ဂိုဏ်းချုပ်၏ ကံတရား…..
Vol. 16 Ch. 155
လီချင်းချိုးက ယွင်ချိုင် ဘက်သို့ လှည့်ကြည့်လိုက်ပြီး အံ့သြသော မျက်နှာထားဖြင့် မေးလိုက်လေသည်။
"တကယ်လား..."
အမှန်တကယ်တွင် ယွင်ချိုင် မူလချီကို ပိုင်ဆိုင်ထားကြောင်း သူ သတိထားမိပြီး ဖြစ်သည်။ သို့သော် သူမသည် မူလချီကို ရရှိပြီးသည်နှင့် တပြိုင်နက် တစ်စုံတစ်ယောက် သိရှိသွားမည်ကို ကြောက်ရွံ့သည့်အလား ချက်ချင်း ရပ်တန့်လိုက်ပြီး ယခုမှသာ သူမ ထုတ်ပြောရဲခြင်း ဖြစ်သည်။
ထိုအခါ ယွင်ချိုင်က မတ်တတ်ရပ်လိုက်ပြီး ခေါင်းမော့ကာ ပါးစပ်ဟ၍ အဖြူရောင် ချီစွမ်းအင်တန်း တစ်ခုကို မှုတ်ထုတ်လိုက်ရာ မြှားတစ်စင်းကဲ့သို့ ပျံသန်းသွားပြီး မြေပြင်ပေါ်ရှိ နှင်းများကို ထိုးဖောက်သွားသဖြင့်
ယွမ်ချီ မျက်လုံးများ ပြူးကျယ်သွားလေသည်။
ဤမိန်းကလေးများက မနေ့ကမှ တောင်ပေါ်သို့ ရောက်လာကြခြင်း ဖြစ်ပြီး သူကိုယ်တိုင် ဂိုဏ်းချုပ်ထံ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ဂိုဏ်းချုပ် အနေဖြင့် သူတို့၏ ပါရမီကို ကြိုတင်သိရှိပြီးမှ တွေ့ဆုံခဲ့ခြင်း မဟုတ်ပေ။
ဒါက ဘာသဘောလဲ...
ကံကောင်းခြင်းလား…
ထို့နောက် ဤမိန်းကလေးများ၏ နောက်ခံကို ယွမ်ချီ ပြန်လည် စဉ်းစားမိလိုက်သည်။ သူတို့ကို ဂိုဏ်းချုပ် ကိုယ်တိုင် ကယ်တင်ခဲ့ပြီး ဂိုဏ်းချုပ်ထံ ခိုလှုံရန် ရောက်လာကြခြင်း ဖြစ်ပေသည်။
ဂိုဏ်းချုပ်သည် အမြဲတမ်း ကောင်းမှုကုသိုလ် ပြုလုပ်ပြီး လူများစွာကို ကယ်တင်ခဲ့သောကြောင့် ဤမျှ ကံကောင်းနေခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ အကယ်၍ နတ်ဘုရားများသာ မျက်စိပါလျှင် ဂိုဏ်းချုပ်ကို သေချာပေါက် မျက်နှာသာ ပေးပေလိမ့်မည်။
ဤသို့ဖြင့် ယွမ်ချီသည် လီချင်းချိုးကို ပိုမို လေးစားအားကျလာမိသည်။ သူ့အမြင်တွင် ချင်းရှောင်ဂိုဏ်း၏ သူရဲကောင်း စိတ်ဓာတ်ကို မြှင့်တင်နိုင်ခြင်းမှာ လီချင်းချိုးကြောင့်ပင် ဖြစ်တန်ရာ၏။
ဂိုဏ်းချုပ်၏ စိတ်နေသဘောထားက ဂိုဏ်းတစ်ခု၏ ကံကြမ္မာကို ဆုံးဖြတ်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပေသည်။
အခြား မိန်းကလေး ခုနစ်ယောက်သည်လည်း ယွင်ချိုင် မူလချီ ထုတ်လွှတ်လိုက်သည်ကို မြင်သောအခါ တုန်လှုပ်သွားကြသည်။
တင်းရွှမ်း မူလချီ အသုံးပြုသည်ကို သူတို့ မြင်ဖူးကြသဖြင့် ၎င်း၏ အစွမ်းထက်ပုံကို သိရှိထားကြသညခ။
သူတို့ မနက်ခင်း တစ်ခုလုံး မူလချီ၏ ခံစားမှုကို ရှာဖွေရန် ကြိုးစားခဲ့ကြသော်လည်း ယွင်ချိုင်တဉီးတည်းကသာ အမှန်တကယ် လုပ်ဆောင်နိုင်ခဲ့သည်။
သူတို့အကြားတွင် ယွင်ချိုင်သည် အမြဲတမ်း တိတ်ဆိတ်နေတတ်ပြီး သန့်ရှင်းမှု အနည်းဆုံး ဖြစ်သဖြင့် လျစ်လျူရှု ခံရလေ့ရှိသူ ဖြစ်သည်။ထို့ကြောင့် သူမ၏ အမြင်ကို တောင်းခံလေ့ မရှိကြပေ။
မထင်မှတ်ဘဲ သူတို့အထဲတွင် ယွင်ချိုင် သည် သိုင်းပညာ ပါရမီ အမြင့်ဆုံး ဖြစ်နေလေသည်။
ယွမ်လီကတော့ ယွင်ချိုင်ကို တည်ငြိမ်သော မျက်နှာထားဖြင့် ကြည့်နေပြီး အင်္ကျီလက်စွပ် အတွင်းမှ လက်သီးများ ပြေလျော့သွားသည်။
လီချင်းချိုးက ယွင်ချိုင်ကို အကဲခတ်နေရင်း တပြိုင်နက်တည်းတွင် ယွမ်လီကိုလည်း ဝိညာဉ်အာရုံဖြင့် စောင့်ကြည့်နေသည်။
ဒီလောက် လှုံ့ဆော်တာတောင် မလုံလောက်သေးဘူးလား…
".. နေ့ဝက်အတွင်း မူလချီကို သန့်စင်နိုင်တယ်ဆိုတော့ မင်းက ရာစုနှစ်တစ်ခုမှာ တစ်ယောက် ပေါ်ထွန်းခဲတဲ့ ပါရမီရှင်ပဲ..." ဟု လီချင်းချိုးက ချီးကျူးလိုက်သဖြင့် ယွင်ချိုင် စိတ်သက်သာရာ ရသွားခဲ့သည်။
ယွင်ချိုင်သည် အစောပိုင်းက မူလချီကို ထုတ်မပြခဲ့ခြင်းမှာ ထူးချွန်လွန်းနေမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ယခု သူမ ထုတ်ပြလိုက်ရခြင်းမှာ သာမန်ကာလျှံကာ ဖြစ်နေပြီး လီချင်းချိုးနှင့် ရင်းနှီးခွင့်ရမည့် အခွင့်အရေး လက်လွတ်ဆုံးရှုံးသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ယွမ်ချီ၏ နောက်တွင် ရပ်နေသော ထမင်းချိုင့်လာပို့သည့် တပည့်များကတော့ ယွင်ချိုင် ကျင့်ကြံသည်မှာ ဘယ်လောက် ကြာပြီလဲ ဆိုသည်ကို မသိကြပေ။ ယခု လီချင်းချိုးက နေ့ဝက်သာ ရှိသေးသည်ဟု ပြောလိုက်သောအခါ ထိုတပည့်များခင်မျာ သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ မျက်လုံးများ ပြူးကျယ်သွားကြသည်။
ယွင်ချိုင်က မျက်နှာလိုမျက်နှာရ လုပ်တတ်သူ မဟုတ်သဖြင့် လီချင်းချိုး ချီးကျူးသောအခါ ပြုံး၍သာ သူ့ကို စိုက်ကြည့်နေမိသည်။
လီချင်းချိုးက သူမကို ကြည့်ပြီး ….
"အရင် စားကြရအောင်... နေ့လယ်ကျရင် ငါ မင်းနဲ့ သီးသန့် စကားပြောမယ်..."
ထိုအခါ ယွင်ချိုင် ချက်ချင်း ဝမ်းသာသွားပြီး မျက်လုံးများ အရောင်တောက်လာသောအခါ
သူမ၏ မျက်ဝန်းများတွင် ငွေပြာရောင် အလင်းတန်းများ မှိန်ဖျဖျ တောက်ပနေသည်ကို လီချင်းချိုး သတိထားမိလိုက်သည်။
ဓမ္မသောင်းချီ ဝိညာဉ်မျက်လုံးက ဖုံးကွယ်ထားလို့ မရတော့ဘူးလား…
အခြား မိန်းကလေး ခုနစ်ယောက် သတိဝင်လာပြီး ယွင်ချိုင်ကို ဝိုင်းအုံကာ သူမ ဘယ်လို လုပ်လိုက်သလဲဟု စိတ်လှုပ်ရှားစွာ မေးမြန်းကြလေသည်။
သူတို့ အတူတကွ လာခဲ့ကြသူများ ဖြစ်သဖြင့် ချက်ချင်း မနာလို ဝန်တို ဖြစ်သွားရန် မဖြစ်နိုင်ပေ။ အများဆုံး အားကျရုံသာ ရှိမည် ဖြစ်ပြီး သူမအတွက် စိတ်ရင်းမှန်ဖြင့် ဝမ်းသာပေးကြရှာသည်။
ယွမ်ချီက တပည့်များကို ထမင်းချိုင့်များ ချထားရန် ညွှန်ကြားပြီးနောက် ဦးညွှတ်ကာ ထွက်ခွာသွားလေသည်။
လီချင်းချိုးလည်း ထမင်းချိုင့် တစ်ခုကို ယူလိုက်ပြီး ယွမ်လီ၏ ဘေးတွင် ဝင်ထိုင်ကာ အတူတကွ စားသောက်လိုက်သည်။
ယွင်ချိုင်တို့ ရှစ်ယောက် ခေတ္တမျှ စိတ်လှုပ်ရှားနေကြပြီးနောက် ဝင်ထိုင်၍ စားသောက်ကြလေသည်။
စားသောက်နေစဉ် အတွင်း သွက်လက်ချက်ချာသော မိန်းကလေး တစ်ဦးက လီချင်းချိုးကို ကြည့်ပြီး သတ္တိမွေးကာ မေးလိုက်လေသည်။
"ဂိုဏ်းချုပ်... ယွင်ချိုင်ရဲ့ ပါရမီနဲ့ ဆိုရင် နောက်တစ်ကြိမ် ဓမ္မတိုက်ပွဲ ညီလာခံ ကျရင် ဘယ်လို ရလဒ်မျိုး ရနိုင်မလဲ..."
ထိုစကားကို ကြားသောအခါ အားလုံးက လီချင်းချိုးကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ကြပြီး ယွင်ချိုင်သည်လည်း အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။
"ဂိုဏ်းတစ်ခုလုံးမှာ သူ့ထက် ပါရမီမြင့်တဲ့သူ သုံးယောက်ထက် မပိုဘူး..."
သူ ပုံကြီးချဲ့ပြောနေခြင်း မဟုတ်ပေ။ "အထူးကောင်းမွန်သည်" ထက် မြင့်မားသော အဆင့်မှာ "ထူးချွန်သည်"ဟူသော အဆင့်ဖြစ်သည်။ချင်းရှောင်ဂိုဏ်းတွင် ထူးချွန်သော ကျင့်ကြံမှု ပါရမီကို ပိုင်ဆိုင်ထားသူ သုံးဦးသာ ရှိသည်။ထိုသူတို့မှာ
ရွှီနင်း၊ ကျောက်ကျိန်း နှင့် ချူကျင်းတို့ ဖြစ်ကြသည်။
သေချာပေါက် ဤသည်မှာ ပါရမီကိုသာ ထည့်သွင်းစဉ်းစားခြင်း ဖြစ်ပြီး ကျင့်ကြံမှု အမြန်နှုန်းသည် ကံကြမ္မာ၊ နားလည်နိုင်စွမ်း နှင့် အရင်းအမြစ်များ အပေါ်တွင်လည်း မူတည်လေသည်။
လီချင်းချိုး၏ မှတ်ချက်ကို ကြားလိုက်ရသောအခါ မိန်းကလေး ခုနစ်ယောက်စလုံး အာမေဋိတ်သံ ပြုလိုက်ကြပြန်သည်။ထို့နောက် မေးခွန်းပေါင်းများစွာကို တရစပ် မေးမြန်းကြရာ လီချင်းချိုးကလည်း စိတ်ရှည်လက်ရှည်ဖြင့် တစ်ခုချင်းစီ ဖြေကြားပေးလေသည်။
ယွမ်လီကတော့ ထိုအရာအားလုံးကို တိတ်တဆိတ် ထိုင်ကြည့်နေသည်။ အများဆုံး တစ်နှစ်အတွင်း ညစ်ပတ်ပေရေနေသော ဤအမျိုးသမီးက သူ့ကို ကျော်တက်သွားတော့မည် ဖြစ်ကြောင်း သူ သိနေသည်။
အကယ်၍ ဆရာသာ အဓိကထား ပြုစုပျိုးထောင်ပေးမည်ဆိုပါက တစ်နှစ်ပင် ကြာမည် မဟုတ်ပေ။
"ဂိုဏ်းမှာ ပါရမီရှင်တွေ ပိုများလာတာ ကောင်းတဲ့ကိစ္စပါပဲ..."
ထိုသို့ တွေးမိလိုက်သောအခါ ယွမ်လီ ပြုံးလိုက်မိသည်။ သူသည် ယွင်ချိုင် နှင့် ဆရာ့အတွက် စိတ်ရင်းမှန်ဖြင့် ဝမ်းသာနေမိပေသည်။
တစ်နာရီအကြာတွင် လီချင်းချိုးက ယွင်ချိုင်ကို ဝေးလံသော တောအုပ်တစ်ခုဆီသို့ ခေါ်ဆောင်သွားပြီး သီးသန့် စကားပြောဆိုခဲ့သည်။
လီချင်းချိုးက ယွင်ချိုင်ဘက်သို့ လှည့်ကြည့်ပြီး လေးနက်သောလေသံဖြင့်….
"မင်းရဲ့ ပါရမီက ထူးခြားလွန်းတယ်... ငါ ကိုယ်တိုင် သင်ပေးမှ စိတ်ချရလိမ့်မယ်... ငါ့တပည့်အဖြစ် ခံယူဖို့ ဆန္ဒရှိလား..."
ထိုစကားကို ကြားသောအခါ ယွင်ချိုင် ၏ မျက်နှာတွင် အံ့သြခြင်း သို့မဟုတ် စိတ်လှုပ်ရှားခြင်းများ ပေါ်မလာပေ။ ထိုအစား သူမက နှုတ်ခမ်းကို ကိုက်လိုက်ပြီး တုံ့ဆိုင်းစွာ မေးလိုက်လေသည်။
"ဂိုဏ်းချုပ်... တပည့်မခံလို့ မရဘူးလား... ကျွန်မ ယွမ်ချီလိုမျိုး နေလို့ရမလား... စီနီယာအစ်ကို တစ်ယောက်လိုမျိုး ဂိုဏ်းချုပ်ကို ပြုစုပေးချင်လို့ပါ..."
ထိုအခါ လီချင်းချိုး အံ့သြသွားပြီး….
"ဘာလို့ တပည့်မခံချင်ရတာလဲ..."
သူ့တပည့် ဖြစ်ရန် နောက်ဆုံး ငြင်းဆန်ခဲ့သူမှာ ချိုင်ယွင်ရှန်း ဖြစ်သည်။ အစပိုင်းတွင် ချိုင်ယွင်ရှန်း၌ တစ်စုံတစ်ရာ ရည်ရွယ်ချက် ရှိသည်ဟု သူ ထင်ခဲ့သော်လည်း နောက်ပိုင်းတွင် သူမသည် မိမိကိုယ်ကို စည်းကမ်းတင်းကြပ်သူ ဖြစ်ပြီး သူ့တပည့် ဖြစ်ရန် အရည်အချင်း မပြည့်မီဟု ခံစားရသောကြောင့် ဖြစ်ကြောင်း သိရှိခဲ့ရသည်။ သူမသည် ခန်းမသခင် ဖြစ်သော်လည်း အခြားတပည့်များနည်းတူ အခွင့်ထူး မယူခဲ့ခြင်းက သက်သေပြနေသည်။
ယွင်ချိုင်ရဲ့ အကြောင်းပြချက်က ဘာလဲ…
ယွင်ချိုင်က ခေါင်းငုံ့လိုက်ပြီး ….
"ကျွန်မ... ကျွန်မ ဂိုဏ်းချုပ်ရဲ့ တပည့် မဖြစ်ချင်လို့ပါ... အဲဒါက မကောင်းဘူး..."
မကောင်းဘူး ဟုတ်လား…
အသက် ၁၆ နှစ် မပြည့်သေးသော ယွင်ချိုင်ကို ကြည့်ရင်း လီချင်းချိုး အတော်လေး ဇဝေဇဝါ ဖြစ်သွားသော်လည်း သူမ ဤနေရာသို့ ရောက်ခါစ ဖြစ်သဖြင့် ထုတ်မပြောနိုင်သော အခက်အခဲများ ရှိကောင်း ရှိနိုင်သည်ဟု တွေးလိုက်မိသည်။
"ဒါဆိုရင် ငါ အတင်းမတိုက်တွန်းတော့ပါဘူး... မင်း ကြောက်စရာ မလိုပါဘူး... ငါ့ကို ငြင်းဆန်တာက ကိစ္စကြီး မဟုတ်ပါဘူး..."
လီချင်းချိုး ညင်သာစွာ ပြုံးလိုက်ပြီး သူမ၏ တင်းမာမှုများကို လျှော့ချပေးရန် ကြိုးစားလိုက်သည်။
အမှန်တကယ်တွင် သူ ထိုအတိုင်း တွေးထားခြင်း ဖြစ်သည်။ ချင်းရှောင်ဂိုဏ်းကို သစ္စာမဖောက်သရွေ့ သူ့တပည့် ဖြစ်ခြင်း မဖြစ်ခြင်းက အရေးမကြီးပေ။
ထိုအခါ ယွင်ချိုင် စိတ်သက်သာရာ ရသွားသဖြင့် ခေါင်းမော့ပြီး လီချင်းချိုးကို ကြည့်လိုက်သည်။
"ဒါဆို နောက်ပိုင်းကျရင် ဂိုဏ်းချုပ်နဲ့အတူ လိုက်ပြီး ကျင့်ကြံလို့ ရမလား..."
"ဒါပေါ့... နောက်ပိုင်း ကြိုက်တဲ့အချိန် ငါ့ဆီ လာခဲ့လို့ ရတယ်... မင်းရဲ့ ပါရမီနဲ့ ဆိုရင် အသုံးဝင်တဲ့ လူတစ်ယောက် ဖြစ်လာအောင် အမြန်ဆုံး ပြုစုပျိုးထောင်ပေးတာက ဂိုဏ်းအတွက် ကောင်းပါတယ်... မင်း လိုချင်ရင် အပြင်စည်းတပည့်တွေရဲ့ အဆောင်ကနေ ပြောင်းလာဖို့တောင် ငါ ခွင့်ပြုပေးလို့ ရတယ်..."
"မလိုပါဘူး... ကျွန်မ သူတို့နဲ့ပဲ အတူနေပါရစေ..."
"မင်းမှာ ဘယ်လို အခွင့်အရေးတွေပဲ ရှိပါစေ... မင်းဘေးနားက လူတွေကို စိတ်ပျက်အောင် မလုပ်ပါနဲ့... ချင်းရှောင်ဂိုဏ်းထဲမှာ ပါရမီက အရင်းအမြစ်နဲ့ နေရာကွာခြားမှုတွေကို ဖြစ်စေပေမဲ့ အထူးချွန်ဆုံး တပည့်ကတောင် တခြားတပည့်တွေကို အထင်သေးလို့ မရဘူး..."
ထိုစကားကို ကြားသောအခါ ယွင်ချိုင် လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး လီချင်းချိုးက သူမ၏ ရွေးချယ်မှုကို လေးစားပေးသဖြင့် အလွန် ဝမ်းသာသွားရသည်။
လီချင်းချိုးဆိုသူက သူမ ထင်ထားသည်ထက် ပိုမို ကောင်းမွန်သော သူတစ်ယောက် ဖြစ်လေသည်။
"ဒီည ပြန်ရောက်ရင် သေချာ သန့်ရှင်းရေး လုပ်လိုက်ဦး... ချင်းရှောင်ဂိုဏ်းမှာ မင်းရဲ့ ရုပ်ရည်ကြောင့် ဒုက္ခရောက်မှာကို စိုးရိမ်စရာ မလိုဘူး..."
ထိုအခါ ယွင်ချိုင် မျက်နှာရဲသွားပြီး ခေါင်းအနည်းငယ် ညိတ်လိုက်သည်။
ထို့နောက် လီချင်းချိုး သူမကို ပြန်လိုက်ပို့ပေးလိုက်ပြီး
ညနေစောင်းသောအခါ သူတို့ တောအုပ်ထဲမှ ထွက်ခွာလာကြသည်။
ခြံဝင်းသို့ ပြန်လာသော လမ်းခရီးတွင် မိန်းကလေး ခုနစ်ယောက်က ယွင်ချိုင် အား ဂိုဏ်းချုပ်က ဘာကြောင့် သီးသန့် ခေါ်တွေ့သလဲ ဟု မေးမြန်းကြသည်။
ယွင်ချိုင်က သူမ တပည့်ခံရန် ငြင်းဆန်ခဲ့ကြောင်း ထုတ်မပြောခဲ့ပေ။ ဒါဟာလည်း ဂိုဏ်းချုပ်၏ ဂုဏ်သိက္ခာ ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။ ဂိုဏ်းချုပ်က သူမအပေါ် မျှော်လင့်ချက်ကြီးကြီး ထားကြောင်းနှင့် ဘေးနားရှိ လူများကို စိတ်ပျက်အောင် မလုပ်ရန် မှာကြားခဲ့ကြောင်းသာ ပြောပြလိုက်သည်။
ထိုစကားများက မိန်းကလေး ခုနစ်ယောက်ကို နက်ရှိုင်းစွာ ထိမိသွားစေပြီး ယွင်ချိုင်အပေါ် အားကျစိတ်များ လျော့နည်းသွားစေသည်။
ဤကဲ့သို့သော ဂိုဏ်းမျိုးတွင် သူတို့သည် အခြားသူများလောက် ပါရမီ မပါလျှင်ပင် ကောင်းမွန်သော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
…
နှစ်ကုန်ပြီးနောက် နွေဦးပွဲတော် ရောက်ရှိလာပြီး ချင်းရှောင်ဂိုဏ်းတွင်လည်း တဖန် ပြန်လည် စည်ကားလာပြန်သည်။
ထိုနှစ်တွင် မှတ်ပုံတင်ထားသော တပည့်ဦးရေ ၆၈၀၀ ကျော် ရှိလာပြီး လုပ်သားတပည့်များ၊ လက်မှုပညာရှင်များနှင့် ဘုရားဖူးများ အပါအဝင် တောင်ပေါ်တွင် လူဦးရေ တစ်သောင်းကျော်ရှိနေပြီဖြစ်ရာ အလွန် သက်ဝင်လှုပ်ရှားနေသော လေထုကို ဖန်တီးပေးထားသည်။
ချင်းရှောင်တောင်ထိပ်မှ အောက်ခြေအထိ၊ အနီးနားရှိ ဇီယန်တောင်ထွတ်ပါမကျန် မီးပုံးများနှင့် ရောင်စုံ အပြင်အဆင်များဖြင့် တန်ဆာဆင်ထားကြသည်။
လီချင်းချိုးသည်လည်း ခန်းမတစ်ခုချင်းစီကို လှည့်လည်စစ်ဆေးရန် တစ်ရက် အချိန်ပေးလိုက်သည်။ ကျီဖှာခန်းမသို့ ရောက်ရှိသောအခါ ချိုင်ယွင်ရှန်း ကိုယ်တိုင် ထွက်ကြိုခဲ့သည်။
ချိုင်ယွင်ရှန်း ထိုင်လေ့ရှိသော ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီးနောက် လီချင်းချိုးက သူမကို ကြည့်ကာ မေးမြန်းလိုက်သည်။
"ငါ မင်းအတွက် စီစဉ်ပေးလိုက်တဲ့ လူသုံးယောက် အဆင်ပြေရဲ့လား..."
ထိုသုံးယောက်မှာ ပေါင်ကျောက်နှင့် အခြား နှစ်ဦးကို ရည်ညွှန်းခြင်း ဖြစ်သည်။ ထိုသုံးဦးသည် ယွင်ချိုင်တို့ ရှစ်ယောက်ကို ချင်းရှောင်ဂိုဏ်းသို့ လိုက်ပို့ပေးခဲ့ကြပြီး ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ကာ ကြင်နာမှုနှင့် သတ္တိကို သက်သေပြခဲ့ကြသည်။
ထိုကဲ့သို့သော လူမျိုးသည် ပြုစုပျိုးထောင်ရန် ထိုက်တန်သဖြင့် ပေါင်ကျောက်နှင့် အပေါင်းအပါများကို ကျီဖှာခန်းမသို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
ချိုင်ယွင်ရှန်းက ထိုသုံးယောက်ကိုလက်ခံရန် အနည်းငယ် ဝန်လေးခဲ့သော်လည်း လီချင်းချိုးကို ငြင်းဆန်လောက်အောင် မမိုက်မဲပေ။
လီချင်းချိုးက ပေါင်ကျောက်နှင့် အခြားသူများ အကြောင်း မေးမြန်းလိုက်သောအခါ ချိုင်ယွင်ရှန်းကပြုံးလိုက်ပြီး ….
"အရမ်း အဆင်ပြေတယ်... သူတို့က အားနည်းပေမဲ့ သူတို့ရဲ့ စိတ်နေသဘောထားနဲ့ ခံယူချက်က ကျီဖှာခန်းမနဲ့ အင်မတန် ကိုက်ညီပါတယ်... သူတို့တွေ မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့် ရောက်တာနဲ့ ကျွန်မ သူတို့ကို တရားဝင် စာရင်းသွင်းပေးမှာပါ..."
သူမ လီချင်းချိုးကို အမှန်တကယ် လေးစားသွားမိသည်။ ဂိုဏ်းချုပ်၏ ဆုံးဖြတ်ချက်များက ကောလာဟလများ ပြောသကဲ့သို့ပင် ထက်မြက်လှပေသည်။
"မကြာသေးမီက ပြဿနာ တစ်စုံတစ်ရာ ကြုံရတာ ရှိလား..."
"တကယ် ရှိပါတယ်... ပြင်းပြင်းထန်ထန် အပြစ်ပေးသင့် မပေးသင့် တွန့်ဆုတ်နေတဲ့ ကိစ္စတစ်ခုပါ..."
"အော်... ပြောပါဦး... ဘယ်သူက မင်းကို တွန့်ဆုတ်သွားအောင် လုပ်နိုင်တာလဲ..."
"ကုန့်လင်ခန်းမက ကိုယ်ပိုင်တပည့်ချင်ယွဲ့က အမျိုးသမီးတပည့် တော်တော်များများကို နှောင့်ယှက်နေလို့ ကျွန်မဆီ လာတိုင်ကြပါတယ်... ဒါပေမဲ့ သူက ခန်းမသခင်ကျန်းရဲ့ တပည့် ဖြစ်နေသလို ချင်ယဲ့ရဲ့ ညီလေးလည်း ဖြစ်နေတော့ ကြီးကြီးမားမား အပြစ်ပေးဖို့ ခက်နေပါတယ်...ကျီဖှာခန်းမက အကြီးအကဲတွေကလည်း ကျွန်မကို သေချာစဉ်းစားဖို့ အကြံပေးကြတယ်..."
ချိုင်ယွင်ရှန်း ထိုစကားများကို ပြောသောအခါ သူမ၏ မျက်လုံးများက လီချင်းချိုးကို စူးစိုက်ကြည့်နေသည်။
"ဘာကို တွန့်ဆုတ်နေတာလဲ... လုပ်စရာရှိတာ လုပ်လိုက်... သူက အမျိုးသမီးတပည့်တွေကို ဒုက္ခပေးတဲ့အထိ စောင့်နေမှာလား... လုပ်သာလုပ်လိုက်... ကောင်းကင် ပြိုကျလာရင်တောင် ငါ တာဝန်ယူတယ်..."
"သူ့ရဲ့ လုပ်ရပ်တွေက ထိထိရောက်ရောက် အပြစ်ပေးဖို့ ခက်ခဲပါတယ်... ဒါပေမဲ့ တပည့်အားလုံးကို သတိပေးတဲ့အနေနဲ့ သူ့အပြုအမူကို ကြေညာချက် ကပ်ချင်ပါတယ်... ဒါပေမဲ့ ဒီလိုလုပ်ရင် ခန်းမသခင်ကျန်းနဲ့ ချင်ယဲ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှာ သေချာတယ်..."
"ငါ သဘောတူတယ်..."
လီချင်းချိုး ချက်ချင်း သဘောတူလိုက်သည်။ သူ့မျက်လုံးထဲတွင် ဂိုဏ်းသည် သူ့အိမ် ဖြစ်ပြီး တပည့်များကို သားသမီးများကဲ့သို့ သဘောထားသည်။ သူ မသိကျွမ်းသော အမျိုးသမီးတပည့် တစ်ဦး ခြိမ်းခြောက်ခံရလျှင်ပင် သူ့ရဲ့ သမီးအရင်းကဲ့သို့ ကာကွယ်ပေးမည် ဖြစ်သည်။
အမျိုးသမီးတပည့်များတင် မကဘဲ အမျိုးသား တပည့်များ ခြိမ်းခြောက်ခံရလျှင်လည်း သူ ထိုသို့ လုပ်ဆောင်ပေးမည် ဖြစ်သည်။
ယခုအချိန်အထိ ချင်းရှောင်ဂိုဏ်းသား မည်သူမျှ ကြီးလေးသော ရာဇဝတ်မှု ကျူးလွန်ခြင်း မရှိသေးသော်လည်း အရေအတွက် များပြားလာသည်နှင့်အမျှ ဆိုးရွားသော လက္ခဏာများ ပေါ်ပေါက်လာသဖြင့် တားဆီးရပေမည်။
သူ့အနေနှင့် လူများစွာကို ပြစ်မှားမိနိုင်သော်လည်း မကြောက်ပေ။
လီချင်းချိုး၏ ပြတ်သားမှုကို မြင်သောအခါ ချိုင်ယွင်ရှန်း လက်မြှောက်၍ ဂါရဝပြုလိုက်သည်။
ထို့နောက် လီချင်းချိုးက အခြား ကိစ္စရပ်များကို တင်ပြခိုင်းသဖြင့် ချိုင်ယွင်ရှန်းလည်း အခွင့်သာတုန်း ဒုက္ခပေးနေသော ကိစ္စရပ်များကို တစ်ခုပြီးတစ်ခု ပြောပြလေတော့သည်။
လီချင်းချိုး သူမကို အမြဲတမ်း အလိုလိုက်နေခြင်း မဟုတ်ပေ။ အချို့သော ကိစ္စရပ်များတွင် အလွန်အမင်း အလေးအနက် ထားစရာ မလိုကြောင်း၊ ဥပဒေနှင့် ခံစားချက်အကြား မျှခြေကို သေချာ စဉ်းစားသင့်ကြောင်းနှင့် ဂိုဏ်းစည်းမျဉ်းများနှင့် ကျီဖှာခန်းမ၏ စည်းမျဉ်းများအတိုင်း လုံးဝ ပုံသေ ဆောင်ရွက်၍ မရနိုင်ကြောင်း အကြံပေးလေသည်။