← Chapters

အဆင့်မြင့်စွမ်းရည်များ နိုးထလာခြင်း၊ အချိန်နှင့် ဟင်းလင်းပြင်

Vol. 6 Ch. 58

အဆင့်မြင့်စွမ်းရည်များ နိုးထလာခြင်း၊ အချိန်နှင့် ဟင်းလင်းပြင်

Vol. 6 Ch. 58

သစ်ပင်အိမ်လေးသည် တဖြည်းဖြည်း ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး ကလေးငယ်နှစ်ဦး၏ စည်းချက်ကျနေသော အသက်ရှူသံလေးများကိုသာ ကြားနေရလေသည်။

ရှောင်လန်သည် ဝံပုလွေဖေဖေ၏ ဇာစ်မြစ်နှင့်ပတ်သက်၍ အချက်အလက်အမျိုးမျိုးကို စိတ်ထဲတွင် အခေါက်ခေါက်အခါခါ ပြန်လည်သုံးသပ်နေမိပြီး နောက်ဆုံးတွင် တိုးညင်းစွာ သက်ပြင်းချလိုက်၏။

“အများကြီးတွေးနေလည်း အပိုပါပဲ၊ ဝိညာဉ်ခေတ်မှာ နှင်းဝံပုလွေဘုရင်နဲ့ ပတ်သက်တဲ့မှတ်တမ်းမျိုး တကယ်ကို မရှိခဲ့တာ...” သူမ၏အသံတွင် အကူအညီမဲ့နေဟန်များ အနည်းငယ် ပါဝင်နေသည်။

“ဘာပဲဖြစ်ဖြစ် အဲဒီမှတ်တမ်းစာအုပ်ထဲမှာ ကပ်ဘေးအစောပိုင်းကာလက နာမည်ကြီး မိစ္ဆာမျိုးနွယ်စု ခွန်အားကြီးသူတွေရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ မှတ်တမ်းတင်ထားတာ၊ သူတို့အများစုကလည်း ဝိညာဉ်စွမ်းအင်တွေ ပြန်လည်နိုးထလာပြီး နောက်မျိုးဆက်ပေါင်းများစွာ သွေးမျိုးဆက်တွေ ပြုပြင်ပြောင်းလဲပြီးမှ ကျော်ကြားလာခဲ့ကြတာလေ၊ ဝိညာဉ်စွမ်းအင် နိုးထလာတဲ့ ကနဦးအချိန်မှာတင် ထူးကဲတဲ့ အသိဉာဏ်မျိုး ပိုင်ဆိုင်ထားတဲ့ ဝံပုလွေဖေဖေကတော့ ပါရမီရှင်တွေကြားက ပါရမီရှင်ပါပဲ...”

ရှောင်ယင်းသည် ရှောင်လန်နှင့်ယှဉ်လင် တစ်ခါတစ်ရံတွင် တုံ့ပြန်မှု အနည်းငယ် နှေးကွေးတတ်သော်လည်း ယခုအချိန်တွင် သူမသည် မျက်လုံးများ မှေးစင်းနေပြီး သူမ၏ မျက်၀န်းများထဲတွင် ခရမ်းရောင်အလင်းတန်းတစ်ခု စီးဆင်းနေခဲ့သည်။ သူမသည်လည်း ရှောင်လန်တွေးမိသမျှကို သဘာဝကျကျပင် ကောက်ချက်ချနိုင်ခဲ့ချေပြီ။

“ဝံပုလွေဖေဖေက...” ရှောင်ယင်းသည်လည်း စိတ်ထဲမှနေ၍ သက်ပြင်းချလိုက်သည်။ “ဘယ်လိုပဲကြည့်ကြည့် ဖေဖေက ငါတို့သိထားတဲ့ ဘယ်မိစ္ဆာသားရဲနဲ့မှမတူဘဲ ကွဲပြားနေတယ်...”

ကလေးငယ်နှစ်ဦးစလုံးသည် အရေးတကြီး ကိစ္စရပ်တစ်ခုကို သဘောပေါက်လိုက်ကြချေသည်။ သူတို့သည် ဝံပုလွေဖေဖေနှင့် နေ့စဉ် အတူတကွ အချိန်ဖြုန်းနေကြသော်လည်း သူတို့အကြားတွင် မျက်စိဖြင့်မမြင်ရသော ပိတ်ပါးလွှာတစ်ခု ခြားထားသကဲ့သို့ အမြဲခံစားနေရပြီး အပေါ်ယံကိုသာ မြင်တွေ့ရကာ သူ၏ နောက်ခံသမိုင်းကြောင်းအပြည့်အစုံကို တစ်ခါမှ အမှန်တကယ် မမြင်တွေ့ခဲ့ရချေ။

“ဝံပုလွေဖေဖေ့ရဲ့ နက်နဲမှုတွေကို ပိုပြီး စူးစမ်းနိုင်မယ့် နည်းလမ်းတစ်ခုကိုရှာရမယ်...” ရှောင်ယင်း တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်၏။ “သူ ဘယ်လိုကံကြမ္မာကောင်းတွေကို ဖုံးကွယ်ထားသေးလဲဆိုတာ ကြည့်ရသေးတာပေါ့...”

ယင်းနှင့်ပတ်သက်၍ သူတို့တွင် မကျေမနပ်ဖြစ်မှု လုံးဝမရှိကြပေ။ ထိုအစား ကြီးမားသော မျှော်လင့်ချက်များဖြင့်သာ ပြည့်နှက်နေကြလေသည်။

ဝံပုလွေဖေဖေ၏ ဖုံးကွယ်ထားမှု နက်နဲလေလေ၊ သူ၏ အလားအလာနှင့် စွမ်းရည်က ပိုမိုမြင့်မားနိုင်လေလေဖြစ်ပြီး အနာဂတ်တွင် ပို၍ ခရီးရောက်နိုင်လေလေ ဖြစ်ပေလိမ့်မည်။

အစွမ်းထက်သော အားကိုးတစ်ခုကို အရေးတကြီး လိုအပ်နေသော သူတို့အတွက် ဤအရာက လုံးဝကို သတင်းကောင်းတစ်ခုပင် ဖြစ်ချေသည်။

“ဝံပုလွေဖေဖေသာ ခွန်အားကြီးမယ်၊ ဉာဏ်ကောင်းမယ်၊ ပြီးတော့ ထူးခြားတဲ့ စွမ်းရည်တွေလည်းရှိနေမယ်ဆိုရင်...” ထိုအကြောင်းကို တွေးလိုက်ရုံဖြင့် ရှောင်လန်သည် အနာဂတ်က တောက်ပနေသည်ဟု ခံစားလိုက်ရသည်။ “အဲဒီအခါကျရင် သူက ဘယ်သူ့ကိုမှဂရုစိုက်စရာမလိုဘဲ လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီ မဟုတ်လား...”

“မိစ္ဆာဘုရင်တစ်ပါး ဖြစ်လာဖို့ဆိုတာကို မေ့ထားလိုက်တော့၊ ပိုမြင့်မားတဲ့ အဆင့်တွေကိုတောင် ထိုးဖောက်ကျော်လွှားနိုင်မယ့် မျှော်လင့်ချက် ရှိနေသလိုပဲ...” ရှောင်ယင်းသည်လည်း သူမ၏စိတ်ထဲတွင် တွေးလိုက်မိပြီး သူမ၏ မျက်နှာငယ်လေးပေါ်တွင်လည်း မျှော်လင့်ချက်အပြည့်ပါသော အပြုံးတစ်ခုက အလိုအလျောက် ပေါ်လာခဲ့၏။

မည်သို့ပင် မျှော်လင့်ချက်ထားရှိစေကာမူ ဝိညာဉ်ခေတ်ကာလတွင် မှတ်တမ်းများမရှိခဲ့ခြင်းမှာ အငြင်းပွားဖွယ်ရာမရှိသော အမှန်တရားတစ်ခု ဖြစ်နေသောကြောင့် နောက်ဆုံးတွင် သူတို့၏ ခန့်မှန်းချက်များကို ခိုင်မာသော အုတ်မြစ်မရှိ ဖြစ်သွားစေကာ အနည်းငယ် မသေချာမရေရာသလို ခံစားရလိုက်လေသည်။

မှန်းဆတွေးတောခြင်းများ၊ ကျင့်ကြံအားထုတ်မှုများနှင့် ဝံပုလွေဖေဖေ၏ ဂရုတစိုက် ပြုစုစောင့်ရှောက်မှုများကြားတွင် အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း နောက်ထပ် ဆယ်ရက်တာ ကာလသို့ ရောက်ရှိသွားခဲ့လေသည်။

ထျန်းစန်းတောအုပ်ကြီးသည် ဆောင်းဦးကာလသို့ တရားဝင် ဝင်ရောက်လာခဲ့ပြီဖြစ်ကာ အပူချိန်များမှာလည်း သိသိသာသာ ထိုးကျသွားခဲ့သည်။ တောင်တန်းများနှင့် နှင်းလွင်ပြင်များပေါ်တွင် ခြောက်သွေ့နေသော သစ်ကိုင်းများနှင့် သစ်ရွက်များ ကြွေကျ ဖုံးလွှမ်းနေပြီး အနည်းငယ် ခြောက်ကပ်သော အသွင်အပြင်ကို ဆောင်နေလေသည်။

အအေးဒဏ်ကို ခံနိုင်ရည်ရှိသော ထင်းရှူးပင်များသာ စိမ်းလန်းစိုပြည်စွာဖြင့် မားမားမတ်မတ် ရပ်တည်နေကြဆဲဖြစ်ပြီး တောအုပ်ကြီး၏ အသက်ဝင်မှု အငွေ့အသက်အချို့ကို ခေါင်းမာစွာဖြင့် ထိန်းသိမ်းထားခဲ့ကြ၏။

ဤဆယ်ရက်တာ ကာလအတွင်း လင်းထျန်းလုံသည် အရိပ်မီးတောက်ကျားသစ်ဘုရင်အပေါ် ထားရှိသော သတိဝီရိယကို လျှော့ချရန် မဝံ့ရဲခဲ့ဘဲ ဝံပုလွေကျေးရွာ၏ ကင်းလှည့်နယ်ပယ်ကို အတော်လေး တိုးချဲ့ထားခဲ့သည်။

သို့သော် ထူးဆန်းသည်မှာ ပြီးခဲ့သည့်အကြိမ်က ထွက်ပြေးသွားပြီးနောက် ထိုကောင်သည် အရိပ်အယောင်မျှပင် မမြင်ရဘဲ အငွေ့ပျံသွားသကဲ့သို့ ပျောက်ကွယ်သွားခဲ့လေသည်။

“ဒီကောင် အကြောက်လွန်သွားပြီး သစ်တောအနက်ထဲမှာ ပုန်းအောင်းနေတာများလား...” လင်းထျန်းလုံသည် ခန့်မှန်းတွေးတောလိုက်ရင်း အနည်းငယ် သက်သာရာရသွား၏။

ဤကြီးမားသော ခြိမ်းခြောက်မှုကြီး ပျောက်ကွယ်သွားသည်နှင့်အမျှ နှင်းဝံပုလွေကျေးရွာလေးသည် ရှားပါးလှသော ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး ကာလတစ်ခုသို့ ဝင်ရောက်သွားခဲ့လေသည်။

ထို့အပြင် သတင်းကောင်းတစ်ခုကလည်း တိတ်တဆိတ် ရောက်ရှိလာခဲ့သေးသည်။ ဝံပုလွေအုပ်စုထဲရှိ ကိုယ်ဝန်ဆောင် ဝံပုလွေအချို့သည် မကြာမီ မီးဖွားတော့မည်ဖြစ်သဖြင့် ဒုတိယမျိုးဆက် နှင်းဝံပုလွေပေါက်စလေးများ မကြာမီ မွေးဖွားလာတော့မည် ဖြစ်ပေသည်။

“ဘုရားရေ၊ သိပ်တောင်မကြာသေးဘူး၊ နောက်ထပ် အဖွဲ့ဝင်သစ်တွေ တိုးလာတော့မယ်ပေါ့...” လင်းထျန်းလုံသည် သူ၏မေးစေ့ကို လက်သည်းဖြင့် ကုတ်လိုက်ရင်း သက်ရှိများ၏ မျိုးပွားခြင်းအပေါ် ဝိညာဉ်စွမ်းအင် နိုးထလာမှုနှင့် စွမ်းအင်လှုံ့ဆော်ခြင်းအကျိုးသက်ရောက်မှုမှာ တကယ့်ကို ဖြစ်ပေါ်နေကြောင်း ခံစားလိုက်ရလေသည်။

ဝံပုလွေအုပ်စု၏ အလုံးစုံခွန်အား တိုးတက်လာသည်နှင့်အမျှ အမဲလိုက်အဖွဲ့သည်လည်း ပိုမိုထိရောက်မြန်ဆန်လာခဲ့ပြီး သူတို့၏ ပိုင်နက်နယ်မြေမှာလည်း တည်ငြိမ်စွာ ကျယ်ပြန့်လာခဲ့၏။

ယခုအခါ သူတို့သည် ထျန်းစန်းတောအုပ်ကြီး၏ ထက်ဝက်နီးပါးကို သူတို့၏ အမဲလိုက်ကွင်းအဖြစ် သိမ်းပိုက်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ အရာအားလုံးသည် ကောင်းမွန်သော ဘက်ခြမ်းသို့ တဖြည်းဖြည်း ဦးတည်ဖွံ့ဖြိုးတိုးတက်နေလေသည်။

သစ်ပင်အိမ်လေးထဲတွင် ရှောင်လန်နှင့် ရှောင်ယင်းတို့သည် သူမတို့၏ သက်ဆိုင်ရာ ခန္ဓာကိုယ်ကျင့်စဉ်များကို အစွမ်းကုန် လည်ပတ်နေကြပြီး၊ ရှောင်ယင်း၏ ခရမ်းအကျဉ်းထောင် မိစ္ဆာသိုင်းကျမ်းနှင့် ရှောင်လန်၏ ရေခဲနှလုံးသား သိုင်းကျမ်းတို့သည် သစ်ပင်အိမ်လေးထဲတွင် စုစည်းနေသော ဝိညာဉ်စွမ်းအင်များကို စဉ်ဆက်မပြတ် စုပ်ယူနေကြသည်။

လင်းထျန်းလုံ အမြဲတစေ ကျွေးမွေးနေသော စွမ်းအင်မြင့်မားသည့် အစားအစာများနှင့် ပေါင်းစပ်လိုက်သောအခါ သူတို့စုဆောင်းထားသော စွမ်းအားများသည် နောက်ဆုံးတွင် အရေးပါသော အချိုးအကွေ့တစ်ခုသို့ ရောက်ရှိသွားခဲ့လေသည်။

“ဝှစ်...”

တစ်ခုနှင့်တစ်ခုမတူညီသော်လည်း တန်းတူအားကောင်းလွန်းလှသော စွမ်းအင်လှိုင်းနှစ်ခုသည် သူတို့၏ ခန္ဓာကိုယ်များမှနေ၍ တစ်ပြိုင်နက်တည်းနီးပါး ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

သူတို့၏ အရှိန်အဝါများသည်လည်း ရုတ်တရက် မြင့်တက်လာခဲ့ပြီး အဆင့် (၁၆) သို့ အောင်မြင်စွာ ထိုးဖောက်ကျော်လွှားနိုင်ခဲ့ကျလေသည်။

သို့သော် သူတို့အဆင့်တက်သွားသော ထိုအချိန်လေးမှာပင် ပုံမှန်မဟုတ်သော အခြေအနေတစ်ခု ဖြစ်ပေါ်လာခဲ့ချေသည်။

ရှောင်ယင်းသည် သူမ၏ ဝိညာဉ်အနက်ရှိုင်းဆုံးနေရာရှိ သံကြိုးအချို့ ရိုက်ချိုးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး၊ မယုံနိုင်လောက်အောင် ရင်းနှီးကျွမ်းဝင်နေကာ သူမ၏ မွေးရာပါစွမ်းအားဖြစ်ပုံရသော စွမ်းအားတစ်ခုက ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒီရေလှိုင်းများကဲ့သို့ လွှမ်းခြုံစီးဆင်းသွားခဲ့သည်။

သူမ၏ အာရုံခံစားမှုထဲတွင် ပတ်ဝန်းကျင်ရှိ အရာအားလုံးက အချိန်တစ်ဝက်ခန့် နှေးကွေးသွားသကဲ့သို့ ထင်မှတ်ရပြီး၊ သူမဆီသို့ ဝိညာဉ်စွမ်းအင်များ စုစည်းလာသည့် အရှိန်အဟုန်မှာလည်း ရုတ်တရက် အဆမတန် မြင့်တက်လာကာ ခရမ်းအကျဉ်းထောင် မိစ္ဆာသိုင်းကျမ်း၏ အကျိုးသက်ရောက်မှုများထက် များစွာကျော်လွန်သွားခဲ့လေသည်။

“ဒီခံစားချက်က... မှားစရာအကြောင်း မရှိဘူး၊ အချိန်စီးဆင်းမှု ချုပ်နှောင်ပိုးအိမ်ပဲ၊ နောက်ဆုံးတော့ နိုးထလာခဲ့ပြီပေါ့...” ရှောင်ယင်းမှာ အလွန်အမင်း ပျော်ရွှင်ကြည်နူးသွားခဲ့သည်။ “အရမ်းကောင်းတယ်၊ ဒါသာရှိရင် ငါ့ရဲ့ ဝိညာဉ်စွမ်းအင်စုပ်ယူမှုနှုန်းက အဆင့်တူတွေထက် အနည်းဆုံး သုံးဆလောက်ပိုမြန်သွားလိမ့်မယ်...”

တစ်ချိန်တည်းမှာပင် ရှောင်လန်သည်လည်း သူမ၏ အသိစိတ်များက သာမန်မျက်စိဖြင့် မမြင်နိုင်သော နယ်ပယ်တစ်ခုထဲသို့ ပေါင်းစပ်ဝင်ရောက်သွားကြောင်း ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည် အထူးတလည် ရှင်းလင်းလာပြီး ထိန်းချုပ်နိုင်စွမ်းရှိလာကာ သူမအတွင်းရှိ ဝိညာဉ်စွမ်းအား ပမာဏမှာလည်း ချက်ချင်းမြင့်တက်သွားခဲ့ပြီး မယုံနိုင်လောက်အောင် နက်ရှိုင်းသွားခဲ့လေသည်။

“ဒါက... ဗလာဟင်းလင်းပြင်နယ်ပယ်‌ပဲ၊ ငါ့ရဲ့စွမ်းရည်တွေ ပြန်ရောက်လာပြီ...” ရှောင်လန်သည် အလွန်စိတ်လှုပ်ရှားသွားပြီး တုန်ရီလုနီးပါးပင် ဖြစ်သွားခဲ့သည်။ “ဝိညာဉ်စွမ်းအား စုစုပေါင်းပမာဏက အရင်ကထက် အများကြီး ကျော်လွန်သွားပြီ၊ ပြီးတော့... ဟင်းလင်းပြင်အပေါ် ငါ့ရဲ့ အာရုံခံနိုင်စွမ်းလည်း ပြန်ရလာပြီ...”

ကြီးမားသော ဝမ်းမြောက်ပျော်ရွှင်မှု ခံစားချက်ကြီးသည် ဧကရီနှစ်ပါး၏ ဝိညာဉ်များကို လွှမ်းခြုံသွားခဲ့၏။

ဤအခိုက်အတန့်တွင် သူတို့သည် အဆင့်တက်သွားရုံသက်သက် မဟုတ်ဘဲ သူတို့၏ အတိတ်ဘဝများက စွမ်းအားအချို့ ပြန်လည်ရောက်ရှိလာကြောင်းကို အမှန်တကယ် ခံစားလိုက်ရလေသည်။

သူတို့သည် တစ်ယောက်ကိုတစ်ယောက် ပြိုင်တူ ကြည့်လိုက်ကြပြီး အထိန်းအကွပ်မဲ့နေသော စိတ်လှုပ်ရှားမှုများနှင့် ရင်းနှီးကျွမ်းဝင်နေသည့် အလင်းရောင်များကို သူတို့ မျက်လုံးထဲတွင် အချင်းချင်း မြင်တွေ့လိုက်ကြရသည်။

“တကယ့်ကို... မတွေ့ရတာ ကြာပြီပဲ...” ရှောင်ယင်း၏ အတွေးထဲတွင် စိတ်လှုပ်ရှားမှု အငွေ့အသက်အချို့ ပါဝင်နေလေသည်။

“အင်းလေ...” ရှောင်လန်က တုံ့ပြန်လိုက်ပြီး သူမ၏ အတွေးများသည် အတိတ်ဘဝဆီသို့ လွင့်မျောသွားခဲ့သည်။ “ကိုယ့်အဖော်ရော၊ တစ်ယောက်ကိုတစ်ယောက် အနိုင်မယူနိုင်ခဲ့ကြတဲ့ ပြိုင်ဘက်ကိုပါ... ဒီဘဝမှာ ပြန်ပြီး အတူတူဆုံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...”

သူတို့သည် အချင်းချင်း ပြုံးပြလိုက်ကြပြီး နှုတ်မှ ထုတ်ဖော်ပြောဆိုရန်မလိုသော နားလည်မှုတစ်ခုက သူတို့၏ နှလုံးသားများထဲတွင် စီးဆင်းသွားခဲ့သည်။

အချိန်နှင့် ဟင်းလင်းပြင်၊ အပြန်အလှန် အားဖြည့်ပေးပြီး အပြန်အလှန် ထိန်းချုပ်နိုင်စွမ်းရှိသလို တစ်ယောက်ကိုတစ်ယောက် ဖြည့်ဆည်းပေးနိုင်သည်၊ ဤအရာကပင် သူတို့အကြားရှိ အနက်ရှိုင်းဆုံး သံယောဇဉ်ကြိုးတစ်ချောင်း ဖြစ်ပေသည်။

ဟုတ်ပေသည်၊ ဤသို့ မြင့်တက်လာသော ခံစားချက်များနှင့် အားကောင်းသော အတွင်းပိုင်း စွမ်းအင်အပြောင်းအလဲများ အားလုံးကို သူတို့၏ ခန္ဓာကိုယ်များအတွင်း၌ ဂရုတစိုက် ထိန်းချုပ်ထားခဲ့ကြသည်။

အခြားသူများအမြင်တွင်မူ သူတို့သည် အဆင့် ၁၆ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ရုံမျှသာဖြစ်ပြီး သူတို့၏ အရှိန်အဝါများသည်လာ အရင်ကထက် အနည်းငယ်မျှ ပိုမိုခိုင်မာလာခြင်းသာ ဖြစ်လေသည်။

သစ်ပင်အိမ်လေး၏ အပြင်ဘက်တွင် လင်းထျန်းလုံသည် တစ်စုံတစ်ခုကို အာရုံခံမိသွားကာ မော့ကြည့်လိုက်မိသည်။

“ဟင်၊ ဒီအရှိန်အဝါက... သူတို့ ထပ်ပြီး အဆင့်တက်သွားပြန်ပြီလား...” သူသည် သစ်ပင်အိမ်လေးထဲမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများ ပိုမိုအားကောင်းလာသည်ကို သတိပြုမိလိုက်ပြီး သူ၏ ရေခဲပြာရောင် မျက်လုံးများမှာလည်း ဝမ်းသာပီတိဖြစ်မှုများဖြင့် ချက်ချင်း တောက်ပသွားခဲ့သည်။ “ငါ့ရဲ့ အဖိုးတန်သမီးလေးတွေကို ပေးလိုက်ရနာ တကယ်တန်ပါတယ်၊ ဒီအရှိန်က တကယ့်ကို မြန်တာပဲ၊ အရင်က ဝိညာဉ်စွမ်းအင်ကြွယ်ဝတဲ့ သားကောင်တွေရဲ့ နှလုံးတွေကို ကျွေးထားရတာ အလကားမဖြစ်သွားဘူး...”

“ငါ့ရဲ့ ရှောင်လန်နဲ့ ရှောင်ယင်းတို့က ဒီလောက်တောင်တော်တဲ့ ပါရမီရှင်လေးတွေ ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...” အဖိုးကြီး၏ နှလုံးသားထဲတွင် ဂုဏ်ယူမှုများ၊ စိတ်သက်သာရာရမှုများဖြင့် ပြည့်နှက်နေလေသည်။

လူသားကလေးငယ်များ၏ အဆင့်တက်နှုန်းကို သူ ‌ သေချာမသိထားသော်လည်း သူ၏ အလိုအလျောက် သိစိတ်ကမူ ထိုအရှိန်မှာ လုံးဝမနှေးကွေးကြောင်း ပြောပြနေခဲ့သည်။

ကမ္ဘာကြီးတစ်ခုလုံးကိုပင် ရူးသွပ်သွားစေနိုင်လောက်သည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်များ သူ့သမီးငယ်များ၏ ကိုယ်အတွင်း၌ နိုးထလာခဲ့ပြီဆိုသည်ကိုမူ သူလုံးဝ သတိမထားမိခဲ့ချေ။

ထိုအချိန်မှာပင် ယနေ့ တာ၀န်ကြသည့် အမဲလိုက်အဖွဲ့သည် ထျန်းပင်းနှင့်အတူ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။ သားကောင်ရရှိမှုမှာ အတော်လေး များပြားနေဆဲဖြစ်သော်လည်း လင်းထျန်းလုံ၏ နှာခေါင်းသည် အနည်းငယ် လှုပ်ရှားသွားပြီး ပြင်းထန်သော သွေးနံ့များကြားမှ ပုံမှန်မဟုတ်သော ထူးခြားမှုကို ချက်ချင်း ခံစားခံစားရသည်။

သူ သေချာစူးစိုက်ကြည့်လိုက်သောအခါ အဖွဲ့ထဲရှိ နှင်းဝံပုလွေအချို့သည် လမ်းလျှောက်ရာတွင် အဆင်မပြေဖြစ်နေပြီး သူတို့၏ ခန္ဓာကိုယ်များပေါ်မှ သွေးများပန်းထွက်နေကာ မီးလောင်ကျွမ်းထားသည့် စက်ဝိုင်းပုံစံ ဒဏ်ရာများကို တွေ့လိုက်ရလေသည်။

ထိုအရာများသည် သားရဲများ၏ လက်သည်းများ၊ သွားများကြောင့် စုတ်ပြဲသွားသော ဒဏ်ရာမျိုး လုံးဝမဟုတ်ပေ။

လင်းထျန်းလုံ မျက်၀န်းများ ရုတ်တရက် ကျုံ့ဝင်သွားခဲ့၏။

“လက်နက်ဒဏ်ရာတွေလား၊ လက်နက်ကိုင်ထားတဲ့ လူသားတွေ တောင်ပေါ်တက်လာကြပြီလား...”

အေးစက်စက် ခံစားချက်တစ်ခုက သူ၏ ယခင်က စိတ်သက်သာရာရမှုများကို ချက်ချင်း အစားထိုးဝင်ရောက်လာပြီး သူ၏စိတ်အာရုံတစ်ခုလုံးကို လွှမ်းခြုံသွားလေတော့သည်။

All Chapters