ရုတ်တရက် ဉာဏ်အလင်းပွင့်ခြင်း……
Vol. 16 Ch. 151
ညနေခင်း အချိန်သို့ ရောက်သောအခါ တပည့်နှစ်ဦး၏ ခေါ်ဆောင်ခြင်းကြောင့် ယဲ့နန် လင်းရှောင်ခြံဝင်း ထဲသို့ ရောက်ရှိလာသည်။
လမ်းတစ်လျှောက် အတွေ့အကြုံများက ယဲ့နန်အား ချင်းရှောင်ဂိုဏ်း အကြောင်း အတော်အတန် နားလည်စေခဲ့ပြီး နေရာတိုင်းတွင် စည်ကားသိုက်မြိုက်မှုနှင့် အင်အားကြီးမားမှုတို့ကို မြင်တွေ့နေရသည်။
ဆရာက ချင်းရှောင်ဂိုဏ်းကို တကယ်ပဲ ကလဲ့စားချေချင်နေတာလား... ဒါဆိုရင် ဘာလို့ ချင်းရှောင်ဂိုဏ်းက ဘာမှ မပြင်ဆင်ထားသလို ဖြစ်နေရတာလဲ... ဟု သူ မတွေးဘဲ မနေနိုင်တော့ပေ။
သူ အတွေးလွန်နေတာများ ဖြစ်နေမလား... ဆရာက ချင်းရှောင်ဂိုဏ်းကို ကလဲ့စားချေဖို့ လာတာ မဟုတ်ဘူးလား…
အမှန်တကယ်တွင် အကယ်၍ ဆရာသာ ချင်းရှောင်ဂိုဏ်း၏ ရန်သူစစ်စစ် ဖြစ်ခဲ့လျှင် ယခု သူ့ကို ခေါ်ဆောင်လာသော ဂိုဏ်းသားနှစ်ယောက်က သူ့ကို ကောင်းကောင်း နှိပ်စက်လောက်ပေပြီ။
ချင်းရှောင်တောင် တစ်လျှောက်ရှိ ရှုခင်းများ၊ နတ်သမီးများကဲ့သို့ လှပသော အမျိုးသမီး တပည့်များနှင့် စိတ်ဓာတ်တက်ကြွနေသော အမျိုးသား တပည့်များကို ပြန်လည် မြင်ယောင်ရင်း ယဲ့နန်တယောက် ၎င်းတို့၏ ဆွဲဆောင်မှုတွင် နစ်မြောနေလေ၏။
အကယ်၍သာ ဤသို့သော ဂိုဏ်းမျိုးတွင် သိုင်းပညာ သင်ယူခွင့်ရခဲ့လျှင် မည်မျှ ကောင်းလိုက်မည်နည်း။
လင်းရှောင်ခြံဝင်းထဲသို့ ဝင်ရောက်လိုက်သည်နှင့် စားပွဲရှည်ကြီးတွင် ဝိုင်းဖွဲ့ထိုင်၍ ထမင်းစားရန် ပြင်ဆင်နေသော လူတစ်စုကို ယဲ့နန် တွေ့လိုက်ရသည်။
သူ့အကြည့်က အလယ်တည့်တည့်တွင် ထိုင်နေသော လီချင်းချိုး ထံသို့ ရောက်ရှိသွားပြီး မှင်သက်သွားမိသည်။
ထိုကဲ့သို့ ထူးခြားသော စိတ်နေသဘောထားနှင့် ပြည့်စုံသူမျိုးကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
လီချင်းချိုး၏ ရုပ်ရည်က အလွန် ချောမောလှပပြီး ပန်းချီကားချပ်ထဲမှ ထွက်လာသကဲ့သို့ ခံစားရစေသည်။
တကယ်လို့ နတ်ဘုရားတွေ ရှိတယ်ဆိုရင် ဒီလိုပုံစံမျိုးပဲ ဖြစ်လောက်တယ်...ဟုပင်
ယဲ့နန် စိတ်ထဲတွင် တွေးလိုက်မိသည်။
လီချင်းချိုးက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ….
"မင်းက မော့လီရဲ့ တပည့်ယဲ့နန် မဟုတ်လား..."
ထိုအခါမှသာ ယဲ့နန် သတိဝင်လာပြီး သတိထားကာ ပြန်မေးလိုက်သည်။
"မော့လီဆိုတာ ဘယ်သူလဲ..."
"မင်းရဲ့ မျက်မမြင် ဆရာလေ..."
ကျန်းယွီချွန်းက ယဲ့နန်ကို စူးစမ်းသော အကြည့်ဖြင့် ကြည့်ရင်း ဝင်ပြောလိုက်ခြင်းဖြစ်သည်။
သူ့အကြံအစည်မှာ ပြဿနာကို အပြီးတိုင် ရှင်းလင်းပစ်ရန် သို့မဟုတ် ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်နေရန် ဖြစ်သော်လည်း ဂိုဏ်းချုပ်က ထိုကောင်လေးကို ပြန်ခေါ်လာခိုင်းသဖြင့် ဂိုဏ်းချုပ်၏ ရည်ရွယ်ချက်ကို သူ နားမလည်နိုင် ဖြစ်နေရသည်။
"ကျွန်တော့်ဆရာ ဘယ်မှာလဲ... သူ့ကို ဘာလုပ်လိုက်ကြပြီလဲ..."ဟု ယဲ့နန် အလျင်အမြန် မေးလိုက်သည်။
သူသည် ယခုဆိုလျှင် ချင်းရှောင်ဂိုဏ်း၏ ဖိစီးနှိပ်စက်သော လေထုကို ဂရုမစိုက်တော့ဘဲ သူ့ဆရာကို ရှာတွေ့ရန်သာ ဆန္ဒရှိနေတော့သည်။
"သူ သေသွားပြီ..."
လီချင်းချိုးက တဲ့တိုးပင် ပြောလိုက်ရာ ယဲ့နန်၏ ခေါင်းပေါ်သို့ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး ထိုအမှန်တရားကို လက်မခံနိုင် ဖြစ်နေရှာသည်။
လီတုန်းယွဲ့၊ ဝူမန်အာ၊ လီစစ်ကျင်၊ ယန်ကျွယ်တိန်၊ ယွမ်ချီ၊ ယွမ်လီနှင့် ရှောင်ညီအစ်ကိုသုံးဖော်တို့က ယဲ့နန်ကို မတူညီသော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။
ထို့နောက် လီချင်းချိုးက…..
"မင်းရဲ့ ဆရာက ချန်းကျိုးက လူတွေရဲ့ ခိုင်းစေမှုကို ခံခဲ့ရတာ... ချီမိသားစုက ချင်းရှောင်ဂိုဏ်းမှာရှိတဲ့ ချီလင်ကို ရှာဖို့ လူလွှတ်လိုက်တာပဲ... ဒါပေမဲ့ ငါတို့ တပည့်တွေက ဖမ်းမိသွားတယ်... ချီမိသားစုရဲ့ အကြောင်း ပေါက်ကြားသွားမှာ ကြောက်လို့ သူက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ်... နောက်ကျရင် တစ်ယောက်ယောက်က မင်းကို ဆရာ့အလောင်းဆီ ခေါ်သွားပေးလိမ့်မယ်... ဒါဆိုရင် မင်း သူ့ကို နောက်ဆုံးအနေနဲ့ မြင်ခွင့်ရမှာပေါ့... ဆရာတပည့် သံယောဇဉ်ကို တန်ဖိုးထားတဲ့ အနေနဲ့ပေါ့..."
ယဲ့နန် ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ခံစားလိုက်ရလေပြီ။
သူ့မျက်လုံးများ ချက်ချင်း နီရဲလာပြီး အံကြိတ်ကာ ….
"ကျွန်တော်က ဘာလို့ ခင်ဗျားပြောတာကို ယုံရမှာလဲ... ကျွန်တော့်ဆရာကို ခင်ဗျားတို့ သတ်လိုက်တာ မဟုတ်ဘူးလား..."
"တကယ်လို့ ငါတို့က သူ့ကို သတ်ခဲ့တယ် ဆိုရင်တောင် မင်းလည်း အခုချိန် သေနေလောက်ပြီ... ဒါမှမဟုတ် မင်းကို တောင်ပေါ် ခေါ်လာစရာတောင်လိုမှာ မဟုတ်ဘူး... မင်း သူ့ဆီမှာ တပည့်ခံတာ တစ်နှစ်ပဲ ရှိသေးတယ်... မင်းရဲ့ သိုင်းပညာကလည်း သာမန်ပဲ ရှိသေးတာ... မင်းက ချင်းရှောင်ဂိုဏ်းအတွက် ဘာခြိမ်းခြောက်မှု ဖြစ်နိုင်မယ်လို့ ထင်နေတာလဲ... မင်းကို လိမ်ပြောလို့ ငါ ဘာအကျိုးအမြတ် ရမှာမို့လို့လဲ..."
ယဲ့နန် ပါးစပ်ဟလိုက်သော်လည်း ပြန်လည် မချေပနိုင်ပေ။
ယန်ကျွယ်တိန်က သူ့ဘက်သို့ လှည့်ပြီး….
"ကောင်လေး... ဒါက ကျန်းဟူပဲ... လူတိုင်း တနေ့ သေရမှာပဲ... ဆရာတစ်ယောက် အနေနဲ့ သူများခိုင်းတာ လုပ်ပေးရင်း ပေးဆပ်လိုက်ရတာပဲ... ငါတို့ ဂိုဏ်းချုပ်က သဘောထားကြီးလို့ မင်းကို နောက်ဆုံးအနေနဲ့ ပေးတွေ့တာ... တကယ်လို့ တစ်ယောက်ယောက်က မင်းပစ္စည်းကို လာခိုးမယ်ဆိုရင် မင်း ဘာလုပ်မလဲ... အဲဒီလူ သေသွားရင် သူ့မိသားစုကို မင်း အကြောင်းကြားရဲပါ့မလား..."
ထိုမေးခွန်းများက ယဲ့နန်ကို ပိုမို ခံစားရ ခက်ခဲစေပြီး ဒေါသထွက်စရာ နေရာမရှိသလို ဖြစ်သွားစေသည်။
"သူ့ကို ခေါ်သွားလိုက်..."
လီချင်းချိုး အမိန့်ပေးလိုက်သည်နှင့် တပည့်နှစ်ဦးက ချက်ချင်း ဦးညွှတ်လိုက်ပြီး ယဲ့နန်ကို ဆွဲခေါ်သွားကြလေသည်။
သူတို့ ခြံဝင်းထဲမှ ထွက်ခွာသွားသောအခါ ကျန်းယွီချွန်းက….
"စီနီယာအစ်ကိုကြီး... ဘာလို့ သူ့ကို အသက်ချမ်းသာပေးပြီး တောင်ပေါ် ခေါ်လာတာလဲ... ဒါက အစ်ကိုကြီးရဲ့ ပုံစံ မဟုတ်ဘူး..."
လီချင်းချိုးက ကျန်းယွီချွန်းကို ကြည့်ပြီ….
"ငါ့ရဲ့ လုပ်ပုံကိုင်ပုံက ဘယ်လိုမို့လို့လဲ..."ဟု မေးလိုက်တော့
ကျန်းယွီချွန်း မျက်တောင်ခတ်လိုက်ပြီး ဘာမှ ပြန်မပြောရဲပေ။
လီစစ်ကျင်က ရယ်မောလိုက်ပြီး…..
"မျက်တောင်မခတ်ဘဲ လူသတ်တယ်... ခြိမ်းခြောက်မှု မှန်သမျှကို ရှင်းပစ်တယ်လေ..."ဟု ဆိုသဖြင့်
လီချင်းချိုး လှည့်ကြည့်ပြီး မျက်စောင်းခဲလိုက်သည်။
"စီနီယာအစ်ကိုကြီးက ဘယ်တုန်းက အဲဒီလောက် ရက်စက်ခဲ့လို့လဲ..."
ကျန်းယွီချွန်း နှုတ်ခမ်းမဲ့လိုက်သည်။ ဂျူနီယာညီမလေးမို့လို့သာ အဲဒီလို ပြောရဲတာ... တကယ်လို့ သူသာ ပြောလိုက်ရင် သူ့လက်ရှိ ရာထူးကို ဂရုမစိုက်ဘဲ စီနီယာအစ်ကိုကြီးက သေချာပေါက် "ဆုံးမ" လိမ့်မည်ဟု တွေးလိုက်မိသည်။
"တကယ်တော့... ယဲ့နန်ရဲ့ ဘဝက ကျွန်မတို့နဲ့ ဆင်တူနေလို့ ဂိုဏ်းချုပ်က စိတ်ပျော့သွားတာပါ.."ဟု လီတုန်းယွဲ့ ရုတ်တရက် ပြောလိုက်လေသည်။
ထိုစကားကို ကြားသောအခါ ကျန်းယွီချွန်းနှင့် လီစစ်ကျင်တို့ မှင်သက်သွားကြပြီးနောက် စိတ်မကောင်း ဖြစ်သွားကြသည်။
လီချင်းချိုးက ….
"ကဲ... စားဖို့ ပြင်ဆင်ကြတော့..."
သူသည် ယဲ့နန်ကို အလေးအနက် မထားပေ။ အကယ်၍ ယဲ့နန်သာ ချင်းရှောင်ဂိုဏ်းကို ဆန့်ကျင်ရန် ဆုံးဖြတ်လိုက်လျှင်ပင် ၎င်းသည် သေလမ်းရှာခြင်းသာ ဖြစ်ပေလိမ့်မည်။
ချင်းရှောင်ဂိုဏ်းအနေနှင့် မာန်မာန မကြီးသင့်သော်လည်း အလွန်အမင်း သတိထားနေရန်လည်း မလိုအပ်ပေ။
လီချင်းချိုးက မော့လီ၏ မှတ်ဉာဏ်များကို မြင်တွေ့ခဲ့ရပြီး ဖြစ်၍ ယဲ့နန်တယောက် တစ်ကောင်ကြွက် ဖြစ်ပြီး အားကိုးရာမဲ့နေသောကြောင့် ထိုသို့ ပြုမူခြင်း ဖြစ်ကြောင်း သေချာနေပေသည်။
ယဲ့နန်ထက် သူ ပိုစိတ်ပူမိသည်မှာ ချီမိသားစု မွေးမြူနေသော အရာပင် ဖြစ်သည်။
မော့လီသည်လည်း ချီမိသားစု အတွင်းရှိ ထိုအရာကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ချီလင်ကို ဖမ်းဆီးရန် ချင်းရှောင်ဂိုဏ်းသို့ သွားရောက်ရန် အမိန့်ပေးခံရသဖြင့် လာခဲ့ခြင်းသာ ဖြစ်သည်။
ချီမိသားစုဘက်က အလွန် သတိကြီးစွာ လှုပ်ရှားတတ်သည်။ မော့လီက ချီမိသားစုကို ဆယ်စုနှစ်များစွာ အလုပ်အကျွေး ပြုခဲ့သော်လည်း ချီမိသားစု၏ အဓိက အဖွဲ့ဝင်များနှင့် တစ်ခါမျှ မထိတွေ့ခဲ့ဖူးသလို ချီမိသားစု ဌာနချုပ် မည်သည့်နေရာတွင် ရှိသည်၊ ချီမိသားစု ဘာကြံစည်နေသည် ဆိုသည်ကိုလည်း မသိရှိပေ။
…
နောက်တစ်နေ့ နံနက်တွင် ယွမ်ချီက ရွှယ်ကျင်းကို လင်းရှောင်ခြံဝင်း ထဲသို့ ခေါ်ဆောင်လာသည်။ ထို့နောက် ယွမ်ချီ ပြန်ထွက်သွားပြီး ရွှယ်ကျင်း တစ်ယောက်တည်း ဂိုဏ်းချုပ်ကို စောင့်ဆိုင်းနေရသည်။
ခဏအကြာတွင် တောင်နောက်ဘက်ရှိ တောအုပ်ထဲမှ လီချင်းချိုး ထွက်လာသည် မြင်သောအခါ ရွှယ်ကျင်း ချက်ချင်း လက်မြှောက်၍ နှုတ်ဆက်လိုက်သည်။
လီချင်းချိုးက ရွှယ်ကျင်းကိုလည်း ချီမိသားစု အကြောင်း ပြောပြလိုက်သည်။
"မင်းကို ချန်းကျိုးကိုသွားပြီး ချီမိသားစု ဘာမွေးနေလဲ ဆိုတာ စုံစမ်းစေချင်တယ်... မှတ်ထားပါ... ကိုယ့်အရည်အချင်းအပေါ် မူတည်ပြီး လှုပ်ရှားပါ... ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့က အရေးကြီးဆုံးပဲ... မင်းရဲ့ အထောက်အထား ပေါ်သွားရင်တောင် ကိစ္စမရှိဘူး..."
"ကောင်းပါပြီ..."
ရွှယ်ကျင်းက စကားအများကြီး မပြောဘဲ ချက်ချင်း သဘောတူလိုက်သည်။
လီချင်းချိုးက သူ့ပခုံးကို ပုတ်ပေးလိုက်ပြီး ပြန်သွားရန် ပြောလိုက်ပြီး
ထွက်ခွာသွားသော ရွှယ်ကျင်း၏ ကျောပြင်ကို ကြည့်ရင်း စိတ်သက်သာရာ ရသွားသည်။
ဂိုဏ်းထဲတွင် ရွှယ်ကျင်းလို အရည်အချင်းရှိသူများ ပိုများလာလျှင် ကောင်းမည်ဟု တွေးမိနေတော့သည်။
ပါရမီရှင်များ များပြားသော်လည်း စိတ်ချအားထားရသူ ရှားပါးလှသည်။
သူ ခြံဝင်းထဲမှ ထွက်မသွားဘဲ အသစ်စိုက်ထားသော မက်မွန်ပင်ကို ကြည့်ရှုနေလိုက်သည်။
အမွှေးတိုင် တစ်တိုင်စာ အချိန်ကုန်လွန်ပြီးနောက် ယွမ်ချီ ခြံဝင်းထဲသို့ ပြန်ရောက်လာပြီး ယဲ့နန်က တွေ့ဆုံခွင့် တောင်းနေကြောင်း ပြောပြရာ လီချင်းချိုး သဘောတူလိုက်လေသည်။
လင်းရှောင်ခြံဝင်းထဲသို့ ထပ်မံ ဝင်ရောက်လာသော ယဲ့နန်က ယမန်နေ့ကလို မဟုတ်တော့ဘဲ တည်ငြိမ်နေပြီး လူတစ်ယောက် ပြောင်းလဲသွားသကဲ့သို့ ရှိနေသည်။
ယဲ့နန်က လီချင်းချိုး၏ ရှေ့တည့်တည့်သို့ လျှောက်သွားပြီး ဒူးထောက်လိုက်ရာ ယွမ်ချီ အံ့သြသွားရသည်။
"ကျေးဇူးပြုပြီး.. ကျွန်တော့်ကို လက်ခံပေးပါ... ကျွန်တော့်မှာ သွားစရာ နေရာ မရှိတော့လို့ပါ..."
ယဲ့နန်က လေးနက်သော အသံဖြင့် ပြောလိုက်ပြီး ဆုံးဖြတ်ချက် ခိုင်မာသော မျက်လုံးများဖြင့် လီချင်းချိုးကို မော့ကြည့်လိုက်တော့ လီချင်းချိုးကလည်း သူ့ကို ကြည့်ပြီး….
"မင်း ချင်းရှောင်ဂိုဏ်းကို ဝင်ချင်ရင် ကုန့်လင်ခန်းမကို သွားပြီး တပည့်စာမေးပွဲ အရင် သွားဖြေရမယ်..."
ထိုစကားကို ကြားသောအခါ ယဲ့နန် မမေးဘဲ မနေနိုင်တော့ပေ။
"ဂိုဏ်းချုပ်... ကျွန်တော် အငြိုးအတေး ထားနေမှာကို မကြောက်ဘူးလား..."
"မင်းမှာ လက်စားချေလိုစိတ် ရှိနေရင် ငါ့ကို ဘာလို့ လာစမ်းသပ်နေမှာလဲ..."
လီချင်းချိုး၏ မေးခွန်းကြောင့် ယဲ့နန် ဆွံ့အသွားသည်။ထို့နောက် ချက်ချင်းပင် လီချင်းချိုးကို သုံးကြိမ် ဦးခိုက်လိုက်ပြီးနောက် ယွမ်ချီနှင့် အတူ ထွက်ခွာသွားလေသည်။
ထိုနှစ်ယောက် ထွက်သွားပြီးနောက် လီချင်းချိုးလည်း လှည့်ထွက်သွားပြီး မသေမျိုးလိုဏ်ဂူ သို့ ပြန်သွားကာ ဆက်လက် ကျင့်ကြံလိုက်သည်။
အာရုံလွင့်စရာ ကိစ္စများစွာ ရှိသော်လည်း ကိုယ်ပိုင် ကျင့်ကြံမှုကသာ သူ့အတွက် အရေးကြီးဆုံး ဖြစ်လေသည်။
မသေမျိုးလိုဏ်ဂူ အတွင်းသို့ ပြန်ရောက်သောအခါ လီချင်းချိုးက ကျောက်ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်၍ သိုင်းကျင့်လိုက်ရာ ဝိညာဉ်ချီများ သူ့ထံသို့ လျင်မြန်စွာ စီးဝင်လာကြသည်။
တစ်နာရီအကြာတွင်…..
လီချင်းချိုး မျက်လုံးဖွင့်လိုက်ပြီး တာအိုမျိုးဆက် စနစ်ကို ဖွင့်ကာ ယဲ့နန်၏ ပုံကို ရှာဖွေလိုက်သည်။
ဤသည်မှာ ယဲ့နန်ကို လက်ခံလိုက်ခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်သည်။ အကယ်၍ ယဲ့နန်တွင် လက်စားချေလိုစိတ်ရှိနေပါက လီချင်းချိုးနှင့် ချင်းရှောင်ဂိုဏ်းအပေါ် သစ္စာရှိမည် မဟုတ်ပေ။
ထိုအခါ လီချင်းချိုး အနေဖြင့် ခြိမ်းခြောက်မှုကို အစောပိုင်း အဆင့်မှာပင် ရှင်းလင်းပစ်နိုင်မည် ဖြစ်သည်။
[အမည် - ယဲ့နန်]
[ကျား/မ - ကျား]
[အသက် - ၁၆ နှစ်]
[သစ္စာရှိမှု (ခေါင်းဆောင်/ဂိုဏ်းချုပ်) - ၇၂/၈၄ (အများဆုံး ၁၀၀)]
[ကျင့်ကြံမှု ပါရမီ - ကောင်းမွန်သည်]
[နားလည်နိုင်စွမ်း - အရည်အချင်းမရှိ]
[ကံကြမ္မာ - မွေးရာပါ သူရဲကောင်း၊ ရုတ်တရက် ဉာဏ်အလင်းပွင့်ခြင်း]
[မွေးရာပါ သူရဲကောင်း - မွေးရာပါ စိတ်သဘောထား ကောင်းမွန်ပြီး ကူညီတတ်သူ ဖြစ်သည်။ သိုင်းလောက သူရဲကောင်းများကို လေးစားပြီး ကမ္ဘာလောကက လေးစားသော သူရဲကောင်းတစ်ဦး ဖြစ်လာရန် ရည်မှန်းထားသည်။]
[ရုတ်တရက် ဉာဏ်အလင်းပွင့်ခြင်း - နားလည်နိုင်စွမ်း ထိုင်းမှိုင်းသော်လည်း သေရေးရှင်ရေး အခြေအနေ ကြုံတွေ့ရပါက ရုတ်တရက် ဉာဏ်အလင်းပွင့်ခြင်း ဖြစ်ပေါ်ပြီး မိမိနှင့် သင့်လျော်သော မသေမျိုးပညာရပ်များကို နားလည်သဘောပေါက်နိုင်သည်]
…
သစ္စာရှိမှုက ဒီလောက် မြင့်နေတာလား..
.
လီချင်းချိုး အံ့သြသွားသော်လည်း [မွေးရာပါ သူရဲကောင်း] ဖော်ပြချက်ကို မြင်လိုက်ရသောအခါ ချက်ချင်း နားလည်သွားလေသည်။
ဒီကောင်လေးက ဒီလောက် အလားအလာ ရှိမယ်လို့ မထင်ထားခဲ့ဘူး…
လီချင်းချိုးက ယဲ့နန်ကို သနားသောကြောင့်သာ ခေါ်ထားခြင်း ဖြစ်သည်။ ထို့အပြင် မော့လီ၏ မှတ်ဉာဏ်ထဲတွင် ယဲ့နန်က အခြားသူများကို အမြဲ ကူညီတတ်သဖြင့် ပြဿနာများစွာ တက်လေ့ရှိသည်ကိုမြင်ခဲ့ရသည်။
ကံကောင်းသည်မှာ မော့လီ၏ သိုင်းပညာ မြင့်မားသောကြောင့်သာ အဆင်ပြေခဲ့ခြင်း ဖြစ်သည်။
ထို သူရဲကောင်း စိတ်ဓာတ်ကြောင့်ပင် မော့လီက သူ့ကို ခေါ်ထားရန် ဆန္ဒရှိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ အစပိုင်းတွင် မော့လီက သူ့ကို လျစ်လျူရှုထားခဲ့သော်လည်း ရွာသားများနှင့် ဒုက္ခသည်များကို ကူညီပေးသည်ကို မြင်သောအခါ မော့လီက သိုင်းပညာ စတင် သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ယဲ့နန်က ခြိမ်းခြောက်မှု တစ်ခု မဟုတ်တော့သဖြင့် လီချင်းချိုး စိတ်သက်သာရာ ရသွားသည်။
ဆက်လက် ကျင့်ကြံနေစဉ် ယဲ့နန်ကို မည်သူ့ဘေးနားတွင် ထားရမည်ကို သူ စဉ်းစားလိုက်သည်။
ယဲ့နန်၏ ပါရမီနှင့် နားလည်နိုင်စွမ်းက လက်ရှိ ချင်းရှောင်ဂိုဏ်းတွင် ထူးချွန်သည်ဟု မဆိုနိုင်သော်လည်း [ရုတ်တရက် ဉာဏ်အလင်းပွင့်ခြင်း] ကံကြမ္မာကြောင့် ယဲ့နန်၏ အလားအလာကို ခန့်မှန်းရ ခက်ခဲစေသည်။ အကယ်၍ နောင်တစ်ချိန်တွင် အံ့ဖွယ် မသေမျိုးပညာရပ်များကို သူ နားလည်သဘောပေါက်သွားလျှင် မည်သို့ လုပ်မည်နည်း။
လီချင်းချိုး၏ ပထမဆုံး စဉ်းစားမိသူများမှာ သူ့ရဲ့ ဂျူနီယာညီ၊ ညီမများဖြစ်ပြီး သူတို့၏ အင်အားကို ဖြည့်ဆည်းပေးနိုင်ရန် ဖြစ်သည်။
အသေအချာ စဉ်းစားပြီးနောက် ယဲ့နန်ကို လီတုန်းယွဲ့ ထံသို့ လွှဲပြောင်းပေးရန် ဆုံးဖြတ်လိုက်လေသည်။
လီတုန်းယွဲ့က နူးညံ့သိမ်မွေ့သူ ဖြစ်သဖြင့် ယဲ့နန်ကို လမ်းမှားရောက်အောင် လုပ်မည် မဟုတ်ပေ။ ထို့အပြင် သူမ၏ လက်အောက်တွင် လူသားလမ်းစဉ် ဘိုးဘေးလည်း ကြီးပြင်းလာနေပြီ ဖြစ်သည်။
…
ဆောင်းဦးရာသီ ရောက်လာသည်နှင့်အမျှ သတင်းတစ်ခု ချင်းရှောင်ဂိုဏ်းတစ်ခွင် ပျံ့နှံ့သွားလေသည်။
ဂိုဏ်းက ယခင်ဆုကြေးထုတ်ထားသော ကျန်းကျိုးရှိ တပည့်ရင်း အဖွဲ့၏ လက်ချက်ဖြင့် ရွှေမြွေဂိုဏ်း သုတ်သင်ခံလိုက်ရပြီး အသက်ရှင်ကျန်ရစ်သူ တစ်ဦးမျှ မရှိကြောင်း သတင်းပင် ဖြစ်သည်။
တပည့်အများစုက ဂိုဏ်း၏ အင်အားနှင့် လုပ်ဆောင်နိုင်စွမ်းအတွက် ဂုဏ်ယူကြသော်လည်း အချို့ကမူ ရက်စက်လွန်းသည်ဟု ခံစားကြရသည်။
နောက်ပိုင်းတွင် ကုန့်လင်ခန်းမက ကြေညာချက်များ ထုတ်ပြန်ခဲ့ပြီး ရွှေမြွေဂိုဏ်းက ချင်းရှောင်ဂိုဏ်းအတွင်း သူလျှိုများ ထည့်သွင်းထားကြောင်းနှင့် ချင်းရှောင်ဂိုဏ်းက မိစ္ဆာလမ်းစဉ်ဖြစ်ကြောင်း ကျန်းဟူတွင် ကောလာဟလများ ဖြန့်ခဲ့သည်ဟု ဖော်ပြလိုက်လေသည်။
အမှန်တရား ပေါ်လာပြီးနောက် တပည့်အနည်းငယ်က သံသယ ရှိနေသေးသော်လည်း တပည့်အများစုမှာ စိတ်သက်သာရာ ရသွားကြသည်။
သူလျှို ကိစ္စကို ဂိုဏ်းတစ်ခုလုံးသို့ ပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်ပြီး တပည့်များကြားတွင် အခြားဂိုဏ်းများမှ သူလျှိုများ ပုန်းအောင်းနေနိုင်ကြောင်း ပြသလိုက်သဖြင့် တပည့်များအားလုံး သူတို့၏ မိတ်ဆွေများကို ပိုမို သတိထားလာကြသည်။
ထိုနေ့ မွန်းလွဲပိုင်းတွင်……
တောအုပ်ထဲ၌ ရှောင်ညီအစ်ကိုသုံးဖော်ကို လီချင်းချိုး ဓားသိုင်း သင်ပေးနေစဉ် ကျန်းယွီချွန်း ရောက်ရှိလာပြီး သူ့ဘေးတွင် ရပ်ကာ……
"စီနီယာအစ်ကိုကြီး... ယဲ့နန်ကို လင်းစိုင်ခန်းမမှာ ထားလိုက်တာ နည်းနည်း မသင့်တော်ဘူး မဟုတ်လား... ဘာပဲဖြစ်ဖြစ် သူ့ဆရာက ကျွန်တော်တို့ ရှေ့မှာတင် သေသွားတာလေ..."
"စိတ်မပူပါနဲ့... ဒီကလေးက စိတ်သဘောထား ကောင်းပြီး အမှားအမှန် ခွဲခြားသိပါတယ်..."
"တကယ်လို့ အဆင်မပြေရင် သူ့ကို ကုန့်လင်ခန်းမမှာ အလုပ်လုပ်ခိုင်းပြီး ကျွန်တော် ကိုယ်တိုင် စောင့်ကြည့်ပေးလို့ ရသားပဲကို..."
"ထားလိုက်ပါ... မင်းက သူ့အပေါ် အစွဲရှိနေပြီသား... မင်းသာ သူ့ကို သင်ပေးမယ်ဆိုရင် သူ ဂိုဏ်းနဲ့ ဝေးကွာသွားလိမ့်မယ်..."
"ကောင်းပါပြီ..."
ကျန်းယွီချွန်း လက်လျော့လိုက်ချေပြီ။
လီချင်းချိုး ဆုံးဖြတ်ပြီးလျှင် မည်သူမျှ ပြောင်းလဲ၍ မရနိုင်ကြောင်း သူ သိထားသည်။ထို့ကြောင့် နောင်တွင် ယဲ့နန်ကို ပိုမို ဂရုစိုက် စောင့်ကြည့်ရုံသာ ရှိတော့သည်။
"ဆဋ္ဌမဂျူနီယာညီလေး (လီစစ်ဖုန်း) က ဖေမိသားစုကို တုန်းလင်းစီရင်စုကို ပေါင်းစည်းနိုင်အောင် ကူညီပေးခဲ့တယ်... ခုနက ကျန်းယွီ သေသွားပြီးနောက်ပိုင်း ကုကျိုးစီရင်စု ကို ချင်မိသားစုက ထိန်းချုပ်တော့မယ်... စီနီယာအစ်ကိုကြီး... တကယ်လို့ ဒီနှစ်ဖက် တိုက်ခိုက်ကြရင် ကျွန်တော်တို့ ဘယ်သူ့ဘက်က ကူညီမလဲ..."