← Chapters

ကျွန်မအမေက စစ်နတ်ဘုရား

Vol. 4 Ch. 33

ကျွန်မအမေက စစ်နတ်ဘုရား

Vol. 4 Ch. 33

"ဘာ... ရှင် အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့"

ထိုအမျိုးသမီးသည် ဒေါသထွက်ပြီး ဆွေ့ဆွေ့ခုန်နေသည်။

"ရှင်ကိုယ်တိုင်က စာသင်သားတစ်ယောက် ဖြစ်ပြီးတော့ ကလေးတွေ ဆူညံတာကို ဂရုမစိုက်ဘူးလား... ဒီခြံဝင်းထဲက လူတွေအကုန်လုံး စာသင်သားတွေချည်းပဲ... ကလေးတွေ အနှောင့်အယှက်ပေးလို့ သူတို့ စာမေးပွဲကျသွားရင် ရှင်တာဝန်ယူနိုင်လို့လား"

ကုမင်တာ့ မျက်မှောင်ကြုတ်လိုက်သည်။ ကိုယ်ကျင့်တရားကို အကြောင်းပြပြီး ခြိမ်းခြောက်ခံရသည်ကို သူ မနှစ်သက်ပေ။

"သူတို့အသံက ခင်ဗျားအသံလောက် မကျယ်ပါဘူး... ခင်ဗျားကျတော့ သူများစာကျက်တာ နှောင့်ယှက်မှာ မကြောက်ဘူးလား"

ကုမင်တာ့ က ပြန်မေးလိုက်သည်။

ထိုအမျိုးသမီးသည် ကြက်လည်ပင်းအလိမ်ခံထားရသလို ချက်ချင်း အသံတိတ်သွားသည်။

ကုမင်တာ့ က ဆက်မေးသည်။

"သူတို့က ခင်ဗျားတို့ ခြံဝင်းထဲ ဝင်တောင်မလာဘူး... ဘယ်လောက် ဆူညံနိုင်မှာမို့လို့လဲ... တကယ်လို့ တစ်ယောက်ယောက်က ဒီကိစ္စကြောင့် စာမကျက်နိုင်ဘူးဆိုရင် ဘာလို့ ထွက်ပြီး ခင်ဗျားဘက်က မပြောပေးကြတာလဲ"

ထိုအမျိုးသမီးသည် သူမ၏ အချစ်ဆုံးသားကို ထိပါးလာသဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ယောက်ကျူ... ယောက်ကျူ... မြန်မြန်ထွက်လာစမ်း... နင့်အမေ အနိုင်ကျင့်ခံနေရပြီ"

သူမ၏ သားအကြီးဆုံး ဝမ်ယောက်ကျူ ထွက်မလာဘဲ အသက် ၂၀ ပင် မပြည့်သေးသော အမျိုးသမီးငယ်တစ်ဦးသာ ထွက်လာသည်။

ထိုအမျိုးသမီးငယ်သည် အရပ်ရှည်ပြီး လှပသော်လည်း နှစ်ပေါင်းများစွာ ခေါင်းငုံ့နေခဲ့ရသဖြင့် အနည်းငယ် ကြောက်ရွံ့တတ်ပုံ ပေါက်နေသည်။

ထို့အပြင် သူမ၏ မျက်နှာသည် ဝမ်းနည်းပူဆွေးနေပုံရပြီး တစ်ချက်ကြည့်ရုံဖြင့် ဘဝက အဆင်မပြေကြောင်း သိသာနေသည်။ သူမ၏ မျက်လုံးများတွင် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေပြီး ပြဿနာရှာတတ်သော ယောက္ခမလောက်ပင် တက်ကြွလန်းဆန်းမှု မရှိပေ။

"အမေ... အိမ်ထဲ အရင်ပြန်ဝင်ရအောင်... ပြီးမှ ပြောကြတာပေါ့"

အမျိုးသမီးငယ်က ယောက္ခမကို ဆွဲခေါ်ရန် ကြိုးစားလိုက်သည်။

ထိုစကားကို ကြားသောအခါ အဘွားကြီး ဒေါသထွက်သွားပြီး ချွေးမ၏လက်ကို ပုတ်ထုတ်လိုက်ကာ အော်ဟစ်လိုက်သည်။

"နင်က ဘာလာလုပ်တာလဲ... ယောက်ကျူ ဘယ်မှာလဲ... သူ့အမေ အနိုင်ကျင့်ခံနေရတာကို ထွက်မကူညီဘူးလား"

အမျိုးသမီးငယ် အပြစ်ရှိစိတ်ဖြင့် ခေါင်းငုံ့လိုက်သည်။

အဘွားကြီးသည် သားအရင်းကို အပြစ်မတင်ရက်သဖြင့် ချွေးမအပေါ် ဒေါသပုံချလိုက်သည်။

"နင် တားထားတာ မဟုတ်လား... မိန်းမယုတ်... အဲ့ဒါကြောင့် နင်က သားယောကျ်ားလေး မမွေးပေးနိုင်တာ"

ပြောရင်းနှင့် အဘွားကြီးက ချွေးမ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။

အမျိုးသမီးငယ်သည် ယိုင်နဲ့သွားပြီး ပါးကိုအုပ်ကာ အချိန်အကြာကြီး စကားမပြောနိုင် ဖြစ်သွားရှာ၏။

ကျန်းယွင်နန်က သူမကို အမြန် တွဲထူပေးပြီး နှစ်သိမ့်လိုက်သည်။

"နာသွားလား... ဆေးသွားယူပေးမယ်နော်"

ထိုစကားကို ကြားသောအခါ အမျိုးသမီးငယ် ဝမ်းနည်းသွားပြီး မျက်ရည်ပေါက်ကြီးများ စီးကျလာသည်။

"ဘာငိုနေတာလဲ... ငိုစရာ ဘာပါလို့လဲ... ဝမ်မိသားစုနဲ့ လက်ထပ်တာ နှစ်ပေါင်းများစွာ ကြာပြီ... ကလေးတစ်ယောက်တောင် မမွေးပေးနိုင်ဘူး... အခု သူများရှေ့မှာ ငိုပြပြီး ငါတို့ ဝမ်မိသားစု သိက္ခာကျအောင် လုပ်နေတာလား"

အဘွားကြီးက ချွေးမကို မဟုတ်ဘဲ ရန်သူကို ဆဲဆိုနေသကဲ့သို့ ကြမ်းတမ်းစွာ ဆဲဆိုနေသည်။

ကုမင်တာ့ မျက်မှောင်ကြုတ်လိုက်မိ၏။ အဘွားကြီးကို ကိုင်တွယ်ရသည်မှာ အဆင်ပြေသော်လည်း အမျိုးသမီးငယ်လေး ပါဝင်ပတ်သက်လာသောအခါ သူ ဝင်ပြောရန် မသင့်တော်တော့ပေ။ သူသည် ဇနီးဖြစ်သူ ကျန်းယွင်နန်ကို ယုံကြည်မှုရှိစွာ ကြည့်လိုက်သည်။

ကျန်းယွင်နန် ရှေ့ထွက်လာပြီး ပြောလိုက်သည်။

"အဒေါ်ကြီး... အဒေါ်ကြီးရဲ့ ချွေးမက ဘာအမှားလုပ်မိလို့လဲ... သူက သားဖြစ်သူရဲ့ ဆန္ဒကို လာပြောပြရုံလေ..."

အဘွားကြီးက ဖြတ်ပြောလိုက်သည်။

"ငါ့သားက ငါ့ကို ပစ်ထားမှာ မဟုတ်ဘူး... သားအမိကြား သွေးခွဲတာ ဒီမိန်းမယုတ်ရဲ့ လက်ချက်ပဲ"

သူတို့၏ ငြင်းခုံသံကြောင့် အိမ်ငှားများ အကုန်လုံးနီးပါး ထွက်ကြည့်နေကြပြီဖြစ်သည်။ အဘွားကြီး၏ သားမှလွဲ၍ ကျန်လူအကုန် ရောက်ရှိနေကြသည်။

ကျန်းယွင်နန်က မူလက အကျိုးအကြောင်း သင့်လျော်အောင် ပြောပြရန် ရည်ရွယ်သော်လည်း အဘွားကြီး၏ ခေါင်းမာမှုကို မြင်သောအခါ ပြောလိုက်သည်။

"ဒီလောက် ဆူညံနေတာတောင် သူ နားလေးနေလို့ မကြားတာလား"

အဘွားကြီးသည် သားဖြစ်သူကို ထိပါးလာသည်ကို သည်းမခံနိုင်ဘဲ လူအင်အား မမျှသည်ကို ဂရုမစိုက်တော့ဘဲ ကျန်းယွင်နန်အပေါ် ခုန်အုပ်လိုက်သည်။

"မိန်းမယုတ်... ငါ့သားကို ကျိန်စာတိုက်ရဲတယ်ပေါ့... နင့်ပါးစပ်ကို ဆွဲဖြဲပစ်မယ်"

ကျန်းယွင်နန်သည် ခင်ပွန်းနှင့် ကလေးများရှေ့တွင် အနူးညံ့ဆုံး ဇနီးနှင့် မိခင်ဖြစ်သော်လည်း သူစိမ်းများအပေါ် ယဉ်ကျေးသိမ်မွေ့လေ့ မရှိပေ။

သူမ ဘေးသို့ ရှောင်တိမ်းလိုက်ပြီး မည်သူမျှ သတိမထားမိခင်မှာပင် တံမြက်စည်းတစ်ချောင်း ကောက်ကိုင်ကာ အဘွားကြီးကို စတင် ရိုက်နှက်လေတော့သည်။

"နင့်သားအပေါ် ဒေါသထွက်ရင် သူ့ကို သွားရိုက်လေ... ချွေးမအပေါ် မဲနေတာ ဘာသဘောလဲ... သူက နင့်ကို ဂရုမစိုက်တာလည်း မဟုတ်ဘဲနဲ့"

ကျန်းယွင်နန်က ရိုက်ရင်း အော်ပြောလိုက်သည်။

အဘွားကြီးသည် နူးညံ့သိမ်မွေ့ပုံရသော ကျန်းယွင်နန်က ဤမျှ လျင်မြန်စွာ တုံ့ပြန်လိမ့်မည်ဟု မမျှော်လင့်ထားပေ။

တံမြက်စည်းဖြင့် အဆက်မပြတ် ရိုက်နှက်မှုကို ခံရသဖြင့် သူမ ခေါင်းကိုအုပ်ပြီး ဘယ်ညာ ရှောင်တိမ်းနေရသည်။

သူမသည် ချွေးမအပေါ် အလွန် ကြမ်းတမ်းသော်လည်း ငယ်ရွယ်သန်စွမ်းသော ကျန်းယွင်နန်နှင့် ရင်ဆိုင်ရသောအခါ အားမတန် မာန်လျော့ရတော့သည်။

သူမ အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကိုယ် ကာကွယ်သော်လည်း အရိုက်ခံရမှုအချို့ကို ရှောင်လွှဲ၍ မရနိုင်ပေ။

"အား... အား..."

အဘွားကြီး နာကျင်စွာ အော်ဟစ်လိုက်ပြီး ထပ်ခါတလဲလဲ ဆဲဆိုနေသည်။

"ဟိုမိန်းမပျက်... ယောက္ခမကို သူများရိုက်နေတာတောင် မကူညီဘဲ ကြည့်နေတယ်"

ထိုစကားကို ကြားသောအခါ ချွေးမဖြစ်သူ ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ ယောက္ခမကို ကူညီသင့်သော်လည်း ကျန်းယွင်နန်က သူမဘက်မှ ရပ်တည်ပြီး ရိုက်နှက်ပေးနေခြင်း ဖြစ်သည်။

အရေးအကြီးဆုံးမှာ အိမ်ထောင်သက် ၅ နှစ်အတွင်း နာကျည်းချက်များ စုပုံနေခဲ့ပြီး ယောက္ခမ အရိုက်ခံရသည်ကို မြင်ရခြင်းက သူမကို ထူးဆန်းသော စိတ်ကျေနပ်မှုတစ်ခု ပေးစွမ်းနေသည်။

အမျိုးသမီးငယ် ခေါင်းကို ပြင်းထန်စွာ ခါယမ်းလိုက်ပြီး ရှုပ်ထွေးနေသော အတွေးများကို ရှင်းထုတ်လိုက်၏။

သူမသည် ချွေးမကောင်း ပီသရန် ဆုံးဖြတ်လိုက်သည်။ စဉ်းစားပြီးနောက် ရှေ့တိုးလာပြီး ဟန်ဆောင်ကာ အော်ဟစ်လိုက်သည်။

"တော်ကြပါတော့... ရန်မဖြစ်ကြပါနဲ့တော့... လူသေသွားလိမ့်မယ်"

ကျန်းယွင်နန်သည် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ တံမြက်စည်းကို ဝှေ့ယမ်းကာ ဦးဆောင်တိုက်ခိုက်နေပြီး သူမ၏စကားကို လျစ်လျူရှုထားသည်။

အရိုက်ခံနေရသော အဘွားကြီးသည် သူမ၏ အခြေအနေကို မထိန်းချုပ်နိုင်တော့ပေ။

ချွေးမ၏ အော်ဟစ်သံကို ကြားသောအခါ မျက်လုံးလှန်ကြည့်ပြီး အသုံးမကျသော ချွေးမကို စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

ရုတ်တရက် အမျိုးသမီးငယ် တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။

သူမ ငုံ့ကြည့်လိုက်ရာ နျိုနျိုက သူမ၏ အင်္ကျီစကို ဆွဲထားသည်ကို တွေ့လိုက်ရ၏။

"အဒေါ်... ဘာလို့ အမေ့ကို ကူညီပြီး အဲ့ဒီအဘွားကြီးကို ဝိုင်းမရိုက်တာလဲ"

နျိုနျိုက ခေါင်းလေးစောင်းပြီး အပြစ်ကင်းစင်စွာ မေးလိုက်သည်။

ကုကျောက်က ဘေးမှ ခေါင်းကို ပြင်းထန်စွာ ညိတ်ပြပြီး ထောက်ခံလိုက်သည်။

"ဟုတ်တယ်... ဟုတ်တယ်... ကျွန်တော့်အမေက အဒေါ့်ဘက်က ရပ်တည်ပေးနေတာလေ... အဒေါ်က ဘာလို့ ဘာမှမလုပ်ဘဲ အော်နေတာလဲ"

အမျိုးသမီးငယ်၏ ဦးနှောက်မှာ ဗလာဖြစ်သွားသည်။ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး အချိန်အတော်ကြာမှ အထစ်ထစ်ငေါ့ငေါ့ ပြောနိုင်တော့သည်။

"သူ... သူက အဒေါ့်ဘက်က ရပ်တည်ပေးတာ မှန်ပေမယ့် နင့်အမေက အဒေါ့်ယောက္ခမကို ရိုက်နေတာလေ... တို့တွေက မိသားစုဝင်တွေပါ..."

နျိုနျို၏ တွေးခေါ်ပုံက ရိုးရှင်းသည်။ ကျန်းမိသားစုက သူမကို ရိုက်နှက်ခဲ့သဖြင့် ထွက်ခွာလာခဲ့သည်။ ယခု သူမကို မရိုက်နှက်သော မိသားစုသစ် ရရှိထားပြီဖြစ်သည်။

"မိသားစုဝင်အချင်းချင်း ဘယ်လိုလုပ် ရိုက်နှက်ကြမှာလဲ... ရိုက်နှက်တယ်ဆိုရင် မိသားစုဝင် မဟုတ်လို့ပေါ့"

ကလေး၏ ရိုးရှင်းသော စကားလုံးများသည် အမျိုးသမီးငယ်အတွက် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်ပြီး ခေါင်းထဲတွင် ပဲ့တင်ထပ်သွားစေသည်။

All Chapters