အရိုက်ခံရခြင်း
Vol. 3 Ch. 23
ကျန်းကွမ်းကျုံးသည် ထိုစကားကို ကြားသောအခါ ဒေါသထွက်လွန်းသဖြင့် သတိပင်လစ်မတတ်ဖြစ်သွားသည်။ သူက အဘွားကြီးကို ထိရုံလေးသာ ထိခဲ့ခြင်း ဖြစ်သော်လည်း သူတို့က အခွင့်ကောင်းယူရန် ကြိုးစားနေကြသည်။
လျူမိသားစုဝင်များသည် လုံးဝ ကြောက်ရွံ့ခြင်းမရှိဘဲ ကျန်းကွမ်းကျုံး၏ မိသားစုကို ဝိုင်းရံထားလိုက်ကြ၏။ အာဏာပိုင်များကို တိုင်ကြားမည်ဟု မပြောဘဲ တခြားနည်းလမ်းဖြင့် ခြိမ်းခြောက်လိုက်ကြသည်။
"ငါတို့ ခရိုင်မြို့အထိ သွားပြီး မင်းအကြောင်း လူတိုင်းသိအောင် လုပ်ပစ်မယ်... စာသင်သားအချင်းချင်းကြားမှာ မင်းနာမည်ကြီးသွားအောင် လုပ်ပေးမယ်... မင်းက ရွာထဲက အဘွားကြီးကိုတောင် မရှောင်တဲ့ ကောင်စားမျိုးဆိုတာ အားလုံးသိသွားစေရမယ်"
လျူမိသားစု၏ ဂုဏ်သတင်းဖျက်ဆီးမည့် နည်းဗျူဟာသည် ကျန်းကွမ်းကျုံး၏ အားနည်းချက်ကို တည့်တည့်ထိမှန်သွားစေသည်။
လျူမိသားစုခေါင်းဆောင်က သူ့လူများကို တားဆီးရန် စိတ်ကူးမရှိသည်ကို မြင်သောအခါ ကျန်းမိသားစုခေါင်းဆောင်သည် ဒေါသကို မျိုသိပ်ပြီး ကျန်းကွမ်းကျုံးကို တိုးတိုးလေး ပြောလိုက်သည်။
"မင်း အစိုးရစာမေးပွဲ ဆက်မဖြေဘဲနေတော့မလား... ဒါမှမဟုတ် ကံဆိုးတယ်လို့ သဘောထားပြီး လျော်ကြေးပေးလိုက်မလား... ဒီလူမိုက်မိသားစုကို ဖြေရှင်းဖို့ ငါတို့မှာ ပိုကောင်းတဲ့နည်းလမ်း မရှိဘူး"
ကျန်းကွမ်းကျုံးကို အစိုးရစာမေးပွဲ စွန့်လွှတ်ခိုင်းခြင်းသည် လုံးဝ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။
အသက် ၆ လသားအရွယ်တွင် ကျန်းကွမ်းကျုံးသည် ထိပ်တန်းပညာရှင် ဖြစ်လာပြီး ပန်းကုံးစွပ်ကာ လမ်းမပေါ်တွင် ဂုဏ်ယူဝင့်ကြွားစွာ လှည့်လည်နေသည်ဟု အိပ်မက်မက်ခဲ့ဖူးသည်။
၄ နှစ်ကြာပြီးနောက် ထိုအိပ်မက်ကို သူ စိတ်ထဲတွင် ထပ်ခါတလဲလဲ ပြန်မြင်ယောင်နေဆဲပင်။ ယခု သူသည် သာမန်စာသင်သား တစ်ယောက်သာ ဖြစ်သော်လည်း ထိပ်တန်းပညာရှင် ဖြစ်လာမည့် အရည်အချင်းရှိသည်ဟု ခိုင်မာစွာ ယုံကြည်ထားဆဲပင်။
ထို့ကြောင့် စာမေးပွဲကို မည်သို့ စွန့်လွှတ်နိုင်မည်နည်း။
အတွေးများ ခေါင်းထဲတွင် ဖြတ်ပြေးသွားပြီးနောက် သူ အံကြိတ်ကာ လျူမိသားစု လူမိုက်များကို ပြောလိုက်သည်။
"လျော်ကြေးငွေပဲ မဟုတ်လား... ငါ ပေးမယ်"
ထိုစကားကို ကြားသောအခါ ကျန်းမိသားစုခေါင်းဆောင် စိတ်ထဲမှ ညည်းတွားလိုက်မိသည်။
"သွားပြီ"
ကျန်းကွမ်းကျုံး ပေးချင်ပေးနိုင်သော်လည်း ဤမျှ လွယ်လွယ်ကူကူ လက်မခံလိုက်သင့်ပေ။ ခေါင်းဆောင်က ဈေးဆစ်ပေးရန် ရည်ရွယ်ထားသော်လည်း ငွေ ၃၀ တောင်းခြင်းမှာ ဈေးဆစ်ရန် နေရာချန်ထားခြင်း ဖြစ်သည်မှာ ထင်ရှားသည်။
သို့သော် ယခု ကျန်းကွမ်းကျုံး၏ လုပ်ရပ်ကြောင့် သူတို့ ဈေးမတက်လျှင်ပင် ကံကောင်းသည်ဟု ဆိုရမည်။
ခေါင်းဆောင်က "စာသင်သားတွေက မာနကြီးပြီး လူမှုဆက်ဆံရေး နားမလည်ကြဘူး" ဟု စိတ်ထဲတွင် တွေးလိုက်မိသည်။
လျူမိသားစုမှာ ဝမ်းသာအားရ ဖြစ်သွားကြသည်။ အရှက်ခွဲခံရသည်ဟု အော်ဟစ်ငိုယိုနေသော အဖွားချန်သည် ချက်ချင်း အငိုတိတ်သွားပြီး မျက်ရည်သုတ်ကာ ကျန်းကွမ်းကျုံးကို ဆွဲပြီး ပိုက်ဆံတောင်းလေတော့သည်။
ကျန်းကွမ်းကျုံး ဒေါသထွက်သော်လည်း ပါးနပ်စွာ ပြောလိုက်သည်။
"ပိုက်ဆံပေးမယ်... ဒါပေမယ့် စာချုပ်ချုပ်ရမယ်... ခင်ဗျားတို့ လျူမိသားစုက နောက်နောင် ဒီကိစ္စကို ပြန်မပြောရဘူး... ကောလာဟလ ကြားတာနဲ့ အာဏာပိုင်တွေကို တိုင်ကြားမယ်"
ငွေ ၃၀ ရမည့်အရေးကို တွေးပြီး အဖွားချန်က ထိုအသေးအဖွဲ ကိစ္စကို ဂရုမစိုက်ဘဲ ချက်ချင်း သဘောတူလိုက်သည်။ သူတို့ စာမတတ်သဖြင့် စာတတ်သူတစ်ဦးကို ရှာပြီး စာချုပ်ဖတ်ခိုင်းကာ လက်ဗွေနှိပ်လိုက်ကြသည်။
ငွေ ၃၀ ရရှိပြီး ကျန်းမိသားစုအိမ်မှ ထွက်ခွာလာသောအခါ အဖွားချန်က သားအကြီးဆုံးကို ပြောလိုက်သည်။
"ကျန်းကွမ်းကျုံးက ဂျင်ဆင်းရောင်းရတဲ့ပိုက်ဆံတွေ အိမ်ဆောက်ပြီးလို့ ကုန်သွားပြီ ပြောတာ လိမ်တာပဲ... ငွေ ၃၀ ကို မျက်တောင်မခတ်ဘဲ ထုတ်ပေးလိုက်တာကို ကြည့်ရင် သူ့အိမ်မှာ ပိုက်ဆံတွေ အများကြီး ဝှက်ထားဦးမယ် ထင်တယ်"
သားဖြစ်သူက ခေါင်းကို ပြင်းထန်စွာ ညိတ်ပြလိုက်သော်လည်း အခြားကိစ္စတစ်ခုကို ပိုစိတ်ဝင်စားနေသည်။
"အမေ... ငါတို့ ပိုက်ဆံတွေ အများကြီး ရလာပြီဆိုတော့ အဖိုးကြီးကုဆီက အသားသွားဝယ်ရအောင်... အသားမစားရတာ ကြာပြီ"
အဖွားချန်သည် အလွန် ချွေတာသူဖြစ်သော်လည်း အိတ်ထဲတွင် ငွေ ၃၀ ရှိနေပြီဖြစ်သည့်အပြင် သားသမီး မြေးမြစ်များ၏ သနားစရာ မျက်လုံးများကို မြင်သောအခါ ခြေဆောင့်ပြီး ပြောလိုက်သည်။
"ဝယ်... ဒီနေ့ တစ်မိသားစုလုံး အသားစားကြမယ်"
ထိုစကားကို ကြားသောအခါ လူငယ်များ ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
သူတို့၏ အသံများ ကျယ်လောင်သဖြင့် ခြံဝင်းထဲရှိ ကျန်းမိသားစုဝင်များ အကုန်ကြားလိုက်ရသည်။
ကျန်းကွမ်းကျုံး ဒေါသထွက်လွန်းသဖြင့် ရူးမတတ်ပင်။ နျိုနျိုကို ကုမင်တာ့ ထံ ရောင်းလိုက်ပြီး ငွေ ၅ တုံး ရရှိခဲ့သော်လည်း ထိုပိုက်ဆံကို မသုံးစွဲရသေးခင် လျူမိသားစု လူမိုက်များက လိမ်လည်ယူဆောင်သွားသည့်အပြင် သူကိုယ်တိုင်ပိုင်သော ငွေ ၂၅ တုံးကိုပါ ထပ်ပေါင်းပေးလိုက်ရသည်။
ယခု လျူမိသားစုက ထိုပိုက်ဆံဖြင့် ကုမိသားစုထံမှ အသားသွားဝယ်မည်ဆိုခြင်းမှာ သူ၏ပိုက်ဆံများ ကုမင်တာ့ လက်ထဲသို့ ပြန်ရောက်သွားသည်နှင့် မခြားပေ။
ကံဆိုးစွာဖြင့် သူ၏ ၄ နှစ်အရွယ် သားလေး ကျင်းပေါင်သည် လူကြီးများ ငွေကြေးဆုံးရှုံးမှုကြီးကြီးမားမား ကြုံတွေ့ခဲ့ရသည်ကို မသိရှာပေ။ တောဝက်သား စားရမည်ဟူသော စကားသံများကို ကြားသောအခါ ချက်ချင်း အော်ဟစ်ငိုယိုလေတော့သည်။
"သားလည်း တောဝက်သား စားချင်တယ်... စားချင်တယ်... သွားဝယ်ပေး"
အဖွားစိုင်သည် ချွေးမဖြစ်သူကို ခိုင်းစေနိုင်သည့်ကိစ္စဆိုလျှင် ကိုယ်တိုင် ဒုက္ခမခံပေ။ ကျင်းပေါင် ပြဿနာရှာနေသည်ကို မြင်သောအခါ ရှောင်စိုင်ကို ချက်ချင်း မျက်စောင်းထိုးလိုက်သည်။
ရှောင်စိုင် မတတ်သာဘဲ ဒူးထောက်ထိုင်ချလိုက်ပြီး သားဖြစ်သူ ကျင်းပေါင်ကို ဖက်ကာ တိုးတိုးလေး ချော့မော့လိုက်သည်။
"ကျင်းပေါင်... လိမ္မာတယ်နော်... အမေတို့ တောဝက်သား မစားဘူး... ခဏနေရင် အမေ သားကို ပန်းကန်လုံးမုန့် လုပ်ပေးမယ်နော်"
သို့သော် ကျင်းပေါင်သည် ငယ်ရွယ်သော်လည်း စိတ်ကြီးသည်။ သူလိုချင်တာ ရမှ ကျေနပ်တတ်သည်။ အမေဖြစ်သူ၏ စကားကို ကြားသောအခါ ပထမဆုံး တုံ့ပြန်မှုမှာ အမေကို ရိုက်နှက်ပြီး တွန်းထုတ်လိုက်ခြင်းပင်။
"ပန်းကန်လုံးမုန့် မစားချင်ဘူး... တောဝက်သားပဲ စားချင်တာ"
ရှောင်စိုင် အငိုက်မိသွားပြီး နောက်သို့ ယိုင်လဲကာ မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။
ကျင်းပေါင်သည် မိခင်ကို သနားခြင်းမရှိဘဲ ဆက်လက် အော်ဟစ်နေ၏။
"တောဝက်သား စားချင်တယ်... သွားဝယ်ပေး"
မိသားစုက သဘောမတူသောအခါ သူသည် မြေကြီးပေါ်တွင် လူးလှိမ့်ပြီး သောင်းကျန်းလေတော့သည်။ ဆူညံသံများက မိသားစုတစ်ခုလုံးကို ခေါင်းကိုက်စေသည်။
အဖွားစိုင်သည် မြေးကို မဆူရက်သဖြင့် ချွေးမကို လှည့်ဆူလိုက်သည်။
"မကောင်းတဲ့မိန်းမ... ကလေးတစ်ယောက်ကိုတောင် ကောင်းကောင်း မဆုံးမတတ်ဘူး... နင်က ငါတို့မိသားစုအတွက် ဘာအသုံးကျလဲ"
ရှောင်စိုင် ကုန်းရုန်းထလိုက်သည်။ ယောက္ခမကို ပြန်မပြောရဲသဖြင့် ခေါင်းငုံ့ပြီး ကျင်းပေါင်ကို ဆက်လက် ချော့မော့နေရသည်။
သို့သော် ချော့လေ ကျင်းပေါင်က ပိုဆိုးလေ ဖြစ်လာပြီး အော်ဟစ်လိုက်သည်။
"တောဝက်သား မစားရရင် သေလိုက်မယ်"
ထိုစကားများသည် အဖွားစိုင်၏ နှလုံးသားကို ကွဲကြေစေသည်။ သားသမီး မြေးမြစ်များသည် သူမ၏ အဖိုးတန် ရတနာများဖြစ်ပြီး ကျင်းပေါင်သည် သူမ မျှော်လင့်တကြီး စောင့်စားခဲ့ရသော မြေးလေးဖြစ်သည်။ သူ ဝမ်းနည်းနေသည်ကို မကြည့်ရက်သဖြင့် ကျန်းကွမ်းကျုံးကို ပြောလိုက်၏။
"ကွမ်းကျုံး... ရွာသားတွေဆီကနေ တောဝက်သား နည်းနည်းလောက် ပိုက်ဆံပေးပြီး ဝယ်လိုက်ပါလား..."
သို့သော် ကျန်းကွမ်းကျုံးသည် လျူမိသားစုကြောင့် ဆုံးရှုံးလိုက်ရသော ငွေ ၃၀ နှင့် ဂုဏ်သိက္ခာကို တွေးမိပြီး ဒေါသထွက်နေသည်။ သားဖြစ်သူကိုပင် စိုက်ကြည့်လိုက်ပြီး ကောက်မလိုက်ကာ အိမ်ထဲသို့ ပစ်ထည့်လိုက်သည်။
"တောဝက်သား စားချင်တယ်လို့ ထပ်မပြောနဲ့လို့ ငါ ပြောထားတယ်မလား... ဆက်အော်နေရင် ညစာ မကျွေးဘူး"
ကျင်းပေါင်ကို အခန်းထဲတွင် ပိတ်လှောင်ထားလိုက်ရာ အော်ဟစ်ငိုယိုသံများ ထွက်ပေါ်လာသည်။ ကျန်းကွမ်းကျုံး ဒေါသပိုထွက်လာပြီး ရှောင်စိုင်၏ မျက်နှာကို ထပ်မံ ရိုက်လိုက်ကာ ဆဲဆိုလိုက်၏။
"ကလေးတောင် မဆုံးမတတ်တဲ့ အသုံးမကျတဲ့ကောင်မ"
အရင်တုန်းက နျိုနျို ရှိစဉ်က ကျန်းကွမ်းကျုံးသည် ဒေါသအလိပ်လိုက်ကို သူမအပေါ် ပုံချလေ့ရှိပြီး အခြားသူများမှာ အဆူခံရုံလောက်သာ ရှိသည်။
ယခု နျိုနျို မရှိတော့သဖြင့် အပြစ်ခံမည့်သူ မရှိတော့သောအခါ ရှောင်စိုင်သည် ခင်ပွန်းသည်၏ စရိုက်မှန်ကို သတိရလာပြီး ငုံးတစ်ကောင်လို ကြောက်လန့်တကြား ကျုံ့ဝင်သွားသည်။
အဖွားစိုင် တစ်ယောက်တည်းသာ သားဖြစ်သူ၏ ရိုက်နှက်ခြင်းကို မခံရလိုသဖြင့် ယုတ်မာသော ယောက္ခမတစ်ယောက်လို မီးလောင်ရာလေပင့် လုပ်နေသည်။
"ဟုတ်တယ်... ဒီမိန်းမက အိမ်ထောင်ကျတာ နှစ်ပေါင်းများစွာ ကြာမှ ကျင်းပေါင်လေး တစ်ယောက်တည်း မွေးပေးနိုင်တာ... တခြားအိမ်ဆိုရင် ကွာရှင်းပြီး မိဘအိမ် ပြန်ပို့လိုက်တာ ကြာပြီ... သူက ဘယ်တော့မှ မရောင့်ရဲဘူး... ပြဿနာရှာဖို့ပဲ သိတယ်"
ကျန်းကွမ်းကျုံးသည် မိခင်ဖြစ်သူ၏ ဆန္ဒအတိုင်း ရှောင်စိုင်ကို ထပ်မံ ရိုက်နှက်လိုက်ရာ ဆံပင်များ ဖရိုဖရဲဖြစ်ပြီး သနားစရာကောင်းသော အခြေအနေသို့ ရောက်သွားသည်။
ရှောင်စိုင် ရှောင်တိမ်းနေရင်း ပထမဆုံး တွေးမိသည်မှာ နျိုနျိုသာ ရှိနေလျှင် သူမ အရိုက်ခံရမည် မဟုတ်ဟူသော အတွေးပင်။
တောဝက်ကို တောင်အောက်သို့ သယ်ဆောင်လာပြီးနောက် ကုမိသားစုအိမ်သို့ ပို့ဆောင်လိုက်သည်။ တောဝက် သေဆုံးပြီးဖြစ်၍ ဝက်သတ်သမား ငှားရန်မလိုဘဲ မုဆိုးကျန်းကို ဖျက်ခိုင်းပြီး တောင်ပေါ်လိုက်ပါသွားသူများကို ခွဲဝေပေးလိုက်သည်။
တောဝက်သည် ကုမိသားစု ခန့်မှန်းထားသည်ထက် ပိုလေးပြီး ပေါင် ၃၀၀ နီးပါး ရှိသည်။ အသားသီးသန့် ပေါင် ၂၀၀ ကျော်ရသည်။ လူအများ ခွဲဝေလိုက်သောအခါ တစ်ယောက်လျှင် ၁၅ ပေါင်ခန့် ရကြ၏။
ကုမိသားစုတွင် ကလေး ၃ ယောက် အပါအဝင် စုစုပေါင်း ၅ ယောက် တောင်ပေါ်တက်ခဲ့သဖြင့် အသားပေါင်၇၀ကျော် ရရှိသည်။ တောဝက်ကို အဓိက သတ်ဖြတ်ခဲ့သူများ ဖြစ်သော်လည်း ဝက်သား၏ ထက်ဝက်ကိုပင် မရရှိကြပေ။
အဖွားကုသည် ဝက်သား ပေါင် ၁၀၀ ကျော်သူများလက်ထဲ ပါသွားသည်ကို မြင်သောအခါ နှလုံးသား ကွဲကြေမတတ် ဖြစ်သွားသည်။ သို့သော် ကုမင်တာ့ က အညီအမျှ ခွဲဝေမည်ဟု ပြောပြီးဖြစ်၍ မကျေနပ်သော်လည်း စကားတစ်ခွန်းမျှ မပြောဘဲ နေလိုက်သည်။
အသားခွဲဝေနေသည်ကို ဆက်မကြည့်နိုင်တော့သဖြင့် မျက်နှာလွှဲထားလိုက်သည်။
အိမ်ထဲတွင် အဖိုးကုနှင့် ဒုတိယမိသားစုဝင်များသည် အပြင်မှ ဝက်သားခွဲဝေမှုကို ဂရုမစိုက်ဘဲ နျိုနျိုကိုသာ အာရုံစိုက်နေကြသည်။
အားလုံး၏ စိုက်ကြည့်မှုအောက်တွင် နျိုနျိုသည် ရေနွေးပူပူကို တစ်ငုံချင်း သောက်ပြီး ထပ်ခါတလဲလဲ ပြောနေသည်။
"အဖိုး... အဖေ... အမေ... ကိုကိုကြီး... ကိုကိုလတ်... သမီး တကယ် ဘာမှမဖြစ်ပါဘူး... နေကောင်းပါတယ်"
ရေသောက်ပြီးနောက် နျိုနျို ခွက်ကိုချလိုက်ပြီး တကယ် ဘာမှမဖြစ်ကြောင်း ပြသရန် ခုန်ပေါက်ပြလိုက်သေးသည်။
အားလုံး စိတ်သက်သာရာ ရသွားကြသည်။
သို့သော် ကုမင်တာ့ က ဇွတ်ပြောလိုက်သည်။
"မြို့ကိုသွားပြီး သမားတော်ပြမှ ဖြစ်မယ်... မဟုတ်ရင် စိတ်မချဘူး"
သူ စကားဆုံးသည်နှင့် ခြံဝင်းထဲမှ အမျိုးသမီးတစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။
"အမေ... အဖေက ဒီတောဝက်ကို သတ်လိုက်တာလေ... ဘာလို့ သူများကို အများကြီး ခွဲပေးလိုက်ရတာလဲ"
လျူအာနီ ၏ အသံသည် ကျယ်လောင်လွန်းသဖြင့် အိမ်ထဲရှိ လူတိုင်း ကြားလိုက်ရသည်။