အလုပ်မလုပ်ခင် အကျိုးအမြတ်အရင်ပေးပါ
Vol. 20 Ch. 198
"ဒါဆို ဒီမျှော်စင်ကိုဖျက်ဆီးပြီးရင် အင်မော်တယ်အကျွင်းအကျန်မျိုးနွယ်စုရဲ့ တခြားယဇ်ပလ္လင်တစ်ခုကိုလည်း သွားဖျက်ဆီးရဦးမှာလား"
ကျန်းချန်၏ စိတ်မရှည်သောလေသံကြောင့် ဤကောင်လေးမှာ အချိန်မရွေး လက်လျှော့သွားနိုင်သည်ကို ပျက်စီးခြင်းနယ်မြေ၏အနှစ်သာရက သိရှိလိုက်သည်။
"မလိုပါဘူး။ တစ်ခုကိုဖျက်ဆီးနိုင်တာနဲ့ ငါ့ရဲ့စွမ်းအားအချို့ ပြန်ရလာလိမ့်မယ်။ အဲဒီအခါကျရင် ကျန်တဲ့တစ်ခုကို ငါ့ဘာသာငါရုန်းထွက်နိုင်ပါတယ်"
ထိုအခါမှ ဂိုဏ်းချုပ်ကျန်း သက်ပြင်းချနိုင်တော့သည်။ တစ်ခုတည်းတင် ဤမျှဒုက္ခများနေသည်ကို နောက်တစ်ခုဆိုလျှင် သူဘယ်လိုလုပ်အသက်ရှင်နိုင်ပါ့မလဲ။
"ဒါဆိုခင်ဗျားပြောပုံအရ ကျုပ်ကခင်ဗျားကို ကယ်နေတာပေါ့"
"ဟုတ်ပါတယ်... ခန့်ညားတဲ့သူရဲကောင်းကြီး။ မင်းရဲ့ကျေးဇူးကို အမြဲအမှတ်ရနေပါ့မယ်"
ကျေးဇူးပဲ... အမှတ်ရမနေနဲ့၊ လက်တွေ့ကျတာတစ်ခုခု ပေးစမ်းပါ...
သူက ရယ်ကျဲကျဲဖြင့် လက်ချောင်းလေးများကိုပွတ်ပြလိုက်သည်။
"လက်တွေ့ကျတဲ့ အကျိုးအမြတ်လေးတွေ ဘာမှမရှိဘူးလား။ ခင်ဗျား ဒီလောက်နှစ်ပေါင်းများစွာနေလာတာ၊ စုဆောင်းထားတာလေးတွေရှိမှာပေါ့"
ပျက်စီးခြင်းနယ်မြေ၏အနှစ်သာရမှာ ဆဲဆိုချင်စိတ်ကိုအောင့်အည်းထားပြီး စိတ်ပျက်လက်ပျက်ပြောလိုက်သည်။
"မရှိဘူး..."
ဒီကောင်က ငါ့ကို အလကားခိုင်းစားချင်နေတာလား...
"ကျုပ်က ခင်ဗျားကိုကယ်နေတာလေ။ ခင်ဗျားက ဘာမှလည်းအားမစိုက်ဘဲ ဘေးကနေ ပွဲကြည့်နေတာမဟုတ်လား။ ဆုလာဘ်လည်းမပေးဘူးဆိုရင် စိတ်ပျက်စရာကြီးဗျာ"
အစ်ကိုကြီးချန်က ထရပ်လိုက်ပြီး အောက်ကိုဆင်းသွားမည့်ဟန်ပြင်လိုက်သည်။
"ခန့်ညားတဲ့သူရဲကောင်း... ခဏလေးနေပါဦး"
အနှစ်သာရက အသည်းအသန်တားရတော့သည်။ ဤသူရဲကောင်း၏စရိုက်မှာ သူမျှော်လင့်ထားသည်နှင့် လုံးဝဆန့်ကျင်ဖက်ပင်။ သူက အကြောင်းပြချက်ကောင်းကောင်း ပေးရတော့သည်။
"ငါသာ ဒီနေရာကနေလွတ်မြောက်သွားရင် အင်မော်တယ်လောကတက်လှမ်းတဲ့စည်းမျဉ်းတွေ ပုံမှန်ပြန်ဖြစ်သွားလိမ့်မယ်။ ဒါဟာ အောက်လောကက ကုဋေပေါင်းများစွာသော သတ္တဝါတွေအတွက် ကောင်းကျိုးပြုမယ့် လုပ်ရပ်ကြီးပဲ"
ထိုကဲ့သို့သောစကားများက ဂိုဏ်းချုပ်ကျန်းကို မလှည့်စားနိုင်ချေ။ သူက နှာခေါင်းရှုံ့လိုက်သည်။
"သူတို့ အင်မော်တယ်လောကတက်တာ ကျုပ်နဲ့ ဘာဆိုင်လို့လဲ။ ကျုပ်ကဘာရမှာလဲ"
"မင်းလည်း နောက်ကျရင် အင်မော်တယ်ဖြစ်လာမှာပဲလေ"
ကျန်းချန်က ခပ်အေးအေးပင်ပြန်ပြောသည်။
"ကျုပ်ရဲ့ ခန့်ညားမှုနဲ့ အင်မော်တယ်မဖြစ်နိုင်ဘူးလို့ ထင်နေတာလား"
အနှစ်သာရမှာ ပြန်မပြောနိုင်တော့ချေ။ ကျန်းချန်၏ အင်မော်တယ်-နတ်ဆိုး ခန္ဓာကိုယ်နှင့်သာ ဆက်လက်ကျင့်ကြံလျှင် အောက်လောက၏ကန့်သတ်ချက်ကို ကျော်လွန်သွားမည်ဖြစ်ရာ အနှေးနှင့်အမြန် အင်မော်တယ်လောကသို့ အတင်းအကျပ်နှင်ထုတ်ခံရမည်သာ။
အတန်ကြာဝေခွဲမရဖြစ်ပြီးနောက် အနှစ်သာရမှာ နောက်ဆုံးတွင် အနစ်နာခံရန်ဆုံးဖြတ်လိုက်ရသည်။
"ငါ... မင်းရဲ့သူတော်စင်နယ်ပယ်ထဲကို ပင်မစည်းမျဉ်းအသစ်တစ်ခု ထည့်ပေးနိုင်တယ်"
ဟမ်... ဒီလိုအကောင်းစားကြီးရှိတာလား...
ပုံမှန်အားဖြင့် သူတော်စင်နယ်ပယ်တစ်ခုဖြစ်ပေါ်လာလျှင် စည်းမျဉ်းအချို့ ပါဝင်လာတတ်သည်။ ၎င်းတို့ကို ပင်မစည်းမျဉ်းဟုခေါ်ပြီး ကျင့်ကြံသူက အလွယ်တကူထိန်းချုပ်နိုင်၏။
အခြားနည်းလမ်းမှသင်ယူရသောစည်းမျဉ်းများကိုမူ လက်အောက်ခံစည်းမျဉ်းဟုခေါ်ပြီး ပင်မစည်းမျဉ်းလောက် မစွမ်းချေ။ ထို့ကြောင့် ပင်မစည်းမျဉ်းများလေလေ ပို၍အစွမ်းထက်လေလေဖြစ်သည်။
ယေဘုယျအားဖြင့် သူတော်စင်အဆင့်ကျွမ်းကျင်သူတစ်ဦးတွင် ပင်မစည်းမျဉ်း ၃ ခုမှ ၅ ခုအထိသာ ရှိတတ်သည်။ ကျန်းချန်မှာမူ သူ၏ အခြေခံအလွန်ခိုင်မာသဖြင့် သူတော်စင်နယ်ပယ် ဖြစ်ပေါ်စကတည်းက စည်းမျဉ်း ၉ ခု ပါလာ၏။ ၎င်းမှာပင် အလွန်ထူးခြားနေပြီဖြစ်သည်။
"ခင်ဗျား တကယ်ပဲ အဲဒီလိုလုပ်ပေးနိုင်တာလား"
မိုချန်၏ပြောပြချက်အရဆိုလျှင် တစ်ပါးသူ၏ သူတော်စင်နယ်ပယ်ထဲသို့ ပင်မစည်းမျဉ်းထည့်ပေးခြင်းမှာ အင်မော်တယ်ဧကရာဇ်ပင်မလုပ်နိုင်သောကိစ္စဖြစ်သည်။
"ဒါပေါ့... ဒီပျက်စီးခြင်းနယ်မြေထဲမှာ နေရာတိုင်း စည်းမျဉ်းမုန်တိုင်းတွေရှိနေတာ မင်းတွေ့တယ်မဟုတ်လား။ စည်းမျဉ်းတွေက ငါ့ရဲ့အထူးပြုပဲ"
အနှစ်သာရက ဂုဏ်ယူစွာပြောသည်။
"ကောင်းတယ်... ကောင်းတယ်"
ကျန်းချန်ကလက်မထောင်ပြလိုက်ပြီး ပြုံးစိစိဖြင့်မေးသည်။
"ဒါဆို ခင်ဗျားမှာ စည်းမျဉ်းတွေအများကြီးရှိမှာပေါ့။ စုစုပေါင်း ဘယ်လောက်ရှိလဲ"
အနှစ်သာရက ဝင့်ကြွားစွာဖြေသည်။
"ကိုးရာကိုးဆယ်"
"ဘာ"
ကျန်းချန် ချက်ချင်းခုန်ထလိုက်သည်။
"ခင်ဗျားမှာ စည်းမျဉ်း ၉၉၀ ရှိပြီးတော့ ကျုပ်ကို တစ်ခုတည်းပေးတယ်ပေါ့လေ။ ခင်ဗျား ဒီလောက်တောင် ကပ်စေးနှဲရလား။ ခင်ဗျားမှာ ကိုယ်ချင်းစာတရားရောရှိရဲ့လား"
အနှစ်သာရမှာ ကြောင်အမ်းသွားသည်။ စည်းမျဉ်းပေးတာနဲ့ ကိုယ်ချင်းစာတရား ဘာဆိုင်လို့လဲ။
"ငါ ကပ်စေးနှဲတာမဟုတ်ဘူး။ ပင်မစည်းမျဉ်းတွေအရမ်းများရင် မင်းရဲ့သူတော်စင်နယ်ပယ်ကမခံနိုင်ဘဲ ပျက်စီးသွားလိမ့်မယ်။ ပြီးတော့ နောက်ပိုင်းမှာ အင်မော်တယ်ဖြစ်လာရင်လည်း အဲဒီစည်းမျဉ်းအားလုံးကို တစ်ပြိုင်နက်မကျင့်ကြံနိုင်ရင် မင်းရဲ့တိုးတက်မှုကိုပဲ ထိခိုက်လိမ့်မယ်။ ငါပေးရင်တောင် မင်းမထိန်းချုပ်နိုင်ပါဘူး"
ဂိုဏ်းချုပ်ကျန်းကတော့ ဒါတွေကိုထည့်မစဉ်းစားချေ။ များများရလေ ပိုကောင်းလေဟုသာ သိသည်။ စည်းမျဉ်း ၉၉၀ သာ ရှိရင် ကြွားရတာ ဘယ်လောက်မိုက်လိုက်မလဲ။
"အဲဒါကျုပ်ကိစ္စပါ။ ခင်ဗျား ပေးမလား၊ မပေးဘူးလားပဲပြော"
အနှစ်သာရမှာ ဆွံ့အသွားရသည်။ အမှန်တကယ်တော့ စည်းမျဉ်းပေးခြင်းမှာ သူ၏ခန္ဓာကိုယ်ထဲမှ သွေးဖောက်ထုတ်ပေးရသကဲ့သို့ဖြစ်ပြီး ပြန်လည်ကောင်းမွန်ရန် နှစ်ပေါင်းများစွာကြာမြင့်မည်။ လွတ်မြောက်ချင်သောကြောင့်သာ ဤဆုလာဘ်ကိုပေးရန် သဘောတူခြင်းဖြစ်သည်။
ကျန်းချန်က ဆက်၍သွေးထိုးပေးပြန်သည်။
"ခင်ဗျား တကယ်ခေါင်းမာတာပဲ။ ကျုပ်မှာ ပင်မစည်းမျဉ်းတွေများလာရင် ကျုပ်ရဲ့ သူတော်စင်နယ်ပယ်က ပိုအားကောင်းလာမယ်၊ တိုက်ခိုက်မှုတွေ ပိုပြင်းလာမယ်၊ အဲဒီအခါကျရင် ဒီမျှော်စင်ကို ပိုမြန်မြန်ခုတ်နိုင်မှာပေါ့။ ဒါက ကျုပ်အတွက်တင်မဟုတ်ဘူး၊ ခင်ဗျား မြန်မြန်လွတ်အောင် ကူညီပေးနေတာလေ"
အနှစ်သာရမှာ ကျန်းချန်၏စကားကိုမယုံသော်လည်း ယုတ္တိတန်သည်ကိုတော့ လက်ခံလိုက်ရသည်။ စည်းမျဉ်းတွေများလာလျှင် သူတော်စင်နယ်ပယ်၏စွမ်းအားမှာ ကမ္ဘာပျက်မတတ် ပြောင်းလဲသွားမည်မှာ အမှန်ပင်။
"ကောင်းပြီ... မင်းတောင်းဆိုတာနော်... မင်းရဲ့ သူတော်စင်နယ်ပယ်ကိုထုတ်လိုက်"
ကျန်းချန်သည် မိုင်ပေါင်းသိန်းချီကျယ်ဝန်းသော သူတော်စင်နယ်ပယ်ကို ချက်ချင်းထုတ်လိုက်သည်။ အနှစ်သာရမှာ မှင်တက်သွားရသည်။
"မင်းရဲ့သူတော်စင်နယ်ပယ်က ဘာလို့ဒီလောက်တောင်ကြီးနေရတာလဲ"
"ခန့်ညားတဲ့သူရဲကောင်းတစ်ယောက်အတွက် ဒါကပုံမှန်ပဲလေ"
ကျန်းချန်က ဟန်ထုတ်လေ၏။
"ငါ စည်းမျဉ်းတွေ စပြီးပေးတော့မယ်။ မင်းမခံနိုင်တော့ရင် ကြိုပြောပါ"
သူသည် ၉၉၀ လုံးပေးရန်စိတ်ကူးမရှိဘဲ ၁၀၀ ခန့်ဆိုလျှင်ပင် အကန့်အသတ်ရောက်လိမ့်မည်ဟု ခန့်မှန်းထားသည်။
"ငါ့ရဲ့အကြီးမားဆုံးအားသာချက်က အစားကြီးတာပဲ။ လာစမ်းပါ"
ချက်ချင်းပင် ကျန်းချန်၏နယ်ပယ်ထဲသို့ မီးခိုးရောင်အမျှင်တန်းလေးတစ်ခု ဝင်ရောက်လာသည်။ ၎င်းမှာ မီးစည်းမျဉ်းပင်။ ၎င်းသည် သူ၏နယ်ပယ်ထဲတွင် မူလကတည်းကရှိနေခဲ့သကဲ့သို့ ရင်းနှီးကျွမ်းဝင်မှုကို ခံစားလိုက်ရသည်။