← Chapters

လူသားများ၏အကြံအစည်၊ အရိပ်မီးတောက်ကျားသစ်ဘုရင် ပြန်ပေါ်လာခြင်း

Vol. 6 Ch. 60

လူသားများ၏အကြံအစည်၊ အရိပ်မီးတောက်ကျားသစ်ဘုရင် ပြန်ပေါ်လာခြင်း

Vol. 6 Ch. 60

သူတို့၏ ရပ်တည်ချက်များသည် ဆန့်ကျင်ဘက်ဖြစ်နေသောကြောင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန် ဆိုသည်မှာ လုံးဝမဖြစ်နိုင်တော့ချေ။

လင်းထျန်းလုံသည် ဤအချက်ကို ကောင်းစွာ သဘောပေါက်ထားလေသည်။

‘မျိုးနွယ်တူမဟုတ်လျှင် သူတို့၏ စိတ်နှလုံးသည်လည်း ကွဲပြားကြလိမ့်မည်’ ဟူသော လူသားတို့၏ ဆိုရိုးစကားကို သူ နက်နက်ရှိုင်းရှိုင်း နားလည်ထား၏။

တစ်ကြိမ်တစ်ခါ ထိတွေ့ဆက်ဆံပြီးသည်နှင့် နောက်ဆုံးရလဒ်မှာ သေသည်အထိ တိုက်ခိုက်ရမည့် တိုက်ပွဲတစ်ပွဲသာ ဖြစ်လာနိုင်ချေရှိသည်။ ထို့ကြောင့် ယခု သူလုပ်ရမည့်အရာမှာ ထိုလူသားများ၏ လှုပ်ရှားမှုများကို အသေအချာ စောင့်ကြည့်ရန်သာ ဖြစ်သည်။

ပဋိပက္ခဆိုသည်မှာ ရှောင်လွှဲ၍မရနိုင်သောကြောင့် သူကသာ ဦးဆောင်လှုပ်ရှား၍ အသာစီးရယူထားရပေမည်။ သူ၏ ရည်မှန်းချက်မှာ ဝံပုလွေအုပ်စုကို အန္တရာယ်ကင်းစွာဖြင့် အင်အားကြီးမားလာစေရန်ပင်။

သုံးရက်ကြာလွန်သွားခဲ့ပြီး နှင်းဝံပုလွေကျေးရွာတစ်ခုလုံးရှိသူတိုင်းသည် သတိဝီရိယ တစ်ခါမှ လျော့ကျသွားခဲ့ခြင်းမရှိပေ။

လရောင်သာနေသော ညအချိန်တွင် ငွေရောင်အဆင်းရှိ ပုံရိပ်တစ်ခုသည် တောင်ဘက်တောင်တန်းများဆီမှ လေးညို့မှပစ်လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့သည်... ထိုသူမှာ စောင့်ကြည့်ထောက်လှမ်းရန် တာဝန်ယူထားရသော အမဲလိုက်နှင်းဝံပုလွေပင် ဖြစ်လေသည်။

“အာဝူး... (ဘုရင်ကြီး...)” မုဆိုးသည် အလျင်စလို အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်လေသည်။

သစ်ပင်အိမ်လေးထဲတွင် ရေခဲနှလုံးသား ကျင့်စဉ်နှင့် ခရမ်းအကျဉ်းထောင် မိစ္ဆာကျင့်စဥ်တို့ကို ကျင့်ကြံနေကြသော ရှောင်လန်နှင့် ရှောင်ယင်းတို့သည် ပုံမှန်မဟုတ်သော သတိပေးသံကြောင့် ကျင့်ကြံခြင်းအခြေအနေမှ လန့်နိုးသွားကြပြီး သူတို့၏ မျက်လုံးများကို တစ်ပြိုင်နက်တည်း ဖွင့်လိုက်ကြသည်။

မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားသည်။

“ဘာတွေဖြစ်နေတာလဲ...” ရှောင်လန်၏ စိတ်အာရုံထဲတွင် သတိထားမှု အရိပ်အယောင်တစ်ခု ပါဝင်နေသည်။

“တောင်ဘက်ကနေ သတင်းတစ်ခုခုရလာပုံပဲ...” ရှောင်ယင်းသည်လည်း ပုံမှန်မဟုတ်သော အခြေအနေကို အာရုံခံမိလိုက်သည်။

လင်းထျန်းလုံသည် ရွာအဝင်ဝသို့ ရောက်ရှိနေနှင့်ပြီး ဖြစ်သည်။ နှင်းဝံပုလွေသည် ဟိန်းဟောက်သံများနှင့် မျိုးတူပဲ့တင်ထပ်သံမှတစ်ဆင့် အလျင်အမြန် သတင်းပို့လိုက်၏။

“ဝူး... (ဘုရင်ကြီး၊ အဲဒီ အရိပ်မီးတောက်ကျားသစ်ဘုရင်ရဲ့ သဲလွန်စတွေကို ကျွန်တော်တို့ရှာတွေ့ခဲ့ပါပြီ၊ သူက ကျွန်တော်တို့ အမဲလိုက်ကွင်းပြင်ရဲ့ အစွန်အဖျားမှာ ပုန်းအောင်းနေတာပါ၊ ပြီးတော့... ပြီးတော့ အဲဒီလူသားတွေက သူ့ကိုခြုံခိုတိုက်ခိုက်ဖို့အတွက် ထောင်ချောက်တွေ ဆင်နေကြတယ်...)”

ရှောင်လန်နှင့် ရှောင်ယင်းတို့သည်လည်း ထိုဟိန်းဟောက်သံများ၏ အဓိပ္ပာယ်ကို အကြမ်းဖျင်း နားလည်လိုက်ကြသည်။

“လူသားတွေလား... အရိပ်မီးတောက်ကျားသစ်ဘုရင်ကို ခြုံခိုတိုက်ခိုက်တော့မယ်တဲ့လား...”

ထို၀ံပုလွေယူဆောင်လာသော သတင်းကြောင့် ဧကရီနှစ်ပါးသည် ချက်ချင်းပင် အံ့အားသင့်သွားခဲ့ကြသည်။

“အဲဒီကျားသစ်က အဝေးကြီးကိုထွက်မသွားဘူးလား၊ ပြီးတော့ ငါတို့ရဲ့ပိုင်နက်အနီးမှာ တစ်ချိန်လုံး ပုန်းအောင်းနေခဲ့တာပေါ့လေ...” ရှောင်လန် ယုံကြည်ရန် ခက်ခဲနေခဲ့သည်။

“ပိုပြီးထူးဆန်းတာက ဒီလူသားတွေပဲ၊ သူတို့က ဘာလို့ ဒီအချိန်ကြီးမှ ဒီကိုရောက်လာရတာလဲ၊ ပြီးတော့ တခြားအရာတွေကို ပစ်မှတ်မထားဘဲ အဲဒီကျားသစ်ဘုရင်ကိုမှ သွားပြီးပစ်မှတ်ထားနေရတာလဲ...” ရှောင်ယင်း၏ အတွေးများ လျင်မြန်စွာ ပြေးလွှားနေခဲ့သည်။

“ဒါက ဝိညာဉ်ခေတ်မှာ မှတ်တမ်းတင်ထားတာတွေနဲ့ လုံးဝကို ကွဲပြားနေတာပဲ၊ ငါတို့ ပြန်လည်မွေးဖွားလာလို့ သမိုင်းကြောင်းက တကယ်ပဲ ပြောင်းလဲသွားခဲ့ပြီလား...”

ရှောင်လန်သည် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားနေရကာ လုံးဝကို တွေဝေရှုပ်ထွေးနေခဲ့သည်။

တစ်ချိန်တည်းမှာပင် ဘေးရှိ ရှောင်ယင်းသည် ပို၍လက်တွေ့ကျသော ပြဿနာတစ်ခုကို စဉ်းစားမိသွား၏။

“အဲဒီကျားသစ်ဘုရင်က ဘုရင်အဆင့်နီးပါး ရှိတာလေ၊ သူ့ရဲ့ အခြေအနေက မတည်ငြိမ်ဘူးဆိုရင်တောင်မှ သူသာ ရူးသွပ်သွားရင်... ဝံပုလွေဖေဖေက သူ့ကို ကိုင်တွယ်နိုင်ပါ့မလား...” စိုးရိမ်ပူပန်မှုတစ်ခုက စတင်ပျံ့နှံ့လာခဲ့သည်။ “အဲဒီလူတွေနဲ့ ပတ်သက်လို့ကတော့...”

ရှောင်ယင်းသည် အလိုအလျောက်ပင် သူတို့ကို အနည်းငယ်အထင်သေးမိသွားသည်။

သူမ၏ အတိတ်ဘဝက မိစ္ဆာဧကရီတစ်ပါးအနေဖြင့် ထိပ်တန်းအဆင့် စွမ်းရည်ဖြစ်သော အချိန်စီးဆင်းမှု ချုပ်နှောင်ပိုးအိမ်ကို ပိုင်ဆိုင်ထားခဲ့ပြီး၊ ယခုအချိန်တွင် ဝံပုလွေဖေဖေ ပံ့ပိုးပေးထားသော အရင်းအမြစ်များ ရှိနေသော်ငြားလည်း သူမ၏ တိုးတက်မှုသည် သူမ၏ ခန္ဓာကိုယ်ကြောင့် အဟန့်အတားဖြစ်နေဆဲဟု ခံစားနေရသည်။

ရုတ်တရက် ပေါ်လာသော ဤလူသားများသည် ထိုမျှလောက် အစွမ်းထက်လိမ့်မည်ဟု သူမ မယုံကြည်ပေ။

သို့သော် သူမသည် အရေးကြီးသော ပြဿနာတစ်ခုကို လျစ်လျူရှုထားခဲ့မိသည်... ဝိညာဉ်စွမ်းအင် နိုးထလာမှု ကနဦးအဆင့်များတွင် လူသားများ၏ အစွမ်းထက်ဆုံးလက်နက်မှာ အသစ်နိုးထလာသော စွမ်းရည်များမဟုတ်ဘဲ သူတို့ ကာလကြာရှည်စွာ ကျွမ်းကျင်ပိုင်နိုင်ခဲ့သော ပျက်စီးဆုံးရှုံးမှု ကြီးမားလှသည့်... သေနတ်များပင် ဖြစ်လေသည်။

ထိုအခိုက်အတန့်တွင် အလွန်ကျယ်လောင်ပြီး စူးရှသော ဝံပုလွေဟိန်းဟောက်သံကြီးတစ်ခုက ညကောင်းကင်ယံကို ရုတ်တရက် ထိုးဖောက်သွားခဲ့သည်။ ၎င်းမှာ အမြင့်ဆုံးအဆင့် သတိပေးချက်ပင် ဖြစ်ပေသည်။

ရှောင်လွှဲ၍မရနိုင်သော အရာများက နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ။ လရောင်အောက်ရှိ လင်းထျန်းလုံ၏ ရေခဲရောင် ရေပြာရောင် မျက်လုံးများထဲတွင် အနည်းငယ်မျှပင် တွန့်ဆုတ်နေခြင်းမရှိဘဲ အေးစက်ပြတ်သားသည့် ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခုက လျှပ်တစ်ပြက် ဖြတ်ပြေးသွားခဲ့သည်။

“အာဝူး...” သူသည် တိုတောင်းပြီး အားကောင်းသော အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်ကာ စုဝေးရန် အမိန့်ပေးလိုက်သည်။

ချက်ချင်းဆိုသလိုပင် ရန့်မြဲ့နှင့် ထျန်းပင်းတို့ဦးဆောင်သော အသန်မာဆုံးနှင့်အတော်ဆုံး လက်ရွေးစင် နှင်းဝံပုလွေသုံးဆယ်ကျော်သည် သူ၏အနောက်တွင် တိတ်ဆိတ်စွာ စုဝေးရောက်ရှိလာကြသည်။

“စစ်မီးကို ရွာထဲအထိ ကူးစက်လာခွင့် လုံး၀မပေးနိုင်ဘူး၊ အဲ့ထက်ပိုအရေးကြီးတာက ရှောင်လန်နဲ့ရှောင်ယင်း၊ သူတို့ကို နည်းနည်းလေးတောင် အန္တရာယ်ကြုံတွေ့ခွင့် ပေးလို့မဖြစ်ဘူး...” ဤသည်မှာ လင်းထျန်းလုံ၏ တုန်လှုပ်ချောက်ချားခြင်းမရှိသော အောက်ဆုံးစည်းမျဉ်းပင် ဖြစ်သည်။

သူသည် သစ်ပင်အိမ်လေးရှိရာ အရပ်ဆီသို့ နောက်ဆုံးအကြိမ် လှမ်းကြည့်လိုက်ပြီးနောက် ပြတ်သားစွာလှည့်ကာ ဝံပုလွေအုပ်စုကို ဦးဆောင်သွားလေတော့သည်။

တိတ်ဆိတ်သော ငွေရောင်ဒီရေလှိုင်းတစ်ခုကဲ့သို့ သူတို့သည် နှင်းဝံပုလွေကျေးရွာလေးထဲမှ ထွက်ခွာသွားကြပြီး အမှောင်ထုဖုံးလွှမ်းနေသော တောအုပ်ကြီးထဲသို့ လျင်မြန်စွာ ပေါင်းစပ်ဝင်ရောက်သွားကာ သတိပေးဟိန်းဟောက်သံ ထွက်ပေါ်လာရာ နေရာဆီသို့ ပြေးလွှားသွားကြလေသည်။

လင်းထျန်းလုံ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက်တည်းနီးပါး အဝေးဆီမှ တိုက်ပွဲသံ ခပ်သဲ့သဲ့၊ သိပ်သည်းသော အသံများနှင့်အတူ လုံးထွေးနေသော ပေါက်ကွဲသံအချို့ကိုပါ ကြားလိုက်ရလေသည်။

သစ်ပင်အိမ်လေးထဲရှိ ရှောင်လန်နှင့် ရှောင်ယင်းတို့သည်လည်း အရာအားလုံးကို ရှင်းလင်းစွာ ကြားလိုက်ရသည်။

“ဒီအသံက... သေနတ်သံတွေ၊ ပြီးတော့ လက်နက်ကြီး ပေါက်ကွဲသံတွေပါလား...” ရှောင်လန်၏ မျက်၀န်းများ ရုတ်တရက် ကျုံ့ဝင်သွားခဲ့ပြီး သူမသည် ကျောရိုးတစ်လျှောက် စိမ့်တက်လာသော အအေးဒဏ်နှင့်အတူ သူမ၏ ခန္ဓာကိုယ်သေးသေးလေးမှာလည်း ချက်ချင်းပင် တောင့်တင်းသွားခဲ့သည်။

“ကျစ်... သူတို့ဆီမှာ တကယ်ကြီး သေနတ်တွေ ရှိနေတာလား၊ ပေါက်ကွဲစေတတ်တဲ့ အရာတွေရောပဲလား...” ရှောင်ယင်းသည် ပို၍ပင် ထိတ်လန့်သွားခဲ့လေသည်။ ဤဖြစ်နိုင်ခြေကို သူမ လုံးဝ ထည့်သွင်းစဉ်းစားထားခဲ့ခြင်းမရှိပေ။ “ဒုက္ခပဲ... ဝံပုလွေဖေဖေ အန္တရာယ်ထဲရောက်နေပီ...”

သူမသည် လက်ရှိအခြေအနေ၏ ဆိုးရွားပြင်းထန်မှုကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။ ဤအဆင့်တွင် လူသားများ၏ သေနတ်များသည် ပါရမီရှင်အဆင့်အောက်ရှိ မိစ္ဆာသားရဲများအပေါ် လုံးဝသေကြေပျက်စီးစေနိုင်စွမ်း ရှိလေသည်။ ပါရမီရှင်အဆင့်ရှိ ဝံပုလွေဖေဖေအတွက်ပင်လျှင် ၎င်းတို့သည် သေမင်းတမန်ကဲ့သို့ ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်နေသေးသည်။

သူမ၏ အတိတ်ဘဝမဇ မှတ်ဉာဏ်များ အရှိန်အဟုန်ဖြင့် ပြန်လည်စီးဆင်းလာခဲ့သည်။ ဝိညာဉ်စွမ်းအင် နိုးထလာမှု အစောပိုင်းကာလများတွင် စွမ်းအားနိုးထလာသော လူသားအရေအတွက် နည်းပါးသော်လည်း သူတို့သည် သေနတ်များကို အားကိုး၍ မိစ္ဆာသားရဲမျိုးနွယ်စုများအပေါ် အသာစီးရယူနိုင်ခဲ့ကြသည်။

မိစ္ဆာများကြားတွင် ဘုရင်အဆင့်နှင့် ထို့ထက် ပိုမိုအားကောင်းသောသက်ရှိများ ပေါ်ထွက်လာသည့် အချိန်ရောက်မှသာ သူတို့သည် လက်နက်များ၏ ခြိမ်းခြောက်မှုကို တဖြည်းဖြည်း လျစ်လျူရှုနိုင်ခဲ့ကြခြင်း ဖြစ်သည်။

“ဘုရင်အဆင့်ကမှ သာမန်သေနတ်တွေနဲ့ အမြောက်တွေကို လျစ်လျူရှုနိုင်တာ၊ ဧကရာဇ်အဆင့်က ပြင်းထန်တဲ့ ပေါက်ကွဲစေတတ်တဲ့လက်နက်တွေကို ခံနိုင်ရည်ရှိတယ်... ပြီးတော့ ဒဏ္ဍာရီအဆင့်မှ ဒုံးကျည်တွေကို ထိပ်တိုက် ဟန့်တားနိုင်တာ...” ရှောင်ယင်း၏ နှလုံးသားသည် ထိုအတွေးများကြားတွင် တရစပ် နစ်မြုပ်သွားခဲ့သည်။

“ဒါပေမဲ့ အခု ဝံပုလွေဖေဖေက အဆင့် ၂၀ ပဲ ရှိသေးတယ်၊ သူက ပါရမီရှင်အဆင့်ပဲ ရှိသေးတာလေ...”

ဆက်တိုက်ကြားနေရသော ပေါက်ကွဲသံများအရ သာမန်လက်ပစ်ဗုံးများ မဟုတ်သည်မှာ ထင်ရှားလှသည်။ ၎င်းတို့သည် ပို၍ကြီးမားသော ဖျက်ဆီးနိုင်စွမ်းရှိသည့် ပြင်းထန်သော ပေါက်ကွဲစေတတ်သည့်လက်နက်များနှင့် ပိုတူနေလေသည်။

“ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နိုင်မှာလဲ... သူတို့က တရားမဝင် အမဲလိုက်တဲ့သူတွေမဟုတ်ဘူးလား၊ သူတို့ဆီမှာ ဘယ်လိုလုပ်ပြီး ဒီလိုလက်နက်မျိုးတွေ ရှိနေတာလဲ...” ရှောင်ယင်းသည် အမှန်တကယ်ပင် ပြာယာခတ်နေခဲ့လေသည်။

အတိတ်ဘဝက မရေမတွက်နိုင်သော မိစ္ဆာသားရဲများကို ရင်ဆိုင်ရာတွင်ပင် တုန်လှုပ်ချောက်ချားခြင်းမရှိခဲ့သည့် သူမသည် ယခုအခါ ဝံပုလွေဖေဖေကို စိုးရိမ်ပူပန်မှုကြောင့် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ချေပြီ။ သူမ၏ လက်ဖဝါးငယ်လေးများထဲတွင် ချွေးစေးများပင် ပျံလာခဲ့သည်။

“မဖြစ်ရဘူး... ဘာမှဖြစ်မှာမဟုတ်ဘူး...” သူမ၏ လက်သေးသေးလေးများနှင့် ဘေးရှိရှောင်လန်ကို အလိုအလျောက်ပင် တင်းကျပ်စွာ ဆုပ်ကိုင်မိသွားလေသည်။ “ဝံပုလွေဖေဖေက အရမ်းသန်မာတယ်၊ ပြီးတော့ သူ့မှာ ဝံပုလွေအုပ်စုလည်းရှိနေတာပဲ... သူ သေချာပေါက်အန္တရာယ်ကင်းမှာပါ...”

သူမ ဤသို့ ပြောလိုက်သော်ငြား အဝေးမှ ကြားနေရသော ပေါက်ကွဲသံတစ်ခုစီတိုင်းသည် သူမ၏ နှလုံးသားကို ထုနှက်နေသော ဧရာမ သံတူကြီးတစ်ခုကဲ့သို့ ခံစားနေရလေတော့သည်။

All Chapters