ဓမ္မသောင်းချီ ဝိညာဉ်မျက်လုံး၊ အကြိမ်တစ်ထောင် တူထုခံရခြင်း…..
Vol. 16 Ch. 153
လောကီပထမတန်းစား…
နတ်ဘုရားစွမ်းရည် အမွေအနှစ်…
လီချင်းချိုး သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသော အသိပေးချက်ကြောင့် အာရုံရောက်သွားသည်။ တာအိုမျိုးဆက် စနစ်ကို ပထမဆုံးအကြိမ် ဖွင့်လှစ်စဉ်က ချင်းရှောင်ဂိုဏ်းကို အကဲဖြတ်ခဲ့သည်ကို သူ မှတ်မိနေသေးသည်။ ထိုစဉ်က ချင်းရှောင်ဂိုဏ်းသည် အဆင့်နိမ့်ကျသော အနေအထားတွင်သာ ရှိခဲ့သည်။
ယခုအခါ လောကီပထမတန်းစား အဆင့်သို့ ရောက်ရှိလာပြီ ဖြစ်ရာ ချင်းရှောင်ဂိုဏ်း အင်အားကြီးမားလာပြီ ဖြစ်သော်လည်း လောကီဘုံမှ မလွတ်မြောက်နိုင်သေးကြောင်း ပြသနေသည်။
တာအိုမျိုးဆက် စနစ်ကို ဖွင့်ကြည့်လိုက်ရာ မျက်နှာပြင်၏ အောက်ခြေတွင် [နတ်ဘုရားစွမ်းရည်ကို တောင်းဆိုနိုင်သည်] ဟူသော စာတန်း ပေါ်လာသည်ကို တွေ့လိုက်ရသည်။
သို့သော် မက်ဆေ့ချ်တွင် "အမွေအနှစ် အရေအတွက် - ၀" ဟု ဖော်ပြထားသည်။
ယန္တရားကို စတင်ဖွင့်လှစ်လိုက်ရုံမျှဖြင့် နတ်ဘုရားစွမ်းရည် ဆုလာဘ်ကို တိုက်ရိုက် ရရှိမည် မဟုတ်ပေ။
လီချင်းချိုး အနည်းငယ် စိတ်ပျက်သွားသော်လည်း တာအိုမျိုးဆက်စနစ်၏ စည်းမျဉ်းများကို ကျင့်သားရနေပြီ ဖြစ်၍ မျှော်လင့်စရာ တစ်ခု တိုးလာသည်ဟုသာ သဘောထားလိုက်သည်။
အရေးကြီးဆုံး အချက်မှာ ယခု သူ့တွင် ကံကြမ္မာ ရွေးချယ်ခွင့် နှစ်ကြိမ် ရှိနေပြီ ဖြစ်ပြီး တစ်ကြိမ်ကို အသုံးပြုရန် အချိန်တန်ပြီ ဖြစ်သည်။
စောစောသုံးလျှင် စောစော ခံစားရပေမည်…..
စောင့်ဆိုင်းရန်အတွက် အခွင့်အရေး တစ်ကြိမ် ချန်ထားရုံဖြင့် လုံလောက်ပေသည်။
ယွမ်လီနှင့် ကျိယာတို့ စတင် လေ့ကျင့်နေကြသည်ကို မြင်သောအခါ လီချင်းချိုးက ဘေးသို့ လျှောက်သွားပြီး ကျောက်ကမ်းပါး အစွန်းတွင် တင်ပျဉ်ခွေ ထိုင်လိုက်ကာ
သူသည် တာအိုမျိုးဆက် စနစ်ကို ဖွင့်၍ သင့်လျော်သော ကံကြမ္မာကို ရှာဖွေရန် တပည့်များ၏ ကိုယ်ရေးအချက်အလက်များကို ကြည့်ရှုလိုက်သည်။
…
နှစ်ကုန်ခါနီးလာသည်နှင့်အမျှ လောကီကမ္ဘာမှ တပည့်များစွာ ပြန်လာကြပြီး နှစ်သစ်ကို ကြိုဆိုရန် ပြင်ဆင်နေကြသည်။
လီချင်းချိုးကတော့ မသေမျိုးလိုဏ်ဂူ အတွင်း၌ တင်ပျဉ်ခွေထိုင်ကာ တပည့်သစ်များ၏ အချက်အလက်များကို ကြည့်ရှုနေသည်။
ကံဆိုးသည်မှာ သူ့ကို အမှန်တကယ် ကျေနပ်စေမည့် ကံကြမ္မာမျိုး မတွေ့ရှိရပေ။ [လူသားတစ္ဆေနတ်ဘုရား] နှင့် [အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာ] တို့ကြောင့် သူ့ရဲ့ စံသတ်မှတ်ချက်များ မြင့်တက်နေပြီ ဖြစ်သည်။
လီရန်၏ [နဂါးဝိညာဉ်အစောင့်အရှောက်] နှင့် ယန်ရွှမ်၏ [ကောင်းကင်နှင့် မြေကြီး နှလုံးသား] တို့ကိုပင် သူ အထူးတလည် မလိုချင်တော့ပေ။
ထိုအချိန်၌ မသေမျိုးလိုဏ်ဂူ အပြင်ဘက်မှ ယွမ်ချီ၏ အသံ ထွက်ပေါ်လာသည်။
"ဂိုဏ်းချုပ်... တောင်အောက်ကနေ လူတစ်စု ရောက်လာပါတယ်... ဂိုဏ်းချုပ် လွှတ်လိုက်တာလို့ ပြောပါတယ်... သူတို့က ဖန်မြို့ကပါ... ခေါင်းဆောင်နာမည်က ပေါင်ကျောက်လို့ ပြောပါတယ်..."
"သူတို့ကို လင်းရှောင်ခြံဝင်းထဲ ခေါ်သွားလိုက်..."
"ဟုတ်ကဲ့ပါ..."
ယွမ်ချီ၏ ခြေသံများ ဝေးကွာသွားပြီးနောက် တာအိုမျိုးဆက် စနစ်ကို နှမြောတသဖြင့် ပိတ်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။
ယနေ့ရောက်လာသော တပည့်သစ်များတွင်လည်း ထူးခြားသော ကံကြမ္မာ ပါမလာပေ။
ကံကြမ္မာ ရွေးချယ်ခွင့် နှစ်ကြိမ် ရှိနေသော်လည်း အသုံးပြုစရာ နေရာမရှိသဖြင့် စိတ်လှုပ်ရှားနေမိသည်။
သူ မသေမျိုးလိုဏ်ဂူထဲမှ ထွက်လာရင်း ပေါင်ကျောက် အကြောင်းကို အာရုံစိုက်ကာ အတိတ်က အမှတ်တရများကို ပြန်ပြောင်းစဉ်းစားလိုက်သည်။
သူ စစ်နတ်ဘုရားတောင်ကြားလမ်းသို့ သွားစဉ်က ဖန်မြို့တွင် ခေတ္တ နေထိုင်ခဲ့ပြီး ယုတ်မာသော ချွေ့အိမ်တော်ကို သတ်ဖြတ်ရှင်းလင်းခဲ့သည်။ မထွက်ခွာမီ လူငယ် ရုံးတော်အမှုထမ်း တစ်ဦးကို ကတိပေးခဲ့ဖူးသည်။ အကယ်၍ ချွေ့အိမ်တော်မှ ပြန်ပေးဆွဲထားသော ကလေးများ သွားစရာ နေရာမရှိလျှင် ချင်းရှောင်ဂိုဏ်းသို့ ပို့ဆောင်နိုင်ကြောင်း ပြောခဲ့ခြင်း ဖြစ်ပေသည်။
ထိုလူငယ် ရုံးတော်အမှုထမ်း၏ အမည်မှာ ပေါင်ကျောက် ဖြစ်သည်။
နှစ်နှစ် ကုန်လွန်သွားပြီ ဖြစ်၍ သူ မေ့လုနီးပါး ဖြစ်နေပြီ ဖြစ်သော်လည်း မထင်မှတ်ဘဲ ပေါင်ကျောက် ရောက်လာခဲ့သည်။
ဤမျှလောက် အချိန်ကြာသည်ကိုကြည့်ခြင်းအားဖြင့်
သူတို့ အခက်အခဲ တစ်စုံတစ်ရာ ကြုံတွေ့ခဲ့ရသည်မှာ သေချာသည်။
သို့မဟုတ်ပါက ဤမျှကြာအောင် စောင့်ဆိုင်းနေမည် မဟုတ်ပေ။
လီချင်းချိုး လင်းရှောင်ခြံဝင်း သို့ ရောက်ရှိပြီး စောင့်ဆိုင်းနေလိုက်တော့ ခြံဝင်းထဲတွင် သူတစ်ယောက်တည်းသာ ရှိသည်။ ထို့ကြောင့် တံမြက်စည်း တစ်ချောင်းကို ယူလိုက်ပြီး နှင်းများကို စတင် လှည်းကျင်းလိုက်သည်။
မူလချီကို အသုံးပြု၍ နှင်းများကို ရှင်းလင်းနိုင်သော်လည်း ဤကဲ့သို့ ဖြည်းဖြည်းချင်း လှည်းကျင်းရသည်ကို ပိုနှစ်သက်သည်။ ၎င်းက သူ့စိတ်ကို တည်ငြိမ်စေသောကြောင့် ဖြစ်ပေသည်။
အမွှေးတိုင် တစ်တိုင်စာ အချိန်ကုန်လွန်ပြီးနောက် ယွမ်ချီက လူတစ်စုကို ခေါ်ဆောင်လာသည်။
လီချင်းချိုး လှည့်ကြည့်လိုက်ရာ ပေါင်ကျောက်ကို တွေ့လိုက်ရသည်။
သူသည် ယခင်ကထက် အရပ်ပိုရှည်လာပြီး ပိုမို သန်မာလာသော်လည်း နှုတ်ခမ်းမွေး စစပေါက်နေပြီး ရာသီဥတုဒဏ် ခံထားရပုံ ပေါက်နေသည်။
ပေါင်ကျောက်နှင့်အတူ ချင်းရှောင်ဂိုဏ်းမှ အမျိုးသမီး တပည့်တစ်ဦး ပါလာပြီး သူမ၏ နောက်တွင် စုတ်ပြတ်နေသော ဝတ်စုံများကို ဝတ်ဆင်ထားသည့် ဖန်မြို့မှ ရုံးတော်အမှုထမ်း နှစ်ဦးနှင့် ညစ်ပတ်ပေရေနေသော အဝတ်အစားများ ဝတ်ဆင်ထားသည့် မိန်းကလေး ရှစ်ဦး လိုက်ပါလာကြသည်။
သူတို့အားလုံး အလွန် ကြောက်ရွံ့နေပုံရ၏။
ပေါင်ကျောက်က လီချင်းချိုးကို မြင်လိုက်သည်နှင့် ချက်ချက်း မျက်ရည်ဝဲလာတော့သည်။
လီချင်းချိုးကို မှတ်မိနေသော အခြား ရုံးတော်အမှုထမ်း နှစ်ဦးသည်လည်း ထပ်တူထပ်မျှ စိတ်လှုပ်ရှားသွားကြသည်။
"ဂိုဏ်းချုပ်လီ... ကျွန်တော် သူတို့ကို ခေါ်လာခဲ့ပါပြီ..."
ပေါင်ကျောက်က လီချင်းချိုး ရှေ့တွင် ဒူးထောက်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်တော့…
"မင်း ဘာလုပ်တာလဲ..." ဟု လီချင်းချိုးက သူ့ကို ကြည့်ပြီး အံ့သြတကြီး မေးလိုက်သည်။
ထိုအခါ ပေါင်ကျောက်က အံကြိတ်လိုက်ပြီး…..
"ကျွန်တော် တာဝန် မကျေပွန်ခဲ့ပါဘူး... လမ်းမှာ မိန်းကလေး လေးယောက် သေဆုံးခဲ့ရတယ်..."
သူ့စကားကို ကြားသောအခါ ရုံးတော်အမှုထမ်း နှစ်ဦးသည်လည်း ရှက်ရွံ့သွားကြပြီး မိန်းကလေး ရှစ်ဦး၏ မျက်နှာများကတော့ ညှိုးငယ်သွားကြသည်။
လီချင်းချိုးက သူတို့နှင့်အတူ ပါလာသော အမျိုးသမီး တပည့်ကို ကြည့်လိုက်ပြီး
"မင်းနာမည် တင်းရွှမ်းမဟုတ်လား... မင်း သူတို့နဲ့ အတူပါလာတာ ဆိုတော့ သူတို့ ဘာတွေ ကြုံခဲ့ရလဲ ဆိုတာ သိလား..."
တင်းရွှမ်းဟု ခေါ်သော အမျိုးသမီးသည် အသက် နှစ်ဆယ်ကျော်ခန့် ရှိပုံရသည်။ သူမသည် အသားဖြူပြီး ဆံပင်ရှည်များကို ဆံထိုးဖြင့် စုစည်းထားကာ နူးညံ့သိမ်မွေ့သော မျက်နှာလေး ပေါ်လွင်နေသည်။ သူမ၏ မျက်ခုံး၊ မျက်လုံးနှင့် မေးစေ့ချွန်ချွန်တို့က သူမကို အေးစက်သော အသွင်ဆောင်စေသည်။
ဂိုဏ်းချုပ်က သူမ၏ နာမည်ကို ခေါ်လိုက်သည်ကို ကြားလိုက်ရသောအခါ သူမ သိသိသာသာ စိတ်လှုပ်ရှားသွားပြီး လီချင်းချိုးကို အလျင်အမြန် ဦးညွှတ်လိုက်လေသည်။
"ကျွန်မ သူတို့ကို တုန်းလင်းစီရင်စုမှာ တွေ့ခဲ့တာပါ... ဓားပြတစ်စုက သူတို့ကို တားဆီးထားတုန်း ကျွန်မ ဝင်ကူညီခဲ့ပါတယ်... ပေါင်ကျောက်က ကျွန်မရဲ့ သိုင်းပညာကို မြင်ပြီး ဘယ်ဂိုဏ်းကလဲလို့ မေးတော့ ကျွန်မလည်း အမှန်အတိုင်း ပြောပြလိုက်ပါတယ်... ကျွန်မ ချင်းရှောင်ဂိုဏ်းက ဆိုတာ သိရော ဂိုဏ်းချုပ်နဲ့ သူနဲ့ ထားခဲ့တဲ့ ကတိအကြောင်း ပြောပြလာပါတယ်... ဒါကြောင့် ကျွန်မ သူတို့ကို လိုက်ပို့ပေးခဲ့တာပါ... ကျွန်မနဲ့ မတွေ့ခင် သူတို့ ဒုက္ခတွေ အများကြီး ကြုံခဲ့ရပုံပါပဲ... အခု တောင်အောက်က နေရာတွေမှာ ပရမ်းပတာ ဖြစ်နေတော့ ကျုံးထျန်းစီရင်စုနယ်စပ်ကနေ ဒီအထိ ရောက်လာဖို့ သူတို့အတွက် တော်တော် ခက်ခဲခဲ့မှာပါ..."
တင်းရွှမ်းက တည်ငြိမ်သော လေသံဖြင့် အလျင်အမြန် ရှင်းပြလိုက်တော့
ထိုစကားကို ကြားပြီးနောက် လီချင်းချိုးက ပေါင်ကျောက်ကို ကြည့်ပြီး မေးလိုက်သည်။
"မင်းတို့ ချင်းရှောင်ဂိုဏ်းကို ရောက်လာမှတော့ ဘာလို့ ဒီမှာပဲ မနေကြတာလဲ... ဒီနေ့ကစပြီး မင်းတို့အားလုံး ချင်းရှောင်ဂိုဏ်းသားတွေဖြစ်သွားပြီ... လမ်းမှာ ရန်သူတွေ၊ ရန်ငြိုးတွေ ရှိခဲ့သလား..."
ပေါင်ကျောက် အံကြိတ်ထားပြီး ပြောသင့် မပြောသင့် ချိန်ဆနေသဖြင့်
အရပ်ရှည်ရှည် ရုံးတော်အမှုထမ်း တစ်ဦးက ရှေ့တိုးလာပြီး…..
"ကျွန်တော်တို့ လမ်းခရီးမှာ ဒုက္ခတွေ အများကြီး ကြုံခဲ့ရပါတယ်... အမုန်းဆုံးကတော့ တုန်းလင်းစီရင်စု ကျယ်လုခရိုင်က ဖန်းမိသားစုပါပဲ... သူတို့က ကျွန်တော်တို့ကို သနားသလိုလို ဟန်ဆောင်ပြီး လက်ခံထားခဲ့တယ်... ဒါပေမဲ့ သူတို့ရဲ့ ဒုတိယသခင်လေးက အရက်မူးပြီး ကျွန်တော်တို့ရဲ့ မိန်းကလေး တစ်ယောက်ကို မုဒိမ်းကျင့်ခဲ့လို့ အဲဒီကောင်မလေး ရေတွင်းထဲ ခုန်ချပြီး သတ်သေသွားခဲ့ရတယ်... ကျွန်တော်တို့ ဖန်းမိသားစုကို သွားပြီး အကျိုးအကြောင်း မေးမြန်းတဲ့အခါ သူတို့က ကျွန်တော်တို့ကို အိမ်တော်ထဲကနေ ကန်ထုတ်ခဲ့ကြတယ်... ပေါင်ကျောက် ဆိုရင် သေလုနီးပါး အရိုက်ခံခဲ့ရတယ်... ကျွန်တော်တို့ ဒူးထောက်ပြီး တောင်းပန်မှ သူတို့ လွှတ်ပေးလိုက်တာ..."
ထိုကိစ္စကို ပြောမိသောအခါ အခြား ရုံးတော်အမှုထမ်း တစ်ဦး၏ မျက်နှာတွင်လည်း ဒေါသများ ဖြစ်ပေါ်လာပြီး မိန်းကလေး ရှစ်ဦး၏ မျက်လုံးများတွင် အမုန်းတရားများ ပြည့်နှက်လာသည်။
လီချင်းချိုးက …..
"ငါ နားလည်ပြီ... ဖန်းမိသားစုကို သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် သွေးနဲ့ ပြန်ပေးဆပ်စေရမယ်... အရင်တုန်းက ငါ မင်းတို့ကို ကိုယ်တိုင် မခေါ်လာခဲ့လို့ ငါ့ကို မုန်းနေကြလား..."
ထိုစကားကို ကြားသောအခါ ရုံးတော်အမှုထမ်း နှစ်ဦးနှင့် မိန်းကလေး ရှစ်ဦးတို့ ချက်ချင်း ဝင်ပြောကြသည်။
"ကျွန်တော်တို့က ဘယ်လိုလုပ် ဂိုဏ်းချုပ်ကို မုန်းရမှာလဲ... ဂိုဏ်းချုပ်သာ မရှိရင် ကျွန်တော်တို့ ချွေ့အိမ်တော် ထဲမှာတင် သေနေလောက်ပြီ..."
"ဟုတ်ပါတယ် ဂိုဏ်းချုပ်လီ... ဂိုဏ်းချုပ်ရဲ့ လုပ်ရပ်တွေကို ကျွန်တော်တို့ အကုန် ကြားဖူးပါတယ်... ဂိုဏ်းချုပ်က ဧကရာဇ်ကို ကိုယ်တိုင် သတ်ပြီး ကမ္ဘာကြီးကို မကောင်းဆိုးဝါးတွေဆီက ကယ်တင်ပေးခဲ့တာလေ... ကျွန်တော်တို့သာ ဂိုဏ်းချုပ်နောက် လိုက်နေရင် ဂိုဏ်းချုပ်ရဲ့ အလုပ်တွေကို နှောင့်နှေးစေမှာပါ..."
"ဂိုဏ်းချုပ်က ကျွန်မတို့ရဲ့ ကျေးဇူးရှင်ပါ... ကျွန်မတို့က ဘယ်လိုလုပ် ဒီလောက်ထိ တောင်းဆိုရဲမှာလဲ... ဖန်မြို့ကနေ မထွက်ခင်ကတည်းက မြို့ထဲမှာ တောင်းရမ်းစားသောက်နေရတာထက်စာရင် ဂိုဏ်းချုပ်ဆီ လာတာက ပိုကောင်းမယ်လို့ စိတ်ဆုံးဖြတ်ပြီးသားပါ..."
"ဘာလို့ မုန်းရမှာလဲ... ကျွန်တော်တို့ သုံးယောက် သိုင်းပညာ မတော်လို့ ဖြစ်ရတာပါ..."
သူတို့၏ စကားများကို နားထောင်ရင်း လီချင်းချိုး သက်ပြင်းချလိုက်မိသည်။
အမှန်တကယ်တွင် သူသည် ဤမိန်းကလေးများကို ပြန်ခေါ်လာနိုင်စွမ်း ရှိသော်လည်း ဝူမန်အာ ကို စိုးရိမ်သောကြောင့် မလုပ်ခဲ့ခြင်း ဖြစ်သည်။ သေချာပေါက် နောက်ထပ် အကြောင်းပြချက် တစ်ခုမှာ ဒုက္ခများမည်ဟု ထင်မြင်ပြီး တာဝန်မရှိဟု ခံစားခဲ့ရသောကြောင့် ဖြစ်သည်။
သူတို့၏ ဆင်းရဲဒုက္ခများ အကြောင်း ကြားလိုက်ရသောအခါ လီချင်းချိုး စိတ်မကောင်း ဖြစ်သွားရသည်။
သူ့ရဲ့ စွမ်းရည်ဖြင့် လူပေါင်းများစွာကို ကယ်တင်နိုင်သော်လည်း ထိုသို့ လုပ်ဆောင်ခြင်းက ကျင့်ကြံမည့်အချိန်ကို စွန့်လွှတ်ရမည်ဟု ဆိုလိုသည်။ သူသည် စိတ်ဓာတ်ကို ပြုပြင်ပြီးပြီ ဖြစ်၍ မိမိကိုယ်ကို ဝန်ထုပ်ဝန်ပိုး အလွန်အကျွံ ပေးမည် မဟုတ်ပေ။
"ချီအာ... သူတို့ကို တောင်အောက် ခေါ်သွားပြီး နေရာချပေးလိုက်... အားလုံး အပြင်စည်းတပည့်အဖြစ်စာရင်းသွင်းပေးလိုက်..."
ယွမ်ချီက အမိန့်ကို ချက်ချင်း လက်ခံလိုက်ပြီး ပေါင်ကျောက်နှင့် အခြားသူများကို တောင်အောက်သို့ ခေါ်ဆောင်သွားလေသည်။
ပေါင်ကျောက်က ဒူးထောက်လိုက်ပြီးကတည်းက စကားသိပ်မပြောတော့ဘဲ စိတ်ဓာတ်ကျနေပုံ ပေါက်နေသည်။
တင်းရွှမ်းက တဖက်လှည့်၍ သူတို့နောက်သို့ လိုက်သွားရန် ပြင်လိုက်သော်လည်း လီချင်းချိုးက တားလိုက်သဖြင့် တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။
လီချင်းချိုးက တင်းရွှမ်း၏ သူရဲကောင်းဆန်သော အပြုအမူကို အလွန် ကျေနပ်သဖြင့် ချီးကျူးစကား ဆိုလိုက်ပြီး ကျမ်းစာဆောင်၏ စတုတ္ထထပ်သို့ သွားရောက်ကာ လျှို့ဝှက်ကျမ်းစာ တစ်အုပ် ရွေးချယ်ခွင့် ပေးလိုက်လေသည်။ ယွမ်ချီ ကိုယ်တိုင် သူမကို လိုက်ပို့ပေးမည် ဖြစ်သည်။
"ဂိုဏ်းချုပ်... တကယ်တော့ ဒီလို လုပ်ပေးစရာ မလိုပါဘူး... ကျွန်မ တောင်ပေါ် မရောက်ခင်တုန်းက မိဘတွေနဲ့ လှည့်လည်သွားလာရင်း ဒေသခံ လူမိုက်တစ်ဖွဲ့က ကျွန်မကို ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့ဖူးပါတယ်... အဲဒီတုန်းက အကြီးအကဲ လီစစ်ဖုန်းနဲ့ သူ့လူတွေက ကျွန်မနဲ့ မိသားစုကို ကယ်တင်ပေးခဲ့တာပါ... ကျွန်မက ချင်းရှောင်ဂိုဏ်းရဲ့ သူရဲကောင်း စိတ်ဓာတ်အတိုင်း ပြုမူခဲ့တာပါ... ဒါ ကျွန်မ လုပ်သင့်တဲ့ အလုပ်ပါ..."ဟု
တင်းရွှမ်းက လေးလေးနက်နက် ပြောလိုက်ပြီး သူမ၏ မျက်လုံးများတွင် ခိုင်မာပြတ်သားမှုများ ရှိနေသည်။
အမျိုးသမီး ဖြစ်သော်လည်း ယောက်ျားသားများနှင့် မခြားသော သူရဲကောင်း စိတ်ဓာတ်ကို ပိုင်ဆိုင်ထားလေသည်။
လီချင်းချိုးက ရယ်မောလိုက်ပြီး….
"ငါ သွားဆို သွားလိုက်ပါ... မင်း ပိုသန်မာလာမှ လူတွေကို ပိုကယ်နိုင်မှာ..."
တင်းရွှမ်း ဘာမှ ဆက်မပြောနိုင်ခင် လီချင်းချိုးက အရင်ဉီးအောင် လှည့်ထွက်သွားပြီး မသေမျိုးလိုဏ်ဂူ ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလေသည်။
ထိုအခြေအနေကို မြင်သောအခါ တင်းရွှမ်း အသက်ပြင်းပြင်း ရှူလိုက်ပြီး လီချင်းချိုးကို ဦးညွှတ်ကာ လှည့်ထွက်သွားတော့သည်။
မသေမျိုးလိုဏ်ဂူထဲသို့ ပြန်ရောက်သောအခါ လီချင်းချိုး ဆက်လက် ကျင့်ကြံလိုက်သည်။
ခဏကြာအောင် ထိုင်ပြီးနောက် ပေါင်ကျောက်နှင့် အခြားသူများ အကြားတွင် အထူးကံကြမ္မာ ပါလာသူများ ရှိမရှိ သူ တွေးတောမိလိုက်သည်။
ဆိုရိုးစကား ရှိသည့်အတိုင်း "ဘေးဒုက္ခကြားမှ မသေမျိုးသည် ကံကောင်းခြင်းကို ဆောင်ကြဉ်းပေးသည်" ဟု ဆိုကြသည်။
ဖန်မြို့ မှ ချင်းရှောင်တောင်သို့ လာရခြင်းသည် အနောက်ဘက်သို့ ဘုရားဖူးထွက်သော ခရီးစဉ်ကဲ့သို့ပင် ခက်ခဲလှသည်။ သူတို့အထဲမှ တစ်စုံတစ်ယောက်သည် ကြီးမြတ်မှုအတွက် ရည်ရွယ်ထားခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
သူသည် ပေါင်ကျောက်နှင့် အခြားသူများ ဂိုဏ်းဝင်ရန် စောင့်ဆိုင်းနေလိုက်သည်။
ယွမ်ချီက အလွန် လျင်မြန်ထက်မြက်သူ ဖြစ်သဖြင့် နာရီဝက် မကြာမီမှာပင် ပေါင်ကျောက်နှင့် အခြားသူများ၏ ပုံရိပ်များ တာအိုမျိုးဆက် စနစ် ထဲတွင် ပေါ်လာလေသည်။
ပေါင်ကျောက်၏ ကျင့်ကြံမှု စိတ်နေသဘောထားမှာ သာမန်ဖြစ်ပြီး နားလည်နိုင်စွမ်းမှာလည်း သာမန်သာ ဖြစ်သည်။ သူ၏ ကံကြမ္မာတွင် [သတ္တိ] တစ်ခုသာ ပါဝင်ပြီး ၎င်းသည် ကျင့်ကြံမှုအတွက် အထောက်အကူ မဖြစ်ပေ။
လီချင်းချိုး အနည်းငယ် စိတ်ပျက်သွားသော်လည်း ဆက်လက် ကြည့်ရှုလိုက်သည်။
အခြား ရုံးတော်အမှုထမ်း နှစ်ဦးမှာလည်း ထူးခြားမှု မရှိပေ။
နောက်ထပ် ကြည့်ရမည်မှာ မိန်းကလေး ရှစ်ဦး ဖြစ်သည်။ သူတို့၏ စိတ်နေသဘောထားနှင့် နားလည်နိုင်စွမ်းသည် သာမန်အဆင့်ပင် မမီကြပေ။
သို့သော် သတ္တမမြောက် မိန်းကလေး၏ ကိုယ်ရေးအချက်အလက်ကို မြင်လိုက်ရသောအခါ လီချင်းချိုး၏ မျက်လုံးများ အရောင်တောက်သွားသည်။
[အမည် - ယွင်ချိုင်]
[ကျား/မ - မ]
[အသက် - ၁၆ နှစ်]
[သစ္စာရှိမှု (ခေါင်းဆောင်/ဂိုဏ်း) - ၉၂/၆၅ (အများဆုံး ၁၀၀)]
[ကျင့်ကြံမှု ပါရမီ - အထူးကောင်းမွန်သည်]
[နားလည်နိုင်စွမ်း - သာမန်]
[ကံကြမ္မာ - တရားဓမ္မသောင်းချီ ဝိညာဉ်မျက်လုံး၊ အကြိမ်တစ်ထောင် တူထုခံရခြင်း]
[တရားဓမ္မသောင်းချီ ဝိညာဉ်မျက်လုံး - ရှေးဟောင်းနှင့် အံ့ဖွယ်မျက်လုံးများ ဖြစ်ပြီး ကျင့်ကြံသူများ၏ အရိုးများနှင့် ခြေလက်အင်္ဂါများ၊ သွေးကြောများနှင့် ဝိညာဉ်များကို ထွင်းဖောက်မြင်နိုင်ကာ ပြိုင်ဘက်၏ ဂါထာများမှ အားနည်းချက်များကို ခွဲခြားသိမြင်နိုင်သည်။
သတ်မှတ်ထားသော အဆင့်တစ်ခုသို့ ရောက်ရှိပါက မွေးရာပါ နတ်ဘုရားစွမ်းရည်ကို ကျင့်ကြံနိုင်သည်။]
[အကြိမ်တစ်ထောင် တူထုခံရခြင်း - မည်သည့် ဂါထာ၊ နတ်ဘုရားစွမ်းရည် သို့မဟုတ် လျှို့ဝှက်ပညာရပ်ကိုမဆို ဇွဲရှိရှိ လေ့ကျင့်ပါက နောက်ဆုံးတွင် နားလည်သဘောပေါက်လာပြီး ပိုမိုမြင့်မားသော နယ်ပယ် အဆင့်သို့ ရောက်ရှိနိုင်သည်။]
...
အထူးကံကြမ္မာ နှစ်ခုတောင် ပါလာတာလား…
ထို့အပြင် ၎င်းတို့အားလုံးသည် ကျင့်ကြံခြင်းနှင့် တိုက်ခိုက်ခြင်းတို့နှင့် သက်ဆိုင်သော ကံကြမ္မာများ ဖြစ်ကြသည်။
ဘယ်လောက်တောင် အလားအလာ ကောင်းတဲ့ ပါရမီရှင်လဲ…
လီချင်းချိုးတယောက် ယွင်ချိုင် အပေါ် မျှော်လင့်ချက်ကြီးကြီး ထားရှိလိုက်လေပြီ….
ဤအထူးကံကြမ္မာ နှစ်ခုစလုံးကို ကူးယူ၍ ရနိုင်မည်ဟု သူ ခံစားမိသည်။
[ဓမ္မသောင်းချီ ဝိညာဉ်မျက်လုံး] ကို တိုက်ပွဲတွင် အသုံးပြုနိုင်ပြီး [အကြိမ်တစ်ထောင် တူထုခံရခြင်း] သည် သူ့ရဲ့ ဂါထာများကို ပိုမို သန်မာစေနိုင်သည်။
ယခုအချိန်အထိ လီချင်းချိုးသည် အထွတ်အထိပ် ဓားထိန်းချုပ်ခြင်းပညာ ကိုသာ အမှန်တကယ် ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားသည်။ သို့သော် သူတစ်ယောက်တည်း တတ်မြောက်ထားခြင်း မဟုတ်ဘဲ ကျန်းကျောက်ရှားလည်း တတ်မြောက်ထားပြီး ကျွမ်းကျင်မှု အဆင့်မှာ သူ့အောက် မလျော့နည်းပေ။
အကယ်၍ သူသာ [အကြိမ်တစ်ထောင် တူထုခံရခြင်း] ကံကြမ္မာကို ရရှိပါက မည်သည့် ဂါထာကိုမဆို အလွန် မြင့်မားသော နယ်ပယ် အဆင့်ထိ ကျင့်ကြံနိုင်မည် မဟုတ်ပါလော။
ထိုအခါ သူသည် စစ်မှန်သော ဆရာသခင်တစ်ဦး ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် ယွင်ချိုင်၏ ကံကြမ္မာကိုကူးယူရန် ရွေးချယ်ခွင့် တစ်ခုကို အသုံးပြုရန် ဆုံးဖြတ်လိုက်လေသည်။
ဘယ်တစ်ခုကို ရွေးမလဲ ဆိုတာတော့ ထပ်ပြီး စဉ်းစားရဦးမည်။
ယွင်ချိုင်၏ ကျင့်ကြံမှု ပါရမီကလည်း အထူးကောင်းမွန်သဖြင့် လီချင်းချိုး အနေဖြင့် သူမကို အလေးထား ပြုစုပျိုးထောင်ပေးရန် လုံလောက်ပေသည်။
သူ့ကို ဘယ်ခန်းမထဒ ထည့်ပေးရင် ကောင်းမလဲ…
ထားလိုက်ပါတော့... ကိုယ့်ဘေးနားမှာပဲ ထားတာ ပိုကောင်းမယ်... ဒီလို ပါရမီရှင်မျိုးကို နောက်တစ်ကြိမ် ဓမ္မတိုက်ပွဲ ညီလာခံ မှာ ထည့်သွင်းလိုက်ရင် သေချာပေါက် နာမည်ကြီးလာပြီး ပထမနေရာကိုတောင် ရနိုင်လိမ့်မယ်... ဂိုဏ်းတစ်ခုလုံး အံ့သြသွားမှာ သေချာတယ်...
ကောင်းပြီ... ဒါ အဆင်ပြေတယ်…
သူမကို တိတ်တဆိတ် ပြုစုပျိုးထောင်ပေးပြီးမှ လူပုံအလယ် ထွက်ပေါ်လာစေပြီး ဂိုဏ်းချုပ်၏ သင်ကြားပေးနိုင်စွမ်းနှင့် အမြော်အမြင် ကြီးမားပုံကို ပြသရမည်။