ဒါတွေအားလုံးက ဘာတွေလဲ
Vol. 20 Ch. 196
နောက်ဆုံးတွင် ကျန်းချန်နှင့် အခြားသူများ ယဇ်ပလ္လင်အနီးသို့ ရောက်ရှိလာကြသည်။ ရှေ့တွင် အဆုံးမရှိကျယ်ပြောလှသော၊ ကောင်းကင်ယံအမြင့်မှကြည့်လျှင်ပင် အဆုံးမမြင်နိုင်သော ကျောက်စိမ်းနက်စင်မြင့်ကြီးကိုကြည့်ရင်း လူတိုင်းမှာ ကြောက်မက်ဖွယ်ရာဖိအားလှိုင်းများကို ခံစားကြရ၏။
"အဖိုးကြီးမို... ဒါကိုယဇ်ပလ္လင်လို့ခေါ်တာလား"
ရှေ့မှစင်မြင့်ကြီးမှာ တစ်ခုပေါ်တစ်ခုထပ်ဆင့်ထားပြီး မြင့်မားသောတောင်တန်းကြီးများနှင့်ပင် တူညီနေသည်။ ၎င်း၏အရွယ်အစားမှာ မိုင်ပေါင်းသောင်းချီကျယ်ဝန်းနိုင်ပြီး ယဇ်ပလ္လင်ဆိုသည်ထက်ပိုနေကာ အောက်လောကရှိမြို့ကြီးများပင် ဤမျှမကြီးမားချေ။
"ဒါဟာတကယ့်ယဇ်ပလ္လင်ပါပဲ။ အဲဒီတုန်းက ကျွန်တော်တို့ ဒီနေရာကနေပဲ တစ်ဖက်ခြမ်းကိုထိုးဖောက်တိုက်ခိုက်ခဲ့ကြတာ"
ရင်းနှီးနေသောစင်မြင့်ကြီးကိုကြည့်ရင်း မိုချန်မှာ စိတ်လှုပ်ရှားမှုကိုမထိန်းနိုင်တော့ပေ။
"နှစ်သန်းပေါင်းများစွာကြာသွားတာတောင် ဒီယဇ်ပလ္လင်ကအနာအဆာမရှိဘဲ အရင်အတိုင်းရှိနေလိမ့်မယ်လို့မထင်ထားဘူး။ ဒီနေရာမှာသေဆုံးသွားခဲ့တဲ့ ကုဋေပေါင်းများစွာသော အင်မော်တယ်တွေနဲ့ နတ်ဆိုးတွေသာ ဘယ်တော့မှပြန်ရှင်လာမှာ မဟုတ်တော့တာ"
ထိုစဉ် နောက်ကွယ်မှ ယုတ်မာသောလှောင်သံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
"လမ်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"မင်းတို့နောက်ကို တစ်နှစ်ပတ်လုံးလိုက်ခဲ့ရတာ တကယ်ပဲအားထုတ်ရကျိုးနပ်ပါတယ်။ ဒီရတနာမြေကို ငါတို့ပဲ အရင်ဆုံးသိမ်းပိုက်လိုက်တော့မယ်"
မည်သူမျှတုံ့ပြန်ချိန်မရခင်မှာပင် ဖုန်မှုန့်များကြားမှ အရောင်အမျိုးမျိုးရှိသောမီးခိုးတန်းငါးခု ထွက်ပေါ်လာသည်။
"မှောင်မိုက်အေးစက်နယ်မြေရဲ့ တစ္ဆေဘုရင်ငါးပါးလား"
မျက်စိသုံးလုံးကျားနှင့် မိုချန်တို့ တုန်လှုပ်သွား၏။ လွန်ခဲ့သောတစ်နှစ်ပတ်လုံး တစ်စုံတစ်ယောက်က သူတို့ကို အချိန်ပြည့်စောင့်ကြည့်နေခဲ့လိမ့်မည်ဟု အိပ်မက်ပင်မမက်ခဲ့ကြချေ။ ဤသူများသည် ကိုယ်ယောင်ဖျောက်ရာတွင် အလွန်ထူးချွန်လွန်းလှသည်။
တစ္ဆေဘုရင်ငါးပါးမှာ အစပိုင်းတွင် အင်မော်တယ်ဝင်ပေါက်ကို ကိုယ်တိုင်ရှာဖွေခဲ့သော်လည်း သဲလွန်စမရသဖြင့် ကျန်းချန်တို့အဖွဲ့ထံ ပြန်လှည့်လာခဲ့ခြင်းပင်။
အစ်ကိုကြီးချန်၏ အရိုးချေဖျက်အလံမှာ အင်မော်တယ်နယ်မြေကိုဖွင့်လှစ်သည့် ပစ္စည်းတစ်ခုဖြစ်သဖြင့် အထင်ရှားဆုံးသဲလွန်စမဟုတ်ပါလား။ ရည်ရွယ်ချက်မရှိရှာဖွေနေမည့်အစား သူ့နောက်လိုက်နေခြင်းကပိုကောင်းပေသည်။
အခြားသောသူတော်စင်အဆင့်များမှာ ဤသို့မလုပ်နိုင်ချေ။ သူတော်စင်နယ်ပယ်ဖြစ်စေ၊ နတ်ဘုရားဝိညာဉ်လက်နက်ဖြစ်စေ အလွယ်တကူအာရုံခံမိနိုင်သည်။ သို့သော် ဤငါးဦးမှာမူ ဤနေရာတွင်ရှင်သန်ရန် မည်သည့်လက်နက်မျှမလိုသလို ချီအတက်အကျလည်းမရှိကြသဖြင့် အမှန်တကယ် ရှာမတွေ့နိုင်ပေ။
သူတို့သည် ဖေးရှန်ဂိုဏ်းတပည့်များ နတ်ဆိုးခန္ဓာကိုယ်ရရှိသွားသည့်မြင်ကွင်းကို မတွေ့လိုက်ရသော်လည်း မျက်စိသုံးလုံးကျားက နတ်ဆိုးဘုရင်များကိုရိုက်နှက်သည့်တိုက်ပွဲကို မြင်တွေ့ခဲ့၏။ ထိုစွမ်းအားကြောင့် သူတို့သည် အရိုးချေဖျက်အလံ လုယူမည့်အကြံကို စွန့်လွှတ်ခဲ့ပြီး ဆက်လက်ပုန်းကွယ်ကာ နောက်ယောင်ခံလိုက်လာခဲ့ကြသည်။
ထိုသူများမှာ ညတိုင်းပျော်ပါးသောက်စားနေကြသည်ကိုကြည့်ရင်း အမှောင်ထဲတွင် ဖုန်မှုန့်စားကာပုန်းနေရသည့် တစ္ဆေဘုရင်ငါးပါးမှာ အလွန်မကျေမနပ်ဖြစ်နေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ယနေ့တွင် သူတို့၏ဆင်းရဲဒုက္ခများ အဆုံးသတ်သွားခဲ့လေပြီ။
ဤကဲ့သို့သော လူသူမနီးသည့်ဒေသတွင် ခမ်းနားထည်ဝါသောမြို့တော်ကြီးပေါ်လာသည်မှာ အတွင်း၌ရတနာများရှိနေမည်ကို ခြေချောထောက်နှင့်တွေးလျှင်ပင်သိနိုင်သည်။ ဤကဲ့သို့ကိစ္စမျိုးတွင် သူတို့ကသာပထမဆုံးဖြစ်ရမည်..
လူတိုင်းတုံ့ပြန်ချိန်မရခင်မှာပင် မီးခိုးတန်းငါးခုမှာ ဟင်းလင်းပြင်ထဲသို့ ချက်ချင်းပျောက်ကွယ်သွား၏။ တစ္ဆေဘုရင်များမှာ ယဇ်ပလ္လင်နယ်မြေအတွင်းသို့ ပြေးဝင်သွားကြပြီဖြစ်သည်။
ချက်ချင်းဆိုသလိုပင် နာကျင်စွာအော်ဟစ်သံများ ထွက်ပေါ်လာသည်။
"အား..."
"မလုပ်ပါနဲ့"
"ငါ့ကိုလွှတ်ပေးကြပါ"
ပေါက်ကွဲသံငါးချက်နှင့်အတူ အရောင်အမျိုးမျိုးရှိသော ဖုန်မှုန့်ပုံငါးပုံမှာ ရှေ့မှမြေပြင်ပေါ်ကျလာ၏။ ထိုအရာများမှာ တစ္ဆေဘုရင်ငါးပါး၏ မူလခန္ဓာကိုယ်များဖြစ်ပုံရသည်။ လေတစ်ချက်တိုက်လိုက်သည်နှင့် အရာအားလုံးလွင့်ပါးသွားလေပြီ။
အစ်ကိုကြီးချန်နှင့် အခြားသူများမှာ ကြောင်အမ်းအမ်းဖြင့် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။
ဘာဖြစ်သွားတာလဲ...
သူတို့ သိလိုက်ရသည်မှာ သူတို့လှည့်စားခံလိုက်ရသည်၊ တစ်ဖက်လူ၏အစီအစဉ် အောင်မြင်သွားသည်...
ထို့နောက်...
"အဲဒီတစ္ဆေဘုရင်ငါးပါး သေသွားပြီလား"
"အဟမ်း... ဖြစ်နိုင်တာပဲ"
"ဒါက ဘာပြဇာတ်လဲ"
" ကိုယ့်ကိုယ်ကိုယ်စတေးပြီး အန္တရာယ်ကိုစုံစမ်းပေးခဲ့တဲ့ သူတို့ငါးယောက်ကို ကျေးဇူးတင်ရမလိုဖြစ်နေပြီ"
"သူတို့က အရမ်းစိတ်လောသွားကြတာပဲ"
"စည်းစိမ်အတွက်အသက်စွန့်ကြတယ်၊ ရတနာတွေက လူ့စိတ်ကိုလှုပ်ခတ်စေတယ်ဆိုတာ ဒါမျိုးပေါ့..."
စောစောက ရှေ့ဆုံးကပြေးထွက်ချင်နေသည့် နှင်းယုန်ဘုရင်မနှင့် ကြက်ဘုရင်မတို့မှာလည်း ကြောက်လန့်နေကြသည်။
"ဒီနေရာက အရမ်းအန္တရာယ်များလွန်းတယ်။ ဘယ်သူကများ ဒီယဇ်ပလ္လင်ဆီကို အသက်ရှင်လျက်ရောက်နိုင်မှာလဲ"
မျက်စိသုံးလုံးကျားက ညည်းညူလိုက်သည်။
"အဖိုးကြီးမို... မင်းက ဘယ်လိုလမ်းညွှန်ချက်တွေပေးခဲ့တာလဲ။ ငါတို့ကို အချိန်ကုန်အောင်လုပ်လိုက်တာပဲ"
မိုချန်လည်း အနည်းငယ်အားကိုးရာမဲ့သွားသည်။
"ကျွန်တော် တွေးတာမှားသွားပုံရတယ်။ ဒါကို အဲဒီတုန်းက နတ်ဆိုးဧကရာဇ်တွေ စုပေါင်းဖန်တီးထားတာဆိုတော့ သူတို့ကတန်ပြန်အစီအရင်တွေထားခဲ့မှာပဲ။ အောက်လောကအမြင့်ဆုံးအဆင့်က အစစ်အမှန်အင်မော်တယ်အဆင့်တောင် မရှိတဲ့အတွက် ဒီကိုရောက်ဖို့မဖြစ်နိုင်သလောက်ပဲ"
အပြင်ဘက်မှ သွေးရောင်ချီများမှာ ခဲလုနီးပါးဖြစ်နေသည်။ ဤနေရာသည် အခြားနေရာများထက် စည်းမျဉ်းမုန်တိုင်းများမှာ အဆပေါင်းများစွာပိုပြင်းထန်၏။ အရိုးချေဖျက်အလံမှာလည်း လေထဲတွင်လွင့်မြောနေပြီး ရှေ့ဆက်မတိုးနိုင်တော့ချေ။
၎င်းမှာ ထိုကျောက်စိမ်းနက်ယဇ်ပလ္လင်ကို ကြောက်လန့်နေသကဲ့သို့ပင်။ လိပ်နက်ဘုရင်ပင်လျှင် မတည်ငြိမ်နိုင်တော့ပေ။
သူတို့အဖွဲ့မှာ သမုဒ္ဒရာကျယ်ကြီးထဲမှ လှေငယ်တစ်စင်းကဲ့သို့ဖြစ်နေပြီး အချိန်မရွေးမှောက်သွားနိုင်သည့် အန္တရာယ်ရှိနေသည်။ အနည်းငယ် အာရုံပျံ့လွင့်လိုက်သည်နှင့် လူတိုင်း၏နတ်ဘုရားအသိစိတ်များမှာ ချက်ချင်းအမှုန့်ဖြစ်သွား၏။
ဤယဇ်ပလ္လင်မှာ အလွန်မြင့်မားလွန်းပြီး အောက်လောကမှသတ္တဝါများ အနားပင်မကပ်နိုင်သည့်အဆင့်ဖြစ်သည်။ အမွေအနှစ်လက်နက်ကိုးခုရှိနေလျှင်ပင် အသုံးမဝင်ဘဲ အဝေးကသာကြည့်နေနိုင်တော့မည်။
"အစ်ကိုကြီး... တကယ်လို့ မရတော့ဘူးဆိုရင် အရိုးချေဖျက်အလံရဲ့ လမ်းညွှန်ချက်နောက်ကိုလိုက်ပြီး တခြားဘက်ကိုပြန်လှည့်ကြမလား"
ဂိုဏ်းချုပ်ကျန်းက ခေါင်းခါလိုက်သည်။
"ငါ့အဘိဓာန်မှာ နောက်ဆုတ်တယ်ဆိုတဲ့စကားလုံးမရှိဘူး"
"အစ်ကိုကြီးက တကယ့်သူရဲကောင်းပဲ။ ရိုးရိုးစကားတစ်ခွန်းကတောင် အတော်လေးဒဿနဆန်တယ်"
မျက်စိသုံးလုံးကျားက မြှောက်ပင့်ပြီး အကြံပေးလိုက်သည်။
"ဒါဆို ဒီလိုလုပ်ရအောင်၊ ဒီအစေခံမလေးနှစ်ယောက်ကို အရင်ဆုံးစုံစမ်းခိုင်းလိုက်မယ်လေ။ သူတို့သေသွားလည်း ငါတို့အတွက်ဘာမှမဖြစ်ပါဘူး။ သူတို့ အကြိမ်ပေါင်းရာနဲ့ချီသေပေးလိုက်ရင် အတွင်းထဲဝင်ဖို့လမ်းကြောင်းတစ်ခုခုများ တွေ့လာမလားလို့"
စကားမဆုံးခင်မှာပင် ကြက်ဘုရင်မနှင့် နှင်းယုန်ဘုရင်မတို့မှာ ကျယ်လောင်စွာဆဲဆိုတော့သည်။
"မျက်စိသုံးလုံးကျား... အယုတ်တမာကောင်"
"ငါတို့နဲ့က မပြေလည်နိုင်တဲ့ရန်သူတွေပဲ"
"ငါသာအသက်ရှင်လျက်ပြန်ရောက်ရင် နင့်လိုကောင်မျိုး နောက်ထပ်ပေါ်မလာအောင် နင့်ရဲ့မျိုးနွယ်စုတစ်ခုလုံးကိုသတ်ပစ်မယ်"
"ဂိုဏ်းချုပ်ကျန်း... ကျေးဇူးပြုပြီး သူ့စကားကိုနားမယောင်ပါနဲ့..."
သူတို့နှစ်ဦးမှာ အစ်ကိုကြီးချန်က အသက်ပြန်ရှင်အောင်လုပ်ပေးနိုင်သည်ကို မသိသေးသဖြင့် အလကားမသေချင်ကြ။
ကျန်းချန်က အရှက်မရှိသည့်ကျားကြီးကို ခပ်အေးအေးကြည့်လိုက်သည်။
မင်းမျက်လုံးထဲမှာတော့ ဒီနတ်ဆိုးဘုရင်မနှစ်ယောက်က အသေခံလေးတွေလား...
ဤနတ်ဆိုးဘုရင်မနှစ်ဦးမှာ သူ၏လူများမဟုတ်သော်လည်း အတူရှိခဲ့သည်မှာ တစ်နှစ်ခွဲခန့်ရှိပြီဖြစ်သည်။ သူတို့သည် နေ့တိုင်း အစွမ်းကုန်ပြုစုပေးခဲ့ကြသဖြင့် အနည်းဆုံးတော့ ရင်းနှီးသည့်မျက်နှာများဖြစ်နေလေပြီ။ သူဤမျှမရက်စက်နိုင်ချေ။
"ကဲ... တကယ့်အန္တရာယ်နဲ့ရင်ဆိုင်ရတဲ့အခါ တစ်ခြားသူကို အရင်သွားခိုင်းလို့ဘယ်ဖြစ်မလဲ"
အစ်ကိုကြီးချန်သည် လိပ်နက်ဘုရင်၏ဦးခေါင်းပေါ်တွင် တစ်ဦးတည်းရပ်ကာ မြင့်မားလှသောယဇ်ပလ္လင်ကို ဂုဏ်ယူစွာစိုက်ကြည့်လိုက်သည်။ သူက ရင်ဘတ်ပုတ်လိုက်ပြီး ကျယ်လောင်စွာပြောလိုက်သည်။
"ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ အရေးကြီးတဲ့အချိန်မှာ ငါပဲရှေ့ဆုံးကထွက်ရမယ်"
အခြားသူများအတွက် သေတွင်းဖြစ်သော်လည်း သူ့အတွက်မူဘာမှမဟုတ်ချေ။ စနစ်၏ အသက်ပြန်ရှင်ခြင်းနည်းလမ်းရှိနေသဖြင့် မည့်သည့်အရာကိုမှမကြောက်။
မျက်စိသုံးလုံးကျား၏ မျက်လုံးများတွင် သံသယများပြည့်နေသည်။ ကျန်းချန်က ဤမျှမွန်မြတ်တတ်သည်ဟု သူမယုံကြည်ပေ။
"အစ်ကိုကြီး... အတည်ပြောနေတာလား"
မိုချန်ကလည်း ထူးထူးခြားခြားဝင်တားသည်။
"ဂိုဏ်းချုပ်... ကျေးဇူးပြုပြီး ပြန်စဉ်းစားပါ။ ဒီယဇ်ပလ္လင်က အင်မော်တယ်ဧကရာဇ်ရဲ့လက်ရာဖြစ်ပြီး ပတ်ဝန်းကျင်ကစည်းမျဉ်းမုန်တိုင်းတွေက တခြားနေရာထက် ဆယ်ဆမကပိုအန္တရာယ်များပါတယ်"
"ဒါက တကယ့်ကိုအန္တရာယ်များလွန်းပါတယ်"
သူသည် ကောင်းကင်သားတော်၏ကံတရားကို အမြဲယုံကြည်ခဲ့ပြီး မဖြစ်နိုင်သောအရာများကို အောင်မြင်နိုင်မည်ဟုယူဆခဲ့သည်။ သို့သော် ဤကံတရားသည် အင်မော်တယ်ဧကရာဇ်၏ နည်းလမ်းများနှင့် စည်းမျဉ်းမုန်တိုင်းများကို ယှဉ်နိုင်ပါ့မလား။ သူမအာမခံရဲချေ။
သို့သော် ကျန်းချန်ကတော့ ဆုံးဖြတ်ချက်ချပြီးလေပြီ။ သူသည် နောက်လှည့်ကြည့်ကာ သူရဲကောင်းဆန်သောအပြုံးတစ်ခု ပြုံးပြလိုက်ပြီးနောက် အရိုးချေဖျက်အလံ၏ အကာအကွယ်ကိုကျော်လွန်ကာ ရှေ့သို့ပျံသန်းသွားတော့သည်။
နောက်တစ်စက္ကန့်တွင်သူသည် စည်းမျဉ်းမုန်တိုင်းများနှင့် ယဇ်ပလ္လင်၏တိုက်ခိုက်မှုအောက်သို့ ရောက်ရှိသွားသည်။ တုံ့ပြန်ရန်အချိန်လုံးဝမရှိသလို၊ ခုခံရန်အချိန်လည်းမရှိခဲ့ချေ။
နတ်ဆိုးဧကရာဇ်တစ်ပါး၏နည်းလမ်းမှာ သူ၏လက်ရှိအဆင့်နှင့် အလှမ်းဝေးလွန်း၏။ နတ်ဆိုးဧကရာဇ်အများအပြား ပေါင်းစပ်ဖန်တီးထားသည့်နည်းလမ်းဆိုလျှင် ပြောစရာမလိုတော့ပေ။
တစ်စက္ကန့်ပင်မပြည့်ခင်မှာပင် သူလုံးဝသေဆုံးသွားတော့သည်။ နောက်ကလူများ သေချာပင် မကြည့်လိုက်ရခင်မှာပင် ဂိုဏ်းချုပ်ကျန်း ပျောက်ကွယ်သွားသည်ကိုသာ တွေ့လိုက်ရတော့သည်။