← Chapters

နိုးထခြင်း

Vol. 4 Ch. 34

နိုးထခြင်း

Vol. 4 Ch. 34

အမျိုးသမီးငယ်၏ စိတ်ထဲတွင် ဝရုန်းသုန်းကားဖြစ်နေသည်။ သူမ တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဒါပေမယ့် သူက အဒေါ့် ယောက္ခမလေ... သူရိုက်ချင်ရင် အဒေါ်က ခံရမှာပေါ့"

နျိုနျို ခေါင်းလေးစောင်းပြီး လုံးဝ နားမလည်နိုင်စွာ မေးလိုက်သည်။

"ယောက္ခမဖြစ်တာနဲ့ လူတွေကို ကြိုက်တဲ့အချိန် ရိုက်လို့ရလား... သမီးအဖွားက အမေ့ကို ဘယ်တုန်းကမှ မရိုက်ဖူးဘူး... မဆဲဖူးဘူး"

ထိုစကားကို ကြားသောအခါ အမျိုးသမီးငယ်သည် ကျန်းယွင်နန်ကို အလွန်အမင်း အားကျသွားမိသည်။ သို့သော် တံမြက်စည်းကို စစ်သည်တော်တစ်ဦးကဲ့သို့ ကိုင်ဆောင်ထားသော ကျန်းယွင်နန်ကို လှမ်းမြင်လိုက်ရ၏။

ရုတ်တရက် အရာအားလုံး ရှင်းလင်းသွားသည်။ ဤမျှ စွမ်းဆောင်ရည်ရှိသော ချွေးမမျိုး ရှိနေလျှင် ယောက္ခမက မည်သို့ အလွယ်တကူ ရိုက်နှက်ရဲမည်နည်း။

နျိုနျိုက ထပ်မေးလိုက်သည်။

"အဒေါ်က ယောက္ခမကို ပြန်မရိုက်နိုင်လို့လား"

အမျိုးသမီးငယ် ခဏမျှ တွန့်ဆုတ်နေပြီးနောက် ပြောလိုက်သည်။

"သူက ယောက္ခမလေ... သူရိုက်ရင် ခံရမှာပဲ... ပြန်ခုခံရင် လူတွေ ဝိုင်းကဲ့ရဲ့ကြလိမ့်မယ်"

နျိုနျိုသည် ရှေးရိုးစွဲ ယဉ်ကျေးမှုများကို နားမလည်ပေ။ သူမ၏ ဦးနှောက်သေးသေးလေးဖြင့် ကောက်ချက်ချလိုက်သည်။

"လူတွေ ဝိုင်းကဲ့ရဲ့မှာ ကြောက်လို့လား... ဒါမှမဟုတ် ယောက္ခမက စိတ်ကြိုက် ရိုက်ခွင့်ရှိတယ်လို့ ပြောချင်တာလား... အဒေါ် တစ်ခုခု အမှားလုပ်မိလို့လား"

အမျိုးသမီးငယ် ခေါင်းခါလိုက်သည်။

"အဒေါ် ဘာမှ အမှားမလုပ်ပါဘူး... သူက ယောက္ခမမို့လို့... လူကြီးမို့လို့... ရိုသေရမှာက အဒေါ့်တာဝန်မို့လို့ပါ"

နျိုနျို ချက်ချင်း ပြန်မေးလိုက်သည်။

"ဒါဆို လူကြီးတွေက ကိုယ့်ကို စိတ်ကြိုက် ရိုက်နှက်လို့ ရတယ်ပေါ့"

အမျိုးသမီးငယ် ဘာပြန်ဖြေရမှန်း မသိတော့ပေ။ ငယ်စဉ်ကတည်းက လူကြီးကို ရိုသေရမည်၊ နာခံရမည်ဟုသာ သင်ကြားခံခဲ့ရသည်။ ပြန်လည်ခုခံခွင့်ရှိကြောင်း မည်သူမျှ မပြောဖူးပေ။

နျိုနျို ခေါင်းခါလိုက်ပြီး ပြောလိုက်၏။

"သမီး အရင်မိဘတွေတုန်းကလည်း အရိုက်ခံရဖူးတယ်... ဒါပေမယ့် အခုအမေက ပြောတယ်... သူတို့ ရူးနေလို့ အမှားလုပ်မိတာတဲ့... နောက်တစ်ခါ သမီးကို ထပ်ရိုက်ရဲရင် အမေက သူတို့ကို ပြန်ရိုက်ပေးမယ်တဲ့"

အမျိုးသမီးငယ် လုံးဝ ဇဝေဇဝါ ဖြစ်သွားသည်။

"ဘာလဲ... အရင်မိဘ... အခုမိဘ..."

နျိုနျို စိတ်ရှည်စွာ ရှင်းပြလိုက်သည်။

"အရင်မိဘဆိုတာ အတိတ်က မိဘတွေကို ပြောတာ... သမီး နေမကောင်းဖြစ်တုန်းက အရင်မိဘတွေ သတ်မှာစိုးလို့ အခုမိဘတွေက သမီးကို မွေးစားလိုက်တာ"

နျိုနျို၏ စကားများမှတဆင့် အမျိုးသမီးငယ်သည် ဆက်နွယ်မှုကို သဘောပေါက်သွားသည်။ နှင်းလုံးလေးလို လှပချစ်စရာကောင်းသော ကလေးမလေးက ဤကဲ့သို့ အတွေ့အကြုံမျိုး ရှိလိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့ပေ။

နျိုနျိုကမူ ဤအမျိုးသမီးက သူမကို သနားနေမှန်း မသိပေ။ သူမ၏ ဒဿနသည် ရိုးရှင်းပြီး ကြမ်းတမ်းသည်။

"အဒေါ် ဘာမှ အမှားမလုပ်ဘဲနဲ့ ငြိမ်ခံနေတာလား... အဒေါ်က မွေးကတည်းက အရိုက်ခံရတာကို ကြိုက်တာလား... မိဘရိုသေမှုဆိုတဲ့ အကြောင်းပြချက်နဲ့ သေအောင် အရိုက်ခံရရင်တောင် ဂရုမစိုက်တော့ဘူးလား"

အမျိုးသမီးငယ် စကားမပြောနိုင် ဖြစ်သွားသည်။

မွေးကတည်းက အရိုက်ခံရဖို့၊ သေအောင် အရိုက်ခံရရင်တောင် လိုလိုလားလား ရှိနေဖို့... ငါက အဲ့လောက်တောင် အသုံးမကျတဲ့သူလား။

အမျိုးသမီးငယ်သည် နျိုနျို၏ စကားများနောက်သို့ လိုက်ပြီး ဆက်လက် တွေးတောမိသည်။ သူမသည် ယောက္ခမ၏ ဒေါသများကို သည်းခံခဲ့သော်လည်း ရရှိလာသည်မှာ ပိုမို ဆိုးရွားသော နှိပ်စက်မှုများသာ ဖြစ်သည်။

တကယ်လို့ ယောက္ခမလက်ချက်နဲ့ သေသွားခဲ့ရင် ဘာဖြစ်မလဲ။

သူမ၏ ယုတ်မာသော အစ်ကိုနှင့် မရီးတို့က ခင်ပွန်းသည်၏ အိမ်သို့ လာရောက်ပြီး လျော်ကြေးငွေ အမြောက်အမြား တောင်းယူကြလိမ့်မည်။

သူမ သေသွားရင်တောင် သူမကို မုန်းတီးသော အစ်ကိုနှင့် မရီးတို့ အကျိုးရှိသွားမည့်အရေးကို တွေးမိသောအခါ ဒေါသထွက်လာသည်။

အမျိုးသမီးငယ် ငေးငိုင်နေသည်ကို မြင်သောအခါ နျိုနျို လူကြီးတစ်ယောက်လို သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

"အဒေါ် တကယ်ပဲ ယောက္ခမကို မနိုင်ဘူးလား... ဒီလောက် အရပ်ရှည်တဲ့ အဒေါ်က အဘွားကြီးတစ်ယောက်ကို မနိုင်ဘူးဆိုတာ မယုံနိုင်စရာပဲ... သမီးကတော့ ကြီးလာရင် တခြားလူတွေကို နိုင်အောင်တိုက်မယ်လို့ တွေးထားတာ... အိပ်မက်မက်နေသလို ဖြစ်နေပြီထင်တယ်"

ထိုစကားကို ကြားသောအခါ အမျိုးသမီးငယ် ခေါင်းမော့လာသည်။ သူမသည် အရပ်ရှည်ပြီး ခင်ပွန်းသည်ထက်ပင် ခေါင်းတစ်ဝက်ခန့် ပိုမြင့်သည်။

မိန်းကလေးတစ်ယောက်တွင် ရှိသင့်သော နွဲ့နှောင်းမှုမရှိဟု ယောက္ခမက အမြဲ ပြစ်တင်ဝေဖန်လေ့ရှိသည်။

ထို့ကြောင့် မတရားမှုပေါင်းများစွာကို သူမ ခံစားခဲ့ရသည်။

နျိုနျို၏ စကားများက သူမကို အသိတရား ရစေခဲ့သည်။

အားနည်းချက်ဟု ထင်မှတ်ခဲ့သော အရာသည် သူမ၏ အားသာချက် ဖြစ်လာနိုင်၏။ သူမ ဘာအမှားမှ မလုပ်ခဲ့ဘဲ ယောက္ခမ ဖြစ်ရုံသက်သက်ဖြင့် အဘယ်ကြောင့် အကြောင်းမဲ့ အရိုက်ခံရမည်နည်း။

သူမက သူတို့ထက် လုံးဝ အားမနည်းဘူး။

အမျိုးသမီးငယ်၏ မျိုးရိုးအမည်မှာ ကျောက် ဖြစ်ပြီး ခင်ပွန်းသည်၏ မျိုးရိုးမှာ ဝမ် ဖြစ်သဖြင့် လူအများက ဝမ်ကတော် ဟု ခေါ်ဝေါ်ကြသည်။

အသက် ၂၀ အရွယ် ရောက်နေပြီဖြစ်သော်လည်း ကလေးမလေးတစ်ယောက်လောက်ပင် အမြော်အမြင် မရှိခဲ့သည်ကို တွေးမိပြီး သူမ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။

“ နင်ပြောတာ မှန်တယ်... ငါ အလကားသက်သက် အရိုက်မခံနိုင်တော့ဘူး"

နျိုနျိုနှင့် စကားပြောပြီးနောက် ဝမ်ကတော်သည် လူသစ်တစ်ယောက်အဖြစ် ပြန်လည်မွေးဖွားလာသလို ခံစားလိုက်ရသည်။

မိဘရိုသေမှု... လူကြီးသူမ... အဲ့ဒါတွေအကုန် အဓိပ္ပာယ်မရှိဘူး။

နျိုနျိုက သူမ၏ နိုးထမှုကို မသိဘဲ အကြံပေးလိုက်သည်။

"တကယ်လို့ မနိုင်ရင် မြန်မြန်ပြေး... အဒေါ်က လူကြီးလေ... ခြေတံရှည်တယ်... သမီးလို ခြေတိုတဲ့ ကလေးမဟုတ်ဘူး... အဖွားကြီးကို ရှောင်ပြေးလိုက်... သူက အသက်ကြီးပြီ... အဒေါ့်ကို ဘယ်လိုလုပ် မှီမှာလဲ"

ကျန်းမိသားစုအိမ်တွင် အရိုက်ခံရခြင်းသည် မပြေးနိုင်သောကြောင့် ဖြစ်သည်ဟု နျိုနျို ခံယူထားသည်။

ထိုစကားကို ကြားသောအခါ ဝမ်ကတော် ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"ကောင်းပြီ... မှတ်ထားလိုက်မယ်... မနိုင်ရင် ပြေးမယ်"

နျိုနျို ညာလက်ကို ဆန့်ထုတ်လိုက်သော်လည်း အရပ်ပုလွန်းနေပြီး ဝမ်ကတော်က အရပ်ရှည်လွန်းသဖြင့် ခြေဖျားထောက်လျှင်ပင် ခါးလောက်သာ မီသည်။

ဝမ်ကတော် နားမလည်သော်လည်း ခဏစဉ်းစားပြီး ဒူးထောက်ထိုင်ချပေးလိုက်သည်။

နျိုနျို သူမ၏ ခေါင်းကို ဖွဖွလေး ပုတ်ပေးပြီး ပြောလိုက်သည်။

"မကြောက်နဲ့... မကြောက်နဲ့... ကောင်းကောင်းမွန်မွန် နေထိုင်ရတာထက် ပိုအရေးကြီးတာ ဘာမှမရှိဘူး... သမီးတောင် အရင်အိမ်က လွတ်မြောက်လာပြီး အိမ်သစ်ရသေးတာပဲ... အဒေါ်လည်း မကြာခင် အိမ်သစ် ရတော့မှာပါ"

ကလေးမလေး၏ အပြစ်ကင်းစင်သော စကားများကြောင့် ဝမ်ကတော်၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလာသည်။ ၅ နှစ်အရွယ် ကလေးမလေးတစ်ယောက် ဖြစ်သော်လည်း သူမ၏ အသက်ရှင်သန်မှုကို ဂရုစိုက်ပေးသူ ရှိနေပြီဟု ခံစားလိုက်ရသည်။

ကလေးမလေး၏ အားပေးမှုကြောင့် ဝမ်ကတော်သည် ဘဝကို ပုံစံသစ်ဖြင့် ဖြတ်သန်းရန် ဆုံးဖြတ်လိုက်ပြီး ရန်ပွဲထဲသို့ ဝင်ရောက်ရန် လှည့်လိုက်သည်။ သို့သော် သူမ၏ ယောက္ခမသည် မနိုင်၍ အော်ဟစ်ထွက်ပြေးသွားသည်ကိုသာ တွေ့လိုက်ရသည်။

ကျန်းယွင်နန် တစ်ယောက်တည်း တံမြက်စည်းကို ကိုင်ကာ ခန့်ညားစွာ ရပ်ကျန်နေခဲ့သည်။

"ယွင်နန်... ချွေးသုတ်လိုက်ပါဦး... မောနေပြီလား"

ကုမင်တာ့ လျှောက်လာပြီး လက်ကိုင်ပုဝါ ပေးလိုက်သည်။

ကျန်းယွင်နန် လက်ကိုင်ပုဝါကို ယူလိုက်ပြီး တံမြက်စည်းကို ဘေးချကာ ပွဲကြည့်နေသူများကို ကြည့်ပြီး ယဉ်ကျေးစွာ မေးလိုက်သည်။

"ကျွန်မကလေး ဆူညံတယ်ဆိုပြီး လာတိုင်ကြတာလား"

သူမ၏ စစ်သည်တော်ကဲ့သို့ စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရသဖြင့် သတ္တိနည်းသူများ ကြောက်လန့်သွားကြပြီး ခြေလှမ်းနှစ်လှမ်း နောက်ဆုတ်သွားကြသည်။

"မဟုတ်ပါဘူး... မဟုတ်ပါဘူး... ခင်ဗျားကလေးက အရမ်းလိမ္မာပါတယ်... လုံးဝ မဆူပါဘူး"

တစ်ယောက်က ဖြေလိုက်သည်။

ထိုစကားကို ကြားသောအခါ ကျန်းယွင်နန် ရယ်မောလိုက်သည်။ သူမ၏ မိသားစုအကြောင်း သူမ အသိဆုံးပင်။ နျိုနျိုနှင့် ကုကျောက် တို့သည် အပြင်တွင် အော်ဟစ်ဆူညံနေခြင်း မဟုတ်ဘဲ အတိုင်းအတာတစ်ခုအထိသာ ဆော့ကစားခြင်းသာ။ ထို့အပြင် နေ့ခင်းကြောင်တောင် အချိန်ဖြစ်သည်။

နောက်ဆုံးတွင် ထိုအဘွားကြီး၏ ပြဿနာရှာတတ်သော စရိုက်ကြောင့်သာ ပြသနာဖြစ်ရခြင်းပင်။ သူမက အာဏာပြရန် လူရှာနေခြင်းသာ။

ပွဲပြီးသွားသဖြင့် လူအုပ်ကြီး လူစုခွဲသွားကြသည်။ အသက် ၂၀ ကျော်ခန့်ရှိသော အမျိုးသမီးငယ်တစ်ဦးသာ ကျန်ရစ်ခဲ့၏။

ထိုအမျိုးသမီးငယ်သည် ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော်လည်း ရယ်မောသံ ကျယ်လောင်သည်။ သူမ မိတ်ဆက်သောအခါ သူမ၏ ခင်ပွန်းသည်လည်း ပြည်နယ်မြို့တွင် အစိုးရစာမေးပွဲဖြေဆိုမည့် စာသင်သားတစ်ဦးဖြစ်ပြီး မျိုးရိုးမှာ ချီ ဖြစ်ကြောင်း၊ လူတိုင်းက သူမကို ချီကတော် ဟု ခေါ်ကြောင်း ပြောပြသည်။

"အဲ့ဒီအဘွားကြီးကို ကြည့်မရတာ ကြာပြီ... သူကများ သူများ ဆူညံတာကို လာပြောနေတယ်... ငါက သူ့ဘေးခန်းမှာ နေတာ... သူ ချွေးမကို ရိုက်နှက်ဆဲဆိုနေတာ အိမ်အပြင်ကနေတောင် ကြားရတယ်... ငါ ဝင်ပြောရင် ကိုယ့်ကိစ္စကိုယ်လုပ်လို့ ပြန်ပြောတတ်တယ်... ရှင်က တကယ်တော်တာပဲ... အခုတော့ သူ ရှက်လွန်းလို့ အပြင်တောင် မထွက်ရဲတော့ဘူး"

ချီကတော်က ကျေနပ်အားရစွာ ပြောလိုက်သည်။

ကျန်းယွင်နန် ရယ်မောလိုက်ပြီး ပြောလိုက်၏။

"သူသာ ငါ့ကလေးတွေကို ပြဿနာလာမရှာရင် ငါလည်း သူ့ကို ဂရုစိုက်မှာ မဟုတ်ပါဘူး"

ချီကတော်က ဆက်ပြောသည်။

"အဖွားကြီးဝမ်က စိတ်ကြီးတယ်... အိမ်ငှားနေတာချင်း အတူတူကို သူက အိမ်ပိုင်ရှင်လို လုပ်ချင်နေတာ... ဒီခြံဝင်းထဲမှာ နေတဲ့လူတိုင်း သူ့ဒုက္ခပေးတာ ခံရဖူးတယ်... သူ့ချွေးမက အသနားစရာ အကောင်းဆုံးပဲ"

အဖွားကြီးဝမ်၏ ချွေးမ ဝမ်ကတော်သည် ကြောင်အမ်းအမ်း ရပ်နေဆဲဖြစ်သည်ကို ချီကတော် ရုတ်တရက် သတိထားမိပြီး စကားရပ်လိုက်သည်။

ချီကတော်၏ အနေရခက်မှုကို သတိမထားမိသကဲ့သို့ ဝမ်ကတော်သည် ကျန်းယွင်နန်ထံ တည်ငြိမ်စွာ လျှောက်သွားပြီး အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်သည်။

"ဒီနေ့ ကျွန်မဘက်က ရပ်တည်ပေးလို့ ကျေးဇူးတင်ပါတယ် အစ်မ"

ကျန်းယွင်နန် သူမကို အမြန် တွဲထူလိုက်သည်။ ဝမ်ကတော်က ဝင်ပါသည့်အတွက် အပြစ်မတင်ဘဲ ကျေးဇူးတင်စကား ပြောသည်ကို မြင်သောအခါ ဝမ်ကတော်သည် ကံကြမ္မာကို လက်မြှောက်အရှုံးပေးမည့်သူ မဟုတ်ကြောင်း နားလည်လိုက်သည်။

ကျန်းယွင်နန် ဝမ်ကတော်အပေါ် သံယောဇဉ် ဖြစ်သွားပြီး ပြောလိုက်သည်။

"နင့်ယောက္ခမက ဆက်ဆံရခက်တယ်... ငါ စိတ်မြန်လက်မြန် လုပ်မိလို့ နင့်ကို ဒုက္ခမရောက်စေချင်ဘူး"

ထိုစကားကို ကြားသောအခါ ဝမ်ကတော်သည် ဘေးနားရှိ အပြစ်ကင်းစင်သော မျက်နှာထားဖြင့် ရပ်နေသည့် နျိုနျိုကို တစ်ချက်ကြည့်လိုက်ပြီး တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်သည်။

"ရပါတယ်... ကျွန်မကို အနိုင်ကျင့်ခွင့် ထပ်မပေးတော့ပါဘူး"

ထိုစကားကို ကြားသောအခါ ကျန်းယွင်နန် စိတ်သက်သာရာ ရသွားပြီး တိုးတိုးလေး ပြောလိုက်သည်။

"မိန်းမသားဘဝက မလွယ်ကူပါဘူး... တို့တွေ အကောင်းဆုံး နေထိုင်သွားကြရအောင်"

ဝမ်ကတော် ခေါင်းကို ညိတ်ပြလိုက်သည်။ ထို့နောက် သူမ လက်သီးကို တင်းတင်းဆုပ်ပြီး စစ်ထွက်တော့မည့်သူကဲ့သို့ နှုတ်ဆက်ထွက်ခွာသွားသည်။

ဝမ်ကတော် ထွက်ခွာသွားသည်ကို ကြည့်ပြီး ချီကတော်က တီးတိုးရေရွတ်လိုက်သည်။

"ဝမ်ကတော်ကလည်း သနားစရာပါ... မိဘတွေ စောစောစီးစီး ဆုံးပါးသွားပြီး အစ်ကိုနဲ့ မရီးက ပိုက်ဆံမက်ပြီး ရက်စက်ကြတယ်... မိဘတွေ ပြင်ဆင်ပေးခဲ့တဲ့ တင်တောင်းကြေးတွေကို အစ်ကိုနဲ့ မရီးက အကုန် လိမ်ယူသွားကြတာ... နောက်ဆုံးတော့ အိမ်ထောင်ကျပါပြီတဲ့... ယုတ်မာတဲ့ ယောက္ခမနဲ့ သွားတွေ့နေပြန်ရော"

ကျန်းယွင်နန် မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

"သူ့ယောကျ်ား ဘယ်မှာလဲ... ငါ သူ့အမေနဲ့ ရန်ဖြစ်နေတာ ဒီလောက်ကြာပြီ... သူက ဘာလို့ မျက်နှာတောင် မပြတာလဲ"

ထိုစကားကို ကြားသောအခါ ချီကတော် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

"သူ့ယောကျ်ားက မိန်းမကိစ္စတွေမှာ ဝင်မပါချင်ဘူး... စာလေ့လာဖို့ပဲ စိတ်ဝင်စားတာ"

ချီကတော် ပြောရင်းနှင့် ကျန်းယွင်နန်ကို အားကျစွာ ကြည့်လိုက်မိသည်။

သူမတို့၏ ခင်ပွန်းသည် နှစ်ယောက်စလုံး အစိုးရစာမေးပွဲ ဖြေဆိုမည့်သူများ ဖြစ်ကြသော်လည်း နှိုင်းယှဉ်လိုက်လျှင် ကွာခြားလှသည်။ ချီကတော်၏ ခင်ပွန်းသည် ရုပ်ရည်က သာမန်ပင်ဖြစ်ပြီး အရပ်မရှည်ပေ။ သူ့တွင် ရှိသော တစ်ခုတည်းသော အရည်အချင်းမှာ ပညာအရည်အချင်း ဖြစ်သည်။

သူသည် ပညာတတ်သော်လည်း ရှီးချိုင် ဖြစ်ရန် နှစ်ပေါင်းများစွာ ကြိုးစားနေရဆဲပင်။

ကုမင်တာ့ ကမူ အရပ်ရှည်ပြီး ချောမောရုံသာမက ဇနီးသည်အပေါ် အလွန် စာနာတတ်ပြီး ကလေးများကို မည်သို့ ဂရုစိုက်ရမည်ကိုလည်း သိသည်။

သူတို့ စကားပြောနေစဉ် ကုမင်တာ့ သည် ကုကျောက်နှင့် နျိုနျို တို့နှင့်အတူ ဆော့ကစားပေးနေပြီး အလွန် စိတ်ရှည်ပြီး နူးညံ့သိမ်မွေ့သူ ဖြစ်ကြောင်း ပေါ်လွင်နေ၏။ ဇနီးသည်က စောစောက ရန်စွာခဲ့သော်လည်း သူ လုံးဝ ရှက်ရွံ့ခြင်းမရှိဘဲ အစမှအဆုံး ကာကွယ်ပေးထားသည်။

ချီကတော်သည် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ရာတွင် တော်သည်။ ကျန်းယွင်နန်နှင့် ယှဉ်လျှင် သူမ အခြေအနေ မကောင်းသော်လည်း ဝမ်ကတော်နှင့် ယှဉ်လျှင် ကံကောင်းသည်ဟု ခံစားရသည်။ အနည်းဆုံးတော့ သူမတွင် လူများကို နှိပ်စက်တတ်သော ယုတ်မာသည့် ယောက္ခမ မရှိပေ။

ထိုအချိန်တွင် ဝမ်ကတော်သည် သူမ၏ အခန်းသို့ ပြန်ရောက်လာသည်။ အထဲမဝင်ခင်မှာပင် ယောက္ခမဖြစ်သူက ခင်ပွန်းသည်အား ငိုယိုတိုင်တောနေသံကို ကြားလိုက်ရသည်။

"နင့်မိန်းမက ရက်စက်ပြီး ယုတ်မာတဲ့ မိန်းမပျက်ပဲ... ငါ အရိုက်ခံနေရတာကို မတားဘဲ ဒီအတိုင်း ကြည့်နေတယ်... အခုထိ အဲ့ဒီမှာ ရှိနေတုန်းပဲ... သူများတွေနဲ့ ပေါင်းပြီး ငါ့ကို ဒုက္ခပေးဖို့ ကြံစည်နေတာ နေမှာ"

အဖွားကြီးဝမ် အော်ဟစ်နေသည်။

ဝမ်ယောက်ကျူ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ပြောလိုက်သည်။

"အမေ သူ့ကို မကျေနပ်ရင် ကိုယ့်ဘာသာ ရှင်းလိုက်ပါ... ကျွန်တော့်ကို လာပြောနေလို့ ဘာထူးမှာလဲ... သူ့ကို ကွာရှင်းပေးစေချင်တာလား"

All Chapters