ဝက်သား ခွဲဝေခြင်း
Vol. 3 Ch. 21
ကုမင်တာ့ ၏ မေးသံ ကြားသောအခါ အဖိုးကုသည် တုံ့ဆိုင်းခြင်းမရှိဘဲ တောင်အောက်သို့ ဆက်လက် ပြေးဆင်းသွားသည်။
ကုမင်တာ့ တွင် ရွေးချယ်စရာ မရှိတော့သဖြင့် သူ၏ သားကြီး ကုယန်ကို တားလိုက်ရသည်။
ကုယန်သည် ပြေးထွက်သွားသော အဖိုးဖြစ်သူကို စိုးရိမ်တကြီး ကြည့်လိုက်ပြီး ရှင်းပြလိုက်သည်။
"ညီမလေး ရုတ်တရက် မူးလဲသွားတာပါ"
ကုမင်တာ့ နားမလည်နိုင်စွာ မေးလိုက်သည်။
"အဖိုးရဲ့ ကိုယ်ပေါ်က သွေးတွေကရော ဘာတွေလဲ"
ကုယန် ခဏရပ်တန့်သွားပြီး သူ့အနားရှိ ရွာသားများကို ကြည့်လိုက်သည်။ သူတို့၏ မျက်နှာများတွင် စစ်မှန်သော စိုးရိမ်ပူပန်မှုများ ပေါ်နေသည်ကို တွေ့ရသဖြင့် အမှန်အတိုင်း ပြောရန် ဆုံးဖြတ်လိုက်သည်။
"ကျွန်တော်တို့ တောင်ပေါ်မှာ တောဝက်တစ်ကောင်နဲ့ တွေ့ခဲ့တယ်"
အားလုံး အံ့ဩသွားကြသည်။
ကလေးသုံးယောက်နှင့် အဖိုးအိုတစ်ယောက်သည် တောဝက်လက်မှ လွတ်မြောက်ရန် အလွန် ခက်ခဲသော ကိစ္စဖြစ်သည်။ ရွာသားများက မနေနိုင်ဘဲ မေးလိုက်ကြသည်။
"ဒဏ်ရာရသွားကြလား"
ကုယန် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော်တို့ တောဝက်ကို သတ်လိုက်ပြီ"
ထိုစကားကို ကြားသောအခါ ရွာသားများသည် ကလေးများကို အထက်အောက် စုန်ဆန်ကြည့်လိုက်ကြပြီး စိတ်ကူးယဉ်ဆန်လွန်းသော ပုံပြင်တစ်ပုဒ်ဟု ခံစားလိုက်ရသည်။ ကုယန် လိမ်နေသလားဟုပင် သံသယဝင်မိကြသည်။
ဖခင်ဖြစ်သူ ကုမင်တာ့ ကမူ သားကို ယုံကြည်ပြီး မေးလိုက်သည်။
"အားယန်... တောဝက်က ဘယ်လောက်ကြီးလဲ"
ကုယန် ပြန်ဖြေသည်။
"ပေါင် ၂၀၀ လောက် ရှိမယ်"
ရွာသားများ၏ သံသယများ ပိုမိုကြီးမားသွားသည်။ ပေါင် ၂၀၀ အလေးချိန်ရှိသော တောဝက်တစ်ကောင်သည် လူအိုကြီးနှင့် ကလေးများ၏ စွမ်းဆောင်နိုင်စွမ်းထက် များစွာ ကျော်လွန်နေသည်။
တောဝက်များသည် ကြမ်းတမ်းပြီး ဝါရင့်မုဆိုးများပင် အသက်ရှင်ရန် မလွယ်ကူပေ။
"အားယန်... ပေါင် ၂၀၀ လောက်တောဝက်ဆိုတာ သေချာရဲ့လား... မှားနေတာ မဟုတ်ဘူးလား... ဝက်ပေါက်လေး ဖြစ်နေမလား"
ရွာသားတစ်ဦးက မေးလိုက်သည်။
ရွာသားများ၏ သံသယကို ရင်ဆိုင်ရသောအခါ ကုယန်က စိတ်ရှည်စွာ ရှင်းပြလိုက်သည်။
"တကယ် တောဝက်အကြီးကြီးပါ... ဝက်ပေါက်လေး မဟုတ်ပါဘူး"
ကုမင်တာ့ သည် သားဖြစ်သူကို ထပ်မမေးတော့ဘဲ ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။ တောဝက်ရှာဖွေရာတွင် သူ့နောက်သို့ အလိုက်အထိုက် လိုက်ပါလာသော ရွာသားများကို ကြည့်လိုက်၏။
ဤရင်းနှီးသော မျက်နှာများသည် သူ၏ မိတ်ဆွေဟောင်းများ ဖြစ်ကြသည်။
"မိတ်ဆွေတို့... ကျွန်တော့်သား အားယန်နဲ့အတူ တောင်ပေါ်ပြန်တက်ပြီး အဲ့ဒီ တောဝက်အသေကောင်ကို သယ်လာပေးလို့ ရမလား... ကျွန်တော်တို့ အညီအမျှ ခွဲယူကြမယ်လေ... ဘယ်လိုလဲ"
ကုမင်တာ့ က မေးလိုက်သည်။
သူ့နောက်သို့ လိုက်ပါလာသော ရွာသားများ ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်။
ကုယန်၏ စကားကို သံသယဝင်ကြသော်လည်း တကယ် ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ သူတို့ စုစုပေါင်း ၁၀ ယောက်မပြည့်ပေ။ ပေါင် ၂၀၀ အလေးချိန်ရှိသော တောဝက်ကို အညီအမျှ ခွဲဝေမည်ဆိုပါက မိသားစုတစ်စုလျှင် ၁၀ ပေါင်ကျော် ရရှိမည်ဖြစ်သည်။
အလကားရမဲ့ အသားကို ဘယ်သူက မလိုချင်ဘဲ နေမလဲ။
သဘာဝကျကျ ပြောရလျှင် တောဝက်ကို ကုမိသားစုက သတ်ဖြတ်ခြင်းဖြစ်၍ သယ်ကူပေးသူများမှာ တစ်ပေါင် နှစ်ပေါင်ခန့်သာ ရသင့်သည်။ ကုမိသားစု၏ ရက်ရောမှုက သူတို့ကို ကျေနပ်သွားစေသည်။
ထိုသို့ မှာကြားပြီးနောက် ကုမင်တာ့ သည် ကုယန်ကို ရွာသားများနှင့်အတူ တောင်ပေါ်သို့ ပြန်လွှတ်လိုက်ပြီး သူကိုယ်တိုင်က ကုကျောက်ကို ခေါ်ကာ အဖိုးဖြစ်သူ၏နောက်သို့ တောင်အောက် အပြေးလိုက်သွားသည်။
ရွာသားများသည် တောဝက်ပေါက်လေးတစ်ကောင်သာ ဖြစ်မည်ဟု မျှော်လင့်ထားကြသော်လည်း သွေးအိုင်ထဲတွင် လဲနေသော တောဝက်ကြီးကို အမှန်တကယ် တွေ့လိုက်ရသောအခါ အားလုံး စိတ်လှုပ်ရှားသွားကြ၏။
မုဆိုးတစ်ယောက်သာ စိတ်မကောင်းဖြစ်နေပြီး ပြောလိုက်သည်။
"နှမြောစရာကောင်းလိုက်တာ... တောဝက်ခေါင်းက ကြေမွနေပြီး သွေးတွေ အများကြီး အလကားဖြစ်ကုန်ပြီ..."
ချက်ချင်းပင် အခြားရွာသားတစ်ယောက်က ပြောလိုက်သည်။
"တော်ပါပြီကွာ... တောဝက်ပါးစပ်က လွတ်လာတာပဲ ကံကောင်းတယ် မှတ်ရမယ်... ဒါတွေကို စိတ်ပူမနေနဲ့တော့"
တောင်အောက်တွင် ကုမင်တာ့ ၏ တောင်ပေါ်တက်ရှာဖွေမှုကြောင့် လူအများက ဆူညံ့နေကြသည်။ လိုက်ပါကူညီလိုသူ အနည်းငယ်အပြင် အချို့မှာ ပွဲကြည့်ရန် ရောက်လာကြခြင်းပင်။
ကုမိသားစု၏ ဆွေမျိုးဖြစ်သော ကျန်းကွမ်းကျုံးနှင့် မိသားစုတစ်စုလုံးသည် ပွဲကြည့်ပရိသတ်များကြားတွင် ရောနှောနေကြသည်။
အဖွားစိုင်သည် အသံကျယ်ပြီး ရွာထဲမှ အတင်းအဖျင်းပြောသော အမျိုးသမီးတစ်စု ဝန်းရံထား၏။
"ငါ အစကတည်းက ပြောသားပဲ... နျိုနျိုက ဂြိုဟ်ဆိုးမပါလို့... သူ့ကို ထိတဲ့သူတိုင်း ဒုက္ခရောက်မှာပဲ... ဒီတစ်ခါလည်း သူ့လက်ချက်ပဲ နေမှာ... ကုမိသားစု ဒုတိယအိမ်မှာ သားနှစ်ယောက်ပဲ ရှိတာ... အခု နှစ်ယောက်စလုံးကို သူ ဖျက်ဆီးလိုက်ပြီ"
ကုယန်နှင့် ကုကျောက် တို့ တောင်ပေါ်မှ ပြန်မဆင်းလာနိုင်တော့ဟု သေချာနေသကဲ့သို့ အဖွားစိုင်က ပြောဆိုနေသည်။
"ဒီကလေးက တကယ်ပဲ အဲ့လောက် ကံဆိုးစေတာလား"
တစ်စုံတစ်ယောက်က အဖွားစိုင်ကို မြှောက်ပင့်ပြီး မေးလိုက်သည်။
အဖွားစိုင် ချက်ချင်း တက်ကြွလာပြီး ပြောလိုက်သည်။
"ဒီဂြိုဟ်ဆိုးမကြောင့်သာ မဟုတ်ရင် ငါ့ရဲ့ ကျင်းပေါင်လေး အဲ့လို ဖြစ်ပါ့မလား... အခုထိ သူ့မျက်နှာက နာတယ်လို့ ရံဖန်ရံခါ ညည်းနေတုန်းပဲ"
နျိုနျိုကို ကျန်းယွင်နန် မွေးစားသောနေ့က ကျင်းပေါင်သည် ကြက်ဥစွပ်ပြုတ်ကို တိတ်တဆိတ် လုပ်စားရန် ကြိုးစားရင်း ရေနွေးပူလောင်သွားခဲ့သည်။ မြို့သို့ သမားတော်သွားရှာသည့် ခရီးစဉ် ကြာမြင့်လွန်းသဖြင့် ဆေးဝါးအတွက် ငွေအမြောက်အမြား သုံးစွဲခဲ့ရသော်လည်း မျက်နှာပေါ်တွင် အမာရွတ်ဖျော့ဖျော့ ကျန်ရစ်ခဲ့သည်။
နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့ရသော အဖိုးတန်မြေးလေး ဒုက္ခရောက်နေသည်ကို မြင်ရသဖြင့် သူမ ရင်ကွဲမတတ် ဖြစ်ခဲ့ရသည်။
သူမသည် ကံဆိုးမှု အားလုံးကို မြေးမဟောင်းအပေါ် ပုံချတတ်သော အကျင့် စွဲကပ်နေလေပြီ။
တချို့လူများက အဖွားစိုင်၏ စကားကို ထောက်ခံကြသော်လည်း အချို့ကမူ သဘောမတူကြဘဲ ချက်ချင်း ပြန်ပြောလိုက်ကြသည်။
"နျိုနျိုက ၅ နှစ်ပဲ ရှိသေးတဲ့ ကလေးလေးပါ... သူက တကယ်သာ အဲ့လောက် စွမ်းရင် ခင်ဗျားတို့ ကျန်းမိသားစုက ဘယ်လိုလုပ်ပြီး အခုထိ အကောင်းပကတိ ရှိနေသေးတာလဲ... အဖွားစိုင်... ခင်ဗျား အသက်ကြီးနေပြီ... ကိုယ့်ဆွေမျိုးတွေကို ကျိန်စာတိုက်နေတာ စာနာစိတ် မရှိဘူးလား"
ပြန်ပြောသော အဘွားအိုကို အဖွားစိုင် မှတ်မိသည်။ မုဆိုးကျန်း၏ မိခင် အဖွားကျင်း ဖြစ်သည်။
မုဆိုးကျန်းသည် ကုမိသားစုနှင့် အမြဲတမ်း ဆက်ဆံရေး ကောင်းမွန်ခဲ့ပြီး ယခုတစ်ကြိမ်တွင် ကုမင်တာ့ နှင့်အတူ တောင်ပေါ်သို့ လူလိုက်ရှာပေးနေသည်။
"နင့်ရဲ့ မုဆိုးသား တောင်ပေါ်တက်ပြီး ပြန်မဆင်းလာနိုင်တော့မှ နျိုနျို ဘယ်လောက် ယုတ်မာလဲဆိုတာ နင် သိလာလိမ့်မယ်... အဲ့ကျရင် နင့်လို အဘွားကြီးတစ်ယောက်က မြေး ၅ ယောက်ကို ဘယ်လို ကျွေးမွေးမလဲဆိုတာ ငါ စောင့်ကြည့်ဦးမယ်"
အဖွားစိုင်က မနာလိုသော လေသံဖြင့် ပြောလိုက်သည်။ သူမသည် အဖွားကျင်းတွင် မြေး ၅ ယောက် ရှိသည်ကို အားကျနေသောကြောင့်ပင်။
အဖွားကျင်းလည်း ဒေါသကြီးသူ ဖြစ်သည်။ အဖွားစိုင်က သူမ၏သားကို မျက်နှာချင်းဆိုင် ကျိန်စာတိုက်ရဲသည်ကို မြင်သောအခါ ဒေါသထွက်လွန်းသဖြင့် အဖွားစိုင်အပေါ် ခုန်အုပ်ပြီး မျက်နှာကို ကုတ်ဖဲ့လေတော့သည်။
"ငါ့သားကို ကျိန်စာတိုက်တာ မှတ်လောက်အောင် ဆုံးမပေးမယ်... မိန်းမယုတ်... နင့်ကို သတ်ပစ်မယ်"
အဖွားကျင်းက ဆဲဆိုလိုက်သည်။
အဖွားစိုင်က အလျင်အမြန် ရှောင်တိမ်းပြီး ပြောလိုက်၏။
"နင့်သားက သေလမ်းရှာတာလေ... ငါ့ကို လာအပြစ်တင်နေတယ်... ဘယ်သူက နင့်မိသားစုကို အယူသည်းတာတွေ မယုံခိုင်းလို့လဲ..."
အဘွားအိုနှစ်ယောက် လျင်မြန်စွာပင် လုံးထွေးသတ်ပုတ် နေကြတော့သည်။
ကျန်းမိသားစုခေါင်းဆောင်သည် ထိုမြင်ကွင်းကို ကြည့်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။
နှစ်ယောက်စလုံးက ကျန်းမိသားစုမှ အမျိုးသမီးများ ဖြစ်ကြပြီး သူတို့ ရန်ဖြစ်နေခြင်းက အခြားရွာသားများအတွက် ရယ်စရာ ဖြစ်နေသည်။
ခေါင်းဆောင်သည် အဘွားအိုများ၏ ရန်ပွဲထဲသို့ ဝင်မပါရဲသဖြင့် အသံကုန်ဟစ်ပြီး တားမြစ်ရုံသာ တတ်နိုင်တော့သည်။
"တော်ကြပါတော့... တော်ကြပါတော့... ရန်မဖြစ်ကြပါနဲ့တော့"
သို့သော် မည်သူမျှ နားမထောင်ကြဘဲ အဘွားအိုနှစ်ယောက် ပို၍ ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။
"နင် ငါ့သားကို ကျိန်စာတိုက်တယ်... နင့်သား ခြေထောက်ကျိုးတာ နင်နဲ့ တန်တယ်... နင့်မြေး မျက်နှာမီးလောင်တာလည်း နင်နဲ့ တန်တယ်"
အဖွားကျင်းက ဆဲဆိုလိုက်သည်။
အဖွားစိုင်လည်း အားကျမခံဘဲ ပြန်ပြောလိုက်၏။
"နင့်သား တောင်ပေါ်တက်သွားပြီး ပြန်မလာတော့ဘူး... ဒီတစ်ခေါက် လိုက်သွားတဲ့သူတွေအကုန်လုံး ဒုက္ခအကြီးကြီး တွေ့တော့မှာ... နင် ရယ်နိုင်သေးတယ်ပေါ့"
သူမ၏ စကားများက လူအုပ်ကြီးကို ဒေါသထွက်စေသည်။ မုဆိုးကျန်း တစ်ယောက်တည်း တောင်ပေါ်တက်ပြီး ကူရှာပေးနေခြင်း မဟုတ်ဘဲ ရှိနေသော အိမ်ထောင်စု ၇ စု ၈ စုခန့်မှ အရွယ်ရောက်ပြီးသော အမျိုးသားအားလုံး လိုက်ပါသွားကြခြင်းပင်။
တောရွာများတွင် အရွယ်ရောက်ပြီးသော အမျိုးသားများသည် မိသားစု၏ အဓိကထောက်တိုင်များ ဖြစ်ကြပြီး မည်သူမျှ ဤကဲ့သို့သော ကျိန်စာမျိုးကို ခံနိုင်ရည် မရှိကြပေ။
အမျိုးသမီး အများအပြားသည် ရန်ဖြစ်နေသော နှစ်ယောက်အနားသို့ တိတ်တဆိတ် ကပ်သွားကြသည်။ ရန်ပွဲကို ဖြန်ဖြေပေးမည့်ပုံ ပေါက်သော်လည်း ရှုပ်ထွေးမှုများကြားတွင် အဖွားစိုင်ကို တိတ်တဆိတ် တိုက်ခိုက်လိုက်ကြသည်။
တစ်ယောက်က ဆံပင်ဆွဲ၊ နောက်တစ်ယောက်က လက်မောင်းဆိတ်ကာ တစ်ယောက်က ခြေထောက်ကို ပြင်းပြင်းထန်ထန် တက်နင်းကြသည်။
အဖွားစိုင် ထပ်ခါတလဲလဲ အော်ဟစ်နေသည်။
"ဘယ်သူ ငါ့ဆံပင် ဆွဲတာလဲ... ဘယ်သူ ငါ့ခြေထောက်ကို နင်းတာလဲ"
သို့သော် သူမ ရင်ဆိုင်နေရသည်မှာ "အဒေါ်ကျန်း... ရန်မဖြစ်ပါနဲ့တော့" ဟု ပါးစပ်က တားနေသော်လည်း လက်တွေ့တွင် တစ်ဖက်သတ် တိုက်ခိုက်နေသော တောသူမကြီးများကိုပင်။
တစ်ယောက်ချင်းစီက အလွန် သန်မာကြပြီး သူမ ရန်သူကို ရှာမတွေ့ဘဲ အကြိမ်ပေါင်းများစွာ အရိုက်ခံလိုက်ရသည်။
အဖိုးကု တောင်အောက် ဆင်းလာချိန်အထိ ပရမ်းပတာ ဖြစ်နေဆဲပင်။ မျက်လုံးများမှိတ်လျက် သတိလစ်နေသော နျိုနျိုကို ပွေ့ချီလာသည်ကို မြင်သောအခါ အားလုံး ချက်ချင်း ဝိုင်းအုံလာကြသည်။
သို့သော် အဖိုးကုသည် စိတ်ရှုပ်ထွေးနေဆဲဖြစ်ပြီး မည်သည့်စကားမျှ ရှင်းလင်းစွာ မပြောနိုင်ဘဲ "သမားတော်ခေါ်... သမားတော်ခေါ်... နျိုနျို့ကို ကယ်ကြပါ..." ဟုသာ ထပ်ခါတလဲလဲ ရေရွတ်နေသည်။
ကုမင်တာ့ လည်း ဘေးမှ ရွာသားများကို မေးလိုက်သည်။
"ဦးလေးနျူ ဘယ်မှာလဲ... ဦးလေးနျူ ဘယ်ရောက်သွားလဲ... နျိုနျို့ကို မြို့ပို့ပေးဖို့ အကူအညီတောင်းချင်လို့"
အဖွားစိုင် ထိုမြင်ကွင်းကို မြင်သောအခါ အလွန် ဝမ်းသာသွားပြီး သူမ၏ ဒဏ်ရာများကိုပင် မေ့လျော့ကာ ပြုံးပြီး ပြောလိုက်သည်။
"ကောင်းတယ်... ကောင်းတယ်... ဒီဂြိုဟ်ဆိုးမက သွေးတွေရွှဲနေပြီ... ကိုယ့်ကိုယ်ကိုယ် သေအောင် ကျိန်စာတိုက်လိုက်ပြီပဲ"
ကုမင်တာ့ ၏ မေးခွန်းကို မည်သူမျှ မဖြေကြသော်လည်း တောင်ပေါ်တက်သွားသော အမျိုးသားများ၏ ဆွေမျိုးများက အဖွားစိုင်၏ စကားကို ယုံကြည်သွားပြီး ကုမင်တာ့ ကို ဆွဲကာ မေးလိုက်ကြသည်။
"မောင်လေးကု... ငါတို့ယောက်ျားတွေကရော ဘယ်မှာလဲ... သူတို့ မင်းနဲ့အတူ တောင်ပေါ်တက်သွားတာလေ... ဘာလို့ မင်းတို့ပဲ ပြန်ဆင်းလာတာလဲ... သူတို့ ဘယ်မှာလဲ"
ကုမင်တာ့ သည် အဖွားစိုင်၏ ကျိန်စာအကြောင်း မသိသော်လည်း စိတ်ရှည်စွာ ဖြေကြားလိုက်သည်။
"သူတို့ ဘာမှမဖြစ်ပါဘူး... ကျွန်တော်တို့ နောက်က လိုက်လာကြပါတယ်..."
အားလုံး စိတ်သက်သာရာ ရသွားကြသည်။
ထိုအချိန်တွင် လမ်းတလျှောက်လုံး သတိလစ်နေသော နျိုနျိုက ရုတ်တရက် မျက်လုံးဖွင့်လာသည်။
"အဖိုး... ဘာလို့ တောင်အောက်ကို ဒီလောက်မြန်မြန် ဆင်းလာတာလဲ"
နျိုနျို၏ မျက်လုံးများ ကြည်လင်နေပြီး မျက်နှာ အနည်းငယ် ဖြူဖျော့နေသည်မှလွဲ၍ သေလုမျောပါး ဖြစ်နေသည့် အရိပ်အယောင် လုံးဝ မတွေ့ရပေ။
နျိုနျို ကံကောင်းလွန်းသည်ဟု အဖွားစိုင် မဆဲဆိုနိုင်ခင်မှာပင် တောင်ပေါ်မှ လူများ ထပ်မံ ဆင်းလာကြသည်။
တောင်ပေါ်တက်သွားသော အမျိုးသားများသည် ဧရာမ သားကောင်ကြီးတစ်ကောင်ကို ထမ်းပြီး ထွက်ပေါ်လာကြသည်။ သူတို့၏ မျက်နှာများတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။
သူတို့ ထမ်းလာသော အရာကို မြင်လိုက်ရသည့်အခါ အားလုံး၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားကြသည်။