← Chapters

ရှေးဟောင်းနတ်ဘုရားများ၊ နတ်ဘုရားအစေခံများ….

Vol. 16 Ch. 159

ရှေးဟောင်းနတ်ဘုရားများ၊ နတ်ဘုရားအစေခံများ….

Vol. 16 Ch. 159

ရွှယ်ကျင်း၏ စကားကို ကြားသောအခါ ကောင်လေးက ခါးသီးစွာ ပြုံးလိုက်ပြီး….

"ကျွန်တော့်မှာ ဘာတန်ဖိုးရှိလို့လဲ... သူတို့က နတ်ဘုရားသားတော် ကိုးယောက် ပြုစုပျိုးထောင်ခဲ့တာ... ကျွန်တော်က ပါရမီ အညံ့ဆုံးပဲ... ကံကောင်းလို့ အသက်ရှင်ခဲ့တာပါ..."

ရွှယ်ကျင်း ပြန်မဖြေတော့ဘဲ ဒဏ်ရာများကို ကုသရန်သာ အာရုံစိုက်လိုက်သည်။

သူ့ကို လက်မလျော့သော ရွှယ်ကျင်းကို ကြည့်ရင်း ကောင်လေး စိတ်လှုပ်ရှားနေမိသည်။

"စီနီယာ... ချင်းရှောင်ဂိုဏ်းက ဘယ်လိုနေရာမျိုးလဲဆိုတာ ပြောပြလို့ ရမလား... သူတို့ ပြောတာတော့ ကြားဖူးပါတယ်... ဒါပေမဲ့ သူတို့က ချင်းရှောင်ဂိုဏ်းက အရမ်း အစွမ်းထက်ပြီး အန္တရာယ်များတယ် ဆိုတာလောက်ပဲ ပြောကြတာ... အသေးစိတ် မသိရဘူး..."

ကောင်လေးက ထပ်မေးလိုက်ရင်း လက်နှစ်ဖက်ဖြင့် ပခုံးကို ပိုက်ထားပြီး ရှေ့သို့ ကိုင်းလိုက်ရာ ချမ်းအေးနေကြောင်း သိသာနေသည်။

"ချင်းရှောင်ဂိုဏ်းက ငါ့အတွက် ဂိုဏ်းတစ်ခု သက်သက် မဟုတ်ဘူး... အိမ်တစ်လုံးလိုပဲ... ဂိုဏ်းသားအားလုံး သက်တောင့်သက်သာ နေထိုင်ရမယ်လို့ အာမခံနိုင်တဲ့ ဂိုဏ်းမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး... သိုင်းပညာ အရည်အချင်းပဲ ဖြစ်ဖြစ်၊ နောက်ခံပဲ ဖြစ်ဖြစ် လူတိုင်းရဲ့ အခြေခံ လူ့အခွင့်အရေးတွေက တန်းတူညီမျှ ရှိကြတယ်... အာဏာရှိတဲ့သူတွေကတောင် ဂိုဏ်းသားတွေကို ထင်တိုင်းကြဲ အနိုင်ကျင့်လို့ မရဘူး... ဆက်ဆံပုံမှာ ကွာခြားချက်တွေ ရှိနိုင်ပေမဲ့ ဂုဏ်သိက္ခာပိုင်းမှာတော့ ကွာခြားချက် မရှိဘူး..."

"အဲဒီတုန်းက ငါက အသက်မွေးဝမ်းကျောင်း ပြုဖို့အတွက်ပဲ ချင်းရှောင်ဂိုဏ်းကို ဝင်ခဲ့တာ... ဒါပေမဲ့ ဂိုဏ်းချုပ်က တခြားသူတွေ မမြင်နိုင်တဲ့ ပါရမီ ငါ့မှာ ရှိတယ်လို့ ပြောပြီး ငါ့ဆရာ ဖြစ်လာမယ့် သူ့ရဲ့ တတိယဂျူနီယာညီလေးဆီကို အတင်း ထောက်ခံပေးခဲ့တာ... မင်းစိုးရာဇာ မျိုးနွယ်တွေက ဆင်းသက်လာတဲ့ တပည့်တချို့ ငါ့ကို အားကျတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာကို ငါ မှတ်မိသေးတယ်... အဲဒီတုန်းက ခံစားချက်ကို ငါ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး..."

သူက ဖြည်းဖြည်းချင်းနှင့် တိုးတိုးလေး ပြောလိုက်သော်လည်း စကားလုံးတိုင်းက ကောင်လေး၏ နှလုံးသားကို ထိခိုက်စေခဲ့သည်။

ချီမိသားစုတွင် မွေးဖွားကြီးပြင်းလာသော ကောင်လေးသည် ဤလောကထဲတွင် ထိုကဲ့သို့သော နေရာမျိုး ရှိသည်ကို မယုံကြည်နိုင်အောင် ဖြစ်နေရသည်။

ဂုဏ်သိက္ခာ...

ဘယ်လောက်တောင် စိမ်းသက်နေတဲ့ စကားလုံးလဲ…

ရွှယ်ကျင်း၏ ပြောပြချက်များကို နားထောင်ရင်း ကောင်လေးစိတ်ထဲ၌ ချင်းရှောင်ဂိုဏ်း နှင့် ပတ်သက်ပြီး စိတ်ကူးယဉ်လာမိသည်။

လမင်းကြီး သာနေပြီး ကြယ်ရောင်များ ပါးလျနေ၏… လေအေးတစ်ချက် တောအုပ်ထဲသို့ တိုက်ခတ်လာသောအခါ မီးပုံမှ မီးတောက်များ တဖျပ်ဖျပ် လှုပ်ခတ်သွားစေသည်။

အချိန်အတန်ကြာပြီးနောက် ကောင်လေး တဖြည်းဖြည်း အိပ်ချင်လာသဖြင့် မြေကြီးပေါ်တွင် လဲလျောင်းလိုက်ပြီး ရေရွတ်လိုက်သည်။

"စီနီယာ... ချင်းရှောင်ဂိုဏ်းက ဘယ်လောက် ဝေးသေးလဲ..."

ရွှယ်ကျင်း မျက်လုံးဖွင့်လိုက်တော့ မီးရောင်က သူ့ရဲ့ အေးစက်သော မျက်နှာကို လင်းလက်သွားစေသည်။

"လူကယ်ရတာက လူသတ်ရတာထက် ပိုခက်တာပဲ..."

…

ကျန်းကျောက်ရှားနှင့်ရွှီနင်းတို့ တောင်အောက် ဆင်းသွားပြီး ရှန်ယွဲ့ ကလည်း သံသတ္တုရင်းမြစ် ကောင်းချီးနယ်မြေတွင် ရှိနေသဖြင့် ဂိုဏ်းထဲတွင် ထိပ်တန်း တိုက်ခိုက်ရေး အင်အား လိုအပ်နေကြောင်း လီချင်းချိုး ရုတ်တရက် သဘောပေါက်လိုက်သည်။

ထို့ကြောင့် ခန်းမကြီး ၇ ခု မှ ခေါင်းဆောင်များကို ဆင့်ခေါ်လိုက်ပြီး တစ်ယောက်လျှင် မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့် ရှိသော တပည့်တစ်ဦးစီ ရွေးချယ်ကာ ဝိညာဉ်တစ်ထောင် ကောင်းချီးနယ်မြေ သို့ သွားရောက်၍ တံခါးပိတ်ကျင့်ကြံရန် ပြင်ဆင်ခိုင်းလိုက်သည်။ထိုအခါ

ခန်းမသခင် ခုနစ်ဦးစလုံး အလွန် စိတ်လှုပ်ရှားသွားကြသည်။

ဝိညာဉ်တစ်ထောင် ကောင်းချီးနယ်မြေ တွင် လူတိုင်း အကန့်အသတ်မရှိ ကျင့်ကြံနိုင်သည် မဟုတ်ပေ။ ဝိညာဉ်တစ်ထောင် ကောင်းချီးနယ်မြေ ၏ ဝိညာဉ်ချီများက ကုန်ခမ်းသွားနိုင်ပြီး ဝိညာဉ်တစ်ထောင်သစ်ပင်မှ ပြန်လည် မွေးမြူပေးရသဖြင့် တပည့်အရေအတွက် များပြားလွန်းပါက ဝိညာဉ်ချီ ပါးလွှာသွားနိုင်သောကြောင့် တပည့်အရေအတွက်ကို ထိန်းချုပ်ရပေမည်။

ဤကိစ္စကို စီစဉ်ပြီးနောက် လီချင်းချိုးက ဝိညာဉ်နှုတ်ဓားပျံကို ဆက်လက် အာရုံစိုက် ကျင့်ကြံလိုက်သည်။

အဓိက ဂိုဏ်းသားများ ချင်းရှောင်ဂိုဏ်း မှ ထွက်ခွာသွားကြသော်လည်း ဂိုဏ်းထဲတွင် စည်ကားနေဆဲ ဖြစ်ပြီး နေ့စဉ် ဂိုဏ်းသားအသစ်များ ဝင်ရောက်လျက် ရှိသည်။

ဖေဖော်ဝါရီလ ရောက်သောအခါ လင်းထျန်းဂိုဏ်း၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် စစ်ကြေညာချက် သတင်းများ ချင်းရှောင်ဂိုဏ်းသို့ ရောက်ရှိလာသည်။ ကျန်းမိသားစုနှင့် ကျန်းကျောက်ရှား တို့၏ ပတ်သက်မှု ကောလာဟလများသည်လည်း ဂိုဏ်းအတွင်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေသည်။ ဂိုဏ်းသားအားလုံး ဒေါသထွက်နေကြပြီး တပည့်များစွာက လင်းထျန်းဂိုဏ်းကို နှိမ်နင်းမည့် တာဝန် ရှိမရှိ မေးမြန်းရန် ရှီးလျန့်ခန်းမသို့ သွားရောက်ကြသည်။

လွန်ခဲ့သော နှစ်နှစ်အတွင်း လင်းထျန်းဂိုဏ်းက သြဇာအာဏာ အတော်အတန် ရရှိခဲ့ပြီး မြောက်ပိုင်း သိုင်းလောကကို ပေါင်းစည်းခဲ့ကာ ယခု တောင်ဘက်သို့ နယ်မြေချဲ့ထွင်လာရာ ရာစုနှစ်များစွာအတွင်း အင်အားအကြီးဆုံး ဂိုဏ်းတစ်ခု ဖြစ်လာခဲ့သည်။

ယခင်က နတ်ဆိုးဂိုဏ်းသည် ပြည်နယ်အသီးသီးတွင် ပရမ်းပတာ ဖြစ်အောင်သာ လုပ်ဆောင်ခဲ့ပြီး သိုင်းလောက ကို ပေါင်းစည်းခြင်း မပြုခဲ့ပေ။

သို့သော် ယခင်က ချင်းရှောင်ဂိုဏ်းသားများအတွက် ဤသတင်းများသည် နားထောင်ကောင်းရုံ သက်သက်သာ ဖြစ်ခဲ့သည်။ လင်းထျန်းဂိုဏ်း မည်မျှပင် သန်မာပါစေ ချင်းရှောင်ဂိုဏ်းကို ခြိမ်းခြောက်နိုင်လိမ့်မည်ဟု သူတို့ မထင်မှတ်ခဲ့ကြပေ။

ချင်းရှောင်ဂိုဏ်းက သိုင်းပညာ သက်သက် မဟုတ်ဘဲ မသေမျိုးလမ်းစဉ်ကို ကျင့်ကြံနေသည့် ဂိုဏ်းဖြစ်သည်။ လောကီ သိုင်းလောက ဂိုဏ်းတစ်ခုက ချင်းရှောင်ဂိုဏ်း ကို မည်သို့ ယှဉ်ပြိုင်နိုင်ပါမည်နည်း။

ထိုကဲ့သို့သော အတွေးမျိုး ရှိကြသဖြင့် လင်းထျန်းဂိုဏ်းက ချင်းရှောင်ဂိုဏ်း ကို ရန်စရဲသည်ဟု ကြားသိရသောအခါ သူတို့ အလွန် ဒေါသထွက်သွားကြခြင်း ဖြစ်သည်။

တစ်နေ့တွင်…..

မသေမျိုးလိုဏ်ဂူ အတွင်း၌ လီချင်းချိုး ကျင့်ကြံနေတုန်း ယွမ်ချီ၏ အသံကို ကြားလိုက်ရသည်။

"ဂိုဏ်းချုပ်... စီနီယာအစ်ကို ရွှယ်ကျင်း ပြန်ရောက်ပါပြီ..."

ထိုစကားကို ကြားသောအခါ လီချင်းချိုး မျက်လုံးဖွင့်လိုက်ပြီး ….

"သူ့ကို လင်းရှောင်ခြံဝင်းထဲ ခေါ်သွားလိုက်..."

"ဟုတ်ကဲ့ပါ..."

ယွမ်ချီ၏ ခြေသံများ ဝေးကွာသွားပြီးနောက် လီချင်းချိုး မတ်တတ်ရပ်လိုက်ပြီး မသေမျိုးလိုဏ်ဂူ ၏ ကျောက်တံခါး ဆီသို့ လျှောက်သွားလိုက်သည်။ ဤကာလအတွင်း သူ မေးခွန်းတစ်ခုကို စဉ်းစားနေခဲ့သည်။

ချီမိသားစု နှင့်လင်းထျန်းဂိုဏ်းတို့ ချင်းရှောင်ဂိုဏ်းကို ဘာကြောင့် ရန်စရဲကြသနည်း….

ချီမိသားစုက ချင်းရှောင်ဂိုဏ်းနှင့် အဝေးကြီး ဝေးကွာနေပြီး လောကီရေးရာ ကိစ္စရပ်များတွင် လောလောဆယ် ပဋိပက္ခ မရှိပေ။ လင်းထျန်းဂိုဏ်းလည်း ထိုနည်းတူပင်။

သိုင်းလောကကြီးက ကျယ်ပြောလှသဖြင့် သူတို့ ထိုက်ခွန်းတောင်တန်းသို့ ရောက်ရှိရန် ခရီးအဝေးကြီး လိုပါသေးသည်။

သေချာ စဉ်းစားပြီးနောက် ဤကိစ္စ၏ နောက်ကွယ်တွင် အခြားသော လူများ သို့မဟုတ် အင်အားစုများ ပါဝင်ပတ်သက်နေနိုင်သည်ဟု သူ ခံစားမိလိုက်သည်။

သေချာပေါက် အခြား အကြောင်းပြချက် တစ်ခုလည်း ရှိနေသည်။ ချင်းရှောင်ဂိုဏ်းတွင် သူတို့ အရဲစွန့်ပြီး လိုချင်သော အရာတစ်ခုခု ရှိနေခြင်း ဖြစ်နိုင်သည်။

ချီလင်သည် ထိုအရာများထဲမှ တစ်ခု ဖြစ်သော်လည်း ချီလင် တစ်ခုတည်းတော့ မဟုတ်သည်မှာ သေချာသည်။

ယခု ရွှယ်ကျင်း ပြန်ရောက်လာပြီ ဖြစ်၍ သူ့မေးခွန်းများကို ဖြေကြားပေးနိုင်ကောင်း ပေးနိုင်ပေလိမ့်မည်။

သူ လင်းရှောင်ခြံဝင်းသို့ ရောက်ရှိသွားပြီး စားပွဲရှည်ကြီးတွင် ဝင်ထိုင်ကာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်သည်။

ခဏအကြာတွင် ယွမ်ချီသည် ရွှယ်ကျင်း ကို ခြံဝင်းထဲသို့ ခေါ်ဆောင်လာသဖြင့် လီချင်းချိုး လှည့်ကြည့်လိုက်ရာ မျက်မှောင်ကြုတ်လိုက်မိသည်။

ရွှယ်ကျင်း အဝတ်အစားပင် မလဲရသေးပေ။ သူ့တကိုယ်လုံး ညစ်ပတ်ပြီး စုတ်ပြတ်နေသော အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ဆံပင်များ ရှုပ်ပွနေပြီး ခရီးပန်းနေပုံရသည်။ သတ်ဖြတ်လိုသော အငွေ့အသက်များပင် အနည်းငယ် ထွက်ပေါ်နေသေးသည်။

လီချင်းချိုး ကြည့်လိုက်သည်နှင့် ရွှယ်ကျင်း ပြင်းထန်သော အတွင်းဒဏ်ရာ ရထားကြောင်း သိလိုက်ရသည်။

ချီမိသားစုထဲမှာ ရွှယ်ကျင်းကို ဒဏ်ရာရအောင် လုပ်နိုင်တဲ့သူ ရှိလို့လား…

ရွှယ်ကျင်းသည် မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့် ရှိသူ ဖြစ်သည်။ ယခင်က ကျောက်ကျိ နှင့် နတ်ဆရာကျန်းတို့ပင် သူ့ကို မယှဉ်နိုင်ခဲ့ပေ။

အကယ်၍ နတ်ဆရာကျန်းသာ ဝိညာဉ်သန့်စင်ခြင်းအလံုကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါက ရွှယ်ကျင်း သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။

သေချာသည်မှာ ချီမိသားစုတွင် ကျင့်ကြံသူမရှိသရွေ့ ရွှယ်ကျင်းူကို ထိခိုက်အောင် လုပ်ရန် အလွန် ခက်ခဲပေလိမ့်မည်။

"ထိုင်ပြီး ပြောကြတာပေါ့..."သု

လီချင်းချိုး ပြောလိုက်ရာ ရွှယ်ကျင်း စားပွဲနားသို့ လျှောက်လာပြီး ဦးညွှတ်ကာ ဝင်ထိုင်လိုက်သည်။

သူ ထိုင်လိုက်သည်နှင့် ငွေအပ် သုံးချောင်း သူ့လည်ပင်းသို့ စိုက်ဝင်လာသည်။ သူ ရုန်းကန်ခြင်း မပြုသော်လည်း အံ့သြသွားမိသည်။

မျှော်လင့်ထားသည့်အတိုင်းပင် ဂိုဏ်းချုပ်၏ ပြန်လည်နုပျိုစေသော တစ္ဆေဝိညာဉ်အပ်ကို သူ တုံ့ပြန်ရန် အချိန်မရလိုက်ပေ။

"ချီမိသားစုကို ရှာတွေ့ဖို့ သုံးလလောက် ကြာခဲ့တယ်... ချီမိသားစုမှာ ကျွမ်းကျင်သူတွေ အများကြီး ရှိတယ်... မြောက်ပိုင်းသား စစ်သည်တွေကိုတောင် တွေ့ခဲ့ရတယ်... ချီမိသားစုက မြောက်ပိုင်းလူရိုင်းတွေနဲ့ ပူးပေါင်းနေတာ ကြာပြီ... ဒါပေမဲ့ ဝန်ခံရရင် ချီမိသားစု က အရမ်း အင်အားကြီးတယ်... မိသားစု တည်ရှိတဲ့ မြို့ထဲမှာ လက်ရွေးစင် စစ်တပ်တစ်တပ် ရှိတယ်... လူတိုင်းက သိုင်းပညာ ကျွမ်းကျင်ကြတယ်... ဒီစစ်တပ်က ကျွန်တော် မြင်ဖူးသမျှ စစ်တပ်တွေထက် ပိုသန်မာတယ်... အရင်တုန်းက နတ်ဆိုးစစ်သည်တော်တွေသူတို့ကို အနိုင်ယူနိုင်လောက်တယ်..."

"ချီမိသားစုက နတ်ဘုရား တစ်ပါးကို တကယ်ပဲ ပြုစုပျိုးထောင်နေတာ... စစ်မှန်တဲ့ နတ်ဘုရား... ရှေးဟောင်းနတ်ဘုရားတဲ့... သူတို့က ရှေးဟောင်းနတ်ဘုရားကို ကိုးကွယ်လာတာ နှစ်ရာချီနေပြီ... ကျွန်တော် အဲဒီ ရှေးဟောင်းနတ်ဘုရား လက်ချက်နဲ့ ဒဏ်ရာရခဲ့တာ... အဲဒီ ရှေးဟောင်းနတ်ဘုရားက နတ်ဆိုးသစ်ပင်ကြီး တစ်ပင်ပဲ... ကျွန်တော်တို့ရဲ့ ဝိညာဉ်တစ်ထောင်သစ်ပင် ထက်တောင် ပိုကြီးသေးတယ်... သူ့ရဲ့ နွယ်တွေနဲ့ လူသေအလောင်းတွေကို ရစ်ပတ်ထားတာ တွေ့ခဲ့ရတယ်... ချီမိသားစုက လူ့အသွေးအသားနဲ့ သူ့ကို ကျွေးမွေး ပြုစုပျိုးထောင်နေတာ..."

"နတ်ဆိုးဂိုဏ်းနဲ့ချီမိသားစု ပူးပေါင်းထားတယ် ဆိုတာကိုလည်း ကျွန်တော် သိခဲ့ရတယ်... သူတို့ ဧကရာဇ်အတွက် ကောင်လေး၊ ကောင်မလေးတွေကို ဖမ်းပေးတုန်းက တခြားလူတွေကိုပါ ဖမ်းပြီး ချန်းကျိုးကို ပို့ပေးခဲ့ကြတယ်..."

ရွှယ်ကျင်းက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်ပြီး ရှေးဟောင်းနတ်ဘုရား အကြောင်း ပြောသောအခါ သူ့မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။

လီချင်းချိုး မျက်ခုံး အနည်းငယ် ပင့်လိုက်ရာ သူ့ဘေးတွင် ပျံဝဲနေသော ချူကျင်းက….

"ဆရာ... ကျွန်တော် ဒီကိစ္စကို ဘာမှ မသိပါဘူး... ချီမိသားစုက နတ်ဆိုးဂိုဏ်း ကို လာဘ်ထိုးထားတာ ဖြစ်မယ်... သူတို့က ကျောက်ကျိ နဲ့ ပူးပေါင်းနေကြတာ... ကျောက်ကျိက ကျွန်တော့်ကို သတိထားတယ်... ကျွန်တော် မသိတဲ့ ကိစ္စတွေ အများကြီး ရှိပါတယ်..."

ထို့နောက် ချုကျင်းက ​သက်ပြင်းချလိုက်ပြီး ….

"ကျောက်ကျိ မသေမျိုးဆေးကို ဘာလို့ အခိုင်အမာ ယုံကြည်နေလဲဆိုတာ အံ့သြစရာ မဟုတ်တော့ဘူး... သူက အဲဒီ ရှေးဟောင်းနတ်ဘုရား အကြောင်းကို စောစောကတည်းက သိနေပုံရတယ်... ချီမိသားစုကို နှိမ်နင်းဖို့ ကျွန်တော် အကြံပေးတိုင်း ကျောက်ကျိက အမြဲတမ်း ပယ်ချလေ့ ရှိတယ်..."

ရွှယ်ကျင်းက လီချင်းချိုး၏ ဘေးသို့ တစ်ချက်ကြည့်လိုက်ပြီး တစ်စုံတစ်ယောက်က သူ့ကို စိုက်ကြည့်နေသလို ခံစားလိုက်ရသော်လည်း သာမန်မျက်လုံးဖြင့် တတိယလူကို မမြင်ရပေ။

လီချင်းချိုးက ချူကျင်း ရှိနေကြောင်း ရှင်းမပြသော်လည်း ရွှယ်ကျင်းသည်လည်း သရဲတစ္ဆေများ ရှိနေခြင်းကို အာရုံခံစားနိုင်နေပြီ ဖြစ်ရာ ကောင်းသော လက္ခဏာပင်။

"ဆက်ပြောပါ..."

"ရှေးဟောင်းနတ်ဘုရားက လူတွေကို ထူးခြားတဲ့ စွမ်းအားတွေ ပေးနိုင်တယ်လို့ ဆိုကြတယ်... ချီမိသားစုရဲ့ အရင်ခေါင်းဆောင်က အဲဒီစွမ်းအားကို ရရှိခဲ့ပြီး မဟာဘိုးဘေးဧကရာဇ် ကမ္ဘာကို သိမ်းပိုက်ရာမှာ ကြီးမားတဲ့ အကူအညီ ပေးခဲ့တယ်... သူတင်မကဘူး... နတ်ဘုရားအစေခံ ဆယ်ပါးလည်း ရှေးဟောင်းနတ်ဘုရားရဲ့ စွမ်းအားကို ရရှိထားကြတယ်... ကျွန်တော့်ကို လိုက်ဖမ်းနေတာ အဲဒီ နတ်ဘုရားအစေခံ ဆယ်ပါးပဲ... သူတို့ ပူးပေါင်းတိုက်ခိုက်တာကို ခုခံဖို့ ခက်ခဲခဲ့ပေမဲ့ ကျွန်တော်လည်း သူတို့ကို အထိနာအောင် လုပ်ခဲ့ပါတယ်..."

"ကျွန်တော် ချီမိသားစု ဘိုးဘွားပိုင် နန်းတော်ထဲကနေ ကလေးတစ်ယောက်ကို ကယ်ထုတ်လာခဲ့တယ်... သူ့ကို နတ်ဘုရားသားတော်လို့ ခေါ်ကြတယ်... ချီမိသားစုက နတ်ဘုရားသားတော် ကိုးယောက် ပြုစုပျိုးထောင်ထားတယ်... ဒီ နတ်ဘုရားသားတော်တွေက ရှေးဟောင်းနတ်ဘုရားအတွက် ပြင်ဆင်ထားတဲ့ ခန္ဓာကိုယ်တွေပဲ... နောင်ကျရင် ရှေးဟောင်းနတ်ဘုရားက သူတို့ကို ဝင်ရောက်ပူးကပ်ပြီး ကမ္ဘာအနှံ့ လှည့်လည်ပြီး ချီမိသားစုအတွက် ကြီးမြတ်တဲ့ အမှုကိစ္စတွေ ပြီးမြောက်အောင် ကူညီပေးလိမ့်မယ်..."

"ကျွန်တော် မရောက်ခင်မှာ တစ်စုံတစ်ယောက်က ချီမိသားစု ဘိုးဘွားပိုင် နန်းတော်မှာ ပြဿနာ ရှာခဲ့ပြီး နတ်ဘုရားသားတော် ခုနစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်... အဲဒီလူ ဘယ်သူလဲ ဆိုတာ ကျွန်တော် မသိသလို နတ်ဘုရားသားတော် ကလည်း မသိပါဘူး..."

နတ်ဘုရားအစေခံ၊ နတ်ဘုရားသားတော် ဟုတ်လား…

လီချင်းချိုး ဤရှေးဟောင်းနတ်ဘုရား အပေါ် ပိုမို စိတ်ဝင်စားနေပြီ ….

ဝင်ရောက်ပူးကပ်ခြင်းဆိုသည်မှာ ဝိညာဉ်ကူးပြောင်းခြင်းပင် ဖြစ်လောက်သည်။

"ချီမိသားစုက သူတို့ကို ရှေးဟောင်းနတ်ဘုရား ပြန်ရန်ပြုမှာ မကြောက်ဘူးလား..."

"ချီမိသားစုက အကျပ်အတည်း ကြုံနေချိန်မှာ ရှေးဟောင်းနတ်ဘုရားကို တွေ့ရှိခဲ့တာလို့ ပြောကြတယ်... မျိုးသုဉ်းလုနီးပါး အခြေအနေကနေ ဒီနေ့အခြေအနေ ရောက်လာအောင် ရှေးဟောင်းနတ်ဘုရားကို အားကိုးခဲ့ရတာတဲ့... သူတို့က ရှေးဟောင်းနတ်ဘုရားကို ယုံကြည်ပြီး ကူညီပေးချင်နေကြတာ..."

"ဂိုဏ်းချုပ်... အဲဒီ ရှေးဟောင်းနတ်ဘုရားက အရမ်း ထူးဆန်းတယ်... သစ်ပင်ကြီး တစ်ခုလုံးက မိစ္ဆာဆန်လွန်းပြီး သူ့အင်အားကို ခန့်မှန်းလို့ မရဘူး... ကျွန်တော်သာ အဝေးမှာ မရှိခဲ့ရင် သစ်ပင်အောက်မှာတင် သေသွားလောက်ပြီ... နှစ်မိုင်လောက် ဝေးနေတာတောင်မှ သစ်ရွက်တစ်ရွက်တည်းနဲ့ ကျွန်တော့်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့တယ်..."

ထိုစကားကို ကြားသောအခါ လီချင်းချိုး မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ဒီအချက်ကို ကြည့်ရင် ဒီရှေးဟောင်းနတ်ဘုရားက သေချာပေါက် သာမန် မဟုတ်ဘူး…

သို့သော် လီချင်းချိုးက ပြိုင်ဘက်ကို ဘယ်တော့မှ လျှော့မတွက်ပေ။ ချီမိသားစုကို ကိုယ်တိုင် သွားရောက် ရှင်းလင်းရမည် ဆိုလျှင်ပင် ချီမိသားစု၏ အားသာချက်၊ အားနည်းချက်များကို ဦးစွာ စုံစမ်းရမည် ဖြစ်သည်။

ယခု သူ့ပစ်မှတ်က ရှေးဟောင်းနတ်ဘုရား ဖြစ်လာခဲ့ပြီ….

"ချီမိသားစုနဲ့ လင်းထျန်းဂိုဏ်းကြားမှာ ဘယ်လို ပတ်သက်မှု ရှိလဲ..."

"ကျွန်တော် မသိပါဘူး... သူတို့ လင်းထျန်းဂိုဏ်းနဲ့ တကယ် ရင်းနှီးတယ် ဆိုတာပဲ သိပါတယ်... ချီမိသားစုက လင်းထျန်းဂိုဏ်းက လူတွေကို အင်မတန် ယဉ်ကျေးပျူငှာကြတယ်..."

ယဉ်ကျေးပျူငှာတယ် ဟုတ်လား…

လီချင်းချိုး နက်နက်နဲနဲ တွေးတောနေချေပြီ….

ကိစ္စရပ်တွေက ထင်သလောက် မရိုးရှင်းဘူးပဲ…

"မင်း သွားနားလို့ ရပြီ... ယွမ်ချီကို အဲဒီ နတ်ဘုရားသားတော်ကို ကုန့်လင်ခန်းမကို ခေါ်သွားပြီး အမည်ခံတပည့် အဖြစ် စာရင်းသွင်းခိုင်းလိုက်... ပြီးရင် ယွမ်ချီ ကို သူ့ကို ခေါ်ပြီး ငါ့ဆီ လာခိုင်းလိုက်..."

လီချင်းချိုး ထိုသို့ ညွှန်ကြားလိုက်သည့်အခါ

ရွှယ်ကျင်း အံ့အားသင့်သွားပြီး….

"ဂိုဏ်းချုပ်... သူ့ကို အရင် မစစ်ဆေးတော့ဘူးလား..."

"မင်း သူ့ကို ပြန်ပေးမဆွဲလာဘဲ ခေါ်လာတယ်ဆိုကတည်းက မင်း သူ့ကို ယုံကြည်လို့ပဲ... ငါလည်း မင်းကို ယုံတယ်... သူ ရောက်လာမှတော့ ဒီနေ့ကစပြီး ချင်းရှောင်ဂိုဏ်းသား ဖြစ်သွားပြီ..."

ထိုစကားကို ကြားသောအခါ ရွှယ်ကျင်း အလွန် စိတ်လှုပ်ရှားသွားပြီး ချက်ချင်း မတ်တတ်ရပ်ကာ လီချင်းချိုးကို ဦးညွှတ်လိုက်သည်။

"ဒီရက်ပိုင်း မင်း ပင်ပန်းခဲ့ပြီ... ဒီနေ့ကစပြီး တောင်ပေါ်မှာ ကောင်းကောင်း အနားယူပြီး ကုသပါ... မင်းကို ဝိညာဉ်ကျောက်တွင်းကို သွားခွင့်ပြုတယ်... မူလအားဖြည့်နယ်ပယ် သတ္တမအဆင့် ရောက်တဲ့အထိ ဆက်ကျင့်ကြံ..."

"ဂိုဏ်းချုပ်... ဂိုဏ်းက ကျွန်တော့်ကို ထောက်ပံ့ပေးထားတာပါ.. ဒါတွေက ကျွန်တော် လုပ်သင့်တဲ့ အလုပ်တွေပါ... ပင်ပန်းတယ်လို့ မသတ်မှတ်ပါဘူး..."

"ကောင်းပြီ... ငါတို့ကြားမှာ ဒီလို ယဉ်ကျေးနေစရာ မလိုဘူး... မင်း သိပါတယ်... ငါ မင်းကို အမြဲတမ်း တန်ဖိုးထားတယ်ဆိုတာ... မင်းကို ပိုသန်မာလာစေချင်တယ်... မင်း ထပ်ပြီး ဒဏ်ရာရတာ မမြင်ချင်ဘူး..."

လီချင်းချိုး၏ စကားများကို ကြားသောအခါ ရွှယ်ကျင်း ရင်ထဲတွင် လှိုက်ခနဲ ဖြစ်သွားပြီး ဒူးထောက်ချင်စိတ်ပင် ပေါက်သွားသည်။

"ငါ မင်းကို အိမ်ပြန်လိုက်ပို့ပေးရဦးမလား..."ဟု

လီချင်းချိုးက ခပ်ရွဲ့ရွဲ့ပြောလိုက်တော့မှသာ ရွှယ်ကျင်းက ပြုံးလိုက်ပြီး နောက်တစ်ကြိမ် ဦးညွှတ်ကာ လှည့်ထွက်သွားလေသည်။

အနီးနားတွင် ပျံဝဲနေသော ချူကျင်းလည်း စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

"နှမြောစရာပဲ... ဆရာက ဂိုဏ်းချုပ် ဖြစ်နေတာ..."

All Chapters