ခွဲခွာခြင်း
Vol. 4 Ch. 31
နျိုနျိုက ဖြေလိုက်သည်။
“သမီး တကယ်မသိဘူး”
ကုမင်တာ့ ခေါင်းညိတ်ပြီး ပြန်ပြောလိုက်၏။
"နောက်တစ်ခါ ဒီလိုအခြေအနေမျိုး ကြုံလာရင်လည်း ဒီလိုပဲ ပြန်ဖြေလိုက်နော်"
နျိုနျို ခေါင်းလေးစောင်းပြီး နားမလည်နိုင်စွာ မေးလိုက်သည်။
"ဘာလို့လဲဟင်"
ကုမင်တာ့ က လေးလေးနက်နက် ပြောလိုက်သည်။
"တချို့မိဘတွေက သားလေး လိုချင်ကြတယ်... တချို့က သမီးလေး လိုချင်ကြတယ်... သမီးက မှားပြောမိရင် သူတို့ စိတ်ပျက်သွားလိမ့်မယ်... ကိုယ်ဝန်ဆောင်နေတဲ့အချိန် စိတ်မပျော်မရွှင် ဖြစ်နေရင် ဗိုက်ထဲက ကလေးလေးကိုပါ ထိခိုက်စေနိုင်တယ်"
နျိုနျို ပါးစပ်ကို ချက်ချင်း အုပ်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဒါဆို နောက်တစ်ခါ သမီး မြင်နေရင်တောင် မောင်လေးလား ညီမလေးလား ဆိုတာ မပြောတော့ဘူး"
ကုမင်တာ့ သူမ၏ ခေါင်းလေးကို ပုတ်ပေးပြီး ချီးကျူးလိုက်သည်။
"ငါတို့ နျိုနျိုက အရမ်းလိမ္မာတာပဲ"
နျိုနျို ချက်ချင်း ရင်ကော့လိုက်သည်။ မိသားစုက ချီးကျူးသည်ကို ကြားရလျှင် သူမ အလွန် သဘောကျပြီး ကိုယ့်ကိုယ်ကိုယ် အသုံးဝင်သည်ဟု ခံစားရစေသည်။
ကုန်သည်အဖွဲ့က ခရီးဆက်လက် ထွက်ခွာခဲ့သည်။ ၄ ရက်အကြာတွင် စွန်းကျားရှင်း ပြန်လည်ရောက်ရှိလာ၏။
ဇနီးသည် ကိုယ်ဝန်ရှိမရှိ အတည်မပြုရသေးသော်လည်း မုန့်အများအပြား ယူဆောင်လာခဲ့သည်။
ကုမိသားစုနှင့် ပြန်ဆုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားကြောင်း၊ မိခင်ဖြစ်သူက မယဉ်ကျေးဘူးဟု ဆူပူသဖြင့် မုန့်များ ယူလာခဲ့ခြင်းဖြစ်ကြောင်း ယဉ်ကျေးစွာ ပြော၏။
ကုမင်တာ့ ကမူ သူသည် နျိုနျို့ကို ကျေးဇူးတင်သည့်အနေဖြင့် မုန့်များ ပေးနေခြင်းဖြစ်ကြောင်း ကောင်းစွာ နားလည်သည်။
ကလေးများကမူ ထိုမျှလောက် မသိကြပေ။ မုန့်များ စားကောင်းကြောင်းနှင့် ဦးလေးစွန်းသည် ကြင်နာတတ်ပြီး ကလေးအများစု နှစ်သက်သော လူကြီးတစ်ဦး ဖြစ်ကြောင်းလောက်သာ သိကြ၏။
စွန်းကျားရှင်းသည် မူလက ကိုယ်ဝန်ကိစ္စကြောင့် နျိုနျို့ကို သတိထားမိခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူမကို အမှန်တကယ် ချစ်ခင်လာခဲ့သည်။
နျိုနျိုက ကုမင်တာ့ ၏ ချွေးများကို သုတ်ပေးနေသည်ကို မြင်သောအခါ စွန်းကျားရှင်း မနာလိုဖြစ်သွားပြီး ပြောလိုက်၏။
"နျိုနျိုက အရမ်းလိမ္မာပြီး ချစ်ဖို့ကောင်းတာပဲ... ကျွန်တော့်မိန်းမ ကိုယ်ဝန်ဆောင်ထားတာ သမီးလေး ဖြစ်ခဲ့ရင် နျိုနျို့ရဲ့ တစ်ဝက်လောက်ပဲ သိတတ်ရင်ကို ကျေနပ်ပါပြီ"
ကုမင်တာ့ အံ့သြတကြီး ကြည့်လိုက်သည်။
သူ မမေးသော်လည်း စွန်းကျားရှင်း နားလည်ပြီး ရှင်းပြလိုက်သည်။
"အစ်ကိုကု... ကျွန်တော် ကလေးလိုချင်နေတာ ၁၀ နှစ်ကျော်ပြီ... အခုတော့ ယောကျ်ားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် သွေးသားရင်း ကလေးတစ်ယောက် ရရင် ကျေနပ်ပါပြီဗျာ"
ဘေးတွင် ရပ်နေသော ကျန်းယွင်နန်သည် ထိုစကားကို ကြားသောအခါ စိတ်သက်သာရာ ရသွားသည်။
ကုမင်တာ့ က ချီးကျူးလိုက်၏။
"အစ်ကိုစွန်းက သာမန်လူတွေ လိုက်မမီနိုင်လောက်အောင်ကို အမြော်အမြင် ကြီးပါတယ်"
စွန်းကျားရှင်း နှိမ့်ချစွာ ပြုံးလိုက်သည်။
ကုန်သည်အဖွဲ့သည် ရက်အနည်းငယ် ဆက်လက် ခရီးနှင်ပြီးနောက် နောက်ဆုံးတွင် ပြည်နယ်မြို့သို့ ရောက်ရှိသွားခဲ့၏။
လမ်းခွဲချိန်တွင် စွန်းကျားရှင်းက လက်အုပ်ချီပြီး ကုမင်တာ့ ကို နှုတ်ဆက်လိုက်၏။
"အစ်ကိုကုက အရည်အချင်းရှိတဲ့သူဖြစ်ပြီး ကံဆိုးမှုတွေပဲ ကြုံနေရတာ... ဒီတစ်ခေါက် စာမေးပွဲ ဖြေဆိုရာမှာ ချောမွေ့အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်"
ကုမင်တာ့ ကလည်း ပြန်လည် ဆုတောင်းပေးလိုက်သည်။
"အစ်ကိုစွန်းလည်း မြောက်ဘက်ခရီးစဉ်မှာ အဆင်ပြေပါစေ... နောက်နှစ် အစိုးရစာမေးပွဲမှာ ထူးထူးချွန်ချွန် အောင်မြင်ပြီး စာမေးပွဲဖြေဖို့ ခရီးသွားရတဲ့ ဒုက္ခတွေ ကင်းဝေးပါစေလို့ ဆုတောင်းပါတယ်"
စွန်းကျားရှင်း ပြုံးပြီး သဘောတူလိုက်သည်။ ထို့နောက် နျိုနျို့ကို ကြည့်ပြီး စနောက်လိုက်သည်။
"နျိုနျိုလေး... ဦးလေးတို့ လမ်းခွဲရတော့မယ်... မြို့တော်ရောက်ရင် ဦးလေး ဝယ်ပေးစေချင်တာ ရှိလား"
နျိုနျို ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
"ဦးလေးစွန်း... သမီးမှာ အကုန်ရှိပါတယ်..ဘာမှ မလိုပါဘူး... မြို့တော်ရောက်ရင် 'ယွဲ့' ပါတဲ့ တည်းခိုခန်းတွေမှာပဲ မတည်းပါနဲ့နော်"
စွန်းကျားရှင်း အံ့သြချင်ယောင်ဆောင်ပြီး မေးလိုက်သည်။
"နျိုနျို... ဘာလို့လဲ... 'ယွဲ့' စာလုံးကို မကြိုက်လို့လား"
သူက စနောက်နေသော်လည်း နျိုနျိုကမူ အလွန် လေးနက်နေသည်။
"ဦးလေးစွန်း... နျိုနျို နောက်နေတာ မဟုတ်ဘူး... အဲ့ဒီလို တည်းခိုခန်းတွေမှာ တကယ် မနေသင့်ဘူး... ဘာလို့လဲဆိုတော့ သမီး အိပ်မက်ဆိုး မက်လို့ပါ"
"ဘာအိပ်မက်ဆိုး မက်လို့လဲ"
ကုမင်တာ့ က အမြန်မေးလိုက်သည်။
နျိုနျို ခေါင်းခါလိုက်ပြီး အပြစ်ရှိစိတ်ဖြင့် ပြောလိုက်သည်။
"သမီး မမှတ်မိတော့ဘူး... အနီရောင်တွေပဲ မြင်ရပြီး အရမ်းကြောက်ဖို့ ကောင်းတာပဲ မှတ်မိတယ်"
ကုမင်တာ့ သူမ၏ ပခုံးကို ပုတ်ပေးပြီး နှစ်သိမ့်လိုက်သည်။
"နျိုနျို... သမီးက တော်ပါတယ်... သမီးအရွယ် ကလေးတော်တော်များများက အိပ်မက်မက်ရင်တောင် မမှတ်မိကြဘူး"
သာမန် စကားတစ်ခွန်း ဖြစ်သော်လည်း အခန်းထဲရှိ တစ်စုံတစ်ယောက်က သူ့ကို ပြောနေသည်ဟု ထင်မှတ်သွားသည်။ ၆ နှစ်အရွယ် ကုကျောက် ခုန်ပေါက်ပြီး ပြောလိုက်၏။
"အဖေ... သား မှတ်မိတယ်... မနေ့ညက ကြက်ပေါင်ကြီး စားနေတယ်လို့ အိပ်မက်မက်တာ... အရမ်းစားကောင်းတယ်... သား တကယ် မှတ်မိတယ်"
ကုမင်တာ့ ဆွံ့အသွားသည်။
သူ ကုကျောက်ကို အမြန် နှစ်သိမ့်လိုက်၏။
"ကောင်းပြီ... ကောင်းပြီ... အဖေက သားကို ပြောတာ မဟုတ်ပါဘူး... လျှောက်မတွေးနဲ့"
ကုကျောက် နောက်ဆုံးတွင် ငြိမ်ကျသွားသည်။
ကုမင်တာ့ က နျိုနျို့ကို ထပ်မေးလိုက်၏။
"ယွဲ့ ပါတဲ့ တည်းခိုခန်း နာမည်ကို မှတ်မိလား"
နျိုနျို ခေါင်းခါလိုက်ပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။
"သမီးက 'ယွဲ့' စာလုံးပဲ ဖတ်တတ်တာ... တခြားစာလုံးတွေ မသိဘူး"
ထိုစကားကို ကြားသောအခါ ကုမင်တာ့ အနည်းငယ် အံ့သြသွားသည်။ နျိုနျို စာသင်တာ မကြာသေးသဖြင့် စာလုံးအများကြီး မသိသေးသည်မှာ ပုံမှန်ပင်။
ထို့နောက် စွန်းကျားရှင်းဘက် လှည့်ပြီး ပြောလိုက်သည်။
"ကလေးအိပ်မက် ဆိုပေမယ့် အစိုးရစာမေးပွဲက အရေးကြီးတဲ့ကိစ္စပါ... မတော်တဆဆိုတာမျိုး ကြိုတင်ကာကွယ်တာ ပိုကောင်းပါတယ်... သတိထားတာ အကောင်းဆုံးပါပဲ... အစ်ကိုစွန်း... တည်းခိုခန်း ရှာရင် 'ယွဲ့' ပါတဲ့ နာမည်တွေကို ရှောင်လိုက်ပါ"
တည်းခိုခန်း ပြောင်းရုံသာ ရှိသည်မို့ စွန်းကျားရှင်းက ပြောလိုက်သည်။
"နျိုနျိုက ကျွန်တော့်ကို ဂရုစိုက်လွန်းလို့ အိပ်မက်တောင် မက်ပေးတယ်ဆိုတော့ သူ့စကား နားထောင်လိုက်ပါ့မယ်"
စွန်းကျားရှင်း၏ မြင်းလှည်း လမ်းဆုံးတွင် ပျောက်ကွယ်သွားပြီးနောက် ကုမိသားစုဝင် ၅ ဦးသည် မြို့ထဲသို့ ဝင်ရောက်လာကြသည်။
မြို့ကြီးသည် စည်ကားသိုက်မြိုက်နေပြီး ပထမဆုံးအကြိမ် ရောက်ဖူးသူများအတွက် မျက်စိပင် ကျယ်သွားစေသည်။ အရာအားလုံးက ဆန်းသစ်ပြီး စိတ်လှုပ်ရှားဖွယ် ကောင်းနေ၏။
ကျန်းယွင်နန်သည် ဟိုဟိုဒီဒီ လိုက်ကြည့်နေသော်လည်း ဖြတ်သွားဖြတ်လာများ၏ လှောင်ပြောင်သော အကြည့်များကို သတိပြုမိသောအခါ ရုတ်တရက် တည်ငြိမ်သွားပြီး ကလေးများကိုပင် လှမ်းဆွဲလိုက်သေး၏။
ကလေးများက သူမကို အံ့သြတကြီး လှည့်ကြည့်လိုက်ကြသည်။
ကျန်းယွင်နန် ရှက်ရွံ့စွာ ပြောလိုက်သည်။
"ဒီလောက် စိတ်ဝင်တစား လိုက်ကြည့်နေရင် လူတွေ ရယ်ကြလိမ့်မယ်"
၁၃ နှစ်အရွယ် ကုယန်သည် ရှက်တတ်သော အရွယ်ရောက်နေပြီဖြစ်၍ ခေါင်းငုံ့လိုက်သည်။
သို့သော် နျိုနျိုက နားမလည်နိုင်စွာ ပြောလိုက်၏။
"သမီး ဒါတွေကို တကယ် မမြင်ဖူးလို့ပါ... နည်းနည်းပိုကြည့်လိုက်လို့ ဘယ်သူ့ကိုမှ ထိခိုက်တာမှ မဟုတ်တာ... သမီး သူတို့ဆီက ဘာမှ ခိုးတာလည်း မဟုတ်ဘူး... ဘာလို့ သူတို့က ရယ်ကြမှာလဲ"
ကုကျောက်က ဘေးမှ ခေါင်းကို ပြင်းထန်စွာ ညိတ်ပြပြီး ထောက်ခံလိုက်သည်။
"ဟုတ်တယ်... ဟုတ်တယ်... သားလည်း အဲ့လိုပဲ ထင်တယ်"
နျိုနျိုသည် ငယ်ရွယ်သော်လည်း ဖြူစင်ရှင်းလင်းသော အမြင်ရှိပြီး အလွန် တည်ငြိမ်စွာ ပြောလိုက်သည်။
"သူတို့ ရယ်ချင် ရယ်ပါစေ... သမီးတို့က သူတို့ကို သိတာမှ မဟုတ်တာ"
ကျန်းယွင်နန် သူမ၏ စကားကြောင့် မှင်သက်သွားသည်။
ခဏမျှ တုံ့ဆိုင်းပြီးနောက် ကုယန်က ပြောလိုက်သည်။
"ဒါပေမယ့် ဟိုဟိုဒီဒီ လျှောက်ကြည့်တာက လူကြီးလူကောင်း ပုံစံ မဟုတ်ဘူး... အဖေ အဲ့လို မကြည့်ဘူးလေ"
ကုမင်တာ့ ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"အဖေ ပြည်နယ်မြို့ကို ပထမဆုံး ရောက်တုန်းကလည်း သားတို့လိုပဲ ကြည့်လို့မဝ ဖြစ်ခဲ့ဖူးတယ်... ခဏခဏ ရောက်ဖူးသွားရင် ရိုးသွားလိမ့်မယ်"
"ဒါပေမယ့် ရိုးသွားတာက ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး"
ကုမင်တာ့ ၏ မျက်နှာတွင် စိတ်ပျက်မှု အရိပ်အယောင် အနည်းငယ် ပေါ်လာသည်။
ခင်ပွန်းသည်၏ နာကျင်စရာ အတိတ်ကို ထိမိသွားမှန်း ကျန်းယွင်နန် သိလိုက်သည်။ နှစ်သိမ့်စကား ပြောရန် ပြင်လိုက်စဉ် ခင်ပွန်းသည်က သူမကို ပြုံးပြလိုက်၏။
"အပြင်မှာ ပွဲကြည့်ချင်ရင် ကြည့်ကြ... အပြင်လူတွေက စီးပွားရေး လုပ်နေကြတာလေ... ပွဲကြည့်တာက သူတို့ကို အားပေးရာ ရောက်တယ်... ဒါပေမယ့် သူများအိမ်ကို ဧည့်သည်အဖြစ် သွားတဲ့အခါ ဟိုဟိုဒီဒီ လျှောက်ကြည့်ရင် အိမ်ရှင် မကြိုက်တာ ဖြစ်နိုင်တယ်... နားလည်လား"
ကုမင်တာ့ သည် ဤအခွင့်အရေးကို အသုံးချပြီး ကလေးသုံးယောက်ကို ဧည့်ဝတ်ကျေပွန်မှုဆိုင်ရာ ကျင့်ဝတ်များကို သင်ကြားပေးလိုက်သည်။
ကလေးသုံးယောက်စလုံး ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်ကြ၏။
ကုမင်တာ့ သည် စာမေးပွဲဖြေရန် ပြည်နယ်မြို့သို့ အကြိမ်ကြိမ် ရောက်ဖူးသဖြင့် တည်းခိုမည့်နေရာကို ကြိုတင် စီစဉ်ထားပြီးဖြစ်သည်။
တည်းခိုခန်း လိုက်ရှာမနေဘဲ လမ်းကြားလေးတစ်ခုထဲသို့ တန်းတန်းမတ်မတ် ဝင်သွားလိုက်သည်။
လမ်းကြားဆုံးတွင် ခြံဝင်းပါသော အိမ်တစ်လုံး ရှိသည်။ ကုမင်တာ့ တံခါးကို ညင်သာစွာ ခေါက်လိုက်သည်။
မကြာမီ ဆံပင်များဖြူနေသော အဘွားအိုတစ်ဦး တံခါးလာဖွင့်ပေးသည်။ ကုမင်တာ့ ကို မြင်လိုက်ရသည်နှင့် သူမ၏ မျက်လုံးများ ပိတ်သွားသည်အထိ ပြုံးရွှင်သွားသည်။
"သခင်လေးကု ရောက်လာပြီပဲ... ဒီနှစ် စာမေးပွဲ လာမဖြေတော့ဘူးလို့ ထင်ပြီး စိတ်ပူနေတာ... အထဲဝင်... အထဲဝင်"