ကြောက်မက်ဖွယ်ကောင်းသော မူလချီ….
Vol. 16 Ch. 156
ကျီဖှာခန်းမတွင် နာရီဝက်ခန့် ကြာပြီးနောက် အခြားဌာနများသို့ ဆက်သွားကာ တစ်နေ့လုံးနီးပါး တောင်ပေါ်တွင် လှည့်လည်သွားလာပြီးနောက် လင်းရှောင်ခြံဝင်းသို့ ပြန်ရောက်လာခဲ့သည်။
လမ်းလျှောက်နေစဉ် ယွင်ချိုင်နှင့် တွေ့ဆုံသဖြင့် သူမကို ခေါ်၍ အတူတူ တောင်ပေါ်သို့ တက်လာခဲ့သည်။
သူတို့နှစ်ဦး တောင်ပေါ်လမ်းအတိုင်းလျှောက်လာရင်း တပည့်များ၏ နှုတ်ဆက်မှုကို လီချင်းချိုး ခေါင်းညိတ် တုံ့ပြန်နေသည်ကို ယွင်ချိုင် ကြည့်ရင်း စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာမိသည်။
ဤကဲ့သို့သော ဂိုဏ်းချုပ်သည် တပည့်များ ပြောဆိုနေကြသော "သတ်ဖြတ်ခြင်း နတ်ဘုရား" ဟူသော ပုံရိပ်နှင့် လုံးဝ ကွဲပြားခြားနားနေပေသည်။
သူမ ချွေ့အိမ်တော်မှ ကယ်တင်ခံရစဉ်က လမ်းတစ်လျှောက်တွင် အလောင်းများကိုသာ မြင်တွေ့ခဲ့ရပြီး လီချင်းချိုး တိုက်ခိုက်နေသည်ကို မမြင်တွေ့ခဲ့ရပေ။
ယခု သူမသည်လည်း ကျင့်ကြံခြင်းကို အတော်အတန် နားလည်လာပြီ ဖြစ်သလို အရာအချို့ကိုလည်း မြင်တွေ့နိုင်စွမ်း ရှိလာပြီ ဖြစ်၍ လီချင်းချိုး မည်မျှ သန်မာသနည်း ဆိုသည်ကို အလွန် သိချင်နေမိသည်။
"ဒီရက်ပိုင်း ကျင့်ကြံရတာ ဘယ်လိုလဲ..." လီချင်းချိုး လှည့်ကြည့်ပြီး မေးလိုက်တော့မှသာ
ယွင်ချိုင် သတိဝင်လာပြီး….
"အဆင်ပြေပါတယ်... မူလချီလည်း တိုးတက်လာတယ်... ဒါပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်လဲ..."
"ကျွန်မမျက်လုံးတွေ ပြောင်းလဲသွားသလိုပဲ... ပိုပြီး မြင်လာရတယ်..."
"အော်... ပြောပြပါဦး..."
လီချင်းချိုးလည်း ဓမ္မသောင်းချီ ဝိညာဉ်မျက်လုံး အကြောင်း သိထားသော်လည်း တိကျသော အကျိုးသက်ရောက်မှုများကို သိချင်နေမိသည်။
မနေ့က ယွင်ချိုင်၏ အခြား ကံကြမ္မာ တစ်ခု ဖြစ်သော [အကြိမ်တစ်ထောင် တူထုခံရခြင်း] ကို ကူးယူခဲ့ပြီး ဖြစ်သည်။
အကယ်၍ ယွင်ချိုင်၏ ဓမ္မသောင်းချီ ဝိညာဉ်မျက်လုံးကသာ အကြိမ်တစ်ထောင် တူထုခံရခြင်းထက် ပိုမို အစွမ်းထက်ပါက သူ့ထံတွင် နောက်ထပ် ကံကြမ္မာ ရွေးချယ်ခွင့် တစ်ကြိမ် ကျန်သေးသဖြင့် ထပ်မံ ကူးယူရန် ဝန်လေးမည် မဟုတ်ပေ။
"ကျွန်မ တခြားတပည့်တွေရဲ့ ခန္ဓာကိုယ်ထဲက သွေးကြောတွေကို မြင်ရတယ်... သွေးကြောတစ်ခုချင်းစီကို မြင်ရတယ်... ပြီးတော့ သူတို့ရဲ့ မူလချီ စီးဆင်းမှုတွေကိုလည်း မြင်ရတယ်...မူလချီ စီးဆင်းမှုတင် မကဘူး... တပည့်တစ်ယောက်ချင်းစီရဲ့ မူလချီ ပမာဏ ကွာခြားမှုကိုလည်း မြင်ရတယ်..."
ထိုအချိန်တွင် ယွင်ချိုင်၏ အကြည့်များ လေးနက်သွားပြီး လီချင်းချိုးကို စူးစိုက်ကြည့်လိုက်သည်။
"ဒါဆို ငါ့ရဲ့ မူလချီ ကိုရော မြင်ရလား..."
"ဟုတ်ကဲ့ မြင်ရပါတယ်... ဂိုဏ်းချုပ်ရဲ့ မူလချီက ယုံနိုင်စရာ မရှိလောက်အောင် ကြီးမားလွန်းတယ်... ဂိုဏ်းထဲက ဘယ်တပည့်မှာမှ ဂိုဏ်းချုပ်လောက် ကြီးမားတဲ့ မူလချီ မရှိပါဘူး... ဂိုဏ်းချုပ်က ကောင်းကင်ပေါ်က တောက်ပတဲ့ နေမင်းကြီးလိုပဲ... တပည့်ရင်းတွေတောင်မှ ဂိုဏ်းချုပ်နဲ့ ယှဉ်လိုက်ရင် အလင်းမှုန်လေးတွေလောက်ပဲ ရှိတယ်..."
ဤအတွက်လည်း သူမ အံ့သြမဆုံး ဖြစ်နေရသည်။ လီချင်းချိုး၏ မူလချီကို မြင်တွေ့ရသောကြောင့်သာ လီချင်းချိုး မည်မျှ သန်မာသနည်း ဟု သိချင်နေခြင်း ဖြစ်သည်။
လူတစ်ယောက်၏ ရုပ်ခန္ဓာက ဤမျှ ကြီးမားသော မူလချီ ပမာဏကို မည်သို့ လက်ခံထားနိုင်သနည်းဆိုသည်ကို သူမ နားမလည်နိုင်အောင် ဖြစ်နေရသည်။
"ငါ မင်းရဲ့ ပါရမီကို လျှော့တွက်မိတာပဲ... တခြား ကျင့်ကြံသူတွေက ဒီအရာတွေကို မမြင်နိုင်ကြဘူး... ဆိုလိုတာက မင်းရဲ့ မျက်လုံးတွေက အရမ်း ထူးခြားတယ်... မှတ်ထားပါ... မင်းရဲ့ မျက်လုံး စွမ်းရည်အကြောင်းကို ငါကလွဲရင် ဘယ်သူ့ကိုမှ မပြောနဲ့..."
ဂိုဏ်းချုပ်နှင့် ရင်းနှီးခွင့်ရမည့် နောက်ထပ် အခွင့်အရေး တစ်ခု ရရှိလိုက်သည်ဟု တွေးလိုက်မိသဖြင့် ယွင်ချိုင် ပျော်ရွှင်သွားသည်။
ဤသို့ဖြင့် သူတို့နှစ်ဦး စကားပြောရင်း လင်းရှောင်ခြံဝင်း ဆီသို့ လျှောက်လာကြသည်။ တပည့်များနှင့် တွေ့သောအခါ စကားရပ်လိုက်ပြီး လူရှင်းသည့် အချိန်ကျမှ ဓမ္မသောင်းချီ ဝိညာဉ်မျက်လုံး အကြောင်း ဆက်ပြောကြလေသည်။
လင်းရှောင်ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် ရွှီနင်း စောင့်ဆိုင်းနေသည်ကို လီချင်းချိုး တွေ့လိုက်ရသည်။
ယွင်ချိုင်က ရွှီနင်းကို မြင်လိုက်သည်နှင့် ခြေလှမ်းတန့်သွားသည်။
မူလချီက အရမ်း အားကောင်းတာပဲ…
ဂိုဏ်းချုပ်နဲ့ ယှဉ်ရင် အများကြီး ကွာခြားပေမဲ့ တခြားတပည့်တွေနဲ့ ယှဉ်ရင် ပြိုင်ဘက်ကင်းပဲ... ဂိုဏ်းချုပ်ကလွဲရင် ဒီလောက်ကြီးမားတဲ့ မူလချီ ပိုင်ဆိုင်ထားသူကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ…
"ဆရာ... ကျွန်မ မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်ကို ရောက်သွားပြီ..."
ရွှီနင်းက လီချင်းချိုးကိုမြင်သည်နှင့် မတ်တတ်ရပ်ပြီး တဲ့တိုးပင် ပြောချလိုက်သည်။
သူမသည် ယွင်ချိုင် ရှိနေသည်ကို ရှောင်ဖယ်မနေသလို လီချင်းချိုး ကလည်း သူမ၏ ကျင့်ကြံမှု အဆင့်ကို ဖုံးကွယ်ထားရန် မပြောထားပေ။
သို့သော် ရွှီနင်းက အခြားသူများနှင့် ထိတွေ့ဆက်ဆံမှု နည်းပါးသဖြင့် သူမ၏ အမှန်တကယ် ကျင့်ကြံမှု အဆင့်ကို လူသိပ်မသိကြပေ။
မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့် ဟုတ်လား…
ယွင်ချိုင် မျက်လုံးများ ပြူးကျယ်သွားပြီး ခေါင်းရေခွံများ ထုံကျင်သွားသည်။
မူလအားဖြည့်နယ်ပယ် တတိယအဆင့် ရောက်လျှင် သိုင်းလောက တစ်ခုလုံးကို လွှမ်းမိုးနိုင်ပြီး မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့် ရောက်လျှင် ဓမ္မတိုက်ပွဲ ညီလာခံ၌ ထိပ်သီးသုံးယောက် နေရာအတွက် ယှဉ်ပြိုင်နိုင်ကြောင်း သူမ ကြားဖူးထားသည်။
မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်...
အဋ္ဌမအဆင့် ထားဦး... ဆဋ္ဌမအဆင့် ရောက်တဲ့ တပည့် ရှိတယ်လို့တောင် သူမ မကြားဖူးပေ။
သူမကို အပြင်းထန်ဆုံး တုန်လှုပ်စေသည်မှာ ဤအမျိုးသမီးသည် မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့် ရောက်နေပြီ ဖြစ်သော်လည်း သူမ၏ မူလချီက ဂိုဏ်းချုပ်နှင့် ယှဉ်လျှင် အများကြီး ကွာခြားနေခြင်းပင်။ သူမ၏ မျက်လုံးထဲတွင် ဂိုဏ်းချုပ်၏ မူလချီသည် ဤအမျိုးသမီးထက် အဆရာပေါင်းများစွာ ပိုမို ကြီးမားနေသည်။
"ကောင်းတယ်... မင်းက ဂိုဏ်းထဲမှာ ငါပြီးရင် မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့် ရောက်တဲ့ ပထမဆုံးလူပဲ... ငါ အမျှော်လင့်ဆုံး တပည့် ဖြစ်ရတာနဲ့ တန်ပါတယ်..." ဟု လီချင်းချိုးက စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်သည်။
မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့် သည် လက်တွေ့အားဖြင့် မဟာဗျူဟာမြောက် လက်နက် တစ်ခု ဖြစ်သည်။ ၎င်းသည် ချင်းရှောင်ဂိုဏ်း ကို အရာများစွာ လုပ်ဆောင်နိုင်ရန် ကူညီပေးနိုင်သည်။
ဆရာ့၏ ချီးကျူးစကားကို ကြားရသောအခါ ရွှီနင်း ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။ သူမ လီချင်းချိုး ရှေ့တွင်သာ ဤသို့ ပြုမူလေ့ရှိပြီး အခြားသူများ ရှေ့တွင်မူ အေးစက်စက် နေလေ့ရှိသည်။
တပည့် ဟုတ်လား...
သူမက ဒဏ္ဍာရီလာ ရွှီနင်းများလား…
ရွှီနင်းကို ကြည့်ရင်း ယွင်ချိုင် အားငယ်စိတ် ဖြစ်ပေါ်လာသည်။ နှစ်ပေါင်းများစွာ တည်ဆောက်ထားသော ယုံကြည်မှုများလည်း တစ်ခဏချင်း ပျောက်ကွယ်သွားသည်။
သူမ အသက် ၂၀ အရွယ်တွင် မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့် ရောက်နိုင်မည်ဟု မယုံကြည်ပေ။
"ဒါနဲ့ မိတ်ဆက်ပေးရဦးမယ်... ဒီကောင်မလေး နာမည်က ယွင်ချိုင်... သူက အင်မတန် ပါရမီကောင်းတယ်... နောက်ပိုင်း ငါ့နောက်လိုက်ပြီး ကျင့်ကြံလိမ့်မယ်... ငါ့တပည့်အဖြစ် တရားဝင် မခံယူထားပေမဲ့ မင်းတို့နှစ်ယောက် သင့်မြတ်အောင် နေသင့်တယ်..."
လီချင်းချိုးက လှည့်ကြည့်ပြီး ရွှီနင်းနှင့် မိတ်ဆက်ပေးလိုက်တော့
ယွင်ချိုင် သတိဝင်လာပြီး ရှေ့တိုးကာ ရွှီနင်းကို ဦးညွှတ်လိုက်သည်။
ရွှီနင်း၏ အကြည့် ယွင်ချိုင် အပေါ် ကျရောက်သွားသောအခါ မျက်နှာပေါ်မှ အပြုံး ပျောက်ကွယ်သွားသည်။
ဒါဟာလည်း ယွင်ချိုင်ကို မုန်းသောကြောင့် မဟုတ်ဘဲ လူတိုင်းကို ထိုကဲ့သို့ ဆက်ဆံလေ့ ရှိသောကြောင့် ဖြစ်သည်။
"ဆရာက အဲဒီလို ပြောမှတော့ နောက်ပိုင်း အကူအညီလိုရင် ဇီယန်တောင်ထွတ် ကို လာပြီး ငါ့ကို ရှာလို့ရတယ်..."
သူမ၏ မသေမျိုးလိုဏ်ဂူကို ဇီယန်တောင်ထွတ် ပေါ်တွင် တည်ဆောက်ထားခြင်းမှာ လီချင်းချိုး၏ တမင်ရည်ရွယ်ချက် ဖြစ်ပြီး သူမကို ဇီယန်တောင်ထွတ်တွင် တပ်စွဲထားစေလိုသောကြောင့် ဖြစ်သည်။ ကျောက်ကျိန်းနှင့်ရွှယ်ကျင်း တို့၏ မသေမျိုးလိုဏ်ဂူများမှာ ပိုဝေးသော်လည်း ကျောက်ကျိန်းက ငယ်ရွယ်သေးသဖြင့် သူ့ကို ဝိညာဉ်တစ်ထောင် ကောင်းချီးနယ်မြေ တွင် ထားရှိပြီး သူ့ရဲ့ မသေမျိုးလိုဏ်ဂူ ကို လီရန်အား ယာယီ အသုံးပြုခွင့် ပေးထားလေသည်။
"ကျေးဇူးတင်ပါတယ် ဆရာသခင်..."
ယွင်ချိုင် အလျင်အမြန် ပြန်ဖြေလိုက်သည်။ "စီနီယာအစ်မ" ဟု ခေါ်လုနီးပါး ဖြစ်သွားသော်လည်း ထိန်းလိုက်နိုင်သည်။
ရွှီနင်းက သူမကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီးနောက် လီချင်းချိုးကို ဦးညွှတ်ကာ လှည့်ထွက်သွားလေသည်။
"အဲဒီလောက် မြန်မြန် သွားတော့မလို့လား..."ဟု လီချင်းချိုး အလျင်အမြန် မေးလိုက်ရသည်။
ဒီကောင်မလေးက ကျင့်ကြံခြင်းကို အရမ်း ဝီရိယကြီးလွန်းတယ်... အချိန်ပြည့် တံခါးပိတ်ကျင့်ကြံနေတော့တာပဲ…
"အဆင့်ရှစ်နဲ့ မလုံလောက်သေးဘူး... တတိယဂျူနီယာဦးလေးလိုက်မီလာမှာ ကြောက်လို့ ဆက်ကျင့်ရဦးမယ်..."
ရွှီနင်း ရပ်တန့်လိုက်ပြီး လှည့်ကြည့်ကာ ပြောလိုက်တော့ လီချင်းချိုး ပြုံးပြီး ခေါင်းခါလိုက်မိသည်။
"ဒါဆိုလည်း သွားတော့... မသေမျိုးလိုဏ်ဂူထဲမှာပဲ အမြဲ ပိတ်မနေနဲ့... အချိန်ရရင် ဆရာ့ဆီ လာလည်ဦး..."
"လာခဲ့ပါ့မယ် ဆရာ..."
စကားဆုံးသည်နှင့် ရွှီနင်း လေထဲသို့
လခုန်တက်လိုက်ပြီး ခြေထောက်အောက်တွင် ဓားချီများ ထွက်ပေါ်လာကာ နှင်းမြူများကြားသို့ ပျံသန်းသွားလေသည်။
ယွင်ချိုင်၏ အကြည့်များ သူမနောက်သို့ ပါသွားပြီး ရွှီနင်း၏ ပုံရိပ်ကို အားကျငေးမောနေမိရင်းကနေ
သူမ၏ ရည်မှန်းချက်ကို ရှာတွေ့သွားပြီဟု ရုတ်တရက် ခံစားလိုက်ရသည်။
ဂိုဏ်းချုပ်၏ ဘေးနားတွင် နေရုံသာမက သူမကိုယ်တိုင်အတွက် ဘဝရည်မှန်းချက် ရှိရန် လိုအပ်သည်။
သူမ ရွှီနင်းလို အံ့သြဖွယ်ကောင်းသူ တစ်ယောက် ဖြစ်ချင်သည်။
မဟုတ်ဘူး... သူမ ရွှီနင်းကို ကျော်တက်ရမယ်…
လီချင်းချိုးက ယွင်ချိုင်ကို လင်းရှောင်ခြံဝင်း နောက်ဘက်ရှိ တောအုပ်ထဲသို့ ခေါ်ဆောင်သွားပြီး တောင်သခင် နတ်ဘုရားမန္တန် ကို သင်ကြားပေးလေသည်။
ယွင်ချိုင်၏ သာမန် နားလည်နိုင်စွမ်း ကြောင့် ဂါထာ သင်ယူမှု နှေးကွေးသော်လည်း သူမ ကြိုးစားချင်စိတ် ရှိသရွေ့ [အကြိမ်တစ်ထောင် တူထုခံရခြင်း] က သူမကို ကျွမ်းကျင်ပိုင်နိုင်စေပြီး အကန့်အသတ်များကို ကျော်လွန်စေမည် ဖြစ်သည်။
ယခု လီချင်းချိုး ကိုယ်တိုင် သင်ကြားပေးနေသဖြင့် သူမ၏ ကျင့်ကြံမှု အမြန်နှုန်း သဘာဝကျကျ တိုးတက်လာပေလိမ့်မည်။
သာမန် နားလည်နိုင်စွမ်း ဆိုသည်မှာ ရွှီနင်းနှင့်ကျောက်ကျိန်းတို့အောက်သာ နိမ့်ကျခြင်းဖြစ်ပြီး ချင်းရှောင်ဂိုဏ်း အတွင်း၌ အတော်လေး ကောင်းမွန်သော နားလည်နိုင်စွမ်း ဟု သတ်မှတ်နိုင်လေသည်။
နေဝင်ရီတရော အချိန်တွင် …….
လင်းရှောင်ခြံဝင်းအတွင်း၌ စည်ကားနေသဖြင့်
လီချင်းချိုးက ယွင်ချိုင်ကို လင်းရှောင်ခြံဝင်းသို့ ပြန်ခေါ်လာခဲ့သည်။ ပွဲတော် အတူတူ ဆင်နွှဲရန် ခေါ်ထားသော်လည်း သူမက ညီအစ်မများနှင့် ပြန်လည် ဆင်နွှဲချင်သည်ဟု ဆိုကာ ငြင်းဆန်ခဲ့သည်။
လီချင်းချိုး ထိုင်လိုက်သည်နှင့် လီတုန်းယွဲ့က….
"အဲဒီကောင်မလေးက ရာစုနှစ်တစ်ခုမှာ တစ်ယောက် ပေါ်ထွန်းခဲတဲ့ ပါရမီရှင် ဆိုတာ ဟုတ်လား..."
"ရာစုနှစ်တစ်ခုမှာ တစ်ယောက် ပေါ်ထွန်းခဲတယ်ဆိုတဲ့ စကားက တကယ်တော့ သူမကို လျှော့တွက်ရာ ရောက်နေတယ်..."
[အကြိမ်တစ်ထောင် တူထုခံရခြင်း] ကံကြမ္မာ အမွေအနှစ်ကို ကိုယ်တိုင် ကြုံတွေ့ရပြီး ဖြစ်၍ ယွင်ချိုင်၏ အလားအလာ မည်မျှ ကြောက်စရာကောင်းကြောင်းသူ ကောင်းကောင်း သိထားသည်။
ကျောက်ကျိန်း၊ ယန်ရွှမ်၊ ကျိယာ၊ ယွမ်လီနှင့် ယွင်ချိုင်တို့သည် လာမည့် ဆယ်စုနှစ်အတွက် လီချင်းချိုး၏ စီမံကိန်းတွင် ပါရမီရှင် ကိုယ်စားလှယ်များ ဖြစ်ကြသည်။ ဆယ်နှစ်ကြာသောအခါ ဤငါးယောက် မည်မျှ အံ့သြဖွယ်ကောင်းလာမည်ကို သူ အလွန် မျှော်လင့်နေမိသည်။
"အဲဒီလောက်တောင်လား..."
"ကျွန်မတို့ ချင်းရှောင်ဂိုဏ်းမှာ ပါရမီရှင်တွေ ပိုများလာပြီ... အခုဆိုရင် တောင်အောက်က တပည့်တွေကို တက်တက်ကြွကြွ ရှာဖွေစရာတောင် မလိုတော့ဘူး... ပါရမီရှင်တွေက ကျွန်မ တို့ဆီ သူတို့ဘာသာ ရောက်လာကြတယ်..."
"ဆယ်နှစ်တောင် ရှိပြီပဲလေ..."
လီချင်းချိုးက ထိုသို့ ပြန်ဖြေလိုက်ပြီး မျက်နှာချင်းဆိုင်တွင် ထိုင်၍ လျှို့ဝှက်ကျမ်းစာ ရေးသားနေသော ကျောက်ကျိန်း ကို ကြည့်လိုက်သည်။
ကျောက်ကျိန်းက သိုင်းပညာကို ဂါထာ အဖြစ် ပြောင်းလဲနေခြင်းဖြစ်သည်။ ဂါထာ အများစုမှာ နက်နဲခြင်း မရှိသော်လည်း ဂါထာ အမျိုးအစားသစ်များ ဖြစ်သည်မှာ အမှန်ပင်။ ဤသည်မှာ လီချင်းချိုး၏ ညွှန်ကြားချက်လည်း ဖြစ်သည်။ ကျမ်းစာဆောင်တွင် လိုအပ်နေသည်မှာ ဂါထာ အရေအတွက် များပြားလာရေး ဖြစ်ပေသည်။
ကျောက်ကျိန်းကို ကြည့်ရင်း ကျိုးပဲ့လွယ်သော ကံကြမ္မာကို တွေးမိလိုက်မိသည်။
ဒီကောင်လေး မကြာမီ ၁၁ နှစ် ပြည့်တော့မယ်….
၁၆ နှစ် ကျော်လွန်သွားပါက ကျောက်ကျိန်း၏ နားလည်နိုင်စွမ်းသည်လည်း အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားပေလိမ့်မည်။
ထိုအချိန်ကျလျှင် ကျောက်ကျိန်းသည် နှစ်ထပ်ကွမ်း ထူးချွန်သော ပါရမီရှင် ဖြစ်လာမည် ဖြစ်ပြီး စစ်မှန်သော သိုင်းခန္ဓာနှင့်အတူ ရွှီနင်းနှင့် ကျန်းကျောက်ရှားတို့ကို မီလာနိုင်ဖွယ် ရှိသည်။
၁၆ နှစ်အရွယ် ကျောက်ကျိန်းနှင့် ယှဉ်နိုင်သူမှာ ချူကျင်းသာ ရှိသော်လည်း ချူကျင်းကတော့ ဓားဝိညာဉ် ဖြစ်သွားခဲ့ပြီ။
ထိုစဉ် ကျန်းယွီချွန်းက အစားအစာများကို ယူဆောင်လာပြီး ရှေ့ခါးစည်းကို ချွတ်ကာ လီချင်းချိုး ဘေးတွင် ဝင်ထိုင်လိုက်သည်။
"စီနီယာအစ်ကိုကြီး... တုန်းလင်းစီရင်စုက ကုကျိုးစီရင်စုကို စစ်ကြေညာလိုက်ပြီ... နှစ်ဖက်စလုံး အင်အားစုစည်းနေကြတယ်... လာမယ့် နွေဦးမှာ တိုက်ပွဲကြီး ဖြစ်လောက်တယ်... စစ်ဖုန်းနဲ့ ချင်ယဲ့တို့ စစ်မြေပြင်မှာ တွေ့ကြရလိမ့်မယ်..."
"ကိစ္စမရှိပါဘူး... ဘာလုပ်ရမလဲ ဆိုတာ စစ်ဖုန်း သိပါတယ်..."
"သူတို့ ရန်သူတွေ ဖြစ်သွားမှာ စိုးရိမ်လို့ပါ..."
"ဒါတွေက သူတို့ရဲ့ ကိုယ်ပိုင် ရွေးချယ်မှုတွေပဲ... ဘယ်သူကမှ အတင်းအကျပ် ခိုင်းတာ မဟုတ်ဘူး... သူတို့ ကိုယ့်စည်းကိုယ် စောင့်ထိန်းကြလိမ့်မယ်လို့ ငါ ယုံကြည်တယ်..."
လီချင်းချိုး ဤတိုက်ပွဲအတွက် စိတ်မပူပေ။ လီစစ်ဖုန်း တောင်ပေါ်မှ မဆင်းမီကပင် မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး တီရွှမ်းဓား၏ ဓားဝိညာဉ် အကူအညီရှိသဖြင့် အောင်ပွဲပ တုန်းလင်းစီရင်စု အတွက် သေချာသလောက် ဖြစ်နေပြီ။
တုန်းလင်းစီရင်စု စစ်တပ်က ထိုက်ခွန်းတောင်တန်းတွင် ပြဿနာ မရှာသရွေ့ အဆင်ပြေသည်။
ချင်မိသားစုအနေဖြင့်မူ သူတို့သည် မူလက ကျဆုံးနေသော မင်းစိုးရာဇာ မျိုးနွယ်တခုသာ ဖြစ်သည်။ သူတို့ နယ်စားမင်း ရာထူး ရရှိရန် ချင်းရှောင်ဂိုဏ်း ထံမှ အကူအညီ များစွာ ရရှိခဲ့ပြီး ဖြစ်သည်။ ကျန်တာကိုတော့ သူတို့ဘာသာ တိုက်ယူရမည်။ အနိုင်မရလျှင်လည်း ကံတရားအတိုင်းသာ ဖြစ်ပေမည်။
လီချင်းချိုး ဂရုမစိုက်သည်ကို မြင်သောအခါ ကျန်းယွီချွန်း စကားလမ်းကြောင်း လွှဲလိုက်သည်။
"နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်... ချန်းကျိုးမှာ ချီမျိုးရိုး မြို့စားမင်း အသစ် ရောက်လာတယ်... ချီမိသားစု ထွက်ပေါ်လာတော့မယ့် ပုံပဲ... ရွှယ်ကျင်းရဲ့ အခြေအနေ ဘယ်လိုရှိလဲ မသိဘူး..."
"နွေရာသီ အစောပိုင်းလောက်ထိ ရွှယ်ကျင်း ပြန်မရောက်သေးရင် ရွှီနင်း ကို လွှတ်ပြီး စစ်ဆေးခိုင်းလိုက်မယ်..."
"ရွှီနင်း က အရွယ်ရောက်နေပြီဆိုတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပါပြီ... ဒါနဲ့ သူ့ရဲ့ ကျင့်ကြံမှု အဆင့်က ဘယ်လောက်လဲ..." ဟု
ကျန်းယွီချွန်းက ပြုံးပြီး မေးလိုက်သည်။
ချင်းရှောင်ဂိုဏ်းတွင် အသုံးပြုစရာ လူအများအပြား ရှိနေသဖြင့် အတွင်းရေး ကိစ္စများကို စီမံခန့်ခွဲရာတွင် သက်တောင့်သက်သာ ဖြစ်စေသည်။ ယခုအခါ သူ တောင်အောက်သို့ ကိုယ်တိုင် ဆင်းစရာ မလိုတော့သလို ပြဿနာ ကြုံလာလျှင်လည်း ထိတ်လန့်စရာ မလိုတော့ပေ။
"မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်..."
လီချင်းချိုး ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သော်လည်း
ထိုစကားကို ကြားသောအခါ ကျန်းယွီချွန်း မျက်လုံးများ အရောင်တောက်သွားပြီး လီတုန်းယွဲ့လည်း အံ့သြသွားကာ ကျောက်ကျိန်းကတော့ ခေါင်းမော့ပြီး လီချင်းချိုးကို ကြည့်လိုက်သည်။
ကျောက်ကျိန်းခင်မျာ ရုတ်တရက် လျှို့ဝှက်ကျမ်းစာ မရေးချင်တော့သလို ခံစားလိုက်ရရှာသည်။
ကျန်းယွီချွန်း သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
"ပြန်စဉ်းစားကြည့်ရင် သူ့ကို ဓမ္မတိုက်ပွဲ ညီလာခံမှာ ဝင်ပြိုင်ခိုင်းတာက တခြားတပည့်တွေအတွက် တော်တော်လေး ရက်စက်ရာ ရောက်တာပဲ... စီနီယာအစ်ကိုကြီး... နောက်ကျရင် အစ်ကိုကြီးရဲ့ တပည့်တွေကို ဓမ္မတိုက်ပွဲ ညီလာခံမှာ ဝင်ပြိုင်ခွင့် မပေးသင့်တော့ဘူး... အထူးသဖြင့် ကျောက်ကျိန်း ပေါ့..."
ထိုအခါ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ကျောက်ကျိန်း မျက်လုံးများ ပြူးကျယ်သွားပြီး ချက်ချင်း မတ်တတ်ရပ်ကာ အော်ဟစ်လိုက်လေသည်။
"မဖြစ်ဘူး... ကျွန်တော် ပထမ တခါမှ မရဖူးသေးဘူး..."