← Chapters

ကိုယ်ဝန်ရှိခြင်း

Vol. 3 Ch. 30

ကိုယ်ဝန်ရှိခြင်း

Vol. 3 Ch. 30

နျိုနျို၏ စကားကြောင့် ဖြစ်ပေါ်လာသော မမျှော်လင့်ထားသည့် အခြေအနေကို မည်သူမျှ ကြိုတင်မခန့်မှန်းနိုင်ခဲ့ကြပေ။

ကျန်းယွင်နန်က အနည်းငယ် ရှက်ရွံ့နေပြီး နျိုနျိုကို တိုးတိုးလေး ရှင်းပြလိုက်သည်။

"နျိုနျို... အဒေါ်စွန်းက ဦးလေးစွန်း စာမေးပွဲသွားဖြေမှာကို လိုက်ပို့တာပါ... ဒါက သူတို့မိသားစု ကိစ္စလေ… ဟိုးအရင်ကတည်းက စီစဉ်ထားပြီးသား"

ကလေးမလေးက ဝင်ပြောခဲ့သော်လည်း စွန်းကျားရှင်းနှင့် ဇနီးဖြစ်သူတို့က စိတ်မဆိုးကြပေ။

စွန်းကျားရှင်းက နျိုနျိုကို စနောက်လိုက်သေးသည်။

"နျိုနျို... ဦးလေးက မြို့တော်ကို တစ်ယောက်တည်း သွားရမှာ... မရောက်ဖူးတဲ့နေရာဆိုတော့ ကြောက်တာပေါ့... အဒေါ်ကို လိုက်မသွားစေချင်ဘူးဆိုရင် နျိုနျိုက ဦးလေးနဲ့ လိုက်မလား"

နျိုနျိုက လူကြီးတစ်ယောက်၏ စနောက်မှုကို နားမလည်ဘဲ လေးလေးနက်နက် စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။

"အဒေါ်ကို ဒီမှာ နေခဲ့ခိုင်းမယ်ဆိုရင် နျိုနျို သဘောတူတယ်"

စွန်းကျားရှင်း ရယ်မောလိုက်သည်။ ကုမင်တာ့ နှင့် စကားပြောပြီးကတည်းက နျိုနျို၏ နောက်ခံအကြောင်း သူ သိထားပြီးဖြစ်သည်။

ဤကလေးသည် ကုလင်မယား၏ သွေးသားရင်း မဟုတ်ဘဲ မွေးစားထားခြင်းဖြစ်သည်။ နျိုနျို၏ ချစ်စရာကောင်းသော အမူအရာကို ကြည့်ပြီး စွန်းကျားရှင်းက သူ့ကံတရားတွင် သားသမီးမပါလာဘူးဆိုလျှင် နျိုနျိုကဲ့သို့ ချစ်စရာကောင်းသော ကလေးတစ်ယောက် မွေးစားခြင်းသည် ကောင်းမွန်သော အရာတစ်ခု ဖြစ်နိုင်ကြောင်း တွေးမိလိုက်သည်။

ကုမင်တာ့ က ဘေးမှ မေးလိုက်သည်။

"နျိုနျို... သမီးက ဘာလို့ အဒေါ်စွန်းကို မြို့တော်မသွားစေချင်တာလဲ... အဖေ့ကို ပြောပြပါဦး"

အခြားသူများက ကလေးတစ်ယောက်၏ အပြစ်ကင်းစင်သော စကားများဟုသာ သဘောထားကြသော်လည်း ကုမင်တာ့ ကမူ နျိုနျိုသည် ကြွားဝါတတ်သူ မဟုတ်ကြောင်း သိသည်။ သူမ ထိုသို့ ပြောဆိုရခြင်းတွင် အကြောင်းပြချက် ခိုင်လုံစွာ ရှိလိမ့်မည်။

နျိုနျိုက လီ ၏ ဝမ်းဗိုက်ကို စိုးရိမ်တကြီး ကြည့်လိုက်ပြီး ရှင်းလင်းပြတ်သားသော အသံဖြင့် ပြောလိုက်သည်။

"ကလေးလေးက လှုပ်နေပြီ... အရမ်း ခက်ခဲနေမှာပဲ"

စွန်းကျားရှင်းနှင့် အခြားသူများ လုံးဝ ဇဝေဇဝါ ဖြစ်သွားကြသည်။

ကုမင်တာ့ က ထပ်မေးလိုက်သည်။

"ဘယ်က ကလေးလေးလဲ"

နျိုနျို ပြန်ဖြေသည်။

"အဒေါ်ရဲ့ ဗိုက်ထဲက ကလေးလေးလေ"

ထိုစကားကို ကြားသောအခါ အားလုံး၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။

နှစ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း ကလေးမရရှိသေးသော စွန်းလင်မယားအတွက် ဤသတင်းသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွား၏။

"ကလေးလေး ဟုတ်လား... နျိုနျို... အဒေါ်က တကယ် ကိုယ်ဝန်ရှိနေတာလား"

လီ စိုးရိမ်တကြီး မေးလိုက်သည်။

နျိုနျို ခေါင်းကို ပြင်းထန်စွာ ညိတ်ပြပြီး ပြောလိုက်သည်။

"အဒေါ်... အဒေါ် တကယ် မြို့တော်ကို သွားလို့မဖြစ်ဘူး... ကလေးလေးက နားချင်နေတယ်... ခရီးဝေး မသွားချင်ဘူးတဲ့"

ကလေးစကား ဖြစ်သော်လည်း လီ သည် အမှန်တကယ် ဖြစ်လာစေရန် အသည်းအသန် မျှော်လင့်နေမိသည်။

တကယ် ကိုယ်ဝန်ရှိနေလျှင် မြို့တော်သို့ ဆက်သွားရန် မဖြစ်နိုင်တော့ပေ။ သူမသည် အသက်ကြီးနေပြီဖြစ်ပြီး ကိုယ်ဝန်ရရန် ခက်ခဲသည်။ ၂ လ၊ ၃ လ ကြာမြင့်မည့် ခရီးရှည်သည် သူမအတွက် သည်းခံနိုင်စွမ်းထက် ကျော်လွန်နေသည်။

"အစ်ကိုစွန်း... ကုန်သည်အဖွဲ့ထဲမှာ ဆေးပညာ တတ်ကျွမ်းသူ ရှိတယ်လို့ ကြားတယ်... အခုပဲ ခေါ်ပြကြည့်မလား"

ကုမင်တာ့ က အကြံပြုလိုက်သည်။

စွန်းကျားရှင်းက ဇနီးသည်ကို ဂရုတစိုက် ထိုင်ခိုင်းလိုက်သည်။ သတင်းက အတည်မပြုရသေးသော်လည်း သူ၏ မျက်လုံးများတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

ပညာရှင်တစ်ဦး၏ ဇနီးသည် ကိုယ်ဝန်ရှိနိုင်သည်ဟု ကြားသိရသောအခါ ကုန်သည်အဖွဲ့ဝင်များသည် ပေါ့ပေါ့ဆဆ မနေရဲကြပေ။ မကြာမီ သက်ကြီးရွယ်အို သမားတော်တစ်ဦး ရောက်ရှိလာသည်။

သမားတော်သည် ကုန်သည်အဖွဲ့ဝင် မဟုတ်ဘဲ ကုမင်တာ့ တို့ကဲ့သို့ပင် ခရီးသွားတစ်ဦးသာ ဖြစ်သည်။ မူလက ဆွေမျိုးများထံ အလည်သွားရန် လိုက်ပါလာခြင်းဖြစ်ပြီး ယခုမှ အကူအညီတောင်းခံရခြင်း ဖြစ်သည်။

သမားတော်ကြီးသည် သွေးခုန်နှုန်းကို သေချာစမ်းသပ်ပြီးနောက် မျက်မှောင်ကြုတ်ကာ အချိန်အကြာကြီး စဉ်းစားနေသည်။

"ဆရာကြီး... ဘယ်လိုလဲဟင်"

ကလေးလိုချင်စိတ် အပြင်းပြဆုံးဖြစ်သော လီ သည် မည်သူ့ထက်မဆို ပို၍ စိုးရိမ်နေသည်။

သူမနှင့် စွန်းကျားရှင်းသည် ငယ်ချစ်များ ဖြစ်ကြပြီး စွန်းကျားရှင်းသည် သံယောဇဉ်ကြီးသူ ဖြစ်သည်။ အိမ်ထောင်သက် ၁၀ နှစ်ကျော်သော်လည်း ကလေးမရသေးသည့်တိုင် မယားငယ်ယူမည့်ကိစ္စ တစ်ခါမျှ မပြောဖူးပေ။

သို့သော် ယောက္ခမများ မကျေနပ်ကြကြောင်း သူမ သိသည်။ ယခု ခင်ပွန်းသည်က သူမကို မြို့တော်သို့ ခေါ်ဆောင်သွားခြင်းမှာ သူမကို ပြုစုစောင့်ရှောက်ပေးမည့်သူ ရှိစေရန်သာမက အိမ်တွင် ကျန်ရစ်ခဲ့လျှင် ယောက္ခမများ၏ နှိပ်စက်မှုကို ခံရမည် စိုးရိမ်သောကြောင့်လည်း ပါသည်။

ခင်ပွန်းသည်၏ သစ္စာစောင့်သိမှုကို လီ ကျေးဇူးတင်သော်လည်း မျိုးဆက်ပြန့်ပွားရေး ဖိအားကြောင့် ခင်ပွန်းသည် အချိန်ကြာကြာ စောင့်ဆိုင်းနိုင်မည် မဟုတ်ကြောင်း သူမ နားလည်သည်။ နောက်ထပ် နှစ်အနည်းငယ်ကြာ၍ ကလေးမရလျှင် မယားငယ်ယူရတော့မည်။

သွေးခုန်နှုန်း စမ်းသပ်နေရင်း သမားတော်ကြီးသည် မုတ်ဆိတ်မွေးများကို ပွတ်သပ်နေမိသဖြင့် အမွှေးအမျှင် အများအပြား ကျွတ်ထွက်ကုန်သည်။ သူသည် တိကျသော အဖြေမပေးနိုင်ဘဲ ပြောလိုက်၏။

"စောလွန်းသေးတယ်... သွေးခုန်နှုန်းက မသေချာသေးဘူး... နောက်ထပ် လဝက်လောက် စောင့်ကြည့်ပြီးမှ ကိုယ်ဝန်သွေးခုန်နှုန်း ဟုတ်မဟုတ် အတည်ပြုနိုင်လိမ့်မယ်"

ဤသတင်းသည် အခြားသူများအတွက် စိတ်ပျက်စရာ ဖြစ်နိုင်သော်လည်း စွန်းလင်မယားအတွက်မူ အလွန် ဝမ်းမြောက်စရာပင်။

အကြောင်းရင်းမှာ ရိုးရှင်းသည်။ ဤအခြေအနေသည် လီ ကိုယ်ဝန်ရရှိရန် အနီးစပ်ဆုံး ဖြစ်နေသောကြောင့် ဖြစ်သည်။

ပုံမှန်အားဖြင့် အချိန်မှန် ရောက်လာတတ်သော ရာသီသွေးသည် ယခုလတွင် ပျောက်ကွယ်နေသည်။

စွန်းကျားရှင်းက ပြုံးရွှင်စွာဖြင့် ကုမင်တာ့ ကို ပြောလိုက်၏။

"လူကြီးတွေ ပြောကြတယ်... ကလေးတွေရဲ့ မျက်လုံးက အသန့်ရှင်းဆုံးပဲတဲ့... သာမန်လူတွေ မမြင်နိုင်တာတွေကို မြင်နိုင်တယ်တဲ့... သမားတော်က အတည်မပြုနိုင်သေးပေမယ့် နျိုနျိုက ပြောနေပြီဆိုတော့ ကိုယ်ဝန်ရှိဖို့ များပါတယ်... ဒီကလေးကို ကျေးဇူးတင်ရမယ်... မဟုတ်ရင် ကျွန်တော်တို့ အမှားကြီး မှားမိတော့မလို့"

ကုမင်တာ့ က အမြန် ပြောလိုက်သည်။

"နျိုနျိုက ကလေးပါ... ကိုယ်ဝန်ရှိတာ ဟုတ်မဟုတ် ဆိုတာက သမားတော်အမြင်ကိုပဲ အားကိုးရမှာပါ"

ကိုယ်ဝန်ရှိလျှင် အားလုံး ဝမ်းသာကြမည်ဖြစ်သော်လည်း မရှိခဲ့လျှင် နျိုနျို အပြစ်တင်ခံရမည်ကို ကုမင်တာ့ စိုးရိမ်သည်။ နျိုနျို၏ ထူးခြားမှုကြောင့် မှန်ကန်နိုင်ခြေများကြောင်း သူ ခန့်မှန်းမိသော်လည်း အဆိုးဆုံးအတွက် ပြင်ဆင်ထားခြင်းက အကောင်းဆုံးပင်။

ပါးနပ်သော စွန်းကျားရှင်းက ချက်ချင်း ပြန်ပြောလိုက်သည်။

"ကျွန်တော့်မိန်းမ ကိုယ်ဝန်ရှိရှိ မရှိရှိ နျိုနျို့ကို ကျေးဇူးတင်ပါတယ်... စိတ်ကူးယဉ်သက်သက် ဖြစ်နေရင်တောင် အနည်းဆုံးတော့ ကျွန်တော် မြို့တော်ကို စိတ်အေးချမ်းသာ သွားနိုင်တာပေါ့"

ကုမင်တာ့ စိတ်သက်သာရာ ရသွားပြီး တမင်သက်သက် ပြောလိုက်သည်။

"အစ်ကိုစွန်း... အချိန်စောသေးတယ်... ကုန်သည်အဖွဲ့ကလည်း အခုမှ ထွက်ခွာလာတာ... နောက်ထပ် မြို့ရောက်မှ ကိုယ်ဝန်ကို သေချာအောင် စစ်ဆေးပြီး ရှေ့ဆက်မလား ဆုံးဖြတ်ရင် မကောင်းဘူးလား"

ကိုယ်ဝန်ရှိမရှိ မသေချာသော်လည်း စွန်းကျားရှင်း အလောင်းအစားမလုပ်ရဲပေ။ သူပြတ်ပြတ်သားသား ပြောလိုက်၏။

"လမ်းခရီးက ကြမ်းလွန်းတယ်... ဘယ်ဖြစ်မလဲ... ကျွန်တော့်မိန်းမကို အခုပဲ ပြန်ပို့လိုက်တော့မယ်"

ကုမင်တာ့ က ထပ်ပြောလိုက်သည်။

"ဒါပေမယ့် စာမေးပွဲဖြေဖို့ ခရီးနှောင့်နှေးကုန်ရင် ဘယ်လိုလုပ်မလဲ"

စွန်းကျားရှင်းက လွယ်လွယ်ကူကူ သဘောတူလိုက်သည်။

"ရပါတယ်... ကုန်သည်အဖွဲ့က နှေးနှေးလေး သွားနေတာ... ကျွန်တော် နည်းနည်း ပိုကြိုးစားပြီး နောက်မှ လိုက်မီအောင် သွားလိုက်မယ်"

ကုမင်တာ့ ခေါင်းညိတ်ပြီး ပြောလိုက်၏။

"အစ်ကိုစွန်း ဆုံးဖြတ်ပြီးပြီဆိုရင် ကျွန်တော် စိတ်ချပါပြီ"

စွန်းကျားရှင်းနှင့် လီ တို့ လျင်မြန်စွာ ထွက်ခွာသွားကြသည်။ သူတို့တွင် ကိုယ်ပိုင် မြင်းလှည်းပါရှိသဖြင့် ကုန်သည်အဖွဲ့မှ ခွဲထွက်ပြီး ပြန်လှည့်သွားခြင်းသည် အခက်အခဲ မရှိလှပေ။

မထွက်ခွာမီ လီ က မနေနိုင်ဘဲ နျိုနျို့ကို မေးလိုက်သည်။

"နျိုနျို... ပြောပါဦး... အဒေါ့်ဗိုက်ထဲက ကလေးလေးက ယောကျ်ားလေးလား မိန်းကလေးလား"

ကုမင်တာ့ တားရန် ပြင်လိုက်သော်လည်း နျိုနျိုက ဖြေလိုက်ပြီးပြီ ဖြစ်သည်။

"သမီး မသိဘူး"

အဖြေမရသော်လည်း လီ စိတ်မပျက်ပေ။ ပြားပ်ိနေသော ဝမ်းဗိုက်ကို ညင်သာစွာ ပွတ်သပ်ပြီး မြင်းလှည်းပေါ်သို့ ဂရုတစိုက် တက်သွားလေသည်။

မြင်းလှည်း လမ်းဆုံးတွင် ပျောက်ကွယ်သွားသောအခါ ကုမင်တာ့ သည် ဒူးထောက်ထိုင်ချလိုက်ပြီး မေးလိုက်သည်။

"နျိုနျို... အဒေါ်စွန်းရဲ့ ဗိုက်ထဲမှာ ကလေးလေးရှိတာ တကယ်မြင်ရတာလား"

နျိုနျို ခေါင်းကို ပြင်းထန်စွာ ညိတ်ပြပြီး ပြန်မေးလိုက်သည်။

"အဖေ မမြင်ရဘူးလား"

ကုမင်တာ့ ပြုံးပြီး ခေါင်းခါလိုက်သည်။

ကျန်းယွင်နန်က နျိုနျိုကို စိုးရိမ်တကြီး ကြည့်ပြီး မေးလိုက်သည်။

"ယောကျ်ား... ဒီသတင်း ပြန့်သွားရင် နျိုနျို့အတွက် မကောင်းဘူး မဟုတ်လား"

ကုမင်တာ့ က ပြောလိုက်သည်။

"ရပါတယ်... ကလေးတွေက အပြစ်ကင်းစင်တဲ့ မျက်လုံးတွေ ရှိတယ်လေ... ကိုယ်ဝန်ရှိတာ မြင်ရတယ်ဆိုတဲ့ ကောလာဟလတွေက ပတ်ဝန်းကျင် ရွာတွေမှာ ကြားနေကျပါပဲ... ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး"

ကျန်းယွင်နန် ချက်ချင်း စိတ်သက်သာရာ ရသွားသည်။

ကုမင်တာ့ က ထပ်မေးလိုက်သည်။

"နျိုနျို... ကလေးလေးက ယောကျ်ားလေးလား မိန်းကလေးလားဆိုတာ သမီး တကယ် မသိဘူးလား"

Thank For Reading.

All Chapters