- ရေခဲဝိညာဉ် နိုးထခြင်း ၊ ကျားသစ်မောင်နှံ ပေါ်ထွက်လာခြင်းနှင့် ဝံပုလွေအုပ်စု၏ ဒေါသ
Vol. 6 Ch. 52
ကျောဘက်မှလာသော ပူပြင်းသည့် ခြုံခိုတိုက်ခိုက်မှုသည် မြန်ဆန်လွန်းပြီး ပြင်းထန်လွန်းလှလေသည်။ အချိန်ကလည်း မယုံနိုင်လောက်အောင် တိကျနေသည်။
လင်းထျန်းလုံ၏ အာရုံစူးစိုက်မှု အားလုံးသည် ရှေ့ဘက်ရှိ ဒဏ်ရာရထားသော အရိပ်ကျားသစ်ထံသို့ ရောက်နေချိန်ဖြစ်သည်။ သူ၏ ခွန်အားကုန်ဆုံးပြီး အားအသစ် မမွေးနိုင်သေးသော အချိန် ၊ သူ၏ ခံစစ် အားအနည်းဆုံးအချိန် အတိအကျပင် ဖြစ်သည်။
ထိုကြောက်မက်ဖွယ် အပူလှိုင်းကြောင့် ကျောပေါ်ရှိအမွေးများ လောင်ကျွမ်းတွန့်လိမ်သွားပြီး စပ်ဖျင်းဖျင်း ခံစားချက်ကိုပင် သူခံစားလိုက်ရသည်။
“ရှောင်လို့ မရတော့ဘူး...”
ဤအတွေးသည် လင်းထျန်းလုံ၏ စိတ်ထဲတွင် လျှပ်တစ်ပြက် ဖြတ်သန်းသွားသည်။
သူသည် ခန္ဓာကိုယ်ကို အသည်းအသန် လှည့်ပစ်လိုက်ပြီး ဝံပုလွေပြာသွေးမျိုးဆက်၏ စွမ်းအားများကို ကျောဘက်သို့ ရူးသွပ်စွာစုစည်းကာ ထိပ်တိုက်ခံယူရန် ကြိုးစားလိုက်သည်။
“ဒုန်း...”
လေးလံပြီး ကွဲအက်အက်နိုင်သော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။
လင်းထျန်းလုံသည် ပူပြင်းပြီးကြမ်းတမ်းသော စွမ်းအားတစ်ခု သူ၏ပခုံးရိုးအား ပြင်းထန်စွာ ရိုက်ခတ်သွားသည်ကို ခံစားလိုက်ရသည်။
ကြီးမားသော နာကျင်မှုက တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး သူ၏ ငွေရောင်ဝံပုလွေခန္ဓာကိုယ်ကြီးသည် ပြင်းထန်လွန်းသော အားကြောင့် ရှေ့သို့ ယိုင်နဲ့နဲ့ဖြစ်သွားကာ လည်ချောင်းထဲတွင် ချိုမြမြ အရသာကို ခံစားလိုက်ရပြီး သွေးတစ်လုပ် အန်ထွက်လုနီးပါး ဖြစ်သွားသည်။
တိုက်ခိုက်ခံလိုက်ရသည့် နေရာတစ်ဝိုက်ရှိ သူ၏ အဖြူရောင်အမွေးအမျှင်များအားလုံး မည်းနက် လောင်ကျွမ်းသွားပြီး ပခုံးပေါ်တွင် အရိုးထိအောင် နက်ရှိုင်းသည့် မီးကျွမ်းနေသော လက်သည်းရာသုံးခု ထင်ကျန်ခဲ့ကာ အသားများ စုတ်ပြဲသွားပြီး သွေးများ ပန်းထွက်လာလေသည်။
“ဖေဖေ...”
သစ်ပင်အိမ်အတွင်းရှိ ရှောင်လန်နှင့် ရှောင်ယင်းတို့၏ နှလုံးသားများ ချက်ချင်း တင်းကြပ်သွားပြီး ထိတ်လန့်စွာ အော်ဟစ်လိုက်ကြသည်။
လင်းထျန်းလုံသည် အရှိန်ဖြင့် ရှေ့သို့ ခြေလှမ်းအနည်းငယ် ပြေးလိုက်ပြီးနောက် ချက်ချင်း လှည့်ကြည့်လိုက်သည်။ သူ၏ ရေခဲပြာမျက်ဝန်းများထဲတွင် ဒေါသ မီးတောက်များ တောက်လောင်နေပြီး တိုက်ခိုက်သူကို သေချာစူးစိုက်ကြည့်လိုက်သည်။
မမျှော်လင့်ဘဲ နောက်ထပ် ကျားသစ်သားရဲတစ်ကောင် ဖြစ်နေလေသည်။
၎င်း၏ ခန္ဓာကိုယ်သည် “အရိပ်ကျားသစ်” ထက် ပိုမိုထွားကျိုင်းခန့်ညားပြီး တောက်ပသော အနက်ရောင်နှင့်အဝါရောင် ရောစပ်နေသည့် အမွေးအမျှင်များ ရှိကာ မီးတောက်များ လောင်ကျွမ်းနေသကဲ့သို့ အကွက်များ ပါရှိသည်။ အထူးခြားဆုံးမှာ ၎င်း၏ မျက်လုံးများပင် ဖြစ်သည်။
မည်းနက်နေခြင်း မရှိဘဲ တောက်လောင်နေသော ငွေဖြူရောင် အလင်းတန်းများ တလက်လက် ဖြစ်ပေါ်နေပြီး ရိုင်းစိုင်းရက်စက်မှုနှင့် ရန်လိုမှုများဖြင့် ပြည့်နှက်နေသည်။
ခန္ဓာကိုယ် ပတ်လည်ရှိ အရှိန်အဝါသည်လည်း ပိုမိုကြမ်းတမ်းပြီး ပူပြင်းကာ အရိပ်ကျားသစ်၏ အေးစက်ပြီးထူးဆန်းသော သဘာဝနှင့် လုံးဝကွဲပြားခြားနားနေသည်။
[ မျိုးနွယ် ] : မီးတောက်ကျားသစ်
[ အဆင့် ] : အဆင့် ၂၂ (ပါရမီရှင်အဆင့်မိစ္ဆာသားရဲ)
[ အခြေအနေ ] : ဒေါသထွက်နေသည် ၊ အဖော်ကို ကာကွယ်ချင်နေသည်
[ ပါရမီများ ] : မီးတောက်သွေးမျိုးဆက် (ခရမ်းရောင်)၊ကြမ်းတမ်းသော ဒေါသ (ခရမ်းရောင်)၊ ကြံ့ခိုင်သော ခန္ဓာကိုယ် (အစိမ်း)
[ စွမ်းရည်များ ] : မီးတောက်လက်သည်း (ခရမ်းရောင်) ၊ ကြမ်းတမ်းစွာ ခုန်အုပ်ခြင်း (ခရမ်းရောင်) ၊ မီးတောင်ပေါက်ကွဲဟိန်းသံ (အစိမ်း)
[ သုံးသပ်ချက် ] : ပူပြင်းသော စွမ်းအားကို ထိန်းချုပ်နိုင်သည့် ကြမ်းတမ်းသော မုဆိုးအမျိုးအစား သားရဲဖြစ်သည်။ ရက်စက်ပြီး တိုက်ခိုက်လိုစိတ်ပြင်းထန်သော စိတ်နေသဘောထားရှိပြီး ထူးခြားသော ခွန်အားနှင့် ရုတ်တရက် ပေါက်ကွဲအားကို ပိုင်ဆိုင်ထားသည်။
“နှစ်ကောင်တောင်လား၊ အထီးတစ်ကောင်နဲ့ အမတစ်ကောင်... ယင်နဲ့ ယန်...”
လင်းထျန်းလုံ ချက်ချင်း နားလည်လိုက်သည်။
“ခုနက အရိပ်ကျားသစ်က အမ ဖြစ်ပြီး ခြုံခိုတိုက်ခိုက်တာနဲ့ ထိန်းချုပ်တာကို အထူးပြုတယ်... ဒီမီးတောက်ကျားသစ်က အထီးဖြစ်ပြီး ကြီးမားတဲ့ခွန်အား ပိုင်ဆိုင်ထားတယ်၊ အသေသတ်ဖို့ကို တာဝန်ယူတယ်... တကယ့် မုဆိုးမောင်နှံပါလား...”
“ဂါး...ဂရား..”
မီးတောက်ကျားသစ်သည် ရန်စသော ဟိန်းသံကို ပြုလုပ်လိုက်ပြီး သူ၏ ငွေဖြူရောင်မျက်ဝန်းများဖြင့် လင်းထျန်းလုံအား စိုက်ကြည့်နေသည်။
သူသည် ဒဏ်ရာရထားသော အရိပ်ကျားသစ်ရှေ့တွင်ရပ်ကာ အဖော်ကို ကာကွယ်လိုစိတ် ပြင်းပြနေသည်။
သစ်ပင်အိမ်အတွင်းရှိ ရှောင်လန်နှင့် ရှောင်ယင်းတို့သည် ဤအသစ်ပေါ်လာသော ကျားသစ်သားရဲကို မြင်လိုက်ရသောအခါ မျက်နှာများဖြူဖျော့သွားကြသည်။ အထူးသဖြင့် ၎င်း၏ထင်ရှားသော ငွေရောင်မျက်လုံးများနှင့် ကြမ်းတမ်းသော မီးတောက် အရှိန်အဝါကြောင့် ဖြစ်သည်။
“မီးတောက်ကျားသစ်... သူပဲ... ဝိညာဉ်ခေတ်မှတ်တမ်းထဲက ‘ငွေရောင်မျက်လုံး မီးတောက်ရိုင်း' သူနဲ့ ‘ညတစ္ဆေအရိပ်’ က စုံတွဲတွေပဲ...”
ရှောင်ယင်း၏ အတွေးများထဲတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
“သူတို့က အစောပိုင်းကာလမှာ ထျန်းစန်းသစ်တောကို သိမ်းပိုက်ထားတဲ့ မိစ္ဆာဘုရင်ကြီး လေးပါးထဲက အရိပ်မီးတောက် ကျားသစ်မောင်နှံပဲ...”
“ဒုက္ခပဲ... ဝံပုလွေဖေဖေကတစ်ယောက်တည်းနဲ့ နှစ်ယောက်ကို ရင်ဆိုင်ရမယ်... ပြီးတော့ သူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုက အပြစ်ပြောစရာ မရှိဘူး...”
ရှောင်လန်၏ နှလုံးသားမှာ အမှောင်ထဲထိ နစ်မြုပ်သွားသည်။
“ဒါ.. ပြောင်းလဲလို့မရတဲ့ ကံကြမ္မာလား...”
ကြီးမားသော စိုးရိမ်ပူပန်မှု လှိုင်းလုံးကြီးတစ်ခု သူတို့ကို လွှမ်းခြုံသွားလေသည်။
ဝံပုလွေဖေဖေသည် သန်မာသော်လည်း အပြန်အလှန် အားဖြည့်ပေးနိုင်ပြီး အမှားအယွင်းမရှိ ပူးပေါင်းဆောင်ရွက်နိုင်သော ဤပါရမီရှင်အဆင့် ကျားသစ်မောင်နှံကို ရင်ဆိုင်ရာတွင် ရလဒ်ဆုံးဖြတ်ပြီးသား ဖြစ်ပုံရသည်။
ကူကယ်ရာမဲ့မှု ခံစားချက်များ သူတို့၏ ရင်ထဲတွင် ပြည့်နှက်လာတော့သည်။
စစ်မြေပြင်တွင် လင်းထျန်းလုံသည် ပခုံးပေါ်မှဒဏ်ရာကို လျှာဖြင့် သပ်လိုက်သည်။ စူးရှသော နာကျင်မှုက သူ၏ ရိုင်းစိုင်းမှုကို လုံးဝမီးမွှေးပေးလိုက်လေသည်။ သွေးဆာသားရဲဟိန်းသံ၏ အာနိသင်များ ခန္ဓာကိုယ်ထဲတွင် ဆူပွက်လာပြီး ဝံပုလွေပြာသွေးမျိုးဆက်၏ စွမ်းအားက ဒဏ်ရာများကို လျင်မြန်စွာ ကုစားပေးနေသည်။
“နှစ်ယောက်တစ်ယောက်တဲ့လား...”
လင်းထျန်းလုံ၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။
“ငါ့မှာလည်း အကူအညီမရှိဘူးများ ထင်နေလား...”
“အာဝူး...”
သူသည် ရုတ်တရက် ခေါင်းမော့ကာ မယုံနိုင်ဖွယ် ထိုးဖောက်နိုင်စွမ်းရှိ ရှည်လျားသည့်ဟိန်းသံကြီးကို ထုတ်ဖော်လိုက်သည်။
ဤဟိန်းသံသည် လမင်းမြည်ကြွေးသံ မဟုတ်တော့ဘဲ စုစည်းတိုက်ခိုက်ရန် သက်သက်သာဖြစ်သော အမိန့်ပေးသံပဲ ဖြစ်သည်။ ထိုဟိန်းသံထဲတွင် ဝံပုလွေဘုရင်၏ဒေါသနှင့် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေလေသည်။
ချက်ချင်းဆိုသလိုပင် ဘုရင်၏ ခေါ်သံကို တုံ့ပြန်လိုက်သကဲ့သို့ နှင်းဝံပုလွေကျေးရွာ၏ နေရာအနှံ့မှ ဝံပုလွေဟိန်းသံများ ပေါက်ကွဲထွက်လာလေတော့သည်။
“အာဝူး...”
“အာဝူး...”
နောက်တစ်ခဏတွင် ရန့်မြဲ့နှင့် ထျန်းပင်းဦးဆောင်သော အဆင့်မြင့်နှင်းဝံပုလွေ အကောင် (၂၀) ကျော်သည် ရေကာတာကျိုးပေါက်သွားသကဲ့သို့ ကျေးရွာထဲမှ အလုံးအရင်းနှင့် ပြေးထွက်လာကြသည်။
သူတို့သည် စူးရှသော အကြည့်များဖြင့် လျင်မြန်စွာရွေ့လျားနေပြီး ကြီးမားသော ဧရိယာတစ်ခုကို ချက်ချင်း ပိတ်ဆို့လိုက်ကာ ကျားသစ်မောင်နှံကို အလယ်တွင် ပိတ်မိနေစေခဲဲ့သည်။
ဝံပုလွေစစ်တပ် ရောက်ရှိလာလေပြီ။
မီးတောက်ကျားသစ်သည် သူ၏ရန်သူတွင် လက်အောက်ငယ်သားများ ဤမျှများပြားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပုံ ရသည်။
အံ့ဩမှုနှင့် သံသယအရိပ်အယောင်များ သူ၏ ငွေဖြူရောင်မျက်ဝန်းများထဲတွင် ဖြတ်ပြေးသွားသော်လည်း ရန်စခံရခြင်းကြောင့် ဖြစ်ပေါ်လာသော ဒေါသများက ချက်ချင်း အစားထိုးဝင်ရောက်လာပြီး ခြိမ်းခြောက်သော ညည်းတွားသံနိမ့်နိမ့်ကို ပြုလုပ်လိုက်သည်။
ဒဏ်ရာရထားသော အရိပ်ကျားသစ်သည် မသိစိတ်ကြောင့် နောက်ဆုတ်လိုက်ပြီး အရိပ်ထဲသို့ပေါင်းစပ်ရန် ကြိုးစားသော်လည်း ဝံပုလွေအုပ်စုမှ ထုတ်လွှတ်နေသော မျိုးတူပဲ့တင်ထပ်သံနယ်ပယ်၏ နှောင့်ယှက်မှုကြောင့် အပြည့်အဝ ပုန်းကွယ်ရန် ခက်ခဲနေသည်။
“အခုပဲ...”
ထျန်းပင်း၏ တိုက်ပွဲ အာရုံခံစားမှုသည် အလွန်စူးရှနေသည်။ အရိပ်ကျားသစ် ဒဏ်ရာရပြီး ကြောက်ရွံ့နေသည်ကို မြင်လိုက်ရသောအခါ ပြီးပြည့်စုံသော တိုက်စစ်ဖွင့်ဖို့ရာ ပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်လိုက်သည်။
“ဂါး...”
ထျန်းပင်း ဟိန်းဟောက်လိုက်ပြီး ဝင်ဆောင့်ခြင်း စွမ်းရည်ကို လှည့်ပတ်ကာ အရိပ်ကျားသစ်ထံသို့ တည့်မတ်စွာ ပြေးဝင်သွားသည်။ သူ၏ ကိုယ်ပေါ်ရှိ ရေခဲအကြေးခွံချပ်ဝတ်များသည် အေးစက်စက် အလင်းရောင်များ တောက်ပနေခဲ့သည်။
မီးတောက်ကျားသစ်သည် ၎င်း၏ အဖော်ကို တိုက်ခိုက်ခွင့် ပြုမည်မဟုတ်ပေ။
ဟိန်းဟောက်သံနှင့်အတူ ပူပြင်းသော အရှိန်အဝါဖြင့် ထျန်းပင်းကို ကြားဖြတ်တိုက်ခိုက် ခုန်အုပ်လိုက်သည်။
သို့သော် ထိုအချိန်တွင် ရန့်မြဲ့ လှုပ်ရှားလာခဲ့သည်။
သူသည် ရုတ်တရက် ပါးစပ်ကိုဖွင့်ကာ ယခင်ကထက် များစွာ ပိုမိုစုစည်းအားကောင်းပြီး ဧရိယာကျယ်ပြန့်သော အေးခဲဟိန်းသံကို မှုတ်ထုတ်လိုက်သည်။
ပြင်းထန်သော အအေးဓာတ်သည် ရန်သူထံသို့ တိုက်ရိုက် တိုး၀င်သွားခြင်းမဟုတ်ဘဲ မီးတောက်ကျားသစ်၏ လမ်းကြောင်းကို တိကျစွာ ဖုံးလွှမ်းလိုက်ခြင်းသာဖြစ်ပြီး ကြီးမားချောမွေ့သည့် ရေခဲပြင်ကြီးတစ်ခု ချက်ချင်းဖြစ်ပေါ်လာသည်။
မထင်မှတ်ထားသော အခြေအနေကြောင့် မီးတောက်ကျားသစ် ခြေချော်သွားပြီး ၎င်း၏ အရှိန်အဟုန်မှာလည်း ရုတ်ချည်း ရပ်တန့်သွားသည်။
ထိုခဏတာ နှောင့်နှေးမှုအချိန်တိုလေးအတွင်း ထျန်းပင်းသည် အရိပ်ကျားသစ်နှင့် နီးကပ်နေပြီ ဖြစ်သည်။
အရိပ်ကျားသစ်သည် နာကျင်မှုကိုသည်းခံပြီး သူ၏ အရိပ်လက်သည်းများကို ထပ်မံထုတ်ဖော်လိုက်သည်။
သို့သော် ထျန်းပင်းသည် ရှောင်တိမ်းခြင်းမရှိဘဲ သူ၏ မျက်လုံးများထဲတွင် ရူးသွပ်သည့် အရိပ်အယောင်နှင့် အနီရောင် အလင်းတန်းများ လက်ခနဲ ဖြစ်သွားသည်။
ပြင်းထန်သော ရေခဲဝိညာဉ်၊ အသက်၀င်။
“ဘုန်း...”
ရှေးကျပြီး လွှမ်းမိုးနိုင်စွမ်းရှိသော တိုက်ပွဲဝင်စိတ်ဓာတ် အရှိန်အဝါတစ်ခုသည် ထျန်းပင်းထံမှ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။
သူ့ပတ်ဝန်းကျင်ရှိ လေထုမှာ တွန့်လိမ်သွားပြီး ခန့်ညားသော ဝေဝါးဝါး အဖြူရောင် ဧရာမဝံပုလွေပုံရိပ်တစ်ခု ရုတ်တရက်ပေါ်လာကာ သူ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်နှင့် ချက်ချင်း ပေါင်းစပ်သွားသည်။
“ဘုန်း...”
ထျန်းပင်း၏ အရှိန်အဝါမှာ တည်ငြိမ်စွာ မြင့်တက်လာပြီး ထူးချွန်အဆင့်၏ ကန့်သတ်ချက်ကို ခဏတာ ချိုးဖျက်ကာ ပါရမီရှင်အဆင့် တံခါးဝသို့ ထိတွေ့သွားပြီး အရိပ်ကျားသစ်၏ လက်သည်းရိုက်ချက်ကို ထိပ်တိုက် ခံယူလိုက်သည်။
ရေခဲအကြေးခွံများကွဲအက်ပြီး သွေးများပန်းထွက်လာသော်လည်း သူ၏ အရှိန်အဟုန်မှာ လျော့ကျမသွားပေ။
ပြင်းထန်သော တိုက်ပွဲဝင်စိတ်ဓာတ်များ လောင်ကျွမ်းနေကာ မီးလျံကိုက်ချက်ဖြင့် အရိပ်ကျားသစ်၏ ဒဏ်ရာရထားသော ပခုံးရိုးကို ပြင်းထန်စွာ ကိုက်ချလိုက်သည်။
“ဂါး...”
အရိပ်ကျားသစ် နာကျင်စူးရှစွာ အော်ဟစ်လိုက်ရသည်။
ဤအရာအားလုံးသည် အတော်ကြာသွာသည် ထင်ရသော်လည်း မျက်စိတစ်မှိတ် အတွင်းမှာပင် ဖြစ်ပျက်သွားခြင်းဖြစ်လေသည်။
သစ်ပင်အိမ်အတွင်းရှိ ရှောင်ယင်း မျက်လုံးများ ပြူးကျယ်သွားသည်။ အဖြူရောင်ဖျော့ဖျော့ တိုက်ပွဲဝင်ဝိညာဉ်ပုံရိပ် လွှမ်းမိုးထာူ ကြမ်းတမ်းသော အရှိန်အဝါများ ထုတ်လွှတ်နေသည့် ထျန်းပင်းကို စိုက်ကြည့်နေမိသည်။
“ဒီအရှိန်အဝါ... ဒီတိုက်ပွဲဝင်ဝိညာဉ်...”
မယုံကြည်နိုင်စရာ အတွေးတစ်ခု သူမ၏ စိတ်ထဲတွင် ဖြစ်ပေါ်လာခဲ့လေသည်။
“ဖြစ်နိုင်တာက… ဦးလေးထျန်းပင်းက အဲဒီလူနဲ့ တကယ်ပဲ ဆက်စပ်မှု ရှိနေတာလား... တစ်ကယ်ကြီး မဟုတ်လောက်ပါဘူးနော်”
ဝံပုလွေအုပ်စု ရောက်ရှိလာခြင်းနှင့် ထျန်းပင်း၏ ရုတ်တရက် ပေါက်ကွဲထွက်လာမှုကြောင့် တိုက်ပွဲအခြေအနေမှာ ချက်ချင်း ပြောင်းပြန်လှန်သွားတော့သည်။