ဂိုဏ်းချုပ်၏ နက်ရှိုင်းသောရည်ရွယ်ချက်
Vol. 20 Ch. 194
ကျန်းချန်တို့အဖွဲ့သည် နောက်ထပ်သုံးလခန့် အေးအေးလူလူခရီးနှင်ခဲ့ကြသည်။ ဟင်းလင်းပြင်အင်မော်တယ်နယ်မြေမှာ ကျယ်ပြောလွန်းလှသဖြင့် တကူးတကလိုက်မရှာလျှင် အခြားနယ်မြေမှကျွမ်းကျင်သူများနှင့်ဆုံရန် အလွန်ခဲယဉ်း၏။
ကျန်းချန်မှာ နတ်မိစ္ဆာနယ်မြေမှနတ်ဆိုးများကဲ့သို့ သူတစ်ပါးကိုလိုက်လံတိုက်ခိုက်လိုစိတ်မရှိချေ။ ပင်ပန်းလွန်းသည်။ နေ့တိုင်း အေးအေးဆေးဆေးလှဲနေခြင်းက ပိုကောင်း၏။
ခရီးလမ်းတစ်လျှောက်တွင် ကြက်ဘုရင်မနှင့် နှင်းယုန်ဘုရင်မတို့မှာ မျက်စိသုံးလုံးကျားကိုသွေးထိုးရန် အကြိမ်ကြိမ်ကြိုးစားခဲ့ကြသည်။
"ကျားကြီး... ရှင်ဒီလောက်အစွမ်းထက်တာကို ဘာလို့လူသားတစ်ယောက်အောက်မှာ နေနေရတာလဲ"
"ဒီလူသားကိုစွန့်ခွာလိုက်စမ်းပါ၊ ကျွန်မတို့ရှင့်နောက်ကို လိုက်ပါ့မယ်"
သို့သော် မျက်စိသုံးလုံးကျားမှာ နားမထောင်သည့်အပြင် သူတို့ကိုပါရိုက်နှက်ဆုံးမလိုက်သေးသည်။
"ငါ့ကိုလာပြီး သွေးထိုးမနေနဲ့... မင်းတို့ကငါ့ကို ဒုက္ခရောက်အောင်ကြံစည်နေကြတာပဲ"
ဂိုဏ်းချုပ်ကျန်း၏ ခြေသလုံးကိုဖက်ထားရသည်မှာ မည်မျှကောင်းကျိုးများကြောင်း သူကောင်းကောင်းသိ၏။ နက်ရွှေရောင်နတ်ဆိုးခန္ဓာကိုယ်ရခဲ့သည်မှာလည်း ကျန်းချန်ကြောင့်မဟုတ်ပါလား။
တစ်နေ့တွင်မူ သူတို့ခေါင်းပေါ်ရှိ အရိုးချေဖျက်အလံမှာ ရုတ်တရက်လှုပ်ရှားလာပြီး ခရမ်းရောင်အလင်းတန်းများတောက်ပလာကာ ရှေ့ညာဘက်သို့ဦးတည်ပြနေတော့သည်။
"ဘာဖြစ်တာလဲ... အင်မော်တယ်ဝင်ပေါက်ကို ညွှန်ပြနေတာလား"
မိုချန်က အံ့အားသင့်စွာမေးသည်။
"ယဇ်ပလ္လင်ဆီကိုအရင်သွားမယ်"
ကျန်းချန်က လက်ဝှေ့ယမ်းကာ အလံ၏လမ်းညွှန်မှုကို လျစ်လျူရှုလိုက်သည်။
"အစ်ကိုကြီး... ဘာလို့လဲ"
မျက်စိသုံးလုံးကျားက နားမလည်စွာမေး၏။
မိုချန်က ဝင်ရောက်ရှင်းပြလေသည်။
"မင်းက တကယ့်ကျားအပဲ။ ဂိုဏ်းချုပ်ရဲ့ နက်ရှိုင်းတဲ့ရည်ရွယ်ချက်ကို မင်းမသိဘူးလား"
"ဒီဟင်းလင်းပြင်နယ်မြေကို အထက်လောကက အင်မော်တယ်ဧကရာဇ်တွေဖန်တီးခဲ့တာ၊ အမွေအနှစ် လက်နက်ကိုးခုကလည်း သူတို့ချန်ထားခဲ့တဲ့ အစီအရင်တွေပဲဖြစ်နိုင်တယ်။ အလံပြတဲ့နောက်လိုက်သွားရင် သူတို့ခင်းထားတဲ့လမ်းကြောင်းအတိုင်း လျှောက်သွားရမှာပဲ။ အဲဒီအဆုံးမှာ ဘယ်လိုပူးပေါင်းကြံစည်မှုတွေရှိမလဲ ဘယ်သူမှမသိနိုင်ဘူး"
"ယဇ်ပလ္လင်ကတော့မတူဘူး။ ဒါက အထက်လောကကလူတွေ မမျှော်လင့်ထားတဲ့ ကိန်းသေတစ်ခုပဲ။ ဒါကမှ ကစားပွဲကိုဖျက်ဆီးနိုင်မယ့်လမ်းစ"
ကျန်းချန်မှာ ထိုခိုင်လုံသောခွဲခြမ်းစိတ်ဖြာမှုကိုကြားပြီး အနည်းငယ်ရှက်မိသည်။
ဪ... ငါကယဇ်ပလ္လင်ဆီကိုလျှောက်လာတာကြာလို့ တစ်ချက်လောက်သွားကြည့်ချင်ရုံတင်ပါ၊ ဒါကို မိုချန်က ဒီလောက်အဓိပ္ပာယ်တွေ ဖော်ထုတ်ပေးလိုက်တာလား...
"အင်း... အကြီးအကဲမိုက ငါ့ကိုအသိဆုံးပဲ။ ဒီဂိုဏ်းချုပ်က သူတစ်ပါးရဲ့ကြိုးဆွဲရာ ဘယ်လိုလုပ်ကမှာလဲ"
သူက အလိုက်သင့်ဟန်ဆောင်လိုက်လေသည်။
အခြားတစ်ဖက်တွင် နှလုံးသားမျိုးနွယ်စုမှ ချင်းစော့တို့အဖွဲ့မှာလည်း အခက်အခဲများစွာကို ဖြတ်ကျော်လာခဲ့ကြသည်။ သူတို့သည် ရေမျိုးနွယ်စုနှင့် ဆုံတွေ့ခဲ့သော်လည်း အင်အားချင်းမမျှသဖြင့် အနှိမ်ခံနေရ၏။
ရုတ်တရက်ဆိုသလိုပင် သူတို့၏အမွေအနှစ်လက်နက်များမှာလည်း လမ်းညွှန်မှုများပေးလာကြသည်။ ရေမျိုးနွယ်စုနှင့် နှလုံးသားမျိုးနွယ်စုတို့သည် လမ်းညွှန်ချက်မတူညီသဖြင့် လမ်းခွဲခဲ့ကြ၏။
ချင်းစော့တို့အဖွဲ့မှာ လမ်းညွှန်ချက်အတိုင်း ဆယ်ရက်ခန့်သွားပြီးနောက် လှပသောမြက်ခင်းပြင်ငယ်တစ်ခုသို့ ရောက်ရှိသွား၏။ ထိုနေရာမှာ ဟင်းလင်းပြင်နယ်မြေ၏ ကြမ်းတမ်းသောပတ်ဝန်းကျင်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်ပြီး အင်မော်တယ်နယ်မြေထဲရောက်နေသကဲ့သို့ ခံစားရစေသည်။
မြက်ခင်းပြင်၏အလယ်တွင် ကျောက်စိမ်းစင်မြင့်တစ်ခုရှိနေပြီး အလယ်ရှိအမြောင်းမှာ သူတို့၏ နှလုံးသားထိုးဖောက်ကန်တော့နှင့် ပုံစံချင်းကွက်တိပင်။
"ဒါအစီအရင်ပဲဖြစ်ရမယ်"
"ဒါကိုထည့်လိုက်ရင် ငါတို့အင်မော်တယ်လောကကို တိုက်ရိုက်တည်နေရာရွှေ့ပြောင်းသွားနိုင်လိမ့်မယ်"
ချင်းစော့တို့မှာ ဝမ်းသာအားရဖြင့် နှလုံးသားထိုးဖောက်ကန်တော့ကို ကျောက်စိမ်းစင်မြင့်ပေါ်သို့တင်ရန် ပြင်ဆင်လိုက်ကြတော့သည်။