အတိတ်ဘဝ အိပ်မက်
Vol. 4 Ch. 40
နျိုနျိုက ထိုစကားကို ပြောလိုက်ချိန်တွင် ပါးစပ်ကို ကျယ်လောင်စွာ ဟလိုက်ပြီး "ရွှမ်း... ရွှမ်း..." ဟု အသံပြုကာ တံမြက်စည်း လွှဲရိုက်သကဲ့သို့ လုပ်ပြလေသည်။ သွားများကို ဖြဲပြပြီး လက်သည်းများကို ကွေးကာ တမင်သက်သက် ကြမ်းတမ်းသော ပုံစံဖမ်းနေသော်လည်း တစ်စုံတစ်ယောက်ကို ကိုက်တော့မည့် ပုံစံနှင့် တူနေသည်။
သူမက ကြမ်းတမ်းဟန် ပေါ်အောင် အသည်းအသန် ကြိုးစားနေသော်လည်း ကျန်းယွင်နန်နှင့် ကုမင်တာ့ တို့ကမူ သူမကို ဒေါသထွက်နေသော ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့သာ မြင်ပြီး ပို၍ ရယ်မောလိုက်ကြသည်။
"အဖေ... အမေ... ဘာလို့ ရယ်နေကြတာလဲ... သမီးက အရမ်းကြမ်းတာနော်... အရမ်းကြမ်းတာ"
နျိုနျိုက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
သူမ၏ ချစ်စရာကောင်းပြီး ကြမ်းတမ်းချင်ယောင်ဆောင်နေသော ပုံစံကို မြင်သောအခါ လင်မယားနှစ်ယောက် ရယ်ချင်စိတ်ကို အတင်းအောင့်ထားပြီး သူမနှင့် ပူးပေါင်းရန် လေးနက်သော မျက်နှာထားများ လုပ်လိုက်ကြသည်။
"ကြောက်စရာကြီး... အမေ အရမ်းကြောက်သွားပြီ"
ကျန်းယွင်နန်က အလိုက်အထိုက် ပြောလိုက်သည်။
နျိုနျို ရုတ်တရက် လှုပ်ရှားမှုများကို ရပ်လိုက်ပြီး ပြောလိုက်၏။
"အမေက တကယ် မကြောက်ပါဘူး"
ကျန်းယွင်နန် ရယ်မောလိုက်ပြီး သမီးဖြစ်သူ၏ ဖြူဖွေးနူးညံ့သော ပါးပြင်လေးကို ဆွဲကာ မေးလိုက်သည်။
"ကြက်ပေါက်လေးတွေကို ကြောက်စရာကောင်းတယ်လို့ ထင်လား"
နျိုနျို ခေါင်းခါလိုက်သည်။
ကျန်းယွင်နန် ပြုံးပြီး ပြောလိုက်သည်။
"အခုလောလောဆယ်တော့ အဖေနဲ့အမေက သမီးကို ကြက်ပေါက်လေးလို့ပဲ မြင်တယ်”
နျိုနျို ညာလက်သီးကို ဆုပ်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။
"ကြီးလာရင် သမီး အရမ်းသန်မာလာမှာ"
ကျန်းယွင်နန်က ပြောလိုက်၏။
"အဒေါ်လျူ ရန်ဖြစ်တာကို မြင်ပြီး သမီးလည်း ရန်ဖြစ်တတ်ချင်တာ ပုံမှန်ပါပဲ... ဒါပေမယ့် သမီးက ငယ်ပါသေးတယ်... သမီး သင်ယူရမှာက ရန်ဖြစ်ဖို့ မဟုတ်ဘူး... ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပါ"
နျိုနျိုက နားလည်သလိုလို ကြည့်နေသည်။
ကျန်းယွင်နန် ဆက်ပြောလိုက်သည်။
"လောကကြီးမှာ လူကောင်းတွေ ရှိသလို လူဆိုးတွေလည်း ရှိတယ်... လူကောင်းတွေနဲ့ တွေ့ရင် မိတ်ဆွေဖွဲ့လို့ ရပေမယ့် လူဆိုးတွေနဲ့ တွေ့ရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သတိထားရမယ်..."
ပြောရင်းနှင့် ကျန်းယွင်နန်၏ စိတ်အခြေအနေ ရုတ်တရက် ညှိုးငယ်သွားသည်။
သူမ၏ ဒုတိယသားကို လူဆိုးများ ဖမ်းခေါ်သွားခြင်း ဖြစ်သည်။
ကုမင်တာ့ သည် ဇနီးသည်၏ ပခုံးကို ပုတ်ပေးလိုက်ပြီး နျိုနျို့ကို ဆက်ပြောလိုက်သည်။
"နျိုနျို... လူဆိုးတွေနဲ့ တွေ့ရင် ဝေးဝေးပြေး... သူစိမ်းတွေပေးတဲ့ မုန့် မစားနဲ့... သူစိမ်းတွေနောက် လိုက်မသွားနဲ့... နားလည်လား"
နျိုနျို ခေါင်းညိတ်လိုက်သည်။ သူမ အများကြီး နားမလည်သော်လည်း ထိုအချိန်တွင် ကျန်းယွင်နန် စိတ်မပျော်ရွှင်သည်ကို ခံစားမိလိုက်၏။
နျိုနျိုသည် မိခင်၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်ပြီး မျက်နှာလေးကို ကျန်းယွင်နန်၏ ပါးပြင်နှင့် ကပ်ကာ ပြောလိုက်သည်။
"အမေ... ကြီးလာရင် သမီး အမေ့ကို ကာကွယ်ပေးမယ်"
ကျန်းယွင်နန်သည် လူကြီးကိစ္စများတွင် ကလေးများ မပါဝင်စေချင်သဖြင့် အတင်း ပြုံးပြလိုက်သည်။
ကုမင်တာ့ ရုတ်တရက် ငုံ့ကြည့်ပြီး နျိုနျို့ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"နျိုနျို... သမီးက ဘက်လိုက်လိုက်တာ... အမေ့ကိုပဲ ကာကွယ်ပြီး အဖေ့ကို မကာကွယ်ပေးတော့ဘူးလား"
နျိုနျို ချက်ချင်း ပြန်ပြောလိုက်သည်။
"အဖေ့ကိုလည်း သမီးက ကာကွယ်ပေးမှာ"
သားအဖနှစ်ယောက်၏ ကျီစယ်မှုကြောင့် ကျန်းယွင်နန်၏ စိတ်ဓာတ်ကျမှု အနည်းငယ် သက်သာသွားသည်။
ညသန်းခေါင်ယံ။
အနောက်မြောက်ဘက်ထောင့်ရှိ အိမ်ငယ်လေးထဲတွင် လျူရှောင်ရူ၏ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။
သူမ နဖူးပေါ်မှ ချွေးစေးများကို သုတ်လိုက်ပြီး မျက်လုံးများ ပြူးကျယ်လျက် အံ့သြထိတ်လန့်နေ၏။
သူမ အိပ်မက်တစ်ခု မက်ခဲ့သည်။
အိပ်မက်ထဲတွင် နျိုနျို မပါပေ။
ကျန်းယွင်နန်သည် ပြည်နယ်မြို့သို့ သားနှစ်ယောက် ခေါ်လာခြင်း မဟုတ်ဘဲ သုံးယောက် ခေါ်လာခဲ့သည်။
အဖွားကြီးဝမ်သည်လည်း ကလေးကစားသည့်ကိစ္စကြောင့် ပြဿနာမရှာခဲ့သလို လျူရှောင်ရူသည်လည်း ခင်ပွန်းနှင့် ယောက္ခမ၏ စကားဝိုင်းကို မကြားခဲ့ရပေ။ ခင်ပွန်းဖြစ်သူက သူမကို သတ်ပြီး နောက်မိန်းမယူရန် ကြံစည်နေသည်ကို လုံးဝ မသိခဲ့ရပေ။
သို့သော် ဝမ်ယောက်ကျူ စာမေးပွဲဖြေနေစဉ် အိမ်တွင် နှစ်ယောက်တည်း ကျန်ခဲ့ရာ အဖွားကြီးဝမ်က သူမကို ထပ်မံ အနိုင်ကျင့်ခဲ့သည်။
ထိုအဖြစ်အပျက်ကို ကျန်းယွင်နန် မြင်တွေ့သွားပြီး သူမဘက်မှ ဝင်ပါပေးခဲ့၏။
အိပ်မက်ထဲတွင် ကျန်းယွင်နန်နှင့် တွေ့ဆုံပြီးနောက် လျူရှောင်ရူသည် ကိုယ့်ဘဝကိုယ် နေထိုင်တတ်ရန် ဖြည်းဖြည်းချင်း သင်ယူခဲ့သည်။ ကျန်းယွင်နန်ကို အားကျပြီး သူမကဲ့သို့ လွတ်လပ်စွာ နေထိုင်ချင်ခဲ့သည်။
ဝမ်ယောက်ကျူသည် ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းသဖြင့် အိမ်ငှားစာသင်သားများအကြား လူရာမဝင်ပေ။
ဆန့်ကျင်ဘက်အားဖြင့် ကုမင်တာ့ သည် နောက်မှရောက်လာသော်လည်း လျင်မြန်စွာပင် စာသင်သားများ၏ ဗဟိုချက် ဖြစ်လာခဲ့သည်။
အိပ်မက်ထဲတွင် ဝမ်ယောက်ကျူသည် ကုမင်တာ့ ကို အလွန် မနာလိုဖြစ်ပြီး ဇနီးသည်ကို ကျန်းယွင်နန်နှင့် မဆက်သွယ်ရန် တားမြစ်ခဲ့၏။
လျူရှောင်ရူသည် ယောက္ခမများ မမြင်ကွယ်ရာတွင်သာ ကျန်းယွင်နန်နှင့် ခိုးကြောင်ခိုးဝှက် စကားပြောရဲခဲ့သည်။
မကြာမီ ကုမင်တာ့ သည် ပြည်နယ်အဆင့် စာမေးပွဲတွင် ပထမရရှိခဲ့ပြီး ဝမ်ယောက်ကျူမှာ အောင်မြင်သော်လည်း နောက်ဆုံးအဆင့်သာ ရရှိခဲ့သည်။
ဝမ်ယောက်ကျူသည် ကုမင်တာ့ ကို မူလကတည်းက မနာလိုဖြစ်နေပြီး ယခု ရလဒ် ကွာခြားလွန်းသဖြင့် ကုမင်တာ့ မသမာတာဟု စွပ်စွဲကာ နာကြည်းနေသည်။
လျူရှောင်ရူက မနေသာ၍ ပြန်ပြီး ကာပြောပေးလိုက်မိ၏။
မနာလိုစိတ် ဖုံးလွှမ်းနေသော ဝမ်ယောက်ကျူသည် ဒေါသထွက်ပြီး သူမကို ရိုက်နှက်ကာ “သစ္စာဖောက်မ သူစိမ်းဘက်ပါတယ်” ဟု စွပ်စွဲသည်။
ကုမင်တာ့ နှင့် ဖောက်ပြန်သည်ဟုလည်း စွပ်စွဲလိုက်သည်။ ယောက္ခမကလည်း သားဘက်မှပါပြီး ဝိုင်းရိုက်သည်။
အိပ်မက်ထဲတွင် အကြိမ်ကြိမ် အရိုက်ခံရပြီးနောက် သူမ နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ ပြန်လည် တိုက်ခိုက်လိုက်သည်။
ပြန်ရိုက်မှပင် ခင်ပွန်းသည်က အားနည်းကြောင်းနှင့် သားအမိနှစ်ယောက်ပေါင်းသော်လည်း သူမကို မယှဉ်နိုင်ကြောင်း သိလိုက်ရသည်။
သားအမိနှစ်ယောက်ကို ကောင်းကောင်း ဆုံးမပြီးနောက် သူမ ငြိမ်းချမ်းသော ကာလတစ်ခုကို ရရှိခဲ့၏။ ထိုအချိန်မှစ၍ သားအမိနှစ်ယောက် သူမကို အနိုင်မကျင့်ရဲတော့ပေ။
ဇာတိရွာသို့ ပြန်ရောက်သောအခါ တစ်နေ့တွင် ယောက္ခမက ရုတ်တရက် ထမင်းချက်ချင်စိတ် ပေါက်လာသည်။ ယောက္ခမ လိမ္မာလာပြီဟု ထင်မှတ်ခဲ့သော်လည်း အဆိပ်ခတ်နေခြင်း ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူမ သေဆုံးသွားခဲ့သည်။
သူမ၏ အစ်ကိုနှင့် မရီးတို့ ဝမ်မိသားစုအိမ်သို့ ရောက်လာပြီး ပြဿနာရှာသော်လည်း ငွေ ၂ တုံး ရပြီးနောက် ဂရုမစိုက်တော့ဘဲ ပြန်သွားကြသည်။
သို့သော် သူမသေဆုံးကြောင်း သတင်းသည် ကျန်းယွင်နန်ထံ ရောက်ရှိသွားပြီး ကျန်းယွင်နန်နှင့် ကုမင်တာ့ တို့ အပြေးရောက်လာကြ၏။
ကျန်းယွင်နန်သည် သူမ ကိုယ့်ကိုယ်ကိုယ် သတ်သေသည်ဟု မယုံကြည်ပေ။ ကုမင်တာ့ သည် အတွေ့အကြုံရှိသော မှုခင်းဆရာဝန်တစ်ဦးကို ခေါ်လာပြီး အလောင်းဖော်စစ်ဆေးရန် တောင်းဆိုသည်။
ဝမ်သားအမိက သဘာဝကျကျပင် ငြင်းဆန်ပြီး ဆွေမျိုးများနှင့် လျူရှောင်ရူ၏ အစ်ကိုတို့ကို ခေါ်ကာ တားဆီးကြသည်။
ကုမင်တာ့ သာ ပညာတတ်တစ်ဦး မဟုတ်လျှင် ရွာထဲမှ မောင်းထုတ်ခံရမည် ဖြစ်သည်။
ထိုသို့ တားဆီးမှုများကြားမှ ကျန်းယွင်နန် လက်မလျှော့ခဲ့ပေ။ ကုမင်တာ့နှင့် တိုင်ပင်ပြီးနောက် အကြံတစ်ခု ရသွား၏။
ကုမင်တာ့ သည် ဇနီးသည်၏ အိပ်မက်ထဲတွင် ညီမဖြစ်သူက မတရားမှုကို ဖော်ထုတ်ပေးရန် တောင်းဆိုနေသည်ဟု အကြောင်းပြချက်ပေးကာ ခရိုင်ဝန်ထံ အကြိမ်ကြိမ် တိုင်ကြားခဲ့သည်။
နောက်ဆုံးတွင် အာဏာပိုင်များ ဝင်ရောက်စွက်ဖက်လာပြီး ဝမ်မိသားစု အလောင်းဖော်ရန် သဘောတူလိုက်ရသည်။
အလောင်းမဖော်မီ အိမ်နီးချင်းများက ကုမင်တာ့ နှင့် လျူရှောင်ရူ ဖောက်ပြန်ခဲ့သည်ဟု ကောလာဟလ အမျိုးမျိုး လွှင့်ခဲ့ကြသည်။
သို့သော် အလောင်းဖော်ပြီးနောက် မှုခင်းဆရာဝန်၏ တွေ့ရှိချက်များသည် လူအများကို တုန်လှုပ်သွားစေသည်။
နောက်ဆုံးတွင် ဝမ်ယောက်ကျူ၏ ငိုယိုတောင်းပန်မှုအောက်တွင် အဖွားကြီးဝမ်က ချွေးမကို သတ်ဖြတ်မှုဖြင့် အပြစ်ခံယူလိုက်ရသည်။
ဝမ်ယောက်ကျူ ပြစ်ဒဏ်မှ လွတ်ကင်းသွားသော်လည်း အရှုပ်တော်ပုံကြီး ဖြစ်သွားပြီး ဂုဏ်သိက္ခာ ကျဆင်းသွားသည်။ မည်သည့် ဂုဏ်သရေရှိ မိသားစုကမျှ သူတို့၏ သမီးပျိုကို ဒုတိယမယားအဖြစ် မပေးစားရဲကြသလို ဒေသခံ ပညာတတ်များကလည်း သူ့ကို မပေါင်းသင်းချင်ကြတော့ပေ။
ဝမ်ယောက်ကျူသည် အသုံးမကျသူပင်။ ဇနီးနှင့် မိခင်၏ ထောက်ပံ့မှု မရှိတော့သဖြင့် ဘဝပျက်သွားပြီး ပြည်နယ်အဆင့် စာမေးပွဲကိုသာ မျှော်လင့်ချက်ထားတော့သည်။
စာမေးပွဲအောင်ပြီး ကျူးရန် ဖြစ်လာလျှင် အခက်အခဲအားလုံး ပြေလည်သွားမည်ဟု ယုံကြည်နေသည်။
သို့သော် ပိုင်ဆိုင်သမျှ ရောင်းချပြီး စာမေးပွဲဖြေရန် ပြင်ဆင်သော်လည်း ထပ်ခါတလဲလဲ ကျရှုံးခဲ့သည်။ ငွေကုန်သွားသောအခါ ကျောင်းဖွင့်ပြီး စာသင်ချင်သော်လည်း လူသတ်သမား၏ သားကို မည်သူကမျှ ဆရာအဖြစ် လက်မခံရဲကြပေ။
ဝမ်ယောက်ကျူ အသက်မွေးဝမ်းကျောင်း ပျက်စီးသွားပြီး ဘဝမှာ နွံထဲ နစ်သွားသည်။
လျူရှောင်ရူ၏ အိပ်မက်သည် ဆောင်းရာသီတစ်ခုတွင် ဝမ်ယောက်ကျူ အေးခဲသေဆုံးသွားချိန်အထိ မက်ပြီးမှ ရုတ်တရက် ပြီးဆုံးသွားသည်။
အိပ်မက်ထဲတွင် ရန်သူ သေဆုံးသည်ကို မြင်လိုက်ရသော်လည်း လျူရှောင်ရူ ကြောက်လန့်နေဆဲပင်။
ထိုကဲ့သို့ အိပ်မက်မျိုး တစ်ခါမျှ မမက်ဖူးသော်လည်း အိပ်မက်ထဲက အရာအားလုံးသည် တကယ် ဖြစ်ပျက်မည့် အနာဂတ် ဖြစ်ကြောင်း ခံစားနေရသည်။
ကျန်းယွင်နန်နှင့် နျိုနျို၏ အပြစ်ကင်းစင်သော စကားများသာ သူမကို အသိတရား မရစေခဲ့လျှင် သားအမိနှစ်ယောက်၏ လုပ်ကြံမှုကို မတော်တဆ မကြားခဲ့ရလျှင် သူမလည်း အိပ်မက်ထဲကအတိုင်း ဖြစ်သွားနိုင်ကြောင်း တွေးမိပြီး ထိတ်လန့်နေမိသည်။
နျိုနျို…
လျူရှောင်ရူ နျိုနျို၏ နာမည်ကို တတွတ်တွတ် ရေရွတ်နေမိသည်။ နျိုနျိုသာ မရှိလျှင် သူမ ကျန်းယွင်နန်ကို အကူအညီတောင်းဖြစ်မည် မဟုတ်သလို ဤမျှ လျင်မြန်စွာ ကွာရှင်းနိုင်မည် မဟုတ်ပေ။
သူမ ကွာရှင်းပြီးပြီ ဖြစ်၍ ငွေအမြောက်အမြား ရရှိထားသည်။ မူလက မိဘအိမ်ပြန်ရန် တွန့်ဆုတ်နေသော်လည်း ယခု သူမ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။
ကုမိသားစုနှင့်အတူ နေမည်။ နျိုနျို၊ ကျန်းယွင်နန် တို့နှင့်အတူ နေမည်။
အိပ်မက်ထဲတွင် သူမ သေဆုံးပြီးနောက် ကျန်းယွင်နန်သည် မနားမနေ ကြိုးစားပြီး ဖိအားများကြားမှ တရားမျှတမှု ရရှိအောင် လုပ်ဆောင်ပေးခဲ့သည်။
ဤလောကတွင် အစ်မကျန်းထက် ပိုယုံကြည်ရသူ မရှိဟု လျူရှောင်ရူ ခံစားလိုက်ရသည်။ အစ်မကျန်းအတွက် သေပေးရမည်ဆိုလျှင်ပင် သူမ လိုလိုလားလား ရှိနေသည်။
သူမ၏ ကံကြမ္မာကို ပြောင်းလဲပေးခဲ့သော နျိုနျို့ကိုလည်း သမီးအရင်းကဲ့သို့ ဆက်ဆံရန် လျူရှောင်ရူ ဆုံးဖြတ်လိုက်သည်။
နောက်တစ်နေ့ နံနက်တွင် ကျန်းယွင်နန် မနက်စာစားပြီးသည်နှင့် ငွေများ သယ်ဆောင်လာသော လျူရှောင်ရူကို တွေ့လိုက်ရ၏။
သူမ၏ ရည်ရွယ်ချက်ကို ကြားသောအခါ ကျန်းယွင်နန် ချက်ချင်း စိတ်ရှုပ်ထွေးသွားပြီး ပြောလိုက်သည်။
"ဒီငွေ ၅၀ က နင့်အနာဂတ်အတွက် အရင်းအနှီးလေ... ကိုယ့်ဘာသာ သိမ်းထား... ဘာလို့ ငါ့ကို လာပေးပြီး စီမံခိုင်းနေရတာလဲ"
Thank For Reading.