အစွမ်းထက်ဆုံး တပည့်….
Vol. 16 Ch. 154
ညရောက်လာသည်နှင့်အမျှ နှင်းများ သည်းထန်စွာ ကျဆင်းလာသည်….
အသစ်စက်စက် ခြံဝင်းတစ်ခု အတွင်း၌ ပေါင်ကျောက်နှင့် အပေါင်းအပါများ ခေါ်ဆောင်လာသော မိန်းကလေး ရှစ်ဦးသည် ရှည်လျားသော အုတ်ခုတင်ပေါ်တွင် လဲလျောင်းနေကြသည်။
မိန်းကလေး ရှစ်ဦးက တစ်ယောက်ဘေး တစ်ယောက် ယှဉ်လျက် အိပ်နေကြပြီး တစ်ယောက်လျှင် နွေးထွေးသော စောင်တစ်ထည်စီ ရရှိထားကြသည်။
ယွင်ချိုင်ကတော့ ထောင့်တစ်နေရာတွင် လဲလျောင်းနေပြီး သူမ၌ အထူးကံကြမ္မာ နှစ်ခု ပါရှိကြောင်း သူမကိုယ်တိုင် မသိရှိပေ။ ယခုအချိန်တွင် ချင်းရှောင်ဂိုဏ်း၌ နေထိုင်ရမည့် ဘဝက မည်သို့ ဖြစ်လာမည်ကို တွေးတောရင်း စိုးရိမ်ပူပန်နေမိသည်။
"နင်တို့ အိပ်ပျော်နေကြပြီလား... စကားပြောကြမလား..."
မိန်းကလေး တစ်ဦးက လှည့်ကြည့်ပြီး မေးလိုက်ခြင်းဖြစ်သည်။ သူမသည် ခေါင်းလေးသာ ဖော်၍ စောင်ကို တကိုယ်လုံး ရစ်ပတ်ထားလေသည်။
သူမ စကားစလိုက်သည်နှင့် အခြားသူများလည်း လှည့်လာကြသည်။
"ချင်းရှောင်ဂိုဏ်းက အရမ်းကြီးတာပဲ... ဖန်မြို့ ထက်တောင် ပိုစည်ကားနေသလို ခံစားရတယ်..."
"ဟုတ်တယ်... ဒီနေ့ တောင်ပေါ်တက်တုန်းက တွေ့ခဲ့ရတဲ့ တပည့်တွေ အကုန်လုံးက တောက်ပြောင်နေတာပဲ... သူတို့မျက်လုံးတွေကိုတောင် ငါ မကြည့်ရဲဘူး..."
"ချင်းရှောင်ဂိုဏ်းက တမိုးအောက်အနှိုင်းမဲ့ဂိုဏ်းလို့ ကြားဖူးတယ်... ငါတို့က အခု အပြင်စည်းတပည့်တွေ ဖြစ်နေပြီ ဆိုတော့ ရှေ့ရေးက တောက်ပနေပြီ... ဒီအခွင့်အရေးကို လက်လွတ်မခံသင့်ဘူး..."
"ရှင်းအာတို့သာ အသက်ရှင်နေသေးရင် ဘယ်လောက်ကောင်းလိုက်မလဲ..."
"လူတိုင်းမှာ ကိုယ်ပိုင် ကံကြမ္မာတွေ ရှိကြတာပဲ... မထွက်ခွာခင်ကတည်းက ငါတို့အားလုံး ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆုံးဖြတ်ခဲ့ကြတာ... နောင်တမရကြေးလို့ သဘောတူထားပြီးသားပဲ... သူတို့အတွက် စိတ်မကောင်း ဖြစ်နေမယ့်အစား နောင်ကျရင် ချင်းရှောင်ဂိုဏ်းမှာ ငါတို့ ဘယ်လို ရပ်တည်မလဲ ဆိုတာ တွေးသင့်တယ်..."
ယွင်ချိုင်ကတော့ တိတ်ဆိတ်နေပြီး သူငယ်ချင်းများ၏ စကားသံများကို နားထောင်နေရင်း သူမ၏ စိတ်အာရုံထဲတွင် လီချင်းချိုးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပုံကို ပြန်လည် မြင်ယောင်လာမိသည်။
သူမသည် ထိုစဉ်က မှောင်မိုက်သော အခန်းတစ်ခုထဲတွင် အချုပ်အနှောင် ခံထားရပြီး ပြတင်းပေါက် အက်ကွဲကြောင်းများမှ တဆင့်သာ နေရောင်ခြည်ကို မြင်တွေ့ခဲ့ရသည်။ ထိုအချိန်က ခံစားခဲ့ရသော ကြောက်ရွံ့မှုကို သူမ ဘယ်တော့မှ မေ့မည် မဟုတ်ပေ။
ဒီလိုကြောက်ရွံ့နေခဲ့သည်မှာလည်း
တံခါး ပွင့်သွားပြီး လူတစ်ယောက် သူမဆီ ရောက်လာသည်အထိပင်။
"မကြောက်ပါနဲ့... ဒီက လူယုတ်မာတွေ အကုန်လုံးကို ငါသတ်ပြီး မင်းကို ခေါ်ထုတ်သွားပေးမယ်..."
ထိုစဉ်က သူမ ကြောက်လန့်နေပြီး တစ်ဖက်လူကို မယုံကြည်နိုင်ခဲ့ပေ။ ရလဒ်အနေဖြင့် ထိုလူက သူမကို တန်းပြီး ဆွဲခေါ်သွားရာ သူမ လုံးဝ ရုန်းမထွက်နိုင်ခဲ့ပေ။
အိမ်ပြင် ရောက်သွားသောအခါ နေရောင်ခြည်ကြောင့် မျက်စိကျိန်းသွားပြီး တစ်ဖက်လူ၏ မျက်နှာကို သေချာ မြင်လိုက်ရချိန်တွင် သူမ မှင်သက်သွားခဲ့ရသည်။
ထိုမျက်နှာကို သူမ ဘယ်တော့မှ မေ့မည် မဟုတ်ပေ။
ယနေ့ ထိုမျက်နှာကို ပြန်လည် မြင်တွေ့လိုက်ရသောအခါ သူမ ဝမ်းသာပီတိ ဖြစ်သွားပြီး အိပ်မက်မက်နေသလား ဟုပင် ထင်မှတ်မိလိုက်သည်။
"ချင်းရှောင်ဂိုဏ်းမှာ တပည့်တွေ အများကြီးပဲ... ပြီးတော့ တောင်တွေကလည်း အရမ်း ခမ်းနားတယ်... နောက်ပိုင်းကျရင် သူ့ကို ပြန်တွေ့ဖို့ ခက်ခဲသွားမလား..."
ထိုသို့ တွေးမိလိုက်သောအခါ ယွင်ချိုင် အနည်းငယ် စိတ်ပျက်သွားမိသည်။
သူငယ်ချင်းများ၏ တီးတိုးပြောသံများကို နားထောင်ရင်း ယွင်ချိုင်တယောက် အနာဂတ်အကြောင်း တွေးတောကာ တဖြည်းဖြည်း အိပ်ပျော်သွားသည်မှာ
တစ်စုံတစ်ယောက်က သူမကို လှုပ်နှိုးမှသာ သူမ နိုးလာသည်။
"မြန်မြန်ထ... ပင်မခြံဝင်းမှာ မောင်းထုသံ ကြားနေရပြီ... နောက်ကျရင် စားစရာ ကျန်မှာ မဟုတ်ဘူး..."ဟု အရပ်ရှည်ရှည် မိန်းကလေးက အဝတ်အစား ဝတ်ရင်း တိုက်တွန်းလိုက်သည်။
ထိုစကားကို ကြားသောအခါ ယွင်ချိုင် ချက်ချင်း ထလိုက်သည်။ထို့နောက်
သူတို့အားလုံး ချင်းရှောင်ဂိုဏ်း အပြင်စည်းတပည့် ဝတ်စုံများကို အလျင်အမြန် ဝတ်ဆင်လိုက်ကြပြီး မျက်နှာပင် မသစ်တော့ဘဲ အခန်းထဲမှ ပြေးထွက်သွားကြသည်။ ပင်မခြံဝင်းသို့ ရောက်သောအခါ ဤဧရိယာရှိ အပြင်စည်းတပည့်များ မနက်စာ စားရန် တန်းစီနေကြသည်ကို တွေ့လိုက်ရသည်။
တန်းစီနေသော လူတန်းရှေ့တွင် စားပွဲရှည် သုံးလုံး ရှိပြီး ထိုစားပွဲများပေါ်တွင် ရေနွေးငွေ့များ ထွက်နေသော သစ်သားပုံးများ တင်ထားသည်ကို သတိထားမိလိုက်ကြသည်။
ချင်းရှောင်ဂိုဏ်းသားများက စားပွဲရှည် သုံးလုံးကို ဖြတ်၍ သစ်သားလင်ပန်းများကို သယ်ဆောင်သွားကြရာ ထိုလင်ပန်းများပေါ်တွင် အသားဟင်းနှင့် ဟင်းသီးဟင်းရွက်ဟင်းများ ပါဝင်သော ဟင်းပွဲမျိုးစုံပါရှိသည်ကို မြင်လိုက်ရသဖြင့် သူတို့အားလုံး မှင်သက်သွားကြသည်။
မနက်စောစောစီးစီး အသားဟင်းစားလို့ ရတာလား…
ထိုစဉ် အမျိုးသား တပည့်တစ်ဦးက သူတို့ကို သတိထားမိပြီး ပြုံးလျက် လှည့်ကြည့်ကာ ….
"ဂျူနီယာညီမလေးတို့က... တပည့်သစ်တွေ ဖြစ်မယ်... လောမကြီးပါနဲ့... လူတိုင်းအတွက် စားစရာ ရှိပါတယ်... နောက်မကျရင် ပြီးတာပဲ..."
ထိုအခါမှသာ သူတို့ သတိဝင်လာပြီး အမျိုးသား တပည့်တဉီး၏ နောက်တွင် အလျင်အမြန် ဝင်တန်းစီလိုက်ကြကာ ချင်းရှောင်ဂိုဏ်း အကြောင်း မေးမြန်းကြလေသည်။
ဂျူနီယာညီမလေး အများအပြား သူ့ကို ဝိုင်းကြည့်နေကြသည်မှာ ရှားပါးသဖြင့် ထိုအမျိုးသား တပည့်ကလည်း ပျော်ရွှင်သွားပြီး ချင်းရှောင်ဂိုဏ်း အကြောင်း စတင် မိတ်ဆက် ပြောပြလေတော့သည်။
ချင်းရှောင်ဂိုဏ်း၏ အခြေခံ အခြေအနေကို မိတ်ဆက်ပြီးနောက် မကြာသေးမီက ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များ အကြောင်း ထည့်ပြောရန် မမေ့ပေ။
"နင်တို့ မမြင်လိုက်ဘူး... စီနီယာအစ်ကို ကုချန်ဖျင်က ယွီကျိုး မြို့စားမင်း ကျန်းယွီရဲ့ ခေါင်းပြတ်ကို ကြက်ကလေး တစ်ကောင်လို သယ်ပြီး တောင်ပေါ်ကို ဘယ်လောက် တည်တည်ငြိမ်ငြိမ် တက်လာလဲ ဆိုတာ..."
အမျိုးသား တပည့်က ဘေးတစ်ဖက်သို့ ရွေ့ပေးရင်း အစားအစာများ ပြည့်နေသော သစ်သားလင်ပန်းကို ကိုင်လျက် စိတ်လှုပ်ရှားစွာ ပြောပြနေသည်။
ယွင်ချိုင် နှင့် အခြား မိန်းကလေးများ အစားအစာများကို ယူပြီးနောက် ပင်မခြံဝင်း အတွင်းသို့ ဝင်ရောက်ကာ ထိုင်စရာ စားပွဲတစ်လုံး ရှာလိုက်ကြသည်။ ပင်မခြံဝင်း အတွင်း၌ စားပွဲ ဒါဇင်ပေါင်းများစွာ ခင်းကျင်းထားပြီး အပြင်စည်းတပည့်များ စားသောက်နေကြသည်။
ယွင်ချိုင်က စူးစမ်းလိုစိတ်ဖြင့် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်မိသည်။ ဤကဲ့သို့သော ခေတ်ပျက်ကြီးထဲတွင် အစားအစာ ရှားပါးလှပြီး အသားဆိုလျှင် ပြောစရာပင် မလိုပေ။ ချင်းရှောင်ဂိုဏ်းက အပြင်စည်းတပည့်များ အတွက် ဤမျှ ကောင်းမွန်သော အစားအစာများကို မည်သို့ စီစဉ်ပေးနိုင်သနည်း။
ဤနေရာသည် ချင်းရှောင်တောင်ရှိ အပြင်စည်း ခြံဝင်းများအနက် တစ်ခုသာ ဖြစ်သည်။ ဤကဲ့သို့သော ခြံဝင်းမျိုး များစွာ ရှိသေး၏။
ချင်းရှောင်ဂိုဏ်းအတွက် နေ့စဉ် အစားအစာနှင့် အသား မည်မျှ ကုန်ကျနေမည်ကို သူမ စိတ်ကူး၍ မရနိုင်ပေ။
"အဲဒီ စီနီယာအစ်ကို ကုချန်ဖျင်က ဂိုဏ်းထဲမှာ အတော်ဆုံး တပည့်လား..."
မိန်းကလေး တစ်ဦးက အမျိုးသား တပည့်ကို စူးစမ်းလိုစိတ်ဖြင့် မေးလိုက်တော့ အမျိုးသား တပည့်က ပြုံးလိုက်ပြီး
"မဟုတ်ပါဘူး... ဒီနှစ် ဓမ္မတိုက်ပွဲ ညီလာခံ မှာ သူက နံပါတ် ခြောက်ပဲ ရတာ..."
"သူ့ထက် တော်တဲ့ တပည့် ငါးယောက်တောင် ရှိသေးတာလား..."
"ငါးယောက်မကပါဘူး... ပိုပြီး စွမ်းအားကြီးတဲ့ ဂိုဏ်းချုပ်ရဲ့ တပည့်ရင်း ခေါင်းဆောင် စီနီယာအစ်မ ရွှီနင်း ရှိသေးတယ်... သူက အသက် ၁၉ နှစ်ပဲ ရှိသေးပေမဲ့ သူ့ရဲ့ ကျင့်ကြံမှု အဆင့်က မှန်းဆလို့ မရနိုင်လောက်အောင် မြင့်မားတယ်... လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆို ဓားနတ်ဘုရား နဲ့တောင် သရေကျအောင် တိုက်ခိုက်ခဲ့ဖူးတယ်... ဓားနတ်ဘုရား ဆိုတာ ကြားဖူးလား... သူက တစ်ချိန်တုန်းက တမိုးအောက်အနှိုင်းမဲ့ ပုဂ္ဂိုလ်လေ..."
အမျိုးသား တပည့်က ဂိုဏ်းတွင်း အကြောင်းအရာများကို ရှင်းပြနေစဉ် မိန်းကလေး ခုနစ်ယောက်စလုံး အံ့အားသင့်နေကြသည်။
ရွှီနင်း၏ အစွမ်းအစအကြောင်း ကြားလိုက်ရသောအခါ ယွင်ချိုင်၏ မျက်လုံးများ မှေးမှိန်သွားသည်။
ထိုအချိန်၌ သူတို့ဘေးပတ်လည်ရှိ အပြင်စည်းတပည့်များ မတ်တတ်ရပ်လိုက်ကြသဖြင့် အမျိုးသား တပည့်က ခြံဝင်းတံခါးပေါက်ဆီသို့ လှမ်းကြည့်လိုက်ရာ မျက်နှာထား ပြောင်းလဲသွားပြီး မတ်တတ်ရပ်လိုက်ကာ ယွင်ချိုင်နှင့် အခြားသူများကိုလည်း အလျင်အမြန် ထရပ်ကြရန် အချက်ပြလိုက်သည်။
ထိုအခါ ယွင်ချိုင်နှင့် အခြား မိန်းကလေးများ အလိုအလျောက် မတ်တတ်ရပ်လိုက်ကြပြီးနောက် လှည့်ကြည့်လိုက်ကြတော့
မနေ့က သူတို့ကို လီချင်းချိုးနှင့် မိတ်ဆက်ပေးခဲ့သော ယွမ်ချီ သူတို့ထံသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရပြီး သူ့နောက်တွင် တပည့်အများအပြား လိုက်ပါလာကာ တစ်ယောက်ချင်းစီတိုင်းက ခမ်းနားထည်ဝါပြီး ထူးခြားနေပုံရသည်။
"သူက စီနီယာအစ်ကို ယွမ်ချီလေ... ဂိုဏ်းချုပ်အတွက် သီးသန့် အလုပ်လုပ်ပေးရတာ... သူက ဂိုဏ်းထဲမှာ လူကြီးလူကောင်း တစ်ယောက်ပဲ... သူ့ရာထူးက ခန်းမသခင်တွေထက် မနိမ့်ဘူး... နောက်ကျရင် သူ့ကို တွေ့ရင် ဦးညွှတ်အရိုအသေပေးရမယ်..."ဟု အမျိုးသား တပည့်က တိုးတိုးလေး သတိပေးလိုက်သည်။ ထို့နောက် ယွမ်ချီ သူတို့ထံ လျှောက်လာသည်ကို မြင်သောအခါ လန့်ဖျပ်သွားပြီး မတ်မတ် ရပ်လိုက်လေသည်။
ယွမ်ချီက ယွင်ချိုင်တို့ ရှစ်ယောက် အနားသို့ ကပ်လာပြီး ….
"အားလုံးပဲ... စားပြီးရင် ကျွန်တော်နဲ့ လိုက်ခဲ့ကြပါ... ဂိုဏ်းချုပ်က တွေ့ချင်လို့တဲ့..."
ယွင်ချိုင်တို့ ရှစ်ယောက်က သူတို့ကိုယ် သူတို့ လက်ညှိုးထိုးပြလိုက်ရာ ယွမ်ချီက ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။
မျက်နှာချင်းဆိုင်တွင် ထိုင်နေသော အမျိုးသား တပည့်မှာ အလွန် တုန်လှုပ်သွားပြီး ယွင်ချိုင်တို့ ရှစ်ယောက်တွင် ဤမျှ ထူးခြားသော နောက်ခံ ရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ဂိုဏ်းချုပ်၏ ဆင့်ခေါ်ခြင်း ခံရသည်မှာ ကောင်းသော ကိစ္စ ဖြစ်ရမည်။ အကယ်၍ မကောင်းသော ကိစ္စသာ ဖြစ်လျှင် ယွမ်ချီ ရောက်လာမည် မဟုတ်ဘဲ ကျီဖှာခန်းမမှ တပည့်များ ရောက်လာကြပေလိမ့်မည်။
"အရင် စားကြပါ... မလောပါဘူး..."
ယွမ်ချီက ပြုံးပြီး ပြောလိုက်ရင်း ဘေးပတ်လည်ကို ဝေ့ဝဲကြည့်လိုက်ရာ အမျိုးသား တပည့်အပေါ် ကျရောက်သွားသည်။ထိုအခါ အမျိုးသား တပည့်ခင်မျာ လန့်ဖျပ်သွားပြီး နေရာဖယ်ပေးကာ သူ့သစ်သားလင်ပန်းကို ယူ၍ ထွက်ခွာသွားလေသည်။
ထို့ကြောင့် ယွမ်ချီက ယွင်ချိုင်တို့ ရှစ်ယောက်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ပြီး သူတို့ စားသောက်နေသည်ကို ထိုင်ကြည့်နေလိုက်သည်။
သူသည် အသက် ၁၈ နှစ်သာ ရှိသေးသော်လည်း လီချင်းချိုးအတွက် အလုပ်လုပ်ပေးခဲ့သည်မှာ ကြာပြီ ဖြစ်၍ ကိုယ်ပိုင် အာဏာစက် တစ်ခု တည်ဆောက်ထားပြီး ဖြစ်ရာ ယွင်ချိုင် တို့ ရှစ်ယောက်ကို အလွန် စိတ်လှုပ်ရှားသွားစေသည်။
သူတို့ ပင်မခြံဝင်းထဲမှ ထွက်ခွာသွားပြီးနောက် အခြား အပြင်စည်းတပည့်များ စတင် ဆွေးနွေးကြပြီး ယွင်ချိုင်တို့ ရှစ်ယောက်၏ အထောက်အထားကို သိချင်လာကြသည်။
စောစောက ယွင်ချိုင်တို့ ရှစ်ယောက် ရှေ့တွင် အရှက်ကွဲခဲ့သော အမျိုးသား တပည့်မှာမူ ကြောက်ရွံ့ခြင်း မရှိပေ။
ဘာပဲဖြစ်ဖြစ် သူက စေတနာနှင့် ပြောပြခဲ့ခြင်း ဖြစ်ပြီး အနည်းငယ် ရှက်ရွံ့မိရုံသာ ရှိလေသည်။
…
ယွမ်ချီက ယွင်ချိုင်တို့ ရှစ်ယောက်ကို တောအုပ်တစ်ခုထဲသို့ ခေါ်ဆောင်သွားသဖြင့် လမ်းတစ်လျှောက်တွင် အခြားတပည့်များ မရှိသည်ကို မြင်သောအခါ သူတို့ အလိုအလျောက် ကြောက်ရွံ့လာကြသည်။
ဖန်မြို့မှ ချင်းရှောင်တောင်အထိ လမ်းခရီးတွင် အန္တရာယ်များစွာ ကြုံတွေ့ခဲ့ရသဖြင့် အရာရာကို အဆိုးမြင်စိတ်ဖြင့် ကြည့်တတ်လာကြသည်။
ယွမ်ချီက လူဆိုးပုံ မပေါ်သော်လည်း တကယ်လို့ လူဆိုး ဖြစ်နေရင် ဘယ်လိုလုပ်မလဲ…
ယွင်ချိုင်တို့ ရှစ်ယောက်၏ မျက်လုံးထဲတွင် သူသည် လူဆိုးတစ်ယောက် ဖြစ်လာနေကြောင်း ယွမ်ချီ မသိရှာပေ။ ထိုအချိန်၌ သူသည် အခြား အမျိုးသမီး တစ်ဦး အကြောင်းကို တွေးနေမိသည်။
"ဒီနေ့ အချိန်ရရင် သူမကို သွားတွေ့သင့်တယ်..."
ထိုအမျိုးသမီး အကြောင်း တွေးမိသောအခါ ယွမ်ချီ ပြုံးလိုက်မိသည်။
၁၈ နှစ်ဆိုသည်မှာ စိတ်လှုပ်ရှား လွယ်သော အရွယ် ဖြစ်သည်။ အထူးသဖြင့် သူသည် ရာထူးကြီးမြင့်ပြီး အမျိုးသမီး တပည့်များက သူ့ကို အမြဲတမ်း စိတ်ဝင်စားမှု ပြသနေကြသောကြောင့် ဖြစ်သည်။
လီချင်းချိုးနှင့် ယွမ်လီတို့ကို မြင်လိုက်ရသောအခါ ယွင်ချိုင်တို့ ရှစ်ယောက် ချက်ချင်း စိတ်သက်သာရာ ရသွားကြပြီး မျက်နှာများ ဝင်းပသွားကြသည်။
သူတို့ တစ်ယောက်စီတိုင်းကို ချွေ့အိမ်တော်မှ လီချင်းချိုး ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူတို့၏ မိဘများ သေဆုံးကုန်ကြပြီ သို့မဟုတ် သူတို့ကို စွန့်ပစ်ခဲ့ကြပြီ ဖြစ်သည်။ ထို့ကြောင့် လီချင်းချိုးကသာ သူတို့ အယုံကြည်ရဆုံး လူတစ်ယောက် ဖြစ်ပြီး ပေါင်ကျောက် ပင်လျှင် ယှဉ်နိုင်ခြင်း မရှိပေ။
ပေါင်ကျောက်က လူကောင်း ဖြစ်သော်လည်း လီချင်းချိုးလောက် စွမ်းရည် မရှိသလို သူတို့ကို လုံခြုံမှု ပေးနိုင်စွမ်းလည်း မရှိပေ။
လီချင်းချိုးက ယွင်ချိုင်တို့ ရှစ်ယောက်ကို လှည့်ကြည့်လိုက်ရာ မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သော အပြုံးတစ်ခု ပေါ်လာသည်။
တာအိုမျိုးဆက်စနစ်ထဲမှ တပည့် ပုံရိပ်ကို ကြည့်ရသည်မှာ ယွင်ချိုင်သည် လှပပြီး ချစ်စရာကောင်းသော ရုပ်ရည် ရှိသော်လည်း အပြင်လောကတွင် ရေချိုးပြီးသည့်တိုင် သိပ်သန့်ရှင်းပုံ မရဘဲ ရှစ်ယောက်ထဲတွင် အထူးတလည် ထင်ရှားခြင်း မရှိပေ။
ယွမ်ချီက လီချင်းချိုး အနားသို့ ကပ်သွားပြီး လေးလေးစားစား ဦးညွှတ်ကာ လှည့်ထွက်သွားတော့
မိန်းကလေးများက သူ ထွက်သွားသည်ကို ကြည့်နေကြပြီး ဤစီနီယာအစ်ကိုသည် တကယ် ပြတ်သားပြီး ထိရောက်မှု ရှိကြောင်း၊ ထို့ကြောင့်လည်း ဂိုဏ်းချုပ်က အသုံးပြုခြင်း ဖြစ်မည်ဟု ရုတ်တရက် သဘောပေါက်လိုက်ကြသည်။
လီချင်းချိုးက ယွင်ချိုင်တို့ ရှစ်ယောက်ကို ကြည့်လိုက်သော်လည်း ယွင်ချိုင် တစ်ယောက်တည်းကို တမင်တကာ အာရုံစိုက် မကြည့်ခဲ့ပေ။
"ဂိုဏ်းစည်းကမ်းအရ သိုင်းပညာ မသင်ယူခင် အချိန်ကာလ တစ်ခုအထိ အလုပ်လုပ်ပေးရမယ်... ဒါပေမဲ့ ဒီအထိ ရောက်လာဖို့ ဘယ်လောက် ခက်ခဲခဲ့လဲ ဆိုတာ ထည့်သွင်းစဉ်းစားပြီးတော့... ပြီးတော့ မင်းတို့ ချင်းရှောင်ဂိုဏ်းကို သတိထားနေကြဦးမှာပဲ... ဂိုဏ်းနဲ့ ပိုပြီး အသားကျလာစေဖို့အတွက် ဟွမ်ယွမ်ကျမ်းစာ စိတ်စွမ်းအင် ကျင့်စဉ် ပထမအဆင့်ကို ငါ ကြိုတင် သင်ပေးမယ်... ဒါက ဂိုဏ်းရဲ့ တန်ဖိုးအရှိဆုံး ပညာရပ်ပဲ..."ဟု
လီချင်းချိုးက လေးနက်စွာ ပြောလိုက်ရာ ရှစ်ယောက်စလုံး စိတ်လှုပ်ရှားသွားကြပြီး ကျေးဇူးတင်ကြောင်း ဦးညွှတ်လိုက်ကြသည်။
သူက ယွမ်လီ၏ မျက်နှာချင်းဆိုင်တွင် ထိုင်ရန် လက်ပြလိုက်တော့ မိန်းကလေး ရှစ်ယောက် လျှောက်သွားကြပြီး ယွမ်လီ၏ ပုံစံအတိုင်း နှင်းပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ကြသည်။
အသက် ဆယ်နှစ်အရွယ် ယွမ်လီ ကို ကြည့်ရင်း ထိုကလေး၏ အထောက်အထားကို သူတို့ အလွန် သိချင်နေကြသည်။
"သူ့နာမည်က ယွမ်လီ... စောစောက မင်းတို့ကို ဒီခေါ်လာတဲ့ ယွမ်ချီရဲ့ ညီလေးပဲ..." ဟု လီချင်းချိုးက မိတ်ဆက်ပေးလိုက်တော့
ယွမ်လီက မိန်းကလေး ရှစ်ယောက်ကို ကြည့်ပြီး ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။
လီချင်းချိုးလည်း ထိုင်လိုက်ပြီး ဟွမ်ယွမ်ကျမ်းစာ စိတ်စွမ်းအင် ကျင့်စဉ် ပထမအဆင့်ကို စတင် သင်ကြားပေးလေသည်။
အခြား ခုနစ်ယောက်ကိုပါ သင်ကြားပေးရသည့် အကြောင်းရင်းမှာ ယွင်ချိုင်ကို ပြုစုပျိုးထောင်ပေးလိုသည့် ရည်ရွယ်ချက်ကို ဖုံးကွယ်ရန် သက်သက် မဟုတ်ဘဲ ထို ခုနစ်ယောက်သည်လည်း အလွန် သစ္စာရှိကြသဖြင့် အတူတကွ လေ့ကျင့်ပေးနိုင်သည်ဟု ခံစားမိသောကြောင့်ပင်…
ယွမ်ချီနှင့် ယွမ်လီကို ဆက်ဆံသကဲ့သို့ပင် ယွမ်ချီ၏ ပါရမီ ညံ့ဖျင်းသောကြောင့် သူ့ကို လျစ်လျူမရှုခဲ့ပေ။
ယွမ်ချီနှင့် သူ့ညီလေးသည်လည်း ချင်းရှောင်ဂိုဏ်း သို့ အတူတကွ ဝင်ရောက်လာကြရာ လီချင်းချိုး အနေဖြင့် ခွဲခြားဆက်ဆံမှုကြောင့် ညီအစ်ကို နှစ်ယောက်ကြား ဆက်ဆံရေး ပျက်စီးသွားမည်ကို မလိုလားပေ။
ယခု ယွင်ချိုင်၏ သူငယ်ချင်း ခုနစ်ယောက် အပေါ်တွင်လည်း ထိုကဲ့သို့ပင် ခံစားမိသည်။
ကျိယာ၏ သူငယ်ချင်း ငါးယောက်ကိုပင် သူတို့၏ ဆက်ဆံရေး တည်မြဲစေရန်အတွက် ကျိယာ၏ စကားမှတဆင့် ဓားဂိုဏ်းသို့ ဝင်ရောက်နိုင်ရန် လီချင်းချိုး စီစဉ်ပေးခဲ့သည်။
သေချာပေါက် ဤအရာအားလုံးသည် မြင့်မားသော သစ္စာရှိမှုအပေါ် အခြေခံထားသည်။
လီချင်းချိုးအနေနှင့် မိမိလုံခြုံမှုကို အာမခံနိုင်မှသာ အခြားသူများအတွက် ကောင်းမှု ပြုလုပ်ပေးမည် ဖြစ်သည်။
ဟွမ်ယွမ်ကျမ်းစာသည် မသေမျိုးကျင့်စဉ် မကျင့်ကြံဖူးသူများအတွက် အလွန် ရှုပ်ထွေးလှပြီး သိုင်းပညာ လုံးဝ မလေ့ကျင့်ဖူးသော ယွင်ချိုင်တို့ ရှစ်ယောက်အတွက်မူ ဆိုဖွယ်ရာ မရှိပေ။
ကံကောင်းသည်မှာ လီချင်းချိုးက စိတ်မရှည်ခြင်း မရှိဘဲ ထပ်ခါတလဲလဲ သင်ကြားပေးလေသည်။
မွန်းတည့်ချိန် ရောက်သောအခါ ယွမ်ချီနှင့် သူ့လူများသည် နေ့လယ်စာဘူးများ သယ်ဆောင်လာကြတော့…..
"နာရီဝက်လောက် နားကြမယ်... မင်းတို့ အရင် စားကြ..." ဟု လီချင်းချိုးက ပြုံးပြီး ပြောလိုက်ရင်း မတ်တတ်ရပ်ကာ အကြောဆန့်လိုက်သည်။
သူ ထိုသို့ လုပ်သည်ကို မြင်သောအခါ ယွင်ချိုင်မှလွဲ၍ ကျန်ခုနစ်ယောက်စလုံး ကိုယ်လက် ဆန့်တန်းလိုက်ကြသည်။ သူတို့သည် မတ်မတ်ထိုင်ရန် အတင်း ကြိုးစားနေခဲ့ကြသော်လည်း တရားထိုင်သည့် ပုံစံကို ကြာရှည် ထိန်းထားရသဖြင့် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပြီ ဖြစ်သည်။
ယွင်ချိုင်ကတော့ လီချင်းချိုး လှည့်ထွက်သွားသည်ကို ကြည့်ပြီး အံကြိတ်ကာ မတ်တတ်ရပ်လိုက်ပြီး ….
"ဂိုဏ်းချုပ်... ကျွန်မ မူလချီကို ရရှိသွားပါပြီ..."
ထိုစကားကို ကြားသောအခါ ကျန်ခုနစ်ယောက် အံ့သြတကြီး လှည့်ကြည့်လိုက်ကြသည်။
အခုမှ ရောက်လာသော ယွမ်ချီလည်း မျက်လုံးများ ပြူးကျယ်သွားသည်။
ဘယ်လောက် ကြာသေးလို့လဲ…
ဂိုဏ်းချုပ်က နောက်ထပ် ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်ကို ရှာတွေ့ပြန်ပြီလား..
မြေကြီးပေါ်တွင် ထိုင်နေဆဲ ဖြစ်သော ယွမ်လီလည်း မှင်သက်နေပေတော့သည်။