← Chapters

ငွေညှစ်ခြင်း

Vol. 3 Ch. 22

ငွေညှစ်ခြင်း

Vol. 3 Ch. 22

"ငါ့သား ပြန်ရောက်လာပြီဟေ့... တောဝက်အကြီးကြီး ရလာတယ်"

အဖွားကျင်းက အဖွားစိုင်ကို ကြွားဝါစွာ ပြောလိုက်သည်။

အဖွားစိုင်က မထီမဲ့မြင် ပြုကာ ပြောလိုက်သည်။

"သူတို့ တောင်ပေါ်တက်သွားတာ ခဏလေးပဲ ရှိသေးတယ်... တောဝက်အကြီးကြီး ဘယ်လိုလုပ် သတ်နိုင်မှာလဲ... နင့်သားနဲ့ ဘာဆိုင်လို့လဲ... ကုမိသားစု သတ်လိုက်တာ နေမှာပါ..."

အဖွားကျင်း ရင်ထဲတွင် တဒိန်းဒိန်း ဖြစ်သွားသည်။ သူမလည်း ထိုဖြစ်နိုင်ချေကို ရိပ်မိသည်။

သို့သော် သူမ၏သား မုဆိုးကျန်းကမူ ကျယ်လောင်စွာ ကြေငြာလိုက်ပြီ ဖြစ်သည်။

"ကုမိသားစုက တောဝက်ကို သတ်လိုက်ပြီ... မင်တာ့က ပြောတယ်... သူ့ကို တောင်ပေါ်တက်ပြီး ကူရှာပေးတဲ့သူတွေကို အညီအမျှ ခွဲပေးမယ်တဲ့"

ထိုစကားများသည် ရွာသားများကြားတွင် ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။

တောင်ပေါ်တက်ပြီး လူကူရှာပေးရုံဖြင့် ပေါင် ၂၀၀ အနည်းဆုံးရှိသော တောဝက်သားကို ခွဲဝေရရှိနိုင်မည်။ မည်သူက မလိုချင်ဘဲ နေမလဲ။

တောင်ပေါ်တက်သွားသော မိသားစုဝင်များက အလွန် ပျော်ရွှင်နေကြပြီး မလိုက်သွားမိသူများကမူ နောင်တရနေကြသည်။

အချို့က အဖွားစိုင်ကို ရန်လိုစွာ စိုက်ကြည့်နေကြသည်။

"နျိုနျိုက ဂြိုဟ်ဆိုးမလို့ ပြောပြီး ငါတို့ကို တောင်ပေါ်မတက်အောင် တားခဲ့တာ နင်လေ... ငါတို့က ကူရှာပေးဖို့ တက်သွားမလို့ဟာကို"

ဝက်သားရမည့် အခွင့်အရေးကောင်း လက်လွတ်သွားသူ ရွာသားများသည် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ဘဲ ဒေါသများကို အခြားသူအပေါ် ပုံချလိုက်ကြသည်။

ကျန်းကွမ်းကျုံးနှင့် သူ၏မိသားစုသည် တောင်ပေါ်တက်မည့် ရွာသားများကို တားဆီးခဲ့သဖြင့် ယခုအခါ လူတိုင်း၏ ဒေါသအိုးပေါက်ကွဲရာ ပစ်မှတ်ဖြစ်လာတော့သည်။

အဖွားစိုင်ကို ဆဲဆိုရုံဖြင့် မကျေနပ်နိုင်ကြဘဲ ကျန်းကွမ်းကျုံးနောက်သို့ လိုက်ကာ အော်ဟစ်ဆဲဆိုကြသည်။

"နင်က ကိုယ့်ကိုယ်ကိုယ် ပညာတတ်လို့ ခေါ်သေးတယ်... ၅ နှစ်လောက် ကျွေးမွေးထားတဲ့ ကလေးတစ်ယောက် တောင်ပေါ်မှာ ပျောက်နေတာကို တခြားလူတွေ ကူရှာပေးမှာတောင် တားရက်တယ်... နင်က တော်တော် ရက်စက်တာပဲ"

"နင့်လို စိတ်ဓာတ်ယုတ်မာတဲ့ကောင် စာမေးပွဲကျတာ နည်းတောင် နည်းသေးတယ်"

ထိုဆဲဆိုသံများကို ကြားသောအခါ ကိုယ့်ကိုယ်ကိုယ် ပညာတတ်ဟု အမြဲခံယူထားသော ကျန်းကွမ်းကျုံးသည် သည်းမခံနိုင်တော့ပေ။

စောစောက မိခင်ဖြစ်သူ ရန်ဖြစ်နေစဉ်တွင် ကျန်းကွမ်းကျုံးသည် ပညာတတ်ဟန်ဖမ်းပြီး ဝင်မပါခဲ့ပေ။ ယခု သူကိုယ်တိုင် ပါဝင်ပတ်သက်လာသောအခါ သည်းမခံနိုင်တော့ဘဲ ယဉ်ကျေးမှုများကို မေ့လျော့ကာ ပြန်လည် ဆဲဆိုလေတော့သည်။

"ခင်ဗျားတို့က သူရဲဘောကြောင်ပြီးတော့ အခုမှ ကျွန်တော့်ကို လာအပြစ်တင်နေတယ်"

ကျန်းကွမ်းကျုံးသည် ပညာတတ်အရှိန်အဝါကို ပြသရသည်ကို နှစ်သက်သဖြင့် ရွာသားများနှင့် ဆက်ဆံရသည်ကို မနှစ်သက်ရုံသာမက စကားနိုင်လုပွဲများတွင်လည်း အတွေ့အကြုံ လုံးဝ မရှိပေ။

ရွာသူများကမူ မတူညီကြပေ။ ငြင်းခုံခြင်းနှင့် ရန်ဖြစ်ခြင်းသည် သူတို့ဘဝ၏ အဓိကအစိတ်အပိုင်းများ ဖြစ်သည်။ အထက်စီးဆန်သော ပညာတတ်တစ်ယောက်ကို ကိုင်တွယ်ရသည်မှာ သူတို့အတွက် ထမင်းစားရေသောက်လောက်သာ ရှိသည်။

"နင်သာ မတားရင် ငါတို့ တောင်ပေါ်ရောက်နေတာ ကြာပြီ... ယုတ်မာတဲ့ကောင်... ကိုယ့်ဆွေမျိုးကိုတောင် ဒုက္ခပေးရက်တယ်"

"ကုမိသားစုက နင်တို့မိသားစုနဲ့ ဆွေမျိုးတော်မိတာ ၈ ဘဝတိုင်တိုင် ကံဆိုးတာပဲ"

"ယွင်နန်က နာမည်ပျက်ရှိပေမယ့် လူကောင်းပါ... နင်တို့ သားအမိလို ရက်စက်တာ မဟုတ်ဘူး"

"နင်က ကျန်းမျိုးရိုး ခံယူထားပေမယ့် တကယ်ရော ဟုတ်ရဲ့လား... အဖွားစိုင်က တခြားယောက်ျားတွေနဲ့ ဖောက်ပြန်နေတာ ခဏခဏ တွေ့ရတယ်"

"ဟုတ်တယ်... ဟုတ်တယ်... အဖွားစိုင်နဲ့ ဘေးရွာက ထိပ်ပြောင်ကြီးတို့ ဖောက်ပြန်တာ တစ်ရွာလုံး သိတယ်"

ရွာသူများ ရန်ဖြစ်လျှင် အထိန်းအကွပ် မရှိတော့ပေ။ ပါးစပ်ထဲ ရှိရာ ပြောကြပြီး အဖွားစိုင်၏ အတိတ်ဇာတ်လမ်းများ အကုန် ပြန်ပေါ်လာတော့သည်။

ကျန်းကွမ်းကျုံးသည် ဤကဲ့သို့ အခြေအနေမျိုး တစ်ခါမျှ မကြုံဖူးပေ။ ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီရဲနေသည်။ သူသည် ခရိုင်အဆင့် စာမေးပွဲအောင်မြင်ပြီး အရာရှိကြီးဖြစ်ရန် အိပ်မက်မက်နေသော ပညာတတ်တစ်ဦး ဖြစ်သည်။ ဤကဲ့သို့ အသရေဖျက်မှုများကို မည်သို့ သည်းခံနိုင်မည်နည်း။

သို့သော် ငြင်းခုံရာတွင် မကျွမ်းကျင်သဖြင့် "ခင်ဗျားတို့ ဘယ်လိုလုပ်ပြီး ဒီလို အဓိပ္ပာယ်မရှိတာတွေ ပြောရဲတာလဲ" နှင့် "သူများရဲ့ ဂုဏ်သိက္ခာကို ဘယ်လိုလုပ်ပြီး ဒီလောက်လွယ်လွယ် ဖျက်ဆီးရဲတာလဲ" ဟူသော စကားများလောက်သာ ပြောနိုင်တော့သည်။ သူ၏ အားနည်းသော တုံ့ပြန်မှုများသည် ရွာသူများ ဖန်တီးလိုက်သော အရှုပ်တော်ပုံ ဇာတ်လမ်းများရှေ့တွင် အလွန် သေးသိမ်သွားသည်။

ရွာထဲတွင် အတင်းအဖျင်း အပြောဆုံးဟု နာမည်ကြီးသော အဖွားချန်သည် ယခုအခါ လုံးဝ အထိန်းအကွပ်မဲ့နေပြီး အဖွားစိုင်နှင့် ထိပ်ပြောင်ကြီးတို့၏ ဖောက်ပြန်မှုအကြောင်းကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနေတော့သည်။

"ငါ ကိုယ်တိုင် တွေ့ခဲ့တာ... ရွာအပြင်ဘက်က တောအုပ်ထဲမှာ အဖွားစိုင်နဲ့ ထိပ်ပြောင်ကြီး နှစ်ယောက်လုံး အဝတ်အစားမပါဘဲ မြေကြီးပေါ်မှာ လူးလှိမ့်နေကြတာ..."

ထိုစကားကို ကြားသောအခါ ကျန်းကွမ်းကျုံး ခေါင်းထဲတွင် ဝီခနဲ မြည်သွားသလို ခံစားလိုက်ရသည်။ သူ ဆက်လက် သည်းမခံနိုင်တော့ဘဲ ယောက်ျား မိန်းမ ကွဲပြားမှုကိုပင် မေ့လျော့ကာ အဖွားချန်အပေါ် ခုန်အုပ်လိုက်ပြီး အော်ဟစ်လိုက်သည်။

"အဓိပ္ပာယ်မရှိတာတွေ... ခင်ဗျားပါးစပ်ကို ဆွဲဖြဲပစ်မယ်... ငါ့အမေက ငါ့အဖေအပေါ် သစ္စာရှိတယ်... ခင်ဗျားပြောသလို မဟုတ်ဘူး"

ကျန်းကွမ်းကျုံးသည် ယောက်ျားတစ်ယောက် ဖြစ်သော်လည်း လယ်လုပ်ငန်းခွင် တစ်ခါမျှ မဝင်ဖူးပေ။

အဖွားချန်သည် အသက်ကြီးသော်လည်း နေ့စဉ် လယ်ထဲဆင်းနေသူ ဖြစ်သည်။ ရန်ပွဲစတင်သည်နှင့် အဖွားချန်သည် မည်သူ့အကူအညီမျှ မလိုဘဲ ကျန်းကွမ်းကျုံးကို ဖိထားနိုင်လေသည်။

သူမသည် ရိုက်နှက်နေရင်း သူမ၏ အားသာချက်ကို ဆက်လက် အသုံးပြုကာ လူအုပ်ကြီးကို အော်ပြောလိုက်သည်။

"နင်တို့ မြင်တယ်မလား... ကျောင်းသားကျန်းက ငါ့ကို အခွင့်ကောင်းယူနေတယ်... သူက ပညာတတ်တစ်ယောက် ဖြစ်ပြီးတော့ ငါ့ကို မရိုးမသား လုပ်ရဲတယ်... ငါ့အလှကို မြင်ပြီး လူအများရှေ့မှာ အခွင့်ကောင်းယူနေတာ"

ထိုစကားများကို ကြားသောအခါ ကျန်းကွမ်းကျုံး ဒေါသထွက်လွန်းသဖြင့် ရူးမတတ် ဖြစ်သွားသည်။

သူက အသက် ၃၀ သာ ရှိသေးပြီး အဖွားချန်က ၅၀ ကျော်နေပြီဖြစ်သည်။ နှစ်ပေါင်းများစွာ လယ်လုပ်ငန်းခွင် ဝင်ထားသဖြင့် မျက်နှာပေါ်တွင် အရေးအကြောင်းများ ပြည့်နှက်နေပြီး ဆံပင်အများစု ဖြူနေလေပြီ။ သူမ၏ မိခင် အဖွားစိုင်ထက်ပင် ရုပ်ရင့်နေသေးသည်။

ကျန်းကွမ်းကျုံးသည် သူ မည်မျှပင် စိတ်ပျက်အားငယ်နေပါစေ ဤကဲ့သို့ တောသူမကြီးမျိုးကို လုံးဝ စိတ်ဝင်စားမည် မဟုတ်ဟု ခံစားနေရသည်။

အဖွားချန်သည် အရှက်မရှိဘဲ သူမ၏ ဂုဏ်သိက္ခာကို လုံးဝ ဂရုမစိုက်ရဲသည့် အကြောင်းရင်းမှာ ရိုးရှင်းသည်။

သူမ၏ မိသားစုတစ်ခုလုံး ထိုကဲ့သို့ ဖြစ်နေသောကြောင့်ပင်။

သူမ၏ မိသားစုဝင် မည်သူမျှ ပညာမတတ်ကြပေ။ ဂုဏ်သတင်းကောင်း ရရှိရေးထက် ရရှိနိုင်မည့် အကျိုးကျေးဇူးများကိုသာ ပိုမို ဂရုစိုက်ကြသည်။

အဖွားချန်၏ ခင်ပွန်းမျိုးရိုးမှာ လျူဖြစ်ပြီး ချင်းရွှေရွာတွင် အများဆုံးသော မျိုးရိုးဖြစ်သည်။

ရွာထဲတွင် နာမည်ကြီး လူမိုက်မိသားစုဖြစ်သဖြင့် အဖွားချန်နှင့် ကျန်းကွမ်းကျုံး ရန်ဖြစ်နေသည်ကို မြင်သောအခါ ချက်ချင်း ဝင်ကူကြသည်။ အရပ်ရှည်ပြီး သန်မာသော အမျိုးသားနှစ်ယောက်က ကျန်းကွမ်းကျုံးကို အလွယ်တကူ မလိုက်ကြသည်။

ထိုသို့ မလိုက်စဉ် လျူမိသားစုဝင်များသည် ကျန်းကွမ်းကျုံးကို တမင်သက်သက် ကန်ကျောက်ခြင်း၊ ဆိတ်ဆွဲခြင်းများ ပြုလုပ်ကြသဖြင့် ကျန်းကွမ်းကျုံး နာကျင်သော်လည်း တိုင်တော၍ မရနိုင် ဖြစ်နေသည်။

"ကောင်စုတ်လေး... နေ့ခင်းကြောင်တောင် ငါ့အမေကို စော်ကားရဲတယ်ပေါ့... ဒီနေ့ကိစ္စအတွက် ကျန်းမိသားစုက ဖြေရှင်းချက် မပေးရင် ခရိုင်မြို့အထိ သွားပြီး ပြဿနာရှာမယ်... မင်းရဲ့ အတန်းဖော်တွေရှေ့မှာ မင်း ဘယ်လိုကောင်လဲဆိုတာ ဖွင့်ချပစ်မယ်"

လျူမိသားစုဝင်တစ်ယောက်က ခြိမ်းခြောက်လိုက်သည်။

ထိုစကားကို ကြားသောအခါ ကျန်းကွမ်းကျုံး ပြင်းထန်စွာ ရုန်းကန်လိုက်သော်လည်း လျူမိသားစုမှ လူကောင်ထွားထွား နှစ်ယောက်သည်လည်း အားမသေးပေ။ သူ့ကို မြဲမြံစွာ ဖိထားပြီး လှုပ်မရအောင် ချုပ်ထားလိုက်ကြသည်။

"လူတွေအများကြီး ကြည့်နေတာကို ခင်ဗျားတို့ ဘယ်လိုလုပ်ပြီး ဒီလို အဓိပ္ပာယ်မရှိတာတွေ ပြောရဲတာလဲ... ခေါင်းဆောင်ကြီး... လျူမိသားစုက ကျွန်တော့်ကို အနိုင်ကျင့်နေတယ်... ကျွန်တော့်ဘက်က ရပ်တည်ပေးပါဦး"

ကျန်းကွမ်းကျုံးက ကျန်းမိသားစုခေါင်းဆောင်ကို လှမ်းအော်လိုက်သည်။

ကျန်းမိသားစုခေါင်းဆောင် အလွန် စိတ်ပျက်နေသည်။

စောစောက အဖွားစိုင် ရန်ဖြစ်တုန်းက သူ ဝင်ဆွဲသော်လည်း အဘွားကြီး၏ လက်သည်းရာများ မိသွားပြီး မျက်နှာတစ်ခုလုံး ပူစပ်ပူလောင် ဖြစ်နေဆဲပင်။

အဖွားစိုင်ကိုလည်း ဖိထားဆဲဖြစ်ပြီး ယခု ကျန်းကွမ်းကျုံးက ရန်ဖြစ်ပြန်ပြီ။ သူ၏ ဖြန်ဖြေမှုများသည် ဟိုပြေးဒီပြေးနှင့် အရာမထင် ဖြစ်နေသည်။

သူ အလွန် စိတ်ညစ်နေသော်လည်း မိသားစုထဲမှ တစ်ဦးတည်းသော ပညာတတ် ကျန်းကွမ်းကျုံးအတွက် လျူမိသားစုခေါင်းဆောင်ကို အားနာပါးနာ ကြည့်လိုက်ရသည်။

လျူမိသားစုခေါင်းဆောင်သည်လည်း အဖွားချန်မိသားစုကြောင့် စိတ်ညစ်နေရသည်။ သူတို့သည် လျူမျိုးရိုးထဲတွင် နာမည်ကြီးသော လူမိုက်မိသားစုဖြစ်ပြီး ဆွေမျိုးသားချင်းများပင် သူတို့ကို မထိရဲကြပေ။

အဖွားချန်မိသားစုသည် ဒီနေ့ ငွေညှစ်ရန် ကြိုးစားနေမှန်း ခေါင်းဆောင်လျူ သိသည်။ သို့သော် သူက ဆန့်ကျင်လိုက်လျှင် ခေါင်းဆောင်ဖြစ်သည့်တိုင်အောင် အနာဂတ်တွင် သူတို့၏ ဒုက္ခပေးခြင်းကို ခံရပေလိမ့်မည်။

ခေါင်းဆောင်လျူ၏ မျက်လုံးများ ကစားသွားပြီး ခေါင်းကိုက်ချင်ယောင်ဆောင်လိုက်သည်။ ခေါင်းကို ကိုင်ပြီး ပြောလိုက်သည်။

"ငါ အသက်ကြီးပြီး သူငယ်ပြန်နေပြီ... ခုနက ဘာဖြစ်သွားလဲ ငါ ဘာမှမသိဘူး... ခေါင်းအရမ်းမူးနေတယ်... ငါ့ကို အိမ်ပြန်ပို့ပေးကြပါဦး"

ကျန်းခေါင်းဆောင် ဒေါသထွက်သွားသည်။ ရွာထဲရှိ ကျန်းမိသားစုဝင်များကို စုစည်းပြီး အဖွားချန်မိသားစုကို ပြန်လည် တိုက်ခိုက်ချင်သည်။

သို့သော် ကျန်းကွမ်းကျုံးသည် မိသားစုအတွင်း နာမည်ကောင်း မရှိပေ။ သူသည် မောက်မာပြီး ဘဝင်မြင့်သူဖြစ်၍ ကျန်းမိသားစုဝင်များက သူ့ကို သိပ်မကြိုက်ကြပေ။ ထို့ကြောင့် ခေါင်းဆောင်၏ စုစည်းမှုသည် ထိရောက်မှု မရှိပေ။

ကျန်းခေါင်းဆောင် အဖြေမရှာနိုင်ခင်မှာပင် လျူမိသားစုက စတင် တောင်းဆိုလေတော့သည်။

"ဒီနေ့ ငါ့အမေကို မရိုးမသားလုပ်တဲ့ ကျန်းကွမ်းကျုံးရဲ့ အပြုအမူအတွက် ငွေ ၃၀ မရမချင်း ငါတို့ ဒီကိစ္စကို လက်မလျှော့ဘူး"

All Chapters