နောက်နေတာလား
Vol. 20 Ch. 199
ထို့နောက်တွင် သူ၏သူတော်စင်နယ်ပယ်အတွင်းသို့ အရောင်စုံစည်းမျဉ်းအမျှင်တန်းလေးများ တစ်ခုပြီးတစ်ခုတိုးဝင်လာတော့သည်။ ၎င်းတို့သည် နယ်ပယ်၏အနက်ရှိုင်းဆုံးနေရာများသို့ပျံသန်းသွားပြီး ကျန်းချန်၏ မူလသိုင်းတာအိုအခြေခံများနှင့် တစ်သားတည်းပေါင်းစပ်သွား၏။
စည်းမျဉ်းအမျှင်တန်းပေါင်း ၁၀၀ ကျော်ကို လွှဲပြောင်းပေးပြီးနောက် ပျက်စီးခြင်းနယ်မြေ၏အနှစ်သာရက ရပ်တန့်လိုက်သည်။
"ဒီလောက်ဆိုတော်ပြီလား"
"ပင်မစည်းမျဉ်းတွေများလွန်းရင် မင်းမထိန်းချုပ်နိုင်ဘူး။ အခုဆို မင်းရဲ့သူတော်စင်နယ်ပယ်က မတည်မငြိမ်ဖြစ်လာတာကို ခံစားနေရပြီမဟုတ်လား"
အစ်ကိုကြီးချန်က ကြောင်အမ်းအမ်းမျက်နှာဖြင့် ပြန်မေးလိုက်သည်။
"ဘာတွေ လာပြောနေတာလဲ။ ငါ တကယ့်ကိုနေလို့ကောင်းနေတာပဲ"
"ဆက်လုပ်စမ်းပါ... ငါ့ကို စည်းမျဉ်းတွေနဲ့ဖိသတ်လိုက်စမ်း"
အနှစ်သာရမှာဆွံ့အသွားရပြီး ဆက်လက်ပေးအပ်ရတော့သည်။ ထိုသို့ဖြင့် ၉၉၀ မြောက် စည်းမျဉ်းအထိရောက်သွားသော်လည်း ကျန်းချန်ကတော်ပြီဟု တစ်ခွန်းမှမပြောခဲ့ချေ။
ယခုအခါ သူပိုင်ဆိုင်ထားသော ပင်မစည်းမျဉ်းစုစုပေါင်းမှာ ၉၉၂ ခုဖြစ်သွားလေပြီ။ (သူ့တွင် မူလကတည်းက ၉ ခု ရှိသော်လည်း အချို့မှာထပ်နေသောကြောင့်ဖြစ်သည်)
စည်းမျဉ်း ၉၉၂ ခုသည် သူ၏ သိုင်းတာအိုအခြေခံ ၉ ခုနှင့် ပေါင်းစပ်သွားရာ သူတော်စင်နယ်ပယ်အပေါ် နားလည်မှုမှာ အံ့မခန်းတိုးတက်သွား၏။ သို့သော် တစ်ဖက်တွင်လည်း သူ၏နယ်ပယ်မှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုရှုပ်ထွေးသွားတော့သည်။
အနှစ်သာရက အနစ်နာခံလိုက်ရသဖြင့် မချိပြုံးပြုံးကာပြောလိုက်သည်။
"မင်းရဲ့သူတော်စင်နယ်ပယ်က သူတော်စင်အဆင့်မရောက်ခင်ကနယ်ပယ်လောက်တောင် မကြည်လင်တော့ဘူး။ စည်းမျဉ်း ၉၉၂ ခုလုံးက ရှုပ်ထွေးမှုအဆင့်မှာပဲ ရှိသေးတယ်"
"ဒီစည်းမျဉ်းတွေကို အခြေခံအဆင့်ရောက်အောင်မကျင့်ကြံနိုင်သရွေ့ မင်းရဲ့သူတော်စင်နယ်ပယ်ကို တာအိုနှလုံးသားအဖြစ် ပြောင်းလဲနိုင်မှာမဟုတ်ဘူး"
တာအိုနှလုံးသားရှိခြင်းမှာ အင်မော်တယ်ဖြစ်ခြင်း၏ အမှတ်အသားပင်။ အနှစ်သာရ၏အမြင်တွင် ဤကောင်လေးသည် တစ်သက်လုံး အင်မော်တယ်ဖြစ်လာတော့မည်မဟုတ်ချေ။
စည်းမျဉ်း ၉၉၂ ခုလုံးကို အခြေခံအဆင့်ရောက်အောင်ကျင့်ရန်မှာ မြင်းမိုရ်တောင်ကို အပ်နှင့်ထိုးနေသကဲ့သို့ပင်။ သူ့သက်တမ်းကုန်သွားလျှင်ပင် ၁၀ ပုံ ၁ ပုံပင် ပြီးစီးလိမ့်မည်မဟုတ်။
နေဦးပေါ့... မင်းဘယ်လိုဆက်ကစားမလဲဆိုတာ ငါကြည့်နေမယ်...
ဘာပဲဖြစ်ဖြစ် အနှစ်သာရအတွက်ကတော့ လွတ်မြောက်ဖို့ကသာအဓိကဖြစ်သည်။ ကျန်းချန် အင်မော်တယ်ဖြစ်မဖြစ်မှာ သူနှင့်မဆိုင်တော့ချေ။
"အဲဒါက တခြားလူတွေအတွက်ပါ။ ငါ့လိုပါရမီရှင်အတွက် ဒါက ခက်ခဲတဲ့အလုပ်လို့ မင်းထင်နေတာလား"
ကျန်းချန်က ဂရုမစိုက်စွာပြောလိုက်သည်။ သူ၏သူတော်စင်နယ်ပယ်မှာ ရှုပ်ထွေးသွားသော်လည်း စွမ်းအားမှာ ယခင်ကထက် ဆယ်ဆမကပိုပြင်းထန်လာ၏။
"ကဲ... အခု ဒီမျှော်စင်ကို ဆက်ဖျက်ဆီးလို့ ရပြီလား"
"ရပါပြီ... ရပါပြီ။ ငါက ကတိတည်တဲ့သူပါ"
အစ်ကိုကြီးချန်သည် စောစောက ပစ်ချထားသောဓားကိုပြန်ကောက်ကာ သူတော်စင်နယ်ပယ်၏ ချီအားလုံးကိုစုစည်းပြီး မျှော်စင်ခြေရင်းကိုခုတ်ချလိုက်သည်။
ဝုန်း
ကွဲအက်သံတစ်ချက်ထွက်ပေါ်လာပြီး ယခုတစ်ကြိမ်တွင်ခုတ်ချက်မှာ ခိုဥခန့်ရှိသော အပေါက်ကြီးတစ်ခုဖြစ်သွားသည်။ စည်းမျဉ်း ၉၉၂ ခု၏အင်အားမှာ တကယ်ပင်မသေးလှချေ။
"ကောင်းတယ်"
အနှစ်သာရက အားပေးလိုက်သည်။
"ဒီနှုန်းအတိုင်းဆိုရင် နောက်ထပ်နှစ်ပေါင်းတစ်သန်းလောက်နေရင် အောင်မြင်တော့မှာပဲ"
ကျန်းချန် စိတ်ထဲမှတွက်ချက်လိုက်သည်။
မင်း သင်္ချာရောတတ်ရဲ့လား။ ဒီမျှော်စင်ခြေရင်းက တစ်ပေခွဲလောက်ပဲရှိတာ။ တစ်ခါခုတ်ရင် ခိုဥလောက်ပြုတ်ထွက်နေတာကို တစ်ရက်တည်းနဲ့ပြီးရမှာ မဟုတ်ဘူးလား...
သို့သော် မကြာမီ သူမျက်လုံးပြူးသွား၏။ သူခုတ်လိုက်သောအပေါက်လေးမှာ တဖြည်းဖြည်း ပြန်လည်ချောမွေ့လာပြီး ပြန်လည်ကုစားနေသည်ကို မြင်လိုက်ရသည်။ စောစောက သူခုတ်ထားသည့် အက်ကြောင်းလေးများမှာလည်း ပျောက်ကွယ်သွားလေပြီ။
"တောက်... ဘာတွေဖြစ်နေတာလဲ။ ငါ့ကိုရှင်းပြဦး"
"အဟမ်း..."
အနှစ်သာရက အားနာစွာချောင်းဟန့်လိုက်သည်။
"ဒီမျှော်စင်က ယဇ်ပလ္လင်တစ်ခုလုံးနဲ့ ချိတ်ဆက်ထားတာ။ ဒါကြောင့် ထိခိုက်မှုရှိရင် ယဇ်ပလ္လင်ဆီက စွမ်းအင်တွေနဲ့ပြန်ပြင်နေတာပဲ။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ ယဇ်ပလ္လင်ရဲ့ပြုပြင်နှုန်းက သိပ်မမြန်ပါဘူး။ မင်းကသာ မြန်မြန်ခုတ်ပေးမယ်ဆိုရင် နှစ်ပေါင်းတစ်သန်းလောက်အတွင်း ပြီးနိုင်ပါတယ်"
ချီး...
နှစ်ပေါင်းတစ်သန်းလုံး ဒီမှာဓားလာခုတ်နေရမယ်ဟုတ်လား။ ကျန်းချန်ကတော့ သေတာကမှ ပိုသက်သာဦးမည်ဟု တွေးလိုက်သည်။
"ခန့်ညားတဲ့သူရဲကောင်း... မင်း ငါ့ဆီကစည်းမျဉ်းတွေ ယူထားပြီးပြီနော်။ ပြီးတော့ မင်းကိုယ်တိုင်လည်း ကတိတည်တဲ့စိတ်ဓာတ်ရှိတယ်လို့ ပြောခဲ့တယ်မဟုတ်လား"
" မင်း ငါ့ကို ဒီလိုကောက်ကျစ်ဖို့ စောင့်နေတာပေါ့"
ကျန်းချန် အံကြိတ်လိုက်သည်။
"ငါ သိသားပဲ... မင်း စည်းမျဉ်း ၉၉၀ လုံးကို ဒီလောက်လွယ်လွယ်ပေးတာ ငါ့ကိုထောင်ချောက်ဆင်ချင်လို့ပဲ"
"ဟီးဟီး... မင်းနားလည်မှုလွဲနေပါပြီ"
"ငါ့ရဲ့ တကယ့်စွမ်းရည်အစစ်ကို ပြရမယ့်အချိန်ရောက်ပြီထင်တယ်"
ကျန်းချန် သက်ပြင်းချလိုက်သည်။ ရရှိထားသော စည်းမျဉ်းများအတွက် အမှတ်အချို့တော့ အနစ်နာခံရတော့မည်။
သူသည် စနစ်မှ ပြင်းထန်သောထိုးနှက်ချက်စွမ်းရည်ကို ဖွင့်လိုက်သည်။ ၎င်းသည် နောက်တစ်ကြိမ် တိုက်ခိုက်မှုကို ၁၀ ဆ ပိုမိုပြင်းထန်စေမည်။ ယခု သူ၏နတ်ဘုရားဝိညာဉ်မှာ သူတော်စင်အဆင့်နှောင်းပိုင်းတွင်ရှိနေသဖြင့် တစ်ကြိမ်သုံးလျှင် အမှတ် ၃၀၀ သန်း ကုန်ကျမည်ဖြစ်၏။
ကျန်းချန်မှာ နှစ်ပေါင်းတစ်သန်း ဓားခုတ်ရမည့်ဘေးမှလွတ်ရန်အတွက် ရွေးချယ်စရာမရှိတော့ချေ။ သူသည် သူတော်စင်နယ်ပယ်၊ မိုးပြာနဂါးဖိအား၊ အဆိပ်ဝိညာဉ်၊ ငရဲဝိညာဉ် စသည့် ရှိသမျှစွမ်းအားအားလုံးကို ထုတ်လိုက်သည်။ အင်မော်တယ်ခန္ဓာကိုယ်နှင့် နတ်ဆိုးခန္ဓာကိုယ်ကို တစ်ပြိုင်နက်အသက်သွင်းလိုက်၏။
နောက်ဆုံးတွင် ပြင်းထန်သောထိုးနှက်ချက်စွမ်းရည်ကို အသက်သွင်းကာ သူတော်စင်အဆင့်ဓားသိုင်း ဖရိုဖရဲနေဖြူဓားကို ထုတ်သုံးလိုက်သည်။ ၎င်းမှာ တိုက်ခိုက်မှုစွမ်းအားကို ၃ ဆ မြှင့်တင်ပေးနိုင်သော်လည်း စွမ်းအင်အားလုံးကိုလောင်ကျွမ်းစေသည့် တိုက်ကွက်ဖြစ်သည်။
ဝုန်း
ဤတစ်ချက်တည်းဖြင့် မိုင်ပေါင်းသောင်းချီကျယ်ဝန်းသော ယဇ်ပလ္လင်ကြီးတစ်ခုလုံး အဖြူရောင်အလင်းတန်းများအတွင်း နစ်မြုပ်သွားတော့သည်။ ပတ်ဝန်းကျင်ရှိ စည်းမျဉ်းမုန်တိုင်းများပင် ထိုအလင်းကိုမဖုံးလွှမ်းနိုင်ချေ။
အောက်တွင်စောင့်နေကြသောလူများမှာလည်း မှင်တက်သွားရသည်။
"ဒါ ဘယ်လို စွမ်းအားမျိုးလဲ"
ဝုန်း
ကျယ်လောင်သောပေါက်ကွဲသံကြီးနှင့်အတူ သုံးမီတာမြင့်သော အဖြူရောင်မျှော်စင်ငယ်လေးမှာ လေထဲသို့လွင့်စင်သွား၏။ မျှော်စင်ခြေရင်းတစ်ခုလုံး အစိတ်စိတ်အမွှာမွှာပျက်စီးသွားပြီး အဆုံးမရှိသောအနက်ရောင်ချီများ ကောင်းကင်သို့ထိုးတက်သွားတော့သည်။