← Chapters

ညဉ့်နက် စကားဝိုင်း

Vol. 3 Ch. 28

ညဉ့်နက် စကားဝိုင်း

Vol. 3 Ch. 28

"ကျန်းမိသားစုအိမ်မှာ သမီး အဖျားတက်တဲ့ညက ဘာတွေ တွေးနေခဲ့လဲ"

ကုမင်တာ့ က သူသိထားသည့် နျိုနျို၏ ပထမဆုံး အဖျားတက်မှုအကြောင်း စတင်မေးမြန်းလိုက်သည်။

နျိုနျိုသည် ယခု အသက် ၅ နှစ်အရွယ်ရှိပြီဖြစ်၍ ကလေးမဆန်တော့ဘဲ အကြောင်းအရာများကို ရှင်းလင်းစွာ မှတ်မိနိုင်သည်။

"သမီး... သမီး..."

နျိုနျိုသည် ကျန်းယွင်နန်ကို ရှက်ရွံ့စွာ ကြည့်လိုက်ပြီး တည့်တိုးပြောရန် အားနာနေသည်။

ကျန်းယွင်နန်သည် နျိုနျိုက ထိုညက သူမအကြောင်း တွေးနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမ ကလေးကို ညင်သာစွာ ဖက်လိုက်ပြီး ပြောလိုက်သည်။

"နျိုနျို... သမီး ပြောချင်တာ ပြောပါ... အဖေနဲ့အမေက သမီးကို မရယ်ပါဘူး"

နျိုနျို စိတ်သက်သာရာ ရသွားပြီး ကုမင်တာ့ ကို တိုးတိုးလေး ပြောပြလိုက်သည်။

"အဒေါ်က သမီးရဲ့ အမေ ဖြစ်လာရင် သမီးကို ရိုက်နှက်ဆဲဆိုတော့မှာ မဟုတ်ဘူးလို့ တွေးနေခဲ့တာ... အဲ့ဒါကို တွေးမိတော့ တစ်ကိုယ်လုံး ပူလာပြီး ခေါင်းမူးလာတာပဲ"

ကုမင်တာ့ အကြောင်းရင်းနှင့် အကျိုးဆက်ကို ချက်ချင်း နားလည်သွားသည်။ နျိုနျိုက ကျန်းယွင်နန်ကို အမေတော်ချင်ကြောင်း အရင် တွေးမိခဲ့ပြီးမှ အဖျားတက်လာခြင်းပင်။

သူ ထပ်မေးလိုက်သည်။

"ဒီနေ့လယ် တောင်ပေါ်မှာ တောဝက်နဲ့တွေ့တော့ ဘာတွေ တွေးနေမိလဲ"

နျိုနျို၏ မျက်လုံးကြီးများ ပြူးကျယ်သွားသည်။ ၅ နှစ်အရွယ် ကလေးမလေးက အံ့သြစရာကောင်းလောက်အောင် ရှင်းလင်းပြတ်သားစွာ ပြောလိုက်သည်။

"တောဝက်က အရမ်းကြမ်းတာပဲ... သူ့ကို ယုန်လိုမျိုး သေသွားစေချင်တယ်လို့ ဆုတောင်းလိုက်တာ... တကယ် သေသွားတယ်"

ယုန်ဖြစ်ပျက်ခဲ့ပုံကို ကုမင်တာ့ သိသည်။ တာ့ချင်းတောင်က နျိုနျိုကို လက်ဆောင်ပေးလိုက်သကဲ့သို့ ယုန်သည် ခြုံပုတ်ထဲမှ ခုန်ထွက်လာပြီး နျိုနျိုထိုင်နေသော ကျောက်တုံးကို ခေါင်းနဲ့ဝင်တိုက်ကာ ချက်ချင်း သေဆုံးသွားခဲ့၏။

နျိုနျို၏ ပထမဆုံး အဖျားတက်မှုနှင့် ယခုတစ်ကြိမ် သတိလစ်မေ့မြောမှုသည် သူမ၏ ဆုတောင်းမှုကြောင့် ဖြစ်ကြောင်း သူ အတော်အတန် သေချာနေလေပြီ။

အဖိုးအဖွားနှစ်ယောက် ပြောသလိုပင် သူမသည် တကယ့်ကို ကံကောင်းစေသော ကလေး၊ ကောင်းကင်ဘုံက မျက်နှာသာပေးထားသော ကလေးဖြစ်သည်။ သူမ လိုချင်သမျှကို ကောင်းကင်ဘုံက အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးရန် ကြိုးစားသည်။

သို့သော် ဈေးသည်ဆိုင်မှ ရွှေလိပ်ရုပ် သို့မဟုတ် တောင်ပေါ်တွင် သေဆုံးသွားသော ယုန်ကဲ့သို့ နျိုနျို ဘာမှမလုပ်ဘဲ ရရှိခဲ့သော အရာများအတွက် မည်သည့် ဆိုးကျိုးမှ မရှိပေ။

သို့သော် နျိုနျိုက တက်ကြွစွာ တောင်းဆိုပါက ကောင်းကင်ဘုံက ဖြည့်ဆည်းပေးမည် ဖြစ်သော်လည်း နောက်ဆက်တွဲ ဆိုးကျိုးအချို့ ရှိလာလိမ့်မည်။ တစ်ညလုံး အဖျားတက်ခြင်း သို့မဟုတ် အချိန်အတိုင်းအတာတစ်ခုထိ သတိလစ်မေ့မြောခြင်း ဖြစ်နိုင်သည်။ ဆုတောင်းမှု ခက်ခဲလေ နောက်ဆက်တွဲဆိုးကျိုး ပြင်းထန်လေပင်။

ကုမင်တာ့ သည် သမီးဖြစ်သူကို လေးလေးနက်နက် ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"နျိုနျို... သမီးက ထူးခြားတဲ့ ကလေးလေးပါ... နောက်ဆိုရင် သမီး တစ်ခုခု လိုချင်ရင် အဖေ့ကို ပြောနော်... စိတ်ထဲကနေ ဆုတောင်းတာတွေ လျှော့ပါ... ဟုတ်ပြီလား"

ဆုတောင်းခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများမှာ ကြီးကြီးမားမား မရှိသေးသော်လည်း ရောဂါဝေဒနာ ခံစားရခြင်းမှာ အမှန်ပင်။ ရောဂါက နျိုနျို၏ ခန္ဓာကိုယ်ထဲတွင် ပုန်းအောင်းနေခြင်း ရှိမရှိ၊ ထပ်ခါတလဲလဲ ဆုတောင်းခြင်းက သူမကို ပိုမို အားနည်းစေခြင်း ရှိမရှိ မည်သူမျှ မပြောနိုင်ပေ။

နျိုနျို၏ မျက်လုံးကြီးများတွင် နားမလည်နိုင်မှုများ ပြည့်နှက်နေပြီး မေးလိုက်၏။

"ဘာလို့ ဆုမတောင်းရမှာလဲ... သမီးက အဖေနဲ့အမေကို..."

ကုမင်တာ့ က သူမ၏ ပါးစပ်ကို ချက်ချင်း အုပ်လိုက်ပြီး သူမ ဆုတောင်းမည့်အရာကို ဆက်မပြောစေရန် တားဆီးလိုက်သည်။

ကောင်းကင်ဘုံက ကြားသွားပြီး နောက်ဆက်တွဲဆိုးကျိုးများ နျိုနျို့အပေါ် ကျရောက်လာမည်ကို ကြောက်ရွံ့သောကြောင့်ပင်။

"နျိုနျို... အဖေနဲ့အမေ လိုချင်တာကို ကိုယ့်အားကိုယ်ကိုးပြီးယူရမယ်... ဆုတောင်းလို့ ရလာတာတွေက ကောင်းပေမယ့် အဖေနဲ့အမေက ကြိုးစားအားထုတ်ရတာကို နှစ်သက်တယ်... အဲ့ဒီထဲမှာ ပျော်ရွှင်မှု ရှာတွေ့နိုင်သလို အဖိုးတန် သင်ခန်းစာတွေလည်း ရနိုင်တယ်... နျိုနျိုက အဖေနဲ့အမေရဲ့ ပျော်ရွှင်မှုကို မယူသွားချင်ဘူး မဟုတ်လား"

နျိုနျိုသည် ငယ်ရွယ်လွန်းသဖြင့် နောက်ဆက်တွဲဆိုးကျိုး သဘောတရားကို နားလည်နိုင်မည် မဟုတ်သဖြင့် ကုမင်တာ့ က ဤနည်းဖြင့်သာ ချော့မော့ပြောဆိုလိုက်ရသည်။

ဤစကားများသည် နျိုနျိုအတွက် အလုပ်ဖြစ်ပုံရသည်။ ကလေးမလေးက ခေါင်းကို ပြင်းထန်စွာ ညိတ်ပြပြီး ပြောလိုက်သည်။

"အဖေ... သမီး ဒုက္ခမပေးပါဘူး... သမီးက လိမ္မာပါတယ်"

ကလေးမလေး၏ မျက်လုံးကြီးများ တောက်ပနေ၏။ ကုမိသားစုအိမ်တွင် နေထိုင်ပြီးနောက်ပိုင်း သူမ၏ ပါးပြင်လေးများ အနည်းငယ် ပြည့်ဖြိုးလာသည်။ နူးညံ့ပြီး ဖောင်းကားနေသော မျက်နှာလေးသည် အလွန် ချစ်စရာကောင်းနေဧ။

ကုမင်တာ့ က နျိုနျို၏ သပ်ရပ်နေသော ကျစ်ဆံမြီးလေးများကို ပွတ်သပ်ပေးရင်း ညင်သာစွာ ချော့မော့လိုက်သည်။

"နျိုနျိုက အရမ်းလိမ္မာတဲ့ ကလေးလေးပါ... သမီး ဆုတောင်းတာတွေက အမြဲ ပြည့်တတ်တယ်... လူဆိုးတွေသာ သိသွားရင် သမီးကို အဖေနဲ့အမေဆီကနေ လာခေါ်သွားလိမ့်မယ်... နျိုနျို... သမီး ဆုတောင်းပြည့်တတ်တယ်ဆိုတာ ဘယ်သူ့ကိုမှ မပြောနဲ့နော်"

နျိုနျို ချက်ချင်း သဘောမတူဘဲ ပြန်မေးလိုက်သည်။

"အဖွားကိုရော ပြောပြလို့ မရဘူးလား... ကိုကိုတွေကိုရော"

ကုမင်တာ့ အံ့သြသွားပြီးနောက် ခေါင်းခါလိုက်သည်။

"ဒါက နျိုနျိုနဲ့ မိဘတွေကြားက လျှို့ဝှက်ချက်ပါ... မိဘတွေကလွဲပြီး ဘယ်သူ့ကိုမှ ပြောပြလို့ မရဘူး"

နျိုနျို နားလည်သလိုလို မလည်သလိုလို ဖြစ်နေပြီး ပြောလိုက်သည်။

"နျိုနျို နားလည်ပါပြီ... နျိုနျို အဖေနဲ့အမေ စကား နားထောင်ပါ့မယ်"

ကုမင်တာ့ နှင့် ကျန်းယွင်နန်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ကျန်းယွင်နန်က ပြောလိုက်သည်။

"မိုးချုပ်နေပြီ... နျိုနျို အိပ်တော့နော်"

စကားအများကြီး ပြောပြီးနောက် နျိုနျို တကယ် အိပ်ချင်လာပြီး သမ်းဝေလိုက်သည်။ ကျန်းယွင်နန်က ကလေးအတွက် သိပ်တေးသီချင်းကို တိုးတိုးလေး ညည်းဆိုပေးလိုက်သည်။

"လခြမ်းကွေးကွေး... လေပြေညှင်းညှင်း..."

သီချင်းသံ ကြားသောအခါ နျိုနျို ရုတ်တရက် ခေါင်းထောင်လာပြီး မျက်လုံးဝိုင်းကြီးများဖြင့် ကျန်းယွင်နန်ကို စိုက်ကြည့်နေသည်။

ကျန်းယွင်နန် နားမလည်နိုင်စွာ မေးလိုက်သည်။

"အမေ ဆိုတာ မကောင်းလို့လား"

နျိုနျို ခေါင်းခါလိုက်ပြီး သူမ၏ နူးညံ့ဖြူဖွေးသော မျက်နှာလေးကို ကျန်းယွင်နန်၏ မျက်နှာနှင့် ကပ်လိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။

"နျိုနျို အရမ်းကြိုက်တယ်... အရင်တုန်းကဆို အမေက ကျင်းပေါင် တစ်ယောက်တည်းကိုပဲ ဆိုပြတာ"

ကျန်းယွင်နန် ရင်နာသွားသည်။ တစ်စုံတစ်ရာ ပြောရန် ပြင်လိုက်စဉ် ငုံ့ကြည့်လိုက်ရာ နျိုနျို မျက်လုံးများမှိတ်ပြီး အိပ်ပျော်သွားပြီကို တွေ့လိုက်ရသည်။

ဘယ်နှစ်ကြိမ် မြင်မြင် သမီးဖြစ်သူ၏ လျင်မြန်စွာ အိပ်ပျော်တတ်သော စွမ်းရည်ကို ကျန်းယွင်နန် အံ့သြမဆုံး ဖြစ်နေမိသည်။

ကလေးမလေးက အာရုံစူးစိုက်မှု ကောင်းလွန်းသည်။ စကားပြောပြီးသည်နှင့် ချက်ချင်း အိပ်ပျော်သွားနိုင်သည်။

ကျန်းယွင်နန်က ကလေးကို ကုတင်အလယ်သို့ ဂရုတစိုက် ရွှေ့ပေးလိုက်၏။

သူမ၏ သားနှစ်ယောက်သည် အခြားအခန်းရှိ ကလေးများနှင့် အတူအိပ်ကြပြီး ယခု နျိုနျိုသည် လင်မယားနှစ်ယောက်၏ ကုတင်အလယ်တွင် တစ်ယောက်တည်း အိပ်စက်နေသည်။

ကလေးအိပ်ပျော်ကြောင်း သေချာသွားသောအခါ ကုမင်တာ့ က ပြောလိုက်သည်။

"ယွင်နန်... နျိုနျိုက ထူးခြားတယ်... သူက နန်နန်နဲ့ အရမ်းတူတယ်... သူက တကယ်ပဲ နန်နန် ဝင်စားတာ ဖြစ်နိုင်တယ်"

ရွာထဲမှ လူများသည် နတ်ဘုရားများနှင့် တစ္ဆေများကို ယုံကြည်ကြသည်။ ဤမိသားစုတွင် ဝင်စားခြင်းကို မယုံကြည်သူ တစ်ဦးရှိလျှင် ထိုသူမှာ ကုမင်တာ့ပင်။

သို့သော် ဤအဖြစ်အပျက်များကို ကြုံတွေ့ပြီးနောက် ကုမင်တာ့ ၏ ယုံကြည်ချက် ချက်ချင်း ပြိုလဲသွားခဲ့သည်။

ထိုစကားကို ကြားသောအခါ ကျန်းယွင်နန်၏ ပထမဆုံး တုံ့ပြန်မှုမှာ ကြောက်ရွံ့ခြင်း မဟုတ်ဘဲ ဝမ်းနည်းခြင်းနှင့် စိတ်သက်သာရာရခြင်းတို့ ဖြစ်သည်။ နျိုနျို၏ ယခင်ဘဝက စောစီးစွာ သေဆုံးခဲ့ရသည့်အတွက် ဝမ်းနည်းရပြီး ယခု သူမ၏ သမီးဖြစ်လာကာ မိသားစုတစ်ခုလုံး၏ ချစ်ခြင်းမေတ္တာကို ရရှိနေသည့်အတွက် စိတ်သက်သာရာ ရခြင်းပင်။

"သူက နန်နန် ဟုတ်ဟုတ် မဟုတ်ဟုတ်... အခု သူက ကျွန်မ သမီးပဲ"

ကျန်းယွင်နန်က ပြတ်သားစွာ ပြောလိုက်သည်။

ကုမင်တာ့ က သူမလက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး ဆက်ပြောသည်။

"နျိုနျိုက နန်နန်လိုပဲ ထူးခြားတဲ့ စွမ်းရည်တွေ ရှိတယ်... ဒီနေ့လယ်တုန်းက သူ ဆုတောင်းရင် ပြည့်တတ်မှန်း သိလိုက်ရတော့ ရှောင်အာကို ရှာဖို့ နျိုနျို့ကို အကူအညီတောင်းရင် ကောင်းမလားလို့ တွေးမိလိုက်သေးတယ်"

ရှောင်အာသည် လွန်ခဲ့သော နှစ်အနည်းငယ်က ပျောက်ဆုံးသွားသော သူတို့၏ ဒုတိယသား ဖြစ်သည်။ လင်မယားနှစ်ယောက် ပတ်ဝန်းကျင် နေရာအနှံ့ ရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ပေ။ လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ပင်။

ကျန်းယွင်နန် ဘယ်နှကြိမ်လောက် တိတ်တဆိတ် ငိုကြွေးခဲ့ရမှန်း မသိတော့ပေ။ ကုမင်တာ့ သာ ဆက်လက် မနှစ်သိမ့်ပေးခဲ့လျှင် မျက်စိကွယ်သည်အထိ ငိုကြွေးမိလောက်သည်။

ဒုတိယသား ပြန်တွေ့ဖို့ကို မည်သူ့ထက်မဆို ကျန်းယွင်နန် ပိုလိုလားသည်။ ယခု ခင်ပွန်းသည်က သမီးငယ်လေး ဆုတောင်းပေးလျှင် သားပြန်တွေ့နိုင်မည်ဟု ပြောလာသည်။

သူမ မည်မျှ အားယူပြီး ပြောလိုက်ရမှန်း မသိပေ။

"နျိုနျို့ကို အကူအညီ မတောင်းသင့်ဘူး"

မှောင်မိုက်နေသော အခန်းထဲတွင် မျက်ရည်များ ကျန်းယွင်နန်၏ ပါးပြင်ပေါ်သို့ တိတ်တဆိတ် စီးကျလာ၏။

ကုမင်တာ့ မြင်နေရသကဲ့သို့ သူမ၏ မျက်ရည်များကို လက်လှမ်းပြီး ညင်သာစွာ သုတ်ပေးလိုက်သည်။

"ရှင်ပဲ ပြောခဲ့တယ်မလား... နျိုနျိုက ကောင်းကင်ဘုံကို ဆုတောင်းရင် ပေးဆပ်ရမှု ရှိတယ်လို့... ရှောင်အာ ပျောက်သွားတာ နျိုနျိုနဲ့ ဘာမှမဆိုင်ဘူး... သူ့ကို ဒီကိစ္စထဲ ဆွဲမထည့်သင့်ဘူး... အလကားနေရင်း ဒုက္ခမခံစားစေချင်ဘူး"

ကျန်းယွင်နန်က တိုးတိုးလေး ပြောလိုက်ပြီး အသံများ တုန်ရီနေသည်။

ဇနီးသည်၏ မြင့်မြတ်သော စိတ်ထားကို ကုမင်တာ့ သိထားပြီးဖြစ်သည်။ ယခု ဇနီးသည်က သူ့အတွေးနှင့် ထပ်တူကျနေသဖြင့် သူမ၏ ခင်ပွန်းဖြစ်ရသည်မှာ ကံကောင်းသည်ဟု ပို၍ ခံစားလိုက်ရသည်။

သူသည် နျိုနျိုကို ဤကိစ္စတွင် ပါဝင်ပတ်သက်စေရန် မူလကတည်းက ရည်ရွယ်ချက် မရှိခဲ့ပေ။

"ယွင်နန်... ဒီဘဝမှာ မင်းနဲ့ လက်ထပ်ရတာ ကိုယ့်အတွက် ကောင်းချီးမင်္ဂလာပါပဲ... ရှောင်အာ အပြင်မှာ ဒုက္ခရောက်နေရင် ကောင်းကင်ဘုံရောက်တဲ့အခါ အပြစ်အားလုံး ကိုယ့်အပေါ် ပုံချလိုက်ပါ... သူ့ကို ကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့တာ ကိုယ့်အပြစ်ပါ"

All Chapters