← Chapters

တမိုးအောက် အနှိုင်းမဲ့ ဖြစ်လာစေရမည်…..

Vol. 16 Ch. 160

တမိုးအောက် အနှိုင်းမဲ့ ဖြစ်လာစေရမည်…..

Vol. 16 Ch. 160

ကျန်းကျိုးစီရင်စု၊ ရွှီခရိုင်၊ မြင်းဖြူမြို့…..

ဤမြို့တွင် ကြီးမားသော မြစ်တစ်စင်း ဖြတ်သန်းစီးဆင်းထားသဖြင့် စည်ကားသိုက်မြိုက်သော မြို့တစ်မြို့ ဖြစ်သည်။ ကုန်သည်သင်္ဘော အများအပြား မြစ်ထဲတွင် ဝင်ထွက်သွားလာနေကြပြီး မြစ်ချောင်းငယ် အများအပြားသည်လည်း လမ်းမများ အောက်တွင် ရှုပ်ထွေးစွာ စီးဆင်းနေသဖြင့် မြို့ထဲတွင် ကျောက်တံတား အများအပြား ရှိနေသည်။

ဤအချက်က ကမ္ဘာအနှံ့မှ ပညာရှင်များနှင့် ပါရမီရှင် အမျိုးသမီးများကို ဆွဲဆောင်လျက် ရှိ၏။ အချို့က တံတားပေါ်တွင် ပန်းချီဆွဲကြပြီး အချို့က မိုးမခပင်များ စီတန်းနေသော ကမ်းပါးတွင် ကဗျာရွတ်ဆိုကြသည်။ လှပသော အမျိုးသမီးများက လသာဆောင်များမှ လက်ပြနှုတ်ဆက်ကြရာ လမ်းမများနှင့် တံတားများပေါ်ရှိ ဖြတ်သန်းသွားလာသူများ၏ အာရုံကို ဖမ်းစားထားသည်။ ဤမြင်ကွင်း အမျိုးမျိုးသည် ပန်းချီကားချပ်ထဲမှ သာယာဝပြောသော ခေတ်တစ်ခုကဲ့သို့ပင်သာယာလှပပေသည်။

ကမ္ဘာလောကကြီးတွင် စစ်ပွဲများ ဖြစ်ပွားနေသော်လည်း မြင်းဖြူမြို့ကတော့ စစ်ပွဲ၏ ဒဏ်ကို မခံရဘဲ စည်ကားနေဆဲပင်။

ညနေစောင်း အချိန် ရောက်လာသောအခါ မြင်းဖြူမြို့၏ စည်ကားသော ရှုခင်းများအပေါ် အထီးကျန်ဆန်သော အရိပ်အယောင်များ လွှမ်းခြုံလာသည်။

မြောက်ဘက်ခရိုင်တွင် ကြီးမားသော အိမ်တော်ကြီး တစ်ခု ရှိပြီး ဂိတ်တံခါး ပေါ်ရှိ ဆိုင်းဘုတ်တွင် စာလုံးကြီး သုံးလုံးကို ထွင်းထုထားသည်။

လင်းထျန်းအိမ်တော် …

လင်းထျန်းအိမ်တော်က အလွန် ကျယ်ဝန်းပြီး မြင်းဖြူမြို့၏ လေးပုံတစ်ပုံခန့်ကို နေရာယူထားသည်။ အိမ်တော်အတွင်း၌ အရွယ်အစား အမျိုးမျိုးရှိသော သိုင်းလေ့ကျင့်ရေးကွင်းများရှိပြီး သိုင်းပညာရှင် အများအပြားက ကိုယ်ပိုင် စစ်တပ်တစ်ခုကဲ့သို့ ချွေးများ ရွှဲနစ်နေအောင် လေ့ကျင့်နေကြသည်။

သိုင်းလေ့ကျင့်ရေးကွင်း တစ်ခုတွင် အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တတ်ရပ်နေပြီး ရှေ့တွင် သိုင်းလေ့ကျင့်နေကြသော ကောင်လေး၊ ကောင်မလေးများကို ကြည့်ရှုနေသည်။ သူသည် ခေါင်းအနည်းငယ် ညိတ်လိုက်ရာ မျက်လုံးများတွင် ကျေနပ်မှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေပေသည်။

"အစောင့်အရှောက်ရှောင် ရဲ့ ကိုယ်ခန္ဓာသန့်စင်ခြင်း နည်းစနစ်က တကယ် ထူးခြားတာပဲ... ကောင်းကင်နဲ့ မြေကြီးက ချီစွမ်းအင်ကို အသုံးပြုပြီး ခန္ဓာကိုယ်ကို သန့်စင်လိုက်တော့ နှစ်နှစ်ဆယ် အတွင်း... မဟုတ်ဘူး... ဆယ်နှစ်အတွင်း ဒီကောင်လေးတွေ ကျန်းဟူ မှာ လွှမ်းမိုးနိုင်တဲ့ စွမ်းရည် ရလာလိမ့်မယ်..."

အနက်ရောင်ဝတ် အမျိုးသားက စိတ်ထဲတွင် ထိုသို့တွေးလိုက်သည်။ သူ၏ အမည်မှာ ထျန်းကျန်းဖြစ်ပြီး လင်းထျန်းဂိုဏ်း၏ လက်ရွေးစင်နည်းပြချုပ်ဖြစ်သည်။ သူ့လက်အောက်တွင် နည်းပြ တစ်ရာ ရှိပြီး တပည့်ငယ်များကို သိုင်းပညာ သင်ကြားပေးရန် သီးသန့် တာဝန်ယူထားရသည်။

ထိုအချိန်၌ ခါးတွင် ဓားချိတ်ထားသော အမျိုးသားတစ်ဦး အလျင်အမြန် လျှောက်လာပြီး ထျန်းကျန်း၏ဘေးတွင် ရပ်လိုက်ပြီး….

"မနက်ဖြန်ကျရင် တပည့် တစ်ဒါဇင်ကျော် ရောက်လာဖို့ ရှိတယ်... သူတို့က ဟယ်ယွဲ့ဂိုဏ်းက လာကြတာ..."

"ဟယ်ယွဲ့ဂိုဏ်း ဆိုတာ ဘယ်လို ဂိုဏ်းမျိုးလဲ... ငါ တစ်ခါမှ မကြားဖူးပါဘူး... အိမ်တော်သခင်က ဘာလို့ ဖြစ်ကတတ်ဆန်း လူတွေကို လက်ခံနေရတာလဲ..."

"ငါတို့က ကျန်းကျိုး သိုင်းလောကကို သိမ်းပိုက်ခါစ ရှိသေးတော့ လူအင်အား လိုနေတယ်လေ... ရနိုင်သလောက် လက်ခံရမှာပဲ... ဒါ့အပြင် ဟယ်ယွဲ့ဂိုဏ်း က အားမနည်းပါဘူး... သူတို့မှာ လူအင်အား နှစ်ရာ၊ သုံးရာလောက်ပဲ ရှိပေမဲ့ သူတို့ ဂိုဏ်းခေါင်းဆောင်က တစ်ချိန်တုန်းက သိုင်းလောက မှာ အတော်လေး နာမည်ကြီးခဲ့ဖူးတယ်... ပထမတန်းစား ကျွမ်းကျင်သူအစစ်ပါကွ..."

"ဘာ ပထမတန်းစား ကျွမ်းကျင်သူလဲ... နယ်ပယ်တစ်ခုထဲ ဝင်ရောက်ထားသူတွေကိုမှ ပထမတန်းစား ကျွမ်းကျင်သူလို့ ခေါ်နိုင်မှာ..."

"နယ်ပယ်တစ်ခုထဲ ဝင်ရောက်ဖို့ဆိုတာ ဘယ်လောက် ခက်လဲ... ငါတို့ လင်းထျန်းဂိုဏ်းမှာတောင် အများကြီး မရှိဘူး... မင်းကလည်း ညည်းမနေပါနဲ့ကွာ... ငါတို့ သိုင်းလောက တစ်ခုလုံးကို ပေါင်းစည်းပြီးသွားရင် ဂိုဏ်းချုပ်က သဘာဝကျကျပဲ လူတွေကို စိစစ်ပါလိမ့်မယ်... မမေ့နဲ့... ငါတို့က ချင်းရှောင်ဂိုဏ်းကို ရင်ဆိုင်ရမှာ... ချင်းရှောင်ဂိုဏ်း ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ ငါ ပြောပြစရာ လိုမယ်မထင်ဘူးနော်..."

"လူတွေက တနေ့ သေရမှာပဲ... ကိုယ့်လူတွေ သေတာထက်စာရင် အပြင်လူတွေ သေတာက ပိုကောင်းတယ်..."

ထိုစကားကြောင့် ထျန်းကျန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဤလုပ်နည်းလုပ်ဟန်က အင်မတန် အောက်တန်းကျလွန်းပြီး တမိုးအောက် အနှိုင်းမဲ့ဂိုဏ်း၏ စိတ်ဓာတ်ကို ထိခိုက်စေသည်ဟု သူ အမြဲ ခံစားနေရသည်။ သို့သော် ချင်းရှောင်ဂိုဏ်း ရှိနေသေးသရွေ့ လင်းထျန်းဂိုဏ်းကလည်း တမိုးအောက် အနှိုင်းမဲ့ဂိုဏ်း မဟုတ်သေးသဖြင့် သူ့အဖို့ သည်းခံရုံသာ ရှိတော့သည်။

သူသည် လက်ရွေးစင်နည်းပြချုပ် ဖြစ်သော်လည်း အာဏာစက်ဖြန့်ကျက်နိုင်သည့်အတိုင်းအတာက လင်းထျန်းအိမ်တော် အတွင်း၌သာ ရှိပြီး အရေးကြီးသော ကိစ္စရပ်များတွင် ဆုံးဖြတ်ချက် ချနိုင်ခွင့် မရှိပေ။

သူ့မျက်နှာထား မလျော့သေးသည်ကို မြင်သောအခါ ဓားနှင့်လူက ပြုံးလိုက်ပြီး….

"ဒါနဲ့ ငါတို့ ကျန်းမိသားစုကို သုတ်သင်လိုက်တဲ့ သတင်း ပျံ့နှံ့သွားပြီ... သိုင်းလောက တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေကြပြီး ချင်းရှောင်ဂိုဏ်း ဘယ်လို တုံ့ပြန်မလဲ ဆိုတာ လူတိုင်း စောင့်ကြည့်နေကြတယ်... လီချင်းချိုးရဲ့ ကြီးစိုးမင်းမူတတ်တဲ့ စိတ်ဓာတ်နဲ့ဆိုရင် သူ လူလွှတ်လိုက်ပြီးလောက်ပြီ... အိမ်တော်ထဲမှာ အစောင့်အရှောက်တွေရှိပေမဲ့ မင်းလည်း သတိထားဦး... ခိုးဝင်လာတဲ့ ချင်းရှောင်ဂိုဏ်းသားတွေရဲ့ လက်ချက်နဲ့ အသတ်မခံရစေနဲ့..."

ထျန်းကျန်းကမူ အရေးမလုပ်ဘဲ …..

"ကျန်းဟူက လူတွေက လီချင်းချိုးကို ကောင်းကင်ထိရောက်အောင် မြှောက်ပင့်ပေးထားကြတာ... သူက စစ်တပ်တစ်ထောင်ကို တစ်ယောက်တည်း ရင်ဆိုင်နိုင်တယ် တဲ့... ငါကတော့ မယုံဘူး... ငါ့အမြင်အရတော့ ကျောက်ကျိက မိုက်မဲပြီး ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့လို့ စစ်သားတွေက လီချင်းချိုး သတ်တာကို တမင် လွှတ်ပေးလိုက်တာ နေမှာပါ..."

ထိူအခါ ဓားနှင့်လူက ပခုံးတွန့်လိုက်ပြီး ပြန်မငြင်းတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဤအရာများကို ပြောနေရခြင်းက အဓိပ္ပာယ် မရှိသောကြောင့်ပင်….

သူတို့နှစ်ဦး စကားအနည်းငယ် ထပ်ပြောပြီးနောက် ဓားနှင့်လူ လှည့်ထွက်သွားလေသည်။

လင်းထျန်းဂိုဏ်းက လျင်မြန်စွာ နယ်မြေချဲ့ထွင်နေသဖြင့် လူတိုင်း အလုပ်များနေကြပြီး လုပ်စရာ ကိစ္စများလွန်းလှသည်။

သူတို့၏ မျက်လုံးထဲတွင် လင်းထျန်းဂိုဏ်းက ကျူးကျော်သူ မဟုတ်ဘဲ မကြုံစဖူး အရာတစ်ခုကို လုပ်ဆောင်နေခြင်း ဖြစ်သည်။

သူတို့တွေ စနစ်တစ်ခုကို ပေါင်းစည်းပြီး ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေး ရယူရန် ကြိုးစားနေကြသည်။ ဤခံယူချက်က သူတို့၏ စိတ်ဓာတ်ကို မြင့်မားနေစေသည်။

မိုးချုပ်တော့မည် ဖြစ်သဖြင့် ထျန်းကျန်း လက်ခုပ်တီးလိုက်ရာ ရှေ့ရှိ တပည့်ငယ်များ အားလုံး၏ အာရုံစိုက်မှုကို ရရှိသွားခဲ့သည်။

"ဒီနေ့တော့ ဒီလောက်ပဲ... မနက်ဖြန် မနက်ခင်း ဘယ်သူမှ နောက်မကျစေနဲ့..."

ထျန်းကျန်း ကျယ်လောင်စွာ ပြောလိုက်ရာ သူ့အသံမှာ ကွင်းပြင်တခုလုံး ပဲ့တင်ထပ်သွားသည်။ သူသည် စိတ်ဆတ်သူ ဖြစ်သဖြင့် ဆက်ဆံပုံမှာ အနည်းငယ် ကြမ်းတမ်းလေသည်။

သို့သော် ဤတပည့်ငယ်များက ပုံမှန်အတိုင်း ပျော်ရွှင်စွာ လူစုခွဲမသွားကြဘဲ သူ့ကို စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။

မဟုတ်ဘူး... သူတို့ သူ့ကို ကြည့်နေကြတာ မဟုတ်ဘူး…

ထျန်းကျန်း အလိုအလျောက် လှည့်ကြည့်လိုက်ရာ မျက်လုံးများ ပြူးကျယ်သွားသည်။

သူ့တပည့်များ ကြည့်နေရာအရပ်သို့ လိုက်ကြည့်လိုက်တော့ အိမ်တော်အစွန်းရှိ မြင့်မားသော တံတိုင်းပေါ်တွင် လူများ တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ရပ်နေကြပြီး သူတို့ကို ငုံ့ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။

တခဏချင်းမှာပင် လူအရေအတွက် ပိုမို များပြားလာပြီး အားလုံးက တူညီသော အပြာရောင် ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။

ထိုအခါ ထျန်းကျန်း တစ်ခုခု မှားနေပြီဟု သဘောပေါက်လိုက်သည်။ သူ စကားပြောတော့မည့်ဆဲဆဲတွင် လေတိုးသံ တစ်ခု ထွက်ပေါ်လာသဖြင့် သူ အလိုအလျောက် ဘေးသို့ ရှောင်လိုက်မိသည်။

ဖတ်…

အသံနှင့်အတူဓားပျံတစ်လက် ဖြတ်သန်းသွားပြီး ထျန်းကျန်း၏ လည်ပင်းကို လှီးဖြတ်သွားပြီးနောက် ဓားဉီးက မြေပြင်ပေါ်ရှိ ကျောက်ပြားပေါ်သို့ စိုက်ဝင်သွားပြီး သွေးများ ပတ်ဝန်းကျင်သို့ လွင့်စင်သွားလေသည်။

ခေတ္တမျှ ကြောင်အသွားပြီးနောက် ထျန်းကျန်း လဲကျသွားသံနှင့်အတူ လင်းထျန်းဂိုဏ်း၏ တပည့်ငယ်များ စတင် အော်ဟစ်ကြပြီး အရပ်လေးမျက်နှာသို့ ထွက်ပြေးကြလေသည်။

ထိုအချိန်တွင် မြေကြီးထဲ စိုက်ဝင်နေသော ဓားပျံက ပြင်းထန်စွာ တုန်ခါသွားပြီးနောက် ပြန်လည် ပျံသန်းလာကာ နောက်ဆုံးတွင် ကျန်းကျောက်ရှား၏ လက်ထဲသို့ ရောက်ရှိသွားသည်။

တံတိုင်းပေါ်တွင် ရပ်နေသော သူများမှာ ကျန်းကျောက်ရှားနှင့်ရွှီနင်းတို့ ဦးဆောင်သော ချင်းရှောင်ဂိုဏ်းသားများ ဖြစ်ကြသည်။

လင်းထျန်းဂိုဏ်းမှ သိုင်းပညာရှင်များလည်း သူတို့ကို စတင် သတိထားမိလာကြပြီး ဗုံသံများ မကြာမီ ထွက်ပေါ်လာပြီး အကြိမ်ရေ ပိုစိပ်လာကာ လင်းထျန်းအိမ်တော် တစ်ခုလုံးကို သတ်ဖြတ်လိုစိတ်ပြင်းထန်သော တင်းမာသော လေထုထဲသို့ တွန်းပို့လိုက်လေသည်။

ရွှီနင်းက ကျန်းကျောက်ရှားကို ကြည့်ပြီး….

"ဘယ်လို သတ်မလဲ..."ဟု ခပ်ပြတ်ပြတ်မေးလိုက်သည်။

ကျန်းကျောက်ရှား၏ မိသားစု တစ်ခုလုံး သတ်ဖြတ်ခံလိုက်ရသဖြင့် သူ့ရင်ထဲရှိ ဒေါသကို သူမ နားလည်နိုင်တာကြောင့် ကျန်းကျောက်ရှားကို ဦးဆောင်ခွင့် ပေးလိုက်ခြင်း ဖြစ်သည်။

ကျန်းကျောက်ရှားက….

"လင်းထျန်းဂိုဏ်းသားတွေကိုပဲ သတ်မယ်... အတင်းအကျပ် ပူးပေါင်းခိုင်းခံရတဲ့ သူတွေကိုတော့ ချမ်းသာပေးနိုင်တယ်... ဒါပေမဲ့ သူတို့ စကား ဘယ်လောက်မြန်မြန် ပြောနိုင်မလဲဆိုတာအပေါ် မူတည်တယ်... စကားပြောတာ နှေးပြီး သေသွားရင်တော့ သူတို့ကံပဲ..."

"ဒီကနေ စပြီး ကမ္ဘာပေါ်က သိုင်းပညာရှင်တွေ လင်းထျန်းဂိုဏ်းကို မဝင်ရဲအောင် လုပ်ရမယ်..."

ထိုသို့ ပြောပြီးနောက် ကျန်းကျောက်ရှားက လေထဲသို့ ခုန်တက်လိုက်ပြီး တောငန်းတစ်ကောင်ကဲ့သို့ အိမ်တော်ဆီသို့ ပျံသန်းသွားလေသဖြင့်

ရွှီနင်းလည်း အံ့သြသွားသည်။

ကြီးမားသော သွေးကြွေးရှိနေပါလျက် ကျန်းကျောက်ရှား၏ သတ်ဖြတ်လိုစိတ်က ယခင်ကထက် အဘယ်ကြောင့် ပိုမို လျော့နည်းနေရသနည်း။

ယခင်က သွေးကြွေး မရှိလျှင်ပင် ကျန်းကျောက်ရှားဆိုသူက တာဝန်ထမ်းဆောင်ရာတွင် လုံးဝ ညှာတာမှု မရှိခဲ့ပေ။

သူမ အများကြီး မစဉ်းစားတော့ဘဲ နောက်မှ ကပ်လိုက်သွားလိုက်သည်။

ဤ လင်းထျန်းအိမ်တော်ကို သိမ်းပိုက်ပြီးနောက် အခြား လင်းထျန်းအိမ်တော် များဆီသို့ သွားရပေဉီးမည်။

သူတို့၏ တာဝန်မှာ ပြည်နယ်ကိုးခုအနှံ့ရှိ လင်းထျန်းအိမ်တော် အားလုံးကို အမြစ်ပြတ် ချေမှုန်းပစ်ရန် ဖြစ်သည်။

…

နေရောင်ခြည်သည် သစ်ရွက်များကြားမှ တဆင့် တောအုပ်ကြမ်းပြင်ပေါ်သို့ ကျရောက်နေသည်။

လူငယ်တစ်ဦးက သစ်ပင်ကြီးတစ်ပင်ကို လက်သီးဖြင့် ထိုးနှက် လေ့ကျင့်နေပြီး သူ့လက်သီးများ သွေးချင်းချင်းနီနေသော်လည်း မရပ်တန့်ပေ။

သူသည် ကျန်းကျောက်ရှား ၏ ညီဖြစ်သူ ကျန်းနျန်ဖြစ်သည်။

ယခု အသက် ၂၃ နှစ် ရှိပြီ ဖြစ်သော သူသည် ကျန်းကျောက်ရှားနှင့် အတော်လေး တူသော်လည်း ခန္ဓာကိုယ် ပိုမို ပိန်ပါးသည်။

လက်သီးဖြင့် ထိုးနှက်လိုက်တိုင်း သူ့ရန်သူများ၏ မျက်နှာများ စိတ်ထဲတွင် ပေါ်လာသည်။ လင်းထျန်းဂိုဏ်း မှ ထိုမျက်နှာများက ရယ်မောနေကြသဖြင့် သူ့နှလုံးသား ပေါက်ကွဲလုမတတ် ဖြစ်နေရသည်။

အဆိုးဆုံးမှာ ကျန်းကျောက်ရှားက သူ့ကို လှောင်ပြောင်ခဲ့သည်ကို တွေးမိတိုင်း ကမ္ဘာကြီး တစ်ခုလုံးကို မုန်းတီးမိသည်။

မကြုံစဖူး အမုန်းတရားများက သူ့ကို အလွန်အမင်း သန်မာလာချင်စိတ် ဖြစ်ပေါ်စေသည်။

သူသည် သူ့မိသားစု အသတ်မခံရမီက သိုင်းပညာ လေ့ကျင့်ရသည်ကို မုန်းတီးခဲ့ပြီး စာပေလေ့လာ၍ အရာရှိ လုပ်ခြင်းသာလျှင် ဖြောင့်မတ်မှန်ကန်သော လမ်းစဉ် ဖြစ်သည်ဟု ခံစားခဲ့ရသည်။ သို့သော် သူ့မိသားစု အသတ်ခံရချိန်တွင် အစိုးရ ဘယ်ရောက်နေသနည်း။

ယခု သူ့လက်သီးများကိုသာ ယုံကြည်တော့မည်…..

"ဒီလိုလုပ်လို့ သန်မာလာမှာ မဟုတ်ဘူး... ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေတာပဲ ရှိမှာ..."

ဘေးဘက်မှ အသံတစ်သံ ထွက်ပေါ်လာတော့

ထိုအသံကို ကြားသောအခါ ကျန်းနျန် လှည့်ကြည့်လိုက်ရာ ဆယ်ကျော်သက် အရွယ် ကောင်လေးတစ်ယောက် လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

ဤကောင်လေးသည် ငယ်ရွယ်သော်လည်း အသက်အရွယ်နှင့် မလိုက်ဖက်အောင် တည်ငြိမ်သော အမူအရာ ရှိလေသည်။

ကျန်းနျန်က ယွမ်လီကို စိုက်ကြည့်ပြီး….

"မင်းက ဘယ်သူလဲ... မင်း ဘာသိလို့လဲ..."

"ငါ့နာမည် ယွမ်လီ... မင်းလိုပဲ ငါ့မိသားစုလည်း အသတ်ခံခဲ့ရတယ်... ငါနဲ့ ငါ့အစ်ကိုပဲ အသက်ရှင်ကျန်ရစ်ခဲ့တာ..." ဟု ယွမ်လီ က လျှောက်လာရင်း ပြောလိုက်သည်။

သူသည် ဆယ်လှမ်းအကွာတွင် ရပ်တန့်လိုက်ပြီး ကျန်းနျန် ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

ထိုစကားကို ကြားသောအခါ ကျန်းနျန် ခေတ္တမျှ မှင်သက်သွားသည်။

"ဒါဆို ဘာဖြစ်လဲ... ငါ့အမုန်းတရားတွေကို စွန့်လွှတ်ဖို့ လာပြောတာလား... မင်းလို ဖြစ်စေချင်လို့လား... မင်းက ငယ်သေးတယ်... အမုန်းတရား ဘယ်လောက်ကို မှတ်မိလို့လဲ... ငါကတော့ မတူဘူး... ငါ အခုလေးတင် ကြုံခဲ့ရတာ... မင်းအမေရဲ့ ရင်ဘတ်ကို ဓားနဲ့ အထိုးခံရတာ မြင်ရတဲ့ ခံစားချက်ကို မင်း သိလား... မင်းအဖေရဲ့ လက်မောင်း အဖြတ်ခံရပြီး မြေကြီးပေါ်မှာ အော်ဟစ်နေတာကို ကြည့်ရတဲ့ ခံစားချက်ကို မင်း သိလား..."

သူ ပြောလေ ဒေါသထွက်လေ ဖြစ်ပြီး အသံများပင် တုန်ရီလာသည်။

"အဲဒီခံစားချက်ကို ငါ တကယ် မသိပါဘူး... ဒါပေမဲ့ မင်းအစ်ကို တောင်အောက် ဆင်းသွားပြီဆိုတာတော့ ငါ သိတယ်... သူ မင်းရဲ့ ရန်သူတွေကို တိုက်ခိုက်နေလောက်ပြီ... မင်းကတော့ ဒီမှာ ကိုယ့်ကိုယ်ကိုယ် လက်လျော့နေတယ်... သစ်ပင်ကို လက်သီးနဲ့ အချက်တစ်သောင်းထိုးရုံနဲ့ ကလဲ့စားချေနိုင်မယ်လို့ မင်း ထင်နေတာလား..."

"ဒါဆို ငါ ဘာလုပ်ရမလဲ... ငါ အခုမှ ရောက်တာ... နက်နဲတဲ့ သိုင်းပညာတွေကို ဘယ်လိုလုပ် သင်လို့ ရမှာလဲ..."

"မင်း အမည်ခံတပည့်တစ်ယောက် အနေနဲ့ တာဝန်တွေကို အရင် ပြီးမြောက်အောင် လုပ်သင့်တယ်... အလုပ်လုပ်ရင်း စိတ်ကို တည်ငြိမ်အောင် လုပ်ပါ... စိတ်ငြိမ်သွားရင် သိုင်းပညာကို အလိုလို သင်ယူနိုင်လာလိမ့်မယ်... ဒါပေမဲ့ ချင်းရှောင်ဂိုဏ်း မှာ အစွမ်းအထက်ဆုံးက သိုင်းပညာ မဟုတ်ဘူး... မသေမျိုးကျင့်စဉ်ပဲ..."

"မသေမျိုးကျင့်စဉ် ဟုတ်လား..."

ကျန်းနျန် မျက်လုံးများ ပြူးကျယ်သွားချေပြီ။ ချင်းရှောင်ဂိုဏ်း တွင် မသေမျိုးကျင့်စဉ် ကျင့်ကြံသည်ဟု သူ ကြားဖူးသော်လည်း အမြဲတမ်း ပေါက်ကရဟုသာ ထင်မှတ်ခဲ့သည်။

ယွမ်လီက…..

"ဂျူနီယာဦးလေးကျန်းနဲ့ မင်းရဲ့ ပတ်သက်မှုကြောင့် နောင်ကျရင် မင်း မသေမျိုးကျင့်စဉ်ကို သေချာပေါက် သင်ခွင့်ရမှာပါ... ဒါပေမဲ့ မင်း အခုလို စိတ်ဓာတ်မျိုးထားနေရင် သင်ယူလည်း ဘာအသုံးကျမှာလဲ... မင်း ကလဲ့စားသွားချေမယ်... ပြီးရင် ချင်းရှောင်ဂိုဏ်းက မင်းကို ပြုစုပျိုးထောင်ပေးရတဲ့ အဓိပ္ပာယ်က ဘာရှိတော့မှာလဲ... မင်း အပြင်မှာ သေသွားရင် မင်း ခံစားခဲ့ရတဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေ အလဟသ ဖြစ်မသွားဘူးလား... မင်း ကိုယ့်အရင်းအမြစ်တွေကို ဖြုန်းတီးနေတာ မကဘဲ တခြားတပည့်တွေရဲ့ အရင်းအမြစ်တွေကိုပါ ဖြုန်းတီးနေတယ် ဆိုတာ သိလား..."

အရင်းအမြစ် ဖြုန်းတီးတယ် ဟုတ်လား…

ကျန်းနျန်အဖို့ ငယ်စဉ်ကတည်းက ဤကဲ့သို့သော အမြင်မျိုးကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။သို့သော်လည်း သူ ဒေါသ မထွက်တော့ဘဲ ယွမ်လီ၏ စကားများကို စိတ်ဝင်စားသွားသည်။

"ချင်းရှောင်တောင်ပေါ်မှာ မိဘမဲ့တွေ အများကြီး ရှိတယ်... တပည့်တော်တော်များများမှာ နက်ရှိုင်းတဲ့ သွေးကြွေးတွေ ရှိကြတယ်... ငါ့ဆရာ ပြောဖူးတဲ့ စကားတစ်ခွန်း ရှိတယ်... ကလဲ့စားချေတာက မှန်ကန်တယ်... ဒါပေမဲ့ အသက်ရှင်ကျန်ရစ်တဲ့ သူတွေအတွက် အဲဒါ တစ်ခုတည်း လုပ်ရမှာ မဟုတ်ဘူး တဲ့..."

ယွမ်လီ၏ စကားများက ကျန်းနျန် ကို ထိမိသွားစေသည်။

ချင်းရှောင်ဂိုဏ်းက မိဘမဲ့များကို ခေါ်ယူလေ့ရှိကြောင်း သူ ကြားဖူးသည်။ ကျောက်ကျိ အုပ်စိုးစဉ်ကာလက ထိုမိဘမဲ့များသည်လည်း သူ့ထက် ဒုက္ခနည်းခဲ့မည် မဟုတ်ပေ။

ယွမ်လီက…

"မင်းအစ်ကိုကို ယုံကြည်လိုက်ပါ... သူက အရမ်း စွမ်းအားကြီးတယ်... မင်းအတွက် သေချာပေါက် ကလဲ့စားချေပေးနိုင်မှာပါ... မင်းရဲ့ နှလုံးသားကို အမုန်းတရားတွေနဲ့ ဖြည့်ထားစရာ မလိုပါဘူး... မင်း လုပ်ရမှာက သူ့ဘက်က ရပ်တည်ပေးပြီး နောင်ကျရင် ကျန်းမိသားစုကို ပြန်လည် တည်ထောင်ဖို့ပဲ... ကျန်းမိသားစု ပြန်လည် စည်ပင်လာတဲ့အခါ မင်းရဲ့ မိဘတွေနဲ့ ဆွေမျိုးတွေ အရမ်း ဝမ်းသာကြလိမ့်မယ်လို့ ငါ ထင်တယ်..."

ကျန်းမိသားစုကို ပြန်လည် တည်ထောင်မယ် ဟုတ်လား…

ထိုအခါ ကျန်းနျန်၏ မျက်လုံးများ အရောင်တောက်သွားသည်။

လေအေးတစ်ချက် သူ့ထံ တိုက်ခတ်လာရာ ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ယွမ်လီက သူ့ကိုဂရုမစိုက်တော့ဘဲ လှည့်ထွက်သွားလေသည်။ သူသည် လမ်းကြုံ၍ ဝင်ပြောခဲ့ခြင်းသာဖြစ်ပြီး သူ့လို နောက်ခံနှင့် အတွေ့အကြုံ တူညီသူ ဖြစ်သဖြင့် ဂရုမစိုက်ဘဲ မနေနိုင်ခဲ့ခြင်း ဖြစ်သည်။

ကျန်းနျန်က ယွမ်လီကို ကြည့်ပြီး….

"ဒါဆို မင်းကရော... ဒီလောက် ငယ်ငယ်လေးနဲ့ ကြီးမားတဲ့ သဘောတရားတွေကို နားလည်နေတာ... မင်းရဲ့ အနာဂတ် ရည်မှန်းချက်က ဘာလဲ..."

ယွမ်လီက ခြေလှမ်းတန့်လိုက်သော်လည်း လှည့်မကြည့်ပေ။ သူက ခိုင်မာပြတ်သားသော လေသံဖြင့် ပြန်ဖြေလိုက်သည်။

"ငါ မသေမျိုးလမ်းစဉ် ကျင့်ကြံချင်တယ်... ချင်းရှောင်ဂိုဏ်းကို ကာကွယ်ချင်တယ်... ငါ့ဆရာရဲ့ အဂုဏ်ယူရဆုံး တပည့် ဖြစ်ချင်တယ်...ငါလည်း တမိုးအောက် အနှိုင်းမဲ့ ဖြစ်ချင်တယ်..."

ထိုသို့ ပြောပြီးနောက် ယွမ်လီ ရှေ့ဆက်လျှောက်ပြီး ထွက်ခွာသွားလေသည်။

ကျန်းနျန်ကတော့ သူ့ကျောပြင်ကို ဒီအတိုင်းသာ ကြည့်နေမိသည်။

အကြောင်းပြချက် မသိရသော်လည်း သူ့လေသံထဲတွင် ပြင်းထန်သော မလိုလားအပ်မှုနှင့် ဆုံးဖြတ်ချက် ခိုင်မာမှုတို့ကို ကြားလိုက်ရလေသည်။

All Chapters