မီးတောက်ကျားသစ်၏ ထူးဆန်းသော လုပ်ရပ်ကြောင့် အားလုံး အံဩမှင်တက်သွားကြခြင်း(၂)
Vol. 6 Ch. 54
သစ်ပင်အိမ်အတွင်းတွင် တိုက်ပွဲကို တင်းမာစွာ စောင့်ကြည့်နေကြသော ရှောင်လန်နှင့် ရှောင်ယင်းတို့ အသက်အောင့်ထားမိလိုက်ကြပြီး လေထုထဲတွင် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားလေသည်။
“ဝါး...”
ရှောင်လန် အံဩလွန်းသဖြင့် တိုးညင်းသော အသံတစ်သံ ထွက်ပေါ်သွားသည်။ သူမ၏ ကြည်လင်သော မျက်ဝန်းလေးများ အနည်းငယ်ပြူးကျယ်သွားပြီး လက်သေးသေးလေးဖြင့် ပါးစပ်ကို အလိုအလျောက် အုပ်ထားလိုက်မိကာ သူမမြင်တွေ့လိုက်ရသော မြင်ကွင်းကို မယုံကြည်နိုင်လောင်အောင် ဖြစ်နေခဲ့သည်။
“ဦးလေးထျန်းပင်း... သူ... သူတကယ်ပဲ... အဆင့်ကျော် တိုက်ခိုက်မှု အောင်မြင်သွားတာလား...”
သူမ၏ ရေကန်ကဲ့သို့ ကြည်လင်နေသော နှလုံးသားထဲတွင် ကျောက်တုံးကြီး တစ်တုံး ပစ်ချလိုက်သကဲ့သို့ ကြီးမားသော လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာသည်။ အဆင့်ကျော် စိန်ခေါ်ခြင်းသည်ပင် ခက်ခဲလွန်းလှပြီ ဖြစ်ပြီး အဆင့်ကျော် သတ်ဖြတ်ခြင်းမှာတော့ ပုံပြင်ဇာတ်လမ်းများသက်သက်သာ ဖြစ်သည်။
ယခုမူ ယင်းပုံပြင်မှာ... ဝံပုလွေဖေဖေ၏ လက်အောက်ခံ နှင်းဝံပုလွေ တစ်ကောင်က သူ့ထက်အဆင့်ကြီးတစ်ဆင့်မြင့်သူကို သတ်ဖြတ်ခဲ့ခြင်းမှာ သူမ၏ မျက်စိရှေ့မှောက်တွင် အမှန်တကယ် ဖြစ်ပျက်လာခဲ့လေသည်။
ရှောင်ယင်း၏ ထိတ်လန့်မှုသည် ရှောင်လန်ထက် များစွာ ပိုမိုနက်ရှိုင်းသည်။ သူမ၏ သွယ်လျသော လက်ချောင်းလေးများသည် ပြတင်းပေါက်ဘောင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူမ၏ အကြည့်သည် ထျန်းပင်းထံမှ မှေးမှိန်ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ဖြူဖျော့ဖျော့ တိုက်ပွဲဝင်ဝိညာဉ်ပုံရိပ်အပေါ် သံလိုက်ကဲ့သို့ စွဲမြဲနေလေသည်။
ထိုပုံရိပ်မှထိုပုံရိပ်မှ ထုတ်လွှတ်နေသော အရှိန်အဝါသည် သူမစိတ်ထဲရှိ အနက်ရှိုင်းဆုံးနေရာတွင် နှစ်ပေါင်းများစွာ မြှုပ်နှံထားသော မှတ်ဉာဏ်အပိုင်းအစအချို့ကို ပြင်းထန်စွာ တုန်ခါသွားစေခဲ့သည်။
“အဲဒီစွမ်းအားက... အရိုးလောက်ခိုက်အောင် အေးစက်ပေမယ့် အရာအားလုံးကို ဆွဲဖြဲပစ်ချင်နေတဲ့ ကြမ်းတမ်းတဲ့ တိုက်ပွဲဝင်စိတ်ဓာတ်လည်း ပါနေတယ်... လုံးဝကွဲပြားခြားနားတဲ့ ဝိသေသလက္ခဏာနှစ်ခုက ပြီးပြည့်စုံစွာ ပေါင်းစပ်နေတာပါလား...”
မှတ်ဉာဏ်များအားဖော်ထုတ်ရန်၊ ပြန်လည်အမှတ်ရရန် ကြိုးစားနေမှုကြောင့် သူမ၏ အတွေးများ ပြင်းထန်စွာ လှုပ်ရှားနေခဲ့သည်။
“ဒီခံစားချက်... ဒီခံစားချက်က ဝိညာဉ်ခေတ်ရဲ့ မပြည့်စုံတဲ့ တားမြစ်အခန်းကဏ္ဍတွေထဲမှာ ဝေဝါးဝါး ဖော်ပြထားတဲ့ ရှေးဟောင်း သက်ရှိ... ‘နှင်းခဲအရိုးမိစ္ဆာဧကရာဇ်’ ရဲ့ အရှိန်အဝါနဲ့ အံ့ဩစရာကောင်းလောက်အောင် သွားတူနေပါလား...”
“မဟုတ်ဘူး... ဒါ မဖြစ်နိုင်ဘူး...”
ဤ ယုတ္တိမတန်သော အတွေးပေါ်လာသည်နှင့် တပြိုင်နက် သူမ အတင်းအဓမ္မ ပြန်ဖိနှိပ်လိုက်သည်။
“မျိုးနွယ်ရော ကံကြမ္မာရောက မကိုက်ညီနေဘူးလေ... နှင်းခဲအရိုးမိစ္ဆာဧကရာဇ်က အစွန်းရောက် ရေခဲတိုက်ပွဲနယ်မြေကို အုပ်စိုးတဲ့ မသေမျိုးဘုရင်လေ... ဦးလေးထျန်းပင်းက ဗီဇပြောင်းလဲထားတဲ့သူ ဖြစ်ပေမယ့် သူ့ရဲ့ မူလအရင်းအမြစ်က နှင်းဝံပုလွေပဲ... ဒါက တိုက်ဆိုင်ပြီး ဆင်တူတဲ့ နယ်ပယ်တစ်ခုကို ထိတွေ့မိသွားတဲ့ ထူးခြားဆန်းကျယ်တဲ့ ဗီဇပြောင်းလဲမှု လမ်းကြောင်းတစ်ခုပဲ ဖြစ်မှာပါ... ဟုတ်တယ်... ဒါပဲ ဖြစ်ရမယ်...”
သို့သော် ကွင်းပြင်ထဲတွင် ရုတ်တရက်ဖြစ်ပေါ်လာသော ထိတ်လန့်ဖွယ်အလှည့်အပြောင်းက ဧကရီနှစ်ပါး၏ ရှုပ်ထွေးနေသော အတွေးများကို ချက်ချင်းပြတ်တောက်သွားစေခဲ့သည်။
“ ဝေါင်းး...”
အဆုံးမရှိသော ဝမ်းနည်းပူဆွေးမှု၊ အသိစိတ် လုံးဝပြိုလဲသွားခြင်းကြောင့် ဖြစ်ပေါ်လာသော ရူးသွပ်မှုနှင့် ကမ္ဘာကြီးကိုပင် ပြာကျသွားစေနိုင်လောက်အောင် ပြင်းထန်သော ဒေါသတို့ ပါဝင်သည့် ဟိန်းဟောက်သံကြီးတစ်ခုသည် မီးတောက်ကျားသစ်၏ သွေးများပေကျံနေသော ပါးစပ်ထဲမှ ကောင်းကင်ဘုံ အမြင့်ဆုံးအထပ်က မိုးချုန်းသံအလား ပေါက်ကွဲထွက်ပေါ်လာသည်။
မီးတောက်ကျားသစ်သည် လင်းထျန်းလုံ၏ ခရမ်းရောင် အလင်းတန်းများ တစ်လက်လက်တောက်ပနေသော ပြင်းထန်သည့် လက်သည်းတိုက်ကွက်ကို ကြွက်သားများ ဖုံးလွှမ်းနေသော ကျောပြင်ဖြင့် အတင်းအဓမ္မ ခံယူလိုက်သည်။
တောက်လောင်နေသော အကြေးခွံများ ဖုံးလွှမ်းထားသည့် နေရာတွင် အသားများ ပြတ်ထွက်သွားပြီး အရိုးများ ပေါ်လာသော်လည်း မီးတောက်ကျားသစ်သည် နာကျင်မှုကို လုံးဝမခံစားရသကဲ့သို့ ဖြစ်နေသည်။ ထိုအစား တိုက်ကွက်မှ တန်ပြန်အရှိန်ကို အသုံးပြု၍ ကြွေကျလာသော ဥက္ကာခဲတစ်ခုအလား အေးစက်နေပြီဖြစ်သော အဖော်၏ အလောင်းဘေးသို့ မိုက်မဲစွာ ခုန်အုပ်လိုက်သည်။
မီးတောက်ကျားသစ်သည် ခေါင်းငုံ့လိုက်ပြီး ကြီးမားသော ခေါင်းကြီးဖြင့် အရိပ်ကျားသစ်၏ အသက်မဲ့နေသော ပါးပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူ၏ လည်ချောင်းမှလည်း ပြတ်တောင်းပြတ်တောင်း ညည်းတွားသံ နိမ့်နိမ့်များ ထွက်ပေါ်နေသည်။ ၎င်းသည် ငိုရှိုက်သံနှင့်တူသလို အဆိုးရွားဆုံး ကျိန်စာတိုက်သံနှင့်လည်း သွားတူနေသည်။
ထို့နောက် လူနှင့်ဝံပုလွေများ တုံ့ပြန်ရန် အချိန်မရလိုက်သေးခင် မျက်စိတစ်မှိတ်အတွင်းမှာပင် မီးတောက်ကျားသစ်သည် သွေးများ ပေကျံနေသော ပါးစပ်ကို ရုတ်တရက်ဖွင့်လိုက်သည်။ နူးညံ့သော ထိတွေ့မှု မဟုတ်တော့ဘဲ အရိုးခိုက်စေလောက်အောင် အေးစက်သော ပြတ်သားမှုတို့ဖြင့် အရိပ်ကျားသစ်၏ အလောင်းကို ရူးသွပ်စွာ ဆုတ်ဖြဲ ဝါးမြိုလိုက်သည်။
“အာ...”
ရှောင်လန်သည် ဤရုတ်တရက် ဖြစ်ပေါ်လာသော အလွန် သွေးထွက်သံယိုနှင့် ရက်စက်လွန်းသည့် မြင်ကွင်းကြောင့် လန့်ဖျပ်သွားပြီး သူမ၏ သေးငယ်သော ခန္ဓာကိုယ်လေး ပြင်းထန်စွာ တုန်ယင်သွားကာ မသိစိတ်မှ ခြေတစ်လှမ်း နောက်ဆုတ်လိုက်မိသဖြင့် လဲကျလုနီးပါး ဖြစ်သွားသည်။
“သူ... သူ ဘာလုပ်နေတာလဲ... ဘယ်လိုလုပ်ပြီး...”
ပြင်းထန်သော မအီမသာဖြစ်မှုနှင့်အတူ သူမ၏ မျက်နှာလေး ချက်ချင်း ဖြူဖျော့သွားပြီး ဗိုက်ထဲတွင် အော်ဂလီဆန်ချင်နေခဲ့သည်။ မျိုးတူချင်း စားသောက်ခြင်းသည် ရှားပါးလှပြီ ဖြစ်သော်လည်း ယခုမူ ကိုယ့်လက်တွဲဖော်ကိုယ် ပြန်စားခြင်းပင်။
“မျိုးတူသွေးသားရင်းမြစ် ဝါးမြိုခြင်း … ဒါက ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ မိစ္ဆာမျိုးနွယ်ရဲ့ တားမြစ်လျှို့ဝှက်ပညာရပ်ပဲ”
ရှောင်ယင်း၏ နှလုံးသား ပြင်းထန်စွာ တုန်လှုပ်သွားသည်။ သားရဲများနှင့်ပတ်သတ်၍ ဗဟုသုတကြွယ်ဝသော သူမသည် ဤကြောက်မက်ဖွယ် လုပ်ရပ်၏ နောက်ကွယ်ရှိ အဓိပ္ပာယ်ကို ချက်ချင်း သိလိုက်သည်။
“ဒါက သူ့ကိုယ်သူနဲ့ သူ့လက်တွဲဖော် မျှဝေထားတဲ့ သွေးမျိုးဆက် အရင်းအမြစ်ကို လောင်ကျွမ်းပစ်တာ... ရူးသွပ်မတတ် နာကျင်မှုနဲ့ ဝိညာဉ်ပျက်စီးခြင်းကို ပေးဆပ်ပြီး ကောင်းကင်နဲ့ မြေကြီးကို ဖျက်ဆီးနိုင်လောက်တဲ့ စွမ်းအားကို ခဏတာ ရယူလိုက်တာပဲ၊ သူက... အကုန်ရင်းပြီး တိုက်ခိုက်တော့မယ်...”
ဤလုပ်ငန်းစဉ်သည် ထင်ထားသည်ထက် ပိုမိုမြန်ဆန်လေသည်။ အသက်ရှူချိန် နှစ်ကြိမ်၊ သုံးကြိမ် အတွင်းမှာပင် အရိပ်ကျားသစ်၏ ကြီးမားသော အလောင်းကြီးသည် မည်သည့်အခါကမျှ မရှိခဲ့ဖူးသကဲ့သို့ လုံးဝဝါးမြိုခံလိုက်ရသည်။
မီးတောက်ကျားသစ် ကိုမူ... ၎င်းကို ထိုနာမည်ဖြင့်ပင် ခေါ်၍ မရနိုင်တော့ပေ... ၎င်း၏ အဆင့်သည် မယုံနိုင်လောက်ဖွယ် လျင်မြန်သောအမြန်နှုန်းဖြင့် ကောင်းကင်သို့ ထိုးတက်သွားသည်။
အဆင့် ၂၂... ၂၃... ၂၅... ၂၈။
နောက်ဆုံးတွင် အဆင့်အတားအဆီးများကို ကြမ်းတမ်းစွာ ချိုးဖျက်ပြီး ကြောက်မက်ဖွယ် အဆင့် (၂၉) သို့ ရောက်ရှိသွားတော့သည်။
သူ၏ ခန္ဓာကိုယ်ပတ်လည်ရှိ မီးတောက်များသည် သန့်စင်သော အနီရောင် မဟုတ်တော့ဘဲ ချောက်နက်ထဲမှ ငရဲမီးအလား နီညိုရောင်နှင့် ကတ္တရာစေးရောင် ရောနှောနေပြီး မကောင်းဆိုးဝါးဆန်ဆန် လည်ပတ်နေခဲ့သည်။
သူ၏ အရွယ်အစားသည်လည်း သိသိသာသာ ကြီးထွားလာပြီး ကြွက်သားများမှာ မိစ္ဆာမြွေကြီးများအလား တွန့်လိမ် ဖောင်းပွလာကာ ပေါက်ကွဲထွက်မတတ် စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ ယခင်ကထက် များစွာ သာလွန်ပြီး ဖျက်စီးခြင်းနှင့် သေဆုံးခြင်း အငွေ့အသက်များ ပါဝင်သော ကြောက်မက်ဖွယ် ဖိအားတစ်ခုသည် သူ့ကိုဗဟိုပြု၍ အပြင်ဘက်သို့ ပေါက်ကွဲထွက်လာခဲ့သည်။
သူသည် လက်ဆုပ်လက်ကိုင် ပြနိုင်သော အလေးချိန်တစ်ခုအလား ဘေးပတ်ဝန်းကျင်ရှိ လေထုကို ထူထဲပြီး ရပ်တန့်သွားစေခဲ့သည်။ အဝေးရှိ သာမန်နှင်းဝံပုလွေအချို့သည် ခြေလက်များ ပျော့ခွေသွားပြီး မြေကြီးပေါ်သို့ ဝပ်ဆင်းလုနီးပါး ဖြစ်သွားကြသည်။
[ မျိုးနွယ် ] : အရိပ်မီးတောက် ကျားသစ်ဘုရင် (ဗီဇပြောင်းလဲနေသည်)
[ အဆင့် ] : အဆင့် ၂၉ (ခြေလှမ်း၀က်ဘုရင်အဆင့်)
[ အခြေအနေ ] : ဝမ်းနည်းမှုနှင့် ဒေါသတို့ လွှမ်းမိုးပြီး ရူးသွပ်နေသည် ၊ ဝိညာဉ် လောင်ကျွမ်းနေသည်
[ ပါရမီများ ] : အမွှာအရင်းအမြစ် (ခရမ်းရောင်) ၊ဖျက်ဆီးမရနိုင်သော မိစ္ဆာခန္ဓာ (ခရမ်းရောင်) ၊ အရိပ်မီးတောက် အာဏာစက် (ခရမ်းရောင်) ...
[ စွမ်းရည်များ ] : အရိပ်မီးတောက်တိုက်ကွက် (အဖြူ) ၊ ငရဲမီးတောက်လက်သည်း (အဖြူ) ၊ မျိုးသုဉ်းကိုက်ချက် (ခရမ်းရောင်)၊ ဗလာနယ်အရှိန် (ခရမ်းရောင်)
[ သုံးသပ်ချက် ] : မျိုးတူလက်တွဲဖော်ကို ဝါးမြိုပြီး တားမြစ်နည်းလမ်းဖြင့် အတင်းအဓမ္မ အဆင့်မြှင့်တင်ထားသော ကြောက်မက်ဖွယ် မျိုးဗီဇပြောင်းသက်ရှိဖြစ်သည်။ ထိုသားရဲ၏ စွမ်းအားသည် အလွန်မတည်ငြိမ်ဘဲ နာကျင်မှုများ ပြည့်နှက်နေပြီး ဧကရာဇ်အဆင့် တိုက်ခိုက်ရေးစွမ်းအားကို ခဏတာ ထုတ်ဖော်နိုင်ခြေရှိသည်။ အလွန်အန္တရာယ်များသည်၊ ၎င်း ရှိနေခြင်းသည် ဘေးအန္တရာယ်တစ်ခု ဖြစ်သည်။