နတ်ဘုရားစွမ်းရည် အမွေအနှစ်….
Vol. 16 Ch. 152
"ကူညီမယ် ဟုတ်လား... ဘာလို့ ကူညီရမှာလဲ..."
လီချင်းချိုးက မေးခွန်းပြန်ထုတ်လိုက်ပြီး သူ့အကြည့်များက ရှောင်ဝူတိပေါ်သို့ ကျရောက်သွားကာ အလွန် ကျေနပ်နေပုံရသည်။
ညီအစ်ကို သုံးယောက်အနက် ရှောင်ဝူချင်းက ပါရမီ နှင့် နားလည်နိုင်စွမ်း အကောင်းဆုံး ဖြစ်ပြီး လီရန် နှင့် ကျိယာတို့နှင့်တန်းတူလိုက်နိုင်သည်။
သို့သော် ရှောင်ဝူတိတွင် [ကိုယ်ခန္ဓာကျင့်ကြံသူ] ကံကြမ္မာ ပါရှိပြီး ကျောက်ကျိန်း ဖန်တီးထားသော ကိုယ်ခန္ဓာကျင့်စဉ်ကို ကျင့်ကြံရာတွင် အခြားသူများထက် များစွာ သာလွန်နေသဖြင့် ခွန်အားအရာ၌ ရှောင်ဝူချင်းနှင့် ရှောင်ဝူမင်းတို့ထက် သိသိသာသာ ပိုမို သန်မာလေသည်။
ကျန်းယွီချွန်းက အံ့သြတကြီးဖြင့်….
"စီနီယာအစ်ကိုကြီး... အစ်ကိုကြီးက မကူညီဘူးဆိုရင် အရင်တုန်းက ကျွန်တော့်ကို ပြောခဲ့တဲ့ နတ်ဘုရားအာဏာအပ်နှင်းခြင်းဆိုတာ ဘာအဓိပ္ပာယ်လဲ..."
သူ နားလည်မှု လွဲနေတာများလား…
"မင်း ထင်တဲ့အတိုင်းပဲ... ထီးနန်းအာဏာကို ငါတို့ ဆုံးဖြတ်မှာ... ဒါပေမဲ့ ဘယ်လို ဆုံးဖြတ်မလဲ... သဘာဝကျကျပဲ ဘယ်သူက ကမ္ဘာကြီးကို ငြိမ်းချမ်းအောင် လုပ်နိုင်မလဲ... ပြီးတော့ ဘယ်သူ့ နှလုံးသားက ချင်းရှောင်ဂိုဏ်းနဲ့ထပ်တူ ရှိနေမလဲ ဆိုတာအပေါ် မူတည်တယ်..."
"ဒါဆို စီနီယာအစ်ကိုကြီး ဆိုလိုတာက ပညာရှိတဲ့ အုပ်ချုပ်သူ ဘယ်သူလဲ ဆိုတာ သိရအောင် သူတို့ကို ခဏလောက် တိုက်ခိုက်ခိုင်းလိုက်ဆိုတဲ့ သဘောလား..."
"စစ်ပွဲတွေကြောင့် လူတွေအများကြီး သေကြရပေမဲ့ တကယ်လို့ ရက်စက်တဲ့ အာဏာရှင် ဒါမှမဟုတ် အရည်အချင်းမရှိတဲ့ အုပ်ချုပ်သူကို ရွေးလိုက်မိရင် လူတွေ ပိုသေလိမ့်မယ်... အသက်ရှင်ကျန်ရစ်သူတွေကလည်း သေတာထက်ဆိုးတဲ့ ကံကြမ္မာကို ခံစားရလိမ့်မယ်..."
လီချင်းချိုး ထိုသို့ ပြန်ဖြေလိုက်သောအခါ သူ၏ လေသံမှာ လုံးဝကို အေးစက်စက်ပင် ဖြစ်နေသည်။
ကျန်းယွီချွန်းကလည်း ထိုအချက်ကို သဘောတူလိုက်သည်။ ကျောက်ကျိ အုပ်စိုးစဉ်က လူတိုင်း ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုတို့ဖြင့် နေထိုင်ခဲ့ကြရသည်။ လူများစွာအတွက် ထိုနေ့ရက်များက သေရသည်ထက် ဆိုးရွားခဲ့သည်မှာ အမှန်ပင်။
"ကမ္ဘာ့အာဏာလုပွဲတွေနဲ့ ပတ်သက်တဲ့ ဘယ်ကိစ္စကိုမဆို ဘယ်သူကပဲ လာပြောပြော ချင်းရှောင်ဂိုဏ်းအနေနဲ့ ငြင်းပယ်ရမယ်... ပြီးတော့ စစ်မြေပြင်နဲ့ ပတ်သက်တဲ့ ဘယ်တာဝန်ကိုမှ ရှီးလျန့်ခန်းမမှာ လက်မခံရဘူး..."
လီစစ်ဖုန်း၌ ဧကရာဇ် ဖြစ်လိုသော ရည်မှန်းချက်ရှိသော်လည်း လီချင်းချိုး အနေဖြင့် အတင်းအကျပ် ကူညီမည် မဟုတ်ပေ။
အကယ်၍ သူ့တွင် အရည်အချင်း မရှိလျှင် စောစီးစွာ လက်လျော့ပြီး ချင်းရှောင်ဂိုဏ်းသို့ ပြန်လာကာ မသေမျိုးလမ်းစဉ် ကျင့်ကြံခြင်းကသာ ပိုကောင်းပေလိမ့်မည်။ လီချင်းချိုးကလည်း ထိုရွေးချယ်မှုကို ပိုနှစ်သက်သည်။
ဖေမြောင်၏ [နဂါးနှစ်ကောင်၏ ဧကရီ] ကံကြမ္မာနှင့် ပတ်သက်၍ လီချင်းချိုး အတွက် သိပ်အရေးမကြီးလှပေ။ သူ့အနေနှင့် သူမ၏ ကံကြမ္မာအတိုင်း လိုက်လံ လုပ်ဆောင်ပေးစရာ မလိုပေ။
လီချင်းချိုးက အခြားသူများ၏ ကံကြမ္မာ နောက်သို့ လိုက်ပါ စီးမြောရသည်ကို မနှစ်သက်ပေ။
အကယ်၍ သူ့ကို မထိခိုက်လျှင် သဘာဝအတိုင်း ဖြစ်ပျက်ပါစေ။ အကယ်၍ သူ့ကို ထိခိုက်လာလျှင် အခြားသူများ၏ ကံကြမ္မာကို ပြောင်းလဲပစ်ရန် ဝန်လေးမည် မဟုတ်ပေ။
ကျန်းယွီချွန်းက လီချင်းချိုး၏ စကားများကို စဉ်းစားရင်း မိမိ၏ အစီအစဉ်များကိုလည်း တွေးတောနေမိသည်။
သူတို့နှစ်ဦး ခေတ္တမျှ စကားပြောပြီးနောက် ကျန်းယွီချွန်း ပြန်သွားလေသည်။
ရှောင်ညီအစ်ကိုသုံးဖော် မူလချီ ကုန်ခမ်းသွားသောအခါ လီချင်းချိုးက သူတို့ကို အနားယူခိုင်းလိုက်သည်။
လီချင်းချိုးက သူတို့၏ အားနည်းချက်များကို ထောက်ပြပြီး အနာဂတ် ကျင့်ကြံမှု လမ်းကြောင်းကို စီစဉ်ပေးလိုက်သည်။ ထို့နောက် ရှောင်ဝူချင်းအား တောင်ပေါ်တွင် ပိုမို သွားလာရန်နှင့် တပည့်များနှင့် ပိုမို ထိတွေ့ဆက်ဆံရန် ဆုံးမလိုက်သေးသည်။
"ညီအစ်ကို သုံးယောက်ထဲမှာ ဝူတိက ခေါင်းမာပြီး အလျှော့မပေးတတ်ဘူး... ဝူမင်းကျတော့ စိုးရိမ်ပူပန်မှုတွေကို မျိုသိပ်ထားတတ်တယ်... ဒါကြောင့် မင်းတို့ သုံးယောက်ရဲ့ ခေါင်းဆောင် အနေနဲ့တင် မကဘဲ မင်းတို့နဲ့ ဂိုဏ်းသားတွေကြား ဆက်ဆံရေး ကောင်းမွန်အောင် ထိန်းသိမ်းဖို့အတွက် ဝူချင်းကို ပိုပြီး တာဝန်ယူစေချင်တယ်..."
"မှတ်ထားပါ... မင်းတို့ ဘယ်လောက်ပဲ သန်မာပါစေ... မင်းတို့ဟာ ချင်းရှောင်ဂိုဏ်းသားတွေပဲ... တခြားတပည့်တွေအပေါ် မာန်မာန မထားနဲ့... ဂျူနီယာတွေနဲ့ တွေ့ရင် ငါ မင်းတို့ကို ဆက်ဆံခဲ့သလိုမျိုး ကူညီပေးပါ... နားလည်လား..."ဟု
လီချင်းချိုး လေးနက်စွာ ပြောလိုက်ရာ ညီအစ်ကို သုံးယောက်စလုံး လေးလေးနက်နက် ခေါင်းညိတ်လိုက်ကြသည်။
ကျင့်ကြံခြင်းကို သင်ကြားပေးခြင်းအပြင် သူတို့ လမ်းမှားမရောက်စေရန် အမှားအမှန် ခွဲခြားတတ်သည့် စိတ်ဓာတ်ကိုလည်း ရိုက်သွင်းပေးနေခြင်း ဖြစ်သည်။
သေချာပေါက် သူ့ရဲ့ စီစဉ်မှုအတွက် အခြား အကြောင်းပြချက် တစ်ခု ရှိသေးသည်။ ၎င်းမှာ ရှောင်ဝူချင်း အား [ဉာဏ်ပညာမျက်လုံး]ကံကြမ္မာကို အသုံးပြုစေလိုခြင်း ဖြစ်သည်။
ဒါဟာလည်း ဂိုဏ်းတွင်းရှိ ပါရမီရှင်များကို ပိုမို ရှာဖွေတွေ့ရှိနိုင်ရန် ကူညီပေးစေလိုသောကြောင့် ဖြစ်သည်။
…
ပြည်နယ်အသီးသီးတွင် စစ်ပွဲများ ဆက်တိုက် ဖြစ်ပွားနေချိန်၌ ချင်းရှောင်ဂိုဏ်းက ရွှေမြွေဂိုဏ်းကို သုတ်သင်လိုက်ခြင်းသည် သိုင်းလောက ကို တုန်လှုပ်သွားစေခဲ့ပြီး သိုင်းလောကသား အများအပြားက ချင်းရှောင်ဂိုဏ်းက အလွန် ကြီးစိုးမင်းမူ နေသည်ဟု စွပ်စွဲလာကြသည်။
သို့သော် ချင်းရှောင်ဂိုဏ်းက ထိန်းချုပ်မနေဘဲ သိုင်းလောက ဂိုဏ်းများကို သုတ်သင်မည့် တာဝန်များကို ဆက်လက် ထုတ်ပြန်နေခဲ့သည်။
ဆောင်းဦးနှောင်းပိုင်းတွင် သတင်းတစ်ခုက ကမ္ဘာလောကကို တုန်လှုပ်သွားစေခဲ့သည်။
ယခုတစ်ကြိမ်တွင် သိုင်းလောက သာမက ကမ္ဘာပေါ်ရှိ နယ်စားမင်းများ အားလုံး ကြောက်ရွံ့သွားကြသည်။
ယွီကျိုးစီရင်စု၏ အုပ်ချုပ်သူအသစ် ကျန်းယွီက စီရင်စုမြို့တော်ရှိ အိမ်တော် အတွင်း၌ ချင်းရှောင်ဂိုဏ်းသား၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရသည်။ ထို့အပြင် ခိုးကြောင်ခိုးဝှက် လုပ်ကြံခြင်း မဟုတ်ဘဲ ဥပဒေမဲ့ ဝင်ရောက် စီးနင်းသတ်ဖြတ်ခြင်း ဖြစ်လေသည်။
ကျန်းယွီကို သတ်ဖြတ်ခဲ့သူမှာ ချင်းရှောင်ဂိုဏ်းမှ ကုချန်ဖျင်ဖြစ်ပြီး ဓမ္မတိုက်ပွဲ ညီလာခံတွင် ထိပ်သီးဆယ်ယောက် စာရင်းဝင်ခဲ့သူ ဖြစ်ကာ တိုက်ပွဲတစ်ပွဲတည်းဖြင့် နာမည်ကြီးလာခဲ့သူဖြစ်သည်။
သူသည် ကျန်းယွီ၏ ခေါင်းပြတ်ကို ကိုင်ဆောင်၍ စီရင်စုမြို့တော် ထဲမှ ထွက်ခွာလာရာ မည်သူမျှ တားဆီးနိုင်ခြင်း မရှိပေ။ ၎င်းမှာ လွန်ခဲ့သော နှစ်များက ချင်းရှောင်ဂိုဏ်း ဂိုဏ်းချုပ် လီချင်းချိုး၏ ပုံစံအတိုင်း ဖြစ်လေသည်။
ခရီးပန်းလာသော ကုချန်ဖျင်က ကျန်းယွီ၏ ခေါင်းပြတ်ကို သယ်ဆောင်လျက် ချင်းရှောင်တောင် သို့ ပြန်ရောက်လာသည်။ သူ့ ဝတ်ရုံတွင် သွေးများ စွန်းထင်းနေပြီး သွေးစွန်းနေသော အထုပ်တစ်ထုပ်ကို သယ်ဆောင်လာသဖြင့် လမ်းတစ်လျှောက်ရှိ တပည့်များ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။
သူနှင့် ရင်းနှီးသော တပည့်တစ်ဦးက ဘာသယ်လာသလဲဟု မေးမြန်းရာ သူက တိုးတိုးလေး ရယ်မောပြီး….
"ယွီကျိုး မြို့စားမင်း ကျန်းယွီရဲ့ ခေါင်းလေ..."ဟု ပြန်ဖြေလိုက်သည်။
ထိုစကားကြောင့် အနီးနားရှိ တပည့်များ မှင်သက်သွားကြသည်။
ကုချန်ဖျင်က ထိုသူများကို ဂရုမစိုက်ဘဲ တောင်ပေါ်သို့ ဟန်ပါပါ လမ်းလျှောက်တက်သွားပြီး ရှီးလျန့်ခန်းမထဲသို့ ဝင်ကာ ကောင်တာပေါ်တွင် ကျန်းယွီ၏ ခေါင်းကို တင်လိုက်ရာ တာဝန်ကျ တပည့်မှာ မျက်လုံးများ ပြူးကျယ်သွားရလေသည်။
ဤအဖြစ်အပျက်က ချင်းရှောင်ဂိုဏ်း အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးစရာ ဖြစ်လာခဲ့ပြီး ကုချန်ဖျင် သည်လည်း တပည့်ရင်း မဖြစ်မီကပင် ဂိုဏ်းတစ်ခုလုံး၌ နာမည်ကြီးနေပြီ ဖြစ်သည်။
ဓမ္မတိုက်ပွဲ ညီလာခံတွင် ကုချန်ဖျင်၏ တိုက်ခိုက်ပုံများက သိပ်ထူးခြားခြင်း မရှိခဲ့ပေ။ သူသည် ဘက်စုံ ကောင်းမွန်သော်လည်း ကျောက်ကျိန်းလိုထူးခြားသော စွမ်းရည်များ မရှိသလို ရွှယ်ကျင်းလို သတ်ဖြတ်လိုစိတ် ပြင်းထန်သော ဓားကွက်များလည်း မရှိပေ။ ထို့ကြောင့် သူသည် ထိပ်သီးဆယ်ယောက် အကြားတွင် တည်ရှိမှု အားနည်းသည်ဟု သတ်မှတ်ခံထားရသည်။
ဤအောင်မြင်မှုနှင့်အတူ ကုချန်ဖျင်၏ ဂုဏ်သတင်းက ယခုအခါ ရွှယ်ကျင်း နှင့် နီးကပ်လာပြီ ဖြစ်သည်။
ထိုနေ့ မွန်းလွဲပိုင်းတွင် လီချင်းချိုးက ချိုင်ယွင်ရှန်း နှင့် ကုချန်ဖျင်တို့ကို လင်းရှောင်ခြံဝင်းသို့ ဆင့်ခေါ်လိုက်သည်။
အခြားသူများရှေ့တွင် အလွန် တည်ငြိမ်လေ့ရှိသော ကုချန်ဖျင်ကတော့ ယခုအခါ ပုံမှန်မဟုတ်ဘဲ စိတ်လှုပ်ရှားနေသည်။ ဂိုဏ်းချုပ်က သူ့ကို ချီးကျူးသောအခါ နားရွက်များ ရဲတက်လာပြီး နှိမ့်ချစွာ ပြန်လည် ဖြေကြားခဲ့သည်။
ကုချန်ဖျင်က အလွန်အမင်း ချောမောလှပသူ မဟုတ်သော်လည်း အရပ်ရှည်ပြီး မတ်မတ်ရပ်တတ်ကာ စိတ်ဓာတ်ကြံ့ခိုင်သူ ဖြစ်သဖြင့် လီချင်းချိုး သဘောကျမိသည်။
သူ့ကို ခဏမျှ ချီးကျူးပြီးနောက် လီချင်းချိုး သူ့ကို ပြန်လွှတ်လိုက်သည်။
ကုချန်ဖျင် ထွက်သွားပြီးနောက် လီချင်းချိုးက ချိုင်ယွင်ရှန်း ကို ပြုံးပြပြီး…..
"ကဲ... ဒီတပည့်က မင်းကို စိတ်ပျက်အောင် မလုပ်ခဲ့ဘူး မဟုတ်လား..."
ကုချန်ဖျင်၏ ကျင့်ကြံမှု စိတ်နေသဘောထားမှာ အလွန်ကောင်းမွန်သော်လည်း နားလည်နိုင်စွမ်းကတော့ သာမန်မျှသာ ဖြစ်သည်။ လီချင်းချိုးက ခန်းမကြီး ၇ ခု စလုံးကို မျှတမှု ရှိစေရန် ပါရမီရှင်များဖြင့် ဖြည့်ဆည်းပေးနေခြင်း ဖြစ်ပေသည်။
ယခုအခါ ချိုင်ယွင်ရှန်းက ကျီဖှာခန်းမ ၏ ခန်းမသခင် ဖြစ်လာခဲ့ပြီဖြစ်သည်။ သူမ၏ အရှိန်အဝါကလည်း တောင်ပေါ်တက်လာစဉ်ကထက် ပိုမို အေးစက်လာပြီး အကြည့်များပိုမို စူးရှနေသည်။
လီချင်းချိုး၏ မေးခွန်းကို ကြားသောအခါ သူမက ဖျော့တော့စွာ ပြုံးလိုက်ပြီး…..
"သူ တကယ်ပဲ တော်ပါတယ်... ကျွန်မ မျှော်လင့်ထားတာထက် ပိုကောင်းတယ်... ကျီဖှာခန်းမအတွက် သူ့ကို ရွေးချယ်ပေးလို့ ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်..."
"ဒီနေ့ကစပြီး ကျီဖှာခန်းမရဲ့ တပည့်ဦးရေကို ၂၀၀ အထိ တိုးမြှင့်လိုက်မယ်... ကုချန်ဖျင်က နှစ်ယောက် ထပ်ထည့်လို့ ရတယ်... ကျန်တဲ့ နေရာတွေကို မင်းပဲ ဆုံးဖြတ်လိုက်..."ဟု လီချင်းချိုးက ချိုင်ယွင်ရှန်းကို ကြည့်ပြီး ပြုံးလျက် ပြောလိုက်သည်။
ထိုအခါ ချိုင်ယွင်ရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး….
"ဂိုဏ်းချုပ်... သူ့ကို ဒီလိုမျိုး ဆုချလို့ မရပါဘူး... ပြဿနာ ဖြစ်လာလိမ့်မယ်... တပည့်နေရာတွေကို တရားမျှတစွာ ပေးအပ်သင့်ပါတယ်... တခြားခန်းမတွေကို ကျွန်မ မထိန်းချုပ်နိုင်ပေမဲ့ ကျီဖှာခန်းမကတော့ ဒီလိုပဲ လုပ်ရပါမယ်..."
သူမ၏ စကားလုံးက အနည်းငယ် ကြမ်းတမ်းသော်လည်း လီချင်းချိုး ဒေါသ မထွက်ပေ။ ဆန့်ကျင်ဘက် အနေဖြင့် စိတ်သက်သာရာ ရသွားခဲ့သည်။
"ကောင်းပြီ... မင်းသဘောအတိုင်း လုပ်ပါ..."
လီချင်းချိုး၏ အပြုံးကို ကြည့်ရင်း ချိုင်ယွင်ရှန်း ရုတ်တရက် နောင်တရသွားပြီး ဂိုဏ်းချုပ်ကို ပြစ်မှားမိပြီဟု သဘောပေါက်လိုက်သည်။ သို့သော် သူမ မတောင်းပန်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူမ အမှားလုပ်မိသည်ဟု မခံစားရဘဲ သူမ၏ သဘောထားကသာ ပြဿနာ ဖြစ်သည်ဟု ခံစားရသောကြောင့်ပင်…
လီချင်းချိုးကလည်း သူမကို အပြစ်မတင်ပေ။ သူလည်း သူမ အမှားမလုပ်မိကြောင်း ခံစားမိသည်။
ထို့နောက် လီချင်းချိုးက သူမကို ထွက်သွားရန် လက်ပြလိုက်ရာ သူမ ချက်ချင်း ဦးညွှတ်ပြီး နှုတ်ဆက် ထွက်ခွာသွားလေသည်။
လှည့်ထွက်သွားပြီးနောက် သူမ ခေတ္တမျှ တွန့်ဆုတ်နေပြီး ခြံဝင်းတံခါးဝသို့ ရောက်သောအခါ လှည့်ကြည့်ကာ တောင်းပန်စကား ဆိုချင်သော်လည်း လီချင်းချိုးကို မတွေ့ရတော့ပေ။
…
ဆောင်းရာသီတွင် နှင်းများ ကျဆင်းလာပြီး ကောင်းကင်၊ မြေကြီး၊ တောင်များနှင့် မြစ်များကို နှင်းများ တဖြည်းဖြည်း ဖုံးလွှမ်းသွားလေသည်။
ထိုနေ့ နံနက်တွင် လီချင်းချိုးက ယွမ်လီ နှင့် ကျိယာတို့ကို သင်ကြားပေးရန် အချိန်ပေးခဲ့သည်။
ကျောက်ကျိန်းကတော့ သူ့လမ်းညွှန်မှုကို မလိုအပ်တော့ဘဲ မလှမ်းမကမ်းရှိ သစ်ပင်အောက်တွင် တစ်ယောက်တည်း ထိုင်ကာ နက်နက်နဲနဲ တွေးတောနေသည်။
"ဂိုဏ်းချုပ်..."
ထိုစဉ် စိတ်လှုပ်ရှားစွာ ရယ်မောသံ ထွက်ပေါ်လာပြီး လီရန်က ငွေရောင်လှံတံပေါ်တွင် ရပ်လျက် ကျောက်ကမ်းပါးအောက်ရှိ နှင်းမြူများကြားမှ ပျံသန်းထွက်လာကာ လီချင်းချိုး၏ ဘေးသို့ ဆင်းသက်လိုက်လေသည်။ သူသည် ညာလက်ကို မြှောက်လိုက်ပြီး ငွေရောင်လှံတံကို တည်ငြိမ်စွာ ဖမ်းယူလိုက်သေးသည်။
"ဂိုဏ်းချုပ်... ကျွန်တော် မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့်ကို ရောက်သွားပြီ..." ဟု လီရန်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
ထိုစကားကို ကြားသောအခါ ယွမ်လီနှင့် ကျိယာတို့ လှည့်ကြည့်လိုက်ကြရာ မျက်လုံးထဲတွင် အားကျမှုများ ပြည့်နှက်နေသည်။
အထူးသဖြင့် ယွမ်လီကတော့ အင်္ကျီလက်ထဲရှိ လက်သီးများကို မသိမသာ ဆုပ်ကိုင်ထားမိသည်။
လီချင်းချိုးက လီရန် ဘက်သို့ လှည့်ကြည့်လိုက်ရာ ကျေနပ်သော မျက်နှာထားဖြင့် ပြုံးလိုက်ပြီး….
"မဆိုးဘူး... မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်ခဲ့ဘူး..."
သူသည် လီရန်ကို တပည့်ရင်း တစ်ဦးကဲ့သို့ ဆက်ဆံပြီး ကိုယ်တိုင် သင်ကြားပေးကာ ကျင့်ကြံရေး အရင်းအမြစ်များစွာ ထောက်ပံ့ပေးခဲ့သည်။ လီရန် သည်လည်း အလွန် ကြိုးစားပြီး အချိန်အများစုကို ကျင့်ကြံခြင်း၌သာ မြှုပ်နှံထားသဖြင့် ကျင့်ကြံမှု အဆင့်က ဂိုဏ်း၏ ထိပ်တန်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"အကုန်လုံး ဂိုဏ်းချုပ်ရဲ့ တန်ဖိုးထားမှုနဲ့ ပြုစုပျိုးထောင်ပေးမှုကြောင့်ပါ..."
သူသည် လီချင်းချိုးထက် အသက်တစ်နှစ်ကြီးပြီး မျိုးရိုးနာမည် တူညီကာ လီချင်းချိုး၏ ဖခင်အရင်းကိုပင် သိကျွမ်းသော်လည်း လီချင်းချိုးကို ရင်ထဲမှ လေးစားပြီး ဆရာတစ်ဦးကဲ့သို့ သဘောထားလေသည်။
"မင်းရဲ့ ကျင့်ကြံမှု အောင်မြင်ပြီဆိုတော့ အချိန်ကိုက်ပဲ... ငါ မင်းကို တာဝန်တစ်ခု ပေးမယ်..."
"ပြောပါ... ကျွန်တော် သေချာပေါက် အကောင်းဆုံး လုပ်ဆောင်ပါ့မယ်..."
လီရန်၏ မျက်နှာထား လေးနက်သွားပြီး လီချင်းချိုးကို စိုက်ကြည့်နေသည်။
"တပည့်တစ်ယောက်က နန်ချူးပြည်နယ်မှာ ဝိညာဉ်ချီ အတော်လေး ပေါကြွယ်ဝတဲ့ တောအုပ်တစ်ခုကို တွေ့ခဲ့တယ်... ဒါပေမဲ့ သူ့ကျင့်ကြံမှု အဆင့် နိမ့်နေလို့ နက်နက်ရှိုင်းရှိုင်း မစုံစမ်းရဲခဲ့ဘူး... မင်း အဲဒီကို သွားလိုက်... အသေးစိတ် အချက်အလက်တွေကို ရှီးလျန့်ခန်းမကို သွားပြီး ကျန့်ယွင်ချောင်ကို မေးလိုက်... ငါ မင်းကို နတ်ဘုရားခြေရာတောအုပ်ကို လွှတ်လိုက်တယ်လို့သာ ပြောလိုက်ပါ..."
"ကောင်းပါပြီ... အခုချက်ချင်း သွားလိုက်ပါ့မယ်..."
လီရန် လက်မြှောက် နှုတ်ဆက်လိုက်ပြီးနောက် ကျောက်ကမ်းပါးပေါ်မှ ခုန်ဆင်းကာ နှင်းမြူများကြားတွင် ပျောက်ကွယ်သွားလေသည်ကိုမြင်သောအခါ လီချင်းချိုး၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားသည်။
သူ ကိုယ်တိုင် လုပ်စရာ မလိုဘဲ တပည့်များကို တာဝန်ပေးခိုင်းစေရသည့် ထိန်းချုပ်နိုင်စွမ်း ခံစားချက်ကို နှစ်သက်လေသည်။
ပြင်ပတွင် လေ့ကျင့်နေသော တပည့်များက ရတနာများကို ရှာဖွေတွေ့ရှိပြီး ချင်းရှောင်ဂိုဏ်းသို့ ပြန်သယ်လာကြသည်။
ဤ ရတနာများမှာ သဘာဝအလျောက် ပေါက်ရောက်သော ဝိညာဉ်ဆေးပင်များ ဖြစ်ကြပြီး လီစစ်ကျင်ကို စိတ်ကူးအသစ်များ ပိုမို ရရှိစေကာ ဝိညာဉ်ဆေးပင် စိုက်ပျိုးရေး စီမံကိန်းကို မြှင့်တင်ပေးလေသည်။
ထို့အပြင် တပည့်များသည် လျှို့ဝှက်ကျမ်းစာများ၊ ရှားပါး ပစ္စည်းများနှင့် သတ္တုရိုင်းများ အစရှိသော အခြားအရာများကိုလည်း ပြန်သယ်လာကြသည်။ ဂိုဏ်းဘက်က ဤပစ္စည်းများ၏ တန်ဖိုးကို တွက်ချက်ပြီး တပည့်များ၏ ဆန္ဒအရ ငွေကြေး သို့မဟုတ် တာအိုကံတရား အဖြစ် ပြောင်းလဲပေးကာ ဆုချီးမြှင့်ပေးသည်။
ချင်းရှောင်ဂိုဏ်းသည် ယခုအခါ လီချင်းချိုး စိတ်ကူးထားသည့်အတိုင်း လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ယခုအခါ လီချင်းချိုး လပေါင်းများစွာ တံခါးပိတ် ကျင့်ကြံနေလျှင်ပင် ချင်းရှောင်ဂိုဏ်းတွင် ပြဿနာ ဖြစ်မည် မဟုတ်ဘဲ ပုံမှန်အတိုင်း ဆက်လက် ဖွံ့ဖြိုးတိုးတက်နေမည် ဖြစ်သည်။
စစ်မှန်သော ဂိုဏ်းတစ်ခုဆိုသည်မှာ ထိုကဲ့သို့ ဖြစ်သင့်ပေသည်။
မည်သူတစ်ဦးတစ်ယောက် ထွက်ခွာသွားသည် ဖြစ်စေ ဆက်လက် လည်ပတ်နေသင့်သည်။
လီချင်းချိုးက ယွမ်လီ နှင့် ကျိယာ တို့ကို ကြည့်ပြီး ….
"ဆက်ကျင့်ကြံကြ... ကြည့်မနေနဲ့တော့... မင်းတို့ ကိုယ့်ကိုယ်ကိုယ် သက်သေပြနိုင်အောင် နောက်ကျရင် တာဝန်တွေ ပေးမယ်..."
ကျိယာ ပြုံးပြီး ခေါင်းညိတ်လိုက်ရာ သူ့ မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။
ယွမ်လီ၏ မျက်လုံးများမှာမူ အနည်းငယ် မှေးမှိန်နေသည်။
ယွမ်လီကို ထိုသို့ မြင်လိုက်ရသဖြင့် လီချင်းချိုး မည်သို့ နှစ်သိမ့်ရမည် မသိတော့ပေ။ သူ နှစ်သိမ့်စကားများစွာ ပြောခဲ့ပြီးပြီ ဖြစ်၍ အဓိပ္ပာယ် မရှိတော့ဟု ခံစားမိသောကြောင့် ဖြစ်သည်။
ယွမ်လီ၏ မပျက်စီးနိုင်သော အာဏာရှင်ခန္ဓာကိုယ် မည်သည့်အချိန်တွင် နိုးထလာမည်ကို လီချင်းချိုး မခန့်မှန်းနိုင်ပေ။ ယွမ်လီက ငယ်ရွယ်သေးသဖြင့် လီချင်းချိုး အနေဖြင့် သူ့ကို လှုံ့ဆော်ရန် ဝိညာဉ်အမျိုးအစား ဂါထာများကို အသုံးမပြုနိုင်ပေ။
ထိုအချိန်၌ ဓားတစ်လက် လီချင်းချိုး၏ ရှေ့သို့ ရုတ်တရက် ခုန်ထွက်လာပြီး စနစ် အသိပေးချက် ပေါ်လာလေသည်။
[သင်သည် တာအိုမျိုးဆက် သခင် ဖြစ်လာသည်မှာ ဆယ်နှစ် ရှိပြီ ဖြစ်၍ ယခု ချင်းရှောင်ဂိုဏ်းကို စတင် အကဲဖြတ်ပါမည်။]
[အကဲဖြတ်မှု အောင်မြင်သည် - ယခု ချင်းရှောင်ဂိုဏ်း၏
အဆင့်အတန်းကို သိုင်းလောက၏ ပထမတန်းစား အဖြစ် သတ်မှတ်လိုက်သည်။]
[ပထမ ဆယ်စုနှစ် အတွင်း သင့် တာအိုမျိုးဆက်၏ သိသာထင်ရှားသော တိုးတက်မှုကြောင့် သင့်အား ကံကြမ္မာ ရွေးချယ်ခွင့် တစ်ကြိမ်နှင့် နတ်ဘုရားစွမ်းရည် အမွေအနှစ်တစ်ခုကို တပြိုင်နက်တည်း ဖွင့်လှစ်ပေးလိုက်သည်။]