ရန်ဖြစ်ခြင်းကို သင်ယူခြင်း
Vol. 4 Ch. 39
ဝမ်ယောက်ကျူသည် နောက်ဆုံးတွင် ငွေ ၅၀ ပေးလိုက်ရသည်။
သူ၏ အိတ်ကပ်ထဲမှ ငွေအကုန်ထုတ်လိုက်ရုံသာမက အိမ်ရှင် အဖွားချန်ထံမှ အိမ်ငှားခ ပြန်တောင်းပြီးမှ ငွေ ၅၀ ပြည့်အောင် မနည်း စုဆောင်းလိုက်ရသည်။
"လျူရှောင်ရူ... မင်းက တကယ်ပဲ ဒီလောက် ပိုက်ဆံလိုနေတာလား... ငါ့ကို တစ်ပြားမကျန်အောင် ယူသွားပြီး ငါတို့သားအမိကို အိမ်ရာမဲ့ ဖြစ်အောင် လုပ်ရက်တယ်... ငါတို့ ပေါင်းသင်းလာတာ ၃ နှစ်တောင် ရှိပြီ... မင်းမှာ သံယောဇဉ် နည်းနည်းလေးတောင် မရှိဘူးလား"
ဝမ်ယောက်ကျူ မနေနိုင်ဘဲ မေးလိုက်သည်။
လျူရှောင်ရူ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
လျူရှောင်ရူ စိတ်ပျော့သွားမည်ကို စိုးရိမ်သဖြင့် ကျန်းယွင်နန်က အမြန် ဝင်ပြောလိုက်သည်။
"အရင်တုန်းကလည်း ပိုက်ဆံမရှိဘူးလို့ ပြောပြီး နင့်ကို ပန်းထိုးခိုင်းခဲ့တာပဲ... အခုကျတော့ ဒီလောက် ပိုက်ဆံ အများကြီး စုနိုင်သွားတယ် မဟုတ်လား... သူက အမှန်အတိုင်း ဘယ်တော့မှ မပြောဘူးဆိုတာ ရှင်းနေတာပဲ"
လျူရှောင်ရူ ခေါင်းကို ပြင်းထန်စွာ ညိတ်ပြပြီး ကျန်းယွင်နန်ကို လေးစားအားကျစွာ ကြည့်ကာ ပြောလိုက်သည်။
"အစ်မ ပြောတာ မှန်တယ်... ကျွန်မ အစ်မ စကားပဲ နားထောင်မယ်"
ဝမ်ယောက်ကျူ စိုးရိမ်သွားပြီး ပြောလိုက်သည်။
"မင်းက ကိစ္စတိုင်းမှာ သူစိမ်းတစ်ယောက် စကား နားထောင်နေတာလား... ငါ့ကို ကွာရှင်းပြီးရင် ယောကျ်ားကောင်း ရမယ်လို့ ထင်နေလား... ကိုယ့်ကိုယ်ကိုယ် ရောင်းစားမိတာတောင် သိမှာ မဟုတ်ဘူး"
လျူရှောင်ရူသည် ကျန်းယွင်နန်နှင့် တွေ့ဆုံသည်မှာ မကြာသေးသော်လည်း နျိုနျိုကဲ့သို့ လိမ္မာသော ကလေးတစ်ယောက်ကို ပျိုးထောင်နိုင်သူသည် အလွန် စိတ်ထားကောင်းမွန်သူ ဖြစ်ရမည်ဟု ယုံကြည်သည်။
သူမသည် ကျန်းယွင်နန်အပေါ် ထူးဆန်းသော ယုံကြည်မှုတစ်ခု ရှိနေပြီး ယခင်ဘဝက ညီအစ်မများ ဖြစ်ခဲ့ဖူးသကဲ့သို့ ခံစားရသည်။
ဝမ်ယောက်ကျူက ကျန်းယွင်နန်ကို စော်ကားပြောဆိုသည်ကို သည်းမခံနိုင်ဘဲ ပြန်ပြောလိုက်သည်။
"အစ်မက ကျွန်မကို ဘယ်တော့မှ ရောင်းစားမှာ မဟုတ်ဘူး... ရှင် အဲ့လို ထပ်ပြောရင် ငွေ ၁၀၀ တောင်းလိုက်မယ်"
ထိုစကားကို ကြားသောအခါ ဝမ်ယောက်ကျူ ဒေါသထွက်လွန်းသဖြင့် နှာခေါင်းက မီးထတောက်မတတ်ပင်။ သို့သော် သူမကို ဆက်လက် ရန်စရဲခြင်း မရှိတော့ဘဲ လျူရှောင်ရူအား ငွေ ၅၀ ကို မကျေမနပ်ဖြင့် ပေးလိုက်ရသည်။
ကွာရှင်းစာချုပ် ရေးသောအခါ သူက လှည့်ကွက်အချို့ သုံးချင်သော်လည်း ကုမင်တာ့ က စောင့်ကြည့်နေသဖြင့် "အိမ်ထောင်ရေး အဆင်မပြေခြင်း၊ အချင်းချင်း နာကြည်းချက်များ ရှိခြင်း၊ စိတ်သဘောထား မတိုက်ဆိုင်ခြင်း" ဟုသာ ရေးသားလိုက်ရ၏။
မူလက ဝမ်ယောက်ကျူ ရေးသားချင်သော "ယောက္ခမအပေါ် မရိုသေခြင်း" ဟူသော အကြောင်းပြချက်အစား "လင်မယား ဖူးစာမပါခြင်း" ဟူသော အကြောင်းပြချက်ဖြင့် ပြင်ဆင်ရေးသားလိုက်ရသည်။
ကွာရှင်းစာချုပ် လက်မှတ်ထိုးပြီးနောက် လျူရှောင်ရူသည် ရင်ထဲမှ အကြီးမားဆုံး ဝန်ထုပ်ဝန်ပိုးကြီး လျော့ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
အနည်းဆုံးတော့ သူမ၏ အသက်အန္တရာယ်ကို စိုးရိမ်စရာ မလိုတော့ပေ။
ဝမ်ယောက်ကျူသည် မိခင်ဖြစ်သူနှင့်အတူ အထုပ်အပိုးများ သယ်ဆောင်ကာ အိမ်မှ ထွက်ခွာသွားရသည်။
မထွက်ခွာမီ လျူရှောင်ရူကို ခြိမ်းခြောက်သွားသေးသည်။
"မင်းလို တစ်ခုလပ်မ ကို ဘယ်ယောကျ်ားကောင်းက ယူမလဲဆိုတာ ငါ စောင့်ကြည့်ဦးမယ်"
လျူရှောင်ရူက တည့်တိုး ပြန်ပြောလိုက်သည်။
"စိတ်မပူပါနဲ့... ကျွန်မ နောက်အိမ်ထောင်ပြုရင် မျက်စိကွယ်နေရင်တောင် သားအမိ အိပ်ရာအတူအိပ်တဲ့ ယောကျ်ားမျိုးကိုတော့ ယူမှာ မဟုတ်ဘူး"
ဝမ်ယောက်ကျူ ဒေါသထွက်သွားပြန်သည်။ ပြန်ပြောရန် ပြင်လိုက်စဉ် လျူရှောင်ရူက တံခါးကို ဝုန်းခနဲ ပိတ်လိုက်သည်။
သူ ခြေလှမ်းမလှမ်းရသေးမီ တံခါးပိတ်သွားသဖြင့် အလျင်အမြန် ရှောင်တိမ်းလိုက်ရ၏။
မျက်နှာတစ်ခုလုံး ဖုန်အလိမ်းလိမ်း ဖြစ်သွားပြီး ကျောကို တံခါးရိုက်မိသဖြင့် နာကျင်စွာ အော်ဟစ်လိုက်မိ၏။
အိမ်ထဲတွင် လျူရှောင်ရူသည် ကျန်းယွင်နန်နှင့် တိုင်ပင်နေသည်။
"အစ်မ... ကျွန်မ အဖွားချန်ဆီ သွားပြီး အဲ့ဒီအခန်းကို ပြန်ငှားချင်တယ်"
ကျန်းယွင်နန် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
"ဝမ်မိသားစု အရင်ငှားခဲ့တဲ့ အခန်းက မသင့်တော်လောက်ဘူး... ပထမအချက်က နောက်ဖေးခြံဝင်းထဲမှာ စာသင်သားတွေ အများကြီး နေကြတယ်... နင်က တစ်ယောက်တည်းဆိုတော့ အတင်းအဖျင်း ပြောခံရလွယ်တယ်... ဒုတိယအချက်က ခြံဝင်းထဲက လူတွေအကုန်လုံး နင့်မှာ ပိုက်ဆံရှိတာ သိနေကြပြီ... သူတို့မှာ မကောင်းတဲ့စိတ် ဝင်လာနိုင်တယ်"
စာမေးပွဲဖြေရန် ပြည်နယ်မြို့သို့ ရောက်လာကြသော စာသင်သား အများစုသည် ညီအစ်ကိုများ သို့မှမဟုတ် အစေခံများနှင့်အတူ လာကြသဖြင့် လျူရှောင်ရူ ထိုခြံဝင်းထဲတွင် ပြန်နေရန် မသင့်တော်ကြောင်း ထင်ရှားနေ၏။
"ဒါဆို ကျွန်မ ဘယ်မှာ နေရမလဲ"
လျူရှောင်ရူ မေးလိုက်သည်။
ဝမ်မိသားစုနှင့် ကင်းကွာသွားလျှင် ဘဝသစ် စတင်နိုင်ပြီဟု ထင်မှတ်ခဲ့သော်လည်း ပထမခြေလှမ်းမှာပင် အခက်အခဲများနှင့် ကြုံတွေ့နေရသည်။
ပိုက်ဆံများလွန်းခြင်းကလည်း ပြဿနာတစ်ခု ဖြစ်လာသည်။
"အဖွားချန်နဲ့ ခဏလောက် အတူနေလိုက်ပါလား"
ကျန်းယွင်နန်က အကြံပြုလိုက်သည်။
အဖွားချန်၏ သားဖြစ်သူသည် မနှစ်က ဆုံးပါးသွားခဲ့ပြီး သူမသည် မွေးစားမြေးလေးနှင့်အတူ အနောက်မြောက်ဘက်ထောင့်ရှိ အခန်းတွင် နေထိုင်သည်။
သူမ၏ မြေးလေးမှာ ၄ နှစ်သားသာ ရှိသေးသည်။ ထိုအရွယ်နှင့် အတူနေထိုင်ခြင်းက လျူရှောင်ရူ၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည် မဟုတ်ပေ။
"အစ်မက တကယ် တော်တာပဲ"
လျူရှောင်ရူ မျက်လုံးများ တောက်ပလာသည်။
ကျန်းယွင်နန်က ဆက်ပြောသည်။
"သူခိုးတွေ နင့်ပိုက်ဆံကို မျက်စောင်းမထိုးနိုင်အောင် အကောင်းဆုံးနည်းလမ်းကတော့ သုံးလိုက်တာပဲ... မလောပါနဲ့... ဖြည်းဖြည်းချင်း စဉ်းစားလို့ ရပါတယ်... ငါတို့က ပြည်နယ်မြို့မှာ နောက်ထပ် တစ်လလောက် နေဦးမှာမို့လို့ နင့်လုံခြုံရေးအတွက် စိတ်မပူနဲ့"
လျူရှောင်ရူ ခေါင်းကို ပြင်းထန်စွာ ညိတ်ပြလိုက်သည်။ မူလက မိဘအိမ် ပြန်သင့် မပြန်သင့် သူမ တွန့်ဆုတ်နေခဲ့သည်။
အစ်ကိုနှင့် မရီး၏ စရိုက်ကို တွေးမိလျှင် ပိုက်ဆံပါသွားပါက ဘယ်တော့မှ ပြန်မရနိုင်တော့မည်ကို စိုးရိမ်မိသည်။
အဖွားချန်သည် သူစိမ်းတစ်ယောက်နှင့် အတူနေရသည်ကို မနှစ်သက်သော်လည်း ကုမင်တာ့ ၏ ကျေးဇူးကို ထောက်ထားပြီး ငွေအနည်းငယ်သာ လက်ခံကာ လျူရှောင်ရူကို သူမ၏အခန်းတွင် နေခွင့်ပြုလိုက်သည်။
လျူရှောင်ရူသည် အမြဲတမ်း ဝီရိယရှိသူ ဖြစ်သည်။ အဖွားချန် ဘာမှမပြောရသေးခင်မှာပင် အိမ်အတွင်းအပြင် သန့်ရှင်းရေး လုပ်ပေးလိုက်သဖြင့် မကြာမီပင် အဖွားချန်၏ မကျေနပ်မှုများ ပျောက်ကွယ်သွား၏။
ကျန်းယွင်နန် အခန်းထဲသို့ ပြန်ရောက်သောအခါ အပြစ်ရှိစိတ်ဖြင့် ကုမင်တာ့ ကို ပြောလိုက်သည်။
"ယောကျ်ား... ကျွန်မ သိပ်ပြီး ဝင်ပါလွန်းနေပြီလား... အချိန်အကြာကြီး ပြဿနာရှင်းနေရလို့ ရှင့်စာကျက်ချိန်တွေ နှောင့်နှေးကုန်ပြီ"
ကုမင်တာ့ ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"ဒါက ကြင်နာမှုပါ... ဝင်ပါလွန်းတာ မဟုတ်ပါဘူး... ပြီးတော့ ပညာသင်တယ်ဆိုတာ ရေရှည်ကြိုးစားရတဲ့ အလုပ်လေ... နောက်ဆုံးမိနစ်မှ အသည်းအသန် ကျက်မှတ်ရတာ မဟုတ်ဘူး... အခု ကျက်လည်း စာမေးပွဲ ရလဒ်အပေါ် သိပ်ပြီး သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး... ဘာလို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတာလဲ"
ကျန်းယွင်နန် သက်ပြင်းတစ်ချက် ချလိုက်သည်။ ခင်ပွန်းသည်၏ မျက်လုံးထဲတွင် သူမ၏ အားနည်းချက်များသည်လည်း ကောင်းကွက်များ ဖြစ်နေပုံရသည်။ သူမ ဘာလုပ်လုပ် သူ့ထံမှ ထောက်ခံမှုနှင့် နားလည်မှုကို ရရှိနေ၏။
မိဘများ၏ စကားဝိုင်းကို နားထောင်နေသော နျိုနျိုသည် မျက်လုံးလေး ကစားလိုက်ပြီး ကျန်းယွင်နန်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ပြောလိုက်၏။
"အမေ ဝင်ပါပေးလို့ ကျေးဇူးတင်ပါတယ်... မဟုတ်ရင် နျိုနျို ရှိလာမှာ မဟုတ်ဘူး... အမေက အရမ်းတော်တာပဲ... လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်ပေးလိုက်တာ... ကယ်တင်ရှင်ကြီးပဲ"
ကျန်းယွင်နန် သမီးဖြစ်သူ၏ နှာခေါင်းလေးကို ဖွဖွလေး ဆွဲလိုက်ပြီး ပြောလိုက်သည်။
"ဒီကောင်မလေး.. ဝင်ပါနေပြန်ပြီ"
နျိုနျို ချိုသာစွာ ပြုံးပြလိုက်သည်။
ကျန်းယွင်နန်၏ နှလုံးသား အရည်ပျော်သွားပြီး တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုများ ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။
သို့သော် သူမက ကုမင်တာ့ ကို သေချာ ရှင်းပြလိုက်သည်။
"ဘာလို့လဲ မသိဘူး... လျူကတော် ငိုနေတာ ကြားတော့ မကူညီဘဲ မနေနိုင်တော့ဘူး"
ကုမင်တာ့ က ပြောလိုက်သည်။
"မင်း မျက်စိထဲ သူက သနားစရာ ကောင်းနေလို့ နေမှာပေါ့... ဒါမှမဟုတ် အရင်ဘဝက ညီအစ်မတွေ ဖြစ်ခဲ့ဖူးလို့လား"
ကျန်းယွင်နန် ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ကျွန်မမှာသာ ဒီလောက် လိမ္မာပြီး နာခံတတ်တဲ့ ညီမလေးတစ်ယောက် ရှိရင် ကောင်းမှာပဲ"
ကုမင်တာ့ သည် ကျန်းယွင်နန်၏ ညီမအရင်းကို သတိရသွားပြီး တိတ်ဆိတ်သွားသည်။
ရုတ်တရက် နျိုနျို အော်ပြောလိုက်သည်။
"သမီး အဒေါ်လျူကို အရမ်းသဘောကျတာပဲ"
လင်မယားနှစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။ နျိုနျိုသည် တောက်လျှောက် လျူရှောင်ရူကို ကူညီပေးနေခဲ့သည်။
ကလေးတစ်ယောက်အနေဖြင့် ဝင်ပါခြင်းက ပုံမှန်ဖြစ်သော်လည်း သူမက အနည်းငယ် ပိုလွန်နေသလို ရှိသည်။
သူတို့က မေးလိုက်သည်။
"သမီးက ဒီလောက် အကောင်ကြီးနေပြီလား... လူတစ်ယောက်ကို သဘောကျတတ်နေပြီပေါ့... သူ့ရဲ့ ဘယ်အချက်ကို သဘောကျတာလဲ"
နျိုနျို ခေါင်းလေးစောင်းပြီး ပြောလိုက်သည်။
"သူ အရပ်ရှည်တာကို သဘောကျတယ်"
လင်မယားနှစ်ယောက် ပို၍ ရယ်မောလိုက်ကြသည်။
နျိုနျိုက ဆက်ပြော၏။
"အဒေါ်လျူက သမီးပြောတာကို သေချာ နားထောင်ပေးတယ်... တခြားကလေးတွေနဲ့ မတူဘူး"
နျိုနျိုက ကျိုးကြောင်းဆီလျော်သော အဖြေပေးလိမ့်မည်ဟု ကျန်းယွင်နန် မမျှော်လင့်ထားပေ။
ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"သူက စိတ်ရှည်တယ်"
လူကြီးအများစုသည် ကိုယ့်ကိစ္စနှင့်ကိုယ် အလုပ်ရှုပ်နေကြပြီး ၅ နှစ်အရွယ် ကလေးတစ်ယောက် ပြောစကားကို နားထောင်ပေးရန် စိတ်ရှည်လေ့ မရှိကြပေ။
နျိုနျိုက နောက်ထပ် အံ့သြစရာကောင်းသော စကားတစ်ခွန်း ပြောလိုက်ပြန်သည်။
"သူ ရန်ဖြစ်တတ်တာကိုလည်း သဘောကျတယ်... အမေ့လိုပဲ... တံမြက်စည်းကိုင်ပြီး ရိုက်တာ အရမ်းမိုက်တာပဲ... ဆံပင်ဆွဲပြီး မျက်နှာကုတ်တာတွေလည်း လုပ်တတ်တယ်... သမီး သူ့ဆီကနေ ရန်ဖြစ်နည်း သင်ချင်တယ်"