ရှင် အားလုံး၏ ဦးခေါင်းများ ပေါက်ကွဲထွက်ကုန်ကြသည်။
ထိုရက်စက်ကြမ်းကြုတ်သော အစွမ်းပိုင်ရှင်များသည် အော်သံပင် မထွက်နိုင်တော့ဘဲ ရွှံ့အိုင်များပမာ ဘုတ်ခနဲ လဲကျသွားကြလေသည်။
အဝေးမှ ဤမြင်ကွင်းကို မြင်လိုက်ရသော ခိုလှုံရေးစခန်းမှ ဒုက္ခသည်များသည် ကြောင်အသွားကြသည်။
အဝတ်လျှော်နေသော အမျိုးသမီးများမှာ မျက်ရည်များ ဝဲလာကြသည်။
တစ်စုံတစ်ယောက်က သတိဝင်လာပြီး ပြေးလာကာ အဝေးမှနေ၍ ဒူးထောက်လျက် ငိုယိုအော်ဟစ်လေသည်။
"ကယ်ပါဦး... ကယ်ပါဦးရှင်... ဒီလူကြီးမင်း ကယ်ပါဦး... သူတို့က လူဆိုးတွေပါ... ကျွန်မတို့ကို ဖမ်းချုပ်ပြီး နေ့တိုင်း နှိပ်စက်နေကြတာပါ... ကျွန်မတို့ကို ကယ်ပါဦး"
အခြား တဲအိမ်များထဲမှ ဖိနှိပ်ခံထားရသူများလည်း ပြေးထွက်လာကြသည်။
အခြေအနေကို သဘောပေါက်သွားသောအခါ ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ လင်းယွမ်ရှိရာဘက်သို့ ထိုင်ရှိခိုးကာ ကယ်တင်ရန် အသနားခံကြတော့သည်။
ထိုသူများအားလုံးသည် လီခွေရုံနှင့် အပေါင်းအပါများ၏ ဖမ်းဆီးနှိပ်စက်ခြင်းကို ခံထားရသူများ ဖြစ်သည်။
သူတို့သည် လီခွေရုံ အဖွဲ့ကို အရိုးထဲထိအောင် မုန်းတီးနေကြသည်။
အဝေးရှိ စိုက်ခင်းထဲမှ လူအများအပြားလည်း ပေါက်ပြားများကို ပစ်ချကာ ပြေးလာကြသည်။
သစ်တောထဲတွင် ရှိနေသော လီခွေရုံ၏ လူအချို့မှာမူ ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် ကြောက်လန့်တကြား တောနက်ထဲသို့ ထွက်ပြေးသွားကြသည်။
လင်းယွမ်က ထွက်ပြေးသွားသော သူများကို ဂရုမစိုက်ပေ။
သူက လီခွေရုံကို ထိန်းချုပ်လျက် ရှေ့သို့ ဆက်လျှောက်သွားပြီး အသက်လေးဆယ်ကျော် အမျိုးသမီးတစ်ဦးနားသို့ သွားလိုက်သည်။
"ယွင်ချွမ်ဘုရားကျောင်း အနောက်ဖက်မှာ အလောင်းတွေ ပစ်ထားတဲ့ နေရာတစ်ခု ရှိတယ်ဆို... ခင်ဗျား သိလား"
ထိုအမျိုးသမီးက ခေါင်းမော့လာပြီး မျက်ရည်စများနှင့် "သိပါတယ်... ကျွန်မယောက်ျားကို သူတို့ ရိုက်သတ်ပြီး အဲဒီမှာပဲ ပစ်ထားခဲ့ကြတာ... သူတို့က တိရစ္ဆာန်တွေ... ဟင့်အင်း... တိရစ္ဆာန်ထက်တောင် ဆိုးတဲ့ကောင်တွေ"
လင်းယွမ်က "ထပါ... ကျွန်တော့်ကို လမ်းပြပေး... ခင်ဗျားအတွက် လက်စားချေပေးမယ်" ဟု ပြောလိုက်သည်။
ထိုအမျိုးသမီးက စကားတစ်ခွန်းမျှ ပြန်မပြောဘဲ ချက်ချင်း ထရပ်လိုက်သည်။
အဝေးမှ လူအချို့ကလည်း ထိုစကားကို ကြားသဖြင့် မတ်တတ်ရပ်လာကြသည်။
"ဒီက လူကြီးမင်း... ကျွန်တော်တို့လည်း သိတယ်... ကျွန်တော်တို့ လိုက်ပို့ပေးမယ်"
"ရန်မေ... ရန်မေလား... ငါပါ... ဒေါ်လေးပါ" အသက်ငါးဆယ်ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးက လင်းယွမ်အနောက်ရှိ ရန်မေကို မြင်လိုက်ရသဖြင့် ဝမ်းသာအားရ ပြေးလာသည်။
ရန်မေက ထိုအမျိုးသမီးကြီးကို မြင်လိုက်ရသောအခါ မျက်ရည်များ ဝဲလာလေသည်။ "ဒေါ်လေး"
ဦးလေးရန်ကလည်း အော်ပြောလိုက်သည်။ "အားလုံးပဲ... ဒီတိရစ္ဆာန်ကောင်တွေကို ဆရာလင်းက သတ်ပစ်လိုက်ပြီ... အားလုံး အငြိုးရှိရင် လက်စားချေလို့ရပြီ... ဆရာလင်းက ခင်ဗျားတို့အတွက် တရားစီရင်ပေးလိမ့်မယ်"
လူအုပ်ကြီးမှာ စိတ်လှုပ်ရှားသွားကြပြီး အဝေးမှ ပြေးလာကြသည်။
လူအုပ်ကြီးက ဒေါသအမျက်ချောင်းချောင်းထွက်ကာ သေဆုံးသွားသော အစွမ်းပိုင်ရှင်များ၏ အလောင်းများကို ကြိမ်ဒဏ်ပေးခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်ကြသည်။
လင်းယွမ်က ရန်မေကို ဆွဲခေါ်ကာ လမ်းပြခိုင်းပြီး ယွင်ချွမ်ဘုရားကျောင်း၏ အလောင်းစွန့်ပစ်ရာ နေရာသို့ ထွက်လာခဲ့သည်။
ထိုနေရာသည် သိပ်မကျယ်ဝန်းလှဘဲ တောင်ပေါ်ရှိ ဝါးတောထဲတွင် ရှိသည်။
ဝါးတောထဲတွင် သဘာဝအလျောက် ဖြစ်ပေါ်နေသော ကုန်းဆင်းတစ်ခု၌ ကျင်းကြီးတစ်ကျင်း တူးထားသည်။
ကျင်းထဲတွင် အလောင်းပေါင်းများစွာ ပုပ်ပွနေပြီး အချို့မှာ ရေထဲတွင် ပွနေကာ အချို့မှာ အရိုးစုများ ဖြစ်နေပြီဖြစ်သည်။
အလောင်းများစွာကို တောထဲတွင် စွန့်ပစ်ထားသဖြင့် သန္ဓေပြောင်း သတ္တဝါများ ကိုက်ခဲထားသည်များလည်း ရှိသလို မိုးရေတိုက်စားမှုကြောင့် ပုပ်အက်နံ့များလည်း ထွက်ပေါ်နေကာ လိုက်ပါလာသူများ၏ မျက်နှာများ ပျက်သွားကြသည်။
လင်းယွမ်သည် ထိုအနိဋ္ဌာရုံ မြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာပျက်သွားသည်။
ရေထဲတွင် စိမ်နေသော အလောင်းပေါင်းများစွာထဲမှ ရန်မေ၏ အမေကို ဘယ်လိုရှာရမည်နည်း။
သူ ခေတ္တမျှ တိတ်ဆိတ်သွားသည်။ ရန်မေမှာမူ ဝမ်းနည်းပက်လက် ငိုကြွေးနေတော့သည်။
"အီး... ဟီး... မေမေ... မေမေရယ်"
သူမက အောက်သို့ ဆင်းသွားရန် ပြင်သော်လည်း လင်းယွမ်က ဖက်ထားလိုက်သည်။
အောက်ဘက်ရှိ ကျင်းက ဘယ်လောက်နက်မှန်း မသိရသလို အချိန်ကြာမြင့်စွာ စိမ်ထားသော အလောင်းများကြောင့် ရောဂါပိုးမွှားများ ရှိနေနိုင်သည် မဟုတ်ပါလား။
ရန်မေ ဆင်းသွားသည်မှာ မိလ္လာကန်ထဲ ခုန်ဆင်းသွားသည်နှင့် အတူတူပင် ဖြစ်သည်။
လင်းယွမ်က သူမကို ဖက်ထားရင်း "အမမေ... ဒီ လီခွေရုံကိုပဲ ဆင်းခိုင်းလိုက်မယ်... အန်တီ့ အလောင်းကို ရှာမတွေ့မချင်း သူ့ကို အဲဒီအောက်မှာပဲ သေခိုင်းလိုက်မယ်" ဟု ပြောလိုက်သည်။
ရန်မေက မျက်ရည်များ ကျဆင်းလျက် လင်းယွမ်၏ ရင်ခွင်ထဲတွင် ပျော့ခွေကျသွားပြီး အော်ဟစ်ငိုကြွေးလေသည်။
နောက်မှ လိုက်လာသော ဖိနှိပ်ခံ အမျိုးသမီးများလည်း ဤအဖြစ်ဆိုးကို မြင်ရသောအခါ သနားစဖွယ် ငိုကြွေးသံများ ထွက်ပေါ်လာသည်။
ဤနေရာတွင် သူတို့၏ သားသမီးများ၊ ခင်ပွန်းများ၊ မိဘများ ရှိနေနိုင်သည်။
လီခွေရုံတို့ လူစုက လူငယ်၊ လူလတ်ပိုင်းနှင့် အမျိုးသမီးများကို ချန်ထားပြီး လူကြီးများနှင့် အာခံသူများကို သတ်ဖြတ်ကာ ဤနေရာတွင် စွန့်ပစ်ခဲ့ခြင်း ဖြစ်သည်။
လင်းယွမ်က ရုပ်သေးကြိုးကို ဆွဲလိုက်ရာ လီခွေရုံသည် မနေချင်ဘဲ အောက်သို့ ဆင်းသွားရသည်။
သူ့မျက်နှာပေါ်တွင် ထိတ်လန့်မှုများ အပြည့်ဖြစ်နေပြီး နှာခေါင်းထဲ တိုးဝင်လာသော ပုပ်အက်နံ့များကြောင့် ပျို့အန်ချင်လာသည်။
သို့သော် ရုပ်သေးကြိုးဖြင့် ထိန်းချုပ်ခံထားရသဖြင့် လှုပ်ရှား၍ မရပေ။
"လီခွေရုံ... ရန်မေရဲ့ အမေ အလောင်း ဘယ်မှာလဲ"
လင်းယွမ်က အေးစက်စွာ မေးလိုက်သည်။
လီခွေရုံက တုန်တုန်ယင်ယင်ဖြင့် "ဒီ... ဒီနားမှာပဲ... ငါ... ငါ ဘယ်အလောင်းလဲ မသိတော့ဘူး"
လင်းယွမ်က ကြိုးတစ်ချောင်းကို ဆွဲလိုက်ရာ လီခွေရုံသည် လေပေါ်သို့ မြောက်တက်သွားပြီး အလောင်းကန်ထဲသို့ တန်းတန်းမတ်မတ် ခုန်ဆင်းသွားရသည်။
"ဘုန်း"
ရေပုပ်များ စင်ထွက်သွားသည်။ ကံကောင်းသည်မှာ ရေသိပ်မနက်လှပေ။ လီခွေရုံက အလောင်းပုံထဲတွင် မွှေနှောက်ရှာဖွေနေရသည်။
အလောင်းကောင် ပုပ်နံ့များက မိုးထိအောင် ထောင်တက်နေပြီး အရိုးစုများလည်း ပေါလောပေါ်နေသည်။
လင်ဖန်း သေဆုံးသွားသည်မှာ မည်မျှကြာပြီမှန်း မသိရသလို အောက်တွင် မြှုပ်နှံထားသဖြင့် မည်သည့်အရိုးစုမှန်း ခွဲခြား၍ မရတော့ပေ။
"ငါ မတွေ့တော့ဘူး... ငါ ရှာမတွေ့တော့ဘူး... တောင်းပန်ပါတယ်... ငါ့ကို အပေါ်ပြန်တက်ခိုင်းပါတော့... ငါ မခံနိုင်တော့ဘူး"
လီခွေရုံက ကျင်းထဲမှနေ၍ တောင်းပန် အသနားခံနေသည်။ သူ့တစ်ကိုယ်လုံးရှိ ကြွက်သားများ နာကျင်တောင့်တင်းနေပြီး အရေပြားများမှာ ရေစိမ်ထားသဖြင့် ဖြူဖပ်ဖြူရော်နှင့် တွန့်လိပ်နေကာ ခန္ဓာကိုယ်မှ ရေဓာတ်များ ဆုံးရှုံးနေပြီဖြစ်သည်။
လင်းယွမ်က ကမ်းပါးပေါ်တွင် မည်သည့် ခံစားချက်မှ မရှိသော မျက်နှာဖြင့် ရပ်နေသည်။ လီခွေရုံ၏ အာရုံကြောများ ပြိုလဲလုနီးပါး ဖြစ်နေသည်ကို သူ အာရုံခံမိသည်။
သူ ထိန်းချုပ်ထားသည့်တိုင် လီခွေရုံ၏ ခြေလက်များက စကားမနားထောင်တော့ပေ။
ဒါက တစ်ဖက်လူ အကန့်အသတ် ရောက်သွားပြီဖြစ်၍ ကြွက်သားများကို မထိန်းချုပ်နိုင်တော့ခြင်း ဖြစ်သည်။
လင်းယွမ်က အေးစက်သော အကြည့်များဖြင့် စာနာစိတ် ကင်းမဲ့စွာ ကြည့်နေသည်။
လီခွေရုံက တောင်းပန်နေရင်း ခန္ဓာကိုယ် တောင့်တင်းလာပြီး ရေထဲသို့ ဘုန်းခနဲ လဲကျသွားကာ နှာခေါင်းနှင့် ပါးစပ်ထဲသို့ အလောင်းပုပ်ရေများ ဝင်ကုန်ကြသည်။
ပြင်းထန်သော ချောင်းဆိုးသံများ ထွက်ပေါ်လာပြီး သူက ရေပေါ်သို့ ခေါင်းဖော်ရန် ကြိုးစားနေသည်။
သို့သော် သူ့ကိုယ်ပေါ်တွင် အားအင်မရှိတော့ပေ။ သူက သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် လင်းယွမ်ကို စိုက်ကြည့်ကာ "ငါ သရဲဖြစ်ရင်တောင် မင်းတို့ကို အလွတ်မပေးဘူး... မင်းတို့လို ခွေးလင်မယားကို ငါသေတာတောင် လက်စားပြန်ချေဦးမှာ... ဂွပ်"
သူ့ခန္ဓာကိုယ်က ရေအောက်သို့ မြုပ်သွားပြီး ပြန်ပေါ်မလာတော့ပေ။
ဘေးပတ်လည်ရှိ သူဖယ်ထုတ်ခဲ့သော အလောင်းများသည် ဝိညာဉ်ဝင်ပူးသွားသကဲ့သို့ မိုးရေအရှိန်ဖြင့် ပြိုကျလာကာ လီခွေရုံကို ရေအောက်ခြေတွင် ဖိချထားလိုက်ကြသည်။
လင်းယွမ်က ရန်မေကို ဖက်ထားရင်း "ဒီလောကကြီးမှာ တကယ်သာ သရဲတစ္ဆေ ရှိခဲ့ရင်... မင်းလို တိရစ္ဆာန်ကောင်က မတရားသေသွားတဲ့ လူတွေလက်ချက်နဲ့ တစ်စစီ ဖြစ်ပြီးလောက်ပြီ" ဟု ပြောလိုက်သည်။
ရန်မေက မျက်လုံးများ ရဲရဲနီသည်အထိ ငိုကြွေးရင်း ကြီးမားလှသော အလောင်းကျင်းကြီးကို ကြည့်ကာ မိခင်ဖြစ်သူ၏ ပုံရိပ်ကို ပြန်မြင်ယောင်လာပြီး ဝမ်းနည်းပက်လက် ဖြစ်နေသည်။
လင်းယွမ်က "အမမေ... ဒီနေရာကို မြှုပ်လိုက်ရအောင်... အန်တီ့ကို ဒီမှာပဲ အနားယူခိုင်းလိုက်ပါတော့"
"မိန်တောင်က သူ့အိမ်ပဲလေ... ပြန်လာကြည့်ရတာလည်း အဆင်ပြေတာပေါ့" ဟု နှစ်သိမ့်လိုက်သည်။
ရန်မေက ရှိုက်ကြီးတငင် ငိုကြွေးရင်း အောက်တွင် အလောင်းပေါင်းများစွာ ရှိနေသဖြင့် မိခင်၏ ရုပ်အလောင်းကို ပြန်ရှာတွေ့ရန် မဖြစ်နိုင်တော့မှန်း သိလိုက်သည်။
သူမက မျက်ရည်များကို သုတ်ရင်း မြေကြီးပေါ်တွင် ဒူးထောက်ချလိုက်ကာ "မေမေ... သမီး မိုက်မဲခဲ့ပါတယ်... မေမေ့ဆီ စောစော မလာနိုင်ခဲ့ဘူး... အီး... ဟီး"
သူမက ပြောရင်းဆိုရင်း ထပ်မံ ငိုကြွေးပြန်သည်။
လင်းယွမ်က သက်ပြင်းချလိုက်ပြီး လက်ကို ဆန့်တန်းလိုက်သည်။ အားကောင်းလှသော စိတ်စွမ်းအင်ဖြင့် တွန်းပို့လိုက်ရာ ဧရာမ လက်ကြီးတစ်ဖက်ဖြင့် ဖုံးအုပ်လိုက်သကဲ့သို့ ပတ်ဝန်းကျင်ရှိ မြေကြီးများက ကျင်းထဲသို့ ဘုန်းခနဲ ဝင်ရောက်သွားကြသည်။
မကြာမီ အလောင်းကျင်းကြီးသည် တောင်ကုန်းငယ်လေး တစ်ခု ဖြစ်သွားသည်။
လင်းယွမ်က ရန်မေကို တွဲထူပေးလိုက်ပြီး တောင်ကုန်းလေးကို ကြည့်ကာ "အန်တီ စိတ်ချပါ... ဒီကမ္ဘာကြီးက နောက်ပိုင်း ဘယ်လောက်ပဲ ဆိုးရွားသွားပါစေ... ကျွန်တော် အသက်ရှင်နေသရွေ့ ရန်မေကို စိတ်ချမ်းသာအောင် ထားပါ့မယ်... သူ့ကို ဒုက္ခမရောက်စေရပါဘူး"
"ဒီနေ့ အန်တီ့ရှေ့မှောက်မှာပဲ ကျွန်တော် ရန်မေ့လိုပဲ အန်တီ့ကို အမေလို့ ခေါ်ပါရစေ... ကျွန်တော်တို့ လက်မထပ်ရသေးပေမဲ့ ကျွန်တော့်စိတ်ထဲမှာ သူက ကျွန်တော့်ဇနီး၊ ကျွန်တော့်မိန်းမ ဖြစ်နေပါပြီ... သူ့ကို ကျွန်တော့်လက်ထဲ စိတ်ချလက်ချ ထည့်ပေးလိုက်ပါ"
"သူ့အဖေကိုလည်း ကျွန်တော် လိုက်ရှာပေးပါ့မယ်... အန်တီတို့ကို ဒုက္ခပေးခဲ့တဲ့သူတွေကိုလည်း တစ်ယောက်မှ အလွတ်မပေးပါဘူး"
"ကောင်းကောင်း အနားယူပါတော့ အမေ"
သူက လေသံတိုးတိုးဖြင့် ပြောလိုက်ရာ ရန်မေက သူ့ကို လှည့်ကြည့်လာသည်။ သူမ၏ မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လျှံနေပြီး လင်းယွမ်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ အော်ဟစ်ငိုကြွေးလေတော့သည်။
သူ့ရင်ခွင်က သူမအတွက်တော့ အမြဲတမ်း နားခိုရာ ဆိပ်ကမ်းတစ်ခု ဖြစ်ခဲ့သည်။
မျှော်လင့်ချက် ကုန်ဆုံးနေချိန်တုန်းကလည်း သူက တံခါးဖွင့်ပေးပြီး လက်ခံပေးခဲ့သည်။
ကံကောင်းစွာဖြင့် သူက သူမဘေးတွင် ရှိနေပေးခဲ့သည်။ သို့မဟုတ်လျှင် သူမ ဤအရာအားလုံးကို မည်သို့ ရင်ဆိုင်ရမည်မသိပေ။
ငိုရလွန်း၍ မောပန်းသွားသည်လား၊ စိတ်ထိခိုက်လွန်းသွားသည်လား မသိ။ ရန်မေမှာ သတိလစ်သွားလေသည်။
လင်းယွမ်က သူမကို ပွေ့ချီလိုက်ပြီး စိတ်စွမ်းအင်ဖြင့် အကာအကွယ်ပေးကာ မိုးဒဏ်လေဒဏ် မသင့်အောင် ကာကွယ်ပေးလိုက်သည်။
ယွင်ချွမ်ဘုရားကျောင်းသို့ ပြန်ရောက်သောအခါ နေရာတစ်ခုလုံး ပရမ်းပတာ ဖြစ်နေပြီဖြစ်သည်။
ဘုရားကျောင်းထဲတွင် ကျန်ရစ်ခဲ့သော ခြေထောက်ကျိုးနေသူများကို အသက်ရှင်ကျန်ရစ်သူများက ရိုက်သတ်လိုက်ကြပြီဖြစ်သည်။
ထိုသူများက အလွန် ရက်စက်ကြမ်းကြုတ်စွာ လက်စားချေခဲ့ကြသည်မှာ ထင်ရှားလှသည်။
အလောင်းအချို့တွင် ကိုက်ဖြတ်ထားသော ဒဏ်ရာများပင် တွေ့ရသည်။
တစ်စုံတစ်ယောက်က သူတို့အသားကို ကိုက်ဖဲ့ထားခြင်း ဖြစ်သည်။
ထိုလူယုတ်မာများ မည်မျှအထိ ယုတ်မာခဲ့ကြသလဲ ဆိုသည်ကို ခန့်မှန်းကြည့်ရုံဖြင့် သိနိုင်သည်။
လင်းယွမ်က အလောင်းများကို တစ်ချက်သာ ဝေ့ကြည့်လိုက်ပြီး ရန်မေကို အခန်းတစ်ခန်းထဲသို့ ပို့ဆောင်ပေးလိုက်သည်။
ဦးလေးရန်က အနောက်တွင် ရပ်နေရင်း "ဒါဆို... ဆရာလင်း... ငါတို့ အခု ဘယ်လိုလုပ်ကြမလဲ" ဟု တိုးတိုးလေး မေးလိုက်သည်။
လင်းယွမ်က သူ့ကို ကြည့်လိုက်ပြီး "ဘာကို ဘယ်လိုလုပ်ရမှာလဲ"
"ဒီလူတွေလေ... သူတို့ အပြင်မှာ ဒူးထောက်ပြီး ငါတို့ကို စောင့်ရှောက်ပေးဖို့ တောင်းဆိုနေကြတယ်"
ယွင်ချွမ်ဘုရားကျောင်းမှ အစွမ်းပိုင်ရှင်များကို သူ သတ်ပစ်လိုက်ပြီ ဖြစ်ရာ ဒီသာမန်လူများအတွက် အသက်ရှင်ရန် လမ်းစ မရှိတော့ပေ။
ထွက်ပြေးသွားသော လီခွေရုံ၏ နောက်လိုက်များ သို့မဟုတ် မိန်တောင်ထဲတွင် ပုန်းအောင်းနေသော သန္ဓေပြောင်း သတ္တဝါများသာ ထွက်လာခဲ့လျှင် ဤလူများအားလုံး အသတ်ခံရမည်မှာ သေချာသည်။
ထို့ကြောင့် ထိုသူများသည် လင်းယွမ် သူတို့ကို စောင့်ရှောက်ပေးရန် အပြင်ဘက်တွင် ဒူးထောက် တောင်းပန်နေကြခြင်း ဖြစ်သည်။
လင်းယွမ်က "လောလောဆယ် ကျွန်တော် စိတ်မပါသေးဘူး... သူတို့ကို အပြင်ဘက်ကို အရင် ရှင်းလင်းခိုင်းလိုက်" ဟု ပြောလိုက်သည်။
"အေး... ဟုတ်ပြီ... ငါ ပြောလိုက်ပါ့မယ်"
"သွားတော့"
ဦးလေးရန်က ခြေသံလုံလုံဖြင့် အခန်းထဲမှ ထွက်ခွာသွားပြီး တံခါးပြန်ပိတ်ပေးခဲ့သည်။
လင်းယွမ်က ရန်မေ၏ ကုတင်ဘေးတွင် ထိုင်ကာ ငိုထားသဖြင့် မို့အစ်နေသော မျက်လုံးများကို ကြည့်ရင်း စိတ်မကောင်း ဖြစ်မိသည်။
ရန်မေက သူ့အတွက် ပထမဆုံးသော အမျိုးသမီး ဖြစ်ပြီး သူ့စကားကို အမြဲ နားထောင်ကာ နူးညံ့သိမ်မွေ့သူ ဖြစ်သည်။
သူမကို မချစ်ဘဲနေရန် ခက်ခဲလှသည်။ သူမ ဝမ်းနည်းပက်လက် ဖြစ်နေသည်ကို မြင်ရသောအခါ လင်းယွမ်၏ စိတ်ထဲတွင်လည်း မခံစားနိုင်ပေ။
သို့သော် သူသည် တန်ခိုးရှင် နတ်ဘုရား မဟုတ်သဖြင့် လူတိုင်းကို မကယ်တင်နိုင်ချေ။
ရန်မေ၏ မိခင် ကြုံတွေ့ခဲ့ရသည်မှာလည်း ဤကမ္ဘာပျက်ကပ် ရေလွှမ်းမိုးမှုကြီးအောက်တွင် ဖြစ်ပျက်နေကျ ဖြစ်ရပ်ဆိုးတစ်ခုသာ ဖြစ်သည်။
တိုက်ဆိုင်စွာဖြင့် ထိုသူက ရန်မေ၏ အမေ ဖြစ်နေခဲ့ခြင်းသာ။
လင်းယွမ်က တိတ်ဆိတ်စွာဖြင့် အနာဂတ်အတွက် စဉ်းစားနေမိသည်။
ယန်တောင်က ကောင်းမွန်သော်လည်း ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၁၀၀၀) ခန့်သာ ရှိသည်။ မကြာမီ ရောက်လာတော့မည့် အအေးလှိုင်းက ရေကြီးမှုကို ခေတ္တ တားဆီးပေးနိုင်ကောင်း ပေးနိုင်လိမ့်မည်။
သို့သော် အအေးလှိုင်း ပြီးသွားလျှင်ရော...
မိုးသည်းထန်စွာ ဆက်ရွာဦးမည်လား... ရေကြီးမှုက ဆက်လက် ဖြစ်ပေါ်နေဦးမည်လား...
ထိုအချိန်ကျလျှင် ယန်တောင်က တကယ်ရော တောင့်ခံနိုင်ပါ့မလား...
သူ့မျက်လုံးများက လေးနက်လာသည်။ သင်္ဘောဆောက်လုပ်ခြင်းက မဖြစ်မနေ လုပ်ရမည့်ကိစ္စ ဖြစ်လာသည်။
ထို့ပြင် တိမ်လွှာများအထက်သို့ ပျောက်ကွယ်သွားသော သန္ဓေပြောင်း ငှက်ကြီးများက ဘယ်ရောက်သွားကြသနည်း။
တိမ်လွှာများအထက်တွင် ဘာတွေ ရှိနေသနည်း။
မကြာမီ ရောက်လာမည့် အအေးလှိုင်းက ရေကြီးမှုကို တကယ်ရော ခဲသွားစေနိုင်မလား။
အကယ်၍ ရေခဲသွားခဲ့လျှင် နိုင်ငံတော်က ကယ်ဆယ်ရေး လုပ်ငန်းများကို စတင်နိုင်ပြီလား။
မေးခွန်းပေါင်းများစွာက လင်းယွမ်၏ ခေါင်းထဲတွင် ဖြတ်သန်းသွားသည်။ သူ၏ အတွေးအာရုံများ ရှုပ်ထွေးနေပြီး အနာဂတ်အတွက် ဝေဝါးနေမိသည်။
သူ့အစွမ်းများ တိုးတက်လာသည် ဆိုသော်လည်း လက်ရှိအဆင့်တွင် ကန့်သတ်ချက် တစ်ခုသို့ ရောက်နေပြီဖြစ်သည်။
ဒါက သူ့အတွက် ကန့်သတ်ချက် ဖြစ်သော်လည်း သန္ဓေပြောင်း သတ္တဝါများအတွက် ကန့်သတ်ချက် မဟုတ်ပေ။
မျိုးရိုးဗီဇ မြေပုံကို ဖွင့်ရန် သူက မျိုးရိုးဗီဇမျိုးစေ့ လိုအပ်သော်လည်း သန္ဓေပြောင်း သတ္တဝါများက လိုအပ်ချင်မှ လိုအပ်လိမ့်မည်။
အကယ်၍ ရေပြင်ကြီးက ခဲသွားပြီး စစ်တပ်က ထွက်လာနိုင်ခဲ့လျှင် ခေတ်မီ လက်နက်ဆန်းများ ပါလာမည်မှာ သေချာသည်။
မိမိ၏ လက်ရှိအစွမ်းက သေနတ်များနှင့် အမြောက်ဆံများကို ခံနိုင်ရည် ရှိပါ့မလား။
လင်းယွမ်က မျက်လုံးမှိတ်လျက် "ငါ့အစွမ်းတွေက မလုံလောက်သေးဘူးပဲ" ဟု ရေရွတ်လိုက်သည်။
"မျိုးရိုးဗီဇမျိုးစေ့ကို... ဘယ်မှာသွားရှာရမလဲ"
လင်းယွမ်၏ စိတ်ထဲတွင် အေးချမ်းစ ပြုလာရာမှ ယခုကဲ့သို့ အန္တရာယ် အငွေ့အသက်များ ပြန်လည် ဖုံးလွှမ်းလာသည်။
ထိုအန္တရာယ် အငွေ့အသက်များကပင် သူ့ကို ရှေ့ဆက်တိုးရန် တွန်းအားပေးနေခြင်း ဖြစ်သည်။
အချိန်များ ကုန်ဆုံးသွားပြီး မိန်တောင် သစ်တောအုပ်ထဲတွင်...
လူရိပ် ခုနစ်ယောက် ရှစ်ယောက်ခန့် သစ်တောထဲမှ တိုးထွက်လာကြသည်။
ထိုအထဲမှ တစ်ယောက်မှာ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး မိုးရေများဖြင့် စိုရွှဲနေသည်။
သူက တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး "ရောက်တော့မယ်... ရှေ့မှာ ငါပြောတဲ့ လိုဏ်ဂူရှိတယ်" ဟု ပြောလိုက်သည်။
"အစ်အစ်ကိုကျဲ... အဲဒီဂူက လုံခြုံရဲ့လား... သန္ဓေပြောင်း သတ္တဝါတွေ ရှိနေမလား" တစ်ယောက်က စိုးရိမ်တကြီး မေးလိုက်သည်။
"အစ်အစ်ကိုကျဲ... မြန်မြန်သွားရအောင်... ဟိုလူ လိုက်လာဦးမယ်"
"တောက်... ရန်မေနဲ့ ဦးလေးရန် ခေါ်လာတဲ့ကောင်က ဘယ်လိုကောင်လဲကွာ... ကြောက်စရာ ကောင်းလိုက်တာ"
လူအချို့က ကျိန်ဆဲရင်း ရန်မင်ကျဲကို မြန်မြန်သွားရန် တိုက်တွန်းနေကြသည်။
ရန်မင်ကျဲကလည်း စကားပြန်မပြောတော့ဘဲ သစ်တောထဲတွင် အမြန် ပြေးလွှားလေတော့သည်။
ရုတ်တရက် အနောက်မှ ရန်အာယသည် ခြေချော်ကာ ဘုန်းခနဲ လဲကျသွားသည်။
ရန်မင်ကျဲက လှည့်ကြည့်လိုက်သော်လည်း သွားမထူဘဲ "မြန်မြန်လာ" ဟုသာ အော်ပြောလိုက်သည်။
ရန်အာယက အံကြိတ်ကာ ပြန်ထပြီး နောက်မှ လိုက်လာခဲ့သည်။
နောက်ဆုံးတွင် သူတို့လူစုသည် လျှို့ဝှက် ဂူတစ်ဂူ ရှေ့သို့ ရောက်လာကြသည်။
ရန်မင်ကျဲက ရပ်လိုက်ပြီး "ဒီဂူက ရေမကြီးခင်တုန်းက တောင်ပေါ်မှာ ငါ ရှာတွေ့ခဲ့တာ... နွေရာသီဆိုရင် သူငယ်ချင်းတွေနဲ့ ဒီမှာ အသားကင်စားပြီး လာအနားယူနေကျ... လူသွားလမ်းနဲ့လည်း ဝေးတော့ ခရီးသွားတွေ သိပ်မလာဘူး... တော်တော် တိတ်ဆိတ်တယ်... သိတဲ့လူ နည်းတော့ လုံခြုံလောက်ပါတယ်"
သူက အနောက်သို့ လှည့်ကြည့်ပြီး မျက်နှာဝိုင်းဝိုင်းနှင့် လူငယ်ကို "ဖားပြုတ်... မင်း ဝင်ကြည့်လိုက်" ဟု ခိုင်းလိုက်သည်။
မျက်နှာဝိုင်းနှင့် လူငယ်က ကြောင်သွားပြီး မျက်နှာပျက်သွားသည်။ "အစ်ကိုကျဲ... ကျွန်... ကျွန်တော် တစ်ယောက်တည်းလား"
ရန်မင်ကျဲ၏ မျက်နှာက တည်သွားသည်။ "မင်းက လူဘယ်နှယောက် လိုချင်သေးလို့လဲ... ငါတို့ထဲမှာ မင်းက အပြေးအမြန်ဆုံးပဲ... မင်းမသွားလို့ ဘယ်သူသွားမလဲ"
ဘေးနားရှိ ရန်ခိုင်ကလည်း "ဟုတ်တယ်လေ ဖားပြုတ်ရာ... အစ်ကိုကျဲက ခိုင်းမှတော့ သွားလိုက်ပါ" ဟု ဝင်ပြောသည်။
ဖားပြုတ်ဟု အမည်ပြောင်ပေးထားသော လူငယ်က မျက်လုံးကို ကလယ်ကလယ် လုပ်ရင်း ရန်အာယကို ကြည့်ကာ "အာယလည်း အလျင်အစွမ်း ရှိတာပဲ... သူ့အမြန်နှုန်းက ကျွန်တော့်ထက် မနှေးပါဘူး... သူ့ကို ခိုင်းလို့ မရဘူးလား"
ရန်အာယက ထိုစကားကို ကြားသောအခါ မျက်နှာပျက်သွားပြီး "ခုနက ကျွန်မ ချော်လဲထားလို့ ခြေထောက်နာနေတယ်" ဟု အလန့်တကြား ပြောလိုက်သည်။
ထို့နောက် သူမက ရန်မင်ကျဲကို သနားစဖွယ် ကြည့်လိုက်သည်။
မကြာသေးမီကမှ သူမနှင့် ရန်မင်ကျဲတို့ တောထဲတွင် ဆက်ဆံရေး ရှိခဲ့သည် မဟုတ်ပါလား။
ရန်မင်ကျဲကလည်း ကိုယ့်လူရင်းဘက်သာ ပါမည်ဖြစ်သည်။ သူက ဖားပြုတ်ကို ကြည့်ကာ "ဖားပြုတ်... မင်းက ယောက်ျားတစ်ယောက် ဖြစ်ပြီးတော့ မိန်းကလေးကို သွားခိုင်းတာ သင့်တော်လို့လား... စကားများမနေနဲ့... မင်း သွားမှာလား မသွားဘူးလား"
သူ့မျက်နှာထားက တင်းမာခက်ထန်လာသည်။
ဖားပြုတ်၏ မျက်နှာ ပျက်သွားသော်လည်း ဘာမှ ပြန်မပြောရဲတော့ဘဲ ခေါင်းငုံ့ကာ ဂူဝသို့ သွားလိုက်ရသည်။
အဖွဲ့ထဲရှိ အခြားလူငယ်နှစ်ဦးလည်း မျက်နှာပျက်သွားကြသည်။
ရန်မင်ကျဲ၊ ရန်အာယနှင့် ရန်ခိုင်တို့ သုံးဦးသည် ကင်းလှည့်အဖွဲ့ တစ်ဖွဲ့တည်းဖြစ်ပြီး လင်းယွမ်တို့နှင့် အရင်ဆုံး တွေ့ခဲ့ကြသူများ ဖြစ်သည်။
ကျန်သည့် သုံးယောက်မှာမူ စိုက်ခင်းဖက်တွင် ကင်းလှည့်နေသူများ ဖြစ်သည်။
လင်းယွမ်၏ သတ်ဖြတ်ပွဲကို မြင်လိုက်ရပြီးနောက် သူတို့ သုံးယောက်က အနားမကပ်ရဲဘဲ ထွက်ပြေးလွတ်မြောက်လာခြင်း ဖြစ်သည်။
တောထဲရောက်မှ ရန်မင်ကျဲတို့နှင့် ပေါင်းမိကြခြင်း ဖြစ်သည်။ ရန်မေ ခေါ်လာသော ကောင်လေးက ထိုမျှ ကြောက်စရာကောင်းမှန်း ရန်မင်ကျဲ ပြောပြမှ သိရတော့သည်။
သူတို့ သုံးယောက်မှာ ကြောက်လန့်တကြားဖြစ်ပြီး ယွင်ချွမ်ဘုရားကျောင်းသို့ ပြန်မသွားရဲတော့ဘဲ တောင်ပေါ်သို့ ထွက်ပြေးလာကြသည်။
ရန်မင်ကျဲက တောင်ပေါ်လမ်းများကို ကျွမ်းကျင်သဖြင့် ဤဂူကို ခေါ်လာခြင်းဖြစ်သည်။
သူက ခွန်အားအစွမ်းပိုင်ရှင် ဖြစ်ပြီး သူတို့အထဲတွင် အသန်မာဆုံး ဖြစ်သည်။
ထို့ကြောင့် အလိုအလျောက် ခေါင်းဆောင် ဖြစ်လာတော့သည်။
"အစ်ကိုကျဲ... အဆင်ပြေတယ်... ဒီမှာ ဘာမှမရှိဘူး"
ဂူထဲမှ ဖားပြုတ်၏ အသံ ထွက်ပေါ်လာသည်။
လူအားလုံး သက်ပြင်းချနိုင်သွားကြသည်။ သို့သော် ရန်မင်ကျဲက စိတ်မချသေးဘဲ ရန်ခိုင်ကို လှည့်ကြည့်ကာ "ခိုင်ကြီး... မင်း သွားကြည့်လိုက်ဦး... ဖားပြုတ်က ပေါတောတော နေတတ်တယ်... မင်းက စိတ်ရှည်တော့ သေချာ ထပ်ကြည့်လိုက်"
ရန်ခိုင်က ခေါင်းငြိမ့်ကာ ပြေးဝင်သွားသည်။ ခဏကြာမှ "အစ်ကိုကျဲ... အဆင်ပြေတယ်" ဟု အော်ပြောလိုက်သည်။
ထိုအခါမှ ရန်မင်ကျဲနှင့် ကျန်လူများ ဂူထဲသို့ ဝင်သွားကြလေသည်။
ဆက်ရန်...
နောက်တစ်အုပ်မှာ စာသင်ကျောင်းကလူတွေနဲ့ ဘာတွေဆက်ဖြစ်မလဲ၊ မိန်တောင်ပေါ်မှာ ဘယ်လိုအထူးအဆန်းတွေနဲ့ကြုံရမလဲ၊ လင်းယွမ် တာဝန်နဲ့ လွှတ်လိုက်တဲ့ ထူလုံကရော ဘာတွေကြုံနေရလို့ ပြန်ရောက်မလာတာလဲ ဆိုတာကို စောင့်မျှော်အားပေးကြဦးနော်။