← Chapters

လန့်ဖြန့်သွားသော ဧကရီနှစ်ပါးနှင့် ဂျေ၀င်သွားသည့် ရန့်မြဲ့

Vol. 6 Ch. 57

လန့်ဖြန့်သွားသော ဧကရီနှစ်ပါးနှင့် ဂျေ၀င်သွားသည့် ရန့်မြဲ့

Vol. 6 Ch. 57

လွင့်စဉ်သွားသော အရိပ်အမြုတေ အပိုင်းအစများမှ သန့်စင်သည့် စွမ်းအင်များသည် မျှော်လင့်ထားသည်ထက်ပင် ပိုမိုစွမ်းအားပြင်းလှပြီး အံ့မခန်း အကျိုးသက်ရောက်မှုရှိခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သိမ်မွေ့သော်လည်း သိသာထင်ရှားစွာ အားကောင်းလှသော စွမ်းအင်လှိုင်းနှစ်ခု သစ်ပင်အိမ်လေးဆီမှ စိမ့်ထွက်လာခဲ့သည်။

ရှောင်လန်နှင့် ရှောင်ယင်းတို့သည် မျက်လုံးများကို တစ်ပြိုင်နက်တည်းနီးပါး ဖွင့်လိုက်ကြသည်။ သူတို့၏ မျက်၀န်းများထဲတွင် တောက်ပသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့ပြီး သူတို့၏ ကျင့်ကြံခြင်းအဆင့် အရှိန်အဝါများသည် သိသိသာသာ ခိုင်မာလာခဲ့သည်။

“ငါ... အဆင့် (၁၃) ကိုတောင် ရောက်သွားပြီလား...”

ရှောင်လန်သည် သူမ၏ခန္ဓာကိုယ်အတွင်းမှ ကြီးထွားလာသော စွမ်းအားများကို ခံစားလိုက်ရပြီး တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

“ပါရမီရှင်အဆင့်ကိုရောက်ဖို့ နောက်ထပ် ခြေတစ်လှမ်း နီးကပ်သွားခဲ့ပြီ... အဲဒီအချိန်ကျရင် အခုလို အကာအကွယ်ခံနေရတာမျိုး မဟုတ်ဘဲ ဖေဖေ့ကို ငါတကယ် ကူညီပေးနိုင်တော့မှာပါ...”

ရှောင်ယင်းသည်လည်း အလားတူ အတွေးမျိုး ရှိနေခဲ့ပြီး သူမ၏ စဉ်းစားတွေးခေါ်မှုက ပိုမိုစေ့စပ်သေချာနေခဲ့သည်။

“အဆင့်တက်တဲ့နှုန်းက ငါမျှော်လင့်ထားတာထက် ပိုမြန်နေတာတော့ အမှန်ပဲ၊ ဒါပေမဲ့ ဝိညာဉ်စွမ်းအင် နိုးထလာတဲ့ ကနဦးအဆင့်မှာ သက်ရှိအားလုံးက အရမ်းမြန်မြန် ဆင့်ကဲပြောင်းလဲနေကြတာမို့ ပါရမီရှင်အဆင့် ရောက်သွားရင်တောင် လုံးဝ စိတ်ချရပြီလို့တော့ ပြောလို့မရသေးဘူး... ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့ခွန်အားကို အမြန်ဆုံးမြှင့်တင်တာက အမြဲတမ်း မှန်ကန်တဲ့ ရွေးချယ်မှုပါပဲလေ...”

ကလေးငယ်နှစ်ဦး အဆင့်တက်ခြင်းမှ ဆောင်ကြဉ်းလာသော ပြောင်းလဲမှုများကို တိတ်ဆိတ်စွာ ခံစားနေကြစဉ် ရုတ်တရက် အမွေးပွပွ ငွေရောင်ဝံပုလွေ မျက်နှာကြီးတစ်ခုသည် သစ်ပင်အိမ်လေး၏ ပြတင်းပေါက်တွင် သတိပေးအကြောင်းကြားခြင်းမရှိဘဲ ပေါ်လာခဲ့သည်။ ရေခဲပြာရောင် မျက်လုံးကြီးများသည် စိုးရိမ်ပူပန်မှုများနှင့် သိချင်စိတ်အနည်းငယ် ရောယှက်နေပြီး သူတို့၏အခြေအနေကို စပ်စုလိုစိတ်ဖြင့် ကြည့်ရှုနေလေသည်။

“အားး...”

ရှောင်လန်သည် သူမနှင့် အလွန်နီးကပ်နေသည့် ကြီးမားသော ဝံပုလွေဖေဖေ၏ မျက်နှာကြီးကြောင့် အလန့်တကြား အော်ဟစ်လိုက်မိသည်။

သူမ၏ ခန္ဓာကိုယ်သေးသေးလေးသည် နောက်သို့ဆုတ်သွားခဲ့ပြီး မျက်လုံးလေးများ ချက်ချင်းပင် နီရဲလာကာ တလက်လက်တောက်ပနေသော မျက်ရည်စများက ဝဲတက်လာခဲ့သည်။

“ဝါး... ဝံပုလွေဖေဖေက ဘာလို့ ရုတ်တရက်ကြီး အနားကပ်လာရတာလဲ... သမီးကို လန့်သွားအောင်လို့...”

လင်းထျန်းလုံသည်လည်း ရှောင်လန်၏ တုံ့ပြန်မှုကြောင့် လန့်သွားပြီး သူ၏ခေါင်းကြီးကို အလျင်အမြန် နောက်သို့ဆုတ်လိုက်ကာ နူးညံ့ပြီး တောင်းပန်လိုသော စိတ်အာရုံတစ်ခုကို အမြန်ပေးပို့လိုက်သည်။

“လိမ္မာပါတယ် ရှောင်လန်ရယ်၊ မကြောက်နဲ့နော်... ဖေဖေက တမင်လုပ်တာ မဟုတ်ပါဘူး၊ သမီးတို့ နေရထိုင်ရ မသက်မသာ ဖြစ်နေမလားလို့ ကြည့်ချင်ရုံလေးပါ...”

သူသည် မျက်ရည်လေးများ ဝဲနေသော သမီးငယ်လေး၏ ပုံစံကိုကြည့်ရင်း အနည်းငယ်စိုးရိမ်သွားသလို၊ မတရားခံရသလိုလည်း အနည်းငယ် ခံစားလိုက်ရသည်။ သူသည် အရိပ်စွမ်းအင်များကြောင့် ဘေးထွက်ဆိုးကျိုးများ ရှိလာမည်ကို စိုးရိမ်သဖြင့် အနီးကပ် ဂရုတစိုက် ကြည့်ရှုလိုရုံသာ ဖြစ်သည်။

အခြားတစ်ဖက်တွင် ရှောင်ယင်းသည် ရှောင်လန်၏ အော်သံနှင့် ဝံပုလွေဖေဖေ ရုတ်တရက် နောက်ဆုတ်သွားခြင်းတို့ကြောင့် အတွေးထဲမှနိုးထလာက မျက်လုံးဖွင့်ကြည့်ဖို့ပြင်လိုက်လေတော့သည်။

သူမ မျက်လုံးဖွင့်ကာ အခြေအနေကို သေချာမကြည့်ရသေးမီမှာပင် သာမန်မဟုတ်သော လက်သည်းဒဏ်ရာဟောင်းတစ်ခုနှင့် အနည်းငယ် တင်းမာသော အသွင်အပြင်ရှိသည့် နောက်ထပ် ဝံပုလွေမျက်နှာတစ်ခုက ပြတင်းပေါက်မှနေ၍ စပ်စုလိုစိတ်ဖြင့် ချောင်းကြည့်လာပြန်သည်။

ထိုသူမှာ ‌ဝံပုလွေဖေဖေကဲ့သို့ စိုးရိမ်ပူပန်နေပြီး ကလေးနှစ်ယောက် မည်သို့ရှိနေသည်ကို ကြည့်ချင်နေသော ရန့်မြဲ့ပင် ဖြစ်သည်။ ရန့်မြဲ့၏ ရုပ်သွင်က လင်းထျန်းလုံနှင့် နှိုင်းယှဉ်လျှင် အမှန်တကယ်ပင် ပို၍ ကြမ်းတမ်းနေလေသည်။

ရှောင်ယင်း - “...”

ခဏတာ တိတ်ဆိတ်သွားပြီးနောက်။

“ဝါး... “

ခုနက ရှောင်လန်၏အော်သံထက် ပိုမိုကျယ်လောင်သော အော်ဟစ်သံကြီးတစ်ခု ရှောင်ယင်း၏ပါးစပ်မှ ထွက်ပေါ်လာခဲ့သည်။ သူမသည် လေးဘက်ထောက်ကာ နောက်သို့ ပြာယာပြာယာ ဆုတ်ခွာသွားပြီး ဘေးရှိရှောင်လန်ကို ဖက်ထားလိုက်ကာ သူမ၏ မျက်နှာငယ်လေးမှာလည်း ဖြူဖျော့နေခဲ့သည်။

“ဦးလေးရန့်မြဲ့... အနားကိုအရမ်းကပ်လွန်းတယ်... ကြည့်ရတာ အရမ်းကြောက်ဖို့ကောင်းတာပဲ...”

ရေခဲဘုရင်ရန့်မြဲ့ လုံးဝ ကြက်သေသေသွားခဲ့သည်။ သူ၏ ရေခဲပြာရောင်မျက်လုံးများထဲတွင် တွေဝေမှုများ၊ ကြီးမားလှသော နာကြည်းချက်များဖြင့် ပြည့်နှက်သွားပြီး အလိုအလျောက် နောက်သို့ ဆုတ်သွားခဲ့သည်။

“ငါ... ငါက ကြည့်ရုံလေး ကြည့်ချင်တာကို... ဘာလို့ ဒီလောက်တောင် ကြောက်နေကြတာလဲ... ငါက ဝံပုလွေတွေအမြင်မှာရော အဲဒီလောက် ကြောက်ဖို့ကောင်းနေမလား...”

သူသည် နားရွက်ကြီးများ ကုပ်ကျသွားကာ စိတ်ပျက်လက်ပျက်ဖြင့် ဝပ်ချလိုက်လေသည်။

သစ်ပင်အိမ်လေး၏ အပြင်ဘက်တွင် လင်းထျန်းလုံသည် ဤဗြောင်းဆန်နေသော အခြေအနေကို ကြည့်ရင်း အကူအညီမဲ့စွာဖြင့် သူ၏နဖူးကို လက်ဝါးဖြင့် ရိုက်လိုက်မိသည်။

“ကျစ်... ရန့်မြဲ့ကိုလည်း အနားအရမ်းမကပ်ဖို့ ပြောဖို့မေ့သွားတယ်... ဒီကလေးနှစ်ယောက်က နည်းနည်း ကြောက်တတ်သေးတယ်ဆိုတာကို ငါမပြောလိုက်ရဘူး”

နေရခက်သော အငွေ့အသက်တစ်ခု လေထုထဲတွင် ပျံ့နှံ့သွားခဲ့သည်။

သို့သော်လည်း ရှောင်လန်နှင့် ရှောင်ယင်းတို့သည် တကယ့် မွေးကင်းစ ကလေးငယ်များ မဟုတ်ကြပေ။ ထို့ကြောင့် ခဏတာ လန့်ဖြန့်သွားပြီးနောက် သူတို့သည် လျင်မြန်စွာပင် ပြန်လည်တည်ငြိမ်လာကြသည်။

ပြတင်းပေါက်အပြင်ဘက်ရှိ နောင်တရမှုများနှင့် စိုးရိမ်ပူပန်နေသော ဝံပုလွေဖေဖေ၏ မျက်လုံးများကို မြင်လိုက်ရသည့်အပြင် ဘေးတွင်လည်း ယူကျုံးမရဖြစ်နေသော ဦးလေးရန့်မြဲ့ကိုပါ တွေ့လိုက်ရသောအခါ သူတို့၏ ကြောက်ရွံ့မှုများနေရာတွင် ရင်နာမှု၊ ရှက်ရွံ့မှုတို့ဖြင့် ချက်ချင်း အစားထိုးခံလိုက်ရသည်။

“ဝံပုလွေဖေဖေက သမီးတို့ကို စိုးရိမ်လို့ပါ... သမီးတို့က လွန်သွားခဲ့တယ်...”

“ဦးလေးရန့်မြဲ့ကလည်း စေတနာနဲ့ပဲကို... သူ့မျက်နှာပေါ်က အမာရွတ်ကလည်း ဝံပုလွေအုပ်စုကိုကာကွယ်ရင်း ရခဲ့တာဖြစ်ရမယ်...”

ရှောင်ယင်း ဦးစွာ လှုပ်ရှားလာခဲ့သည်။ သူမသည် ရှောင်လန်ကို ဖက်ထားရာမှ လွှတ်ပေးလိုက်ပြီး အနည်းငယ် လန့်ဖြန့်နေမှုများကို ရဲရင့်စွာ ကျော်လွှားကာ ပြတင်းပေါက်အပြင်ဘက်ရှိ လင်းထျန်းလုံထံသို့ သူမ၏ လက်မောင်းသေးသေးလေး နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရင်း ချိုသာသော ကလေးသံလေးဖြင့် ပြောလိုက်သည်။

“ဖေဖေ... ချီ...”

ဤရှင်းလင်းသော စိတ်အာရုံသည် ချွဲနွဲ့လိုသော ခံစားချက်နှင့်အတူ စိတ်ချင်းဆက်သွယ်မှုမှတစ်ဆင့် တိကျစွာ ရောက်ရှိသွားခဲ့သည်။

“……”

လင်းထျန်းလုံ စိတ်ထဲတွင် အစောက ဖြစ်ပေါ်နေသော စိတ်ပျက်မှုများနှင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမှုများ အားလုံး ချက်ချင်း ပျောက်ကွယ်သွားသလို ခံစားလိုက်ရပြီး သမီးဖြစ်သူ၏ ဖေဖေ ဟူသော အသံလေးနှင့် သနားစဖွယ် မျက်နှာလေးဖြင့် ချီခိုင်းနေသည့် ဟန်တို့ကသာ လွှမ်းမိုးသွားတော့သည်။

အဖိုးကြီးတစ်ယောက်၏ နှလုံးသားကို သူ့အဖိုးတန်သမီးလေး၏ အားကိုးယုံကြည်မှုထက် မည်သည့်အရာက ပို၍ သက်သာရာရစေနိုင်မည်နည်း။ (ဝံပုလွေအသက်ရော လူအသက်ရောပေါင်းရင် လင်းထျန်းလုံဟာ အဖိုးကြီးဖြစ်နေပါပီ)

သူသည် ချက်ချင်းပင် သူ၏ ထက်ရှသော လက်သည်းများအားလုံးကို ဂရုတစိုက် ရုပ်သိမ်းလိုက်ပြီး ကြီးမားကျယ်ပြန့်ကာ နူးညံ့သော ဝံပုလွေလက်ဖဝါးကြီးများဖြင့် သစ်ပင်အိမ်ထဲမှ ကလေးနှစ်ယောက်ကို အလွန်ညင်သာစွာ ပွေ့ချီလိုက်ကာ သူ၏ ရင်ဘတ်ပေါ်ရှိ နွေးထွေးထူထဲသော သားမွေးများကြားတွင် သေချာပွေ့ဖက်ထားလိုက်လေတော့သည်။

ရှောင်လန်သည်လည်း သတိဝင်လာပြီး ဝံပုလွေဖေဖေ၏ နူးညံ့သော အမွေးများကြားတွင် သူမ၏ မျက်နှာငယ်လေးကို ချက်ချင်းတိုး၀င် ဖွက်ထားလိုက်ကာ တိုးညင်းစွာ ရေရွတ်လိုက်သည်။

“ဖေဖေက အကောင်းဆုံးပဲ...”

သူ့သမီးနှစ်ယောက်၏ အပြည့်အဝ ယုံကြည်မှုနှင့် ပွေ့ဖက်မှုကို ခံစားလိုက်ရသောအခါ လင်းထျန်းလုံ၏ နှလုံးသား လုံးဝ အရည်ပျော်ကျသွားခဲ့ပြီး သူ၏ ရေခဲပြာရောင်မျက်လုံးကြီးများပင် ပျော်ရွှင်မှုကြောင့် ကွေးညွတ်သွားခဲ့လေသည်။

ကြည်နူးဖွယ်ကောင်းသော အခိုက်အတန့်လေးမှာ အချိန်အနည်းငယ်ကြာမြင့်ခဲ့ပြီးနောက် လင်းထျန်းလုံသည် ပြုံးရွှင်နေသော ကလေးနှစ်ယောက်ကို သစ်ပင်အိမ်လေးထဲသို့ ဂရုတစိုက် ပြန်ထားပေးလိုက်သည်။

သူတို့၏ ရိုးရှင်းသော သားရေစကတ်တိုလေးများကို ကြည့်ရင်း သူသည် ခဏတာ စဉ်းစားလိုက်ပြီးနောက် ကြမ်းတမ်းသော စွမ်းအင်များပါရှိသည့် မသေနိုင်သော အရိပ်မီးတောက် လည်ဆံမွေး အနည်းငယ်ကို သူ၏ ပစ္စည်းများသိမ်းဆည်းထားရာနေရာမှ ပြန်ယူလိုက်သည်။

“ဒီလည်ဆံမွေးထဲက စွမ်းအင်က အရမ်းကို မငြိမ်မသက်ဖြစ်လွန်းတယ်၊ သူတို့ကို တိုက်ရိုက်ပေးလို့တော့ လုံးဝ အဆင်ပြေမှာမဟုတ်ဘူး... ဒါပေမဲ့ ဒါကို အကာအကွယ် လက်ဖွဲ့လေးတစ်ခုခုအနေနဲ့ ရက်လုပ်ဖို့ နည်းလမ်းရှာလို့ရရင်ကော... အဲ့လိုဆို အရေးကြီးတဲ့ အချိန်ကျရင် အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်ဖို့ အထောက်အကူဖြစ်စေနိုင်တယ်လေ...”

သူသည် အနီရောင်ရင့်ရင့် လည်ဆံမွေး အနည်းငယ်ကို သူ၏လက်သည်းများဖြင့် သတိထား၍ ချည်နှောင်ရန် ကြိုးစားလိုက်သည်။ သူ၏လှုပ်ရှားမှုများက အနည်းငယ် မသေသပ်သော်လည်း အလွန်အမင်း အာရုံစိုက်ထားခဲ့လေသည်။

သစ်ပင်အိမ်လေးထဲတွင် ရှောင်လန်နှင့် ရှောင်ယင်းတို့သည် နိမိတ်မကောင်းသော အငွေ့အသက်များ ထုတ်လွှတ်နေသည့် လည်ဆံမွေးအနည်းငယ်ဖြင့် အလုပ်ရှုပ်နေသော ဝံပုလွေဖေဖေကို ကြည့်ရင်း နွေးထွေးမှုနှင့်အတူ သိချင်စိတ်ပြင်းပြနေကြသည်။

သူတို့၏ အတိတ်ဘဝများတွင် တစ်ဦးမှာ ကျင်းခုံးလန်(လူသား) ဧကရီဖြစ်ပြီး အခြားတစ်ဦးမှာ စစ်ဟွာယင်း(မိစ္ဆာ) ဧကရီတို့ဖြစ်ခဲ့ကြသည်။ သူတို့သည် ထိုမျှ မြင့်မားသော ရာထူးများကို ပိုင်ဆိုင်ခဲ့ကြသော်လည်း ဤမျှသန့်စင်ပြီး နွေးထွေးသော ဂရုစိုက်မှုမျိုးကို တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ဖူးကြပေ။

လျှို့ဝှက်ကြံစည်မှုများနှင့် တောတွင်းဥပဒေသများသည်သာ သူတို့အတွက် ရင်းနှီးကျွမ်းဝင်သော စံနှုန်းများ ဖြစ်ခဲ့ပေသည်။

ဤကဲ့သို့ အန္တရာယ်များလှသော တောအုပ်ကြီးထဲတွင် မွေးကင်းစ ကလေးငယ်များအဖြစ် ပြန်လည်မွေးဖွားလာချိန်တွင် နှင်းဝံပုလွေတစ်ကောင်က သူတို့ မျှော်လင့်ဖို့တောင် မဝံ့ရဲခဲ့သော အကာအကွယ်နှင့် နွေးထွေးမှုများကို ပေးစွမ်းနိုင်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်ထားမည်မဟုတ်ချေ။

သို့သော် တစ်ချိန်တည်းမှာပင် ယခင်က လျစ်လျူရှုထားခဲ့သော အတွေးတစ်ခုသည် သူတို့၏ စိတ်အာရုံထဲတွင် ပိုမိုရှင်းလင်းစွာ ပေါ်ထွက်လာခဲ့သည်။

“ဝံပုလွေဖေဖေက... တကယ်ကို ထူးခြားလွန်းတယ်...”

ရှောင်ယင်း၏ အတွေးထဲတွင် ယခင်က တစ်ခါမှ မရှိခဲ့ဖူးသော လေးနက်မှုများ ပါဝင်နေခဲ့သည်။

“ဟုတ်တယ်...”

ရှောင်လန်ကလည်း သဘောတူကြောင်း ခေါင်းညိတ် ထောက်ခံလိုက်သည်။

“အခုက ဝိညာဉ်စွမ်းအင် နိုးထလာတဲ့ ကနဦးအဆင့်ပဲ ရှိသေးတယ်လေ... သာမန် မိစ္ဆာသားရဲတွေက သူတို့ရဲ့ အသိဉာဏ်တွေ မနိုးထကြသေးဘဲ ဗီဇအရ စွမ်းအားကြီးနေကြတာ၊ ဒါပေမဲ့ ဝံပုလွေဖေဖေက... အလွန်မြင့်မားတဲ့ အသိဉာဏ်ရှိရုံတင်မကဘူး၊ သူ့ရဲ့ ပိုင်နက်ကို စီမံခန့်ခွဲတယ်၊ ဝံပုလွေအုပ်စုကို အမိန့်ပေးတယ်၊ အခုဆိုရင် အဲဒီ အန္တရာယ်များတဲ့ လည်ဆံမွေးကိုတောင် လေ့လာနေတယ်၊ သူ့သမီးတွေအတွက် တစ်ခုခု လုပ်ပေးဖို့လေ...”

“ပြီးတော့ သူ့ရဲ့ ခွန်အားတိုးတက်လာတဲ့ အမြန်နှုန်းရယ်၊ ဝံပုလွေအုပ်စုကို သူချီးမြှင့်ထားတဲ့ ထူးခြားတဲ့ စွမ်းရည်တွေရယ်... မျိုးတူပဲ့တင်ထပ်သံတို့၊ ဝံပုလွေပြာသွေးမျိုးဆက်တို့ဆိုတာ... သာမန် မိစ္ဆာသားရဲတွေ ပိုင်ဆိုင်နိုင်တဲ့ အရာတွေမှ မဟုတ်တာ...”

ရှောင်ယင်းက ထပ်လောင်းပြောလိုက်ပြီး သူမ စဉ်းစားလေလေ ပို၍ အံ့သြထိတ်လန့်လာလေလေ ဖြစ်သည်။

“ထပ်ပြောရရင် သူက ငါတို့ တိုးတက်ဖို့အတွက် အသင့်တော်ဆုံး အရာတွေကို အမြဲရှာတွေ့နေသလိုပဲ... အရင်က ဝိညာဉ်နို့ရည်တို့၊ အခု အရိပ်အပိုင်းအစတွေတို့... ပြီးတော့ အခု ဒီထူးဆန်းတဲ့ လည်ဆံမွေးတို့လိုမျိုးဟာတွေပေါ့...”

ဧကရီနှစ်ပါးလုံး၏ အကြည့်များသည် သစ်ပင်အိမ်လေးကို ဖြတ်သန်းကာ မငြိမ်မသက်ဖြစ်နေသော လည်ဆံမွေးများကို ယဉ်ပါးအောင် ကြိုးစားနေသည့် ဧရာမပုံရိပ်ကြီးအပေါ်သို့ ထပ်မံ ကျရောက်သွားပြန်သည်။

“ဝံပုလွေဖေဖေ၊ ဖေဖေ့ရဲ့ ဇာစ်မြစ်အမှန်က ဘာများလဲ...”

ရှောင်လန် မနေနိုင်ဘဲ တွေးတောလိုက်မိသည်။

“ဉာဏ်ပညာနဲ့ ခွန်အားတွေအပြင် သမီးတို့ သတိမထားမိတဲ့ ပိုပြီးထူးခြားတဲ့ စွမ်းရည်တစ်ခုခုကိုများ ဖေဖေ နိုးထနိုင်ခဲ့တာလား...”

“ဖေဖေက အရမ်းကို သေချာဖုံးကွယ်ထားတာပဲ၊ ဝံပုလွေဖေဖေ...”

ရှောင်ယင်းသည် စိတ်ထဲမှနေ၍ သက်ပြင်းချလိုက်သော်လည်း ချက်ချင်းပင် ပြင်းထန်သော စပ်စုလိုစိတ်နှင့် ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခုက ပေါ်ထွက်လာခဲ့သည်။ သူမ၏ ရည်မှန်းချက်များကလည်း ယခုဘဝတွင် ပိုမိုကြီးမားလာခဲ့သည်။

“ဒါပေမဲ့ ကိစ္စမရှိပါဘူး... ဖေဖေ ဘယ်လိုလျှို့ဝှက်ချက်တွေပဲ ဖုံးကွယ်ထားပါစေ ဖေဖေက သမီးတို့ရဲ့ ဖေဖေပါပဲ... ဒီဘဝမှာ သမီးတို့ ဖေဖေ့ကို သေချာပေါက်ကာကွယ်ပေးပြီး ပိုသန်မာလာအောင် ကူညီပေးမယ်... ဖေဖေ့မှာ အလားအလာရှိရင် သမီးတို့က ဖော်ထုတ်ပေးမယ်၊ တကယ်လို့ မရှိခဲ့ရင်တောင်...”

ရှောင်ယင်း၏ မျက်လုံးများထဲတွင် သူမ၏ အတိတ်ဘဝက ဧကရီတစ်ပါး၏ အရှိန်အဝါများ တောက်ပသွားခဲ့သည်။

“အဲဒီအခါကျရင် သမီးတို့က အင်အားကြီးမားတဲ့ ရန်သူအားလုံးကို သတ်ဖြတ်၊ ရေတွက်လို့မရတဲ့ အရင်းအမြစ်တွေကို အသုံးပြုပြီး ဖေဖေ့ကို အမြင့်ဆုံးအထိ အတင်းအဓမ္မ တွန်းတင်ပေးမယ်...”

ထိုစဉ် လင်းထျန်းလုံသည် သူ၏ကျောဘက်မှ အကြည့်များကို အာရုံခံမိသွားပုံရသည်။ သူ ခေါင်းလှည့်လိုက်သည်နှင့် သူ့သမီးနှစ်ယောက်၏ တောက်ပနေသော၊ သိချင်စိတ်ပြင်းပြနေပြီး အားကိုးတကြီးဖြစ်နေသော မျက်လုံးလေးများနှင့် ဆုံတွေ့လိုက်ရသည်။

သူတို့ စိတ်မရှည်ဖြစ်နေကြပြီဟု သူထင်လိုက်ကာ နှစ်သိမ့်ပေးလိုသည့် စိတ်အာရုံကို အလျင်အမြန် ပေးပို့လိုက်သည်။

“ဒါက နည်းနည်း အန္တရာယ်များတယ်၊ ဖေဖေ အရင်လေ့လာကြည့်ဦးမယ်၊ မကြာခင် ရတော့မှာပါ...”

အနည်းငယ် ရိုးအသော်လည်း အလွန်အမင်း ရိုးသားကြိုးစားပြီး နူးညံ့သိမ်မွေ့သော ဝံပုလွေဖေဖေ၏ အပြုအမူကို ကြည့်ရင်း ရှောင်လန်နှင့် ရှောင်ယင်းတို့သည် အချင်းချင်းကြာ့်ကာ ပြုံးပြလိုက်ကြပြီး ထိုတုန်လှုပ်ဖွယ်ရာ ခန့်မှန်းချက်များကို သူတို့၏ နှလုံးသားထဲတွင် ယာယီမြှုပ်နှံထားလိုက်ကြသည်။

“အင်းလေ... ဘာပဲဖြစ်ဖြစ်ပါ၊ သူက ငါတို့အတွက် အမြဲတမ်း အကောင်းဆုံး ဖေဖေပါပဲ...”

All Chapters