← Chapters

ဘာလို့စောစောမသုံးခဲ့တာလဲ

Vol. 20 Ch. 200

ဘာလို့စောစောမသုံးခဲ့တာလဲ

Vol. 20 Ch. 200

အဖြူရောင်မျှော်စင်လွင့်စင်သွားပြီးနောက် ယဇ်ပလ္လင်ထံမှအနက်ရောင်ချီများ တိုးထွက်လာ၏။ ထို့နောက် ယဇ်ပလ္လင်အတွင်းရှိ အဆတစ်ထောင်မကပိုမိုသိပ်သည်းသော နတ်ဆိုးချီများသည်လည်း အရှိန်အဟုန်ဖြင့်ထိုးတက်သွားတော့သည်။

ကံကောင်းထောက်မစွာဖြင့် ကျန်းချန်သည် ဖရိုဖရဲနတ်ဆိုးခန္ဓာကိုယ်ကို ကြိုတင်ရရှိထားပြီးဖြစ်သည်။ ထို့ကြောင့် ဤနတ်ဆိုးချီများက သူ့အပေါ် မည်သည့်သက်ရောက်မှုမျှမရှိတော့ချေ။ သို့မဟုတ်ပါက သူနောက်တစ်ကြိမ်သေရပေဦးမည်။

တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ဒေသရှိ နတ်ဆိုးချီများသည်လည်း တစ်စုံတစ်ရာသောချုပ်နှောင်မှုမှ လွတ်မြောက်သွားသကဲ့သို့ လျင်မြန်စွာပျောက်ကွယ်သွား၏။ ဖျက်ဆီး၍မရနိုင်ဟုထင်ရသော ယဇ်ပလ္လင်ကြီးမှာလည်း ဖုန်မှုန့်များ၊ မီးခိုးများကြားတွင် အရှိန်အဟုန်ဖြင့်ပြိုလဲသွားတော့သည်။

အဝေးတစ်နေရာရှိ လိပ်နက်ဘုရင်နှင့် သူ၏ကျောပေါ်ရှိလူအားလုံးမှာ ထိုပြင်းထန်သော ရိုက်ခတ်မှုကြောင့် မိုင်ပေါင်းထောင်ချီ လွင့်ထွက်သွား၏။

"ဘာတွေဖြစ်ကုန်တာလဲ"

"ယဇ်ပလ္လင်ကြီးပျက်စီးသွားပြီလား"

"ဒါ ဂိုဏ်းချုပ်ရဲ့လက်ချက်များလား"

လိပ်နက်ဘုရင်မှာ ကြောင်အမ်းနေပြီး မျက်စိသုံးလုံးကျားကတော့ မနာလိုစွာဖြင့်ဆိုသည်။

"အစ်ကိုကြီးချန်က ဒီလောက်အကြီးအကျယ်လုပ်နိုင်ပါ့မလား"

"ဒါထက်... ယဇ်ပလ္လင်ထဲမှာ အင်မော်တယ်လောကသွားမယ့်လမ်းကြောင်းကိုရှာရမှာ မဟုတ်လား။ အခု ယဇ်ပလ္လင်ကြီးပျက်စီးသွားပြီဆိုတော့ ငါတို့ဘာဆက်လုပ်ကြမလဲ"

သူ၏ညည်းညူသံမဆုံးခင်မှာပင် ဘေးမှမိုချန်ကအော်ဟစ်လိုက်သည်။

"ကောင်းလိုက်တဲ့ဖျက်ဆီးခြင်း"

မျက်စိသုံးလုံးကျား လှည့်ကြည့်လိုက်သောအခါ လောကကြီးကိုငြီးငွေ့နေတတ်သော ထိုအင်မော်တယ်အိုကြီးမှာ အလွန်လေးနက်သောမျက်နှာပေးဖြစ်နေသည်ကို တွေ့လိုက်ရ၏။ မိုချန်သည် ယဇ်ပလ္လင်ထက်မှ ကောင်းကင်သို့တက်သွားပြီး ပျောက်ကွယ်သွားသော သွေးရောင်အရိပ်များကိုစိုက်ကြည့်ရင်း အရာများစွာကို ရုတ်တရက်နားလည်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရိပ်များထဲတွင် သူနှင့်အတူ အင်မော်တယ်-နတ်ဆိုးစစ်ပွဲကြီး၌ပါဝင်ခဲ့သော လုပ်ဖော်ကိုင်ဖက်အချို့ကို မြင်လိုက်ရသောကြောင့်ပင်။

ဤနတ်ဆိုးချုပ်နှောင်ယဇ်ပလ္လင်ပျက်စီးသွားသောအခါ အင်မော်တယ်လောကရှိ အစွမ်းထက်သောပုဂ္ဂိုလ်ကြီးများမှာလည်း တုန်လှုပ်သွားကြသည်။

"ယဇ်ပလ္လင်ကြီးပျက်စီးသွားပြီလား"

"ဘယ်သူလုပ်တာလဲ"

"ဟင်းလင်းပြင်အင်မော်တယ်နယ်မြေမှာ တစ်ခုခုဖြစ်နေပြီ"

"အောက်လောကကလူက ဒီယဇ်ပလ္လင်ကို ဘယ်လိုလုပ်ဖျက်ဆီးနိုင်မှာလဲ"

"ပျက်စီးခြင်းနယ်မြေကလွတ်မြောက်သွားပြီ"

"အောက်လောကရဲ့ချုပ်နှောင်မှု ကျိုးပျက်တော့မယ်၊ အင်မော်တယ်လောက တက်လှမ်းတဲ့စည်းမျဉ်းတွေ ပြန်ကောင်းလာတော့မယ်"

"အတုအယောင်အင်မော်တယ်နယ်မြေကို အသက်သွင်းဖို့အချိန်တန်ပြီ"

ဤယဇ်ပလ္လင်ပျက်စီးသွားပြီးနောက် ဟင်းလင်းပြင်နယ်မြေ၏အခြားတစ်ဖက်စွန်းရှိ အင်မော်တယ်တစ်သောင်းချုပ်နှောင်အစီအရင်လည်း ပြိုလဲသွား၏။ ယဇ်ပလ္လင်နှစ်ခုစလုံးပျက်စီးသွားသဖြင့် နယ်မြေတစ်ခုလုံးရှိနတ်ဆိုးချီများမှာ လျင်မြန်စွာလွင့်စင်သွားတော့သည်။

ယဇ်ပလ္လင်ရှိရာတွင် ပျက်စီးခြင်းနယ်မြေအနှစ်သာရ၏ ရယ်မောသံမှာ ကောင်းကင်ယံ၌ပဲ့တင်ထပ်နေသည်။

"ဟားဟားဟား... နောက်ဆုံးတော့ ပျက်စီးသွားပြီ... ငါလွတ်လပ်ပြီ"

အစ်ကိုကြီးချန်မှာ ထိုခံစားချက်ကိုနားလည်ပေးနိုင်သည်။ ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်ခံထားရလျှင် မည်သူမဆိုရူးသွားနိုင်သည်မဟုတ်ပါလား။

သူသည် ဆေးလုံးတစ်လုံးကိုထုတ်ယူကာ မျိုချလိုက်၏။ စောစောကသုံးလိုက်သည့် နောက်ဆုံးတိုက်ကွက်မှာ သူ၏စွမ်းအင်အားလုံးကို ကုန်ခမ်းစေခဲ့သဖြင့် အနားယူရန်လိုအပ်နေသည်။

"အစ်ကိုကြီး... ခင်ဗျား အခုလွတ်လပ်သွားပြီလား"

အနှစ်သာရမှာ စိတ်အခြေအနေအလွန်ကောင်းနေပြီး အလျင်အမြန်ဖြေသည်။

"ဟုတ်တယ်... ဟုတ်တယ်၊ ဟားဟား၊ ကျေးဇူးတင်ပါတယ်"

"ဒါဆို ငါတို့ကို ဘယ်တော့ အင်မော်တယ်လောကပို့ပေးမှာလဲ"

ဂိုဏ်းချုပ်ကျန်းက သူတို့ကြားတွင် ထိုသို့သောကတိကဝတ်ရှိခဲ့သည့်အလား သဘာဝကျကျ မေးလိုက်သည်။ အနှစ်သာရမှာလည်း ကြောင်သွား၏။

"ဒါကတော့... မင်း အင်မော်တယ်လောကသွားချင်ရင် ကိုယ့်ဘာသာတက်လှမ်းနိုင်တဲ့အစွမ်းရှိဖို့လိုတာပေါ့"

ကျန်းချန်မှာ အလကားလိုက်ပါသွားချင်သော်လည်း ယခုအခါ စိတ်ပျက်သွားရသည်။

"ဒါဆို ငါက သူတော်စင်အဆင့်အထွက်အထိပ်အထိကျင့်ကြံပြီး ကပ်ဘေးကိုကျော်ဖြတ်ရဦးမှာလား"

"အတိအကျပဲ။ ဒါပေမဲ့ မင်းရဲ့ပင်မစည်းမျဉ်း ၉၉၂ ခုလုံးကို အခြေခံအဆင့်ရောက်အောင်ကျင့်ဖို့က အဝေးကြီးလိုသေးတယ်နော်"

ဟု ဆိုကာ အနှစ်သာရက ခိုးရယ်လိုက်သေးသည်။

"ဒါနဲ့... ငါက အင်မော်တယ်လောကကိုပြန်သွားဖို့ စိတ်မကူးတော့ဘူး"

"ဟမ်... ဘာလို့လဲ"

"အင်မော်တယ်လောကက အင်မော်တယ်ဧကရာဇ်တွေနဲ့ နတ်ဆိုးဧကရာဇ်တွေက အလုပ်ရှုပ်လွန်းတယ်။ ငါ့ဘာသာ အေးအေးဆေးဆေးနေနိုင်မယ့်နေရာတစ်ခုပဲ ရှာတော့မယ်"

"ဒါဆို ခင်ဗျားဘယ်သွားမှာလဲ။ ဒီမှာပဲဆက်နေမှာလား"

"ဒီက သွေးရောင်ချီတွေကို အကုန်သန့်စင်ပြီးရင် ဒီကနေဝေးဝေးကို ရွှေ့သွားတော့မယ်။ ဒါပေမဲ့ ငါထွက်သွားပြီးရင်တောင် အင်မော်တယ်လောကတက်လှမ်းတဲ့စည်းမျဉ်းတွေ ပြန်ကောင်းလာဖို့ အချိန်နည်းနည်းယူရဦးမယ်"

အနှစ်သာရက ဆက်ပြောသည်။

"ငါမသွားခင် မေးခွန်းတစ်ခုမေးပါရစေ"

"မေးလေ"

"မင်း အဲဒီတိုက်ကွက်ကို အစကတည်းကသုံးလို့ရတယ်မလား"

ထိုနောက်ဆုံးတိုက်ကွက်မှာ အဖြူရောင်မျှော်စင်ကိုတိုက်ရိုက်ဖျက်ဆီးပစ်နိုင်ခဲ့ပြီး နှစ်ပေါင်းတစ်သန်းကြိုးစားရမည့်အလုပ်ကို သက်သာစေခဲ့သည်။ အနှစ်သာရက အေးအေးဆေးဆေး ပြန်စဉ်းစားကြည့်သောအခါ ဤကောင်လေးမှာ တမင်တကာလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရိပ်မိသွား၏။

ဤသို့စွမ်းအားကြီးသောတိုက်ကွက်ရှိနေပါလျက် အဘယ်ကြောင့်စောစောမသုံးခဲ့သနည်း။ ဟန်ဆောင်ပြီး စည်းမျဉ်း ၉၉၀ ကို လှည့်စားယူသွားခဲ့သည် မဟုတ်ပါလား။

"မဟုတ်ပါဘူး... ခင်ဗျားနားလည်မှုလွဲနေပြီ။ ကျုပ်က အဲဒီလိုလူမျိုးလား"

ကျန်းချန်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

"စည်းမျဉ်း ၉၉၀ ရပြီးမှ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားပြီး အဲဒီတိုက်ကွက်ကိုထုတ်နိုင်ခဲ့တာ။ အဲ့ဒီစည်းမျဉ်းတွေသာမရှိရင် ဒါကိုလုပ်နိုင်မှာမဟုတ်ဘူး"

ကျန်းချန်၏လိမ်ညာမှုကို အနှစ်သာရက မယုံကြည်တော့ချေ။

"ဘာမှမရှိရင် ငါသွားတော့မယ်။ နောက်မှတွေ့ကြတာပေါ့"

ဆိုကာ ထွက်ခွာရန်ပြင်သည်။ သူက နောက်မှတွေ့ကြတာပေါ့ဟုဆိုသော်လည်း တကယ်တမ်းတွင် နောက်တစ်ခါထပ်မဆုံချင်တော့ချေ။ ကျန်းချန်မှာ သူ့ကိုကယ်ခဲ့သော်လည်း သူ၏လိမ်ညာလှည့်စားမှုများကို ကြောက်ရွံ့သွားပြီဖြစ်သည်။

ကျန်းချန်ကလည်း ကယ်တင်ရှင်ဖြစ်ပါလျက် သူ့ကိုခန့်ညားတဲ့ သူရဲကောင်းဟု မခေါ်တော့သဖြင့် ညည်းညူနေသည်။

"ခဏနေဦး... ခင်ဗျားရဲ့ကိုယ်ပွားတွေက ဒီနယ်မြေတစ်ခုလုံးမှာရှိနေတာမဟုတ်လား"

"ရှိတော့ဘာဖြစ်လဲ"

အနှစ်သာရမှာ ထပ်မံအလှည့်စားမခံရစေရန် သူ့ထံမှဝေးဝေးသွားချင်နေလေပြီ။

"နှလုံးသားမျိုးနွယ်စုကလူတွေ ဘယ်မှာလဲဆိုတာ ကူညီကြည့်ပေးပါဦး"

ကျန်းချန်သည် ချင်းစော့တို့အဖွဲ့ကို ရုတ်တရက်သတိရသွားကာ မေးမြန်းလိုက်ခြင်းဖြစ်သည်။

"နှလုံးသားမျိုးနွယ်စု... နှလုံးသားထိုးဖောက်ကန်တော့သုံးတဲ့ အမျိုးသမီးတွေအဖွဲ့ကို ပြောတာလား။ သူတို့က ရတနာကိုးပါးအင်မော်တယ်ဝင်္ကပါထဲမှာ ထောင်ချောက်မိနေတာ။ ကံကောင်းလို့မင်းက အရိုးချေဖျက်အလံကို နေရာတကျမထည့်ခဲ့တာ၊ မဟုတ်ရင် သူတို့အားလုံးသေလောက်ပြီ"

အနှစ်သာရသည် နယ်မြေအတွင်းရှိအရာအားလုံးကို လက်ဝါးပေါ်တွင်ကြည့်နေသကဲ့သို့သိရှိသည်။

"အခု ငါလွတ်မြောက်သွားပြီဆိုတော့ အဲဒီအင်မော်တယ်ဝင်္ကပါလည်းပျက်စီးသွားပြီ၊ သူတို့ အခုအဆင်ပြေသွားပါပြီ"

ထိုစကားကြောင့် ကျန်းချန်သည် အမွေအနှစ်လက်နက်ကိုးခု၏ နောက်ဆုံးတာဝန်မှာ မည်မျှယုတ်မာကြောင်း သိလိုက်ရ၏။ အင်မော်တယ်လောကမှာရှိတဲ့ အဖိုးကြီးတွေက တကယ့်ကိုကောက်ကျစ်တာပဲ။

"သူတို့ကို မင်းဆီပို့ပေးရမလား"

အနှစ်သာရက မေးရာ ကျန်းချန်သဘောတူလိုက်သည်။

စကားဆုံးသည်နှင့် ချင်းစော့နှင့် နှလုံးသားမျိုးနွယ်စုဝင်များမှာ သူ၏ဘေးနားတွင် ရုတ်တရက်ပေါ်လာကြတော့သည်။

"ဒါ ဘယ်နေရာလဲ"

"စောစောက ငါတို့ဘာဖြစ်သွားတာလဲ"

"အဲဒီနေရာက တကယ့်ကိုကြောက်စရာကြီးပဲ"

"ဘာလို့ နှလုံးသားထိုးဖောက်ကန်တော့က ငါတို့ကို အဲဒီကိုခေါ်သွားတာလဲ"

သူတို့၏ ဇဝေဇဝါဖြစ်နေသော စကားသံများသည် ကျန်းချန်ကိုမြင်လိုက်ရသောအခါ ဝမ်းသာအားရသံများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"ဂိုဏ်းချုပ်ကျန်း"

"နောက်ဆုံးတော့ ရှင့်ကိုပြန်တွေ့ရပြီ"

"ဂိုဏ်းချုပ်... ရှင် ဘယ်တွေရောက်နေတာလဲ။ ကျွန်မတို့ရှာလိုက်ရတာ"

ချင်းစော့တို့မှာ မျက်ရည်များဝဲနေကြပြီး ကျန်းချန်ကိုမြင်ရသည်မှာ မိသားစုဝင်တစ်ဦး သို့မဟုတ် မိမိတို့၏အဖွဲ့အစည်းကို ပြန်တွေ့ရသကဲ့သို့ ခံစားနေကြရ၏။ သူတို့၏ အလွန်အမင်းစိတ်လှုပ်ရှားမှုကြောင့် အစ်ကိုကြီးချန်ပင် အနည်းငယ်အနေရခက်သွားရသည်။

All Chapters