← Chapters

အိမ်ငှားခြင်း

Vol. 4 Ch. 32

အိမ်ငှားခြင်း

Vol. 4 Ch. 32

အဖွားချန်သည် ကုမင်တာ့ ၏ နောက်တွင် ရပ်နေသော ကျန်းယွင်နန်နှင့် ကလေးများကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ကျန်းယွင်နန်၏ လက်ကို နွေးထွေးစွာ ဆုပ်ကိုင်လိုက်သည်။

"ဒါက ကုကတော် ယွင်နန် ဖြစ်မယ်... သခင်လေးကု ပြောတာ ခဏခဏ ကြားဖူးတယ်... အို... ကလေးတွေကလည်း ချစ်စရာကောင်းလိုက်တာ"

အဖွားချန်က မိသားစုကို ခြံဝင်းထဲသို့ ဆွဲခေါ်သွားသည်။

"မင်းတို့အတွက် အကောင်းဆုံး အခန်းတွေ ဖယ်ပေးထားတယ်... စုစုပေါင်း အခန်းနှစ်ခန်း... လုံလောက်ရဲ့လား"

အဖွားချန်က မေးလိုက်သည်။

ကုမင်တာ့ ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အဖွား... ဒီကိုရောက်တိုင်း အဖွားကို ကျေးဇူးတင်မဆုံး ဖြစ်ရပါတယ်"

အဖွားချန် လက်ကာပြပြီး ပြောလိုက်၏။

"သခင်လေးကု... မင်းက သိပ်ယဉ်ကျေးလွန်းနေပြီ... မင်းသာ မကူညီခဲ့ရင် ငါ့ဘဝက အခုလို ကောင်းစားနေမှာ မဟုတ်ပါဘူး"

ထို့နောက် အဖွားချန်က ဆက်မေးသည်။

"အခန်းကို သန့်ရှင်းရေး လုပ်ထားပေမယ့် လိုအပ်တာတွေ ရှိမရှိ စစ်ဆေးပေးပါဦး... လိုတာရှိရင် အခုချက်ချင်း ပြင်ပေးပါ့မယ်"

ကုမင်တာ့ အခန်းကိုပင် မကြည့်ဘဲ တန်းပြီး ပြောလိုက်သည်။

"အဖွားချန် ပြင်ဆင်ထားတဲ့ အိမ်ပဲဟာကို ကျွန်တော်က ဘယ်လိုလုပ် စိတ်ပူစရာလိုမှာလဲ"

အဖွားချန်၏ အပြုံးက ပိုအသက်ဝင်သွားသည်။ သူမ အလုပ်ရှိသည်ဟု အကြောင်းပြပြီး ထွက်ခွာသွားသော်လည်း မကြာမီ ရေနွေးအိုးတစ်လုံးနှင့် ပြန်ရောက်လာ၏။

ကုမင်တာ့ သည် ကျန်းယွင်နန်ကို အထုပ်အပိုးများ နေရာချရာတွင် ကူညီပေး၏။

ကလေးများကိုလည်း အားမနေစေဘဲ ကိုယ့်ပစ္စည်းကိုယ် သိမ်းဆည်းခိုင်းလိုက်သည်။

ကလေးများတွင် ပစ္စည်းနည်းပါးသဖြင့် သိမ်းဆည်းပြီးသည်နှင့် ကုယန်က စာအုပ်ထုတ်ဖတ်နေသည်။

ကုကျောက်နှင့် နျိုနျိုတို့ကမူ ငယ်ရွယ်သေးသဖြင့် ခြံဝင်းထဲတွင် လျှောက်ဆော့နေကြ၏။

"ရှင်က အဖွားချန်ကို ကူညီခဲ့တာလား... သူက ကျွန်မတို့မိသားစုအပေါ် အရမ်းကောင်းတာပဲ"

ကျန်းယွင်နန်က ခင်ပွန်းသည်ကို တိုးတိုးလေး မေးလိုက်သည်။

အခန်းသည် သန့်ရှင်းသပ်ရပ်နေပြီး စောင်များက နွေးထွေးနူးညံ့ကာ အစိုဓာတ် လုံးဝမရှိပေ။ ကြိုတင်၍ နေလှန်းထားကြောင်း ထင်ရှားသည်။ တည်းခိုခန်းတွင် တည်းခိုလျှင်ပင် ဤမျှကောင်းမွန်သော နေရာမျိုး ရှာတွေ့ရန် ခက်ခဲလိမ့်မည်။

အရေးအကြီးဆုံးမှာ အိမ်ငှားခက အလွန် သက်သာနေခြင်းပင်။

"ကိုယ် ပထမဆုံးအကြိမ် စာမေးပွဲလာဖြေတုန်းက သူက တည်းခိုခန်းမှာ အကူလုပ်နေတာလေ... စာမေးပွဲကျပြီးတဲ့နောက် ညသန်းခေါင်ကြီး တစ်ယောက်ယောက် ငိုနေတာ ကြားလိုက်ရတယ်... မေးကြည့်တော့မှ ကို စာမေးပွဲကျလို့ ခံစားရတဲ့ ဝမ်းနည်းမှုက သူ့ဒုက္ခနဲ့ ယှဉ်ရင် ဘာမှမဟုတ်မှန်း သိလိုက်ရတယ်"

ဇနီးသည်၏ မေးခွန်းထုတ်သော မျက်လုံးများကို ကြည့်ရင်း ကုမင်တာ့ ဆက်ရှင်းပြသည်။

"အဖွားချန်ရဲ့ ယောက္ခမမိသားစုက တော်တော် ချမ်းသာခဲ့ဖူးတယ်... ဆိုင်ခန်းနှစ်ခန်းနဲ့ ဒီအိမ်ကြီးကို ပိုင်ဆိုင်ခဲ့တာ... ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ အိမ်ထောင်ကျပြီးတဲ့နောက် ဉာဏ်ရည်မမီတဲ့ သားတစ်ယောက် မွေးခဲ့တယ်... ခင်ပွန်းသည်က စောစောစီးစီး ဆုံးပါးသွားပြီး ဆွေမျိုးထဲက လူမိုက်တစ်ယောက်က သူတို့ကို စောင့်ရှောက်မယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ အိမ်နဲ့ဆိုင်ခန်းတွေကို သိမ်းပိုက်ပြီး သူတို့ကို မောင်းထုတ်လိုက်တာ"

ကုမင်တာ့ ယဉ်ကျေးစွာ ပြောသော်လည်း "ဉာဏ်ရည်မမီ" ဆိုသည်မှာ အရူးတစ်ယောက်ကို ဆိုလိုကြောင်း ကျန်းယွင်နန် နားလည်လိုက်သည်။

ကုမင်တာ့ ဆက်ပြောသည်။

"ကိုယ်က သူ့ကို တိုင်ကြားစာ ရေးပေးခဲ့တယ်... ပြီးတော့ အဲ့ဒီလူမိုက်ရဲ့ အားနည်းချက်ကို ရှာပြီး အိမ်နဲ့ဆိုင်ခန်းတွေ ပြန်ရအောင် ကူညီပေးခဲ့တယ်... ဆွေမျိုးထဲက မိဘမဲ့ကောင်လေးတစ်ယောက်ကို မြေးအဖြစ် မွေးစားဖို့လည်း ကူညီပေးခဲ့တယ်... ပြီးတော့ ဒီအိမ်ကို ပြန်လည်ပြုပြင်ပြီး စာမေးပွဲလာဖြေတဲ့ ကျောင်းသားတွေကို ဈေးသက်သက်သာသာနဲ့ ငှားဖို့ အကြံပေးခဲ့တယ်"

အဖွားချန်တွင် ဆိုင်ခန်းနှစ်ခန်း ရှိပြီးဖြစ်၍ ပိုက်ဆံမရှားပေ။

ကျောင်းသားများကို ဈေးသက်သာစွာ ငှားရမ်းပေးခြင်းမှာ သူတို့ စာမေးပွဲအောင်မြင်သွားပါက ကုသိုလ်ရစေရန်နှင့် သူမ၏မိသားစုကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

ထိုအချိန်တွင် နျိုနျိုနှင့် ကုကျောက်တို့သည် ခြံဝင်းထဲတွင် တူတူပုန်းတမ်း ကစားနေကြသည်။ နျိုနျို မျက်လုံးမှိတ်ထားစဉ် ကုကျောက်သည် နောက်ဘက်စင်္ကြံလမ်းထဲသို့ ပြေးဝင်သွားပြီး ထောင့်တစ်နေရာတွင် ဝင်ပုန်းလိုက်သည်။

နျိုနျို မျက်လုံးဖွင့်လိုက်သောအခါ ကုကျောက်ကို ဘယ်နေရာမှ ရှာမတွေ့တော့ပေ။

ခြံဝင်းတစ်ခုလုံး ရှာမတွေ့သဖြင့် နျိုနျို ခဏမျှ တွန့်ဆုတ်နေပြီးနောက် အော်ပြောလိုက်သည်။

"ကိုကိုလတ်... ညီမ နောက်ဘက်ကို လာရှာတော့မယ်နော်"

ညီမလေး၏ အသံကို ကြားသောအခါ ထောင့်တွင် ပုန်းနေသော ကုကျောက်က ပါးစပ်ကိုအုပ်ပြီး ရယ်မောလိုက်သည်။

နျိုနျို အော်ဟစ်ရင်း ပြေးလာသည်။

စင်္ကြံလမ်းထဲသို့ ဝင်လာသော ခြေသံများကို ကြားလိုက်ရသဖြင့် ကုကျောက် ကြက်သီးထသွားပြီး ဘယ်လောက်နီးကပ်လာပြီလဲဆိုတာ နားစွင့်နေမိသည်။

"ကိုကို... ကိုကို သစ်ပင်နောက်မှာ ပုန်းနေတာလား"

နျိုနျို မေးလိုက်သည်။

မည်သူမျှ ပြန်မဖြေပေ။

ကုကျောက်က လူမမြင်ရသော နေရာလေးတွင် ပုန်းနေခြင်းဖြစ်သည်။ နျိုနျို ခေါင်းလေးစောင်းပြီး ရှာကြည့်သော်လည်း မတွေ့ပေ။

စင်္ကြံလမ်းအဆုံးသို့ ရောက်လုနီးပါး ဖြစ်နေပြီ။ နောက်ထပ် ခြံဝင်းတစ်ခုက ရှေ့တည့်တည့်တွင် ရှိနေ၏။

လူကြီးများ ပြောစကားအရ ဤအိမ်သည် နေရာကောင်းတွင် ရှိပြီး အခန်းအားလုံး ငှားရမ်းထားသူများဖြင့် ပြည့်နေကြောင်း နျိုနျို ကြားသိထားသည်။

အခြားခြံဝင်းများတွင်လည်း လူနေကြသည်။ တံခါးပေါက်ဝတွင် ရပ်ပြီး နျိုနျို ခဏမျှ တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင် ဝင်မသွားပေ။

ထိုအစား လှည့်ထွက်ပြီး စင်္ကြံလမ်းဘက်သို့ အော်ပြောလိုက်သည်။

"ကိုကို... ဘယ်မှာ ပုန်းနေတာလဲ... ညီမ မရှာတွေ့တော့ဘူး... ညီမ အရှုံးပေးပြီ"

သူမ စကားဆုံးသည်နှင့် ကုကျောက် ထွက်မလာဘဲ တံခါးပေါက်နောက်မှ အသက် ၄၀ အရွယ်ခန့်ရှိသော မျက်နှာထားတင်းတင်းနှင့် အမျိုးသမီးတစ်ဦး ထွက်ပေါ်လာ၏။

ထိုအမျိုးသမီးက နျိုနျို၏ ကော်လာကို ဆွဲကိုင်လိုက်ပြီး ကြမ်းတမ်းစွာ မေးလိုက်သည်။

"နင်က ဘယ်သူ့ကလေးလဲ... ဒီမှာ ဆူညံပွက်လောရိုက်ဖို့ ဘယ်သူသင်ပေးတာလဲ... တခြားကျောင်းသားတွေ စာကျက်နေတာကို အနှောင့်အယှက် ဖြစ်တယ်ဆိုတာ မသိဘူးလား"

နျိုနျို ချက်ချင်း ရုန်းကန်ပြီး ပြောလိုက်သည်။

"သမီး အဒေါ်တို့ ခြံဝင်းထဲ ဝင်မလာပါဘူး..."

ထိုအမျိုးသမီးက နျိုနျိုကို ရွံရှာစွာ ကြည့်ပြီး ပြောလိုက်သည်။

"ခြံဝင်းထဲ ဝင်မလာတာနဲ့ အနှောင့်အယှက် မဖြစ်ဘူးလို့ မဆိုလိုဘူး... ကောင်မစုတ်လေး... တိတ်တိတ်နေစမ်း... ဒီတစ်ခေါက် ငါ့သား စာမေးပွဲမအောင်ရင် နင့်ကို သေအောင် ရိုက်မယ်"

ပြောပြီးသည်နှင့် ထိုအမျိုးသမီးက လက်လွှတ်လိုက်ပြီး နျိုနျိုကို မြေကြီးပေါ်သို့ တွန်းချလိုက်သည်။

ငြင်းခုံသံ ကြားသောအခါ ကုကျောက် အပြေးထွက်လာပြီး လဲကျလုနီးပါးဖြစ်နေသော နျိုနျိုကို သီသီလေး ဖမ်းထိန်းလိုက်နိုင်သည်။

နျိုနျိုကို တည်ငြိမ်အောင် လုပ်ပေးပြီးနောက် ကုကျောက်သည် အမြောက်ဆန်ကဲ့သို့ အမျိုးသမီး၏ ဝမ်းဗိုက်ကို ဝင်တိုက်လိုက်သည်။

"ငါ့ညီမလေးကို အနိုင်မကျင့်နဲ့... လူဆိုးမကြီး"

ထိုအမျိုးသမီးသည် တံခါးပေါက်ကို မှီပြီး မနည်းရပ်လိုက်ရသည်။ သူမ ဒေါသကြောင့် မျက်မှောင်ကြုတ်သွားပြီး ဆဲဆိုလိုက်သည်။

"ကောင်စုတ်လေး... နင်က ယဉ်ကျေးမှု လုံးဝ မရှိပါလား... နင့်မိဘတွေအစား ငါ နင့်ကို ဆုံးမပေးရမယ်"

ပြောပြီးသည်နှင့် ထိုအမျိုးသမီးက ကုကျောက်ကို ရိုက်ရန် ပြင်လိုက်သည်။

သို့သော် ကုကျောက်သည် ငြိမ်ခံမည့် ကလေးစားမျိုး မဟုတ်ပေ။ နျိုနျို၏ လက်ကိုဆွဲပြီး ပြန်ပြေးရင်း အော်ဟစ်လိုက်သည်။

"စုန်းမကြီး ရိုက်တယ်... စုန်းမကြီး ရိုက်တယ်"

ထိုအမျိုးသမီးသည် ကလေးငယ်တစ်ယောက် ဤမျှ ပါးစပ်သရမ်းလိမ့်မည်ဟု မမျှော်လင့်ထားပေ။

"ရပ်လိုက်စမ်း... နင့်ပါးစပ်ကို ဆွဲဖြဲပစ်မယ်"

ထိုစကားကို ကြားသောအခါ ကုကျောက် ရပ်တန့်လိုက်ပြီး လှည့်ကြည့်ကာ မျက်နှာပြောင်ပြလိုက်သည်။

ထို့နောက် အိမ်ထဲသို့ ဆက်လက် ပြေးဝင်သွား၏။

ကုမင်တာ့ နှင့် ကျန်းယွင်နန်တို့သည် သားဖြစ်သူ၏ အသံကို ကြားသည်နှင့် အိမ်ထဲမှ ထွက်လာကြ၏။

မိဘများကို မြင်သောအခါ ကုကျောက်သည် ကျောထောက်နောက်ခံ ရှိပြီဟု ခံစားလိုက်ရသည်။ နျိုနျိုကို မိဘများ၏ နောက်သို့ ဆွဲပို့လိုက်ပြီး တိုင်တောလေတော့သည်။

"အဖေ... အမေ... ဒီစုန်းမကြီးက နျိုနျို့ကို တွန်းပြီး သားကို ရိုက်ဖို့ လုပ်တယ်... ကံကောင်းလို့ သား မြန်မြန်ပြေးလာနိုင်တာ"

ထိုစကားကို ကြားသောအခါ ကုမင်တာ့ ၏ မျက်လုံးများ မဲမှောင်သွားသည်။

"ကောင်စုတ်လေး... နင်က ငါ့ကို အရင်ဝင်တိုက်ပြီးတော့ အခု ငါ့ကို အရင်လာစွပ်စွဲနေတယ်ပေါ့"

ထိုအမျိုးသမီးက ဆဲဆိုလိုက်သည်။

ထိုစကားကို ကြားသော်လည်း ကုမင်တာ့ ချက်ချင်း ပြန်မပြောပေ။ ထိုအစား နျိုနျို့ကို မေးလိုက်သည်။

"နျိုနျို... ဘာဖြစ်ခဲ့လဲဆိုတာ အဖေ့ကို ပြောပြပါဦး"

နျိုနျိုက ရှင်းလင်းပြတ်သားစွာဖြင့် ဖြစ်ပျက်ခဲ့ပုံ အလုံးစုံကို လျင်မြန်စွာ ရှင်းပြလိုက်သည်။

ကလေးနှစ်ယောက်၏ ပြောစကားများကို နားထောင်ပြီးနောက် အများအားဖြင့် ကိုက်ညီမှုရှိကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် ကုမင်တာ့ သည် သဘာဝကျကျပင် မိမိကလေးဘက်မှ ရပ်တည်ပေးလိုက်၏။

သူ ချက်ချင်း တည်ကြည်စွာ ပြောလိုက်သည်။

"ခင်ဗျားလို အရွယ်ရောက်ပြီးသူ တစ်ယောက်က ကလေးတစ်ယောက်ကို အနိုင်ကျင့်တာ မသင့်တော်ဘူး ထင်တယ်"

All Chapters