← Chapters

ခန့်ညားသောသူရဲကောင်း

Vol. 20 Ch. 197

ခန့်ညားသောသူရဲကောင်း

Vol. 20 Ch. 197

"ဒင်... လက်ခံသူ အသတ်ခံရပါသည်။ ရန်သူ့ခွန်အားကိုစစ်ဆေးပြီး အသက်ပြန်ရှင်ခြင်းအစီအစဉ်ကို ရေးဆွဲနေသည်"

စနစ်၏အချက်ပေးသံက မျှော်လင့်ထားသည့်အတိုင်းထွက်ပေါ်လာသည်။ သို့သော် ထိုအသံမှာ တိတ်ဆိတ်မှုတစ်ခုအတွင်းသို့ ကျရောက်သွား၏။ ဤတစ်ကြိမ်အခြေအနေမှာ အလွန်ရှုပ်ထွေးနေပုံရပြီး စနစ်အနေဖြင့် ဖြေရှင်းရန် အားထုတ်မှုအနည်းငယ် လိုအပ်နေပုံရသည်။

အဘယ်ကြောင့်ဆိုသော် ယခုတစ်ကြိမ် သူ့ကိုသတ်လိုက်သည်မှာ ယဇ်ပလ္လင်တင်မကဘဲ ရှုပ်ထွေးလှသောစည်းမျဉ်းမုန်တိုင်းများပါ ပါဝင်နေသောကြောင့်ဖြစ်သည်။ အစ်ကိုကြီးချန်မှာ စောင့်ရင်းစိတ်မရှည်ဖြစ်လာသည်။

ဟေး... ဟေး... စက္ကန့် ၃၀ တောင် ရှိတော့မယ်။ စနစ်အစ်ကိုကြီး... ခင်ဗျား စည်းကမ်းဖောက်တော့မှာလား။ တော်တော် အားကိုးမရတဲ့ကောင်ပဲ...

"ဒင်... နတ်ဆိုးချုပ်နှောင်ယဇ်ပလ္လင်ထဲသို့ ရဲရင့်စွာတိုးဝင်ခဲ့သော လက်ခံသူ၏စိတ်ဓာတ်သည် ပျက်စီးခြင်းနယ်မြေ၏ အနှစ်သာရကို လှုပ်ခတ်သွားစေခဲ့သည်။ ၎င်း၏စေ့ဆော်မှုကြောင့် လက်ခံသူကို ကူညီရန်ဆုံးဖြတ်လိုက်သည်"

ဘာ... ပျက်စီးခြင်းနယ်မြေရဲ့ အနှစ်သာရလား။ ဒီဟင်းလင်းပြင်နယ်မြေမှာ ကိုယ်ပိုင်အသိစိတ် ရှိနေတာလား...

"ဒင်... လက်ခံသူ အသက်ပြန်ရှင်ပါပြီ"

သူပြန်လည်ရှင်သန်လာသည်နှင့်တစ်ပြိုင်နက် ထူးခြားမှုတစ်ခုကိုသတိပြုမိလိုက်သည်။ စောစောက သူ့ကို အစိတ်စိတ်အမွှာမွှာဆွဲဖြဲခဲ့သော စည်းမျဉ်းမုန်တိုင်းများမှာ ယခုအခါ သူ့အနားမကပ်နိုင်တော့ချေ။

ယဇ်ပလ္လင်၏ တိုက်ခိုက်မှုများမှာလည်း သူ့ပတ်ဝန်းကျင်သုံးပေအကွာတွင် အတားအဆီးတစ်ခုဖြင့် ပိတ်ဆို့ခံထားရသည်။ ဤသုံးပေပတ်လည်ဧရိယာမှာ တစ်ကမ္ဘာလုံးတွင် အလုံခြုံဆုံးနေရာတစ်ခု ဖြစ်လာသည်။

"လူငယ်သူရဲကောင်းရောက်ရှိလာမှုကို ကြိုဆိုပါတယ်"

ရှေးဟောင်းအသံတစ်ခု သူ၏စိတ်ထဲတွင်ပဲ့တင်ထပ်လာသည်။ အစ်ကိုကြီးချန်၏ နှုတ်ခမ်းများတွန့်သွား၏။

ဘာ... သူရဲကောင်း ဟုတ်လား။ ငါက ကာတွန်းထဲက လူစွမ်းကောင်း ကျနေတာပဲ...

"ဘယ်သူလဲ... ဘယ်သူစကားပြောနေတာလဲ"

"ငါက ပျက်စီးခြင်းနယ်မြေရဲ့ အနှစ်သာရပဲ။ ငါ့ကိုလာကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

ကျုပ် ခင်ဗျားကိုဘယ်တုန်းကကယ်လို့လဲ...

ကျန်းချန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

"ခင်ဗျားဘယ်မှာလဲ"

"ငါက နေရာတိုင်းမှာရှိတယ်။ ဒီပျက်စီးခြင်းနယ်မြေတစ်ခုလုံးက ငါ့ရဲ့ပုံရိပ်ပဲ"

"အဲဒီလောက်တောင် အစွမ်းထက်တာလား"

ကျန်းချန် အနည်းငယ်အံ့သြသွားသည်။

"ကဲ... လူငယ်သူရဲကောင်း၊ အချိန်မရှိဘူး။ ငါ့ရဲ့လမ်းညွှန်မှုနောက်လိုက်ပြီး အဲဒီနဂါးငွေ့တန်းယဇ်ပလ္လင်ကို ဖျက်ဆီးပစ်စမ်းပါ"

ဒီကောင် ဘာလို့ဒီလိုလေသံနဲ့ပြောနေတာလဲ...

ကျန်းချန် သံသယဝင်သွားသည်။ ဤအရာက ဂိမ်းထဲကကွန်ပျူတာကောင်လား။ သို့သော် ထိုယဇ်ပလ္လင်ကိုကြည့်ရသည်မှာ နိမိတ်မကောင်းသလို သူ့ကို ခုနကသတ်လိုက်သည့်တရားခံလည်းဖြစ်သဖြင့် သေချာပေါက်ဖျက်ဆီးပစ်ရမည်။

"ယဇ်ပလ္လင်ကိုဖျက်ဆီးဖို့က ပြဿနာမရှိဘူး၊ ဒါပေမဲ့ တစ်ခုတောင်းဆိုလို့ရမလား"

ပျက်စီးခြင်းနယ်မြေ၏ အနှစ်သာရမှာ တောင်းဆိုမှုတစ်ခုပြုလုပ်လာလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ခေတ္တမျှဆွံ့အသွားသည်။

"ဘာတောင်းဆိုချက်လဲ"

"ကျေးဇူးပြုပြီး ငါ့ကို ခန့်ညားတဲ့သူရဲကောင်းလို့ခေါ်ပေးပါ"

ပျက်စီးခြင်းနယ်မြေ၏အနှစ်သာရမှာ ဆို့နင့်သွား၏။ အတန်ကြာမှ ပြန်ပြောရရှာသည်။

"ကောင်းပါပြီ... ခန့်ညားတဲ့သူရဲကောင်း"

လိပ်နက်ဘုရင်၏ကျောပေါ်တွင်ကျန်ရစ်ခဲ့သောသူများမှာ ဂိုဏ်းချုပ်ကျန်းပြန်ပေါ်လာသည်ကို မြင်လိုက်ရပြီးနောက် သူသည် ယဇ်ပလ္လင်သို့ ဦးတည်ပျံသန်းသွားသည်ကို တွေ့လိုက်ရသည်။

"ဂိုဏ်းချုပ်က တကယ့်ကိုအံ့သြစရာပဲ။ ဒါကိုတောင် အသက်ရှင်နိုင်သေးတာပဲ"

"ဂိုဏ်းချုပ်က ကံတရားရဲ့စောင့်ရှောက်မှုကိုခံရတဲ့သူပဲ။ သေဘေးကနေတောင်လွတ်လာနိုင်တာ ကြည့်ဦး"

မျက်စိသုံးလုံးကျားကတော့ နှင်းယုန်ဘုရင်မနှင့် ကြက်ဘုရင်မတို့ကို ကြည့်ပြီး မနာလိုစွာပြောလိုက်သည်။

"အစ်ကိုကြီးချန်ကတော့ တစ်ယောက်တည်း လူစွမ်းကောင်းလုပ်နေပြန်ပြီ"

ယဇ်ပလ္လင်၏ထိပ်ဆုံးသို့ရောက်သောအခါ သုံးမီတာခန့်မြင့်သော အဖြူရောင်မျှော်စင်ငယ်လေးတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းမှာ အနက်ရောင်ယဇ်ပလ္လင်ကြီးနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

"ဒါက ယဇ်ပလ္လင်ရဲ့ဗဟိုချက်ပဲ၊ ပြီးတော့ အားအနည်းဆုံးနေရာလည်းဖြစ်တယ်။ မြန်မြန် ဒီမျှော်စင်ကို ဖျက်ဆီးပစ်လိုက်"

ကျန်းချန်မှာ ထိုအမိန့်ပေးသံကြောင့် စိတ်တိုသွား၏။

"ခင်ဗျား ဘယ်သူ့ကိုပြောနေတာလဲ"

"..."

ပျက်စီးခြင်းနယ်မြေ၏အနှစ်သာရမှာ အားကိုးရာမဲ့စွာဖြင့် စကားလုံးပြောင်းလိုက်ရသည်။

"ခန့်ညားတဲ့သူရဲကောင်း... ကျေးဇူးပြုပြီး ဒီမျှော်စင်ကိုဖျက်ဆီးပေးပါ"

ထိုအခါမှ ကျန်းချန်ကျေနပ်သွားပြီး သူ၏သူတော်စင်လက်နက် ချန်လီဓားကို ထုတ်လိုက်သည်။ သူ၏ စွမ်းအားအားလုံးကိုစုစည်းကာ ခုတ်ချလိုက်သော်လည်း သံချင်းရိုက်သံသာထွက်ပေါ်လာပြီး မျှော်စင်ခြေရင်းတွင် ဆန်စေ့ခန့်သာရှိသော အက်ကြောင်းလေးတစ်ခုသာပေါ်လာလေ၏။

"တောက်... ဒီမျှော်စင်က ဒီလောက်တောင်မာတာလား"

သူ၏အစွမ်းမှာ သူတော်စင်အဆင့်ကိုကျော်လွန်နေလေပြီ။ နတ်ဆိုးခန္ဓာကိုယ်၊ အင်မော်တယ်ခန္ဓာကိုယ်နှင့် စနစ်ကပေးထားသော ဓားသိုင်းများပေါင်းစပ်ထားလျှင်ပင် ဤမျှသာ ထိခိုက်စေနိုင်ခြင်းဖြစ်သည်။ အခြားသူများသာဆိုလျှင် အစင်းရာပင်ထင်လိမ့်မည်မဟုတ်။

"ခန့်ညားတဲ့သူရဲကောင်း... မင်းက တကယ့်ကို ကံကြမ္မာကိုပြောင်းလဲပေးမယ့်သူပဲ။ မင်း တကယ်ပဲ ယဇ်ပလ္လင်ကို ထိခိုက်အောင်လုပ်နိုင်တာပဲ"

ကျန်းချန်ကတော့ ဓားကိုဘေးပစ်လိုက်ပြီး ညည်းညူလိုက်သည်။

"မခုတ်တော့ဘူး... ငါ ပင်ပန်းနေပြီ။ ဒါကို ဘယ်လောက်တောင်ခုတ်နေရဦးမှာလဲ"

"ခန့်ညားတဲ့သူရဲကောင်း... ကျေးဇူးပြုပြီး ဆက်လုပ်ပါဦး... ဇွဲရှိရင် တစ်နေ့တော့ ကျိုးသွားမှာပါ"

"ဘယ်လောက်ကြာမှာလဲ။ တစ်နှစ်လား၊ သုံးနှစ်လား၊ ဆယ်နှစ်လား"

ကျန်းချန်က မျက်လုံးလှန်ကြည့်ကာ ထိုင်ချလိုက်သည်။

"ငါ့ကို အလုပ်သမားမှတ်နေတာလား"

ပျက်စီးခြင်းနယ်မြေ၏ အနှစ်သာရမှာ ဘဝကိုသံသယဝင်သွားသည်။

ဒါက ဇာတ်ညွှန်းအတိုင်းမဟုတ်ဘူးလေ။ သူရဲကောင်းတွေဆိုတာ တာဝန်ပေးလိုက်ရင် သွေးကြွပြီး မနားမနေလုပ်ရမှာမဟုတ်လား...

"ခန့်ညားတဲ့သူရဲကောင်း... ဒါက မင်းရဲ့ဇွဲလုံ့လကို ကောင်းကင်ကစမ်းသပ်နေတာပါ"

"လာရွှီးနေပြန်ပြီ"

ကျန်းချန်က နှာခေါင်းရှုံ့လိုက်သည်။

"ဟုတ်ပြီ... အမှန်အတိုင်းပြောစမ်း။ ဒီမျှော်စင်ကိုဖျက်ဆီးလိုက်ရင် ခင်ဗျားဘာရမှာလဲ"

အနှစ်သာရကမပြောချင်သော်လည်း ကျန်းချန်က အချိန်မရွေးထွက်သွားနိုင်သည်ကိုမြင်သဖြင့် ရှင်းပြလိုက်ရသည်။

"ငါ လွတ်လပ်ခွင့်ရလိမ့်မယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းတစ်ထောင်က အင်မော်တယ်ဧကရာဇ်တွေနဲ့ နတ်ဆိုးဧကရာဇ်တွေက ငါ့ကိုဒီယဇ်ပလ္လင်နှစ်ခုနဲ့ဖိနှိပ်ပြီး အင်မော်တယ်လောကကနေ ကန်ချလိုက်တာပဲ"

"ဒီယဇ်ပလ္လင်နှစ်ခုက ကုဋေပေါင်းများစွာသော အင်မော်တယ်တွေနဲ့ နတ်ဆိုးတွေကို ယဇ်ပူဇော်ပြီး ရလာတဲ့သွေးချီတွေနဲ့ ငါ့ရဲ့စွမ်းအင်တွေကို တိုက်စားထားတာ။ ဒါကြောင့် ငါပြန်မခုခံနိုင်ခဲ့တာပဲ"

ထိုစကားကြောင့် ကျန်းချန်ပင် ကျောစိမ့်သွားမိသည်။ မိုချန် ပြောခဲ့သော အင်မော်တယ်-နတ်ဆိုး စစ်ပွဲကြီးမှာ တကယ်တော့ ဤနယ်မြေကိုဖိနှိပ်ရန်အတွက် သားကောင်အဖြစ်အသုံးချခံခဲ့ရခြင်းသာ။ အဖိုးကြီးမိုတို့မှာလည်း ထိုစဉ်က ယဇ်ကောင်များဖြစ်ခဲ့ကြလေသည်။

All Chapters