အထွတ်အထိပ် စွမ်းရည်…..
Vol. 16 Ch. 157
ကျန်းယွီချွန်း၏ အကြံပြုချက်ကြောင့် ကျောက်ကျိန်း စိတ်လှုပ်ရှားသွားရသည်။ သူသည် ချင်းရှောင်ဂိုဏ်းတွင် အသန်မာဆုံးသော တပည့်၊ သို့မဟုတ် အသန်မာဆုံး ပုဂ္ဂိုလ်ဖြစ်လာရန် အမြဲ ဆန္ဒရှိခဲ့သည်။ ဓမ္မတိုက်ပွဲ ညီလာခံတွင် ရှုံးနိမ့်ခဲ့ခြင်းက သူ့ကို နက်ရှိုင်းစွာ ထိခိုက်စေခဲ့သည်။
ရွှီနင်းကို ရှုံးနိမ့်ခြင်းကို သူ လက်ခံနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် ရွှီနင်းက သူ့ထက်စော၍ ကျင့်ကြံခြင်းလမ်းစဉ်သို့ ဝင်ရောက်ခဲ့သော စီနီယာဖြစ်သောကြောင့်ပင်….
သို့သော် ရွှယ်ကျင်းကို ရှုံးနိမ့်ခြင်းကိုမူ သူ လက်မခံနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဓမ္မတိုက်ပွဲ ညီလာခံ မတိုင်မီကပင် ရွှယ်ကျင်းကို အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ဖူးသောကြောင့် ဖြစ်သည်။ယခင်က အသက်ငယ်သေးသည်ဟု အကြောင်းပြချက် ပေးနိုင်သော်လည်း ယခု သူ ၁၁ နှစ် ရှိနေပြီ ဖြစ်ရာ ငယ်ရွယ်ခြင်းကို အကြောင်းပြရန် အချိန်သိပ်မကျန်တော့ပေ။
ဆယ်နှစ်အကြာတွင် ကျင်းပမည့် ဓမ္မတိုက်ပွဲ ညီလာခံတွင် ပထမနေရာကို ရယူရန် သူ ဆုံးဖြတ်ထားသည်။
ထို့ကြောင့် နောက်တစ်ကြိမ် ဓမ္မတိုက်ပွဲ ညီလာခံအတွက် ဆုလာဘ်များကို စွန့်လွှတ်ပြီး ရွှီနင်းလို ထိပ်သီးဆယ်ယောက် အဆင့်သို့ တိုက်ရိုက် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိရန်သာ ကြိုးစားလိုသည်။
ဤသို့ ပြိုင်ပွဲဝင်နိုင်ရန် ဆရာကို အကြိမ်ကြိမ် နားချပြီးနောက် နောက်ဆုံး၌ သဘောတူညီချက် ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ ကြိုးစားရန် ပြင်ဆင်နေချိန်မှာပင် ကျန်းယွီချွန်းက သူ့ရဲ့ ရည်မှန်းချက်ကို အစပျိုးကတည်းက ချိုးနှိမ်ပစ်ရန် လုပ်ဆောင်လာလေသည်။
ဒီလို ဖြစ်လို့ မရဘူး…
လီတုန်းယွဲ့ က….
"ဒုတိယစီနီယာအစ်ကို... ဘာတွေ လျှောက်ပြောနေတာလဲ... တခြားတပည့်တွေကျတော့ တပည့်တွေ ဖြစ်ပြီး ဂိုဏ်းချုပ်ရဲ့ တပည့်ကျတော့ ဂိုဏ်းသား မဟုတ်တော့ဘူးလား..."
ထိုအခါ ကျန်းယွီချွန်းက ရယ်မောလိုက်ပြီး…..
" နောက်နေတာပါဟာ... ဓမ္မတိုက်ပွဲ ညီလာခံဆိုတာ တပည့်တွေ အရင်းအမြစ်လုယူဖို့ အခွင့်အရေးကောင်းတစ်ခုလို့ ငါ ထင်လို့ပါ... စီနီယာအစ်ကိုကြီးရဲ့ တပည့်က ပါရမီလည်းကောင်းတယ် အရင်းအမြစ်တွေလည်း ရှိပြီးသား ဆိုတော့ သူတို့နဲ့ သွားလုနေစရာ မလိုတော့ဘူးလေ... ကျောက်ကျိန်းက ဆုလာဘ်တွေကို ဂရုမစိုက်ဘူးဆိုပေမဲ့ သူသာ ပါဝင်ယှဉ်ပြိုင်ရင် ရွှီနင်းလိုပဲ တခြားတပည့်တွေကို ဖယ်ရှားပစ်မှာ သေချာတယ်..."
လီစစ်ကျင်က ဟင်းပွဲများကို သယ်ဆောင်လာသော်လည်း မစားရသေးသဖြင့် ဒေါသထွက်နေချေပြီ။
"ဒုတိယစီနီယာအစ်ကို... အစ်ကိုက ကိုယ့်တပည့်အတွက် ရှေ့နေလိုက်ပေးနေတာပဲ... ဆင်ခြေတွေကလည်း အစုံပါလား... ကျောက်ကျိန်းသာ ဓမ္မတိုက်ပွဲ ညီလာခံ မှာ မပါဝင်ရင်တောင် အစ်ကို့တပည့်နဲ့ ကုန့်လင်ခန်းမက တပည့်တွေ ပထမရမှာ မဟုတ်ဘူး... နောက်တစ်ခါကျရင် အစ်ကို့ တပည့် ယန်တုန်းက ညီမတပည့် ယန်ချန်ယွီကို သေချာပေါက် ရှုံးမှာ..."
ထိူအခါ ကျောက်ကျိန်း ပို၍ စိတ်လှုပ်ရှားလာသည်။ သူတို့ စကားပြောနေရင်းနှင့် သူ့ကို ပြိုင်ပွဲမှ ပယ်ဖျက်လိုက်ကြတော့မည်လော။
"ယန်ချန်ယွီက တော်တယ်... ဒါပေမဲ့ ငါ လေးစားတဲ့ ပါရမီရှင်က ယန်တုန်း တစ်ယောက်တည်း မဟုတ်ဘူး..."
ထိုနှစ်ယောက် ငြင်းခုံရန် ပြင်နေသည်ကို မြင်သောအခါ လီတုန်းယွဲ့ကလည်း ဝင်ပြောလိုက်ပြန်သည်။
"ဂိုဏ်းချုပ်ရဲ့ တပည့်တွေမှာပဲ အရင်းအမြစ် ရှိတာလား... အစ်ကို့တပည့်တွေမှာလည်း ရှိတာပဲ... တကယ်လို့ တရားမျှတမှု အကြောင်း ပြောကြေးဆိုရင်၊ အရင်းအမြစ် ဆုလာဘ်တွေ အကြောင်းပဲ ပြောကြေးဆိုရင် ခန်းမအသီးသီးက တပည့်တွေ အကုန်လုံး ပြိုင်ပွဲဝင်ခွင့် မရှိသင့်ဘူး..."
ထိုအခါ ကျန်းယွီချွန်း လက်လျော့လိုက်ပြီး ပြုံးလိုက်လေသည်။
"အဲဒါလည်း ဟုတ်တာပဲ... ငါက ရွှီနင်း ကို ကြောက်သွားလို့ပါ... စီနီယာအစ်ကိုကြီးရဲ့ ဆုံးဖြတ်ချက်က အရမ်း ကောင်းလွန်းတယ်... ကျောက်ကျိန်း မပါရင်တောင် ကျိယာ ရှိနေသေးတာပဲ... အမှန်အတိုင်း ပြောရရင် အဲဒီကောင်လေးက လွန်လွန်းတယ်... သူ့ရဲ့ မူလချီက ငါ နားမလည်နိုင်လောက်အောင် သန်မာလွန်းတယ်... ငါ့တပည့်တွေ ထားလိုက်ဦး... နင့်တပည့်တွေလည်း သူ့နဲ့ တွေ့ရင် ပြုတ်မှာပဲ..."
သူ့တွင် ကိုယ်ကျိုးရှာလိုစိတ် ရှိသည်ကို သူ ဝန်ခံသော်လည်း ဂိုဏ်းချုပ်၏ တပည့် အနေဖြင့် ထပ်မံ သက်သေပြစရာ မလိုတော့ဟု သူ ခံစားမိသည်။
ဂိုဏ်းချုပ်၏ တပည့်အဖြစ် လက်ခံခြင်း ခံရသည် ဆိုကတည်းက ထူးခြားသော ပါရမီ ရှိကြောင်း လူတိုင်း သိထားကြပြီး ဖြစ်သည်။
သာမန်တပည့်တစ်ဦး ဓမ္မတိုက်ပွဲ ညီလာခံမှ ရရှိနိုင်သော အရာမှန်သမျှကို ဂိုဏ်းချုပ်၏ တပည့် ဖြစ်လာသည်နှင့် ရရှိပြီး ဖြစ်လေသည်။
လီချင်းချိုးက စားပွဲကို လက်ညှိုးဖြင့် ခေါက်လိုက်ပြီး….
"မင်းတို့ ဘာတွေ ပြောနေကြတာလဲ... ဓမ္မတိုက်ပွဲ ညီလာခံ ဆိုတာ ဘယ်တုန်းက ကျင့်ကြံရေး အရင်းအမြစ်တွေ လုယူတဲ့ နေရာ ဖြစ်သွားရတာလဲ... အဲဒီ အရင်းအမြစ်တွေက ဆုလာဘ်တွေပဲ... ကိတ်မုန့်ပေါ်က အလှဆင်ထားတဲ့ အရာတွေလိုပဲ... ညီလာခံရဲ့ မူလရည်ရွယ်ချက်က တပည့်တွေရဲ့ ကျင့်ကြံမှု ရလဒ်တွေကို စစ်ဆေးဖို့နဲ့ တပည့်တွေကို ကိုယ့်အင်အားကိုယ် သိစေဖို့ပဲ... မင်း ဆိုလိုတာက နောင်ကျရင် ကမ္ဘာလောကထဲ သွားလာတဲ့အခါ ရန်သူနဲ့ တွေ့ရင် 'ငါ့ထက် သိုင်းပညာ အရင်းအမြစ်နဲ့ နောက်ခံ ပိုကောင်းတဲ့လူတွေ ငါ့ကို လာမထိနဲ့' လို့ ပြောမှာလား..."
ထိုအခါ ကျန်းယွီချွန်း မျက်နှာ အနည်းငယ် ရဲတက်သွားပြီး နောက်ထပ် စကားတစ်ခွန်းမျှ မပြောရဲတော့ပေ။
လီစစ်ကျင်ကတော့ သတိပေးခံရသော်လည်း ရှက်ရွံ့ခြင်း မရှိပေ။ သူမက လီချင်းချိုး၏ နောက်သို့ ရွှေ့သွားပြီး ကျန်းယွီချွန်းကို လှမ်းပြောလိုက်သေးသည်။
"ဟုတ်တယ်... ဒုတိယစီနီယာအစ်ကို... အစ်ကိုက အရမ်း နုံအတာပဲ..."
ကျန်းယွီချွန်း တကယ် ဒေါသထွက်သွားပြီး…..
"နင့်ထက် အတဲ့သူ ရှိသေးလို့လား..." ဟု စိတ်ထဲမှ တွေးလိုက်မိသည်။
သို့သော် ဂိုဏ်းချုပ် ပြောသည်မှာ မှန်ကန်ကြောင်း သူ သဘောပေါက်လိုက်သည်။ အရာရာကို အကျိုးအမြတ် အပေါ်တွင်သာ အခြေခံလိုက်လျှင် အနှစ်သာရ ပြောင်းလဲသွားပေလိမ့်မည်။
လီချင်းချိုးက…..
"ကိုယ့်တပည့်တွေ၊ ကိုယ့်ဂိုဏ်းသားတွေရဲ့ အကျိုးစီးပွားအတွက် တိုက်ခိုက်တာက လူ့သဘာဝပါပဲ... ဒါပေမဲ့ အလွန်အကျွံ မဖြစ်စေနဲ့... ဂိုဏ်းတစ်ခု အနေနဲ့ အရင်းအမြစ်တွေက ပါရမီ ပိုမြင့်တဲ့၊ အကျိုးပြုမှု ပိုများတဲ့ တပည့်တွေဆီကို သဘာဝကျကျပဲ ယိမ်းယိုင်သွားမှာပဲ... တရားမျှတမှု ဟုတ်လား... အဲဒါက နှိုင်းယှဉ်ချက် တစ်ခုပဲ ရှိနိုင်တယ်... လူတွေကို စတင် လေ့လာခွင့် ပေးလိုက်တာက အကြီးမားဆုံးသော ကြင်နာမှုပဲ..."
ထိုစကားကိုပြောရင်းသူ့အကြည့်က ကျန်းယွီချွန်း အပေါ်သို့ ကျရောက်သွားသည်။ သူ့မျက်လုံးများ တည်ငြိမ်နေသော်လည်း ကျန်းယွီချွန်း မှာမူ အလွန် နေရခက်နေသည်။
ဂိုဏ်းချုပ် အလေးအနက် ဖြစ်လာသည်ကို မြင်သောအခါ လီစစ်ကျင်လည်း နောက်ပြောင်ခြင်းကို ချက်ချင်း ရပ်တန့်လိုက်သည်။
ဆရာ စကားဝင်ပြောသည်ကို မြင်လိုက်ရသောအခါ ကျောက်ကျိန်း စိတ်သက်သာရာ ရသွားပြီး ပြန်ထိုင်လိုက်ကာ ဆရာ့ကို လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။
"ယွီချွန်း... မင်း တောင်အောက်က ကိစ္စတွေကိုပဲ အာရုံစိုက်မနေနဲ့... မင်းတပည့်တွေကိုလည်း ဂရုစိုက်ဦး... သူတို့ပြောသမျှ အကုန် မယုံနဲ့... ကျီဖှာခန်းမက ချင်ယွဲ့ကို အရေးယူလိမ့်မယ်ဆိုတာ ငါ ကြိုပြောထားမယ်... အဲဒါ ငါ ခိုင်းလိုက်တာပဲ..."
မည်သူမျှ ပြီးပြည့်စုံခြင်း မရှိဘဲ လူတိုင်းတွင် အားနည်းချက်များ ရှိကြသည်။ လီချင်းချိုး၏ အမြင်တွင် ကျန်းယွီချွန်းဘက်က အလုပ်ကောင်းကောင်း လုပ်ခဲ့သည်။ သို့သော် သူ့တွင် အင်အား အကန့်အသတ် ရှိပေသည်။ သူသည် ကုန့်လင်ခန်းမကို စီမံခန့်ခွဲနေရင်း အင်အားကြီး မိသားစုများနှင့် ဆက်ဆံရသလို ထောက်လှမ်းရေး သတင်းများကိုလည်း ကိုင်တွယ်ရသည်။ ထိုကဲ့သို့သော ကြီးလေးသည့် ဝန်ထုပ်ဝန်ပိုးကြောင့် သဘာဝကျကျပင် သူ့တပည့်များကို ဂရုစိုက်ရန် လစ်ဟင်းခဲ့မိသည်။
ကျေးဇူးကြွေးရှိသည်ဟု ခံစားရသောကြောင့် ကျန်းယွီချွန်းဘက်က သူ့တပည့်များအတွက် တစ်စုံတစ်ခု လုပ်ပေးချင်နေခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ဂိုဏ်းချုပ် တစ်ယောက် အနေဖြင့် လီချင်းချိုး၏ အလုပ်မှာ အချိန်မီ သတိပေးရန် ဖြစ်သည်။
ပဋိပက္ခများနှင့် ပတ်သက်၍မူ ကိစ္စမရှိပေ။ သူတို့ ငယ်စဉ်ကတည်းက ပဋိပက္ခများ ရှိခဲ့ဖူးကြသည်။ ကျန်းယွီချွန်း နှင့် အခြား ဂျူနီယာညီ၊ ညီမများက ချင်းရှောင်ဂိုဏ်း၏ အကျိုးစီးပွားကို ထိခိုက်အောင် လုပ်မည် မဟုတ်ကြောင်း လီချင်းချိုး ယုံကြည်ထားသည်။
လီချင်းချိုးက ချင်ယွဲ့ အကြောင်း ပြောလိုက်သည်ကို ကြားသောအခါ ကျန်းယွီချွန်း ချက်ချင်း စိတ်လှုပ်ရှားသွားပြီး သတိထားကာ မေးလိုက်လေသည်။
"စီနီယာအစ်ကိုကြီး... သူ ဘာအမှား လုပ်မိလို့လဲ..."
"မနက်ဖြန်ကျရင် မင်း သိရလိမ့်မယ်..."
လီချင်းချိုးက လျစ်လျူရှုထားသော လေသံဖြင့် ပြန်ဖြေလိုက်တော့
စီနီယာအစ်ကိုကြီး ဒေါသထွက်နေကြောင်း ကျန်းယွီချွန်း ချက်ချင်း သဘောပေါက်လိုက်သည်။ထို့ကြောင့် သူ ထိတ်လန့်သွားပြီး နောက်နေ့တွင် သေချာ စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်လိုက်လေသည်။
ချင်ယွဲ့ သတိထားမိသွားမည် စိုးသဖြင့် ယနေ့ညတွင် ချင်ယွဲ့ထံ လုံးဝ မသွားသင့်ပေ။
သူ့တပည့်နှင့် စီနီယာအစ်ကိုကြီး အကြားတွင် စီနီယာအစ်ကိုကြီးကိုသာ ပိုမို ယုံကြည်သည်။
သူ့တပည့်များကို ဂရုစိုက်ရခြင်းမှာ စီနီယာအစ်ကိုကြီးက သူနှင့် ဂျူနီယာညီ၊ ညီမများကို ငယ်စဉ်ကတည်းက စောင့်ရှောက်ပေးခဲ့သောကြောင့် ဖြစ်ပြီး သူ့ရဲ့ မူလရည်ရွယ်ချက်ကို မည်သည့်အခါမျှ မေ့မည် မဟုတ်ပေ။
ကျန်းယွီချွန်း၏ နှလုံးသားထဲတွင် လီချင်းချိုး ရှိနေသောကြောင့်သာ ချင်းရှောင်ဂိုဏ်း ရှိနေခြင်း ဖြစ်သည်။ လီချင်းချိုး အတွက်ဆိုလျှင် ချင်းရှောင်ဂိုဏ်းကို စွန့်လွှတ်ရန်ပင် သူ ဝန်လေးမည် မဟုတ်ပေ။
"စီနီယာအစ်ကိုကြီး... နှစ်သစ်ကူး ရောက်နေပြီ... ဒုတိယစီနီယာအစ်ကိုကို မခြောက်ပါနဲ့... သူလည်း အရမ်း ကြိုးစားပါတယ်... သူ တာဝန်တွေ အများကြီး ယူထားပေးလို့ အစ်ကိုကြီး ကျင့်ကြံဖို့နဲ့ တပည့်တွေကို သင်ကြားပေးဖို့ အချိန်တွေ အများကြီး ရနေတာလေ..."ဟု လီတုန်းယွဲ့က ဝင်ရောက် ဖျန်ဖြေပေးလိုက်သည်။
ထိုအခါ လီချင်းချိုးက ပြုံးလိုက်ပြီး သူမကို မျက်စောင်းခဲလိုက်ကာ….
"ညီမလေး... နင်က ငါ တည်ဆောက်ထားတဲ့ အရှိန်အဝါကို ဖျက်ဆီးပစ်လိုက်တာပဲ..."
ထိုအခါ ကျန်းယွီချွန်းလည်း ပြုံးလိုက်မိသည်။ ငယ်စဉ်ကလည်း ထိုအတိုင်းပင် ….
စီနီယာအစ်ကိုကြီးက သူတို့ကို ဆူငေါက်တိုင်း သို့မဟုတ် ရိုက်နှက်တိုင်း လီတုန်းယွဲ့က ဝင်ရောက် တားဆီးပေးလေ့ ရှိသည်။
ပြောရမယ် ဆိုရင် လီတုန်းယွဲ့ တစ်ယောက်တည်းသာ စီနီယာအစ်ကိုကြီး ဒေါသထွက်အောင် မလုပ်သလို သူတို့ကိုလည်း ရန်စလေ့ မရှိပေ။
အခြေနေကောင်းသွားသည်ကို မြင်သောအခါ လီစစ်ကျင်က ချက်ချင်း ပြုံးလိုက်ပြီး …..
"စီနီယာအစ်ကိုကြီး... ကျွန်မမှာ အကြံတစ်ခု ရှိတယ်... ဆယ်နှစ်မှ တစ်ကြိမ် ကျင်းပတဲ့ ဓမ္မတိုက်ပွဲ ညီလာခံ က စောင့်ရတာ အရမ်း ကြာလွန်းတယ်... တပည့်တွေက အခု တိုက်ခိုက်ဖို့ အရမ်း စိတ်အားထက်သန်နေကြတာ... နှစ်တိုင်း အပြင်စည်းပြိုင်ပွဲ၊ အတွင်းစည်းပြိုင်ပွဲနဲ့ တပည့်ရင်းပြိုင်ပွဲတွေ ကျင်းပပေးရင် ဘယ်လိုလဲ... ဒါဆိုရင် ကျင့်ကြံမှု အဆင့်တွေ အရမ်း ကွာဟသွားတာမျိုး မဖြစ်တော့ဘူးပေါ့..."
ထိုအခါ ကျန်းယွီချွန်း၏ မျက်လုံးများ အရောင်တောက်သွားပြီး အာမေဋိတ်သံ ပြုလိုက်လေသည်။
"ဒါ အကြံကောင်းပဲ..."
လီတုန်းယွဲ့က အားနာပါးနာ ပြုံးလိုက်ပြီး….
"ဘာကောင်းလို့လဲ... ဒီလိုလုပ်ရင် ပိုက်ဆံတွေ အများကြီး ကုန်မှာ..."
လီချင်းချိုးက….
"ဒီအကြောင်း နောက်မှ ပြောကြတာပေါ့... နှစ်သစ်ကူးဆိုတော့ ရုံးလုပ်ငန်း ကိစ္စတွေ မပြောကြေး..."
ထိုစဉ်…..
"ငါ့တပည့်တွေရေ... ဒီနေ့ ဘာဝိုင်ကောင်းတွေ ရထားလဲ..."
ခြံဝင်းတံခါးဝ ဘက်မှ စိတ်လှုပ်ရှားစွာ ရယ်မောသံ ထွက်ပေါ်လာပြီး ချင်းရှောင်ဘိုးဘေး ခြံဝင်းထဲသို့ ဝင်ရောက်လာသည်။ သူ့ကို မြင်သောအခါ လီစစ်ကျင် မျက်လုံးလှန်ကြည့်လိုက်ပြီး မီးဖိုချောင်ဘက်သို့ ချက်ချင်း ထွက်သွားလေသည်။
လီချင်းချိုးက သူမကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။
လီတုန်းယွဲ့က တိုးတိုးလေး ရယ်မောလိုက်ပြီး ….
"ဆရာဘိုးဘိုးက သူ့တပည့် ယန်ချန်ယွီကို သဘောကျနေတာ... ယန်ချန်ယွီကို ကျီဖှာခန်းမဆီ ခေါ်သွားချင်နေတာလေ... စစ်ကျင်က အဲဒါကို စိတ်ဆိုးနေတုန်းပဲ..."
ထိုအခါမှသာ လီချင်းချိုး ရုတ်တရက် သဘောပေါက်သွားသည်။
ယန်ချန်ယွီသည် ချွမ်းကုန်းခန်းမ တွင် ပါရမီအရှိဆုံး တပည့်ဖြစ်ပြီး ဓမ္မတိုက်ပွဲ ညီလာခံ၌ ထိပ်သီးဆယ်ယောက် စာရင်းဝင်ထားသူ ဖြစ်သဖြင့် အခြားသူများ၏ ပစ်မှတ် ဖြစ်လာသည်မှာ ရှောင်လွှဲ၍ မရပေ။
ခန်းမကြီး ၇ ခု အနက် ချွမ်းကုန်းခန်းမကသာ စာရွက်ပေါ်တွင် အားအနည်းဆုံး ဖြစ်သည်။ ပါရမီရှိသော တပည့်အများစုက ဥယျာဉ်စိုက်ပျိုးခြင်း၌ အနာဂတ် မရှိဟု ခံစားရသဖြင့် ချွမ်းကုန်းခန်းမကို ရွေးချယ်လေ့ မရှိကြပေ။
ယန်ချန်ယွီဆိုသော ပါရမီရှင် တပည့်ကို လီချင်းချိုးက ရွေးချယ်ပေးခဲ့ပြီး လီစစ်ကျင်က ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ယန်ချန်ယွီက သူ့ပါရမီကို မထုတ်ပြရသေးပေ။
ပါရမီရှင် အများအပြားက ကျင့်ကြံခြင်းလမ်းစဉ်သို့ မဝင်ရောက်မီ သိုင်းပညာ ပါရမီ မရှိသဖြင့် လျစ်လျူရှု ခံရလေ့ ရှိသည်။
လီချင်းချိုးကလည်း ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်ရန် ဆန္ဒမရှိပေ။ ထိုကဲ့သို့သော ကိစ္စရပ်များကို တားဆီး၍ မရနိုင်ပေ။ တပည့်များသည် ပစ္စည်းဝတ္ထုများ မဟုတ်သဖြင့် မည်သည့်နေရာသို့ သွားရမည်ကို ကိုယ်ပိုင် အကြံဉာဏ်များ ရှိကြပေလိမ့်မည်။
ချင်းရှောင်ဘိုးဘေး ရောက်လာပြီးနောက် လင်းရှောင်ခြံဝင်း သည် ချက်ချင်း စည်ကားသွားသည်။
သူသည် ကျောက်ကျိန်း လျှို့ဝှက်ကျမ်းစာ ရေးသားနေသည်ကို မြင်သောအခါ ချက်ချင်း လျှောက်သွားပြီး ဆူပူလေတော့သည်။ ငယ်ရွယ်စဉ်တွင် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်သင့်ပြီး ဟိုဟိုဒီဒီ လျှောက်မတွေးသင့်ကြောင်း ပြောဆိုလေတော့ ကျောက်ကျိန်းက သဘောမတူပေ။ သူသည် ဂိုဏ်းအတွက် အကျိုးပြုနေသည်ဟု ခံစားရသဖြင့် သူတို့နှစ်ဦး ငြင်းခုံကြလေသည်။
ထို့နောက် ဝူမန်အာ၊ ယန်ကျွယ်တိန်၊ ကျန်းယွီ၊ ကျူးယန်၊ ရှန်ယွဲ့၊ ချိုင်ယွင်ရှန်း နှင့် အခြားသော ဂိုဏ်းအဆင့်မြင့် ပုဂ္ဂိုလ်များ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။
လီချင်းချိုးက ရှန်ယွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး…
ဒီအဘိုးကြီး ကျင့်ကြံတာ အရမ်း မြန်တာပဲ...
မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့် ရောက်နေပြီဟု တွေးလိုက်မိသည်။
ထိုသူသည် ထူးချွန်သော ပါရမီ နှင့် ပြောင်မြောက်သော နားလည်နိုင်စွမ်း တို့နှင့် ထိုက်တန်ပေသည်။ သေချာပေါက် သူ ဤမျှ လျင်မြန်စွာ ကျင့်ကြံနိုင်ခြင်းအတွက် ဝိညာဉ်တစ်ထောင် ကောင်းချီးနယ်မြေ ၏ အခန်းကဏ္ဍကလည်း ကြီးမားလေသည်။
ဓားကျင့်ကြံသူများဖြစ်လာကြသော ရှန်ယွဲ့ နှင့် ရွှီနင်းတို့တွင် မည်သူက ပိုသန်မာသည်ကို လီချင်းချိုး သိချင်နေမိသည်။
…
စည်ကားသိုက်မြိုက်သော နွေဦးပွဲတော် ကုန်ဆုံးသွားပြီး ထိုက်ခွန်းတောင်တန်း ကို ဖုံးလွှမ်းထားသော နှင်းများ တဖြည်းဖြည်း အရည်ပျော်ကျလာချေပြီ…..
တောင်ထိပ် ကျောက်ကမ်းပါး အစွန်း၌ လီချင်းချိုး တင်ပျဉ်ခွေ ထိုင်နေပြီး ငွေရောင် ဓားရိပ်ငယ်လေး တစ်ခု သူ့ရှေ့တွင် ဝဲပျံနေသည်။
သူသည် ကိုယ်တိုင် ဖန်တီးထားသော ဝိညာဉ်နှုတ်ဓားပျံ ကို လေ့လာနေခြင်း ဖြစ်သည်။
သူ့ရဲ့ အကောင်းဆုံး ဂါထာက ဘာလဲ ဆိုသော မေးခွန်းကို စဉ်းစားနေသည်မှာ ကြာပြီ ….
သူ ဂါထာ အတော်များများကို သိသော်လည်း မည်သည့် ဂါထာကိုမျှ ကျွမ်းကျင်ပိုင်နိုင်ခြင်း မရှိပေ။ ပြိုင်ဘက်များကို အလွယ်တကူ အနိုင်ယူ သတ်ဖြတ်နိုင်ခြင်းမှာ အဓိကအားဖြင့် ကျင့်ကြံမှု အဆင့် မြင့်မားသောကြောင့် ဖြစ်သည်။
[အကြိမ်တစ်ထောင် တူထုခံရခြင်း] ကို ကူးယူပြီးနောက် လီချင်းချိုးက အခြား ကျင့်ကြံသူများထက် သာလွန်မည့် အထူးစွမ်းရည် တစ်ခုကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ရန် ဆုံးဖြတ်လိုက်သည်။
[မွေးရာပါ ဓားရူးသွပ်သူ]ကံကြမ္မာက သူ့ကို ဓားသိုင်းများကို လျင်မြန်စွာ နားလည်နိုင်စေပြီး [အကြိမ်တစ်ထောင် တူထုခံရခြင်း]ကံကြမ္မာနှင့် ပေါင်းစပ်လိုက်သောအခါ ပြီးပြည့်စုံသော လိုက်ဖက်ညီမှု ဖြစ်သွားကာ အချိန်တိုအတွင်း စွမ်းအားကြီးသော သိုင်းကွက်တစ်ခုကို တတ်မြောက်နိုင်စေသည်။
သူသည် ဝိညာဉ်နှုတ်ဓားပျံ၏ ဓားရိပ်ကို ထပ်ခါတလဲလဲ စုစည်းလိုက်ရာ သိမြင်နားလည်မှု အသစ်များ သူ့စိတ်ထဲတွင် အဆက်မပြတ် ပေါ်ထွက်လာသဖြင့် ရပ်တန့်၍ မရနိုင်အောင် ဖြစ်နေရသည်။
ရုတ်တရက်…..
ပုံရိပ်တစ်ခု ကျောက်ကမ်းပါး အောက်ခြေမှ ပျံတက်လာသည်။
ကျန်းယွီချွန်း …..
ကျန်းယွီချွန်းသည် ယခုအခါ ဓားစီးပျံသန်းခြင်းပညာကို တတ်မြောက်ထားပြီ ဖြစ်သော်လည်း ကျင့်ကြံမှု အဆင့်ကတော့ မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့် ၌သာ ရပ်တန့်နေဆဲပင်။ ဤအဆင့်က သူ့အတွက် လုံလောက်ပြီး သူသည် အချိန်အများစုကို ကောင်းချီးနယ်မြေတွင် ကုန်ဆုံး၍ မရနိုင်ပေ။
သူက လီချင်းချိုး၏ ဘေးသို့ ဆင်းသက်လိုက်ပြီး လေသံတိုးတိုးဖြင့်….
"စီနီယာအစ်ကိုကြီး... ကျန်းမိသားစုဒုက္ခရောက်နေပြီ..."
"ဘယ် ကျန်းမိသားစု လဲ..."
"တတိယဂျူနီယာညီလေးရဲ့ မိသားစုကို လင်းထျန်းဂိုဏ်းက သတ်ဖြတ်လိုက်ကြပြီ... တစ်ယောက်တည်းပဲ လွတ်မြောက်လာတယ်... အဲဒါက တတိယဂျူနီယာညီလေးရဲ့ ညီ ကျန်းနျန်ပဲ... သူ ငယ်ငယ်တုန်းက ချင်းရှောင်တောင်ကိုတောင် လာလည်ဖူးသေးတယ်..."
ထိုစကားကို ကြားသောအခါ လီချင်းချိုးက မျက်လုံးဖွင့်လိုက်ပြီး ကျန်းယွီချွန်းကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။
"ဘာအကြောင်းပြချက်တဲ့လဲ..."
"သူတို့က တတိယဂျူနီယာညီလေးကို ပစ်မှတ်ထားတာ... နောက်ပစ်မှတ်က လီမိသားစုဖြစ်တယ် ဆိုပြီး ကျန်းနျန် ကနေတဆင့် သတင်းစကားတောင် ပါးလိုက်သေးတယ်... ဇွန်လ မတိုင်ခင် လီမိသားစု တစ်ခုလုံးကို ကွပ်မျက်မယ်လို့ ပြောပါတယ်..."